အခန်း ၉၉၆
Vol. 67 Ch. 996
အခန်း ၉၉၆ - ကျွန်တော် ဘယ်လိုစာရင်းပေးရမလဲ
“မင်းက ကမ္ဘာခြားစစ်မြေပြင်ကို သွားမလို့လား”
ဤသတင်းကို ကြားလိုက်ရသောအခါ ဇော့ဂ်နှင့် အခြားလူများမှာ အံ့အားလည်းသင့်၊ စိုးရိမ်လည်း စိုးရိမ်သွားကြသည်။
အံ့ဩရသည့်အကြောင်းရင်းမှာ ကမ္ဘာခြားစစ်မြေပြင်၏ သေဆုံးမှုနှုန်းက အလွန်တရာ မြင့်မားလွန်းသောကြောင့်ပင်။ စစ်မြေပြင်သို့ စေလွှတ်ခံရသည့် စစ်သည်တစ်သုတ်စီ၏ တာဝန်ထမ်းဆောင်ရမည့် သက်တမ်းမှာ စကြဝဠာနှစ် ၅၀၀ရှိပြီး အဆင့်၇သက်ရှိများထဲမှ ၂၀ရာခိုင်နှုန်းအောက်သာ အသက်ရှင်လျက် ပြန်လာနိုင်ကြသည်။
အဆင့်၆သက်ရှိများဆိုလျှင် ၅ရာခိုင်နှုန်းအောက်သာရှိပြီး အဆင့်၅သက်ရှိများအတွက်မူ ထိတ်လန့်ဖွယ်ရာ ကောင်းလောက်အောင်ပင် အသက်ရှင်နှုန်း ၀.၂၅ရာခိုင်နှုန်းသာ ရှိပေသည်။
ကျန်းမုန့်လောင် မည်မျှပင် သန်မာပါစေဦးတော့ လက်ရှိတွင် သူသည် အလွန်ဆုံးရှိလှ အဆင့်၆သက်ရှိတစ်ဦးနှင့်သာ ညီမျှပေသည်။
အကယ်၍ သူသာ စစ်မြေပြင်သို့ သွားခဲ့လျှင် အသက်ပျောက်ရန် ရာနှုန်းပြည့် သေချာသလောက် ရှိနေသည်။ သူသာ မရှိတော့လျှင် စကြဝဠာကြီးလည်း တိတ်ဆိတ်အေးချမ်းသွားပေလိမ့်မည်။
သို့သော် စိုးရိမ်ရသည့်အချက်မှာ ကျန်းမုန့်လောင်၏ နောက်ကွယ်ရှိ ကြောက်မက်ဖွယ်ကောင်းသော မိသားစုကြီးပင်။
ကျန်းမုန့်လောင် ကမ္ဘာခြားစစ်မြေပြင်တွင် သေဆုံးသွားကြောင်း သူတို့သိသွားပါက သောင်းကျန်းကြပေလိမ့်မည်။ သူတို့၏ ဒေါသမီးလျှံများက သူတို့အပေါ်သို့ ကူးစက်လာခဲ့လျှင် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို တွေးဝံ့စရာပင် မရှိချေ။
[တင် : ကမ္ဘာသစ်တစ်ခုတွင် ကြွားဝါရန် တာဝန်အသစ်တစ်ခု စတင်လိုက်ပါပြီ]
ထိုအချိန်တွင် ကောထန်က မထင်မှတ်ဘဲ တာဝန်အသစ်တစ်ခုကို ထပ်မံထုတ်ပြန်ပေးလေသည်။ ယခုတစ်ကြိမ်တွင် ကျန်းမုန့်လောင်သည် ရတနာရှာဖွေရေးနယ်မြေထဲမှ ခွန်အားအမှတ် သန်း၂၀ကျော်ဖြင့် ထွက်လာနိုင်ခဲ့သည်။
အဆင့်၁မှ အဆင့်၅အထိရှိသော သက်ရှိဆရာတစ်ယောက်ကို အသက်သွင်းရန် ခွန်အားအမှတ်၁၀၀ လိုအပ်ပြီး အဆင့်၆မှ အဆင့်၉အထိရှိသော ဆရာတစ်ဦးအတွက်မူ ခွန်အားအမှတ်၁၀၀၀ ကုန်ကျကာ အဆင့်၉သက်ရှိအထက်ကို ကျော်လွန်သော ဆရာများအတွက်မူ ခွန်အားအမှတ် ၁၀၀၀၀ လိုအပ်သည်။
ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ထောင်နှင့်ချီသော ဆရာများအားလုံးကို ကျန်းမုန့်လောင်က ယခုတစ်ကြိမ်တွင် အားလုံးအသက်သွင်းပေးခဲ့ပြီးပြီ ဖြစ်သော်လည်း ထူးဆန်းသော စွမ်းရည်မျိုးစုံကို လေ့လာသင်ယူရန်အတွက်မူ ကျန်းမုန့်လောင်တွင် ပိုလျှံသော ခွန်အားအမှတ်များ မရှိတော့ချေ။
အကြောင်းမှာ ထိုစွမ်းရည်များကို သင်ယူရန် လိုအပ်သော ခွန်အားအမှတ်များမှာ ဆရာများကို သော့ဖွင့်ရန် လိုအပ်သည့်အမှတ်များနှင့် အတူတူဖြစ်နေသောကြောင့်ပင်။
ထို့ပြင် ဆရာအားလုံးကို လော့ဖွင့်ပေးပြီးနောက် ကျောင်းတော်၌ အဆောက်အအုံသစ်များနှင့် အသုံးအဆောင်ပစ္စည်း အသစ်အဆန်းများစွာ ပေါ်လာခဲ့ပြီး ထိုအရာအားလုံးမှာ ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ကျောင်းသားများကို ပြုစုပျိုးထောင်ပေးရန်အတွက် တည်ရှိနေခြင်းပင်။
ဥပမာအားဖြင့် စိတ်ကူးယဉ်ဝတ္ထုမျိုးစုံတွင် ပါရှိလေ့ရှိသည့် ကျင့်ကြံခြင်းဆိုင်ရာ မြင့်မြတ်နယ်မြေများနှင့် ပိတ်ပင်တားမြစ်ထားသော နယ်မြေများကဲ့သို့ နေရာမျိုးပင်။
ထိုနေရာများရှိ ဝိညာဉ်စွမ်းအင်မှာ အဆင့်မြင့်ကမ္ဘာများ၏ စွမ်းအင်အသိပ်သည်းဆုံးနေရာများထက်ပင် ဆယ်ဆမျှ ပိုမိုသိပ်သည်းလှသဖြင့် နတ်ဘုရားကျောင်းတော်နှင့် ကျင့်ကြံရေးကျောင်းတော်မှ ကျောင်းသားများအတွက် အဖိုးမဖြတ်နိုင်သော ကျင့်ကြံရေးရတနာမြေများပင်တည်း။
အချို့နေရာများမှာမူ နိယာမမျိုးစုံ၏ အင်အားများနှင့် မူလအစွမ်းတန်ခိုးများဖြင့် ပြည့်နှက်နေသဖြင့် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများအနေနှင့် သိုင်းပညာမျိုးစုံ၊ တိုက်ခိုက်ရေးစွမ်းရည်များနှင့် နိယာမတရားများကို ပိုမိုမြန်ဆန်ပြီး နက်ရှိုင်းစွာ နားလည်သဘောပေါက်စေနိုင်သည်။
နဂါးဥကမ္ဘာထဲမှ ‘စိတ်ဝိညာဉ်နှင့် အချိန်အခန်း’ ပင် ရှိသေးသည်။ ထိုနေရာတွင် လေထုက ပါးလွှာပြီး အပူချိန်မှာလည်း ၅၀ဒီဂရီစင်တီဂရိတ်မှ အနှုတ်၄၀ဒီဂရီစင်တီဂရိတ်အထိ ပုံမှန်မဟုတ်ဘဲ အလွန်ပြင်းထန်လှသည်။
ဆွဲငင်အားကလည်း ကမ္ဘာမြေထက် ဆယ်ဆမျှ ပိုမိုပြင်းထန်ပြီး လူတစ်ယောက်၏ စိတ်ဆန္ဒနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုကို စမ်းသပ်ရန်အတွက် ထွက်ပေါ်လာမည့် စိတ်အာရုံခြောက်ချားမှုမျိုးစုံကိုလည်း ကြုံတွေ့ရနိုင်သည်။
အရေးအကြီးဆုံးအချက်မှာ ထိုနေရာတွင် အချိန်တစ်နှစ် ကုန်ဆုံးသွားသော်လည်း ပြင်ပကမ္ဘာ၏ ပုံမှန်အချိန်၌မူ တစ်ရက်သာ ကုန်ဆုံးလေသည်။ ဤအရာမှာ ဧကန်မုချ နတ်ဘုရားအဆင့် လက်နက်ဆန်းတစ်ခုပင်။
ထိုကဲ့သို့သော မြင့်မြတ်နယ်မြေများနှင့် ကန့်သတ်နယ်မြေများကို သော့ဖွင့်ရန်အတွက် ခွန်အားအမှတ် သန်းနှင့်ချီ၍ ကုန်ကျမည်ဖြစ်ပြီး ‘စိတ်ဝိညာဉ်နှင့် အချိန်အခန်း’ အတွက်မူ မယုံနိုင်စရာကောင်းလောက်အောင်ပင် ခွန်အားအမှတ် သန်းငါးဆယ်အထိ လိုအပ်သည်။
ကျန်းမုန့်လောင်မှာ ထိုအဆောက်အအုံများကို တမ်းတမ်းတတ ကြည့်နေမိသော်လည်း လက်ရှိတွင် သူသည် ဆင်းရဲမွဲတေနေသဖြင့် ထိုမျှများပြားလှသော နေရာများကို မဖွင့်နိုင်သေးချေ။ အရေးပေါ်အခြေအနေများအတွက် ခွန်အားအမှတ်တစ်သန်းကို ချန်ထားရသဖြင့် သူ့လက်ထဲတွင် ခွန်အားအမှတ်များ အလွန်ပင် လိုအပ်နေသည်။
“ဒီတစ်ခေါက် တာဝန်အတွက် ပေးမယ့်ဆုလာဘ်ကလည်း တော်တော်ရက်ရောမှာ သေချာတယ်.. ဟုတ်တယ်မလား”
ကျန်းမုန့်လောင်က စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးချင်း ပွတ်လိုက်သည်။
[ကျောင်းအုပ်ကြီး… ကမ္ဘာခြားစစ်မြေပြင်သို့ ကျေးဇူးပြု၍ သွားရောက်ပေးပါ။ ကျော်ဇောမှုအမှတ်တစ်မှတ်ရတိုင်း ခွန်အားအမှတ် ၁၀၀၀၀ ဆုချီးမြှင့်မည်။ ခြောက်လှန့်မှုအမှတ်တစ်မှတ်ရတိုင်း ခွန်အားအမှတ် ၁၀၀၀၀၀ ဆုချီးမြှင့်မည်။ အဆင့်နိမ့်ကမ္ဘာတစ်ခုကို သိမ်းပိုက်နိုင်ပါက ခွန်အားအမှတ်တစ်သန်း၊ အလယ်အလတ်ကမ္ဘာတစ်ခုအတွက် ဆယ်သန်းနှင့် အဆင့်မြင့်ကမ္ဘာတစ်ခုအတွက် သန်းတစ်ရာ ဆုချီးမြှင့်မည်]
“ကျော်ဇောမှုအမှတ်နဲ့ ခြောက်လှန့်မှုအမှတ်ဆိုတာက ဘာတွေလဲ”
“ကျောင်းအုပ်ကြီး ကျော်စောမှုအမှတ်ဆိုတာက အဖွဲ့အစည်းတစ်ခုထဲမှာ ကျောင်းအုပ်ကြီးရဲ့ ဂုဏ်သတင်းကျော်စောမှုကို ဆိုလိုတာပါ။ ကျောင်းအုပ်ကြီးအနေနဲ့ ပိုပြီးလေးစားကြည်ညိုခံရလေလေ ကျော်ဇောမှုအမှတ်က ပိုမြင့်လေလေ ဖြစ်မှာပါ”
“ဒါဆို ခြောက်လှန့်မှုအမှတ်ကရော”
“ခြောက်လှန့်မှုအမှတ်ဆိုတာကတော့ ရန်သူက ကျောင်းအုပ်ကြီးအပေါ် ဘယ်လောက်အထိ ကြောက်ရွံ့ထိတ်လန့်သလဲဆိုတာကို တိုင်းတာပါတယ်။ သူတို့က ကျောင်းအုပ်ကြီးရဲ့နာမည်ကို ပိုကြောက်လေလေ ကျောင်းအုပ်ကြီးက သူတို့အပေါ် သက်ရောက်မှု ပိုပြင်းထန်လေလေ ကျောင်းအုပ်ကြီးရဲ့ ခြောက်လှန့်မှုအမှတ်က ပိုမြင့်လာလေလေပါပဲ”
“အော်... အတိုချုပ်ပြောရရင် ကျော်ဇောမှုအမှတ်က ကိုယ့်လူတွေရှေ့မှာ ကြွားဖို့အတွက်။ ခြောက်လှန့်မှုအမှတ်ကတော့ ရန်သူတွေရှေ့မှာ သွားပြီး ကြွားလုံးထုတ်ဖို့အတွက်ပေါ့ ဟုတ်လား”
“အသုံးအနှုန်းက ရိုင်းစိုင်းသလိုဖြစ်နေပေမဲ့ နားလည်ပုံကတော့ မမှားပါဘူး”
“အခုမှပဲ သဘောပေါက်တော့တယ်။ ဒါက ကောင်းကင်က ကျလာတဲ့ ရတနာအိုးကြီးပဲ”
ထိုကဲ့သို့ ရက်ရောလှသော ဆုလာဘ်များကြောင့် ကျန်းမုန့်လောင်အနေနှင့် ထိုနေရာများကို လော့ဖွင့်ရန်အတွက် မကြာမီပင် အမှတ်များ လုံလောက်စွာ ရရှိပေတော့မည်။
ကမ္ဘာခြားစစ်မြေပြင်က အန္တရာယ်များသလားဟူသည့် မေးခွန်းအတွက်မူ သူ့လက်ထဲတွင် ခွန်အားအမှတ်များသာ အလုံအလောက်ရှိနေသရွေ့ အဆင့်မြင့်ကမ္ဘာတစ်ခုကိုပင် သိမ်းပိုက်ပစ်နိုင်သည်။
ဇော့ဂ်နှင့် အခြားလူများက ကျန်းမုန့်လောင်ကို ကြည့်၍ စူးစမ်းမေးမြန်းချင်စိတ်များ ဖြစ်ပေါ်နေသည်။ ထိုမျှအန္တရာယ်များလှသော နေရာသို့ သွားရမည့်ကိစ္စက ဤမျှအထိ စိတ်လှုပ်ရှားဖို့ ကောင်းနေလေသလား။ ထို့ပြင် သူ့မျက်လုံးအစုံက ဘာကြောင့်များ ထူးထူးခြားခြားလင်းလက်နေရသလဲ။
“မစ္စတာကျန်း... စစ်မြေပြင်ဆိုတာ ကလေးကစားစရာ မဟုတ်ဘူးနော်။ အဲဒါက ကျွန်တော်တို့ စကြဝဠာထဲက သာမန်မျိုးနွယ်စုတွေကြား ဖြစ်ပွားတဲ့ စစ်ပွဲတွေနဲ့ မတူဘူး။ စစ်မြေပြင်ရဲ့ အတိုင်းအတာ၊ ရက်စက်ကြမ်းကြုတ်မှု ဒါမှမဟုတ် ပြင်းထန်မှုတွေက မျိုးနွယ်စုတွေကြား ဖြစ်ပွားတဲ့ စစ်ပွဲတွေထက် အဆပေါင်းများစွာ သာပါတယ်"
“မစ္စတာကျန်း... တကယ်လို့ ကမ္ဘာခြားစစ်မြေပြင်က သာမန်နေရာတစ်ခုသာဆိုရင် ကျွန်တော်တို့ ခင်ဗျားကို တားမှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီပုံရိပ်ယောင်ကြယ်တာရာသားရဲသာ ရှိနေရင် တခြားကမ္ဘာက ဗိုလ်ချုပ်တွေက ခင်ဗျားကို ဘယ်လိုမှ ဒဏ်ရာရအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီနေရာမှာတော့ ပုံရိပ်ယောင်ကြယ်တာရာသားရဲကို ဆင့်ခေါ်နိုင်မှာ မဟုတ်ဘူး”
“ဪ”
“မတူညီတဲ့အာကာသတွေ တစ်ခုနဲ့တစ်ခု ယှက်နွှယ်ပြီး ထပ်တူကျနေတာကြောင့် အဲဒီနေရာက နေရာလွတ်အတားအဆီးက အရမ်းမတည်မငြိမ်ဖြစ်နေပါတယ်။ ဒါကြောင့် ဘယ်လို နေရာလွတ်သိုလှောင်ရေးပစ္စည်းမှ ကမ္ဘာခြားစစ်မြေပြင်ရဲ့ ဝင်ပေါက်ကို ဖြတ်သန်းသွားလို့ မရဘူး။ ခင်ဗျားရဲ့ ပုံရိပ်ယောင်ကြယ်တာရာသားရဲကလည်း အထူးနေရာလွတ်တစ်ခုကနေ ဆင့်ခေါ်ရတာမို့ အဲဒီမှာ ထွက်လာနိုင်မှာမဟုတ်ဘူး”
“ဒီလိုလည်း ရှိသေးတာပဲလား”
ဤအချက်ကြောင့် ကျန်းမုန့်လောင်လည်း သတိထားရတော့သည်။
“တကယ်တော့ ကျွန်တော်တို့ကမ္ဘာက ဘယ်လိုတိုက်ခိုက်ရေးပစ္စည်းကိုမှ ကမ္ဘာခြားစစ်မြေပြင်ထဲကို ယူသွားလို့ မရသလောက်ပါပဲ။ ကျွန်တော်တို့ စစ်မြေပြင်မှာ တည်ဆောက်ထားတဲ့ စစ်အခြေစိုက်စခန်းတွေဆိုရင်လည်း စစ်မြေပြင်ထဲက ပစ္စည်းတွေကိုပဲ အသုံးပြုပြီး တည်ဆောက်ထားရတာ။ တစ်နည်းပြောရရင်တော့ ကမ္ဘာခြားစစ်မြေပြင်ထဲကို ယူသွားလို့ရတာဆိုလို့ လူပဲရှိတယ်။ ဉာဏ်ရည်တုတောင် ယူသွားလို့မရဘူး”
“ပြီးတော့ စစ်မြေပြင်အပြင် တခြားပဋိပက္ခမျိုးစုံလည်း ရှိသေးတယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာခြားစစ်မြေပြင်ထဲက သယံဇာတတွေက အကန့်အသတ်ရှိတဲ့အပြင် အဲဒါတွေကို လုယူချင်တဲ့ ကမ္ဘာတွေကလည်း အများကြီးပဲလေ။ ဒါကြောင့် ပင်မစစ်မြေပြင်အပြင် တခြားနေရာတိုင်းလိုလိုမှာလည်း စစ်ပွဲတွေနဲ့ ပဋိပက္ခတွေက ဆက်တိုက်ဖြစ်နေတာ”
“ဒါကြောင့် မစ္စတာကျန်း... ကမ္ဘာခြားစစ်မြေပြင်မှာ ကိုယ်ပိုင်အစွမ်းအစကိုပဲ အားကိုးရလိမ့်မယ်။ တကယ်လို့ ခင်ဗျား စစ်မြေပြင်ထဲမှာ တစ်ခုခုဖြစ်သွားခဲ့ရင် ခင်ဗျားရဲ့အကြီးအကဲတွေကို ကျွန်တော်တို့ ရှင်းပြရခက်လိမ့်မယ်”
“ဒါဆို ငါကအဝတ်ဗလာနဲ့ သွားရမှာလား”
ကျန်းမုန့်လောင်က မေးလိုက်သည်။
အားလုံး ခေတ္တမျှ ကြောင်အသွားကြသည်။ ဤနေရာတွင် ကမ္ဘာခြားစစ်မြေပြင်၏ အန္တရာယ်ကြီးမားပုံကိုသာ အပူတပြင်း ပြောနေကြသော်လည်း သူ စိတ်ဝင်စားနေသည်မှာ ဤသို့ ဆက်စပ်မှုမရှိသော မေးခွန်း ဖြစ်နေလေသည်။
ဤအရာက စစ်တိုက်သွားမည့် ကိစ္စဖြစ်သဖြင့် အသက်ရှင်သန်နိုင်ပါ့မလားဆိုသည်ကသာ အရေးကြီးဆုံး ဖြစ်သင့်သော်လည်း သူကတော့ အဝတ်ဗလာ ဖြစ်မဖြစ်ကို ဘာကြောင့် စိတ်ပူနေရသလဲ။
“ကောထန်... ကမ္ဘာခြားစစ်မြေပြင်က မင်းအပေါ်မှာရော သက်ရောက်မှု ရှိလား”
ကျန်းမုန့်လောင်က မေးလိုက်သည်။
“ကျောင်းအုပ်ကြီး… မတူညီတဲ့ အပြိုင်ကမ္ဘာမျိုးစုံကို လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်တဲ့ ထိပ်တန်းဉာဏ်ရည်ရှိတဲ့ ကျွန်တော့်ကို ဒီလိုနေရာလွတ်အတားအဆီးမျိုးက တားဆီးနိုင်မယ်လို့ ထင်နေတာလား”
ကောထန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။
“အကောင်းဆုံးပဲ”
ဤအချက်ကို အတည်ပြုပြီးနောက်တွင် ကျန်းမုန့်လောင်၏ ရင်ထဲမှ အပူလုံးကြီး လုံးဝကျသွားတော့သည်။
သူ့အနေနှင့် ရှောင်ဟယ်ကို ဆင့်ခေါ်၍ မရသော်လည်း ကောထန်နှင့် ထူးရှယ်နတ်ဘုရားကျောင်းတော်ကမူ သူ၏ အကြီးမားဆုံးသော အားကိုးရာအဖြစ် ရှိနေဆဲဖြစ်ရာ ၎င်းမှာ ကမ္ဘာခြားစစ်မြေပြင်၏ စနစ်အားနည်းချက်တစ်ခုကို အသုံးချလိုက်နိုင်ခြင်းနှင့် အတူတူပင်။
“ဘယ်လိုစာရင်းပေးရမလဲ။ အွန်လိုင်းကနေ ဖောင်ဖြည့်ရမှာလား။ ငါ့ကို ဝဘ်ဆိုက်လင့်ခ်လေး ပို့ပေးပါဦး”
ကျန်းမုန့်လောင်က တောင်းဆိုလိုက်သည်။
“ကျောင်းအုပ်ကြီး... ကျွန်တော်တို့လည်း သွားချင်တယ်။ ကြည့်ရတာ တော်တော်ပျော်စရာကောင်းမယ့်ပုံပဲ”
“ကျောင်းအုပ်ကြီး... ကျွန်တော့်ကိုလည်း စာရင်းထဲ ထည့်ပေးပါ။ တစ်ယောက်တည်းသွားပြီး ကြွားလုံးထုတ်လို့ မရဘူးလေ။ ကျွန်တော်တို့ကိုလည်း ခေါ်သွားရမယ်”
“ကျွန်တော့်ရဲ့ ဓားမကြီးကလည်း ခုတ်ချင်လွန်းလို့ ယားနေပြီ”
“ဟီးဟီး... တခြားကမ္ဘာက ကောင်မလေးတွေက ဘယ်လောက်ချောမောလှပမလဲ မသိဘူး။ အခွင့်အရေးရရင် နည်းနည်းလောက် ဖမ်းခေါ်လာခဲ့ရမယ်”
“နေပါဦး... ပြောရဦးမယ်။ အဲဒီကျူးကျော်သူတွေကို ခေါင်းကနေ ခြေအဆုံး စားလို့ရလား။ တကယ်လို့ ရိက္ခာတွေ ယူသွားလို့မရရင် ကမ္ဘာခြားစစ်မြေပြင်မှာ ဇီရာမှုန့်နဲ့ ငရုတ်ကောင်းမှုန့်တွေရော ရှိပါ့မလား”
ကျန်းမုန့်လောင်အပြင် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများလည်း စိတ်လှုပ်ရှားစွာဖြင့် ဆူညံသွားကြသည်။ ကမ္ဘာခြားစစ်မြေပြင်ဆိုသည်မှာ အလွန်မိုက်လှပေသည်။
ဇော့ဂ်နှင့် အခြားသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကြောင်အသွားကြသည်။ သူတို့ ပြောနေသည့် လေသံများကို ကြားရသည်မှာ စစ်တိုက်သွားမည့်ပုံစံနှင့် လုံးဝမတူဘဲ ပျော်ပွဲစားထွက်မည့်အတိုင်းပင်။
မင်းတို့တွေ ဒီလောက်ဘဝင်မြင့်ပြီး ရဲတင်းနေတာကို မင်းတို့ရဲ့ မိသားစုဝင်တွေရော သိကြရဲ့လား။
**************************