အခန်း ၇၃၆
Vol. 50 Ch. 736
အခန်း (၇၃၆) - အဆောင်လက်ဖွဲ့ အသစ်များ ဖန်တီးခြင်းနှင့် ယွဲ့ အင်မော်တယ် နန်းတော် အပျက်အစီးဆီသို့ နောက်တစ်ကြိမ် ထပ်မံသွားရောက်ခြင်း (အပိုင်း ၁)
လွန်ခဲ့သော ဆယ်နှစ်တာ ကာလအတွင်း စုယွီသည် စတုတ္ထအဆင့် အထွတ်အထိပ် အခင်းအကျင်း ခြောက်ခုကို နားလည် သဘောပေါက်ခဲ့၏။ မဟာ အခင်းအကျင်း တစ်ခုကို အောင်မြင်စွာ ခင်းကျင်းနိုင်ခဲ့ပြီး ထိုအထဲမှ အခင်းအကျင်း နှစ်ခုကို နားလည်မှုမှာ အတော်အတန် အောင်မြင်သည်ဟု ဆိုနိုင်ပေသည်။
ကြယ်မြစ် မဟာ အခင်းအကျင်းအတွက် သူ၏ ကျွမ်းကျင်မှုမှာ သုံးဆယ် ရာခိုင်နှုန်းခန့်အထိ ရောက်ရှိသွားခဲ့ပြီး အသေးစား အောင်မြင်မှု အဆင့်သို့ ရောက်ရှိသွားခြင်းပင် ဖြစ်တော့သည်။
အခင်းအကျင်း တစ်ခုကို နားလည်ခြင်းက အဆောင်လက်ဖွဲ့များနှင့် ဆေးလုံးများကို နားလည် သဘောပေါက်ခြင်းနှင့် ဆင်တူလှ၏။ မဟာ အခင်းအကျင်း တစ်ခုစီတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင် ကျွမ်းကျင်မှု အဆင့် သတ်မှတ်ချက်များ ရှိနေပါသည်။
သို့သော်ငြား အခင်းအကျင်းများ၏ ကျွမ်းကျင်မှုသည် အဆောင်လက်ဖွဲ့၊ ဆေးလုံးများနှင့်ကား လုံးဝ ခြားနားနေခဲ့၏။
အခင်းအကျင်း တစ်ခု၏ ကျွမ်းကျင်မှုက ထိုအခင်းအကျင်းအပေါ် ကိုယ်ပိုင် အစပျိုးနိုင်စွမ်းရှိသည့် အဆင့်ကို နားလည် သဘောပေါက်ခြင်းပင်။ ကျွမ်းကျင်မှု မြင့်မားလေလေ နားလည်မှု အဆင့် မြင့်မားလေလေ ဖြစ်ပြီး သက်ဆိုင်ရာ အခင်းအကျင်း၏ စွမ်းအားကလည်း ပိုမို အစွမ်းထက်လာလေလေ ဖြစ်ပါ၏။
ကြယ်မြစ် မဟာ အခင်းအကျင်းတွင် ကြယ်တာရာ စွမ်းအင် ထောင်ပေါင်းများစွာကို စုစည်းနိုင်သော စွမ်းအားများ ရှိနေခဲ့သည်။ သာမန် အချိန်များတွင် ၎င်းကို ဝိညာဉ် စုစည်းခြင်း အခင်းအကျင်း၏ အဆင့်မြင့် ပုံစံဟု မှတ်ယူနိုင်စွမ်း ရှိပြီး ကြယ်တာရာ စွမ်းအင်များ စုစည်းကာ မိမိ၏ ကျင့်ကြံခြင်းကို မြှင့်တင်နိုင်ပေသည်။
အရေးကြီးသော အခိုက်အတန့်များတွင် ကြယ်တာရာ စွမ်းအင်များကို မိမိကိုယ်ပေါ်သို့ စုစည်းနိုင်ပြီး မိမိ၏ တိုက်ခိုက်ရေး စွမ်းအားကို မြှင့်တင်ကာ ကြယ်မြစ်၏ စွမ်းအားဖြင့် ရန်သူကို သတ်ဖြတ်နိုင်စွမ်း ရှိလေ၏။
ထိုအရာက အလွန်တရာ သာလွန် ကောင်းမွန်လှသော စတုတ္ထအဆင့် အထွတ်အထိပ် မဟာ အခင်းအကျင်း တစ်ခုအဖြစ် သတ်မှတ်နိုင်ပါ၏။
ရေကန်ထဲတွင် စုစည်းလာသော ပိုမို အားကောင်းလှသည့် ကြယ်တာရာ စွမ်းအင်များ အပြင် ထိုစွမ်းအင်များကို ပျော်ရွှင်စွာ စုပ်ယူနေသော ပင်လယ်လွှမ်းမိုး ရွှမ်လိပ်ကြီးကို ခံစားရင်း စုယွီက သူ၏ စိတ်ထဲတွင် တိတ်ဆိတ်စွာ တွေးတောလိုက်သည်။
'ကြယ်မြစ် အင်အားစုရဲ့ အခင်းအကျင်း တာအို အမွေအနှစ် ထဲမှာ စတုတ္ထအဆင့် အထွတ်အထိပ် အခင်းအကျင်း ရာပေါင်းများစွာ ရှိနေတယ်..'
'အချိန်တို အတွင်းမှာ ငါက ဆယ်ခုလောက်ကို ရွေးပြီး နားလည် သဘောပေါက်အောင် ပြီးပြည့်စုံအောင် လုပ်သင့်တယ်.. ကျန်တာ တွေအတွက်ကတော့ အဆင့်မြင့် နားလည်မှုလောက် ဆိုရင် လုံလောက်ပါပြီလေ..'
ထိုသို့မဟုတ်ပါက စတုတ္ထအဆင့် အထွတ်အထိပ် အခင်းအကျင်း ရာကျော်ကို ပြီးပြည့်စုံစွာ နားလည် သဘောပေါက်ရန် လိုအပ်သော စွမ်းအင်နှင့် အချိန်မှာ စိတ်ကူးကြည့်၍ပင် မရနိုင်အောင် များပြားလှပေလိမ့်မည်။
ဤအခင်းအကျင်း တာအို အမွေအနှစ်က အကျိုးကျေးဇူး များလွန်းလှသော်ငြားလည်း ပြဿနာများကိုပါ ဖန်တီးပေးနေခဲ့၏။
၎င်းက အရာအားလုံးကို လိုချင်နေသော ရွေးချယ်မှု၏ ဆန့်ကျင်ဘက် အခြေအနေ တစ်ခုပင် ဖြစ်တော့သည်။
သူ၏ အတွေးများကို စုစည်းလိုက်ပြီးနောက် စုယွီ လှည့်ထွက်လာခဲ့သည်။ အင်မော်တယ် နန်းတော် အတွင်းရှိ သူ၏ ခြံဝင်းဆီသို့ ပြန်သွားကာ အဆောင်လက်ဖွဲ့ အခန်းထဲသို့ ဝင်ရောက်လိုက်၏။ ထို့နောက် သူ၏ ကိုယ်ပိုင် မှော်စွမ်းအားနှင့် စိတ်ဝိညာဉ်ကို ပြန်လည် ဖြည့်တင်းရန် ပြင်ဆင်ပြီး စတုတ္ထအဆင့် အထွတ်အထိပ် အဆောင်လက်ဖွဲ့ ဖန်တီးရန် အာရုံစိုက်လိုက်တော့သည်။
သို့သော်ငြား နောက်တစ်နေ့ နံနက်ခင်းတွင် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ အသံက သူ၏ ခေါင်းထဲသို့ ဝင်ရောက်လာခဲ့၏။
“သခင်.. အရှင်သခင်ကြီး ရှုယွီက သခင့်ကို တွေ့ချင်နေပါတယ်..”
ကောင်းကင်မိုးကြိုး ကြွက်ဘုရင်က ရိုသေ လေးစားစွာ သတင်းပို့လိုက်သည်။
စုယွီ အနည်းငယ် အံ့အားသင့် သွား၏။ သူသည် တရားထိုင်နေရာမှ နိုးထလာပြီး မျက်လုံးများကို ဖွင့်လိုက်သည်။
'တာအိုမိတ်ဆွေ ရှုယွီက ငါ့ကို တွေ့ချင်နေတယ် ဟုတ်လား..'
ယွဲ့အင်မော်တယ် မျှော်စင်ကို တည်ထောင်ပြီး ကတည်းက တာအိုပညာရှင် ရှုယွီက သူ့ကို တွေ့ချင်သည်မှာ ဤအဖြစ်က ပထမဆုံး အကြိမ်ပင်တည်း။
အခြား တစ်ဖက်တွင်မူ။
အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်၏ မှောင်ခို ဈေးကွက်ဝယ်
တာအို ရုပ်သေး ကိုယ်ပွားသည် ယွင်ရှောင် ဆေးလုံးစံအိမ်မှ တိတ်တဆိတ် ထွက်ခွာလာခဲ့ပြီး တာအိုပညာရှင် ရှုယွီကို ရှာဖွေရန် ခရမ်းရောင်ကျောက်စိမ်း ဂူနန်းတော်ဆီသို့ ဦးတည် သွားရောက်ခဲ့သည်။
ယခင်က လူသူ ကင်းမဲ့နေသော ခရမ်းရောင်ကျောက်စိမ်း ဂူနန်းတော်နှင့် မတူတော့ဘဲ ယခုအခါ ၎င်းသည် ယွဲ့အင်မော်တယ် မျှော်စင်၏ ဌာနချုပ် ဖြစ်နေခဲ့ပြီ။ မျှော်စင်၏ အမာခံ အဖွဲ့ဝင် အများအပြား နေထိုင်ကြလျက် ရှိ၏။ ဝိညာဉ် တောင်တန်းကြီးသည် မြူခိုးများဖြင့် လွှမ်းခြုံထားပြီး ကျင့်ကြံသူများသည် အချိန်အခါအလျောက် ပျံသန်း သွားလာနေကြပါ၏။
တာအို ရုပ်သေး ကိုယ်ပွားသည် ခရမ်းရောင်ကျောက်စိမ်း တောင်ထွတ် အတွင်းရှိ အခင်းအကျင်း လျှို့ဝှက်နယ်မြေ တစ်ခုထဲတွင် တိတ်ဆိတ်စွာ ပေါ်လာခဲ့ပြီး ထိုနေရာရှိ ရာဇပလ္လင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။
တာအိုပညာရှင် ရှုယွီက သူ၏ အရှေ့တွင် ရိုသေ လေးစားစွာ မတ်တတ် ရပ်နေခဲ့၏။
“ပြဿနာ တစ်ခုခု ရှိနေလို့လားဗျ..” စုယွီက လွှတ်ခနဲ မေးလိုက်သည်။
တာအိုပညာရှင် ရှုယွီက ခေါင်းခါရမ်းလိုက်ပြီး ရှင်းပြလိုက်၏။
“ယွဲ့အင်မော်တယ် မျှော်စင်နဲ့ ပတ်သက်ပြီး ဘာပြဿနာမှ မရှိပါဘူး.. ဒါပေမဲ့..”
သူက စုယွီထံသို့ ကျောက်စိမ်းပေလွှာ တစ်ခုကို ကမ်းပေးလိုက်ရင်း ဆက်လက် အသိပေးလာ၏။
“မကြာသေးခင်က လူတစ်ယောက် ကျောက်စိမ်းပေလွှာ လာပို့သွားတယ်.. တာအိုမိတ်ဆွေ မာရှီချင်းနဲ့ ပတ်သက်တယ်လို့ ပြောသွားတယ်.. ဒီကျောက်စိမ်းပေလွှာကို သခင့်ဆီ အတိအကျ ပေးဖို့ သူက မှာသွားတာပါ..”
စုယွီ၏ မျက်လုံးအိမ်များက ရုတ်တရက် ကျုံ့ဝင်သွားတော့သည်။
'မာရှီချင်း ဟုတ်လား..'
'တာအိုမိတ်ဆွေ မာက သေဆုံးသွားခဲ့တာ အချိန် တော်တော် ကြာနေပြီ မဟုတ်ဘူးလား..'
'ဘာဖြစ်လို့ လူတစ်ယောက်က ကျောက်စိမ်းပေလွှာ လာပို့ရတာလဲ..'
သူသည် ကျောက်စိမ်းပေလွှာကို လျင်မြန်စွာ လှမ်းယူလိုက်ပြီး ရွှေပုစဉ်းရင်ကွဲ နည်းစနစ်ဖြင့် အသေးစိတ် အရင်ဆုံး စစ်ဆေး ကြည့်ရှုလိုက်၏။ ဖတ်ရှုနေစဉ်မှာပင် စုယွီ၏ မျက်လုံးများ ပြောင်းလဲသွားပြီး တာအိုပညာရှင် ရှုယွီကို မော့ကြည့်ကာ လေးနက်သော လေသံဖြင့် အသိပေးလိုက်သည်။
“ဒီကျောက်စိမ်းပေလွှာက.. မိစ္ဆာ တာအိုရဲ့ လက်ထဲကနေ လာတာပဲ..”
ထိုကျောက်စိမ်းပေလွှာထဲမှ ထူးဆန်းလှသော မိစ္ဆာ ချီစွမ်းအင်ကို သူ ခပ်ရေးရေး ခံစားမိလိုက်ခြင်း ပင်တည်း။
တာအိုပညာရှင် ရှုယွီသည် တစ်ခဏမျှ အံ့အားသင့် သွားပြီးနောက် အလောတကြီး တောင်းပန်လိုက်တော့သည်။
“ခွင့်လွှတ်ပေးပါ သခင်.. ကျွန်တော် ချက်ချင်း စစ်ဆေးလိုက်ပါ့မယ်..”
“နေဦး..”
စုယွီက တာအိုပညာရှင် ရှုယွီကို တားဆီးလိုက်၏။ သူ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး တစ်ခဏမျှ စဉ်းစား တွေးတောကာ ဆုံးဖြတ်လိုက်သည်။
“ဒီကျောက်စိမ်းပေလွှာမှာ ပြဿနာ တစ်ခုခု ရှိနေစရာ အကြောင်းတော့ မရှိပါဘူး.. ကျွန်တော် အရင် ကြည့်လိုက်မယ်..”
သို့သော်ငြား တာအိုပညာရှင် ရှုယွီသည် ကျောက်စိမ်းပေလွှာကို လျင်မြန်စွာ ဆွဲယူလိုက်ပြီး တိုက်တွန်းလိုက်၏။
“သခင်.. ကျွန်တော့်ကို အရင် စစ်ဆေးခွင့် ပြုပါ..”
စုယွီက ခဏမျှ တွေဝေသွားပြီးနောက် ခေါင်းညိတ်ကာ ခွင့်ပြုလိုက်၏။
“လုပ်လေ..”
တာအိုပညာရှင် ရှုယွီက ကျောက်စိမ်းပေလွှာကို ဂရုတစိုက် စစ်ဆေးလိုက်ပြီး အတန်ကြာသောအခါ စုယွီထံသို့ ပြန်လည် ကမ်းပေးလိုက်သည်။ ထို့နောက် အသံတိုးတိုးဖြင့် လျှောက်တင်လိုက်၏။
“သခင်.. ဘာထောင်ချောက်မှ မပါပါဘူး..”
“ဒါပေမဲ့ တာအိုမိတ်ဆွေ မာက သခင့်အတွက် သတင်းစကား တစ်ခု ချန်ထားခဲ့တဲ့ ပုံပါပဲ..”
စုယွီ၏ မျက်ဝန်းများ အနည်းငယ် ပြောင်းလဲသွားပြီးနောက် ကျောက်စိမ်းပေလွှာ အတွင်းသို့ အာရုံ စူးစိုက်လိုက်သည်။ နောက်တစ်ခဏတွင် အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
“ညီအစ်ကို စု.. အရိုင်းနယ်မြေဆီ သွားခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး.. တာအို မျှော်စင်က မိစ္ဆာ မျှော်စင် ဖြစ်သွားခဲ့ပြီ.. ငါက ရှေးဟောင်း မိစ္ဆာတစ်ကောင်ရဲ့ အရှိန်အဝါတွေ အပြင်းအထန် ဖုံးလွှမ်းတာကို ခံလိုက်ရတယ်.. အကယ်၍ ငါ့ရဲ့ အသိစိတ်ကို ဆုံးရှုံးသွားခဲ့မယ် ဆိုရင် အနာဂတ်မှာ မင်းနဲ့ ငါ ဆုံတွေ့တဲ့အခါ တုံ့ဆိုင်း မနေဖို့ မျှော်လင့်ပါတယ်.. ငါ့ကို ဝင်စားခြင်း သံသရာထဲ ပို့လွှတ်ပြီး အနားယူခွင့် ပေးပါ..”
“ဒီမှာ တာအို မျှော်စင်ရဲ့ အရင် တာအို သခင်ကြီး ချန်ရစ်ခဲ့တဲ့ မိစ္ဆာနှိမ် တာအို နည်းစနစ်ရဲ့ အမွေအနှစ် တစ်စိတ်တစ်ပိုင်း ရှိတယ်.. အခု အဲဒါကို ညီအစ်ကို စုဆီ ပေးအပ်လိုက်မယ်.. အနာဂတ်မှာ မင်းက ငါ့ရဲ့ မာ မိသားစုကို စောင့်ရှောက်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်..”
ထိုစကားများ အဆုံးတွင် ပကတိ ဟင်းလင်းပြင် တာအို သခင်ကြီး၏ ထက်ဝက်မျှ ပြီးမြောက်နေသော အမွေအနှစ် ပါလာခဲ့သည်။
မိစ္ဆာ နှိမ် တာအို နည်းစနစ် သန့်စင်သော အင်မော်တယ် မိစ္ဆာဘုရင် ကျင့်စဉ်။
ပထမ အလွှာမှ ပဉ္စမ အလွှာအထိ ပြည့်စုံသော နည်းစနစ်များ အားလုံး အကောင်းပကတိ ရှိနေခဲ့၏။
သို့သော်ငြား ပကတိ ဟင်းလင်းပြင် တာအို သခင်ကြီး အမွေအနှစ်၏ ဆဋ္ဌမမြောက် အလွှာကမူ အတော်များများ ပျောက်ဆုံး နေခဲ့ပေ၏။
ဝါကျ အနည်းငယ်မျှသာ ကျန်ရှိနေခဲ့၏။
၎င်းက မာရှီချင်း၏ အသံ အစစ်အမှန် ဖြစ်ကြောင်း စုယွီ ကြားသိနိုင်ပေသည်။ တည်ငြိမ်မှု အတွင်း၌ အေးစက်သော လေသံ တစ်ခုကိုပါ ကြားနေရပြီး သူ၏ ပုံမှန် အပြုအမူများနှင့် လုံးဝ မတူညီခဲ့ပါချေ။
မာရှီချင်းက တစ်စုံတစ်ခုကို ဖိနှိပ် ချုပ်တီးထားပြီး သူ၏ ရှင်းလင်းသော အသိစိတ်ကို ထိန်းသိမ်းရန် ကြိုးစား အားထုတ်နေကြောင်း၊ ဤအမွေအနှစ်ကို လွှဲပြောင်းပေးကာ ဤစကားလုံးများကို နောက်ဆုံး ဆန္ဒတစ်ခု အနေဖြင့် ချန်ရစ်ခဲ့ကြောင်း စုယွီ ခံစား သိရှိနိုင်ပါ၏။
သန့်စင်သော အင်မော်တယ် မိစ္ဆာဘုရင် ကျင့်စဉ်ကို လက်ခံရရှိပြီးနောက် စုယွီ၏ မျက်လုံးများ အနည်းငယ် ပြောင်းလဲသွားတော့သည်။
ဤတာအို နည်းစနစ်က သေချာပေါက်ပင် အလွန်တရာ အစွမ်းထက်လှသော တာအို နည်းစနစ် တစ်ခု ဖြစ်ပေ၏။
မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်၏ ဝိညာဉ်ခွဲထွက်ခြင်း အဆင့် တာအို နည်းစနစ် နှစ်ဆယ့်သုံးခုနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက ဤသန့်စင်သော အင်မော်တယ် မိစ္ဆာဘုရင် ကျင့်စဉ်က ထိပ်ဆုံး သုံးခု စာရင်းတွင် ပါဝင်နိုင်ပေသည်။
အကယ်၍သာ ပကတိ ဟင်းလင်းပြင် တာအို သခင်ကြီး၏ တာအို နည်းစနစ် ဆဋ္ဌမမြောက် အလွှာပါ ရှိနေမည် ဆိုပါက ၎င်းသည် ပထမ နေရာအတွက်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေလိမ့်မည်။
တာအိုပညာရှင် ရှုယွီက သတိကြီးစွာဖြင့် စပ်စုလိုက်သည်။
“သခင်.. တာအိုမိတ်ဆွေ မာက အသက်ရှင် နေသေးတာများလား..”