အခန်း ၁၀၀၁
Vol. 67 Ch. 1001
အခန်း ၁၀၀၁ - အဲဒီအချိန်ကျရင် စစ်ပွဲကြီးတောင် ပြီးသွားလောက်ပြီ
“မင်းနာမည်က ဝူယွဲ့လား”
ရှီနိုခယ်က သူ့ရှေ့ရှိ လူငယ်အား အတည်ပြုသည့်အနေဖြင့် မေးလိုက်သည် ။
"မင်းက တကယ်ကြီး အမှတ်သုံးထောင်ကနေ စချင်တာလား"
ရှီနိုခယ်သည် ဝူယွဲ့အနေနှင့် ဤအမှတ်ကို ရနိုင်မရနိုင် သံသယဝင်နေခြင်း မဟုတ်ပေ။ အကြောင်းမှာ အမြွှာဝေလငါးစကြဝဠာအင်ပါယာမှ မည်သူမဆို ဤအမှတ်ကို မရမှသာ ထူးဆန်းနေမည်ဟု သူ ယူဆထားသောကြောင့်ပင်။
သို့သော် အမှတ်သုံးထောင်မှ တိုက်ရိုက်စတင်ခြင်းနှင့် သုညအမှတ်က တဖြည်းဖြည်းချင်း တိုးမြှင့်ခြင်းမှာ လုံးဝကွဲပြားခြားနားသော အယူအဆနှစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပုံမှန်စမ်းသပ်မှုများတွင် လူ့ခန္ဓာကိုယ်သည် ရှောင်တိမ်းရမည့် အရှိန်အဟုန်ကို ဖြည်းဖြည်းချင်း ကျင့်သားရသွားပြီး စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုလည်း ရရှိနိုင်သည်။
သို့သော် အမှတ်သုံးထောင်မှ တိုက်ရိုက်စမ်းသပ်ခြင်းမှာ ရုတ်တရက် လုပ်ကြံတိုက်ခိုက်ခံရခြင်းနှင့် တူလှပေသည်။ သူသည် လက်ရှိအခြေအနေကို စက္ကန့်ပိုင်းအတွင်း ဆန်းစစ်ကာ လျင်မြန်စွာ ဆုံးဖြတ်ချက်ချပြီး တုံ့ပြန်ရမည်ဖြစ်ရာ ကျင့်သားရရန်အတွက် အချိန်လုံးဝမရှိချေ။
"သေချာပါတယ်"
ဝူယွဲ့က ပြတ်ပြတ်သားသား ပြောလိုက်သည်။
ဤစက်မှာ အနိမ့်စားစက်တစ်လုံးပင်။ ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် သင်ပြပေးထားသည့် နည်းပြများ၏ သင်ခန်းစာများက ဤစမ်းသပ်မှုများထက် အဆပေါင်းများစွာ ပိုခက်ခဲလှပေသည်။
"ဒါဆိုရင် စလိုက်ကြစို့"
ရှီနိုခယ်က သူ့လက်အောက်ခံများကို လက်ဟန်ဖြင့် အချက်ပြလိုက်သည်။
"ကျည်ဆန်အချိန်"
ရုတ်တရက်ဆိုသလို ဝူယွဲ့သည် ဆန်းကြယ်သော အခြေအနေတစ်ခုသို့ ရောက်ရှိသွားပြီး သူ့မြင်ကွင်းထဲရှိ အရာအားလုံးမှာ အချိန်ကုန်ဆုံးမှုအပါအဝင် နှေးကွေးသွားလေသည်။
"ဒါ... ဒါက အချိန်နိယာမပဲ"
ရှီနိုခယ်သည် အမြင်ကျယ်သော အဆင့်ခြောက်သက်ရှိတစ်ယောက်ဖြစ်သည့်အားလျော်စွာ သူတို့တပ်မကြီး၏ တပ်မမှူး ဤစွမ်းအားကို ထုတ်ဖော်ပြသသည်ကို ယခင်က မြင်တွေ့ဖူးသည်။
များပြားလှသော နိယာမများထဲတွင် အချိန်နှင့် အာကာသနိယာမတို့မှာ နားလည်သဘောပေါက်ရန် အခက်ခဲဆုံးဖြစ်ပြီး သူတို့၏ စွမ်းအားကလည်း အင်အားအကောင်းဆုံးပင်။
ထိုတပ်မမှူးသည် အဆင့်ရှစ်အထွတ်အထိပ် သက်ရှိအဆင့်တွင် ရှိနေသော်လည်း အချိန်နိယာမကို နားလည်သဘောပေါက်ထားသောကြောင့် အခြားပြိုင်ဘက်စကြဝဠာများမှ အဆင့်ကိုးသက်ရှိများနှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။
"အရှိန်က တော်တော်မြန်တာပဲ…ငါ့ရဲ့ ပေါက်ကွဲအားအရှိန်နှုန်းရဲ့ အကန့်အသတ်ကိုတောင် ကျော်နေပြီ"
ဝူယွဲ့သည် ထိုအမှုန်များ၏ အရှိန်ကို ချက်ချင်း ဆုံးဖြတ်လိုက်သည်။
"ဒီအရှိန်ကို သီသီလေးလိုက်မီဖို့ဆိုရင် ငါ့ရဲ့ ပေါက်ကွဲအားကို ၃.၂ဆလောက် မြှင့်တင်ရမယ်"
"မြေကမ္ဘာအဆင့် ခန္ဓာနည်းစနစ် - မိုးကြိုးသုံးထောင်လှုပ်ရှားမှု"
ကိရိယာပေါ်တွင် ဝူယွဲ့၏ ပုံရိပ်ကို မမြင်ရတော့ချေ။ အခြားလူများ၏ အမြင်တွင်မူ လျှပ်စီးကြောင်း အပိုင်းအစများသာ ကျန်ရစ်တော့သည်။
"အမှတ်၃၅၀၀... သူက စောစောက လျိုယွင်ဟောင်ထက်တောင် ပိုပြီးအစွမ်းထက်နေသေးတယ်"
"ဒါက သူ့ရဲ့နောက်ဆုံးအကန့်အသတ် မဟုတ်သေးဘူးလို့ ငါ ခံစားနေရတယ်"
"ဒါ ဘယ်လို သိုင်းပညာလျှို့ဝှက်ချက်မျိုးလဲ။ တကယ်လို့ ဒါကို ငါတို့တပ်မကြီးထဲမှာ ပြန့်ပွားအောင် လုပ်နိုင်ရင် ငါတို့စစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အကြီးအကျယ် မြှင့်တင်ပေးနိုင်မှာ သေချာတယ်"
မိုးကြိုးသုံးထောင်လှုပ်ရှားမှုနှင့် ကျည်ဆန်အချိန်ကဲ့သို့သော ကြောက်မက်ဖွယ် စွမ်းရည်များကို မြင်လိုက်ရသော်လည်း ရှီနိုခယ်၏ မျက်နှာထက်တွင် လောဘဇောတက်သည့် အမူအရာမျိုး လုံးဝမရှိဘဲ ထိုနည်းစနစ်များကို ကျန်းမုန့်လောင်ထံမှ ရယူ၍ တပ်မတစ်ခုလုံးကို လေ့ကျင့်ပေး၍ ရနိုင်မလားဟူ၍သာ စဉ်းစားနေမိသည်။
နောက်ဆုံးတွင် ဝူယွဲ့၏ ရမှတ်မှာ ၄၁၁၂မှတ်၌ ရပ်တန့်သွားခဲ့သည်။
"သောက်ကျိုးနည်း... ခြေထောက်ကြွက်တက်သွားတာပဲ။ ကြိုတင်ပြီး သွေးပူလေ့ကျင့်ခန်း လုပ်ထားရင် နောက်ထပ် အမှတ်နည်းနည်းလောက် ထပ်ရဦးမှာ"
ဝူယွဲ့မှာ စက်ပေါ်က ဆင်းလာပြီးနောက် ကြွက်တက်သွားသော သူ့ဘယ်ဘက်ခြေထောက်ကို ဆွဲဆန့်ရင်း ကျိန်ဆဲလိုက်သည်။
ရှီနိုခယ်၏ လက်အောက်ငယ်သားများမှာ မျက်နှာများ ပြာနှမ်းသွားကြတော့သည်။ နောက်ထပ်အမှတ်အနည်းငယ် ထပ်ရနိုင်ဦးမည်ဟူသော စကားမှာ ဘာကို ဆိုလိုသလဲ။
သူတို့၏ ခန္ဓာကိုယ်အရှိန်နှုန်းမှာ ၁၀၀ကျော်ရုံသာရှိပြီး အားအကောင်းဆုံး သိုင်းပညာလျှို့ဝှက်ချက်ကို သုံးလျှင်ပင် အများဆုံး ၂၀၀မျှသာ ရရှိနိုင်သည်။ သို့သော် ထိုပမာဏများမှာ ဝူယွဲ့အတွက်မူ အစအနမျှသာ ဖြစ်နေပေသည်။
"နောက်တစ်ယောက်... လော့ထျန်းယွီ"
"ငါ့အလှည့် ရောက်ပြီ"
လော့ထျန်းယွီ စက်ရှေ့တွင် ရပ်လိုက်၏။
"ခြောက်ဆကိုင်အိုကန်"
"ဗြာကူဂန်... ပွင့်စေ"
...
"၄၃၂၁ မှတ်"
ပါးစပ်အဟောင်းသား ဖြစ်သွားစေမည့် နောက်ထပ်ကိန်းဂဏန်းတစ်ခုပင်။
"အမလေး... မနေ့ညက အရမ်းစိတ်လှုပ်ရှားနေလို့ အိပ်ရေးမဝဘူး။ ဗြာကူဂန်ကို ကြာကြာမထိန်းထားနိုင်တော့ဘူး"
လော့ထျန်းယွီက သူ့မျက်လုံးများကို ပွတ်သပ်လိုက်၏။
"ဘယ်သူ့ဆီမှာ မျက်စဉ်းရှိလဲ"
"ငတုံး... မအိပ်ဘဲနဲ့ ခုတင်ပေါ် ဘာလို့ မျက်စဉ်းယူသွားတာလဲ"
"တံတွေး လိုချင်လား"
"မျက်လုံးညောင်းရင် မျက်လုံးလေ့ကျင့်ခန်းနှစ်ချက်လောက် လုပ်လိုက်ပါလား"
...
“ဒီအမြွှာဝေလငါးစကြဝဠာအင်ပါယာက လူတွေက ဒီလောက်မှ မကြွားရရင် သေသွားကြမှာမို့လို့လား မသိဘူး"
စစ်သည်တော်များက တိုးတိုးလေး ရေရွတ်လိုက်ကြသည်။
သူတို့ မည်မျှအစွမ်းထက်ကြောင်း အားလုံးက အသိအမှတ်ပြုထားပြီးဖြစ်သော်လည်း ဆင်ခြင်တုံတရားရှိရှိ မနေနိုင်ဘူးလား။
သူတို့အားလုံးက လူသစ်လေးများနှယ် ဟန်ဆောင်နေပြီးမှ မဖြစ်နိုင်လောက်သည့် အမှတ်များကို ဘာကြောင့် ယူပြနေကြလေသလဲ။ ဤသည်မှာ အခြားလူများကို စိတ်ထိခိုက်အောင် လုပ်နေခြင်းပင် မဟုတ်လော။
"နောက်တစ်ယောက်"
"အတိုင်းအဆမဲ့စွမ်းအား... တော်ဝင်သွေးမျိုးဆက်"
"နတ်ဘုရားအရှိန်နှုန်း"
"လျှပ်တစ်ပြက်ခြေလှမ်း"
"ထိတ်လန့်ခြင်းမုခ်ဝ... ပွင့်စေ"
...
"၄၇၂၀မှတ်၊ ၃၉၉၁မှတ်၊ ၅၀၁၂မှတ်... ပြီးတော့ ကျန်းမုန့်လောင်ကတော့ အမှတ်၂၀၀၀၀တဲ့... ဒါက ဒီကိရိယာရဲ့ အမြင့်ဆုံးစွမ်းအားနဲ့ တိုင်းတာနိုင်တဲ့ အမှတ်ပဲ"
ရှီနိုခယ်ခမျာ အတော်ကြာအောင် အံ့ဩတုန်လှုပ်ခဲ့ရသဖြင့် ယခုအခါတွင်မူ ဤလူများကြောင့် ထုံထိုင်းသွားရလေပြီ။
"ကျန်တဲ့ ၁၇ယောက်ကရော"
"၁၂ယောက် အောင်မြင်ပါတယ်။ ကျန်တဲ့ငါးယောက်ကတော့ ခွန်အားက စံချိန်မီပေမဲ့ သူတို့ရဲ့အရှိန်နှုန်းနဲ့ တုံ့ပြန်နိုင်စွမ်းက နည်းနည်းအားပျော့နေပါတယ်"
"ကောင်းပြီ... ဒါဆိုရင် ဒီတစ်ခေါက် ရလဒ်က တော်တော်ကောင်းတယ်လို့ ပြောရမယ်"
ရှီနိုခယ်က ဆက်ပြောလေသည်။
"ငါ ဒီကိစ္စကို တပ်မမှူးဆီ အစီရင်ခံလိုက်ပြီ။ သူက အခုလောလောဆယ်တော့ အရမ်အရေးကြီးတဲ့ ကိစ္စတွေကို ကိုင်တွယ်နေရတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဒီလူတွေကိုတော့ ငါ့တပ်ဖွဲ့ထဲမှာ အထူးစစ်သားစုဆောင်းမှုအနေနဲ့ ထားထားလို့ရတယ်။ ဗိုလ်ချုပ်ရဲ့ ကိစ္စတွေ ပြီးပြတ်သွားတဲ့အခါ သူကိုယ်တိုင် လူချင်းတွေ့ချင်တယ်တဲ့"
အမှန်တော့ ရှီနိုခယ် အခြားကိစ္စတစ်ခုကိုမူ ထိန်ချန်ထားခဲ့သည်။ သူသည် ထိုအချက်အလက်အစီရင်ခံစာများကို တပ်မမှူးထံ တင်ပြလိုက်သောအခါ တပ်မမှူးက သူ့အား အဆင့်ငါးအခြေခံမျိုးနွယ်စုဆယ်ခုကို ဆုချီးမြှင့်ခဲ့သည်။
ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံးတွင် စစ်တပ်ပေါင်း ထောင်နှင့်ချီ၍ ပြင်ပကျူးကျော်သူများကို ခုခံတိုက်ခိုက်နေကြသည်။ သူတို့သည် အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြသော်လည်း အချင်းချင်းအကြား ပြိုင်ဆိုင်မှုများလည်း ရှိနေပေသည်။ ဤပြိုင်ဆိုင်မှုမှာ စည်းစိမ်ဥစ္စာထက် ဂုဏ်ဒြပ်ကို ပိုမိုမက်မောသော လူများအတွက်မူ လွန်စွာအရေးကြီးလှပေသည်။
သူတို့၏ တပ်မမှူးသည် တပ်မပေါင်း ၁၂၀၀ထဲတွင် အလွန်သာမန်ဆန်သော တပ်မမှူးတစ်ဦး ဖြစ်သော်ငြား သူ့လက်အောက်တွင် ထူးခြားဆန်းပြားသော လူတစ်စု ရှိနေပါက သူတို့၏ သက်ရှိအဆင့်မှာ အသေးစားအခြေအနေများကို သက်ရောက်မှု မရှိနိုင်စေဦးတော့။ အလွန်ထူးခြားသော အထူးတာဝန်အချို့ကိုမူ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပေလိမ့်မည်။
အဆင့်ခြောက်သက်ရှိများ၏ တိုက်ခိုက်ရေးစွမ်းရည် မျိုး ပိုင်ဆိုင်ထားသော အဆင့်ငါးသက်ရှိအဖွဲ့တစ်ဖွဲ့ကို ကောင်းမွန်စွာ အသုံးချနိုင်ပါက အံ့ဩစရာကောင်းသော အင်အားစုတစ်ခု ဖြစ်လာနိုင်ပေသည်။
"စမ်းသပ်မှုကို အောင်မြင်ခဲ့ကြတဲ့အတွက် အားလုံးကို ဂုဏ်ပြုပါတယ်"
ရှီနိုခယ်က ပြောလိုက်သည်။
"အခု ကျွန်တော့်ကိုယ်ကျွန်တော် တရားဝင်မိတ်ဆက်ပါရစေ။ ကျွန်တော်ကတော့ ကမ္ဘာခြားစစ်မြေပြင်မှာ တပ်မအမှတ်၁၀၀၄က စစ်သေနာပတိချုပ် မွန်တွန်ရဲ့ လက်အောက်ခံတပ်ခွဲမှူး ရှီနိုခယ် ဖြစ်ပါတယ်"
"ကမ္ဘာခြားစစ်မြေပြင် ဟုတ်လား"
"အဲဒါက ဘယ်လိုနေရာမျိုးလဲ"
အရည်အချင်း ပြည့်မီသွားသော ကျန်၁၂ယောက်မှာ ချက်ချင်းပင် ဝေခွဲမရဖြစ်သွားကြတော့သည်။ ဤစစ်မှုထမ်းခြင်းမှာ စစ်မြေပြင်သို့ သွားရမည်ဟု ဆိုလိုခြင်းလော။ သို့သော် ကမ္ဘာခြားစစ်မြေပြင်ဆိုသည်မှာ အဘယ်နည်း။ သူတို့ တစ်ခါမှမကြားဖူးချေ။
"သက်ဆိုင်ရာအချက်အလက်တွေကို မင်းတို့ဆီ ပို့ပေးထားပါပြီ"
ရှီနိုခယ်က ပြောလိုက်သည်။
ထို၁၂ယောက်က ကမ္ဘာခြားစစ်မြေပြင်နှင့် ပတ်သက်သော အချက်အလက်များကို ဂရုတစိုက် ဖတ်ရှုကြည့်လိုက်လေရာ သူတို့၏ မျက်နှာအမူအရာများမှာ တဖြည်းဖြည်း ပြောင်းလဲသွားသည်။ အကြောင်းမှာ ဤစာရွက်စာတမ်းပါ စစ်မြေပြင်အကြောင်း ဖော်ပြချက်မှာ အလွန်ပြည့်စုံလှပြီး မည်သည့်အရာကိုမှ ဖုံးကွယ်ထားခြင်း မရှိသောကြောင့်ပင်။ သူတို့လည်း နောင်တွင် ကြုံတွေ့ရမည့် အန္တရာယ်များကို သဘောပေါက်သွားကြသည်။
"ကျွန်တော်... အခု နှုတ်ထွက်လို့ ရမလား"
လူတစ်ယောက်က စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"ရပါတယ်"
ရှီနိုခယ်က ခေါင်းညိတ်ပြလိုက်သည်။
"ဒါပေမဲ့ မင်းတို့ရဲ့ စစ်မှုထမ်းသဘောတူညီချက်ကိုတော့ မမေ့နဲ့ပေါ့"
ထိုလူ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူရော်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် စစ်မှုထမ်း သဘောတူညီချက်တွင် စမ်းသပ်မှုအောင်မြင်ပြီးသည်နှင့် စစ်ထဲဝင်ပြီးသားဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားပြီး စစ်ပြေးခြင်း၏ ပြစ်ဒဏ်မှာ စစ်စည်းကမ်းအရ ကွပ်မျက်ခံရမည်ဖြစ်သောကြောင့်ပင်။
"သူတို့ကို ခေါ်ထုတ်သွားလိုက်"
ရှီနိုခယ်က အမိန့်ပေးလိုက်သည်။
"မင်းတို့အနေနဲ့ တခြားမျိုးနွယ်စုတွေက ရွေးချယ်လာတဲ့ စစ်သည်တွေလိုပဲ မတူညီတဲ့တပ်မကြီးတွေထဲက တပ်ဖွဲ့အသီးသီးဆီကို ကျပန်းခွဲဝေခံရမယ်။ ကံကောင်းပါစေကွာ"
ထို၁၂ယောက်ခမျာ ကွပ်မျက်ရေးစင်မြင့်ထက်သို့ ပို့ဆောင်ခံရသည့်အလား ဆွဲခေါ်ခံလိုက်ရသည်။
"အရာရှိ... ကျွန်တော်တို့ကရော"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"စည်းကမ်းအရဆိုရင် မင်းတို့ တရားဝင်တပ်စုထဲမဝင်ခင်မှာ သီးခြားခွဲဝေပြီး ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကို ဆက်တိုက်ဖြတ်သန်းရမှာ"
ရှီနိုခယ်က ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ မင်းတို့ရဲ့ ထူးခြားတဲ့ အရည်အချင်းတွေကို ထည့်သွင်းစဉ်းစားပြီးတော့ မင်းတို့ကို ငါ့အဖွဲ့ထဲ ဝင်စေချင်တယ်။ ပြီးတော့ ငါတို့ရဲ့ တပ်မမှူးကလည်း မင်းတို့ကို တော်တော်လေး စိတ်ဝင်စားနေတယ်။ နောက်ပိုင်းကျရင် တရားဝင်တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်"
"နောက်ပိုင်းဆိုတာ ဘယ်လောက်ကြာမှာလဲ"
ကျန်းမုန့်လောင်က မေးခွန်းထုတ်လိုက်သည်။
"မြန်ရင် သုံးနှစ်ကနေ ငါးနှစ်ပေါ့... ကြာရင်တော့ ဆယ်နှစ် ဒါမှမဟုတ် အနှစ်နှစ်ဆယ်လောက် ကြာနိုင်တယ်"
"ဒီလောက်တောင် ကြာမှာလား"
ကျန်းမုန့်လောင်က မျက်မှောင်ကြုတ်လိုက်လေသည်။
"အဲဒီအချိန်ကျရင် စစ်ပွဲကြီးတောင် ကျွန်တော်တို့ကြောင့် ပြီးသွားလောက်ပြီ။ အဲဒါဆိုရင်တော့ ရှက်စရာကြီးဖြစ်နေတော့မှာ"
***********************