← Chapters

အခန်း ၇၄၀

Vol. 50 Ch. 740

အခန်း ၇၄၀

Vol. 50 Ch. 740

အခန်း (၇၄၀) ကိုးထပ် တာအိုမျှော်စင်၊ 'တာအိုနယ်ပယ်၏ မဟာအောင်မြင်ခြင်းအဆင့်' (အပိုင်း ၃)

"ဒုတိယအထပ်ကို တက်မယ်..."

ဓာတ်ကြီးငါးပါး တာအို စွမ်းအားများ တုန်ခါသွားစဉ် စုယွီ၏ ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီး တစ်ခုလုံး ပြိုကျပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရ၏။

မျက်စိရှေ့မှ မြင်ကွင်းက ချက်ချင်းဆိုသလို ပြောင်းလဲသွားတော့သည်။

“ဝုန်း…”

ဒုတိယအထပ်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ပိုမိုကျယ်ပြောပြီး ပိုမိုအားကောင်းလှသော တာအိုစွမ်းအားများက သူ့အပေါ်သို့ ဖိချလာ၏။

ထိုစွမ်းအားက စုယွီ၏ ခန္ဓာကိုယ်ကို အစိပ်စိပ်အမွှာမွှာ ဖြစ်သွားစေရန် ရည်ရွယ်နေသလိုပင်။

စုယွီ၏ မျက်နှာအမူအရာက နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။

ဒုတိယအထပ်...

တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ၏ အခြေခံအဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။

သူသည် နောက်တစ်ဖန် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြန်၏။ ဓာတ်ကြီးငါးပါး တာအိုစွမ်းအားများကို သူ၏ ပတ်ပတ်လည်၌ စုစည်းလိုက်သည်။

ဒုတိယအထပ်ရှိ တာအိုစွမ်းအားများက ချက်ချင်း ပြောင်းလဲသွားပြီး ဓာတ်ကြီးငါးပါး တာအိုစွမ်းအားများ အဖြစ် အသွင်ပေါ်လာကာ စုယွီထံသို့ ရိုက်ခတ်လာတော့၏။

ပထမအထပ်တွင် စုယွီ လှုပ်ရှားနိုင်ရန် တစ်လ အချိန်ယူခဲ့ရသည်။

ဒုတိယအထပ်တွင်လည်း စုယွီ တစ်လ အချိန်ယူခဲ့ရပြန်၏။

စုယွီ မြေပြင်ပေါ်မှ မတ်တတ်ရပ်လိုက်ချိန်တွင် သူ၏ ပတ်ပတ်လည်ရှိ ဓာတ်ကြီးငါးပါး တာအိုနယ်ပယ်၏ အရှိန်အဝါက နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့လေပြီ။

ယခင်ကထက် ပိုမိုနက်ရှိုင်းပြီး ပိုမိုကြီးမားကာ ပိုမိုခိုင်မာလာခဲ့သည်။

ထို့နောက် စုယွီသည် တတိယအထပ်သို့ ဝင်ရောက်သွားခဲ့၏။

အပြင်ဘက်တွင်မူ။

စုယွီက တာအိုမျှော်စင်၏ အထပ်များကို ကျော်ဖြတ်သွားသည်ကို ရွှေရောင် ချပ်ဝတ် ခေါင်းဆောင်နှစ်ဦးက စောင့်ကြည့်နေကြသည်။

သူက ပိုမြင့်သော အထပ်သို့ မသွားရောက်မီ အထပ်တိုင်းတွင် တစ်ခဏမျှ ရပ်တန့်ကာ တာအိုကို နားလည်သဘောပေါက်ရန် ကြိုးစားနေခဲ့၏။

ဘယ်ဘက်မှ တောင့်တင်းသော ရွှေရောင် ချပ်ဝတ် ခေါင်းဆောင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"သူက မာနလည်း မကြီးဘူး... စိတ်လည်း မလောဘူး... သူ့ရဲ့ စိတ်နေစိတ်ထားက တော်တော်လေး ကောင်းတာပဲ... တာအိုမျှော်စင်ကို အမြန်ဖြတ်ကျော်ဖို့ ကြိုးစားမယ့်အစား အထပ်တိုင်းရဲ့ အတွေ့အကြုံကို အပြည့်အဝ ယူပြီးမှ နောက်တစ်ထပ်ကို သွားနေတာ"

ညာဘက်မှ ရွှေရောင် ချပ်ဝတ် ခေါင်းဆောင်က မေးလိုက်၏။

"အခု သူ တတိယအထပ်ကို ရောက်သွားပြီနော်... ခေါင်းဆောင် ဘယ်လိုထင်လဲ... သူ ဘယ်လောက်အထိ သွားနိုင်မလဲ"

ထိုမေးခွန်းအား ကြွက်သား ဖုထစ်သော ရွှေရောင် ချပ်ဝတ် ခေါင်းဆောင်က တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် တုံ့ပြန်လိုက်သည်။

"ကြည့်ရတာ သူက ဓာတ်ကြီးငါးပါး တာအိုနယ်မြေရဲ့ ကနဦးအဆင့်ကို ရထားပြီးသားပဲ... ပြီးတော့ ဟင်းလင်းပြင် တာအိုရဲ့ အထောက်အပံ့လည်း ရှိနေတယ်... သူ ပဉ္စမအထပ်ကို ဝင်ရောက်ဖို့ ကြိုးစားနိုင်လောက်တယ်"

"ပဉ္စမအထပ်က တာအိုနယ်ပယ် မဟာအောင်မြင်ခြင်းအဆင့် ပဲလေ... ဒါပေမဲ့ တာအိုနယ်ပယ် မဟာအောင်မြင်ခြင်းအဆင့်ရဲ့ ကနဦးအဆင့်ပဲ ရှိသေးတာဆိုတော့ သိပ်ပြီးတော့လည်း မလွန်ကဲလှပါဘူး"

"အကယ်၍ သူသာ ပဉ္စမအထပ်ကို ဝင်ရောက်နိုင်ခဲ့ရင် သူ့ကို ယွဲ့ အင်မော်တယ် မျှော်စင်ထဲ ဝင်ခွင့်ပေးလိုက်မယ်"

"ပဉ္စမအထပ် ဟုတ်လား"

ညာဘက်မှ ရွှေရောင် ချပ်ဝတ် ခေါင်းဆောင်က မှတ်ချက်ချလိုက်၏။

"ငါ ထင်တာကတော့ နည်းနည်း ခက်ခဲလိမ့်မယ်"

တာအိုမျှော်စင်၏ တတိယအထပ်။

စုယွီက သူ၏ အပေါ်သို့ သက်ရောက်နေသော ဖိအားများ သိသိသာသာ တိုးလာကြောင်းကို ထင်ရှားစွာ ခံစားလိုက်ရသည်။

ကျယ်ပြောလှသော တာအိုစွမ်းအားများက သူ၏ ခန္ဓာကိုယ်ကို ဒေါသတကြီး တိုက်ခိုက်နေကြပြီး သူ၏ ဓာတ်ကြီးငါးပါး တာအိုနယ်ပယ်ကိုပင် တုန်လှုပ်သွားစေနိုင်စွမ်း ရှိနေ၏။

သို့သော်ငြား ဤစွမ်းအားက စုယွီအား အပြုံး ခပ်ရေးရေး တွန့်ကွေးသွားစေသည်။

တာအိုမျှော်စင်က သူ၏ ဓာတ်ကြီးငါးပါး တာအိုနယ်ပယ်ကို နားလည်သဘောပေါက်ရန် အလွန်တရာ အထောက်အကူ ဖြစ်စေပါ၏။

"ဒီနေရာမှာ ဓာတ်ကြီးငါးပါး တာအိုကို အဆင့်ချိုးဖြတ်ဖို့ ငါ ကြိုးစားနိုင်လောက်တယ်..."

သူက တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်ကို လည်ပတ်စေလိုက်သည်။ သူ၏ စိတ်အာရုံကို ဗလာကျင်းနေသော အခြေအနေသို့ ရောက်ရှိသွားစေ၏။

ထိုစဉ်အတောအတွင်း စုယွီသည် အထက်ဘုံ သန့်စင်သော မူလတာအို နိယာမကိုလည်း လည်ပတ်စေကာ သူ၏ ပတ်ပတ်လည်ရှိ ဓာတ်ကြီးငါးပါး တာအိုစွမ်းအားများကို အပြည့်အဝ နားလည်သဘောပေါက်ရန် ကြိုးပမ်းနေတော့သည်။

အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး နှစ်ဝက်ကျော် အချိန်ကာလ တစ်ခု လွန်မြောက်သွားခဲ့လေပြီ။

*

နှစ်ဝက်ကျော် ကြာပြီးနောက်..

စုယွီသည် တတိယအထပ်မှ စတုတ္ထအထပ်သို့ ကူးပြောင်းသွားခဲ့၏။

အပြင်ဘက်ရှိ ရွှေရောင် ချပ်ဝတ် ခေါင်းဆောင်နှစ်ဦးကတော့ စတုတ္ထအထပ်သို့ ဝင်ရောက်ပြီးနောက် စုယွီတစ်ယောက် အနေရခက်သွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။

သို့သော်ငြား စုယွီက တင်ပျဉ်ခွေ ထိုင်ချလိုက်သောအခါ တတိယအထပ်တွင် ရှိနေစဉ်ကကဲ့သို့ပင် ကျောက်တုံးကြီး တစ်တုံးပမာ တည်ငြိမ်နေဆဲ ဖြစ်ပါ၏။

စတုတ္ထအထပ်၏ တာအိုနယ်ပယ် မဟာအောင်မြင်ခြင်းအဆင့် နီးပါး တာအိုစွမ်းအားများ အောက်တွင် သူက ဘေးကင်းလုံခြုံနေဆဲဖြစ်ကာ ဤအထပ်၏ တာအိုစွမ်းအားများကို နားလည်သဘောပေါက်ရန် အာရုံစိုက်ထားနိုင်ခဲ့သည်။

နောက်ထပ် တစ်နှစ်နီးပါး အချိန် ကုန်လွန်သွားခဲ့ပြန်၏။

စုယွီ၏ ပတ်ပတ်လည်ရှိ ဓာတ်ကြီးငါးပါး တာအိုနယ်ပယ်က ထင်ရှားစွာပင် တိုးတက်လာခဲ့သည်။

သူ၏ ကိုယ်ပိုင် ဓာတ်ကြီးငါးပါး တာအိုနယ်ပယ်က အောင်မြင်မှုရရှိရန် ခြေတစ်လှမ်းသာ လိုတော့ကြောင်း သူ ခံစားသိရှိနေပါ၏။

ထိုအခိုက်အတန့်တွင် စုယွီက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေခဲ့ချေ။

သူသည် စတုတ္ထအထပ်ကို ကျော်ဖြတ်ကာ တာအိုမျှော်စင်၏ ပဉ္စမအထပ်သို့ တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့တော့သည်။

“ဝေါ…”

တစ်ခါမျှ မကြုံဖူးသေးသော ကြောက်မက်ဖွယ် တာအိုစွမ်းအားကြီး တစ်ခုက ရောက်ရှိလာ၏။

ပဉ္စမအထပ်သို့ စုယွီ ခြေချလိုက်သည့် အခိုက်အတန့်မှာပင် သူသည် ခြေသုံးလှမ်းခန့် နောက်ဆုတ်သွားရသည်အထိ ဖိအားပေးခံလိုက်ရသည်။

သို့သော်ငြား စုယွီက ခုခံရန်အတွက် သူ၏ ကိုယ်ပိုင် ဓာတ်ကြီးငါးပါး တာအိုနယ်ပယ်ကို အပြည့်အဝ စုစည်းလိုက်သောအခါ သူ၏ ပုံရိပ်က ကျောက်ဆောင်ကြီး တစ်ခုသဖွယ် နောက်တစ်ကြိမ် မားမားမတ်မတ် ရပ်တည်သွားနိုင်ခဲ့သည်။

All Chapters