← Chapters

အခန်း ၉၉၇

Vol. 67 Ch. 997

အခန်း ၉၉၇

Vol. 67 Ch. 997

အခန်း ၉၉၇ - စစ်သည်တော်ဘုရင်၏ ဒဏ္ဍာရီ

"မစ္စတာကျန်း... ခင်ဗျားက ဒီလောက်တောင် သွားချင်နေမှတော့ ကျွန်တော်တို့လည်း မတားတော့ပါဘူး"

ဖျောင်းဖျ၍ မရတော့ကြောင်း သိလိုက်သဖြင့် ဇော့ဂ်နှင့် အခြားသူများမှာ ကျန်းမုန့်လောင်၏ ဆုံးဖြတ်ချက်ကို လက်ခံလိုက်ကြသည်။

"ဒါပေမဲ့ ကြိုတင်ပြီး ရှင်းရှင်းလင်းလင်း ပြောထားရမယ့် အချက်တစ်ချက်တော့ ရှိတယ်။ ကမ္ဘာခြားစစ်မြေပြင်အတွက် စစ်သည်တော်တွေကို ရွေးချယ်တဲ့နေရာမှာ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့တင် မရဘူး။ ကျွန်တော်တို့ ခင်ဗျားကို စာရင်းသွင်းပေးလို့ရပေမယ့် အရမ်းတင်းကျပ်တဲ့ ရွေးချယ်ရေးလုပ်ငန်းစဉ်ကို ဖြတ်သန်းရလိမ့်မယ်"

"ကောင်းပါပြီ... ခင်ဗျားတို့ အကြောင်းကြားမယ့်အချိန်ကို စောင့်နေမယ်"

တိုတောင်းသော ဆက်သွယ်မှုအပြီးတွင် ကျန်းမုန့်လောင်သည် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ လူများနှင့်အတူ ကမ္ဘာမြေသို့ ခေတ္တပြန်လာခဲ့သည်။ ယခုတစ်ကြိမ်တွင် သူသည် အလွန်ကြာမြင့်မည့် အချိန်တစ်ခုအထိ အဝေးသို့ ရောက်နေနိုင်သဖြင့် ကမ္ဘာမြေတွင် ဘာပြဿနာမှ မဖြစ်ပွားစေရန် ကိစ္စရပ်များကို ကြိုတင်စီစဉ်ထားရန် လိုအပ်ပေသည်။

လုရီယောင်က ကျန်းမုန့်လောင်အကြောင်း အသိဆုံးဖြစ်ပြီး ထူးရှယ်နတ်ဘုရားကျောင်းတော်အကြောင်းကိုလည်း ကျန်းမုန့်လောင်ပြီးလျှင် သူ(မ)က နားအလည်ဆုံးပင်။ ထို့ကြောင့် သူ(မ)အနေနှင့် ကျန်းမုန့်လောင်၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်မနေချေ။ သူ(မ)သည် ကျန်းမုန့်လောင် အယုံကြည်ရဆုံးလူလည်း ဖြစ်၏။ ကျန်းမုန့်လောင်က သူ(မ)ထံသို့ အရိပ်စစ်သည်တော်များအားလုံးကို လွှဲအပ်ပြီး ကမ္ဘာမြေနှင့် သက်ဆိုင်သည့် ကိစ္စရပ်မှန်သမျှကို ကူညီဖြေရှင်းပေးရန်အတွက် မာကာဘာကာကိုလည်း တာဝန်ပေးခဲ့သည်။

အသန်မာဆုံးယာဉ်တန်း၊ အင်အားအကြီးမားဆုံး စစ်တပ်နှင့် မာကာဘာကာကဲ့သို့ အဆင့်၉သက်ရှိတစ်ယောက် ရှိနေသဖြင့် ကမ္ဘာမြေတွင် မထင်မှတ်ထားသော ဖြစ်ရပ်ဆိုးမျိုး ကြုံတွေ့ရရန် မဖြစ်နိုင်သလောက်ပင်။

ယခုတစ်ကြိမ်တွင်မူ သူသည် အဆင့်၅အထွတ်အထိပ် သက်ရှိအဆင့် သို့မဟုတ် ထိုထက်မြင့်မားသော အဆင့်သို့ ရောက်ထားသည့် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများကိုသာ ခေါ်ဆောင်သွားရန် စီစဉ်ထားသည်။

အဆင့်လေးအထွတ်အထိပ်ရှိ ကျောင်းသားများ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ သာမန်အဆင့်ခြောက်သက်ရှိများနှင့် ယှဉ်နိုင်သော်လည်း ဇော့ဂ်၏ပြောပြချက်အရ အဆင့်ခြောက်သက်ရှိများပင် သေဆုံးမှုနှုန်း ၉၅ရာခိုင်နှုန်းကျော်ရှိသည်ဟု သိရသည်။ စစ်မြေပြင်တွင် ကျန်းမုန့်လောင်အနေနှင့် လူတိုင်းကို လိုက်လံစောင့်ရှောက်ပေးနိုင်မည် မဟုတ်သဖြင့် ဘေးကင်းလုံခြုံရေးကိုသာ ပထမဦးစားပေးအနေနှင့် ထားရမည်။

အဆင့်ငါးအထွတ်အထိပ် သက်ရှိအဆင့်သို့ ရောက်ရှိနေသော ကျောင်းသားများ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့်ခုနစ်သက်ရှိများနှင့် အလွန်နီးစပ်လှသည်။ ထို့ပြင် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ သူတို့လေ့လာသင်ယူထားသည့် ထူးဆန်းသော စွမ်းရည်မျိုးစုံဖြင့်ဆိုလျှင် သူတို့အတွက် အသက်ရှင်လွတ်မြောက်ရန် သိပ်ခက်ခဲလိမ့်မည် မဟုတ်ချေ။

တိုက်တိုက်ဆိုင်ဆိုင်ပင် သူကိုယ်တိုင်မှလွဲ၍ ကျန်အဆင့်ငါးအထွတ်အထိပ် ကျောင်းသားများကို ရွေးချယ်ပြီးနောက် စုစုပေါင်းအရေအတွက်မှာ ၆၆၆ယောက်တိတိ ရှိနေလေသည်။

ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသားများကလည်း ဤစစ်ဆင်ရေးအတွက် အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။ အကြောင်းမှာ ကျောင်းတော်က သူတို့၏ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ဆုလာဘ်မျိုးစုံကို ပေးအပ်မည်ဖြစ်သောကြောင့်ပင်။ အဆင့်ငါးအထွတ်အထိပ်သို့ မရောက်သေးသည့် ကျောင်းသားများမှာလည်း ထိုအဆင့်သို့ အမြန်ဆုံးရောက်ရှိပြီး ကမ္ဘာခြားစစ်မြေပြင်သို့ လိုက်ပါသွားနိုင်ရန်အတွက် အသည်းအသန် ကျင့်ကြံအားထုတ်ကြလေတော့သည်။

အရည်အချင်းပြည့်မီပြီးသား ကျောင်းသားများမှာမူ ကျန်အချိန်တွင် မိမိကိုယ်ကိုယ် ပိုမိုသန်မာအောင် ပြုလုပ်ပြီး ခွန်အားအမှတ်များ ပိုရရန် ကြိုးပမ်းနေကြသည်။

သူတို့အတွက်တော့ ဤကမ္ဘာခြားစစ်မြေပြင်ကြီးမှာ စစ်တိုက်ရမည့်နေရာထက် ခွန်အားအမှတ်များ သွားရောက်ရှာဖွေရမည့် နေရာတစ်ခုနှင့် ပိုတူနေပေသည်။

တစ်လတိတိ စောင့်ဆိုင်းပြီးနောက် ကျန်းမုန့်လောင်နှင့် ကျောင်းတော်သို့ စောစောစီးစီးရောက်ရှိလာသူများ သို့မဟုတ် ပါရမီပိုမိုကောင်းမွန်သော အချို့ကျောင်းသားများမှာ အဆင့်ခြောက်သက်ရှိအဖြစ်သို့ တက်လှမ်းတော့မည့် အရိပ်အယောင်များ ပြသလာကြသည်။ ထိုအချိန်တွင်ပင် သူတို့သည် ကမ္ဘာခြားစစ်မြေပြင်မှ စစ်မှုထမ်းရန် ဆင့်ခေါ်စာကို လက်ခံရရှိလေသည်။

ဤအရာမှာ စကြဝဠာမျိုးနွယ်စုများက ရာစုနှစ်အနည်းငယ်ကြာတိုင်း ပြုလုပ်လေ့ရှိသော တပ်သားသစ်စုဆောင်းရေး လှုပ်ရှားမှုတစ်ခု ဖြစ်ပြီး စကြဝဠာမဟာမိတ်အဖွဲ့တစ်ခုလုံး၏ အတင်းကျပ်ဆုံး စစ်သားစုဆောင်းမှုလည်း ဖြစ်၏။

အကယ်၍ အဆင့်ငါးအခြေခံမျိုးနွယ်စု ဖြစ်ပါက မျိုးနွယ်စုတစ်ခုစီသည် အဆင့်ငါးသက်ရှိပေါင်း အယောက်တစ်ထောင်ကို စေလွှတ်ရမည်။

အကယ်၍ အဆင့်ငါးအလယ်အလတ်မျိုးနွယ်စု ဖြစ်ပါက အဆင့်ငါးသက်ရှိ အယောက်တစ်သောင်းနှင့် အဆင့်ခြောက်သက်ရှိတစ်ယောက် လိုအပ်ပေသည်။

အဆင့်ငါးအဆင့်မြင့်မျိုးနွယ်စုအတွက်မူ အဆင့်ငါးသက်ရှိ အယောက်တစ်သိန်းနှင့် အဆင့်ခြောက်သက်ရှိ ဆယ်ယောက်ကို လိုအပ်ပြီး အဆင့်ငါးအထွတ်အထိပ်မျိုးနွယ်စုတစ်ခုဆိုလျှင်မူ အဆင့်ငါးသက်ရှိတစ်သန်း၊ အဆင့်ခြောက်သက်ရှိတစ်ရာ နှင့် အဆင့်ခုနစ်သက်ရှိတစ်ဦးအထိ လိုအပ်ပေသည်။

သို့သော်လည်း စစ်သားစုဆောင်းရသည့် ရည်ရွယ်ချက်အစစ်အမှန်ကိုမူ လူထုထံ ချပြခြင်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာအချင်းချင်း ဝင်တိုက်မိသည့်ကိစ္စမှာ အလွန်တရာ အကဲဆတ်လွန်းသောကြောင့်ပင်။ အကယ်၍ ဤသတင်းသာ စကြဝဠာမျိုးနွယ်စုများအကြား ပျံ့နှံ့သွားပါက တစ်လောကလုံး အတိုင်းအတာဖြင့် အထိတ်တလန့် ဖြစ်သွားစေနိုင်သည်။

စကြဝဠာအင်ပါယာတစ်ခုစီ၏ ဘုရင်များပင် ထိုသို့စုဆောင်းခံရသည့် စစ်သည်တော်များ မည်သည့်နေရာတွင် တာဝန်ထမ်းဆောင်ရမည်ကို မသိကြချေ။ သူတို့အနေနှင့် ဤအရာကို မတူညီသောစကြဝဠာအင်ပါယာများ၏ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန် အသုံးပြုသည့် အင်ပါယာမဟာမိတ်အဖွဲ့၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဟုသာ ယုံကြည်နေကြပေလိမ့်မည်။

စမ်းသပ်မှုများကို အောင်မြင်ပြီး ကမ္ဘာခြားစစ်မြေပြင်သို့ ရောက်သွားသည့် စစ်သည်တော်များသာ သူတို့ မည်ကဲ့သို့သော ရန်သူများနှင့် ရင်ဆိုင်ရမည့်အကြောင်း သိရှိကြရပေမည်။ ထိုအချိန်သို့ ရောက်သောအခါ သူတို့ ထွက်ပြေးမည့် လမ်းကြောင်းများ အားလုံးလည်း ပိတ်ဆို့ခံရမည်ဖြစ်ပြီး ထွက်ပြေးရန် ကြိုးစားသူမှန်သမျှကို ကမ္ဘာခြားစစ်မြေပြင်၏ စစ်မြေပြင်ကွပ်မျက်ရေးသမားများက ချက်ချင်း ကွပ်မျက်ပစ်ပေမည်။

သူတို့အနေနှင့် ရွေးချယ်ရန် လမ်းတစ်လမ်းသာ ရှိသည်။ စစ်မြေပြင်သို့သွားပြီး နှစ်ငါးရာစစ်မှုထမ်းသက်ကို ပြည့်မြောက်အောင် ထမ်းဆောင်ကာ ဂုဏ်သိက္ခာရှိရှိ နေရပ်သို့ ပြန်ကြမလား။ သို့တည်းမဟုတ် ကမ္ဘာခြားစစ်မြေပြင်တွင် အသက်ပျောက်သွားမည်လော။

အကယ်၍ လူတစ်ယောက်သည် ဤနေရာတွင် နှစ်ငါးရာမျှ အသက်ရှင်သန်နိုင်ခဲ့လျှင် စစ်မြေပြင်၏ ကြမ်းတမ်းသော လေ့ကျင့်မှုများကြောင့် သူတို့၏ သက်ရှိအဆင့်အတန်းမှာ အလျင်အမြန် တိုးတက်လာပေလိမ့်မည်။ အချို့ဆိုလျှင် ဆင့်ကဲအဆင့်တက်လှမ်းမှုများကိုပင် ကြုံတွေ့ရတတ်ပြီး အချို့သော တိုက်ခိုက်ရေးရူးသွပ်သူများမှာမူ သူတို့၏ စစ်မှုထမ်းသက်ကုန်ဆုံးသွားသည့်တိုင် စစ်မြေပြင်တွင် ဆက်နေရန် ရွေးချယ်ကြသည်။

စစ်မြေပြင်မှ ထွက်ခွာရန် ရွေးချယ်သူများလည်း အလွန်များပြားလှသော အငြိမ်းစားဆုကြေးငွေကို ရရှိကြပေလိမ့်မည်။ အဆင့်ငါးသက်ရှိတစ်ဦးပင် ‘စကြဝဠာကြယ်တာရာဒင်္ဂါးတစ်ပြား ရရှိနိုင်ပြီး ၎င်းမှာ အဆင့်ငါးအခြေခံမျိုးနွယ်စုတစ်ခုလုံး၏ စုစုပေါင်းကြွယ်ဝချမ်းသာမှုနှင့် ညီမျှပေသည်။

ကျန်းမုန့်လောင်သည် ထူးရှယ်နတ်ဘုရားကျောင်းတော်မှ ကျောင်းသား၆၆၆ယောက်ကို ခေါ်ဆောင်ကာ အင်ပါယာမဟာမိတ်အဖွဲ့၏ စစ်သည်သယ်ယူပို့ဆောင်ရေး အာကာသယာဉ်ပေါ်သို့ တက်ရောက်လာသည်။ သူတို့အပြင် ကျန်လူများမှာ အမြွှာဝေလငါးစကြဝဠာအင်ပါယာမှ ရွေးချယ်ထားသည့် အဆင့်ငါးသက်ရှိများပင်။ ထိုလူအများစုမှာ ယခင်က သူတို့နှင့်အတူ ဇူဒါမျိုးနွယ်စု၏ ရတနာရှာဖွေရေးနယ်မြေထဲသို့ အတူတူဝင်ရောက်ခဲ့ဖူးသူများ ဖြစ်ကြသည်။

တည်ငြိမ်နေသော ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့နှင့် နှိုင်းယှဉ်လျှင် ထိုလူများမှာမူ အလွန်ပင် စိုးရိမ်ပူပန်နေကြပုံရသည်။ အဘယ်ကြောင့်ဆိုသော် အော်ရစ်ပင်လျှင် ဤစစ်သားစုဆောင်းမှုက မည်သည့်နေရာသို့ ခေါ်ဆောင်သွားမည်ကို မသိသောကြောင့်ပင်။

သို့သော် သူတို့အနေနှင့် ရွေးချယ်ခံရပြီး နှစ်ငါးရာစစ်မှုထမ်းသက်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ပါက ‘စကြဝဠာကြယ်တာရာဒင်္ဂါးတစ်ပြား ဆုလာဘ်ရရှိမည်ဟု ကြားသိထားသဖြင့် အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေကြသည်။ စင်စစ်အားဖြင့် အကယ်၍ သူတို့ဘာသာ ထိုမျှများပြားသော စည်းစိမ်ကို ရှာဖွေစုဆောင်းမည်ဆိုပါက နှစ်သန်းပေါင်းငါးရာကြာလျှင်ပင် ရနိုင်မည် မဟုတ်ပေ။

စစ်မှုထမ်းရမည့် အန္တရာယ်နှင့် ပတ်သက်၍မူ သူတို့ ယခင်ကလည်း စစ်မှုထမ်းဖူးကြသည်။ အမြွှာဝေလငါးစကြဝဠာအင်ပါယာ၏ စစ်မှုထမ်းစနစ်မှာ အင်ပါယာ၏ စစ်တပ်ထဲသို့ ဝင်ရောက်ရခြင်းဖြစ်ပြီး ဤစစ်မှုထမ်းသက်မှာ စကြဝဠာနှစ်တစ်ထောင်အထိပင် ကြာမြင့်နိုင်သဖြင့် အငြိမ်းစားခကလည်း သနားစရာကောင်းလောက်အောင် နည်းပါးလှသည့် သာမန်စကြဝဠာဒင်္ဂါးသန်းအနည်းငယ်သာ ရရှိသဖြင့် မည်သူမှ သိပ်မသွားချင်ကြချေ။

သူတို့သည် အဆင့်ငါးသက်ရှိ သိန်းနှင့်ချီ၍ ရှိသည့်ကြားက ဤအခွင့်အရေးကို ရရှိခဲ့ကြခြင်းပင်။

သုံးရက်ကြာအောင် ခရီးနှင်ပြီးနောက် လူသူဆိတ်သုဉ်းသော ဂြိုဟ်တစ်လုံးအနီးသို့ ရောက်လာခဲ့ကြသည်။ ဤဂြိုဟ်ကို အင်ပါယာမဟာမိတ်အဖွဲ့က အရည်အချင်းပြည့်မီသော စစ်သည်တော်လောင်းများကို ရွေးချယ်ရန်အတွက် စမ်းသပ်ရေးစခန်းအဖြစ် ပြောင်းလဲထားခြင်းဖြစ်၏။

စကြဝဠာတစ်ခုလုံး၏ စစ်သားစုဆောင်းရေး လှုပ်ရှားမှုတစ်လျှောက်တွင် ဤကဲ့သို့သော ဂြိုဟ်ပေါင်းမြောက်မြားစွာ ရှိသည်။ စစ်မြေပြင်၏ လိုအပ်ချက်အရ ယခုတစ်ခေါက်တွင် သူတို့အနေနှင့် အနည်းဆုံး အဆင့်ခုနစ်သက်ရှိ အယောက်တစ်သောင်း၊၊ အဆင့်ခြောက်သက်ရှိ သန်းတစ်ရာနှင့် အဆင့်ငါးသက်ရှိ တစ်ထရီလီယံအထိ ဖြည့်တင်းရန် လိုအပ်ပေသည်။

သို့သော် စစ်မြေပြင်အတွက်မူ အရေအတွက်က ပထမမဟုတ်ပါဘဲ စစ်သည်တော်များ၏ အရည်အသွေးကသာ အရေးကြီးဆုံးပင်။ အကြောင်းမှာ ကမ္ဘာခြားစစ်မြေပြင်ရှိ သယံဇာတများမှာ အကန့်အသတ်ရှိသဖြင့် အသုံးမကျသော အမှိုက်များအတွက် သယံဇာတများကို အလဟဿမဖြုန်းတီးနိုင်ချေ။ သူတို့အနေနှင့် အတော်ဆုံး၊ အထူးချွန်ဆုံး စစ်သည်တော်များကိုသာ လိုအပ်သည်။ အမြောက်စာအဖြစ် အသုံးချခံရမည့်သူများ ဖြစ်စေဦးတော့ အကောင်းဆုံးအမြောက်စာများကိုသာ သူတို့ လိုချင်ကြသည်။

ဂြိုဟ်တစ်ခုလုံးတွင် စက်ပစ္စည်းမျိုးစုံ တန်းစီပြည့်နှက်နေသည်။ ထိုအရာများ၏ ပုံပန်းသဏ္ဌာန်ကို ကြည့်ရသည်မှာ ခွန်အားနှင့် အရှိန်နှုန်းကို စမ်းသပ်သည့် ကိရိယာများ ဖြစ်ဟန်တူသည်။ အကြောင်းမှာ သက်ရှိတစ်ယောက်သည် မည်ကဲ့သို့သော သိုင်းပညာလျှို့ဝှက်ချက်များကို လေ့လာထားပါစေဦးတော့ အခြေခံအကျဆုံး ဤညွှန်းကိန်းနှစ်ခုကသာ နောက်ကွယ်ရှိ စွမ်းအားအစစ်အမှန်ကို အကဲဖြတ်ပေးနိုင်သောကြောင့်ပင်။

ဤဂြိုဟ်ပေါ်တွင် မျိုးနွယ်စုမျိုးစုံမှ ရောက်လာကြသည့် အဆင့်ငါးသက်ရှိ ဘီလျံနှင့်ချီ၍ စုဝေးနေကြသည်။ သူတို့ကို ဤမျှအထိ စိတ်လှုပ်ရှားစေခဲ့သော စစ်သားစုဆောင်းမှုကြီးမှာ အမှန်စင်စစ်တွင် ကြီးမားလှသော ထောင်ချောက်ကြီးတစ်ခု ဖြစ်ကြောင်း သူတို့ မသိရှာပေ။ သူတို့အတွက်တော့ စမ်းသပ်မှု ကျရှုံးသွားခြင်းကသာ ကံကောင်းခြင်းတစ်ရပ် ဖြစ်ပေလိမ့်မည်။

"အမှတ်၁၇၃၂ စမ်းသပ်ရေးကွင်းပြင်ကြီးကနေ အားလုံးကို ကြိုဆိုပါတယ်။ ကျွန်တော်ကတော့ ဒီရွေးချယ်ရေးကို တာဝန်ယူထားတဲ့ ရှီနိုခယ်ပါ"

အဆင့်ခြောက်သက်ရှိတစ်ယောက် ကွင်းပြင်ကြီး၏ ဗဟို၌ ထွက်ပေါ်လာသည်။

"သွေးညှီနံ့တွေ တော်တော်ပြင်းတာပဲ"

ကျန်းမုန့်လောင်မှာ ယခင်က တွေ့ခဲ့ဖူးသော အိုင်ဇက်နှင့် ဆင်တူသည့် သံမဏိနှင့် သွေးသံတရဲရဲ စစ်မြေပြင်အငွေ့အသက်ကို ထိုလူ့ထံမှ ခံစားလိုက်ရသည်။ ထိုလူကလည်း ကမ္ဘာခြားစစ်မြေပြင်က လာသူပင် ဖြစ်ရမည်။

ရှီနိုခယ်သည် အရပ်၂၄၀စင်တီမီတာခန့် မြင့်မားပြီး တောင့်တင်းခိုင်မာသော ကြွက်သားများကို ပိုင်ဆိုင်ထားသည်။ သူ့မျက်နှာပေါ်တွင် ထင်ရှားလှသော ဓားဒဏ်ရာ အမာရွတ်ကြီးတစ်ခု ရှိပြီး ၎င်းမှာ စစ်မြေပြင်မှ ရရှိခဲ့သည့် ဂုဏ်ထူးဆောင်တံဆိပ်တစ်ခုကဲ့သို့ပင်။

"ကျောင်းအုပ်ကြီး... ဒီလူ့ရဲ့ သက်ရှိအဆင့်က အဆင့်ခြောက်အထွတ်အထိပ်ပဲ ရှိသေးပေမဲ့ သာမန်အဆင့်ခုနစ်အခြေခံသက်ရှိတစ်ယောက်ကိုတော့ အေးအေးဆေးဆေး အနိုင်ပိုင်းနိုင်ပါတယ်"

"စိတ်ဝင်စားဖို့ ကောင်းသားပဲ"

ကျန်းမုန့်လောင်သည် ကမ္ဘာခြားစစ်မြေပြင်သို့ သွားရောက်ရန် ပို၍ပင် စိတ်အားထက်သန်နေမိတော့သည်။

"ကောထန်... ငါတို့ ဒီစစ်မြေပြင်မှာ ‘စစ်သည်တော်ဘုရင်ရဲ့ ဒဏ္ဍာရီ’ တစ်ခုလောက် ဖန်တီးလိုက်ရင် ဘယ်လိုနေမလဲ”

***********************

All Chapters