← Chapters

အခန်း ၁၀၀၀

Vol. 67 Ch. 1000

အခန်း ၁၀၀၀

Vol. 67 Ch. 1000

အခန်း ၁၀၀၀ - ကျွန်တော် တကယ် ဆီးသွားချင်နေပြီ

"လျော်... လျော်ကြေးပေးဖို့ မလိုပါဘူး"

ရှီနိုခယ်ခမျာ မျက်လုံးနှစ်ဖက်ကို ပွတ်သပ်ရင်း နှုတ်ခမ်းများ တဆတ်ဆတ်တုန်ခါနေသည်။ သူ့ရှေ့ရှိ လူငယ်က ခွန်အားစမ်းသပ်သည့် ဤစက်ကို လက်သီးတစ်ချက်တည်းဖြင့် ထိုးခွဲပစ်လိုက်ကြောင်း အတည်ပြုပြီးနောက် သူ အလွန်တုန်လှုပ်သွားရသည်။

စက်၏ အမြင့်ဆုံး ခွန်အားတိုင်းတာနိုင်စွမ်းမှာ အမှတ်နှစ်သောင်းအထိ ရှိပြီး ဤစက်ကို လုံးဝ ပျက်စီးသွားစေရန်အတွက် ထိုပမာဏ၏ နှစ်ဆခန့် ရှိသော စွမ်းအားကို လိုအပ်ပေမည်။ ဤခွန်အားအဆင့်မှာ အဆင့်ခုနစ်အခြေခံသက်ရှိများ၏ တစ်ဝက်ကျော်ထက်ပင် များစွာသာလွန်နေပြီဖြစ်၏။

အစောပိုင်းက အကဲခတ်မှုအရ အမြွှာဝေလငါးစကြဝဠာအင်ပါယာမှ ရောက်လာသော ဤလူငယ်များ၏ ခန္ဓာကိုယ်ကြွက်သားခွန်အားမှာ အခြေခံအားဖြင့် အမှတ်ငါးရာနှင့် တစ်ထောင်ကြားတွင်ရှိကြောင်း သူ သိလိုက်ရသည်။ ဤအမှတ်မှာ သာမန်အဆင့်ခြောက်အခြေခံသက်ရှိတစ်ယောက်ကို အလွယ်တကူ ဖိနှိပ်နိုင်လောက်သည်အထိ လုံလောက်ပြီး ထိတ်လန့်စရာကောင်းလှပေသည်။

သူတို့၏ သိုင်းပညာလျှို့ဝှက်ချက်များကလည်း ပို၍ နက်ရှိုင်းပြီး အတိုင်းအဆမရှိ ဆန်းကြယ်လှသည်။

စကြဝဠာမျိုးနွယ်စုများ၏ သိုင်းပညာလျှို့ဝှက်ချက် ခွဲခြားသတ်မှတ်မှုအရ ယေဘုယျအားဖြင့် အဆင့်ငါးသက်ရှိများသည် အဆင့်ငါးသိုင်းပညာလျှို့ဝှက်ချက်များကို တတ်မြောက်နိုင်ပြီး သိုင်းပညာရှင်တစ်ဦး၏ စွမ်းအားကို ပျမ်းမျှအားဖြင့် နှစ်ဆခန့် မြှင့်တင်ပေးနိုင်သည်။

သို့သော် ဤလူငယ်များထဲတွင် အညံ့ဆုံးဟု ဆိုနိုင်သူပင် ထိုစွမ်းအားထက် ငါးဆ သို့မဟုတ် ခြောက်ဆခန့် ပိုထုတ်သုံးနိုင်သည်။ ဤသို့သော စွမ်းအားတိုးတက်မှုအဆင့်မှာ အနည်းဆုံး အဆင့်ခုနစ် သို့မဟုတ် အဆင့်ရှစ်သိုင်းပညာလျှို့ဝှက်ချက်များ၏ စွမ်းအားနှင့် ညီမျှပြီး အဆင့်ခုနစ် သို့မဟုတ် အဆင့်ရှစ်သက်ရှိများအနေနှင့် ထိုအဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်းထောင်ချီ၍ အားထုတ်ကြိုးပမ်းရခြင်းမျိုး ဖြစ်နိုင်သည်။

သို့သော် သူတို့ထံမှ ထွက်ပေါ်လာသော သက်ရှိစွမ်းအင်အရ သူတို့ထဲရှိ အသက်အကြီးဆုံးလူပင် စကြဝဠာနှစ် ၂၀ကျော်မျှသာ ရှိသေးကြောင်း သူ သိလိုက်ရသည်။ ကျယ်ပြောလှသော ဤမျိုးနွယ်စုကြီးအတွင်း ဤအသက်အရွယ်တွင် လူအများစုမှာ သိုင်းပညာ၏ အခြေခံအဆင့်တွင်သာ ရှိကြသေးသည်။ ဤလူငယ်များအနေနှင့် မိခင်၏ဝမ်းထဲတွင် ရှိနေစဉ်ကတည်းက စတင်လေ့ကျင့်ခဲ့လျှင်ပင် ဤကဲ့သို့သော အောင်မြင်မှုမျိုးကို မရရှိနိုင်ချေ။

နောက်ဆုံးလူငယ်ကမူ သူ့ခန္ဓာကိုယ်အတွင်း၌ ဖော်ပြ၍မရနိုင်သော စွမ်းအားများ ကိန်းအောင်းနေသည်။ "ဒီမာစီယာ၏ တရားမျှတမှု"ဟု ခေါ်တွင်သော သူ့သိုင်းပညာလျှို့ဝှက်ချက်သည် သူ့စွမ်းအားကို အနည်းဆုံး အဆနှစ်ဆယ် သို့မဟုတ် ထိုထက်မက မြှင့်တင်ပေးနိုင်သည်။ ဤကဲ့သို့သော သိုင်းပညာလျှို့ဝှက်ချက်မျိုးကို အဆင့်ကိုးသိုင်းပညာလျှို့ဝှက်ချက်များထဲတွင်ပင် တစ်ခါမှ မကြားဖူးခဲ့ချေ။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ထိုလူငယ်ကသာ သူ့ကို သတ်ရန် ရည်ရွယ်ခဲ့ပါက သူ့စွမ်းအားထက်ဝက်ခန့်သာ လိုအပ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ရှီနိုခယ်ကိုယ်တိုင်ပင် ဤစက်ပေါ်တွင် ခွန်အားအမှတ် နှစ်သောင်းအထိရအောင် မထိုးနိုင်သောကြောင့်ပင်။

"တပ်မှူး... ကျွန်တော်တို့အဖွဲ့ထဲကို ဒီလူတွေကို ထည့်လိုက်ရမလား။ ပြီးခဲ့တဲ့ တိုက်ပွဲတုန်းက ကျွန်တော်တို့အဖွဲ့ဝင် တော်တော်များများ ဆုံးရှုံးခဲ့ရတယ်လေ"

ရှီနိုခယ်၏ လက်အောက်ခံစစ်သည်တစ်ယောက်က တိုးတိုးလေး မေးလိုက်သည်။

"အဖွဲ့ထဲသွင်းမယ် ဟုတ်လား... မင်း နောက်နေတာလား"

ရှီနိုခယ်က ဆဲရေးလိုက်၏။

"ကျန်းမုန့်လောင်ဆိုတဲ့ ကောင်လေးက လက်သီးတစ်ချက်တည်းနဲ့တင် ငါတို့မျိုးနွယ်စုတစ်ခုလုံးကို ဒူးထောက်သွားအောင် လုပ်နိုင်တယ်ကွ။ မင်းက ငါ့ကို သူ့တပ်မှူး လုပ်ခိုင်းချင်တာလား။ သူ့ရဲ့တပ်မှူး လုပ်ဖို့ဆိုရင်တောင် ငါ့အရည်အချင်းက နိမ့်ကျလွန်းနေသေးတယ်"

“ဒါဆိုရင် ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ကြမလဲ"

"ငါ ဗိုလ်ချုပ်ဆီကို အစီရင်ခံလိုက်မယ်"

ရှီနိုခယ်က ဆက်ပြောသည်။

"ဒီလိုပါရမီရှင်မျိုးကို ငါတို့တပ်မကြီးထဲမှာ မဖြစ်မနေ ဆွဲထားရမယ်။ ဗိုလ်ချုပ်လည်း သူ့ကို အရမ်းစိတ်ဝင်စားလိမ့်မယ်ဆိုတာ ငါ သေချာပေါက်သိတယ်။ ပြီးတော့ ငါက ဗိုလ်ချုပ်အတွက် ဒီလိုလူမျိုးကို ခေါ်သွင်းပေးနိုင်ခဲ့ရင် ငါလည်း အကျိုးအမြတ်နည်းနည်း ရနိုင်တယ်"

"တပ်မှူးက တပ်မှူးပီသပါပေတယ်... တပ်မှူးရဲ့ အမြော်အမြင်က ကျွန်တော့်ထက် အများကြီး သာတယ်"

...

ကျန်းမုန့်လောင်နှင့် သူ့ကျောင်းသား ၆၆၆ယောက်က ဘေးတစ်ဖက်တွင် တန်းစီ၍ ထိုင်နေကြသည်။ ယခုအချိန်အထိ သူတို့၆၆၇ယောက်ကလွဲ၍ အခြားစမ်းသပ်သူသုံးဦးသာ ခွန်အားအမှတ်တစ်ရာပြည့်မီရန် ကျားကုတ်ကျားခဲ ကြိုးစားနိုင်ခဲ့ကြသည်။

ထိုသုံးယောက်မှာမူ ထောင့်တစ်နေရာတွင် တုန်ရီနေကြပြီး သူတို့အနားသို့ တိုးကပ်သွားရုံမျှဖြင့် ပြင်းထန်လှသော ဖိအားများအောက်တွင် ကြေမွသွားတော့မည့်အလား ခံစားနေရသည်။

စစ်သားစုဆောင်းရေး စမ်းသပ်မှုတွင် ပါဝင်ယှဉ်ပြိုင်သူ ဘီလီယံနှင့်ချီ၍ ရှိနေသောကြောင့် တစ်ဖွဲ့လျှင် လူတစ်သိန်းနှုန်းဖြင့် စစ်ဆေးလျှင်ပင် အပြီးသတ်စမ်းသပ်ရန် စကြဝဠာရက်ပေါင်း အနည်းငယ်မျှ ကြာမြင့်ခဲ့သည်။ နောက်ဆုံးတွင် ကျန်းမုန့်လောင်နှင့် အခြားသူများအပြင် အရည်အချင်းပြည့်မီသူ ၁၇ယောက်သာ ထပ်မံရွေးချယ်ခံခဲ့ရသည်။

ထို့နောက် သူတို့တစ်သိုက် အခြားကိရိယာတစ်ခုရှိရာနေရာသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ထိုအရာကား အမှုန်ထုတ်လွှတ်စက်ပင်တည်း။ သူတို့မှာ အထူးပြုလုပ်ထားသော အဝတ်အစားများကို ဝတ်ဆင်၍ ထိုစက်ရှေ့တွင် ရပ်ကာ ထွက်ပေါ်လာမည့် အမှုန်တိုက်ခိုက်မှုများကို အဆက်မပြတ် ရှောင်တိမ်းကြရမည်ဖြစ်၏။ အချိန်ကြာလာသည်နှင့်အမျှ အမှုန်များ၏ အရှိန်နှုန်းနှင့် ထွက်ပေါ်လာမည့် အကြိမ်ရေအပိုင်းအခြားမှာ တဖြည်းဖြည်း မြန်ဆန်လာပေမည်။ စမ်းသပ်ခံရသူအား အမှုန်တစ်ခုခုဖြင့် ထိမှန်သွားချိန်အထိ စမ်းသပ်ပေလိမ့်မည်။

သူတို့ဘက်က ကြာကြာတောင့်ခံနိုင်လေလေ ရရှိမည့် ရမှတ်ကလည်း ပိုမိုမြင့်မားလေလေပင်။

"သူတို့က ခွန်အားတစ်ခုတည်းပဲ ထူးခြားတာလားဆိုတာကို ငါ တကယ်စောင့်ကြည့်ချင်သေးတယ်"

ရှီနိုခယ်လည်း စိတ်ဝင်တစားဖြင့် ဘေးနားတွင် ရပ်ရင်း ပထမဆုံးစမ်းသပ်ခံမည့်လူ စင်မြင့်ပေါ်သို့ တက်လှမ်းသွားသည်ကို ကြည့်နေခဲ့သည်။

"အမြွှာဝေလငါးစကြဝဠာအင်ပါယာက လျိုယင်ဟောင်... စမ်းသပ်မှု စတင်ပါ"

စက်ကြီး စတင်လည်ပတ်သည်နှင့် အနီရောင်အလင်းအမှုန်များကို လျိုယွင်ဟောင်ထံသို့ ဦးတည်၍ လှမ်းပစ်လိုက်သည်။ အစပိုင်းတွင် အရှိန်နှုန်းမှာ အလွန် နှေးကွေးလှသဖြင့် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို အသာရွေ့လျားရုံမျှဖြင့် အလွယ်တကူ ရှောင်တိမ်းနိုင်သည်။ သူ အောင်မြင်စွာ ရှောင်တိမ်းနိုင်သည့် အကြိမ်တိုင်းတွင် မျက်နှာပြင်ပေါ်ရှိ အချက်အလက်များမှာ တဖြည်းဖြည်း တိုးပွားလာခဲ့သည်။

မကြာခင်မှာပင် ပြသနေသည့် အမှတ်မှာ တစ်ရာကျော်သွားသော်လည်း လျိုယွင်ဟောင်မှာမူ တည်ငြိမ်အေးဆေးပြီး သက်သောင့်သက်သာ ရှိနေသေးသည်။

သို့သော် နံဘေးမှ ကြည့်နေသူများ၏ အမြင်တွင်မူ သူ့ခန္ဓာကိုယ်လှုပ်ရှားမှု အရှိန်နှုန်းမှာ ရိပ်ခနဲဖြစ်သွားသည့်အလား ထင်မှတ်ရသည်။ သူတို့အနေနှင့် အရှိန်ပြင်းပြင်း ထွက်ပေါ်လာသော အမှုန်များကို ရှင်းရှင်းလင်းလင်း မမြင်ရသလို သူ ဘယ်လိုရှောင်တိမ်းနေသည်ကိုလည်း သဲသဲကွဲကွဲ မခွဲခြားနိုင်ကြချေ။

"အမှတ်နှစ်ရာ"

ရှီနိုခယ်၏ ဘေးနားရှိ စစ်သည်တော်များမှာ ချွေးပြန်လာကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲတွင် အသန်မာဆုံးလူပင် ၁၃၇မှတ်သာ ရခဲ့ဖူးသောကြောင့်ပင်။ အမှတ်နှစ်ရာဟူသည့် ပမာဏမှာ သူတို့၏ အရှိန်နှုန်းအကန့်အသတ်ကို ကျော်လွန်နေပြီဖြစ်ပြီး မျက်လုံးဖြင့် အမြင်အာရုံဖမ်းယူနိုင်စွမ်းကိုပင် ကျော်လွန်နေချေပြီ။

"သူက ဘာဖြစ်လို့ ဒီလောက်တောင် သက်သောင့်သက်သာ ဖြစ်နေရတာလဲ တပ်မှူး။ တစ်ချက်တည်းနဲ့ ပေါက်ကွဲထွက်လာမယ့် အရှိန်နှုန်းကို မြှင့်တင်ဖို့ သူ နည်းစနစ်တစ်ခုခုကို သုံးနေတာလား"

"မဟုတ်ဘူး... သူ ဘာနည်းစနစ်မှ မသုံးရသေးဘူး။ ဒါက သူ့ရဲ့မွေးရာပါ ပေါက်ကွဲအားအရှိန်နှုန်း သက်သက်ပဲ"

ရှီနိုခယ်က ဆက်ပြောသည်။

"ဒီကောင်လေးက ခွန်အားစမ်းသပ်မှုတုန်းက သူ့ရဲ့ အရည်အချင်းတစ်ဝက်ကိုတောင် မသုံးဘဲ ဝှက်ထားခဲ့တာကိုး"

"အမှတ်ငါးရာ... သူက သူ့ပေါက်ကွဲအားအရှိန်နှုန်းသက်သက်နဲ့ပဲ ဆက်ရှောင်နေတုန်းပဲ"

"သူ့မျက်လုံးတွေကလည်း အံ့ဩဖို့ကောင်းလိုက်တာ။ ဒီစမ်းသပ်မှုက အရှိန်နှုန်းနဲ့ ပေါက်ကွဲအားတစ်ခုတည်းကိုတင် ကြည့်တာမဟုတ်ဘူး။ မင်းရဲ့မျက်လုံးနဲ့ ဦးနှောက်က လိုက်မမီရင် မင်းမှာ ဘယ်လောက်ပဲ ပေါက်ကွဲအားရှိရှိ ဘယ်လောက်ပဲမြန်မြန် လုံးဝ ရှောင်တိမ်းနိုင်မှာ မဟုတ်ဘူး"

"အမှတ်ခြောက်ရာ"

"အမှတ်ခုနစ်ရာ"

"အခုတော့ သူ တော်တော်ရုန်းကန်နေရပြီထင်တယ်"

လျိုယွင်ဟောင်၏ အရှိန်အဝါမှာ စောစောကလို တည်ငြိမ်မနေတော့ဘဲ အဆုံးစွန်သော သူ့အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူတို့ သတိထားမိလိုက်ကြသည်။

"သောက်ကျိုးနည်း... ငါ ဆက်တောင့်မခံနိုင်တော့ဘူး။ လင်ပေါ်ခြေလှမ်း"

လင်ပေါ်ခြေလှမ်းကို သုံးလိုက်သည်နှင့် လျိုယွင်ဟောင်သည် တစ္ဆေတစ်ကောင်အလား လှုပ်ရှားသွားပြီး စမ်းသပ်ကိရိယာ၏ အရှေ့တွင် လွတ်လပ်စွာ ကူးလူးပျံသန်းနေချေသည်။

"ဘာလဲဟ... သူ့အရှိန်က မြန်လာပြန်ပြီ"

"တပ်မှူး... သူ့အရှိန်နှုန်းက ရုတ်တရက်ကြီး သုံးဆလောက် တက်သွားတယ်"

"သူ သိုင်းပညာနည်းစနစ်တစ်ခုခုကို သုံးလိုက်တာ နေမှာ။ ဒါပေမဲ့ သူ့စွမ်းအား မြင့်တက်လာရင်တောင် သူ့မြင်ကွင်းက ဘယ်လိုလုပ်ပြီး လိုက်မီနိုင်မှာလဲ။ စွမ်းအားကို မြှင့်တင်ရုံနဲ့တော့ မလုံလောက်ဘူးလေ"

"မှန်တယ်... သူ့စွမ်းအားက မြင့်တက်လာပေမဲ့ ရှောင်တိမ်းမှုက အနားနီးမှဖြစ်တာဆိုတော့ သူ့မျက်လုံးနဲ့ ဦးနှောက်က ဒီလောက်များတဲ့ အချက်အလက်တွေကို လိုက်မတွက်ချက်နိုင်တော့ဘူး ထင်တယ်"

"အမလေး... ခန္ဓာကိုယ်က လိုက်နိုင်ပေမဲ့ မျက်စိက လိုက်မကြည့်နိုင်တော့ဘူး"

လျိုယွင်ဟောင်သည် သူ့သွေးများကို မျက်လုံးထဲသို့ စုစည်းလိုက်၏။

"ရှာရင်ဂန် ပွင့်စေ"

သူ့မျက်လုံးထဲမှ စက်ဝိုင်းပုံစံ အမှတ်အသားများ စတင်လည်ပတ်လာသည်နှင့်အမျှ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံး၏ အရှိန်နှုန်းမှာ သိသိသာသာ နှေးကွေးသွားသည်။

"တပ်မှူး... အမှတ်၁၅၀၀ ရောက်သွားပြီ။ သူက ရှောင်တိမ်းရမယ့် အမြင့်ဆုံးအချိန်ရဲ့ တစ်ဝက်အတွင်းမှာတင် ရှောင်တိမ်းမှုကို ပြီးမြောက်အောင် လုပ်နေတာ"

“သူ့အကန့်အသတ်က ဘယ်လောက်အထိတောင်လဲ"

"အမှတ်၂၀၀၀"

"အမှတ်၂၈၀၀"

"သူ သုံးထောင်ကျော်သွားပြန်ပြီ"

"တီ... တီ... တီ"

အဆုံးတွင် စက်ကြီးထံမှ သတိပေးသံ မြည်လာလေသည်။ နောက်ဆုံးရမှတ်မှာ ၃၃၂၆မှတ်၌ ရပ်တန့်သွားသည်။

ထိုအချိန်မှသာ ရှီနိုခယ်လည်း သက်ပြင်းတစ်ချက် ချနိုင်တော့သည်။ ဤလူများတွင်လည်း အကန့်အသတ် ရှိပါသေးသလားဟု သဘောပေါက်သွားသည်။

သို့သော် လျိုယွင်ဟောင်ကမူ စက်ပေါ်မှ ဆင်းလာသည်နှင့်တစ်ပြိုင်နက် တစ်နေရာသို့ အလောတကြီး ပြေးထွက်သွားသည်။

"နေဦး... ဘယ်သွားမလို့လဲ။ မင်း စမ်းသပ်မှု အောင်မြင်တယ်လေ။ စစ်ထဲဝင်ဖို့ကို လက်လျှော့တော့မလို့လား"

"မဟုတ်ဘူး"

လျိုယွင်ဟောင်က လှမ်းအော်လိုက်သည်။

"ကျွန်တော် ဆီးအောင့်ထားတာ ကြာပြီ။ ဆက်မအောင့်နိုင်တော့လို့"

"အပေါ့သွားမလို့ ဟုတ်လား..."

ရှီနိုခယ်၏ နဖူးပေါ်တွင် အမည်းရောင် မျဉ်းကြောင်းများ ထင်ဟပ်သွားသည်။

နေပါဦး...

သူက ဆီးဆက်မအောင့်နိုင်တော့လို့ စမ်းသပ်မှုကို ရပ်လိုက်တာလား။

ဒါဆိုရင် အရှိန်နှုန်းစမ်းသပ်မှုရဲ့ ၃၃၂၆မှတ်ဆိုတဲ့ ရလဒ်က သူ့ရဲ့ နောက်ဆုံးအကန့်အသတ် မဟုတ်သေးဘူးပေါ့....

ဤသည်မှာ သူ့နားလည်နိုင်စွမ်းကို ကျော်နေချေပြီ။

"နောက်တစ်ယောက်"

ရှီနိုခယ်ခမျာ စိတ်ပိုင်းဆိုင်ရာ တုန်လှုပ်မှုများကို ဆက်လက်ကြံ့ကြံ့ခံရန် ပြင်ဆင်လိုက်ရသည်။

ဒုတိယမြောက်လူငယ်က ရှေ့သို့ လှမ်းတက်လာသည်။

"ကျွန်တော်တို့ အရှိန်လေး နည်းနည်းတင်လိုက်ကြမလား။ အမှတ်သုံးထောင်ကနေပဲ စလိုက်ရအောင်"

**********************

All Chapters