← Chapters

အခန်း ၉၉၃

Vol. 67 Ch. 993

အခန်း ၉၉၃

Vol. 67 Ch. 993

အခန်း ၉၉၃ - သူက အဲဒီလူရဲ့ မျိုးဆက်ပဲ

"ငါတို့ကိုကယ်မယ် ဟုတ်လား။ အဲဒါ ဘာကိုဆိုလိုချင်တာလဲ"

မော့စ်က စိုးရိမ်တကြီး ပြောလိုက်သည်။

"တကယ်တော့ ကျွန်မ ဝင်ပါစရာမလိုပါဘူး"

အာရီယာက ပြုံးလျက် ပြောသည်။

"ဒါပေမဲ့ ဘယ်လိုအကျိုးဆက်တွေပဲဖြစ်လာဖြစ်လာ ရှင်တို့ဘာသာ ခံရမှာပဲ။ ရှင်တို့အပေါ် ကျွန်မ ဘာခံစားချက်မှမရှိပေမဲ့ ရှင်တို့ထဲက တစ်ယောက်ယောက် သေသွားရင် စကြာဝဠာမျိုးနွယ်စုတွေကြားမှာ အကြီးအကျယ် လှုပ်ခတ်သွားလိမ့်မယ်။ ကျွန်မကတော့ ကျွန်မရဲ့နေ့ရက်တွေကို ဗြောင်းဆန်မသွားစေချင်ဘူး"

"ငါတို့သေနိုင်တယ်လို့ မင်းထင်နေတာလား"

ဤစကားကို အခြားတစ်ယောက်ယောက်က ပြောမည်ဆိုလျှင် အဓိပ္ပာယ်မရှိသည့်စကားများ ပြောနေသည်ဟု မော့စ် တွေးမိပေမည်။ သို့သော် အာရီယာ့ထံမှ ထွက်လာသော စကားဖြစ်သဖြင့် သူ အလေးအနက်မတွေးဘဲ မနေနိုင်ပေ။

သူတို့၏အမြင်တွင် အာရီယာသည် အလွန်အေးစက်သော လူတစ်ယောက်ဖြစ်ပြီး စကားပြောနည်းသည်ဖြစ်ရာ နောက်ပြောင်ရန်ဆိုသည်မှာ ဝေလာဝေးပင်။ ဤ"ဟာသ"ကလည်း လုံးဝရယ်စရာမကောင်းပေ။

"နောက်ခံအကြောင်းတောင် မသိဘဲနဲ့ လူတစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်နေကြတာပဲ။ ရှင်တို့တွေ အခုချိန်အထိ ဘယ်လိုများ အသက်ရှင်နေထိုင်လာလဲဆိုတာတောင် မသိတော့ဘူး"

အာရီယာက အထင်အမြင်သေးဟန်ဖြင့် ပြောလိုက်သည်။

မော့စ်က ကျန်းမုန့်လောင်ကို အမှန်တကယ်ပင် စုံစမ်းစစ်ဆေးခဲ့ဖူးသည်။ နေရာခွဲဝေရေးစင်မြင့်တွင် စကြားဝဠာမျိုးနွယ်စုများကို သူ အံ့အားသင့်စေခဲ့သည့်အချိန်မှစ၍ လူအများအပြားက သူ့နောက်ခံအကြောင်း စတင်ရှာဖွေခဲ့ကြသည်။ အဆင့်ကိုး သက်ရှိတစ်ယောက်ကို ကျွန်ပြုနိုင်စွမ်းရှိသူတစ်ယောက်မှာ ထိုမတိုင်မီက လူမသိသူမသိဖြစ်နေနိုင်မည်မဟုတ်ပေ။

သို့သော် မည်မျှပင် စုံစမ်းစစ်ဆေးစေကာမူ ရလဒ်မှာ သူသည် အမြွှာဝေလငါးစကြဝဠာအင်ပါယာရှိ အဆင့်တစ်မျိုးနွယ်စုမှ ဆင်းသက်လာသည်ဟူ၍သာ ထွက်ပေါ်လာစမြဲပင်။ ထိုအချက်ကလွဲ၍ အခြားထူးခြားမှုမရှိဘဲ ကိစ္စတော်တော်များများမှာ ရုတ်တရက် ပေါ်ပေါက်လာသည့်အလားပင်။

"သူ့နောက်ခံအကြောင်း မင်းသိလို့လား"

မော့စ်က မေးလိုက်သည်။

အာရီယာကမူ ပါးနပ်သော အပြုံးတစ်ပွင့်ကို ပြသလိုက်ပြီး မော့စ်အား တိုးတိုးလေး ကပ်ပြောလိုက်သည်။

"တကယ်တော့ ရှင့်ကို ပြောပြလိုက်လည်း ကိစ္စမရှိပါဘူး။ သူက အဲဒီလူရဲ့ မျိုးဆက်ပဲ"

"အဲဒီလူလား... အဲဒီလူတဲ့လား"

ထိုအခိုက်အတန့်တွင် မော့စ်၏ ခန္ဓာကိုယ်မှာ အကြောက်တရားကြောင့် တုန်ယင်သွားသည်။ ထိုအရာမှာ အရိုးနှင့် ဝိညာဉ်အထိ ထိုးဖောက်ဝင်ရောက်လာသော ထိတ်လန့်မှုဖြစ်ပြီး သူဖယ်ရှားမပစ်နိုင်သည့် ထာဝရအရိပ်မည်းကြီးတစ်ခုလည်း ဖြစ်၏။

"မော့စ်... မင်း ဘာလုပ်နေတာလဲ။ သူ့ကို မြန်မြန်သတ်လေ။ ငါတို့ မနည်းတောင့်ခံထားရတာ"

ခြောက်ယောက်တစ်ယောက် ဖြစ်နေသော်လည်း ထိုအဆင့်ကိုးသက်ရှိများမှာ ရှောင်ဟယ်၏ ကြောက်မက်ဖွယ် စွမ်းအားအောက်တွင် အရေးနိမ့်နေဆဲဖြစ်ပြီး အချို့မှာ ဒဏ်ရာပင် ရကုန်သည်။

"မင်းတို့ ရူးနေလား။ သူ့ကို သတ်လို့မရဘူးကွ။ ရပ်လိုက်ကြစမ်း"

"ဘာတွေပြောနေတာလဲ။ ဒီအခြေအနေရောက်မှ ရပ်ရမယ် ဟုတ်လား"

အဆင့်ကိုးသက်ရှိများက ကျန်းမုန့်လောင်ကို ရှင်းထုတ်ပြီး နောင်လာမည့် ပြဿနာများကို တားဆီးသင့်သည်ဟု တွေးထားသဖြင့် မကျေမချမ်းဖြင့် ပြောလိုက်ကြသည်။

"အာရီယာတောင် မတားဘူးလို့ ပြောထားတာကို မင်းက ဘာကြောက်နေတာလဲ"

"အခုချက်ချင်း လှုပ်ရှား"

"တော်ကြတော့"

မော့စ်က ဟိန်းဟောက်လိုက်သည်။

"သူက ကျန်းခိုင်ရဲ့ မျိုးဆက်ကွ"

"မင်း ဘာပြောလိုက်တယ်"

ထိုနာမည်ကို ကြားလိုက်ရသောအခါ သူတို့ခြောက်ယောက်စလုံး ရုတ်တရက် အော်လိုက်မိကြသည်။ အလွန်အမင်း အံ့အားသင့်သွားသောကြောင့် အန္တရာယ်များသော တိုက်ပွဲထဲသို့ ရောက်နေကြောင်းကိုပင် မေ့လုနီးပါးဖြစ်သွားပြီး ရလဒ်အနေနှင့် သူတို့ထဲမှ တစ်ယောက်က ရှောင်ဟယ်၏ လက်သီးချက်ကို ခံလိုက်ရသည်။

"ငါ့ဘိုးဘေးရဲ့ နာမည်က အဲဒီလောက်တောင် နာမည်ကြီးတာလား။ မူးမေ့သွားတဲ့အထိလား"

ကျန်းမုန့်လောင်ကမူ စကားလုံးနှစ်လုံးတည်းနှင့် ဤအဆင့်ကိုးသက်ရှိများ ဤမျှပြိုလဲသွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ထိုခြောက်ယောက်ခမျာ အသက်မပါသော မျက်လုံးများဖြင့် မြေပြင်ပေါ်တွင် လဲကျနေကြသည်။ ရှောင်ဟယ်က ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်ခဲ့သော်လည်း ထိုအရာကား စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှုနှင့် နှိုင်းယှဉ်လျှင် ဘာမှမပြောပလောက်ပေ။

ယခင်က ကျန်းခိုင်သည် စည်းကမ်းမဲ့ပြီး ဘယ်သောအခါမှ စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ဆောင်လေ့မရှိပေ။ မော့စ်အပါအဝင် သူတို့ခုနစ်ယောက်စလုံးမှာ ကျန်းခိုင်၏ ပညာပေးခြင်းကို ခံခဲ့ရဖူးသည်။

ကျန်းခိုင်သည် တစ်ချိန်က စကြဝဠာသိုင်းပညာရှင်အသင်း၏ ထိပ်သီးအဆင့်သတ်မှတ်ချက်ကို စိန်ခေါ်ခဲ့ပြီး ရက်အနည်းငယ်အတွင်းမှာပင် ၁၀၀ရာခိုင်နှုန်း နိုင်ပွဲဖြင့် အဆင့်ရှစ်သက်ရှိ ထိပ်သီးအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။ ထို့နောက် စကြ၀ဠာတစ်ခုလုံးရှိ ဘယ်သိုင်းပညာရှင်ကမှ သူ့ကို မယှဉ်နိုင်ကြောင်း ကြွားလုံးထုတ်ခဲ့သည်။

စကြဝဠာသိုင်းပညာရှင်အသင်း၏ အထက်လူကြီးများမှာ အစကတော့ ဤလုပ်ရပ်ကို သည်းမခံနိုင်ခဲ့ကြပေ။ သူတို့၏နာမည်များမှာ ထိပ်သီးအဆင့်သတ်မှတ်ချက်တွင် မပါဝင်သော်လည်း သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာမူ ပါဝင်သူများထက် သာလွန်ပေသည်။

သို့သော် ယုံမှားသံသယဖြစ်ဖွယ်မရှိပါဘဲ သူတို့ ထပ်မံရှုံးနိမ့်ခဲ့ပြီး အသင်းဥက္ကဋ္ဌဖြစ်သူ ဇော့ဂ်ကိုပင် ထွက်လာစေရန် ဖိအားပေးမိသွားသည်။

သို့သော် ထိုတိုက်ပွဲတွင် ဇော့ဂ်လည်း အလွယ်တကူ ရှုံးနိမ့်သွားခဲ့ပြီး ကျန်းခိုင်မှာမူ ကြွက်သားတစ်မျှင်မျှပင် မလှုပ်ရှားခဲ့ရဘဲ သူ့အရှိန်အဝါဖြင့်ပင် ဇော့ဂ်ကို လုံးဝချေမှုန်းကာ ထိုနေရာတွင်ပင် ပေါ်တင်လှောင်ပြောင်ခဲ့သေးသည်။

စကြဝဠာမှာ အကြီးဆုံးသိုင်းပညာရှင်အသင်းရဲ့ ဥက္ကဋ္ဌဆိုတာ ဒါလေးပဲလား။

...

နောက်ပိုင်းတွင် မျိုးနွယ်စုများအကြား တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။ ကျန်းခိုင်သည် စကြဝဠာရှိ မျိုးနွယ်စုအသီးသီးမှ အစားအစာများအား မြည်းစမ်းရသည်ကို နှစ်သက်ပေသည်။ သူ မျိုးနွယ်စုတစ်ခုတွင် စားသောက်နေစဉ် နိုအာစကြ၀ဠာအင်ပါယာနှင့် ထိုမျိုးနွယ်စုအကြားရှိ တိုက်ပွဲအတွင်းသို့ တိုက်တိုက်ဆိုင်ဆိုင် ပါဝင်ပတ်သက်မိသွားသည်။

မျိုးနွယ်စုနှစ်ခု ဘာကြောင့် စစ်ဖြစ်နေကြသလဲဆိုသည်ကို ကျန်းခိုင်က ဂရုလည်းမစိုက်သလို ဝင်စွက်ဖက်ရန်လည်း စိတ်မဝင်စားပေ။ သို့သော် သူ့စားသောက်ချိန်ကို နှောင့်ယှက်ခြင်းမှာမူ သေဒဏ်ပေးသင့်သည့် အကြောင်းပြချက်ပင်။

ဒေါသထွက်သည့်အဆုံးမှာတော့ သူတစ်ယောက်တည်းအားဖြင့် နိုအာစကြဝဠာအင်ပါယာမှ စေလွှတ်လိုက်သော ယာဉ်တန်းကို ဖျက်ဆီးပစ်ခဲ့ပြီး တပ်မှူးကိုပင် အရှင်ဖမ်းဆီးခဲ့သည်။

ဤဖြစ်ရပ်မှာ မော့စ်၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ သူတို့၏စစ်တပ် ချေမှုန်းခံရပြီး တပ်မှူး အဖမ်းခံရခြင်းမှာ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။

သူကိုယ်တိုင် သက်ဆိုင်ရာမျိုးနွယ်စုထံသို့ အပြေးအလွှားသွား၍ အဖြေတောင်းခဲ့သည်။

သို့သော် ကျန်းခိုင်နှင့် ထိပ်တိုက်တိုးခဲ့ပြီး ရလဒ်မှာ အားလုံးအသိပင်။

...

ကျန်းခိုင်နှင့် စကြဝဠာဘဏ်ဥက္ကဋ္ဌ၏ ကိုယ်ရံတော် ရှီလာတန်တို့ကြားရှိ ပဋိပက္ခနှင့်ပတ်သက်၍ ကျန်းခိုင်သည် အားကောင်းသော စီးပွားရေးပုံစံတစ်ခုကို ဖော်ဆောင်ရာမှ စတင်ခဲ့ပြီး ရာစုနှစ်အနည်းငယ်အတွင်း ဧရာမစီးပွားရေးစနစ်ကြီးတစ်ခုအဖြစ် ကြီးထွားလာအောင် လုပ်ဆောင်ခဲ့သည်။ စကြဝဠာဘဏ်၏ အရွယ်အစားနှင့် အလှမ်းဝေးနေသေးသော်လည်း ဘဏ်၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

ဤလမ်းကြောင်းအတိုင်းသာ ဆက်သွားမည်ဆိုပါက ထောင်စုနှစ်နှစ်ခုစာ သို့မဟုတ် ထိုထက်နည်းသော အချိန်အတွင်း သူ့အဖွဲ့အစည်းသည် စကြ၀ဠာဘဏ်နေရာတွင် အစားထိုးဝင်ရောက်ပြီးနောက် စကြဝဠာ၏ အင်အားအကြီးဆုံး စီးပွားရေးအဖွဲ့အစည်းကြီး ဖြစ်လာပေလိမ့်မည်။ စကြဝဠာဘဏ်က ဤအရာကို မည်သို့ ခွင့်ပြုနိုင်မည်နည်း။

အစပိုင်းတွင် သူတို့သည် ကျန်းခိုင်အား စကြဝဠာဂလက်ဆီအဖွဲ့သို့ ဝင်ရောက်လာစေရန် မျှော်လင့်၍ သိမ်မွေ့သောနည်းလမ်းဖြင့် ကြိုးပမ်းခဲ့ပြီး အစုရှယ်ယာရာခိုင်နှုန်း မြင့်မြင့်ပေး၍ ကမ်းလှမ်းခဲ့သော်လည်း ကျန်းခိုင်ကမူ တုံ့ဆိုင်းမှုမရှိဘဲ ငြင်းပယ်ခဲ့သည်။

သို့သော် စကြဝဠာဂလက်ဆီ၏ အခြားရှယ်ယာရှင်များမှာ မကျေနပ်ကြပေ။ အနုနည်းဖြင့် အလုပ်မဖြစ်ပါက သူတို့အနေနှင့် အကြမ်းနည်းများကို သုံးရပေလိမ့်မည်။

စကြဝဠာဘဏ်က အရင်းအမြစ်ပေါင်းများစွာဖြင့် ပျိုးထောင်ပေးထားသော အဆင့်ကိုးသက်ရှိဖြစ်သူ ရှီလာတန်သည် ဘဏ်၏ခေါင်းဆောင်များထက် သက်ရှိအဆင့် ပိုမြင့်မားသော်လည်း သစ္စာရှိပေသည်။ ယခုတစ်ခေါက် သူ့မစ်ရှင်မှာ ကျန်းခိုင်ကို လုပ်ကြံသတ်ဖြတ်ရန်ဖြစ်ပြီး သူသေဆုံးသွားသည်နှင့် သူ့စီးပွားရေးအဖွဲ့အစည်းလည်း ပြိုကွဲသွားမည်သာ။

မေးခွန်းထုတ်စရာမလိုပါဘဲ ဤကြိုးပမ်းမှုလည်း ထပ်မံကျရှုံးခဲ့သည်။ ရှီလာတန်ခမျာ ရစရာမရှိအောင် ရိုက်နှက်ခံရပြီး စကြ၀ဠာဘဏ်ဌာနချုပ်၏ တံခါးဝတွင် တွဲလောင်းချိတ်ဆွဲခံခဲ့ရသည်။

...

ကျန်လူများကလည်း အကြောင်းပြချက်အမျိုးမျိုးဖြင့် ကျန်းခိုင်နှင့် ပဋိပက္ခများ ရှိခဲ့ကြ၏။ အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း သူတို့အားလုံး အခြေအနေပိုဆိုးသွားကြသည်။

သို့သော် ထောင်စုနှစ်နှစ်ခုကျော် ကုန်လွန်သွားသောအခါ ကျန်းခိုင် ပေါ်မလာတော့ပေ။ ထိုလူ ပျောက်ကွယ်သွားပြီဟု သူတို့ ယူဆခဲ့ကြသော်လည်း ယခုမူ သူ့ထံမှ ရရှိခဲ့သော အကြောက်တရားများကို ပြန်အမှတ်ရလိုက်ကြသည်။

သာမန်အဆင့်ငါး အထွတ်အထိပ်သက်ရှိလေးမျှသာဖြစ်သော ကျန်းမုန့်လောင်သည် အဆင့်ခြောက် သက်ရှိများကို အဘယ်ကြောင့် လိုက်လံတိုက်ခိုက်နိုင်ပြီး သူနှင့်တူသော လူထူးဆန်းတစ်စုကို အဘယ်ကြောင့် ပျိုးထောင်နိုင်ခဲ့သလဲဆိုသည်ကို ယခု သူတို့ နားလည်သွားချေပြီ။

ရီထျန်းဂိုဏ်းသည် အဘယ်ကြောင့် ဤမျှ ချမ်းသာကြွယ်ဝပြီး ထူးခြားသည့် ပါရမီရှင်များစွာကို ပိုင်ဆိုင်ကာ အဆင့်ကိုးသက်ရှိများကိုပင် ပျိုးထောင်၍ အမိန့်ပေးစေခိုင်းနိုင်သလဲဆိုသည်ကို သူတို့ သဘောပေါက်သွားကြသည်။

အဘယ်ကြောင့်ဆိုသော် သူ့တွင် ရာစုနှစ်အနည်းငယ်အတွင်း ပါရမီဖြင့် စကြဝဠာကို သိမ်းပိုက်နိုင်ခဲ့ပြီး နယ်ပယ်တိုင်းတွင် မိမိနာမည်ကို ချန်ထားရစ်ခဲ့သော မကောင်းဆိုး၀ါးနှင့်တူသော ဘိုးဘေးတစ်ယောက် ရှိနေသောကြောင့်ပင်။

ကျန်းခိုင် ပျောက်ဆုံးနေသည်ကိုသာ သူတို့သိထားပြီး သူ သေဆုံးသွားသလားဆိုသည်ကိုမူ သေချာမသိပေ။ သူ့လိုလူတစ်ယောက် သေဆုံးသွားရန်ဆိုသည်မှာ စကြဝဠာပျက်စီးသွားခြင်းထက်ပင် ပိုမိုခက်ခဲမည်ဟု သူတို့ ယုံကြည်ထားကြသည်။

အကယ်၍ သူသာ မသေသေးပါက ကျန်းမုန့်လောင်အပေါ် သူတို့ လက်ပါမိသည်နှင့် အကျိုးဆက်ကား...

စင်စစ်ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်မဟုတ်လော။

************************

All Chapters