← Chapters

အခန်း ၁၀၀၅

Vol. 67 Ch. 1005

အခန်း ၁၀၀၅

Vol. 67 Ch. 1005

အခန်း ၁၀၀၅ - ဟေ့... မင်းတို့ သေချင်နေတာလား

"စစ်သည်အသစ်တွေ ဟုတ်လား..."

ပါမောက္ခဂရမ်မစ်၏ နှုတ်ခမ်းအစုံမှာ တဆတ်ဆတ်တုန်ယင်သွားတော့သည်။

အခြားသူများအနေနှင့် ဤသုတေသနအချက်အလက်များ၏ တန်ဖိုးကို မသိနိုင်သော်လည်း အဆင့်ရှစ်သုတေသီတစ်ယောက်ဖြစ်သည့် သူကမူ မည်သို့များ မသိဘဲနေမည်နည်း။

ဤနေရာရှိ မည်သည့်အချက်အလက်မဆို စကြဝဠာတစ်ခုလုံး၏ ဤနယ်ပယ်ဆိုင်ရာ သုတေသနလုပ်ငန်းများကို အနည်းဆုံး နှစ်ပေါင်းတစ်သန်းခန့် အရှိန်တက်သွားစေရန် လုံလောက်ပေသည်။ ထိုလက်နက်များနှင့် ကိရိယာအများအပြားမှာ လက်ရှိတွင် သီအိုရီအဆင့် သို့မဟုတ် စိတ်ကူးယဉ်အဆင့်တွင်သာ ရှိနေသေးသောအရာများပင်။

ဤတုန်လှုပ်မှုမှာ လူသားများအနေနှင့် အချိန်ခရီးသွားစက်တစ်ခုကို စိတ်ကူးယဉ်နေရုံသာ ရှိသေးသည့်အချိန်တွင် တစ်စုံတစ်ယောက်က ထိုစက်၏ ဒီဇိုင်းပုံစံနှင့် ပြုလုပ်ပုံသီအိုရီတစ်ခုလုံးကို ရှေ့မှောက်သို့ လာချပေးပြီး ဤအရာကို အပျင်းပြေဖန်တီးထားခြင်းဖြစ်ကြောင်း ပြောလာသည်နှင့် မခြားပေ။

ပါမောက္ခဂရမ်မစ်သည် ကျန်းမုန့်လောင်ကို အကဲခတ်သည့် အကြည့်များဖြင့် ခေတ္တမျှကြည့်ပြီးနောက် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။

"မစ္စတာကျန်း... ကျုပ်တို့ရဲ့ ကမ္ဘာခြားစစ်မြေပြင်သုတေသနဌာနကို ကိုယ်စားပြုပြီး ခင်ဗျားကို ကျုပ် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ချင်ပါတယ်။ ခင်ဗျားအနေနဲ့ ကျုပ်တို့နဲ့ ပူးပေါင်းပြီး သုတေသနလုပ်ငန်းတွေမှာ ပါဝင်ကူညီပေးဖို့ စိတ်ရင်းအမှန်နဲ့ မျှော်လင့်ပါတယ်"

"ပါမောက္ခ... ဒါက..."

ရှီနိုခယ်၏ မျိုးနွယ်တူအဖော်မှာ အံ့ဩမှင်တက်သွားလေတော့သည်။ သုတေသနအဖွဲ့ထဲသို့ ဝင်ရောက်ခြင်းမှာ ရိုးရှင်းသောအရာ မဟုတ်ပေ။ သတ်မှတ်ချက်များမှာ စစ်တပ်ထဲသို့ ဝင်သည်ထက်ပင် ပိုမိုတင်းကျပ်ပြီး တစ်ဦးချင်းစီ၏ စွမ်းရည်များကို ပြင်းထန်စွာ စစ်ဆေးရုံသာမက အလွန်နက်ရှိုင်းသော နောက်ခံသမိုင်းကြောင်း စုံစမ်းစစ်ဆေးမှုများကိုပါ ပြုလုပ်ရသည်။

"ဒီကိစ္စကို ငါ အထက်ကို တင်ပြလိုက်မယ်။ အဆင့်ကိုးသုတေသီသုံးယောက်ရဲ့ ပူးတွဲထောက်ခံချက်သာ ရှိရင် အဲဒီလုပ်ထုံးလုပ်နည်းတွေအားလုံးကို ကျော်ဖြတ်လို့ရတယ်"

ပါမောက္ခဂရမ်မစ်က ပြောလေသည်။

"ဒီအရာတွေက အဆင့်ကိုးသုတေသီသုံးယောက်တင်မကဘူး။ သူတို့တွေအကုန်လုံးဆီက ကန့်ကွက်သူမရှိဘဲ တစ်ညီတစ်ညွတ်တည်း ထောက်ခံမှုကိုပါ ရဖို့အတွက် ပြဿနာမရှိလောက်ဘူး"

ဂရမ်မစ်သည် ဤကိစ္စနှင့် ပတ်သက်၍ အလွန်ယုံကြည်မှုရှိနေပေသည်။ အကယ်၍ ကန့်ကွက်မဲပေးချင်သည့် မည်သူမဆို ဤအောင်မြင်မှုများထက် ပိုမိုကောင်းမွန်သောအရာကို ပြသနိုင်ရပေမည်။

ကိုယ်တိုင်လုပ်နိုင်ရင် လုပ်ပြ။ မလုပ်နိုင်ရင်တော့ စကားကြီးစကားကျယ် လာမပြောနဲ့။

သူ့အမြင်တွင် ကျန်းမုန့်လောင်သည် အဆင့်ငါးသက်ရှိတစ်ယောက်သာ ဖြစ်ပြီး ဤစစ်မြေပြင်တွင် အခြေခံအားဖြင့် အမြောက်စာအဆင့်သာ ရှိသည်။ သူ့လိုလူစားမျိုးကို စစ်မြေပြင်သို့ စေလွှတ်ခြင်းမှာ ပါရမီဖြုန်းတီးရာရောက်ပေသည်။

အကယ်၍ သူသာ စစ်မြေပြင်တွင် အသက်ပေးလိုက်ရပါက ကမ္ဘာခြားစစ်မြေပြင်အတွက်သာမက စကြဝဠာကြီးတစ်ခုလုံးအတွက်ပါ ကြီးမားလှသော ဆုံးရှုံးမှုတစ်ခု ဖြစ်သွားပေလိမ့်မည်။

"မဖြစ်ပါဘူး... ကျွန်တော်က စစ်သည်အသစ်တစ်ယောက်ပဲဟာကို။ စစ်မြေပြင်ကိုပဲ သွားရမှာပေါ့"

ကျန်းမုန့်လောင်က ငြင်းပယ်လိုက်သည်။

"ကျွန်တော်က ဓာတ်ခွဲခန်းထဲမှာပဲ အောင်းနေရတာကို သဘောမကျဘူး"

"မစ္စတာကျန်း... ပွင့်ပွင့်လင်းလင်းပြောရရင် ခင်ဗျား စစ်မြေပြင်ကိုသွားလည်း သိပ်ပြီး အထောက်အကူ ဖြစ်မှာ မဟုတ်ဘူး"

ပါမောက္ခဂရမ်မစ်က ပြောလိုက်သည်။

"စစ်မြေပြင်မှာ အဆင့်ငါးသက်ရှိတွေက အများကြီးရှိတာ။ ခင်ဗျားရှိရှိမရှိရှိ ဘာမှထူးခြားသွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီနေရာမှာတော့ ခင်ဗျားရဲ့အခန်းကဏ္ဍက စစ်တပ်အင်အား သောင်းဂဏန်းထက်မက ပိုအရေးပါတယ်။ တပ်မရာဂဏန်းတောင် ခင်ဗျား တစ်ယောက်တည်းလောက် အရေးမကြီးပါဘူး"

"သောက်ကျိုးနည်း... ငါသာ ဓာတ်ခွဲခန်းထဲမှာ နေနေရင် စစ်မြေပြင်ကို သွားလို့ရမှာမဟုတ်ဘူး။ စစ်မြေပြင်ကို မသွားရရင် ငါ ဘယ်လိုလုပ်ပြီး ခြောက်လှန့်မှုအမှတ်တွေ ရနိုင်တော့မှာလဲ"

ကျန်းမုန့်လောင် စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်သည်။

ဓာတ်ခွဲခန်းထဲတွင် နေခြင်းမှာ အမှန်တကယ် ဘေးကင်းပြီး ကျော်စောမှုအမှတ်အမြောက်အမြား ရရှိနိုင်သော်လည်း ကျော်စောမှုအမှတ်တစ်မှတ်သည် ခွန်အားအမှတ်တစ်သောင်းသာ တန်ဖိုးရှိပြီး ခြောက်လှန့်မှုအမှတ်တစ်မှတ်မှာမူ ခွန်အားအမှတ် တစ်သိန်းတိတိ တန်ဖိုးရှိပေသည်။ ထို့ပြင် အခြားစကြဝဠာများ၏ ရှေ့မှောက်တွင် ကြွားလုံးထုတ်ရခြင်းမှာ စင်စစ်အလွန်ပျော်စရာကောင်းသော အလုပ်တစ်ခု မဟုတ်ပါလော။

"ပါမောက္ခဂရမ်မစ်..."

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကျွန်တော်တို့ဆီမှာ စကားပုံတစ်ခု ရှိတယ်ဗျ။ 'တိုင်းပြည်အတွက်ဆိုရင် အသက်ကိုပင် စွန့်ရဲရမယ်' တဲ့။ သိုင်းပညာရှင်တစ်ယောက်အနေနဲ့ ကျွန်တော်က ဘယ်လိုလုပ်ပြီး နောက်တန်းမှာပဲ ရပ်နေနိုင်ပါ့မလဲ။ တကယ့်ယောက်ျားကောင်းတစ်ယောက်ဆိုတာ စစ်မြေပြင်မှာ သွေးမြေကျရဲရမယ်။ စစ်ထဲဝင်ရင် သုံးနှစ်ပဲ နောင်တရမယ်။ စစ်ထဲမဝင်ရင်တော့ တစ်သက်လုံး နောင်တရလိမ့်မယ်။ ကျွန်တော် ကျန်းမုန့်လောင်က စစ်မြေပြင်မှာ ကျွန်တော့်ရဲ့လူငယ်ဘဝကို ကုန်ဆုံးဖို့အတွက် မွေးဖွားလာတာ"

"သေစမ်း... ကျောင်းအုပ်ကြီးကတော့ လေကြီးလေကျယ်တွေ ပြောပြန်ပြီ"

"သူ့အကြောင်းကိုသာ သေချာမသိရင် ငါတောင် တကယ်ထင်မိမှာ"

"ဒါက ဘိုရူတိုရဲ့ ဇာတ်လမ်းထက်တောင် ပိုစိတ်လှုပ်ရှားဖို့ ကောင်းမနေဘူးလား"

"ဒီဟာက နောက်ခံတေးဂီတလိုအပ်နေပြီ'

...

"ကောင်းပြီလေ"

ပါမောက္ခဂရမ်မစ်လည်း ကျန်းမုန့်လောင်၏ စကားများကြောင့် စိတ်လှုပ်ရှားသွားသည်။

'မင်းမှာ ဒီလိုရည်မှန်းချက်မျိုး ရှိနေမှတော့ ငါ ဖိအားမပေးတော့ပါဘူး။ ဒါပေမဲ့ သတိတော့ ထားရမယ်နော်။ မင်းရဲ့ အသက်က မင်းတစ်ယောက်တည်းအတွက်တင် မဟုတ်ဘူး။ ဒါကို အမြဲနှလုံးသွင်းထားပြီး စကြဝဠာစစ်မြေပြင်မှာ သူရဲကောင်း သွားမလုပ်နဲ့"

"စိတ်ချပါ"

ကျန်းမုန့်လောင်က 'ငါမှ ငရဲကိုမဆင်းရင် ဘယ်သူဆင်းမလဲ'ဟူသော မျက်နှာအမူအရာမျိုးဖြင့် ထွက်ခွာသွားလေရာ အလင်းရောင်ကြောင့် သူ့နောက်ကျောပုံရိပ်မှာ အရိပ်အဖြစ် ရှည်လျားစွာ ကျန်ရစ်ခဲ့လေတော့သည်။

"ပါမောက္ခ... သူ့ကို ဒီအတိုင်းလွှတ်ပေးလိုက်တော့မလို့လား"

လက်ထောက်ဖြစ်သူက ပါမောက္ခဂရမ်မစ်ကို ကြည့်လိုက်သည်။

"ဘယ်ဟုတ်မလဲ"

ပါမောက္ခဂရမ်မစ်က ပြောလိုက်လေသည်။

"ငါတို့ သူ့ရဲ့ဘေးကင်းလုံခြုံရေးကို သေချာအောင်လုပ်ရမယ်။ ငါ့လုပ်ပိုင်ခွင့်ကို အသုံးချပြီး ဗိုလ်ချုပ်ကြီးဆီကို သဝဏ်လွှာပို့ပြီး သူ့ကို လျှို့ဝှက်ကာကွယ်ပေးဖို့ တောင်းဆိုလိုက်မယ်။ စစ်မြေပြင်မှာ သူ ဘာဒဏ်ရာမှ မရစေရဘူး။ တကယ်လို့ ဒီကုန်ကြမ်းပစ္စည်းတွေနဲ့ ပတ်သက်ပြီး ဖြေရှင်းရခက်တဲ့ ပြဿနာတွေ ရှိလာရင် ငါတို့ သူ့အကူအညီကို လိုအပ်ဦးမှာ"

"ဟုတ်ကဲ့ပါ"

...

"မုန့်လောင်... မင်း တကယ်နှမြောဖို့ကောင်းတာပဲ။ ဘာလို့ သုတေသနဌာနမှာ မနေခဲ့တာလဲ။ အဲဒီမှာ ခံစားခွင့်တွေကလည်း ကောင်းတယ်။ ဘေးလည်း ကင်းရဲ့သားနဲ့... ငါတို့နဲ့အတူ စစ်မြေပြင်ကို လိုက်လာတာထက် ပိုမကောင်းဘူးလား"

ရှီနိုခယ်က ပြောလိုက်သည်။

ကျန်းမုန့်လောင်က အလွန်အစွမ်းထက်ပြီး အခြားစကြဝဠာမှ အဆင့်ခုနစ်အခြေခံသက်ရှိအချို့ကိုပင် ရင်ဆိုင်နိုင်စွမ်းရှိကြောင်း သူ သိထားသည်။ ရန်သူကို အနိုင်မတိုက်နိုင်လျှင်ပင် အနည်းဆုံးတော့ မိမိကိုယ်ကိုယ် ဘေးကင်းအောင် ကာကွယ်နိုင်စွမ်း ရှိသည်။ သို့သော် အသားကြိတ်စက်ကြီးသဖွယ် ဖြစ်နေသည့် ဤစစ်မြေပြင်ကြီးတွင်မူ ထိုကဲ့သို့သော စွမ်းရည်မျိုးဖြင့်ပင် ရှင်သန်နိုင်ခြေနှုန်းမှာ ၂၀ရာခိုင်နှုန်းအောက်သာ ရှိပေသည်။

"ဟဲဟဲ... ကျွန်တော်တို့ရဲ့ စွမ်းရည်တွေက တကယ်တော့ စစ်မြေပြင်မှာမှ ပိုအသုံးဝင်မှာပါ"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"တီ တီ တီ"

ထိုစဉ် ရှီနိုခယ်၏ ဉာဏ်ရည်တုစနစ်ထံမှ အချက်ပြသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

"ရှီနိုခယ်ပါ"

ရှီနိုခယ်လည်း ဆက်သွယ်ရေးကို ချက်ချင်းလက်ခံလိုက်သည်။ ဤအချက်ပေးသံမှာ အရေးပေါ်အခြေအနေတစ်ခု ရှိသည်ဟု အဓိပ္ပာယ်ရလေသည်။ နောက်ဆုံးတိုက်ပွဲ ပြီးဆုံးသည်မှာ စကြဝဠာနေ့ရက်နှစ်ဆယ်ပင်မပြည့်သေးပေ။ သူတို့၏ ဒဏ်ရာအနာတရများကို ကုသရန်ပင် အချိန်မရသေးချေ။ ရန်သူက ထပ်မံတိုက်ခိုက်လာပြန်ပြီလော။

"တပ်ခွဲမှူး... စကြဝဠာအမှတ်၃၇နဲ့ ၃၈က ကျွန်တော်တို့ရဲ့တပ်မကြီးကို ထပ်တိုက်ခိုက်နေပြီ။ တပ်ခွဲမှူး ဘယ်မှာလဲ... အမြန်ပြန်လာခဲ့ပါဦး"

“ဒီလောက်တောင် မြန်တာလား။ တိုက်ခိုက်မှုရဲ့ အတိုင်းအဆက ဘယ်လောက်ရှိလဲ"

ရှီနိုခယ်ကလည်း ပျာပျာသလဲ ပြန်မေးလိုက်သည်။

"ပြီးခဲ့တဲ့တစ်ခေါက်လောက်တော့ မဆိုးပါဘူး။ ဒါပေမဲ့ ပုံမှန်အတိုင်းအဆထက် နှစ်ဆလောက် ရှိပါတယ်"

"ပုံမှန်ထက် နှစ်ဆလား..."

ရှီနိုခယ်၏ မျက်နှာအမူအရာမှာ အလွန်အမင်း လေးနက်တည်ကြည်သွားသည်။ အကယ်၍ သူတို့၏ အဖွဲ့သားအားလုံး အင်အားအပြည့်ရှိပြီး အဆင်သင့်ဖြစ်နေပါက ဤအတိုင်းအဆမှာ ထူးထူးခြားခြား ကြီးမားလှသည် မဟုတ်ပေ။

သို့သော် ယခုမူ သူတို့တပ်ဖွဲ့တစ်ခုလုံး၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မရှိသလောက်ဖြစ်နေပြီး လူအများစုကလည်း ဒဏ်ရာများမှ ပြန်လည်သက်သာရန် ကြိုးစားနေရဆဲပင်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူတို့အနေနှင့် ကြာရှည်တောင့်ခံရန် မဖြစ်နိုင်ပေ။ သူတို့၏ ခံစစ်တံတိုင်းကြီးသာ အဖောက်ခံရပါက ပတ်ဝန်းကျင်ရှိ မဟာမိတ်တပ်ဖွဲ့များအပေါ် သက်ရောက်မှု အလွန်ပြင်းထန်သွားပေလိမ့်မည်။ စကားပုံတစ်ခု ရှိသည်မဟုတ်လော။ 'မိုင်ထောင်ချီသော တံတိုင်းကြီးသည်ပင် ပုရွက်ဆိတ်တွင်းလေးတစ်ခုကြောင့် ပြိုလဲပျက်စီးနိုင်သည်'ဟူသတက်။

"ငါတို့ အခုချက်ချင်း အမြန်ပြန်လာခဲ့မယ်"

ကံကောင်းထောက်မစွာဖြင့် ကမ္ဘာခြားစစ်မြေပြင်၏ ဌာနချုပ်မှာ သူတို့တပ်မကြီး၏ အရန်မြို့နှင့် သိပ်မဝေးလှသဖြင့် စစ်သင်္ဘော၏ အရှိန်ဖြင့် အာကာသ ကူးပြောင်းခြင်း ပြုလုပ်ပါက မိနစ်အနည်းငယ်အတွင်း ရောက်နိုင်ပေသည်။

ွဤသည်မှာ ကျန်းမုန့်လောင်အနေနှင့် ဤမျှကြီးမားသော စစ်ပွဲကြီးတစ်ခုကို ပထမဆုံးအကြိမ် မျက်ဝါးထင်ထင် တွေ့မြင်ဖူးခြင်းပင်။ ယခင်က သူမြင်တွေ့ခဲ့ဖူးသော ကြယ်တာရာစစ်ပွဲများမှာ အမြင်ပိုင်းအရမူ ရောမခေတ်ဒဏ္ဍာရီလာစစ်ပွဲကြီးများနှယ် ထည်ဝါသည်ဟု ထင်ရသော်လည်း ဤမြင်ကွင်းနှင့် နှိုင်းယှဉ်လိုက်လျှင်မူ အသေးအဖွဲမျှသာ ဖြစ်သွားတော့သည်။

ကောင်းကင်ထက်မှ ငုံ့ကြည့်လိုက်လျှင် ပုရွက်ဆိတ်အုံသဖွယ် သိပ်သည်းနေသော လူအုပ်ကြီးမှာ နှစ်ဖက်စလုံးက စစ်သည်တော်များဖြစ်ပြီး စကြဝဠာအမှတ်၃၇နှင့် ၃၈တို့က ယဉ်ပါးအောင် မွေးမြူထားသော ဧရာမစကြဝဠာသားရဲကြီးများဖြစ်သည့် ဧရာမပစ်မှတ်ကြီးများကိုလည်း မြင်နေရသည်။

ခံစစ်တံတိုင်းပေါ်ရှိ လက်နက်များကို အားကိုး၍ ရန်သူများ ရှေ့တိုးလာခြင်းကို ထိရောက်စွာ တားဆီးနိုင်သော်လည်း ရန်သူများက အရေထူလှသော ထိုဧရာမသားရဲကြီးများ၏ နောက်ကွယ်တွင် ပုန်းကွယ်လျက် ရှေ့တန်းစစ်မျက်နှာပြင်ကို အတင်းအဓမ္မ နယ်ချဲ့ရန် ကြိုးပမ်းနေကြကြောင်း သူတို့ သိသည်။

"အဲဒါတွေက သူတို့ရဲ့စစ်သည်တော်တွေလား"

ကျန်းမုန့်လောင်က ကျူးကျော်သူများကို စိုက်ကြည့်ကာ မေးလိုက်သည်။

သူတို့က သူ့စကြဝဠာမှ စစ်သည်တော်များနှင့် မတူပေ။ သူတို့သည် စက်ရုံထုတ်လုပ်ရေးလိုင်းတစ်ခုမှ ထွက်လာသော ကိုယ်ပွားများနှင့်တူပြီး လူတိုင်းနီးပါးကလည်း ရုပ်ချင်းဆင်တူကာ အရပ်အမောင်းနှင့် ခန္ဓာကိုယ်တည်ဆောက်ပုံသာ အနည်းငယ် ကွဲပြားကြသည်။ သူတို့သည် သံချပ်ကာဝတ်ဆင်ထားသော စက်ရုပ်များနှင့် တူပြီး တစ်ခါတစ်ရံတွင် အလင်းတန်းအမြောက်ထိမှန်၍ အသားစများ လွင့်စင်သွားသည့် မြင်ကွင်းများကို မြင်ရမှသာ သူတို့သည် အသွေးအသားရှိသော သက်ရှိများဖြစ်ကြောင်း သိရသည်။

"ရှီနိုခယ်... မင်း နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ"

သန်မာထွားကျိုင်းသော အမျိုးသားတစ်ယောက်က ကိုယ်ပိုင်လက်နက်တစ်ခုကို ကိုင်ဆောင်လျက် လှိုင်းတံပိုးသဖွယ် တိုးဝှေ့လာသော လူအုပ်ကြီးဆီသို့ ပြင်းထန်စွာ ပစ်ခတ်နေသည်။ သူ့တိကျမှုမှာ အလွန်မြင့်မားပြီး ပစ်လိုက်သည့် တစ်ချက်ချင်းစီတိုင်းမှာ ရန်သူ့စစ်သည်တစ်ယောက်စီကို ထိမှန်နေပေသည်။

ဤလက်နက်မှာ အဆင့်ခြောက်သက်ရှိများအတွက်မူ သေစေနိုင်လောက်အောင် အစွမ်းမထက်သော်လည်း သာမန်အဆင့်ငါးသက်ရှိတစ်ကောင်ကို ထိမှန်ပါက တစ်ချက်တည်းဖြင့် အလွယ်တကူ အသက်ပျောက်သွားစေနိုင်သည်။

"ဒါကလည်း ငါတို့ အမှတ်၁၀၀၄တပ်မ အမှတ်၁၉၂ တိုက်ခိုက်ရေးတပ်ခွဲက အဖွဲ့တစ်ခုပဲ"

ရှီနိုခယ်က မိတ်ဆက်ပေးလေသည်။

"ဒါကတော့ သူတို့ရဲ့တပ်ခွဲမှူး ကာဒရီရယ်တဲ့"

ကာဒရီရယ်၏ အဖွဲ့သည် ပြီးခဲ့သည့်တိုက်ပွဲအတွင်း သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို အလွန်ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ခဲ့သဖြင့် သူတို့၏ ခံစစ်လိုင်းကို မနည်းတောင့်ခံထားနိုင်သည့်အပြင် အခြားသူများကို ကူညီရန်အတွက် အင်အားတချို့ကိုပင် ခွဲဝေပေးနိုင်ခဲ့သည်။

"သူတို့က ဘယ်သူတွေလဲ..."

ကာဒရီရယ်က ကျန်းမုန့်လောင်နှင့် အခြားသူများကို ကြည့်၍ မေးလိုက်သည်။

"ငါတို့အဖွဲ့အတွက် အထူးစုဆောင်းထားတဲ့ စစ်သည်အသစ်တွေလေ"

ရှီနိုခယ်က ပြောလိုက်သည်။

"ကောင်လေးတွေ... ဒါက မင်းတို့ရဲ့ ပထမဆုံး တိုက်ပွဲပဲ။ မင်းတို့ရဲ့ ရူးသွပ်မှုတွေကို စတင်လိုက်ကြတော့"

"အားလုံးပဲ.. အစွမ်းကုန်အားထုတ်ပြီး ထိုးဖောက်တိုက်ခိုက်ကြစမ်း"

ကျန်းမုန့်လောင်က အမိန့်ပေးလိုက်လေသည်။ ကာဒရီရယ်ခမျာ သူတို့အား တားဆီးရန် အခွင့်အရေးမရလိုက်ခင်မှာပင် လူအယောက်၆၆၇ယောက်မှာ မြို့တံတိုင်းပေါ်က ခုန်ချသွားကြလေတော့သည်။

ကာဒရီရယ်မှာ ထိတ်လန့်သွားလေသည်။

"ဟေ့... မင်းတို့ ကိုယ့်အသက်ကိုယ် တန်ဖိုးမထားကြဘူးလား"

********************

All Chapters