← Chapters

အခန်း ၇၃၉

Vol. 50 Ch. 739

အခန်း ၇၃၉

Vol. 50 Ch. 739

အခန်း (၇၃၉) ကိုးထပ် တာအိုမျှော်စင်၊ 'တာအိုနယ်ပယ်၏ မဟာအောင်မြင်ခြင်းအဆင့်' (အပိုင်း ၂)

သူ၏ရှေ့မှောက်တွင် ရွှေရောင်ချပ်ဝတ်များကို လုံခြုံစွာ ဝတ်ဆင်ထားသော ပုံရိပ်နှစ်ခုက မားမားမတ်မတ် ရပ်တန့်နေ၏။ ထိုချပ်ဝတ်များ၌ ဟာကွက်ဟူ၍ တစ်စက်ကလေးမျှ ပေါ်လွင်မနေချေ။

ထိုရွှေရောင်ချပ်ဝတ် ပုံရိပ်နှစ်ခုသည် အရပ်အမောင်း အားဖြင့် ကိုးပေခန့်သာ မြင့်မားကြပြီး သိပ်မကြီးမားလှပါချေ။

သို့သော်ငြား စုယွီ၏ တာအိုရုပ်သေး ရှေ့တွင် ရပ်နေချိန်၌ သူတို့နှစ်ဦးက မည်သို့မျှ ကျော်လွှား၍မရနိုင်သော၊ လှုပ်ခတ်၍ မရနိုင်သော မိုးထိတောင်တန်းကြီး နှစ်ခုသဖွယ် ခံစားရစေသည်။ ထူးဆန်းစွာပင် ဤရွှေရောင်ပုံရိပ် နှစ်ခုထံမှ မည်သည့် စွမ်းအင်အရှိန်အဝါမျှ ဖြာထွက်မနေခဲ့ပေ။

ထိုအခိုက်အတန့်တွင် စုယွီ၏ တာအိုရုပ်သေးထံသို့ အန္တရာယ် အရှိန်အဝါများ ရုတ်တရက် ကျရောက်လာ၏။ ကြက်သီးမွေးညင်းများ ထ,သွားတော့သည်။ ကျောရိုးထဲ စိမ့်ခနဲ ဖြစ်သွားပါ၏။ တစ်ခါမျှ မကြုံဖူးသော အကြောက်တရားက လွှမ်းခြုံလာသည်။

ဤရွှေရောင်ပုံရိပ်နှစ်ခု ရှေ့မှောက်၌ သူ့ကိုယ်သူပင် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေသကဲ့သို့ ထင်မှတ်ရပါ၏။

ဟုန်ယွဲ့ အင်မော်တယ် နန်းတော်၏ အရှင်သခင်ဖြစ်သော သူ၏ ဂိုဏ်းတူအစ်ကိုကြီးနှင့် ရင်ဆိုင်ရချိန်တွင်ပင် ဤကဲ့သို့သော ခံစားချက်မျိုးကို မရရှိခဲ့ဖူးချေ။

'ဒါက အနက်ရောင် ဒေါသ စစ်သည်တော် ရဲ့ မှတ်ဉာဏ်ထဲမှာ ပြောဖူးတဲ့ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်တွေများလား..'

စုယွီက နောက်ဆုတ်ထွက်ပြေးလိုသော စိတ်ဆန္ဒကို ဖိနှိပ်လိုက်သည်။ သူ၏ လက်ထဲတွင် ကြယ်မြစ်အမိန့်ပေးတံဆိပ်ကို ဆုပ်ကိုင်ထားလျက် ရွှေရောင်ပုံရိပ်နှစ်ခုကို ရိုသေလေးစားစွာ ဦးညွှတ် ဂါရဝပြုလိုက်၏။

“မျိုးဆက်သစ် အရိပ်နီက စီနီယာတို့ကို အရိုအသေ ပေးပါတယ်”

စုယွီက နာခံမှုအပြည့်ဖြင့် နှုတ်ဆက်လိုက်ပါ၏။

ရွှေရောင်ပုံရိပ်နှစ်ခု၏ အမည်းရောင် မျက်လုံးအပေါက်များက စုယွီကို အချိန်ပြည့် စိုက်ကြည့်နေသကဲ့သို့ ရှိနေသည်။ စုယွီတစ်ယောက် နေရထိုင်ရ ခက်လာချိန်အထိ တိတ်ဆိတ်နေပြီးမှ တစ်ဦးက နှုတ်ခမ်းလှုပ်ရုံ ရေရွတ်လိုက်ပါ၏။

“ဒီကောင်လေး ဖန်တီးထားတဲ့ ရုပ်သေးက နည်းနည်းတော့ ကြည့်ကောင်းသားပဲ..”

“စတုတ္ထအဆင့် အလယ်အလတ် ရုပ်သေးရုပ်လေး တစ်ခုပါ.. အများကြီး လိုပါသေးတယ်”

အခြားပုံရိပ် တစ်ခုက မှတ်ချက်ချလိုက်သည်။

“ဘာပဲဖြစ်ဖြစ် သူက အစိမ်းသက်သက်လေး ရှိသေးတာလေ.. အကယ်၍ သူသာ သခင်ကြီးရဲ့ ရုပ်သေးကောင်းကင်ကျမ်း အမွေအနှစ်ကို ရခဲ့ရင် နည်းနည်းပါးပါးတော့ ပြောင်းလဲသွားနိုင်တယ်.. အဲဒီအခါကျရင် သူက အနက်ရောင် အစောင့်အရှောက်ကိုတောင် ပြန်လည်အသက်သွင်းနိုင်ကောင်း ပါရဲ့..”

ပထမပုံရိပ်က အကောင်းမြင်စွာဖြင့် ထုတ်ဖော် ရှင်းပြလိုက်၏။

“မင်းက သူ့ကို တော်တော်လေး အထင်ကြီးနေတာပဲ”

ဒုတိယပုံရိပ်က ခပ်ပြတ်ပြတ် တုံ့ပြန်လိုက်လေ၏။

စုယွီမှာ ပြောစရာစကား ဆွံ့အသွားတော့သည်။

'သူတို့က အခု ထွေရာလေးပါး စကား ပြောနေကြတာလား..'

ထိုအခိုက်အတန့်မှာပင် ဘယ်ဘက်မှ ခန္ဓာကိုယ် ပိုမို တုတ်ခိုင်သော ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က စုယွီကို စိုက်ကြည့်ကာ မေးခွန်းထုတ်လာ၏။

“ကောင်လေး.. မင်းရဲ့ ခန္ဓာကိုယ်အစစ်က ဘယ်မှာလဲ.. အကယ်၍ မင်းက ကြယ်မြစ်အုပ်ချုပ်သူ နေရာကို ဆက်ခံချင်တယ်ဆိုရင် သေးငယ်တဲ့ တာအိုရုပ်သေး ကိုယ်ပွားလေးတစ်ခုကို လွှတ်လိုက်ရုံနဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူးနော်..”

“မင်းရဲ့ ခန္ဓာကိုယ်အစစ်ကို ဒီနေရာဆီ လူကိုယ်တိုင် လာခိုင်းလိုက်.. အကယ်၍ မင်းက မင်းရှေ့မှာရှိတဲ့ မျှော်စင်ရဲ့ စိန်ခေါ်မှုကို အောင်မြင်အောင် ဖြတ်ကျော်နိုင်ခဲ့ရင် ယွဲ့ အင်မော်တယ် နန်းတော်ကို ဝင်ရောက်ခွင့်ရပြီး စံအိမ်တော်ရဲ့ တပည့်တစ်ယောက် ဖြစ်လာလိမ့်မယ်..”

ဤခေါင်းဆောင်၏ စကားကို ကြားလိုက်ရသောအခါ စုယွီ၏ တာအိုရုပ်သေးမှာ ဝိညာဉ်လွင့်မတတ် တုန်လှုပ်သွားတော့သည်။ သူက မယုံကြည်နိုင်စွာဖြင့် မော့ကြည့်လိုက်၏။

“စီနီယာ.. ဒါက ကျွန်တော်ရဲ့ တာအိုရုပ်သေး ဆိုတာကို စီနီယာ သိနေတာလား..”

ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်မှာ တစ်ခဏမျှ ဆွံ့အသွားပုံရပြီးနောက် လှောင်ပြောင်လိုက်ပါ၏။

“အဓိပ္ပာယ်မရှိတာ.. မင်းရဲ့ တာအိုရုပ်သေး ဆိုတဲ့ လှည့်ကွက်သေးသေးလေးကို ငါက ဖောက်ထွင်းမမြင်နိုင်ဘူးလို့ ထင်နေတာလား..”

'အင်း.. အဲဒါကလည်း အဓိပ္ပာယ်တော့ ရှိသားပဲ..'

ဤခေါင်းဆောင်၏ စွမ်းအားနှင့် ဂုဏ်ပုဒ်ကို တွေးမိလိုက်သောအခါ စုယွီ၏ မျက်နှာထက်တွင် အိုးတိုးအမ်းတမ်း အပြုံးတစ်ခု ပေါ်ထွက်လာသည်။ ဤရှေးဟောင်း တည်ရှိမှုကြီးများကို ယနေ့ခေတ် တာ့ချန် လောကရှိ ကျင့်ကြံသူများ၏ စံနှုန်းများဖြင့် သူ တကယ် မတိုင်းတာသင့်ပါချေ။

တာ့ချန်၏ ကျင့်ကြံခြင်း ကမ္ဘာတွင် သူ၏ တာအိုရုပ်သေးကို ဖောက်ထွင်းမြင်နိုင်သူ သိပ်မရှိသော်ငြား ဤခေါင်းဆောင် နှစ်ဦးက မမြင်နိုင်ဟု မဆိုလိုပါလေ။

သူသည် ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်နှစ်ဦးကို သတိကြီးစွာ အကဲခတ်လိုက်ပြီးနောက် မဝံ့မရဲ မေးမြန်းလိုက်၏။

“ကျွန်တော် ဒီနေရာကို ကျူးကျော် ဝင်ရောက်လာတဲ့အတွက် စီနီယာတို့က ကျွန်တော့်ကို အပြစ်တင်မလားဟင်..”

ဘယ်ဘက်မှ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က ရှင်းပြလိုက်သည်။

“အကယ်၍ မင်းရဲ့ လက်ထဲမှာသာ ကြယ်မြစ်အမိန့်ပေးတံဆိပ် မရှိထားဘူးဆိုရင် မင်းက အခုချိန်ဆို သံတိုသံစ အမှိုက်ပုံကြီး တစ်ပုံ ဖြစ်နေလောက်ပြီ.. ဒါပေမဲ့ မင်းဆီမှာ ကြယ်မြစ်အမိန့်ပေးတံဆိပ် ရှိနေတာဆိုတော့ မင်းက ဝေရှင်းဟယ်ရဲ့ ဆက်ခံသူပဲ.. အင်မော်တယ် မြို့တော်ရဲ့ စည်းမျဉ်းတွေအရ မင်းက စမ်းသပ်မှုမှာ ပါဝင်ဖို့နဲ့ ယွဲ့ အင်မော်တယ် နန်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်လာဖို့ အရည်အချင်း ပြည့်မီနေပါတယ်..”

“ဒါကြောင့်.. မင်းရဲ့ ခန္ဓာကိုယ်အစစ်ကို ဒီနေရာဆီ လူကိုယ်တိုင် လာခဲ့ဖို့ ငါ တောင်းဆိုနေတာပေါ့..”

သူက စုယွီကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီး ထပ်မံ သတိပေးလိုက်ပါ၏။

“စိတ်မပူပါနဲ့.. အကယ်၍ ငါတို့က မင်းကို တကယ် အန္တရာယ် ပေးချင်တယ်ဆိုရင် မင်းရဲ့ ခန္ဓာကိုယ်အစစ်က ဒီနေရာကို မလာရင်တောင်မှ မလွတ်ဘူး..”

ဤကောင်လေးက အရာရာကို အလွန်အမင်း တွေးတောပူပန်တတ်လွန်းသည်။

ကံမကောင်းစွာဖြင့် သူသည် နက်နဲလှသော တာအိုပညာရပ်များနှင့် ပတ်သက်ပြီး မည်သည့်အရာကိုမျှ သိရှိပုံ မပေါ်ပါချေ။

မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်၏ လျှို့ဝှက် နန်းတော်ထဲတွင် ရှိနေဆဲဖြစ်သော စုယွီ၏ မျက်လုံးအိမ်များက ရုတ်တရက် ကျုံ့ဝင်သွားတော့၏။

ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က ဤစကားကို ပြောလိုက်သည့် အခိုက်အတန့်မှာပင် သူ့ထံသို့ အန္တရာယ်အရှိန်အဝါများ ကျဆင်းလာသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်ယင်သွားပါ၏။

'ဒီလူက..'

တစ်ခဏမျှ စဉ်းစားတွေးတော ပြီးနောက် စုယွီက ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်သည်။

သူသည် အရိုင်းနယ်မြေဆီသို့ လူကိုယ်တိုင် သွားရောက်ရန် စိတ်ပိုင်းဖြတ်လိုက်၏။

ဆရာ ထျန်းယွီနှင့် ဟွမ်ကျူးတို့ကို သူ အပြင်ထွက်မည်ဖြစ်ကြောင်း အသိပေးလိုက်၏။ ဟွမ်ကျူးအား အတူလိုက်ပါဖို့ရန် မတောင်းဆိုတော့ဘဲ စုယွီသည် သူ၏ ခန္ဓာကိုယ်အစစ်ကို အသွင်ပြောင်းလိုက်သည်။ ထို့နောက် မြေကမ္ဘာ အင်မော်တယ်မြို့တော်၏ နေရာရွှေ့ပြောင်းခြင်း အခင်းအကျင်းကို အသုံးပြုကာ အရိုင်းနယ်မြေဆီသို့ ထွက်ခွာလာခဲ့တော့သည်။

ထိုသို့ဖြင့် တစ်လခန့် အကြာတွင် စုယွီသည် ယွဲ့ အင်မော်တယ် နန်းတော် မြို့တော်၏ အပျက်အစီးများဆီသို့ သွားရောက်ခဲ့ပြီး ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်နှစ်ဦး၏ ရှေ့မှောက်တွင် ရပ်တန့်လိုက်ချိန်၌ သူ၏ ရုပ်ရည်သွင်ပြင်က ပြောင်းလဲသွားခဲ့လေပြီ။

သူ၏ မူလရုပ်ရည် အစစ်အမှန်ကို ပြန်လည် ဖော်ဆောင်လိုက်ပြီးနောက် စုယွီက ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်နှစ်ဦးကို ရိုသေလေးစားစွာ နှုတ်ဆက်လိုက်ပါ၏။

“မျိုးဆက်သစ် စုယွီက စီနီယာတို့ကို အရိုအသေ ပေးပါတယ်..”

“တော်ပြီ.. အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့..”

ဘယ်ဘက်မှ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က ညွှန်ကြားလိုက်သည်။

“ဒီမျှော်စင်ထဲကို ဝင်လိုက်.. တတ်နိုင်သမျှ အမြင့်ဆုံးကို ရောက်အောင် သွားဖို့ ကြိုးစားပါ.. မင်း ပိုမြင့်တဲ့ နေရာကို ရောက်လေလေ.. မင်း ရရှိမယ့် ဆုလာဘ်တွေက ပိုပြီး ကြီးမားများပြားလာလေလေပဲ..”

“ဒါ့အပြင်.. အဲဒါက ယွဲ့ အင်မော်တယ် နန်းတော်မှာ မင်းရဲ့ အနာဂတ် ဂုဏ်ပုဒ်နဲ့ အစီအစဉ်တွေ အပေါ်မှာလည်း ဆက်စပ်မှု ရှိနေတယ်..”

“အကယ်၍ မင်းက သခင်ကြီးရဲ့ အမွေအနှစ်ကို ရရှိချင်တယ်ဆိုရင် မင်းဆီမှာ ထူးခြားတဲ့ ပါရမီနဲ့ ကံကြမ္မာ ရှိနေကြောင်းကို သက်သေပြရလိမ့်မယ်..”

“ဒီလိုမှ မဟုတ်ရင်တော့.. အုပ်ချုပ်သူ ဝေရှင်းဟယ်ရဲ့ အမွေအနှစ်ကပဲ မင်း တစ်သက်လုံး လေ့လာဖို့အတွက် လုံလောက်နေမှာပါ..”

စုယွီက သတင်းအချက်အလက် အချို့ကို စုံစမ်း ဖော်ထုတ်ရန်အတွက် စကားဆက်ပြောလိုသေးသည်။

သို့သော်ငြား ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည် နှင့်တပြိုင်နက် စွမ်းအားလှိုင်းလုံးကြီး တစ်ခု ရိုက်ခတ်လာ၏။ ၎င်းက စုယွီကို သူ၏ ဘေးရှိ မျှော်စင်ထဲသို့ တိုက်ရိုက်ပင် လွှမ်းခြုံ သယ်ဆောင်သွားပါတော့သည်။

“ဝူး..”

စုယွီ၏ မျက်လုံးရှေ့တွင် အလင်းတန်းတစ်ခု ဝင်းလက်သွားသည်။ နောက်တစ်ခဏတွင် အလွန်တရာ ကြီးမား ပြင်းထန်လှသော တာအိုစွမ်းအားများက သူ့ထံသို့ ဒေါသတကြီး ရိုက်ခတ်လာတော့၏။

ဤအံ့မခန်း တာအိုစွမ်းအားများကို ခံစားလိုက်ရသောအခါ စုယွီ၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

'ဒီစွမ်းအားက..'

'အသေးစား အောင်မြင်ပြီးသား တာအိုနယ်မြေ တစ်ခုရဲ့ အဆင့်နီးပါးပဲ..'

'ပြီးတော့ ဒါက ပထမအလွှာပဲ ရှိသေးတာလေ..'

စုယွီက ပတ်ဝန်းကျင်ကို အာရုံခံနိုင်ရန်အတွက် မျက်လုံးများကို တစ်ခဏမျှ မှိတ်ထားလိုက်သည်။ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် သူ၏ ပတ်ပတ်လည်ရှိ ဓာတ်ကြီး ငါးပါး တာအိုနယ်ပယ်က စုစည်းသွား၏။ နောက်တစ်ခဏတွင် သူ့အနီး၌ စုစည်းနေသော ကြီးမားလှသည့် ရောယှက်နေသော တာအိုစွမ်းအားများက ရုတ်တရက် ပြောင်းလဲသွားပြီး ဓာတ်ကြီး ငါးပါး တာအိုစွမ်းအားများ ပေါ်ထွက်လာခဲ့သည်။

ကြောက်မက်ဖွယ်ရာ လှိုင်းလုံးကြီး တစ်ခုကဲ့သို့ပင် ၎င်းက စုယွီထံသို့ တဟုန်ထိုး ဝင်ရောက်လာပြီး သူ့ကို ဖိနှိပ်ရန် ကြိုးစားလာတော့သည်။

“ဒိုင်း..”

စုယွီသည် ဤတာအိုမျှော်စင် အလွှာ၏ ကမ္ဘာအတွင်း၌ တင်ပျဉ်ခွေ ထိုင်ချလိုက်၏။ ဤကမ္ဘာ၏ ဓာတ်ကြီး ငါးပါး တာအိုစွမ်းအားများကို စုပ်ယူကာ နားလည် သဘောပေါက်နိုင်ရန် သူ ကြိုးပမ်းနေခဲ့သည်။

အချိန် တစ်လခန့် အကြာတွင် စုယွီ၏ တာအိုနယ်ပယ် အရှိန်အဝါက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူက မြေပြင်ပေါ်မှ ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင်တော့ ပျော်ရွှင်မှု အရိပ်အယောင်များက အထင်းသား ပေါ်လွင်နေခဲ့၏။

တစ်လတာ သူ၏ ပြင်းထန်သော ကျင့်ကြံအားထုတ်မှုက အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ဓာတ်ကြီး ငါးပါး တာအိုနယ်ပယ်ကို ဆယ်စုနှစ်ပေါင်းများစွာ သို့မဟုတ် ရာစုနှစ်ပေါင်းများစွာ ကြာအောင် နားလည်သဘောပေါက်အောင် ကြိုးစားနေရသည်နှင့် ညီမျှနေခဲ့သည်။

All Chapters