← Chapters

အခန်း ၉၉၈

Vol. 67 Ch. 998

အခန်း ၉၉၈

Vol. 67 Ch. 998

အခန်း ၉၉၈ - ကျွန်တော့်လို အစွမ်းထက်တဲ့လူ နောက်ထပ် ၆၆၆ယောက်ရှိသေးတယ်

"စစ်သည်တော်ဘုရင်ရဲ့ ဒဏ္ဍာရီဆိုတာ ဘာလဲ"

ကောထန်က နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

“မင်းကို ဝတ္ထုတွေ များများဖတ်ပါလို့ ပြောထားတာကို... အသုံးမကျတဲ့ လိုက်ဖ်လွှင့်တာတွေကိုပဲ ကြည့်မနေနဲ့။ စစ်မြေပြင်ကို စိုးမိုးပြီး ကိုယ့်လူတွေကို ကြည်ညိုလေးစားအောင် လုပ်။ ရန်သူတွေကိုလည်း ဘောင်းဘီထဲ သေးထွက်မတတ် ကြောက်လန့်သွားအောင် လုပ်ရတာက အရမ်းမိုက်တယ်ကွ”

"ကျောင်းအုပ်ကြီး... ခင်ဗျား အသက်သုံးဆယ်နား ကပ်နေပြီလေ။ ဘာလို့ ဒီလောက်တောင် ကလေးဆန်နေရသေးတာလဲ"

ကောထန် မျက်စောင်းထိုးလိုက်မိသည်။ သူတစ်ပါးရှေ့တွင် ကြွားဝါချင်စိတ် ပြင်းပြနေခြင်းမှာ ကျန်းမုန့်လောင်တို့မိသားစု၏ မျိုးရိုးဗီဇထဲတွင် ထွင်းထုထားသည့် အရာတစ်ခုကဲ့သို့ ဖြစ်နေသဖြင့် ကောထန်လည်း အံ့ဩမနေတော့ချေ။

"ယောက်ျားဆိုတာ မသေမချင်း နုပျိုနေတုန်းပဲ။ မင်း ဘာမှမသိပါဘူး"

ကျန်းမုန့်လောင်ကလည်း ပြန်ပက်လိုက်သည်။

...

"အရာရှိကြီး... စကြစို့။ ဘယ်လိုရွေးချယ်မှာလဲ"

လူအုပ်ထဲရှိ အချို့လူများမှာ မစောင့်နိုင်တော့သဖြင့် လှမ်းမေးလိုက်ကြသည်။

ရှီနိုခယ်က စက်တစ်လုံးနားသို့ လျှောက်သွားပြီး အသာပုတ်လိုက်၏။

"ဒီဟာတွေကို မြင်ကြလား။ ဒါကတော့ ခွန်အားနဲ့ အရှိန်နှုန်းကို စမ်းသပ်တဲ့ ငါတို့ရဲ့ နောက်ဆုံးပေါ်ကိရိယာပဲ။ သတ်မှတ်ချက်ကတော့ ရှင်းရှင်းလေးပါ... ခင်ဗျားတို့ရဲ့ခွန်အားနဲ့ အရှိန်နှုန်းညွှန်းကိန်းက တစ်ရာကျော်ရင် စစ်မှုထမ်းဖို့ အရည်အချင်းပြည့်မီပြီ။ အားလုံး သဘောပေါက်ရဲ့လား"

“ဒီလောက်တောင် လွယ်တာလား”

“လူတွေက အများကြီးဆိုတော့ ပြိုင်ပွဲတစ်ခုခု ကျင်းပရမယ် ထင်နေတာ”

“ဒီပစ္စည်းက ကြည့်ရတာ တော်တော်ထိရှလွယ်ပုံရတယ်။ ငါတို့ လက်သီးတစ်ချက်နဲ့ ထိုးလိုက်ရင်တောင် ပျက်စီးသွားမှာတော့ မဟုတ်ဘူးမလား”

ဤမျှရိုးရှင်းလှသော သတ်မှတ်ချက်ကို ကြားလိုက်ရသောအခါ လူတိုင်းက ဤစမ်းသပ်မှုမှာ အလွန်လွယ်ကူလှသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ သူတို့အားလုံးမှာ မတူညီသော စကြဝဠာအင်ပါယာများမှ ရွေးချယ်ခံထားရသူများ ဖြစ်သဖြင့် မိမိတို့၏ ခွန်အားနှင့် အရှိန်နှုန်းအပေါ် အလွန်ယုံကြည်မှုရှိနေကြသည်။ ထို့ပြင် "တစ်ရာ"ဟူသည့် ကိန်းဂဏန်းကလည်း သိပ်ခက်ခဲပုံမရချေ။

"မင်းတို့ရဲ့ခွန်အားကို အကုန်ထုတ်သုံးလို့လည်းရသလို လေ့လာထားတဲ့ သိုင်းပညာစွမ်းရည်တွေကိုလည်း ကြိုက်သလို လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်ပါတယ်။ လက်သီး၊ ခြေထောက်၊ စကြဝဠာမူလစွမ်းအင် ကြိုက်တာ သုံးလို့ရတယ်"

ရှီနိုခယ်က ပြောလိုက်သည်။

"မင်းတို့ရထားတဲ့ အမှတ်စဉ်တွေအရ လူအယောက်တစ်သိန်းကို အဖွဲ့တစ်ဖွဲ့ ဖွဲ့မယ်။ အောင်မြင်တဲ့လူတွေက ငါ့နောက်က အာကာသယာဉ်ပေါ် တက်နိုင်တယ်။ ရှုံးတဲ့လူတွေကတော့ တန်းပြန်ပေတော့ပဲ။ ကဲ... အခုချက်ချင်း စလိုက်ကြစို့"

“ပထမဆုံးအဖွဲ့ အသင့်ပြင်"

"ရှီနက်စ်... ကြိုးစားထား"

"ကျဲထောင်... မင်းက ငါတို့မျိုးနွယ်စုမှာ အသန်မာဆုံးပဲ... မင်း သေချာပေါက်လုပ်နိုင်မှာပါ"

စောင့်ဆိုင်းရေးနယ်မြေတွင် ရှိနေသူများကလည်း သူတို့၏ အဖော်များအတွက် အော်ဟစ်အားပေးနေကြသည်။

"ခွန်အားစမ်းသပ်မှု စတင်ပါပြီ"

"ဝုန်း"

ပြင်းထန်လှသော တိုက်ခိုက်သံများက ကွင်းပြင်ကြီးတစ်ခုလုံးဝယ် ဟိန်းထွက်သွားပြီး အားလုံးက ကိရိယာပေါ်ရှိ ဂဏန်းများကို စိုက်ကြည့်နေကြသည်။ သို့သော်လည်း ထွက်ပေါ်လာသည့် ရလဒ်များက လူတိုင်းကို ဆွံ့အသွားစေခဲ့သည်။

ပထမဆုံးအဖွဲ့ရှိ လူပေါင်းတစ်သိန်းလုံးတွင် တစ်ဦးတစ်ယောက်မျှ အမှတ်တစ်ရာ မကျော်ခဲ့ချေ။ အမြင့်ဆုံးအမှတ်မှာ သနားစရာကောင်းလောက်အောင်ပင် ၆၈မှတ်သာ ရှိပြီး အနိမ့်ဆုံးအမှတ်မှာ ၂၇မှတ်သာ ဖြစ်၏။

"မဖြစ်နိုင်တာ"

“ဘာလို့ ဒီလောက်တောင်နည်းနေရတာလဲ”

"ရှီနက်စ်က ငါတို့ အဆင့်ငါးသက်ရှိတွေထဲမှာ အသန်မာဆုံးပဲလေ။ သူက သာမန်အဆင့်ငါးအထွတ်အထိပ် သက်ရှိတစ်ယောက်ထက် ခွန်အားနှစ်ဆတောင် ပိုထုတ်နိုင်တာကို ဘာဖြစ်လို့ ခြောက်ဆယ်တောင် မပြည့်ရတာလဲ"

"သူတောင် မရရင် ငါတို့သာဆို ငါးဆယ်တောင် ရပါ့မလားမသိဘူး"

"ဒီစက်ကြီးက တစ်ခုခုချို့ယွင်းနေတာ မဟုတ်ဘူးမလား"

"ငါက အဆင့်ငါးလျှို့ဝှက်သိုင်းကိုတောင် ထုတ်သုံးလိုက်တာလေ။ ဘာလို့ ဒီအမှတ်ပဲ ရရတာလဲ"

သို့သော် ရှီနိုခယ်မှာမူ အံ့ဩသွားဟန် လုံးဝမပြချေ။ သူသည် ခေါင်းခါယမ်းကာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

"အဆင့်ငါးအခြေခံမျိုးနွယ်စုတွေက ရွေးချယ်လာတဲ့လူတွေဆိုတော့ ဒီလောက်ပဲရှိမှာပေါ့။ ဒီမှာရှိတဲ့ အယောက်ဘီလျံပေါင်းများစွာထဲက အနည်းဆုံး ဆယ်ယောက်လောက် စံချိန်မီရင်ပဲ ကျေးဇူးတင်လှပါပြီ"

"ဒုတိယအဖွဲ့ အသင့်ပြင်"

"နေပါဦး"

ပထမအဖွဲ့ရှိ စမ်းသပ်သူတစ်ယောက်က ထွက်လာသော ရလဒ်အပေါ် ကျေနပ်ပုံမရဘဲ လှမ်းအော်လိုက်သည်။

"အရာရှိ... ဒီစက်မှာ ပြဿနာတစ်ခုခုများ ရှိနေတာလား"

ရှီနိုခယ်ကမူ သူ့မေးခွန်းကို အရေးမလုပ်လိုချေ။

"နောက်တစ်ဖွဲ့"

"အရာရှိ..."

ထိုစမ်းသပ်သူက ဆက်ပြောလိုက်သည်။

"ကျွန်တော်တို့ ပယ်ချခံရမယ်ဆိုရင်တောင် စံချိန်စံနှုန်းနဲ့ ဘယ်လောက်အထိ ကွာဟနေလဲဆိုတာကို အနည်းဆုံးတော့ သိခွင့်ပေးသင့်တာပေါ့။ ဒီဂဏန်းတွေက ဘာကိုဆိုလိုမှန်းမသိဘဲ ဒီအတိုင်း အမှတ်တစ်ခုတည်းနဲ့ ဆုံးဖြတ်လိုက်တာက လူကို စိတ်ပျက်စေပါတယ်"

ရှီနိုခယ် ရယ်မောလိုက်၏။ သူ့မျက်နှာပေါ်ရှိ အမာရွတ်ကြီးကလည်း အပြုံးနှင့်အတူ တွန့်လိမ်သွားသည်။ သို့သော်လည်း ထိုစကားများက သူ့ကို စည်းရုံးနိုင်ခဲ့ပုံရသည်။

"မင်းတို့က ကွာဟချက်ကို သိချင်မှတော့ အခွင့်အရေးတစ်ခု ပေးရသေးတာပေါ့"

ရှီနိုခယ်လည်း သူ့ဘေးရှိ အခြားစစ်သည်တော်တစ်ဦးကို အချက်ပြလိုက်သည်။ ထိုပြင်ပစစ်မြေပြင်တွင် အဆင့်ခြောက်အခြေခံသက်ရှိတစ်ယောက်က အဆင့်ငါးသက်ရှိစစ်သည်ပေါင်းတစ်ထောင်အထိ ကွပ်ကဲရသော တပ်စိတ်မှူးတစ်ဦး ဖြစ်နိုင်သည်။ အဆင့်တစ်ခု မြင့်တက်လာတိုင်း ကွပ်ကဲရသည့် အရေအတွက်မှာ ဆယ်ဆစီ တိုးပွားသွားသည်။

အဆင့်ခြောက်အထွတ်အထိပ် သက်ရှိတစ်ယောက်ဖြစ်သည့် ရှီနိုခယ်သည် အဆင့်ငါးသက်ရှိစစ်သည်တစ်သန်းကို ကွပ်ကဲရသည်။ ယခု စစ်သားစုဆောင်းရေးအတွက် သူသည် သူ့ကိုကူညီရန် စစ်သည်ဆယ်ဦးပါဝင်သော တပ်စုတစ်စုကိုသာ ခေါ်ဆောင်လာခဲ့သည်။

ထိုစစ်သည်များထဲမှ တစ်ယောက်က ရှေ့သို့ လှမ်းထွက်လာသည်။ ထိုလူ၏ သက်ရှိအဆင့်ကခည်း အဆင့်ငါးအထွတ်အထိပ် ဖြစ်ကြောင်း ကျန်းမုန့်လောင် ခံစားမိသော်လည်း သူ့အရှိန်အဝါမှာ ဤနေရာရှိ ၉၉ရာခိုင်နှုန်းသော အဆင့်ငါးအထွတ်အထိပ် သက်ရှိများနှင့် သိသိသာသာ ကွဲပြားခြားနားနေပေသည်။

"သူကလည်း ခင်ဗျားတို့လိုပဲ အဆင့်ငါးအထွတ်အထိပ် သက်ရှိအဆင့်ဆိုတာ သေချာလား"

"သေချာတာပေါ့"

"ခင်ဗျားတို့စစ်တပ်ထဲကို ဝင်နိုင်တယ်ဆိုတော့ သူ့ခွန်အားက တစ်ရာကျော်မှာ သေချာတယ်။ သူ့ကို စမ်းခိုင်းကြည့်ပါလား"

"သူသာ တကယ်လုပ်ပြနိုင်ရင် ကျွန်တော်တို့ လုံးဝကျေနပ်ပါတယ်"

"ကောင်းပြီလေ"

ရှီနိုခယ်က ထိုစစ်သည်ကို စမ်းပြရန် အချက်ပြလိုက်သည်။

ထိုစစ်သည်ကလည်း မောက်မာဝင့်ကြွားသော အမူအရာဖြင့် စက်နားသို့ လျှောက်သွားလေသည်။

"စက်ကို ပြုပြင်မွမ်းမံထားတယ်လို့ မပြောနိုင်အောင် တခြားဘယ်သူ စမ်းကြည့်ချင်သေးလဲ"

"ကျွန်တော် စမ်းမယ်"

စောစောက အဆင့်ငါးသက်ရှိက ရှေ့သို့တက်လာပြီး ထပ်မံစမ်းသပ်လိုက်လေရာ ၅၇မှတ် ထပ်ရပြန်သည်။ သို့သော်လည်း မည်သူကမှ မရယ်မောကြချေ။ အဘယ်ကြောင့်ဆိုသော် ထိုပထမဆုံးအယောက်တစ်သိန်းထဲတွင် အမှတ်ငါးဆယ်ကျော်ခြင်းမှာ ထိပ်တန်း ၂၀ရာခိုင်နှုန်းထဲတွင် ပါဝင်နေသောကြောင့်ပင်။

"သေသေချာချာ ကြည့်ထားကြ"

ထိုစစ်သည်က ကိုယ်ကိုညွတ်ကိုင်းလိုက်၏။ သူ့ခွန်အားကို မြှင့်တင်ရန်အတွက်လည်း စကြဝဠာမူလစွမ်းအင်ကို လုံးဝမသုံးခဲ့ပေ။ ဤလက်သီးချက်မှာကြွက်သားခွန်အားသက်သက်သာ ဖြစ်၏။

"ဒုန်း"

စက်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး မျက်နှာပြင်ပေါ်ရှိ ဂဏန်းများမှာ အရှိန်အဟုန်ဖြင့် ထိုးတက်ကာ နောက်ဆုံးတွင် ၁၁၈မှတ်၌ ရပ်တန့်သွားသည်။

ခန္ဓာကိုယ်ကြွက်သားခွန်အားသက်သက်ကပင် လူအများအပြား စကြဝဠာမူလစွမ်းအင် သို့မဟုတ် အထူးစွမ်းအားနည်းစနစ်များကို အသုံးပြုထားသည့် ထိုးနှက်ချက်ထက် အဆပေါင်းများစွာ သာလွန်နေသဖြင့် လူအုပ်ကြီးမှာ ထိတ်လန့်တကြားဖြစ်သွားကြလေသည်။

"သူက ငါတို့တပ်ဖွဲ့ထဲက သာမန်စစ်သည်တစ်ယောက်ပဲ ရှိသေးတယ်။ ဒါက ဒီစစ်သားစုဆောင်းရေးရဲ့ အခြေခံအကျဆုံး သတ်မှတ်ချက်ပဲ။ တခြားမေးစရာ ရှိသေးလား"

ကွင်းပြင်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ လူအများစုမှာ သူတို့အနေနှင့် ထိုစကြဝဠာကြယ်တာရာဒင်္ဂါးတစ်ပြား အငြိမ်းစားဆုကြေးကို ရရှိရန် အခွင့်အရေး မရှိတော့ကြောင်း သဘောပေါက်သွားကြသည်။

"ဒုတိယအဖွဲ့"

"တတိယအဖွဲ့"

ရှစ်ဖွဲ့ဆက်တိုက် တစ်ယောက်မှ စမ်းသပ်မှုကို မအောင်မြင်ခဲ့ပါဘဲ ကိုးဖွဲ့မြောက်ရောက်မှသာ ခွန်အားအမှတ်တစ်ရာကို ပြည့်မီသောလူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။

"အမှတ်၇၈၃၆၂၆ ခွန်အားစမ်းသပ်မှု အောင်မြင်တယ်။ ခွန်အားစမ်းသပ်မှုအားလုံး ပြီးဆုံးပါက အရှိန်နှုန်းစမ်းသပ်မှုအတွက် ခေတ္တစောင့်ဆိုင်းပေးပါ"

ခွန်အားစမ်းသပ်မှုတွင် ပထမဆုံးအောင်မြင်သူဖြစ်သဖြင့် ထိုလူသည် ချက်ချင်းပင် လူအများ၏ အာရုံစိုက်မှုနှင့် မနာလိုအားကျသော အကြည့်များကို ရသွားခဲ့သည်။

"ဆယ်ဖွဲ့မြောက်အဖွဲ့"

"၁၁ဖွဲ့မြောက်"

...

"၃၂ ဖွဲ့မြောက်"

"ငါ့အလှည့် ရောက်ပြီ"

အမှတ်စဉ်များကို ကျပန်းထုတ်ပြန်ပေးခြင်း ဖြစ်သောကြောင့် အမြွှာဝေလငါးစကြဝဠာအင်ပါယာရှိ လူများမှာ အဖွဲ့တစ်ခုတည်းတွင် မကျရောက်ခဲ့ကြချေ။ ယခု စမ်းသပ်မည့်သူမှာ လျိုယွင်ယီ၏ ဝမ်းကွဲညီ လျိုယွင်ဟောင် ဖြစ်ပြီး အသက် ၁၉နှစ်ရှိ၏။ ထူးရှယ်နတ်ဘုရားကျောင်းတော်သို့ ရောက်ရှိနေသည်မှာ လေးနှစ်ကျော်ချေပြီ။ သူသည် နတ်ဘုရားကျောင်းတော်တွင် တိုက်ခိုက်ရေးစွမ်းရည်ဘာသာရပ်ကို အဓိကထား၍ လေ့လာနေသူဖြစ်၏။

"ကျောင်းအုပ်ကြီး... ကျွန်တော် အစွမ်းကုန်ထုတ်သုံးရမလား"

“ပေါက်ကရတွေ ပြောမနေနဲ့။ ကြွားမယ်ဆိုရင်လည်း အထာကျကျ ကြွားရမှာပေါ့။ ဒါပေမဲ့ မင်းရဲ့ ဝှက်ဖဲတွေကို အကုန်ထုတ်ပြဖို့ မလိုပါဘူး။ ခွန်အားတစ်ဝက်လောက်သုံးရင် ရပြီ"

"နားလည်ပါပြီ"

"ကျွန်တော် ဘယ်လိုတိုက်ခိုက်ရမလဲ။ တိုက်ခိုက်ရေးစွမ်းရည်တွေ သုံးရမလား။ အဲဒါဆိုရင် အရမ်းကြီးများ ထင်ပေါ်သွားမလား"

"တကယ်လို့ မသုံးဘူးဆိုရင်လည်း လူသိနည်းပြီး မမိုက်ဘဲနေမလားမသိဘူး"

"စပြီ"

"ဘာပဲဖြစ်ဖြစ်... အသာလေးပဲ ထိုးလိုက်တော့မယ်"

"ဝုန်း"

ပြင်းထန်လှသော မြည်ဟည်းသံနှင့်အတူ စက်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး မြေပြင်ပေါ်မှာပင် စင်တီမီတာအနည်းငယ်မျှ ရွေ့သွားသည်။ ဤကဲ့သို့သော အခြေအနေမျိုးကို ရှီနိုခယ်၏ လက်အောက်ခံ စစ်သည်တော်ပင် မလုပ်ဆောင်နိုင်ခဲ့ချေ။

"၂၃၇မှတ်"

"သောက်ကျိုးနည်း"

"ဒါက ဘယ်လို မိစ္ဆာကောင်လဲကွ"

"အဲဒါ ဘယ်သူလဲ"

လူအုပ်ကြီးမှာ ထိတ်လန့်တကြား ပင့်သက်ရှိုက်လိုက်သည်။

"၂၃၇ မှတ်လား"

ထိုဂဏန်းကို မြင်လိုက်ရသောအခါ ရှီနိုခယ်၏ သူငယ်အိမ်ပင် အဆပေါင်းများစွာ ပြူးကျယ်သွားသည်။

ယခုအချိန်အထိ အဆင့်ငါးသက်ရှိများထဲတွင် စုဆောင်းရရှိခဲ့သော ထောင်နှင့်ချီသည့် စစ်သည်တော်များထဲတွင် အမြင့်ဆုံးရမှတ်မှာ ၁၆၂မှတ်သာ ရှိခဲ့ဖူးသည်။ လျိုယွင်ဟောင်ကမူ ထိုအမှတ်ထက် ၇၅မှတ် သာသွားချေသည်။

ရှီနိုခယ်ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲရာနေရာမှ လျိုယွင်ဟောင်၏ ဘေးနားသို့ လျှောက်လာချေသည်။

"မင်း... တကယ်မဆိုးဘူးပဲ"

"ဒါ ဘာမှမဟုတ်ပါဘူးဗျာ"

လျိုယွင်ဟောင်က သူ့နှာခေါင်းကို တို့ထိရင်း ပြောလိုက်၏။

"ကျွန်တော်က သာမန်လောက်ပဲ တော်တာပါ။ ကျွန်တော့်လို အစွမ်းထက်တဲ့လူတွေ နောက်ထပ်၆၆၆ယောက်တောင် ကျန်သေးတယ်"

**********************

All Chapters