အခန်း ၉၉၄
Vol. 67 Ch. 994
အခန်း ၉၉၄ - ငါ မင်းကို ဖိအားပေးနေတာမဟုတ်ဘူး
"ပြန်လာတော့ ရှောင်ဟယ်"
ထိုအဆင့်ကိုးသက်ရှိအားလုံး တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားသည်ကို မြင်လိုက်ရသဖြင့် ကျန်းမုန့်လောင်လည်း ဤတိုက်ပွဲကို ဆက်လက်ဆင်နွှဲရန် မလိုအပ်တော့ကြောင်း သိလိုက်သည်။
"ကြည့်ရတာ ဒီမှာ ငါလည်း လုပ်စရာသိပ်မရှိတော့ဘူးထင်တယ်"
အာရီယာကလည်း ကျန်းမုန့်လောင်အတွက် ဘာအန္တရာယ်မှ ရှိတော့မည်မဟုတ်ကြောင်း သိလိုက်သည်။
သို့သော် အာရီယာ မသိသည့်အကြောင်းအရင်းမှာ ကျန်းမုန့်လောင်၏ မျက်နှာထက်တွင် မရည်ရွယ်ပါဘဲ နောင်တရသည့် အရိပ်အယောင်လေးတစ်ခု ပေါ်လာခြင်းပင်။
"ဘာဖြစ်လို့လဲ။ မင်းကြည့်ရတာ သိပ်မပျော်သလိုပဲ"
"အဲဒီလိုတော့လည်း မဟုတ်ပါဘူး"
ကျန်းမုန့်လောင်က ခေါင်းခါရင်း ပြောလိုက်သည်။
"ဒီတစ်ခေါက် ကျွန်တော့်ဝှက်ဖဲတွေအကုန်လုံးကို ထုတ်ပြလိုက်ရပေမဲ့ ကြွားလုံးထုတ်ဖို့တောင် အခွင့်အရေး မရလိုက်ဘူး"
"ဟားဟား"
အာရီယာ မရယ်ဘဲ မနေနိုင်တော့ပေ။ ကျန်းခိုင်၏ အမျိုးသမီးတစ်ယောက်အနေနှင့် "ကြွားလုံးထုတ်ခြင်း"ဆိုသည်မှာ ဘာကိုဆိုလိုကြောင်း သူ(မ) ကောင်းကောင်းသိသည်။ ကျန်းမုန့်လောင်နှင့် ကျန်းခိုင်တို့ နှစ်ယောက်စလုံးမှာ ကြွားဝါရသည်ကို ဤမျှဇွဲသန်ကြလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ မကြွားရပါက နေသာထိုင်သာမရှိသည့်အလားပင်။
"ကဲပါ... နောက်တစ်ခါကျရင် မင်းရဲ့ပွဲကို ငါ ဝင်မနှောင့်ယှက်တော့ပါဘူး။ ဒီလိုအခြေအနေမျိုးတွေကို မင်းဘာသာမင်း ကိုင်တွယ်နိုင်မယ်ထင်တယ်"
"ဟီးဟီး"
ကျန်းမုန့်လောင်က ရှက်ကိုးရှက်ကန်း ရယ်မောလိုက်သည်။ အမှန်တကယ်တော့ ဤသည်မှာ ခွန်အားအမှတ်အနည်းငယ်သာ ကုန်ကျသည့် အသေးစားပွဲလေးတစ်ခုမျှသာ ဖြစ်၏။
"ခင်ဗျားတို့ထဲက ဘယ်သူတိုက်ချင်သေးလဲ"
အာရီယာ ထွက်ခွာသွားပြီးနောက် ကျန်းမုန့်လောင်က သူတို့ထံသို့ အာရုံပြန်လှည့်လိုက်သည်။
တိုက်ခိုက်ရမယ် ဟုတ်လား။ ဘာနဲ့တိုက်မှာလဲ။ သူတို့အားလုံး ဒဏ်ရာရထားကြပြီး တိုက်ခိုက်လိုစိတ်လည်း မရှိတော့ပေ။ သူတို့က ရှောင်ဟယ့်ကို မယှဉ်နိုင်ပါချေ။
သူတို့ တိုက်ခိုက်နိုင်လျှင်ပင် တိုက်ရဲကြမည်လော။ ကျန်းမုန့်လောင်၏ နောက်ကွယ်တွင် ထိုလူ ရှိနေပေသည်။
"တကယ်လို့ ခင်ဗျားတို့ တိုက်ချင်သေးတယ်ဆိုရင်တော့ ကျုပ်က ခင်ဗျားတို့ကို မနိုင်တာမို့လို့ ကျုပ်ရဲ့အကြီးအကဲတွေကိုပဲ ဆက်သွယ်ရမှာပဲ"
ထိုစကားကို ကြားလိုက်ရသောအခါ ခုနစ်ယောက်စလုံး တုန်လှုပ်သွားကြသည်။ ကျန်းမုန့်လောင်ပြောသည့် "အကြီးအကဲ"ဆိုသည်မှာ မည်သူဖြစ်မည်ကို သူတို့ အတပ်သိသည်။
သေချာပေါက်ပင်။ ဤသည်မှာ ခြိမ်းခြောက်မှု သက်သက် ဖြစ်နိုင်သော်လည်း ခြိမ်းခြောက်မှု သက်သက်ဆိုလျှင်ပင် သူတို့ လက်ခံရမည်သာ။
"မတိုက်တော့ဘူး။ မတိုက်တော့ပါဘူး"
သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေရာ လူတိုင်း၏ မျက်လုံးထဲတွင် နက်ရှိုင်းလှသော ကူကယ်ရာမဲ့လေဟန် အရိပ်အယောငါများကို မြင်တွေ့လိုက်ရသည်။
"မတိုက်တော့ဘူးလား။ ဒါဆို တတိယရွေးချယ်စရာကို ရွေးမလို့လား"
ကျန်းမုန့်လောင်က အကြံပြုလိုက်သည်။
"ဒါက ခင်ဗျားတို့ကိုယ်တိုင် ရွေးချယ်တာနော်။ ကျုပ် အတင်းဖိအားပေးတာမဟုတ်ဘူး"
နှစ်ပေါင်းတစ်ဘီလီယံတိုင်တိုင် ရှင်သန်လာခဲ့သည့် သက်ရှိများဖြစ်သည့် သူတို့သည် အခြေအနေများကို တွက်ချက်ရာတွင် ကျွမ်းကျင်ကြသည်။ မပြစ်မှားဝံ့သည့်အတွက် ယခုမူ အခြားနည်းလမ်းတစ်ခုကိုသာ ရွေးချယ်နိုင်တော့သည်။
"ဟို... တူလေး"
ဇော့ဂ်က ပထမဆုံး ရှေ့တိုးလာပြီး သူ့ခန္ဓာကိုယ်မှ သွေးစီးကြောင်းများကို သုတ်လျက် မြှောက်ပင့်လေဟန် အမူအရာဖြင့် ပြောလိုက်သည်။
"ဒီတစ်ခေါက်က ငါ့အမှားပါ။ ဒါက နဂါးမင်းရဲ့ ဗိမာန်ထဲကို ရေကြီးသလိုမျိုး ကိုယ့်မိသားစုဝင်အချင်းချင်း မမှတ်မိကြတဲ့သဘောမျိုး မဟုတ်ဘူးလား။ မင်းက ငါ့ညီအစ်ကိုကျန်းခိုင်ရဲ့ မျိုးဆက်မှန်း ငါမသိခဲ့လို့ပါ"
မော့စ်နှင့် အခြားသူများ၏ ပါးပြင်များ အနည်းငယ် တွန့်လိမ်သွားကြသည်။ ဤဇော့ဂ်က တကယ်မျက်နှာပြောင်လှပေသည်။ စကြဝဠာနှစ် ၂၀ကျော်မျှသာ ရှိသေးသော ကျန်းမုန့်လောင်ကို တူလေးဟု ခေါ်နေသဖြင့် မျိုးဆက်အဆင့်အတန်းမှာ အနည်းငယ် ရှုပ်ထွေးသွားသည်။
"ကျုပ်က ခင်ဗျားနဲ့ ရင်းနှီးလို့လား"
ကျန်းမုန့်လောင်ကမူ အဖက်မလုပ်ဟန်ဖြင့် ပြောလိုက်သည်။
"ငါတို့က မရင်းနှီးတာတော့ သေချာပါတယ်။ ဒါပေမဲ့ မင်းရဲ့ဘိုးဘေးနဲ့တော့ ငါက အရမ်းရင်းနှီးတာ"
ဇော့ဂ်က သူတို့၏ စကြဝဠာသိုင်းပညာရှင်အသင်းထံမှ လျှို့ဝှက်ဖိုင်တစ်ခုကို အမြန်ထုတ်ယူလိုက်သည်။
"ကြည့်စမ်း... ငါတို့သိုင်းပညာရှင်အသင်းရဲ့ ပိုင်ဆိုင်မှုတစ်ဝက်က မင်းရဲ့ဘိုးဘေး ပိုင်တာလေ"
"သြော်... ဟုတ်သားပဲ"
ထိုအကောင့်၏ လက်ကျန်ငွေကို စစ်ဆေးစဉ်က ငွေလွှဲပြောင်းမှုများတွင် စကြဝဠာသိုင်းပညာရှင်အသင်းထံမှ အမြတ်ဝေစုများကိုလည်း မြင်တွေ့ခဲ့ရကြောင်း ကျန်းမုန့်လောင် ရုတ်တရက်သတိရသွားသည်။
"ဒီကိစ္စက ငါ့အမှားပါ"
ဇော့ဂ်က ဝန်ခံလိုက်သည်။
"မင်းရဲ့ဘိုးဘေးနဲ့ ငါ့ရဲ့ ခင်မင်မှုက ငါတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စပါ။ ဒါပေမဲ့ အမှားက အမှားပဲမို့လို့ ငါကိုယ်တိုင် ဝန်ခံသင့်ပါတယ်။ ဒါကြောင့် ငါ့နာမည်အောက်မှာ ကျန်နေသေးတဲ့ စကြဝဠာသိုင်းပညာရှင်အသင်းရဲ့ရှယ်ယာတစ်ဝက်ကို မင်းကို လျော်ကြေးအဖြစ်ပေးဖို့ ဆန္ဒရှိပါတယ်။ ချစ်လှစွာသော တူလေးအနေနဲ့ ဒါကို စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်"
"ကောင်းပြီလေ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ကျွန်တော့်ဘိုးဘေးရဲ့ မျက်နှာကိုထောက်ပြီး ခင်ဗျားကို အငြိုးမထားတော့ပါဘူး"
"ဟားဟားဟားဟား... ဒါက ငါ့ရဲ့ ဆက်သွယ်ရန် အချက်အလက်ပါ။ နောင်အနာဂတ်မှာ မင်း ဘယ်လိုပြဿနာမျိုးနဲ့ပဲကြုံကြုံ ငါ့ကို လာရှာလို့ရတယ်။ ဒီစကြဝဠာထဲမှာ ငါမဖြေရှင်းနိုင်တဲ့ ကိစ္စဆိုတာ အရမ်းရှားတယ်"
ကျန်းမုန့်လောင်၏ ခွင့်လွှတ်မှုကို ရရှိပြီးနောက် ဇော့ဂ်လည်း စိတ်သက်သာရာရသွားသည်။
"ဟို... မစ္စတာကျန်း..."
မော့စ်လည်း ရှေ့တိုးလာခဲ့သည်။
"ဘာကိစ္စလဲ။ ခင်ဗျားလည်း ကျုပ်ဘိုးဘေးကို သိတာလား"
မော့စ်၏ မျက်နှာကား ရဲတက်သွားသည်။ ဇော့ဂ်နှင့် ကျန်းခိုင်တို့၏ ခင်မင်မှုမှာ သိုင်းပညာဖလှယ်ရာမှ ရရှိလာခြင်းဖြစ်၏။ သူတို့နှစ်ဦးကြားတွင် မည်သည့်ပဋိပက္ခမှ မရှိခဲ့ပေ။ ထို့ပြင် စကြဝဠာသိုင်းပညာရှင်အသင်းရှိ ရှယ်ယာများကို ကျန်းခိုင်က လုယူခဲ့ခြင်းမဟုတ်ပါဘဲ ရတနာတစ်ခုနှင့် လဲလှယ်ရန် ဇော့ဂ်ကိုယ်တိုင် ကမ်းလှမ်းခဲ့ခြင်းပင်။ ထို့ကြောင့် တိတိကျကျပြောရလျှင် ဇော့ဂ်နှင့် ကျန်းခိုင်တို့ကြား၌ စစ်မှန်သော ခင်မင်မှုများ ရှိခဲ့သည်။
သို့သော် သူကတော့... သူသည် ကျန်းခိုင်ကို အမှန်တကယ် သိခဲ့ပါသော်ငြား သူတို့၏ သိကျွမ်းမှုမှာ မသာယာခဲ့ပေ။
"ကျွန်တော်... ဟို... လျော်ကြေးအကြောင်း ပြောမလို့ပါ"
မော့စ်က ဖားယားလေဟန် အမူအရာဖြင့် ပြောလိုက်သည်။
"ကျွန်တော် ခုလေးတင် စဉ်းစားမိတာ... ခင်ဗျားတောင်းဆိုတဲ့ လျော်ကြေးက အရမ်းနည်းလွန်းတယ်။ ဒီသက်စောင့်စွမ်းအားဆိုတာ အဖိုးမဖြတ်နိုင်ဘူးလေ။ ငွေကြေးနဲ့ ဘယ်လိုလုပ် တိုင်းတာလို့ရမှာလဲ။ တကယ်လို့ ငွေကြေးနဲ့ တိုင်းတာရမယ်ဆိုရင်တောင် အရင်က ပမာဏတွေက ခင်ဗျားရဲ့ သက်စောင့်စွမ်းအားတန်ဖိုးထက် အများကြီးနည်းနေပါတယ်"
"ဪ.. ဒါဆို ခင်ဗျားအမြင်အရ လျော်ကြေးက ဘယ်လောက်ဖြစ်သင့်လဲ"
"အဆင့်ငါးမျိုးနွယ်စု နည်းနည်း၊ စကြဝဠာဒင်္ဂါးသန်းပေါင်းများစွာဆိုတာ ကျွန်တော်တို့ရဲ့နိုအာမျိုးနွယ်စုအတွက်တော့ သမုဒ္ဒရာထဲက ရေတစ်စက်စာပဲရှိတာပါ။ လျော်ကြေးကို ဆယ်ဆအထိ တိုးပေးဖို့လည်း ဆန္ဒရှိပါတယ်"
မော့စ်သည် စကားကို ပြတ်ပြတ်သားသား ပြောနေသော်လည်း စိတ်ထဲတွင်မူ သွေးမျက်ရည် ကျနေချေသည်။
ကျန်းမုန့်လောင်၏ ယခင်စံနှုန်းများအရ သူ့အတွက် ထိခိုက်မှုရှိသော်လည်း အခြေခံအုတ်မြစ်ကို ပျက်စီးစေမည့် အဆင့်အထိ မရောက်ပေ။ သို့သော် ဆယ်ဆ တိုးလိုက်မည်ဆိုလျှင် ဤခြိမ်းခြောက်ငွေညှစ်မှုမှာ သူ့လည်ပင်းကို ဓားနှင့်လှီးလိုက်သလို ဖြစ်သွားပေလိမ့်မည်။
သို့သော် သူ့တွင် ရွေးချယ်စရာမရှိချေ။ ဤလူကြီးမင်းကို စိတ်ကျေနပ်စေရန်အတွက် ကြီးမားသော ဆုံးရှုံးမှုများ ရှိစေကာမူ သဘောတူရုံသာ ရှိတော့သည်။
"အဟွတ်... အဟွတ်... မစ္စတာကျန်း ကျွန်တော် အခုလေးတင် စဉ်းစားမိတာ။ ခင်ဗျားရဲ့ ကိုယ်ရံတော်အဖြစ် နှစ်နည်းနည်းလောက် လုပ်ပေးရုံနဲ့ ဘယ်လိုလုပ်ပြီး လုံလောက်မှာလဲ"
ရှီလာတန်က ချက်ချင်းပင် ဝင်ပြောလိုက်သည်။
"ခင်ဗျားရဲ့ ဂုဏ်ဒြပ်နဲ့ဆိုရင် အဆင့်ကိုးသက်ရှိတစ်ယောက်တည်းကိုပဲ ကိုယ်ရံတော်အဖြစ် ထားလို့မဖြစ်ဘူးလေ။ အခုကစပြီး ကျွန်တော် စကြဝဠာဘဏ်ကနေ နှုတ်ထွက်ပြီး ခင်ဗျားရဲ့ ရေရှည်ကိုယ်ရံတော် လုပ်ပေးပါ့မယ်"
"နှုတ်ထွက်မယ် ဟုတ်လား။ အဲဒါတော့ မကောင်းပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ခင်ဗျားကို စကြဝဠာဘဏ်က အရင်းအမြစ်တွေအများကြီး သုံးပြီး ပျိုးထောင်ပေးခဲ့တာလို့ ကြားဖူးတယ်။ အဲဒါက နည်းနည်း ကျေးဇူးကန်းရာ မကျဘူးလား"
"သူတို့အပေါ် ကျွန်တော် ပေးဆပ်ရမယ့် အရာတွေကို လွန်ခဲ့တဲ့နှစ်တွေကတည်းက ဆပ်ခဲ့ပြီးပါပြီ"
ရှီလာတန်က ရှက်ရွံ့ခြင်းမရှိဘဲ ပြောလိုက်သည်။
"ပြီးတော့ ခင်ဗျားရဲ့ ဘိုးဘေးက ကျွန်တော်တို့ စကြဝဠာဘဏ်ရဲ့ ပင်မရှယ်ယာရှင်ကြီးလို့ ကြားတယ်။ ဒါကြောင့် ခင်ဗျားကို ကာကွယ်ပေးတာက စကြဝဠာဘဏ်ကို ဝန်ဆောင်မှုပေးနေတာပဲမို့ ကျေးဇူးကန်းရာ မရောက်ပါဘူး။ ဟုတ်တယ်မလား"
"အဓိပ္ပာယ်တော့ရှိသားပဲ။ ငါတောင် ငြင်းလို့မရတော့ဘူး"
"ဒါဆို ခင်ဗျားတို့ကရော"
ကျန်းမုန့်လောင်က အခြားအဆင့်ကိုးသက်ရှိများကို လှည့်ကြည့်လိုက်သည်။
"ကျွန်တော်တို့လည်း ခင်ဗျားတောင်းဆိုထားတဲ့ ပမာဏကို ဆယ်ဆအထိတိုးပေးဖို့ ဆန္ဒရှိပါတယ်"
"ဆယ်ဆ ဟုတ်လား။ ဒါက ခင်ဗျားတို့ဘာသာ ပြောတာနော်။ ကျုပ် အတင်းဖိအားပေးနေတာမဟုတ်ဘူး"
"သေချာတာပေါ့... ဒါက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဆန္ဒအရ ရွေးချယ်မှုပါ"
...
"ဘာတွေဖြစ်ကုန်တာလဲ"
အိုတစ်စ်မှာ ရုတ်တရက် ပြောင်းလဲသွားသော မြင်ကွင်းကို ကြည့်နေလေသည်။
သူတို့အားလုံး အပြန်အလှန်ချေမှုန်းဖို့အထိ အသင့်ဖြစ်နေခဲ့ကြသည် မဟုတ်လော။
ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး ဒီလိုအခြေအနေ ဖြစ်သွားရတာလဲ။ ဒီအဆင့်ကိုးသက်ရှိတွေက သူတို့ရဲ့ လုပ်ရပ်တွေအတွက် နောင်တရနေကြရုံတင်မကဘဲ ဖားတောင် ဖားယားနေကြသတဲ့...
"ဟေး... မင်း ခုနက တစ်ခုခုကြားလိုက်လား"
"နည်းနည်းကြားလိုက်တယ်။ ကျောင်းအုပ်ကြီးက သူ့ရဲ့ဘိုးဘေးတွေကို အသုံးချပြီး သူတို့ကို ခြိမ်းခြောက်လိုက်ပုံရတယ်။ အကုန်လုံး ကြောက်ဒူးတုန်သွားကြတာများ"
"ဘိုးဘေးတွေတင် မဟုတ်ဘူး။ ဟိုအမျိုးသမီးက ကျောင်းအုပ်ကြီးမှာ ကျန်းခိုင်လို့ခေါ်တဲ့ ဘိုးဘေးတစ်ယောက် ရှိတယ်လို့ ပြောလိုက်တာ။ သူတို့က အဲဒီနာမည်ကို ကြားပြီး ကြောက်လန့်သွားကြတာ"
တစ်စုံတစ်ယောက်က အိုတစ်စ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"အရှင်မင်းကြီး... ကျန်းခိုင်ဆိုတာ ဘယ်သူမှန်း အရှင်သိလား"
"ကျန်းခိုင်... ကျန်းခိုင်... မင်း ကျန်းခိုင်လို့ ပြောလိုက်တာလား။ သူ့ရဲ့ဘိုးဘေးက ကျန်းခိုင်လား"
အိုတစ်စ်၏ အမူအရာလည်း အစောပိုင်းက မော့စ်နှင့် အခြားသူများ ပြသခဲ့သည့် မျက်နှာအမူအရာနှင့် တစ်ပုံစံတည်း ဖြစ်သွားလေသည်။ ကျန်းခိုင်၏ အကြောင်းကို သာမန်လူများ မသိကြသော်လည်း လွန်ခဲ့သည့်နှစ်ပေါင်းနှစ်ထောင်ကျော်က အဆင့်ခြောက်သက်ရှိများနှင့် ထိုထက်မြင့်မားသော အသိုင်းအဝိုင်းများကြားတွင် ဤအမည်မှာ အခါအားလျော်စွာ ပေါ်ထွက်လာလေ့ရှိသည်။
ပထမဦးစွာ သူသည် စကြဝဠာသိုင်းပညာရှင်အသင်း၏ ထိပ်သီးအဆင့်သတ်မှတ်ချက်တွင် နှစ်ပေါင်းရာနှင့်ချီ၍ လွှမ်းမိုးထားခဲ့သော ပါရမီရှင်သိုင်းပညာရှင်တစ်ဦးကို အနိုင်ယူပြီး လူအများကို အံ့အားသင့်စေခဲ့သည်။
ထို့နောက် သူသည် စကြဝဠာသိုင်းပညာရှင်အသင်း၏ ဥက္ကဋ္ဌကို စိန်ခေါ်ရန် ရဲရဲဝံ့ဝံ့ ခြေလှမ်းလှမ်းခဲ့သည်။
နောက်ပိုင်းတွင် သူသည် မကြုံစဖူး အားကောင်းသော ငွေကြေးအဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့ပြီး စကြဝဠာဘဏ်၏ အာရုံစိုက်မှုကိုပင် ရရှိခဲ့သည်။
ထို့နောက် အဂ္ဂိရတ်ပညာရှင်တစ်ယောက်အနေနှင့် သူသည် စကြဝဠာနှစ်တစ်သောင်းလျှင် တစ်ကြိမ် ကျင်းပလေ့ရှိသော အဂ္ဂိရတ်ပညာရှင်များပြိုင်ပွဲတွင် ပါဝင်ခဲ့ပြီး အဆင့်ကိုးနိယာမလက်နက်တစ်ခုကို အသုံးပြု၍ စကြဝဠာအတွင်းရှိ အခြားအဂ္ဂိရတ်ပညာရှင်အားလုံးကို အနိုင်ယူခဲ့သည်။
ဤသည်မှာ သူ့အောင်မြင်မှုများထဲမှ အစိတ်အပိုင်းတစ်ခုမျှသာ ရှိသေးသည်။ အမှန်အတိုင်း ပြောရလျှင် သူ့အောင်မြင်မှုများကို သုံးရက်နှင့် သုံးညတိုင်တိုင် ပြောပြရပေမည်။
ဤပုဂ္ဂိုလ်က ကျန်းမုန့်လောင်၏ဘိုးဘေး ဖြစ်နေချေသည်။
*************************