← Chapters

အခန်း ၁၀၀၃

Vol. 67 Ch. 1003

အခန်း ၁၀၀၃

Vol. 67 Ch. 1003

အခန်း ၁၀၀၃ - ဒါက အခြေခံပဲမဟုတ်ဘူးလား

စက္ကန့်အနည်းငယ် ကြာပြီးနောက် လူတိုင်း၏ ဝတ်စုံများမှာ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသော်လည်း သူတို့၏ မျက်နှာထက်ရှိ အံ့ဩတုန်လှုပ်မှုများမှာ ပျောက်ကွယ်မသွားဘဲ တစ်ယောက်ချင်းစီတိုင်းမှာ အကြီးအကျယ် မှင်တက်နေကြဆဲသာ။

"ဟေ့... ငါက မင်းတို့ရဲ့သိက္ခာကို ငဲ့လို့ လူမသိသူမသိပဲနေမလို့။ မင်းတို့ကိုယ်တိုင်က ဇွတ်အတင်း လာကြည့်ကြတာ။ ငါက အတင်းအကျပ် မလုပ်ခဲ့ဘူးနော်။ ငါ့ကို မပြစ်မတင်နဲ့"

ကျန်းမုန့်လောင်သည် ခါးထောက်ရပ်လျက် သူတို့၏ အားကျခြင်း၊ မနာလိုခြင်းနှင့် မုန်းတီးခြင်းတို့ ရောပြွန်းနေသော မျက်နှာအမူအရာများကို ကြည့်ကာ ပြောလိုက်သည်။

"ငါက သန့်စင်တဲ့ဝူကျိကျင့်စဉ်ကို အလကားကျင့်ထားတာမှတ်လို့လား"

"တိုက်ခိုက်ရင်လည်း သူ့ကို မနိုင်ဘူး။ ကြွားလုံးထုတ်ရင်လည်း သူ့ကို မမီဘူး။ အခုကျတော့ သူ့ဂုဏ်ရည်ကိုတောင် သွားမယှဉ်နိုင်တော့ဘူး။ တကယ်ပဲ ပြောစရာစကားမရှိတော့ပါဘူးကွာ"

"သူ ဒီလိုဖြစ်နေတာ မအံ့သြတော့ပါဘူး။ ငါ အရှုံးပေးပါတယ်"

ထူးရှယ်နတ်ဘုရားကျောင်းတော်မှ အမျိုးသားများ၏ မျက်နှာထက်တွင် ကြည်ညိုလေးစားမှုများ ပြည့်နှက်နေပြီး အမျိုးသမီးများကမူ စိတ်ပျက်လက်ပျက် ဖြစ်နေကြတော့သည်။

ယောက်ျားတွေရဲ့ ပျော်ရွှင်မှုဆိုတာ ဒီလောက်အထိ ပျင်းစရာကောင်းတာလား။

"အောက်တန်းကျလိုက်တာ"

"ပျင်းစရာကြီး"

"ကလေးကလားနဲ့"

"ကြည့်နေတုန်းလား။ ထပ်ကြည့်ရင် မျက်လုံးကို ဖောက်ထုတ်ပစ်မယ်"

"တကယ့်ကို ထူးဆန်းတဲ့ လူတစ်စုပဲ"

မတူညီသော မျိုးနွယ်စုများနှင့် လူမျိုးစုများမှ ဖြစ်သော်လည်း ရှီနိုခယ်သည် သူတို့ ဘာကို နှိုင်းယှဉ်နေကြကြောင်း မရေမရာရိပ်မိသဖြင့် ဤလူများကြောင့် ကူကယ်ရာမဲ့သလို ခံစားနေရသည်။

အခြားသူများမှာမူ ဤကမ္ဘာခြားစစ်မြေပြင်သို့ ပထမဆုံးအကြိမ် ရောက်လာချိန်တွင် အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေတတ်ပြီး ကြောက်ရွံ့မှုများကပင် သူတို့၏ စိတ်နှလုံးကို လွှမ်းမိုးထားလေ့ရှိသည်။

သို့သော် ဤလူများထံမှ ကြောက်ရွံ့လေဟန် အရိပ်အယောင်ကို စိုးစဉ်းမျှ မတွေ့ရသည့်အပြင် နောက်ပြောင်ကျီစယ်ကာ အဓိပ္ပာယ်မရှိသော နှိုင်းယှဉ်မှုများ ပြုလုပ်ရန်ပင် စိတ်ကူးရှိနေကြသေးသည်။

အနည်းငယ်မျှ ဆော့ကစားပြီးနောက် နောက်ဆုံးတွင် လူတိုင်းသည် ပတ်ဝန်းကျင်ကို စတင်သတိပြုမိလာကြသည်။ ကျန်းမုန့်လောင်ကမူ ကောထန်နှင့် ဆက်သွယ်၍ ရသေးကြောင်း အရင်အတည်ပြုလိုက်သည်။ အမှန်တော့ ကောထန်သာမက ယခု ထူးရှယ်နတ်ဘုရားကျောင်းတော်တွင် ရှိနေသည့် ကောရှန်လည်း ကမ္ဘာခြားစစ်မြေပြင်သို့ ဖြတ်ကျော်လာပြီးနောက် ဘာသက်ရောက်မှုမှ မရှိချေ။

ဤနေရာမှာ ကမ္ဘာပျက်ကပ်၏ ဆည်းဆာရိပ် လွှမ်းမိုးထားသော ကမ္ဘာတစ်ခုပင်။ သူတို့၏ ကမ္ဘာအသီးသီးတွင် တည်ရှိနေသင့်သော ဂြိုဟ်များမှာ ကမ္ဘာအချင်းချင်း ထိစပ်မိပြီးနောက် ဖြစ်ပေါ်လာသော အင်အားတစ်ခုကြောင့် တိုက်မိကာ ပျက်စီးသွားခဲ့ပြီး ကြီးမားလှသော ကမ္ဘာ့ပြင်ညီတစ်ခုအဖြစ် ပြိုလဲသွားသည့်နောက် ထပ်တူကျနေသော ကမ္ဘာအားလုံးကို အတိုင်းအဆမဲ့ ကျယ်ပြောလှသော ကုန်းမြေကြီးတစ်ခုအဖြစ် ဆက်သွယ်ပေးထားသည်။

သူတို့၏ ကမ္ဘာထဲတွင်မူ ဤကမ္ဘာခြားစစ်မြေပြင်ကို မမြင်နိုင်သော်လည်း ဤနေရာတွင်မူ ကမ္ဘာတစ်ခုလုံးကို ဖောက်ထွင်းမြင်နိုင်သော အမြှေးပါးတစ်ခုဖြင့် ဖုံးအုပ်ထားသည့်နှယ် အပြင်ဘက်ရှိ ဂြိုဟ်များကို လှမ်းမြင်နေရသည်။ ထိုပြင်ပကမ္ဘာများမှ ကြယ်တာရာများသည် ဤကမ္ဘာခြားစစ်မြေပြင်ကို အလင်းရောင်ပေးစွမ်းနေကြသည်။

ဤကမ္ဘာခြားစစ်မြေပြင်တွင်လည်း တောင်တန်းများနှင့် မြစ်ချောင်းများ ရှိသော်ငြား ထူးခြားချက်မှာ နေထွက်ချိန်၊ နေဝင်ချိန်ဟူ၍ မရှိပါဘဲ ထာဝရဆည်းဆာအလင်းရောင်သာ ရှိသည်။

"ဒီနေ့အထိ ဒီနေရာက ဘယ်လောက်ကျယ်လဲဆိုတာ ဘယ်သူမှ မသိကြဘူး"

ရှီနိုခယ်က ဆိုချေသည်။

"အစပိုင်းတုန်းကတော့ သူ့အရွယ်အစားက စကြဝဠာအင်ပါယာတစ်ခုစာလောက်တောင် မရှိပါဘူး။ ဒါပေမဲ့ ကမ္ဘာတွေ ပိုပြီးထပ်တူကျလာပြီး အပြန်အလှန် သက်ရောက်မှု ပိုနက်ရှိုင်းလာတာနဲ့အမျှ ဒီနေရာရဲ့ ဧရိယာက တဖြည်းဖြည်း ကြီးမားလာတယ်။ ရာစုနှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်တော့ ကမ္ဘာအားလုံးက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားနိုင်တယ်လို့တောင် ငါတို့ သံသယဝင်မိတယ်"

"ဪ... ဒါကတော့ ငါတို့ကမ္ဘာရဲ့ စစ်မြေပြင်စစ်တပ်ဌာနချုပ်ပဲ။ ငါတို့စကြဝဠာကိုတော့ စကြဝဠာအမှတ်၇လို့ နာမည်ပေးထားတယ်။ ဘာလို့လဲဆိုတော့ ငါတို့မတိုင်ခင် ဒီနေရာမှာ တိုက်မိထားတဲ့ စကြဝဠာ ခြောက်ခု ရှိနှင့်နေလို့ပဲ"

ရှီနိုခယ်က ဆက်ပြောလေသည်။

"ငါတို့ ဒီနေရာကို ရောက်ခါစတုန်းက စကြဝဠာတစ်ခုတည်းရဲ့ စွမ်းအားကိုသုံးပြီး ကျန်စကြဝဠာခြောက်ခုလုံးကို ပြန်တွန်းလှန်ခဲ့ရတယ်တဲ့။ အဲဒါကတော့ တကယ်မှောင်မိုက်တဲ့ ကာလတစ်ခုပဲ"

ရှီနိုခယ်ကိုယ်တိုင် မှောင်မိုက်သော ထိုကာလကို မကြုံတွေ့ခဲ့ရသော်လည်း တွေးကြည့်ရုံမျှဖြင့် ထိုအချိန်က မည်မျှခက်ခဲကြမ်းတမ်းကြောင်း သိနိုင်ပေသည်။

"နှစ်ပေါင်း၂၄သန်းကျော် ဖွံ့ဖြိုးတိုးတက်လာတဲ့ ကာလအတွင်းမှာ ငါတို့က သယံဇာတတွေကို လုယူဖို့အတွက် မတူညီတဲ့ ကမ္ဘာသားတွေနဲ့ အဆက်မပြတ် တိုက်ခိုက်ရင်း လက်ရှိအတိုင်းအဆအထိ ကြီးထွားလာခဲ့တာ။ အခု ဒီကမ္ဘာခြားစစ်မြေပြင်မှာ စကြဝဠာ စုစုပေါင်း ၇၂ခု ရှိတယ်။ ငါတို့ရဲ့ အင်အားကတော့ အလယ်အလတ်အဆင့်မှာ ရှိတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ငါတို့ရဲ့ ရည်မှန်းချက်ကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့သက်သက်ပါပဲ"

ရှီနိုခယ်၏ မိတ်ဆက်စကားကို ကြားပြီးနောက် ကျန်းမုန့်လောင်နှင့် အခြားသူများမှာ ဤကမ္ဘာခြားစစ်မြေပြင်နှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ နားလည်သဘောပေါက်သွားကြသည်။ ဤသည်မှာ ကြယ်တာရာစစ်ပွဲအကြီးစားတစ်ခုနှင့် တူလှပေသည်။

စကြဝဠာတိုင်းက ကျူးကျော်လိုစိတ်ဖြင့် ပြည့်နှက်နေသည် မဟုတ်ပေ။ ငြိမ်းချမ်းရေးကို မြတ်နိုးသော စကြဝဠာအချို့လည်း ရှိ၏။ စကြဝဠာအမှတ်၇သည် စကြဝဠာအမှတ်၃၊ စကြဝဠာအမှတ်၉၊ စကြဝဠာအမှတ်၁၃တို့နှင့် မဟာမိတ်ဖွဲ့ထားပြီး အချင်းချင်း ကူညီစောင့်ရှောက်ပေးကြသည်။

"ကဲ သွားကြစို့.. ငါ မင်းတို့ကို ငါတို့တပ်မကြီးဆီ ခေါ်သွားမယ်။ ဘယ်အချိန်မှာ ပြင်းထန်တဲ့တိုက်ပွဲကြီး စတင်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး"

ရှီနိုခယ်က ပြောလိုက်သည်။

"သူတို့ရဲ့ ကျူးကျော်မှုတွေက အချိန်မရွေး စလာနိုင်တယ်။ ကျူးကျော်သူတွေ ဘယ်လောက်တောင် များလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ဘူး။ တကယ့်ကို အဆုံးမရှိဘူး"

ဤကမ္ဘာခြားစစ်မြေပြင်တွင် အားအနည်းဆုံးသူများမှာ အဆင့်ငါးသက်ရှိများ ဖြစ်ပြီး သာမန်အပူစွမ်းအင်သုံး လက်နက်များမှာ သက်ရောက်မှုအနည်းငယ်မျှသာ ရှိပေသည်။ အဆင့်ငါးအထွတ်အထိပ် မျိုးနွယ်စုများရှိ စစ်သင်္ဘောများပင် အဆင့်ခြောက်သက်ရှိများအတွက် ခြိမ်းခြောက်မှုမဖြစ်စေနိုင်ချေ။ ထိုသင်္ဘောများကို အဓိကအားဖြင့် သယ်ယူပို့ဆောင်ရေးယာဉ်များအဖြစ်သာ အသုံးပြုကြသည်။

နာရီအနည်းငယ်ကြာအောင် ပျံသန်းပြီးနောက် သူတို့သည် အမှတ်၁၀၀၄တပ်မ၏ အခြေချရာနေရာသို့ ရောက်သွားခဲ့ကြသည်။

အပေါ်စီးက ကြည့်လိုက်လျှင် ထိုအရာမှာ ကြီးမားလှသော မြို့ပြကြီးတစ်ခုနှင့်တူပြီး အဝေးတစ်နေရာတွင်မူ ကြယ်စင်မြစ်ပြင်ကဲ့သို့ သွယ်တန်းနေသော ဧရာမမြို့ကြီးများကို မြင်တွေ့ရ၏ ထိုအရာကား တံတိုင်းကြီးတစ်ခုသဖွယ် ဖြစ်ပေါ်နေပေသည်။ ထိုတံတိုင်းကြီး၏ နောက်ကွယ်တွင်မူ သူတို့၏ တပ်မအခြေစိုက်စခန်းနှင့် သူတို့၏ကမ္ဘာ တည်ရှိနေပေသည်။

တပ်မဌာနချုပ်တစ်ခုချင်းစီ၏ အရှေ့တွင် အရန်မြို့များ တန်းစီလျက် ရှိနေပြီး မြို့အားလုံးမှာ အဆင့်ခုနစ်သက်ရှိများကို အခြေခံ၍ တိုက်ခိုက်ရေးအစီအစဉ်များ ဖွဲ့စည်းထားသည်။ အထူးသဖြင့် ရှီနိုခယ်၏ အဖွဲ့သည် အမှတ်၁၀၀၄တပ်မကြီး၏ အမှတ်၁၉၂ တိုက်ခိုက်ရေးတပ်ခွဲတွင် ပါဝင်သည်။

ရှီနိုခယ်၏ အဖွဲ့တွင် လူအယောက်စုစုပေါင်းတစ်ထောင် ရှိသည်။ ရှီနိုခယ်ကိုယ်တိုင်အပြင် အဆင့်ခြောက်သက်ရှိ ဒါဇင်အနည်းငယ်ခန့် ရှိပြီး ကျန်လူများမှာမူ အဆင့်ငါးသက်ရှိများ ဖြစ်ကြသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ထိုအဆင့်ငါးသက်ရှိများမှာ အမြောက်စာများနှင့် တူလှပေသည်။ မကြာသေးခင် ရာစုနှစ်များအတွင်း ထိုအဆင့်ခြောက်သက်ရှိများမှာ ခုနစ်ကြိမ်မျှ ပြောင်းလဲခဲ့သော်လည်း အဆင့်ငါးသက်ရှိများမှာမူ အနည်းဆုံး ငါးသုတ် သို့မဟုတ် ခြောက်သုတ်မျှ ပြောင်းလဲခဲ့သည်။

ယခုတစ်ခေါက် စစ်သားမစုဆောင်းခင်က သူတို့အနေနှင့် အကြီးစားစစ်ပွဲကြီးတစ်ခုကို ဖြတ်သန်းခဲ့ရပြီး ဤစစ်ပွဲအတွင်းရှိ ဆုံးရှုံးမှုမှာ မကြုံစဖူး ပြင်းထန်ခဲ့သည်။ တိုက်ပွဲအပြီးတွင် ရှီနိုခယ်၏ အဖွဲ့၌ သူကိုယ်တိုင်အပြင် အဆင့်ခြောက်သက်ရှိသုံးယောက်နှင့် အဆင့်ငါးသက်ရှိ ၄၂ယောက်သာ ကျန်တော့သည်။

"တပ်ခွဲမှူး ပြန်ရောက်ပြီဟေ့"

ရှီနိုခယ်သည် ကျန်းမုန့်လောင်ကို အရန်မြို့ထဲသို့ ခေါ်ဆောင်လာစဉ် တပ်ဖွဲ့ဝင်တစ်စုက ချက်ချင်းပင် ဝန်းရံလာသည်။ သူသည် ဤတပ်ဖွဲ့ဝင်များ၏ လေးစားကြည်ညိုမှုကို ရရှိထားကြောင်း ထင်ရှားလှပေသည်။

သို့သော် ထိုလူများ၏ အခြေအနေမှာ မကောင်းလှပေ။ လူတိုင်းနီးပါး အပြင်းအထန် ဒဏ်ရာရထားကြသည်။ ထိုကဲ့သို့သော ဒဏ်ရာများကို နောက်တန်းတွင် ကုသရမည် ဖြစ်သော်လည်း အခြားစကြဝဠာမှ ကျူးကျော်သူများက အချိန်မရွေး တိုက်ခိုက်လာနိုင်သဖြင့် စစ်သည်အသစ်များ မရောက်မချင်း သူတို့ခမျာ နေရာက မခွာနိုင်ကြချေ။

"တကယ်လို့ တပ်ခွဲမှူးသာ မရှိရင် အဲဒီစစ်ပွဲမှာ ငါတို့အဖွဲ့တစ်ခုလုံး အမြစ်ပြတ်သွားလောက်ပြီ"

ရှီနိုခယ်နှင့်အတူ လိုက်ပါလာသော အဆင့်ငါးသက်ရှိတစ်ယောက်က ပြောသည်။

"အဲဒီတိုက်ပွဲတုန်းက အဖွဲ့တော်တော်များများ လုံးဝ ပျက်စီးသွားတယ်။ ငါတို့ အမှတ်၁၉၂ တိုက်ခိုက်ရေးတပ်ခွဲက အဖွဲ့ပေါင်း၁၈၀၀ထဲမှာ တစ်ဝက်လောက်က သုတ်သင်ခံလိုက်ရသလို ကျန်တဲ့အဖွဲ့တွေကလည်း အဖွဲ့ဝင်သုံးပုံနှစ်ပုံနီးပါး ဆုံးရှုံးခဲ့ရတယ်"

"အမလေး... ဒီလောက်တောင် ကြောက်စရာကောင်းတာလား"

"တိုက်ပွဲတိုင်းကတော့ ဒီလောက်အထိ ဆုံးရှုံးမှု မများပါဘူး။ ဒီလိုအတိုင်းအဆရှိတဲ့ အကြီးစားတိုက်ပွဲတွေက ဆယ်စုနှစ်အနည်းငယ် ဒါမှမဟုတ် ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်လောက်ပဲ ဖြစ်တတ်တာပါ"

တပ်ဖွဲ့ဝင်တစ်ဦးက ပြောလာေသည်။

"ဒါကြောင့်မို့လည်း ဒီတစ်ခေါက်မှာ လူအင်အား အများကြီးကို အရေးတကြီးဖြည့်တင်းဖို့ လိုအပ်နေတာပေါ့။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ဆုံးရှုံးမှုအဆင့်က ငါတို့စကြဝဠာစစ်သည်တော်အသစ်တွေကို လေ့ကျင့်ပေးနိုင်တဲ့ အရှိန်နှုန်းကို မီလုနီးပါးဖြစ်နေပြီ။ ငါတို့ရဲ့စစ်မြေပြင်က ဒါကို ဘယ်လောက်အထိ တောင့်ခံနိုင်ဦးမလဲဆိုတာတော့ မပြောတတ်ဘူး"

"တပ်ခွဲမှူး... ဒီလူတွေက ဘယ်သူတွေလဲဗျ"

စစ်သည်တော်များက ကျန်းမုန့်လောင်နှင့် အခြားသူများကို ညွှန်ပြရင်း မေးလိုက်ကြသည်။

"ဪ... သူတို့က စစ်သည်အသစ်တွေပါ"

ရှီနိုခယ်ကလည်း ပြန်ဖြေလေသည်။

"စစ်သည်အသစ်တွေ ဟုတ်လား"

လူတိုင်း ကြောင်အသွားကြလေသည်။ စစ်သားစုဆောင်းခြင်းက ယခုလေးတင် ပြီးစီးသွားသည် မဟုတ်လော။ သီအိုရီအရ သူတို့အနေနှင့် တရားဝင်တပ်ဖွဲ့များထဲသို့ မခွဲဝေမီ လေ့ကျင့်မှုအချို့ကို ဖြတ်သန်းရမည် မဟုတ်လော။ သို့ဖြစ်ပါလျက် အဘယ်ကြောင့် ဤနေရာသို့ တိုက်ရိုက်ခေါ်ဆောင်လာရသလဲ။

"ညီအစ်ကိုတို့... နို့လက်ဖက်ရည်သောက်ကြဦးမလား"

ကျန်းမုန့်လောင်က မျက်လှည့်ပြလိုက်သည့်အလား နို့လက်ဖက်ရည်ခွက်တစ်ခွက်ကို ထုတ်ယူလိုက်သည်။

“???”

ထိုလူစုမှာ ဆွံ့အသွားကြလေတော့သည်။ သူတို့သည် ကျန်းမုန့်လောင်၏ တည်ငြိမ်လှသော ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကြောင့် အံ့ဩနေခြင်း မဟုတ်ပါဘဲ သူ့နေရာလွတ်သိုလှောင်ရေးပစ္စည်းက ယခုတိုင် အလုပ်လုပ်နေသည့် အချက်ကြောင့်သာ။ ဤကမ္ဘာခြားစစ်မြေပြင်တွင် ကမ္ဘာများအကြား အာကာသစွမ်းအင်နယ်ပယ်များ၏ အပြန်အလှန်သက်ရောက်မှုများကြောင့် အာကာသခွဲထုတ်ခြင်းနှင့် ခေါက်ချိုးနည်းပညာများမှာ အသုံးမဝင်တော့ချေ။

"မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"

ရှီနိုခယ်က မျက်လုံးအပြူးသားဖြင့် မေးလိုက်သည်။

ကျန်းမုန့်လောင်မှာ ဇဝေဇဝါဖြစ်သွားလေသည်။ ကမ္ဘာခြားစစ်မြေပြင်ကို ဖြတ်ကျော်ရာတွင် ဘယ်အရာကိုမှ ယူဆောင်၍မရကြောင်းကိုသာ သူသိထားသည်။ ဤနေရာတွင် နေရာလွတ်နည်းပညာများ အလုပ်မလုပ်ကြောင်းကိုမူ မသိထားချေ။

"ဒါက အခြေခံလုပ်ရိုးလုပ်စဉ်ပဲ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက်တောင် အံ့ဩနေကြတာလဲ"

********************

All Chapters