← Chapters

အခန်း ၁၀၀၄

Vol. 67 Ch. 1004

အခန်း ၁၀၀၄

Vol. 67 Ch. 1004

အခန်း ၁၀၀၄ - ဘေးပေါက်အလုပ်လေး နည်းနည်းပါးပါး လုပ်နေရုံပါ

"မုန့်လောင်... မင်း သိလား။ ဒီကမ္ဘာခြားစစ်မြေပြင်မှာ ကမ္ဘာတွေကြားက ဒြပ်ဆွဲအားကြောင့် ဖြစ်ပေါ်လာတဲ့ အာကာသစွမ်းအင်နယ်ပယ်ကြောင့် ဘယ်လိုနေရာလွတ်သိုလှောင်ရေးနည်းပညာမဆို သုံးလို့မရဘူး"

ရှီနိုခယ်က ပြောလိုက်သည်။

သူတို့၏ စကြဝဠာအမှတ်၇သာမက အခြားစကြဝဠာများကလည်း လက်ရှိတွင် ဤနည်းပညာအတားအဆီးများကို မကျော်လွှားနိုင်သေးပေ။

သူတို့ နားလည်ထားသလောက်ဆိုလျှင် သူတို့၏ စကြဝဠာအမှတ်၇သည် အောက်ခြေအဆင့် စကြဝဠာတစ်ခုအဖြစ်သာ သတ်မှတ်ခံထားရသည်။ အဆင့်မြင့်အမျိုးအစားထဲရှိ အထူးအင်အားကြီးမားသော စကြဝဠာအချို့သာလျှင် ဤနည်းပညာကို တတ်ကျွမ်းပိုင်နိုင်သည်ဟု ဆိုကြသည်။

စစ်မြေပြင်မှ ဝါရင့်စစ်သည်တော်တစ်ယောက်ဖြစ်သည့် ရှီနိုခယ်သည် ထိုကဲ့သို့သော နည်းပညာက စစ်မြေပြင်တစ်ခုလုံး၏ မဟာဗျူဟာအပေါ် မည်မျှအထိ သက်ရောက်မှုရှိနိုင်ကြောင်း ကောင်းကောင်းသိပေသည်။

အခြားအရာများကို မဆိုထားနှင့်။ သယံဇာတ ရှုထောင့်က ကြည့်မည်ဆိုလျှင်ပင် ဤနေရာလွတ်သိုလှောင်မှုနည်းပညာဖြင့် သယံဇာတများ၊ ရိက္ခာများ၊ စွမ်းအင်များ၊ တွင်းထွက်ပစ္စည်းများနှင့် သတ္တုများ စသည်တို့ကို သယ်ယူပို့ဆောင်နိုင်ပေမည်။ ဤစစ်မြေပြင်တွင် သယံဇာတများကို ထိန်းချုပ်နိုင်ခြင်းမှာ အောင်ပွဲကို ထိန်းချုပ်နိုင်ခြင်းပင် ဖြစ်ပေသည်။

ဤကမ္ဘာခြားစစ်မြေပြင်မှာ သယံဇာတ ကြွယ်ဝလျှင်ပင် သူတို့၏ မူလစကြဝဠာထက် ပိုကြွယ်ဝနိုင်မည်လော။

"ကျွန်တော် မသိခဲ့ဘူး"

ကျန်းမုန့်လောင်လည်း ပခုံးတွန့်ပြလိုက်သည်။

"ကောထန်... ဒီနည်းပညာက အရမ်းရှုပ်ထွေးလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"နည်းနည်းတော့ ရှုပ်ထွေးပါတယ်"

ကောထန်က ဆိုလေသည်။

"ဒီလိုအနှောင့်အယှက်ကင်းတဲ့ သီးခြားနေရာလွတ်သိုလှောင်မှုနည်းပညာကို အဆင့်မြင့်ကမ္ဘာတွေရဲ့ ထိပ်တန်းမျိုးနွယ်စုတွေက ပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမဲ့ ဒါက အာကာသနည်းပညာကို အတိုင်းအတာတစ်ခုအထိ အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့တာပါ။ နည်းပညာပိုင်းဆိုင်ရာ အသိပညာနဲ့ သီအိုရီအခြေခံသာ ရှိမယ်ဆိုရင် ကျောင်းအုပ်ကြီးတို့ရဲ့ လက်ရှိမျိုးနွယ်စုလည်း ဖန်တီးနိုင်ပါတယ်။ ကုန်ကြမ်းပစ္စည်းပိုင်းဆိုင်ရာ လိုအပ်ချက်ကတော့ သိပ်မမြင့်ပါဘူး"

"ငါ့အတွက် အချက်အလက်တွေ စုစည်းပေးစမ်းပါဦး"

"ပြဿနာမရှိပါဘူး"

ကောထန်သည် ကျန်းမုန့်လောင်ကို နည်းပညာဆိုင်ရာ အချက်အလက်မျိုးစုံကို စုစည်းပေးရန် ချက်ချင်းကူညီပေးတော့သည်။

နားထောင်ရသည်မှာ လွယ်ကူသယောင်ရှိသော်လည်း ဤစကြဝဠာရှိ သိပ္ပံပညာရှင်များအနေနှင့် ထိုသီအိုရီများကို အပြည့်အဝ နားလည်သဘောပေါက်ရန်အတွက် အားထုတ်မှုအမြောက်အမြား လိုအပ်ပေလိမ့်မည်။ ဖန်တီးနိုင်ခဲ့လျှင်ပင် အနည်းဆုံး တစ်နှစ် သို့မဟုတ် နှစ်ဝက်ခန့် အချိန်ယူရပေဦးမည်။

"တပ်ခွဲမှူး... ခင်ဗျား ဒီနည်းပညာကို လိုအပ်လား"

"မင်းက ဒါကို မျှဝေပေးချင်တာလား"

ရှီိုနိုခယ်ခမျာ တအံ့တသြဖြစ်သွားလေသည်။

"ဒါပေါ့... ကျွန်တော်တို့ရဲ့ စကြဝဠာအတွက်ပဲလေ"

ကျန်းမုန့်လောင်က ထိုသို့ပြောလိုက်သော်လည်း အမှန်စင်စစ်တွင်မူ သူသည် ကျော်စောမှုအမှတ်များနှင့် ခွန်အားအမှတ်များကိုသာ လိုချင်နေခြင်းပင်။ စကြဝဠာအတွက် စဉ်းစားပေးနေခြင်း မဟုတ်ချေ။

ယခင် စစ်သားစုဆောင်းရေးတွင် ရွေးချယ်ခံရစဉ်က ကျန်းမုန့်လောင်သည် ကျော်စောမှုအမှတ်တစ်မှတ်မှ မရခဲ့ပေ။ ကမ္ဘာခြားစစ်မြေပြင်သို့ မရောက်သေးသောကြောင့်လည်း ဖြစ်နိုင်ပေသည်။ အကယ်၍ ဤနည်းပညာမှာ စစ်မြေပြင်၏ အခင်းအကျင်းကို သိသိသာသာ ပြောင်းလဲပစ်နိုင်သည်ဆိုပါက သူ့အနေနှင့် မြောက်များလှစွာသော ကျော်စောမှုအမှတ်များကို ဧကန်မုချ ရနိုင်ပေလိမ့်မည်။

"ကောင်းပြီလေ... ဒါဆိုရင် ငါ မင်းကို အခုချက်ချင်း နည်းပညာဌာနဆီ ခေါ်သွားပေးမယ်"

ကမ္ဘာခြားစစ်မြေပြင်၏ နည်းပညာဌာနကလည်း အလွန်ခမ်းနားထည်ဝါလှသည်။ သူတို့၏ လူအင်အားမှာ စစ်တပ်နှင့် မနှိုင်းယှဉ်နိုင်သော်လည်း ထိုနေရာရှိ လူတိုင်းနီးပါးမှာ စကြဝဠာအမှတ်၇မှ သိပ္ပံသုတေသန ထိပ်သီးပညာရှင်များ ဖြစ်ပြီး စစ်တပ်ကို ပိုမိုကြီးမားသော အောင်ပွဲများ ရရှိစေရန် ကူညီပေးနိုင်မည့် ကာကွယ်ရေးလက်နက်များနှင့် သတင်းအချက်အလက်နည်းပညာအပါအဝင် အဆင့်မြင့်နည်းပညာများကို အာရုံတစိုက် သုတေသနပြုနေကြသူများပင်။

ကမ္ဘာခြားစစ်မြေပြင်အခြေစိုက်စခန်းရှိ နည်းပညာဌာနမှာ ကြီးမားကျယ်ပြန့်လှပြီး စံသတ်မှတ်ချက်များမှာ စကြဝဠာမျိုးနွယ်စုများအတွင်းရှိ ဘယ်ထိပ်တန်းဓာတ်ခွဲခန်းထက်မဆို သာလွန်ပေသည်။

ပုံမှန်လုပ်ထုံးလုပ်နည်းများအရ ရှီနိုခယ်သည် သာမန်တပ်ခွဲမှူးတစ်ယောက်ဖြစ်သည့်အတွက် နည်းပညာဌာနအတွင်းရှိ အာဏာရှိသူများနှင့် တိုက်ရိုက်တွေ့ဆုံခွင့် ရမည်မဟုတ်ပေ။ သို့သော် ကံကောင်းထောက်မစွာဖြင့် နည်းပညာဌာနရှိ သုတေသီတစ်ယောက်က သူနှင့် မျိုးနွယ်စုတူရုံသာမက ရင်းနှီးသော ဆက်ဆံရေးရှိသဖြင့် သူတို့လည်း ဌာန၏ တာဝန်ရှိသူတစ်ယောက်နှင့် တိုက်ရိုက်သွားရောက်တွေ့ဆုံခွင့် ရခဲ့သည်။

"ရှီနိုခယ်... ဒါကတော့ အဆင့်ရှစ်သုတေသီ ပါမောက္ခဂရမ်မစ်ပဲ"

"မင်္ဂလာပါ ပါမောက္ခဂရမ်မစ်"

ရှီနိုခယ်သည် ထိုသုတေသီကို သတိကြီးကြီးထား၍ လက်ဆွဲနှုတ်ဆက်လိုက်သည်။ အဆင့်ရှစ်သုတေသီတစ်ယောက်သည် အဆင့်မြင့်အဆင့်ငါးမျိုးနွယ်စုတစ်ခု၏ ခေါင်းဆောင်သိပ္ပံပညာရှင်နှင့် ညီမျှသဖြင့် သူ့အဆင့်အတန်းနှင့် ဂုဏ်သရေမှာ အဆင့်ရှစ်သက်ရှိတစ်ယောက်ထက် မနိမ့်ပါးချေ။

"ငါ့မှာ အချိန်အများကြီးမရှိဘူး"

ပါမောက္ခဂရမ်မစ်က ပြောလိုက်သည်။

"မင်းတို့ယူလာတဲ့အရာက ငါတို့အုပ်စုအတွက် တကယ်အသုံးဝင်မယ့်အရာဖြစ်ဖို့ မျှော်လင့်ပါတယ်"

ပါမောက္ခဂရမ်မစ်က မာနကြီးနေခြင်း မဟုတ်ပါဘဲ သုတေသနအခြေစိုက်စခန်းတစ်ခုလုံးတွင် သုတေသနလုပ်ငန်းစဉ်များမှာ အလွန်အမင်း ပြင်းထန်လွန်းနေသောကြောင့်သာ ဖြစ်၏။

စကြဝဠာတစ်ခုလုံးသည် လက်ရှိနည်းပညာအဆင့်အတန်းသို့ ရောက်ရှိရန် နှစ်ပေါင်းဘီလီယံချီ၍ ဆင့်ကဲပြောင်းလဲခဲ့ရသည်။ ဤကမ္ဘာခြားစစ်မြေပြင်ရှိ ကုန်ကြမ်းပစ္စည်းများဖြင့် အစက ပြန်လည်စတင်ကာ နှစ်ပေါင်းဘီလီယံချီသော မျိုးနွယ်စုဖွံ့ဖြိုးတိုးတက်မှုကို နှစ်ပေါင်း၂၄သန်းခန့်အတွင်းသို့ ချုံ့ပစ်ရန်မှာ အလွန်စိန်ခေါ်မှုကြီးမားလှသည့် အလုပ်တစ်ခုပင်။

"မုန့်လောင်... ပါမောက္ခကို ပြလိုက်ပါ"

"ကောင်းပါပြီ"

ကျန်းမုန့်လောင်က ခေါင်းညိတ်ပြပြီးနောက် ပစ္စည်းတစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်သည်။

အစပိုင်းတွင် ကမ္ဘာခြားစစ်မြေပြင်၌ အာကာသနည်းပညာကို အောင်မြင်စွာ အသုံးချနိုင်ခဲ့သည်ဟူသော စကားကို ကြားလိုက်ရသောအခါ ပါမောက္ခဂရမ်မစ်မှာ သံသယဝင်ခဲ့မိသည်။

ကမ္ဘာခြားစစ်မြေပြင်တစ်ခုလုံးရှိ သိပ္ပံပညာရှင်များ၏ ဆယ်ပုံတစ်ပုံခန့်သည် ဤနည်းပညာကို ကျော်လွှားနိုင်ရန်အတွက် နှစ်ပေါင်းထောင်ချီ၍ အပြင်းအထန် အာရုံစိုက်ခဲ့ကြသော်လည်း လူအင်အားနှင့် ကုန်ကျစရိတ်မြောက်မြားစွာ ကုန်ဆုံးသွားရုံသာ ရှိပြီး နေရာလွတ်နည်းပညာတွင် ဘာအောင်မြင်မှုမှ မရခဲ့သည့်အပြင် အနည်းငယ်မျှပင် တိုးတက်မှု မရှိခဲ့ချေ။

အကြောင်းပြချက်မှာ ရိုးရှင်းလှသည်။ သူတို့၏ လက်ရှိအမြင်က သူတို့၏ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်ထားခြင်းကြောင့်ပင်။ ယခုအချိန်တွင် ဤမြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့လိုက်ရခြင်းမှာ သူ့အတွက် တိုက်ကြီးအသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သလိုပင်။

"ကောင်လေး... မင်း... မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"

ပါမောက္ခဂရမ်မစ်ခမျာ ကယ်တင်ရှင်တစ်ဦးကို တွေ့လိုက်ရသည့်အလား ကျန်းမုန့်လောင်၏ လက်နှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ အစောပိုင်းက စိတ်မရှည်မှုအားလုံးလည်း ပျောက်ကွယ်သွားခဲ့လေပြီ။

"ဒါက တကယ်တော့ တော်တော်လေး ရိုးရှင်းပါတယ်"

ကျန်းမုန့်လောင်ကလည်း အချက်အလက်များကို ပါမောက္ခဂရမ်မစ်ထံသို့ ပေးပို့လိုက်သည်။

"နေရာလွတ်ကျောက်တုံးရဲ့ မော်လီကျူးတိုင်းမှာ နေရာလွတ် တည်ရှိတယ်။ ဒီနေရာလွတ်က အာကာသကို ချုံ့ပစ်နိုင်တဲ့ နေရာလွတ်စွမ်းအင်နယ်ပယ်တစ်ခုကို တည်ဆောက်နိုင်သလို ပြင်ပက နေရာလွတ်နှောင့်ယှက်မှုတွေကို တွန်းလှန်ဖို့အတွက် ပြင်ပကို အာကာသလှိုင်းတစ်ခု ထုတ်လွှတ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့က အဲဒီအရာရဲ့ အဏုကြည့်မှန်ပြောင်းအဆင့် ဖွဲ့စည်းပုံအစီအစဉ်ကို နည်းနည်းပြောင်းလဲပေးဖို့ပဲ လိုတာပါ"

ကျန်းမုန့်လောင်က ရှင်းပြလိုက်သည်။ အချို့ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ခဲဆန်၊ ကာဗွန်ပြွန်ငယ်များနှင့် ဂရပ်ဖင်းတို့သည် ကာဗွန်အခြေခံများသာ ဖြစ်ကြသော်လည်း လုံးဝကွဲပြားခြားနားသော ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများ ရှိကြသလိုပင်။ နေရာလွတ်ကျောက်တုံးများကလည်း အလားတူပင်။ မော်လီကျူးဖွဲ့စည်းပုံအစီအစဉ်ကို တိကျစွာ ညှိနှိုင်းပေးရန် လိုအပ်ရုံသာ။

“တကယ်ပြောင်မြောက်ပါပေတယ်"

အချက်အလက်များကို အနည်းငယ်မျှ လှန်လှောကြည့်ရှုပြီးနောက် ပါမောက္ခဂရမ်မစ်သည် စကားမဆိုနိုင်လောက်အောင် အလွန်အမင်း စိတ်လှုပ်ရှားသွားတော့သည်။ ဤနယ်ပယ်မှ ကျွမ်းကျင်သူတစ်ယောက်အနေနှင့် သူသည် ဤအချက်အလက်များ၏ ဖြစ်နိုင်ခြေကို အမှန်တကယ်ပင် ခန့်မှန်းတွက်ချက်နိုင်စွမ်း ရှိပေသည်။

[တင်... ကျော်စောမှုအမှတ် ၁၀မှတ် ရရှိတဲ့အတွက် ကျောင်းအုပ်ကြီးကို ဂုဏ်ပြုပါတယ်]

"ဝူးဟူး... တကယ်ကြီးပါလား"

ကျော်စောမှုအမှတ် ၁၀မှတ် ရသွားသည့်အတွက် ကျန်းမုန့်လောင်၏ ခွန်အားအမှတ်လက်ကျန်ကလည်း အမှတ်တစ်သိန်းအထိ တိုးသွားသည်။

"မေးပါရစေ... ဒီရလဒ်က မင်းကိုယ်တိုင် သုတေသနပြုထားတာလား"

ပါမောက္ခဂရမ်မစ်၏ ကျန်းမုန့်လောင်အပေါ် ထားရှိသော သဘောထားမှာ အလွန်အမင်း ထက်သန်လှိုက်လှဲလာသည်။ သိုင်းပညာရှင်များအတွက်မူ စွမ်းအားကသာ အသိအမှတ်ပြုဖွယ်ရာဖြစ်သော်လည်း သိပ္ပံပညာရှင်များအတွက်မူ သုတေသနရလဒ်များကသာလျှင် ဂုဏ်သိက္ခာတစ်ရပ် ဖြစ်ပေသည်။

"ဆိုပါတော့"

ကျန်းမုန့်လောင်လညး နောက်ထပ်အချက်အလက်အချို့ကို ထပ်ထုတ်လိုက်သည်။

"ဒီဟာတွေကရော ခင်ဗျားကို ကူညီပေးနိုင်မလားလို့ ကြည့်ကြည့်ပါဦး"

ပါမောက္ခဂရမ်မစ်ခမျာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ကျန်းမုန့်လောင်၏ အချက်အလက်များကို ချက်ချင်းပင် အသေအချာ စစ်ဆေးလေတော့သည်။

"ဒါက... အမှုန်အမြောက်ရဲ့ ဒီဇိုင်းနဲ့ သီအိုရီတွေလား။ အမလေး... ဒါက စိတ်ကူးယဉ်အဆင့် လက်နက်တစ်ခုပဲ ရှိသေးတာ မဟုတ်ဘူးလား"

ပါမောက္ခဂရမ်မစ်၏ လက်များ တုန်ယင်လာသည်။

"တကယ်လို့ ငါတို့ ဒါကိုသာ ထုတ်လုပ်နိုင်မယ်ဆိုရင် အဆင့်ငါးသက်ရှိတွေနဲ့ အဆင့်ခြောက်သက်ရှိတွေကိုပါ ထိထိရောက်ရောက် သုတ်သင်နိုင်မှာ။ ငါတို့အခြေခံစစ်သည်တော်တွေရဲ့ သေကျေပျက်စီးမှုနှုန်းကိုလည်း သိသိသာသာ လျှော့ချပေးနိုင်လိမ့်မယ်"

"စူပါအဆင့်S သတ္တုစပ်ရဲ့ ဖော်မြူလာလား။ သူ့ကြံ့ခိုင်မှုက လက်ရှိအပြင်းထန်ဆုံး သတ္တုစပ်ထက် ၇.၃ဆ ပိုများပြီး ခံနိုင်ရည်ကလည်း ၄.၇၅ဆ ပိုများတာပဲ။ ကမ္ဘာခြားစစ်မြေပြင်မှာ ကုန်ကြမ်းပစ္စည်းအများကြီး မရှိဘူးဆိုရင်တောင် နေရာလွတ်သိုလှောင်ရေးနည်းပညာအသစ်ကို အောင်မြင်အောင် လုပ်ပြီးသွားရင် မူလစကြဝဠာထဲကနေ ကုန်ကြမ်းပစ္စည်းတွေကို သယ်လာလို့ ရတာပဲ..."

"ဒါက ဘာလဲ။ အဆင့်ခြောက်သိုင်းလက်နက်ဒီဇိုင်းလား။ အပူစွမ်းအင်သုံး လက်နက်တွေလား။ မဖြစ်နိုင်တာ။ သိုင်းလက်နက်တွေကို အပူစွမ်းအင်သုံး လက်နက်တွေနဲ့ ပေါင်းစပ်လို့ ရပါ့မလား"

ပါမောက္ခဂရမ်မစ်၏ လက်များမှာ ဆက်တိုက်တုန်ယင်နေချေသည်။ ဤအရာများထဲမှ တစ်ခုတည်းဖြင့်ဆိုလျှင်ပင် စစ်ပွဲအပေါ် သိသိသာသာ သက်ရောက်မှုရှိစေနိုင်ပြီး စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည်ကို နှစ်ဆသုံးဆ သို့မဟုတ် သည်ထက်မက တိုးလာစေရန် လုံလောက်ပေသည်။

"ဒါတွေအားလုံးက မင်းရဲ့သုတေသနရလဒ်တွေချည်းပဲလား"

ပါမောက္ခဂရမ်မစ်သည် ကျန်းမုန့်လောင်ကို ကြည်ညိုလေးစားစွာ စိုက်ကြည့်လျက် မေးလိုက်သည်။

"ဆိုပါတော့"

"မင်းနာမည် ဘယ်လိုခေါ်လဲ။ မင်းက မူလစကြဝဠာက ရောက်လာတဲ့ သုတေသီအသစ်လား"

နှစ်ပေါင်းသန်းပေါင်းများစွာတိုင်အောင် လူအများစု မဖြေရှင်းနိုင်ခဲ့သော နည်းပညာဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးနိုင်ခဲ့သဖြင့် ပါမောက္ခဂရမ်မစ်၏ အမြင်တွင် ကျန်းမုန့်လောင်သည် အနည်းဆုံး အဆင့်ရှစ် သို့မဟုတ် အဆင့်ကိုးသုတေသီတစ်ယောက် ဖြစ်နိုင်ချေ ရှိပေသည်။

"ကျွန်တော့်နာမည်က ကျန်းမုန့်လောင်ပါ။ လူသစ်လေးတစ်ယောက်ပါ"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ဒီဟာတွေက အားနေလို့ ပျင်းတာနဲ့ ဘေးပေါက်အလုပ်လေး နည်းနည်းပါးပါး လုပ်ထားတာပါ"

************************

All Chapters