အခန်း ၇၄၂
Vol. 50 Ch. 742
အခန်း (၇၄၂) - ကိုးထပ် တာအိုမျှော်စင်ကို ဖြတ်သန်းခြင်း၊ ရှေးဟောင်း ယွဲ့ အင်မော်တယ် နန်းတော်၏ ဂုဏ်ကျက်သရေ (အပိုင်း ၂)
အနာဂတ်တွင် စုယွီသည် သူ၏ဆရာဖြစ်သူ ဝေ ရှင်းဟယ် (ဝါ) ကြယ်မြစ်သခင်ကြီးကိုပင် ကျော်လွန်သွားနိုင်စွမ်း ရှိပေလိမ့်မည်။
သို့ဖြစ်သော်ငြား...
(၁၀) နှစ် ကြာပြီးနောက်..
တာအိုမျှော်စင်၏ အဋ္ဌမထပ်တွင် ထိုင်နေသော ပုံရိပ်တစ်ခုကို ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် နှစ်ဦးက အံ့ဩမှင်သက်စွာ စိုက်ကြည့်နေကြ၏။
ထိုပုံရိပ်ထံမှ ဓာတ်ကြီးငါးပါး၊ ဟင်းလင်းပြင်၊ အချိန်၊ ပုံရိပ်ယောင် တာအိုနယ်ပယ်များနှင့် ခန္ဓာက်ိုယ် သန့်စင်ခြင်း နယ်ပယ် နှစ်ခုတို့ ထွက်ပေါ်နေခြင်းက သူတို့၏ မျက်နှာထက်တွင် ရှုပ်ထွေးလှသော ခံစားချက်ပေါင်းစုံကို အလှည့်ကျ ပေါ်ထွက်လာစေတော့သည်။
“ဒီလောက် များပြားလှတဲ့ တာအိုနယ်ပယ် စွမ်းအားတွေပါလား...”
“ဒီကောင်လေးက... အလှည့် (၉) ကြိမ် ရွှေရောင်အမြုတေနဲ့ မူလဝိညာဉ် နယ်ပယ်ကို အဆင့်ချိုးဖြတ်သွားခဲ့တာပဲ...”
ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်၏ အသံမှာ အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေပြီး အနည်းငယ်ပင် တုန်ယင်နေလေ၏။
ဤကောင်းကင်နှင့် မြေကြီးအောက်တွင် ကျင့်ကြံသူတိုင်း နီးပါးသည် တာအိုစွမ်းအား တစ်မျိုးတည်းကိုသာ ကျင့်ကြံကြခြင်း ဖြစ်သည်။
အခြားသော တာအိုလမ်းစဉ်များ၏ အပေါ်ယံ သဘောတရား အနည်းငယ်ကိုသာ နားလည် သဘောပေါက်ကောင်း ပေါက်နိုင်ပေလိမ့်မည်။
သို့သော် မူလဝိညာဉ် နယ်ပယ်သို့ အဆင့်ချိုးဖြတ်ပြီးနောက်ပိုင်းတွင်... အခြေခံ အုတ်မြစ်မှာ အလှည့် (၉) ကြိမ် ရွှေရောင်အမြုတေ မဟုတ်ခဲ့လျှင် ကျင့်ကြံသူများသည် တာအိုနယ်ပယ် မူလဇစ်မြစ် တစ်ခုတည်းကိုသာ စုစည်းနိုင်ကြပေသည်။
၎င်းကို အခြေခံ အုတ်မြစ်အဖြစ် အသုံးပြုကာ သူတို့၏ သိမြင်နားလည်နိုင်စွမ်းကို တစ်ဆင့်ချင်း တိုးချဲ့ပြီး အင်မော်တယ် လမ်းစဉ်သို့ တက်လှမ်းကြရခြင်း ဖြစ်၏။
သို့သော် ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် နှစ်ဦးစလုံး ရှင်းလင်းစွာ မြင်တွေ့နေရသည်မှာ ယခု လက်ရှိ တာအိုမျှော်စင်၏ အဋ္ဌမထပ်တွင် ရှိနေသော စုယွီ၏ ပတ်ပတ်လည်၌ အမျိုးအစားစုံလင်လှသော တာအိုနယ်ပယ် စွမ်းအားများ စုစည်း ဖြာထွက်နေခြင်းပင် ဖြစ်တော့သည်။ အနည်းဆုံးတော့ ၎င်းတို့မှာ ဓာတ်ကြီးငါးပါး၊ ပုံရိပ်ယောင် တာအိုနယ်ပယ်များနှင့် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ် နှစ်ခုတို့ ဖြစ်နေခဲ့၏။ ထို့ပြင် အချိန်နှင့် ဆက်နွှယ်နေပုံရသော လျှို့ဝှက်ဆန်းကြယ်သည့် တာအိုစွမ်းအား တစ်ခုကလည်း နယ်ပယ်၏ မူလဇစ်မြစ်ထဲသို့ စုစည်း ဝင်ရောက်နေသေးသည်။
အခြားတစ်နည်း အားဖြင့် ဆိုရသော်... ဤကောင်လေးသည် ဓာတ်ကြီးငါးပါး တာအိုနယ်ပယ် တစ်ခုတည်းကိုသာ ကျင့်ကြံနေခြင်း မဟုတ်ချေ။ လမ်းစဉ်များစွာကို တစ်ပြိုင်နက်တည်း ကျင့်ကြံနေခြင်းပင်တည်း။
“သူက ဓာတ်ကြီးငါးပါး တာအိုနယ်ပယ် အပြင် ဟင်းလင်းပြင် တာအိုနယ်ပယ်နဲ့ အချိန် တာအိုကိုပါ ကျွမ်းကျင် ပိုင်နိုင်နေခဲ့တာပဲ...”
ဒုတိယမြောက် ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က တုန်လှုပ်စွာဖြင့် ထပ်မံ ရေရွတ်လိုက်၏။
“အလှည့် (၉) ကြိမ် ရွှေရောင်အမြုတေ အခြေခံ... ဒီကောင်လေးက ကောင်းကင်ကိုများ ဆန့်ကျင်ဖို့ ကြိုးစားနေတာလား...”
ဓာတ်ကြီးငါးပါး တာအိုနယ်ပယ် တစ်ခုတည်းကို ကျွမ်းကျင် ပိုင်နိုင်ရန် ဆိုသည်မှာပင် လွယ်ကူသော ကိစ္စရပ် တစ်ခု မဟုတ်ပါချေ။
အကယ်၍ ဤကောင်လေးသာ ဟင်းလင်းပြင် တာအိုနယ်ပယ်၏ မူလဇစ်မြစ်ကိုပါ ခိုင်မာအောင် စုစည်းနိုင်ခဲ့ပြီး... အချိန်နှင့် ဆက်နွှယ်နေသော တာအိုနယ်ပယ် မူလဇစ်မြစ်ကိုပါ ထပ်မံ ပေါင်းထည့်နိုင်ခဲ့မည် ဆိုပါက...
ယင်းတို့အနက်မှ တစ်ခုစီကို ခွဲထုတ်လိုက်လျှင်ပင် အနှစ်တစ်ထောင်... သို့မဟုတ် အနှစ်တစ်သောင်းတွင်မှ တစ်ကြိမ်တစ်ခါသာ တွေ့ရခဲသော ဘီလူးသဘက်ဆန်သည့် ပါရမီရှင် တစ်ဦးကို ဖန်တီးပေးရန် လုံလောက်လှပေသည်။ ယခုမူ ထိုအရာများ အားလုံးသည် လူတစ်ယောက်တည်း၏ ခန္ဓာကိုယ် အတွင်း၌ စုစည်းနေခဲ့ချေပြီ။
အလှည့် (၉) ကြိမ် ရွှေရောင်အမြုတေ ဟူသည် ရှေးဟောင်းခေတ် ကာလများက မကြားဖူးသော အရာတော့ မဟုတ်ခဲ့ပေ။
မည်သို့ပင်ဆိုစေ ၎င်းသည် အမြုတေ ဖွဲ့စည်းခြင်း နယ်ပယ်၏ အခြေခံ အုတ်မြစ်တစ်ခုသာ ဖြစ်သည် မဟုတ်ပါလော။
သို့ဖြစ်သော်ငြားလည်း... တစ်ခါတစ်ရံတွင် အလှည့် (၉) ကြိမ် ရွှေရောင်အမြုတေ အခြေခံဖြင့် အဆင့်ချိုးဖြတ်နိုင်ခဲ့သော ပါရမီရှင်များပင်လျှင် လမ်းစဉ်များစွာကို တစ်ပြိုင်နက်တည်း ကျင့်ကြံလေ့ မရှိကြပါချေ။
လူတစ်ယောက်၏ စွမ်းအင်နှင့် အာရုံစူးစိုက်နိုင်စွမ်း ဟူသည် အမြဲတမ်း ကန့်သတ်ချက် ရှိနေစမြဲ ဖြစ်ရာ... လမ်းစဉ်များစွာကို တစ်ပြိုင်နက်တည်း ကျင့်ကြံခြင်းက အာရုံများ ထွေပြားသွားစေပြီး အရာအားလုံးကို တတ်ကျွမ်းသော်လည်း မည်သည့်အရာကိုမျှ ထဲထဲဝင်ဝင် မသိရှိသောသူ တစ်ယောက် အဖြစ်သို့ ပြောင်းလဲသွားစေနိုင်ပေသည်။
ထိုကဲ့သို့သော သူမျိုးသည် မည်သည့်အခါမျှ အစစ်အမှန် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်မည် မဟုတ်ချေ။
အရာအားလုံးကို တတ်ကျွမ်းနေခြင်း ဆိုသည်မှာ အရာအားလုံး၌ သာမန်မျှသာ ဖြစ်နေခြင်းကို ဆိုလိုပြီး အဆုံးတွင်တော့ သာမန် လူအုပ်ကြီးထဲ၌သာ ပျောက်ကွယ်သွားရပေလိမ့်မည်။
စုယွီကဲ့သို့ အလှည့် (၉) ကြိမ် ရွှေရောင်အမြုတေကို ရရှိထားပြီး ဓာတ်ကြီးငါးပါး တာအိုနယ်ပယ် တစ်ခုတည်း သာမကဘဲ သူ၏ ပတ်ပတ်လည်၌ တာအိုနယ်ပယ် ငါးခုမှ ခြောက်ခုအထိ ပိုင်ဆိုင်ထားသူမျိုး ဆိုသည်မှာကား... အလွန်တရာမှ ရှားပါးလှပေစွ။
ထိုအချက်ကို သဘောပေါက်သွားသောအခါ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် နှစ်ဦးစလုံး မျက်မှောင်ကြုတ်သွားကြတော့၏။
စုယွီသည် တာအိုမျှော်စင်၏ အဋ္ဌမထပ်တွင် (၁၅) နှစ် နီးပါးခန့် နေထိုင်ခဲ့ပြီးနောက် တာအိုမျှော်စင်၏ နဝမထပ် နေရာလွတ် အတွင်းသို့ ခြေလှမ်း ဝင်ရောက်သွားခဲ့သည်။
ဤနေရာလွတ် အလွှာအတွင်း၌... စုယွီသည် ပြည့်စုံသော ဓာတ်ကြီးငါးပါး တာအိုနယ်ပယ်၏ စွမ်းအားကို အာရုံမခံမိခဲ့ချေ။ သို့သော် တာအိုနယ်ပယ်ထက် ပိုမို အစွမ်းထက်ပုံရသော ဓာတ်ကြီးငါးပါး မဟာတာအို စွမ်းအားကိုမူ သူ ရှင်းလင်းစွာ ခံစား သိရှိလိုက်ရ၏။
တာအိုမျှော်စင် နဝမထပ် နေရာလွတ်အတွင်းသို့ စုယွီ ခြေချလိုက်သည့် အခိုက်အတန့်မှာပင်... ထိုစွမ်းအားက သူ့ကို မြေပြင်ပေါ်သို့ ဖိချပစ်လိုက်ပြီး လုံးဝ မလှုပ်ရှားနိုင်အောင် ပြုလုပ်လိုက်တော့သည်။
စုယွီသည် တာအိုနယ်ပယ် စွမ်းအားများ အားလုံးကို စုစည်းလိုက်ပြီးနောက်မှသာ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားလိုက်ရပေသည်။
ဤနဝမထပ်ရှိ တာအိုစွမ်းအားမှာ စိတ်ကူး၍ပင် မရနိုင်လောက်အောင် အစွမ်းထက်လွန်းလှပြီး မူလဝိညာဉ် နယ်ပယ်ကိုပင် ကျော်လွန်နေခဲ့ချေပြီ။
စုယွီသည် ဓာတ်ကြီးငါးပါး မဟာတာအိုကို နားလည် သဘောပေါက်ရန် လအနည်းငယ်ကြာ ကြိုးပမ်းခဲ့သော်လည်း အဆုံးတွင်တော့ လက်လွှတ်လိုက်ရတော့၏။
သို့သော်လည်း တာအိုမျှော်စင်၏ နဝမထပ် နေရာလွတ်သည် ပြီးပြည့်စုံသော ဓာတ်ကြီးငါးပါး တာအိုနယ်ပယ်ကို နားလည် သဘောပေါက်စေရန် မကူညီနိုင်ခဲ့သော်ငြား တာအိုနယ်ပယ်များကို ပေါင်းစပ်နိုင်မည့် လမ်းကြောင်းတစ်ခုဆီသို့မူ သူ့ကို ဦးဆောင် ခေါ်သွားနိုင်ခဲ့ပေသည်။
အားကောင်းလှသော တာအိုစွမ်းအား၏ ဖိအားပေးမှု အောက်တွင် စုယွီသည် ဓာတ်ကြီးငါးပါး တာအိုနယ်ပယ်နှင့် ဟင်းလင်းပြင် တာအိုနယ်ပယ်တို့၏ စွမ်းအားများကို ပေါင်းစပ်ကြည့်လိုက်၏။
အကယ်၍ သူ ကျရှုံးသွားခဲ့မည် ဆိုလျှင်ပင် ဆန့်ကျင်ဘက် တာအိုနယ်ပယ် စွမ်းအားများကြောင့် ဖြစ်ပေါ်လာမည့် ပရမ်းပတာ ပဋိပက္ခများနှင့် မတည်ငြိမ်မှုများကို မျှော်စင်၏ စွမ်းအားက ဖိနှိပ်ပေးနိုင်စွမ်း ရှိသဖြင့် ၎င်းတို့မှာ ပျက်စီးယိုယွင်းမှုများကို ဖြစ်ပေါ်စေမည် မဟုတ်ပါချေ။
သို့ဖြစ်သော်ငြားလည်း ဤအရာက စုယွီ၏ ဝိညာဉ်နှင့် စိတ်အာရုံတို့ကို အဆက်မပြတ် မတည်မငြိမ် ဖြစ်နေစေခဲ့၏။ တစ်ခါတစ်ရံတွင် သူသည် သွေးများ အန်ထုတ်ရပြီး ဆန့်ကျင်ဘက် တာအိုနယ်ပယ် စွမ်းအားများကြောင့် သူ၏ ကြွက်သားများ၊ အရိုးများနှင့် ခန္ဓာကိုယ် တစ်ခုလုံးမှာ နေရာလွဲချော်ကာ ကွဲအက်သွားရသည်။
နှစ်အနည်းငယ် ကြာပြီးနောက်..
စုယွီသည် တာအိုမျှော်စင်၏ နဝမထပ်မှ ထွက်ခွာလာခဲ့၏။ တာအိုနယ်ပယ်များ ပေါင်းစပ်ခြင်းနှင့် ပတ်သက်၍ အနည်းငယ် နားလည် သဘောပေါက်ခဲ့သော်လည်း ကြီးမားသော တိုးတက်မှုတော့ မရှိခဲ့ပါချေ။
မူလဝိညာဉ် နယ်ပယ်တွင် ရှိနေစဉ် သူ၏ ကျင့်ကြံခြင်း အတွင်းသို့ တာအိုနယ်ပယ် စွမ်းအားများကို ပေါင်းစပ် ထည့်သွင်းရန်မှာ သူ၏ အတွက် စောလွန်းနေသေးသည်လည်း ဖြစ်နိုင်ပေသည်။
မည်သို့ပင်ဆိုစေ သူသည် တာအိုမျှော်စင် အတွင်း၌ (၄၀) နှစ်ပင် မပြည့်သေးသော အချိန်ကာလ တစ်ခုသာ နေထိုင်ခဲ့ရသေးသည် မဟုတ်ပါလော။
စုယွီ၏ ဓာတ်ကြီးငါးပါး တာအိုနယ်ပယ်သည် အရည်အသွေးပိုင်း ဆိုင်ရာ အသွင်ပြောင်းလဲမှု တစ်ခုကို ဖြတ်သန်းခဲ့ရသလောက်ပင် ရှိနေပြီး မဟာအောင်မြင်ခြင်းအဆင့်သို့ ရောက်ရှိကာ ပြီးပြည့်စုံသော တာအိုနယ်ပယ်နှင့် သိပ်မဝေးတော့ချေ။
ဟင်းလင်းပြင်နှင့် အချိန် တာအိုနယ်ပယ် တို့တွင်လည်း အနည်းငယ်သော တိုးတက်မှုများ ရှိခဲ့ရာ လုံးဝ မရှိသည်ထက်စာလျှင် ကောင်းမွန်လှပေ၏။
ပုံရိပ်ယောင် တာအိုနယ်ပယ်မှာလည်း သူ မသိလိုက်ဘဲ အသေးစား တာအိုနယ်ပယ် အဆင့်သို့ ရောက်ရှိသွားခဲ့ချေပြီ။
ခန္ဓာကိုယ်ကြံ့ခိုင်မှု တာအိုနယ်ပယ် သည်လည်း အသေးစား တာအိုနယ်ပယ် အဆင့်နှင့် ညီမျှနေသည်။
ဤတာအိုမျှော်စင် နဝမထပ်သို့ သွားရောက်ခဲ့ရသော ခရီးစဉ်သည် စုယွီ၏ မူလဝိညာဉ် အခြေခံ အုတ်မြစ်ကို ကြီးမားစွာ တိုးတက်ကောင်းမွန်စေခဲ့၏။
ဒန်တျန် အတွင်း၌ အနည်းငယ် ရင့်ကျက်ပုံ မရသေးသော မူလဝိညာဉ်မှာ ယခုအခါ များစွာ ပိုမို ကြည်လင်လာခဲ့ပြီ ဖြစ်ကာ နက်ရှိုင်းလှသော ရေတွင်းဟောင်းကြီး တစ်ခုအလား အလွန်တရာ နက်နဲသော အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေတော့သည်။ ၎င်း၏ လျှို့ဝှက်ဆန်းကြယ်လှသော စွမ်းအင်များမှာ ဖမ်းဆုပ်ရန် ခက်ခဲပြီး အာရုံခံ သိရှိရန်ပင် ခက်ခဲလှပေ၏။
မူလဝိညာဉ်၏ တတိယမြောက် မျက်လုံး အတွင်း၌ စကားလုံး တစ်လုံး စုစည်း ဖြစ်တည်နေ၏။
ယင်းကား 'ယင်' ဟူသော စကားလုံးပင်တည်း။
စုယွီအား သာမန် ကျင့်ကြံသူများထက် မိမိကိုယ်ကိုယ် ဖုံးကွယ်နိုင်စွမ်း များစွာ သာလွန်သွားစေသည်မှာ တိတိကျကျ ဆိုရလျှင် ဤ 'ယင်' ဟူသော စကားလုံးကြောင့်ပင် ဖြစ်ပေသည်။
၎င်းသည် တာအိုနယ်ပယ် အတွင်း၌ ရရှိခဲ့သော အကျိုးအမြတ် တစ်ခု ဖြစ်၏။
ကျင့်ကြံခြင်း ပိုင်းဆိုင်ရာတွင်မူ... တာအိုမျှော်စင်၏ နဝမထပ်မှ စုယွီ ခြေလှမ်း ထွက်ခွာလာသည့် အခိုက်အတန့်မှာပင် သူ၏ အရှိန်အဝါသည် သူ မသိလိုက်ဘဲ မူလဝိညာဉ် နယ်ပယ်၏ ပဉ္စမအဆင့်သို့ မြင့်တက်သွားခဲ့ပြီး ဆဋ္ဌမအဆင့်နှင့်ပင် သိပ်မဝေးတော့ပါချေ။
မည်သို့ပင်ဆိုစေ သူသည် တာအိုမျှော်စင်၏ နဝမထပ်၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ဤနှစ်များ အတွင်း သူသည် တာအိုစွမ်းအားကို နားလည် သဘောပေါက်ရုံ သာမက သူ၏ မှော်စွမ်းအားများကိုပါ ကျင့်ကြံခဲ့သည် မဟုတ်ပါလော။
တာအိုမျှော်စင်၏ နဝမထပ်မှ ထွက်ခွာလာပြီးနောက် စုယွီ၏ စိတ်နေစိတ်ထားမှာ ပို၍ တည်ငြိမ်လာသယောင် ရှိါသည်။
သူသည် ဉာဏ်အလင်း ပွင့်သွားပြီးနောက် တည်ငြိမ် အေးချမ်းမှု ခံစားချက်ကို ရရှိခံစားခဲ့ရပြီး လောက လူသားတို့၏ ကိစ္စရပ်များ အပေါ် ဂရုမစိုက်တော့ဘဲ လျစ်လျူရှုလာခဲ့၏။
ယခင်က ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် နှစ်ဦး၏ ရှေ့မှောက်တွင် စုယွီ အနည်းငယ် တုံ့ဆိုင်းပြီး စိတ်လှုပ်ရှားနေခဲ့ပုံ ရသော်လည်း... ယခုအခါ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် နှစ်ဦး၏ ရှေ့၌ ထပ်မံ ရပ်တည်နေချိန်တွင်မူ တည်ငြိမ် အေးဆေးသော အမူအရာဖြင့်သာ ရပ်တည်နေတော့၏။
“ကျွန်တော့်ကို ဒီလို အခွင့်အရေးမျိုး ပေးခဲ့တဲ့အတွက် အထွတ်အမြတ်ထားရတဲ့ စီနီယာ နှစ်ဦးကို ကျေးဇူးတင်ပါတယ်ဗျာ...”
စုယွီက မာနမကြီးသလို နှိမ့်ချလွန်းခြင်းလည်း မရှိဘဲ ယဉ်ကျေးစွာ ဦးညွှတ်၍ တုံ့ပြန်လိုက်သည်။
ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် နှစ်ဦးသည် သူ့ကို မိစ္ဆာကောင် တစ်ကောင်အလား စိုက်ကြည့်နေကြသော်လည်း စုယွီကမူ မည်သည့် ဖိအားကိုမျှ မခံစားရဘဲ သူတို့၏ အကြည့်များကို ရင်ဆိုင်ကာ ခပ်ဖွဖွ ပြုံးပြနေလိုက်၏။
ဗလတောင့်တောင့် ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က စုယွီကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီး သူ၏ လေသံမှာ အနည်းငယ် ပြောင်းလဲသွားတော့သည်။
“ဒီကနေ့က စပြီးတော့ မင်းဟာ ကိုးထပ် တာအိုမျှော်စင်ရဲ့ စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တဲ့ ယွဲ့ အင်မော်တယ် မျှော်စင်ရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်သွားပြီ...”
သူက တည်ကြည် လေးနက်စွာဖြင့် ရှင်းပြလိုက်သည်။
“ရှေးဟောင်းခေတ် ကာလတုန်းက ယွဲ့ အင်မော်တယ် မျှော်စင် ဆိုတာ ယွဲ့အင်မော်တယ် ဦးဆောင်တဲ့ ကိုယ်ပိုင် အင်အားစု တစ်ခု ဖြစ်ပြီး ဘယ် အင်မော်တယ် ဂိုဏ်း... ဘယ် တာအို လမ်းစဉ်ရဲ့ လက်အောက်ခံမှ မဟုတ်ခဲ့ဘူး...”
“ယွဲ့ အင်မော်တယ် မျှော်စင်ကို ဝင်ရောက်လာတဲ့ တပည့်တွေကို နေ၊ လ၊ ကြယ်၊ မူလ ဆိုပြီး အဆင့်လေးဆင့် ခွဲခြား သတ်မှတ်ထားတယ်...”
သူက ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်လက် ရှင်းပြလေ၏။
“ယွဲ့အင်မော်တယ်က မူလတုန်းက ယွဲ့ အင်မော်တယ် မျှော်စင်ကို အုပ်ချုပ်ဖို့ ဒါမှမဟုတ် ယွဲ့ အင်မော်တယ် မျှော်စင်ရဲ့ အမွေအနှစ်ကို ဆက်ခံဖို့အတွက် နောက်ထပ် အဆင့်တစ်ခု သတ်မှတ်ပေးဖို့ ရည်ရွယ်ထားခဲ့တာ...”
“ကံမကောင်းစွာနဲ့ပဲ အရှင်သခင်.. ကံကြမ္မာဆိုးနဲ့ မကြုံတွေ့ရခင် အချိန်အထိ ယွဲ့ အင်မော်တယ် မျှော်စင် ထဲမှာ ဘယ်သူမှ ရှေ့ထွက် မလာနိုင်ခဲ့သလို အရှင်သခင်ရဲ့ အသိအမှတ်ပြုမှုကို ခံရလောက်တဲ့ အထိ ထိုက်တန်သူ တစ်ယောက်မှ မရှိခဲ့ဘူး...”
စုယွီ၏ မျက်နှာပေါ်ရှိ နားမလည် ဇဝေဇဝါ ဖြစ်နေသော အမူအရာကို မြင်လိုက်ရသောအခါ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က ထပ်မံ ရှင်းပြလိုက်၏။
နေ၊ လ၊ ကြယ်၊ မူလ ဟူသော အဆင့်လေးဆင့် အနက် နေနှင့် လ အဆင့်များမှာ တပည့်များ အတွက် ဖြစ်ပြီး ကြယ်အဆင့်မှာမူ ပကတိ
ဟင်းလင်းပြင် တာအိုသခင်ကြီး စွမ်းအားကို ပိုင်ဆိုင်ထားသော သူ မဆုံတွေ့ဖူးသေးသည့် သူ၏ဆရာ ဝေရှင်းဟယ် ကဲ့သို့သော ယွဲ့ အင်မော်တယ် မျှော်စင်၏ အုပ်ချုပ်ရေး အရာရှိများ အတွက် ဖြစ်သည်။
မူလ အဆင့်မှာမူ ယွဲ့ အင်မော်တယ် မျှော်စင်၏ အကြီးအကဲများ ဖြစ်ကြပြီး တာအိုပေါင်းစည်း သခင် အဆင့်များ ဖြစ်ကြ၏။
ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ စုယွီမှာ မှင်သက် အံ့အားသင့်သွားရပြီး တိုးညှင်းသော လေသံဖြင့် မေးလိုက်တော့သည်။
“ဒါဆို... သတ်မှတ် မထားရသေးတဲ့ အဆင့် ဆိုတာက...”
ဒုတိယမြောက် ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က ဝင်ရောက် တုံ့ပြန်လိုက်၏။
“မဟာယာန အဆင့်ပဲ...”
စုယွီမှာ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီး သူ၏ အံ့အားသင့် တုန်လှုပ်မှုကို မထိန်းချုပ်နိုင်အောင် ဖြစ်နေရတော့သည်။
'ဒီ ယွဲ့ အင်မော်တယ် မျှော်စင်က... ဒီလောက်တောင် အစွမ်းထက်နေတာလား...'
သူ သတိမဝင်လာနိုင်မီမှာပင် ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က သူ့ထံသို့ အမှတ်အသား တံဆိပ်ပြား တစ်ခု ပစ်ပေးလိုက်ရာ စုယွီက အလိုအလျောက်ပင် ဖမ်းဆုပ်လိုက်မိ၏။ ၎င်း၏ အပေါ်တွင် ကြီးမားသော နေမင်း သင်္ကေတ တစ်ခုနှင့် အတူ သူ၏ နာမည်ဖြစ်သော စုယွီ ဟူသည့် စာလုံးကို ထွင်းထုထားသည်။
ပထမ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင်က ရှင်းပြလိုက်သည်။
“အဲဒီအကြောင်းတွေ သိပ်များများ စဉ်းစားမနေပါနဲ့... ဒါက အတိတ်က ယွဲ့ အင်မော်တယ် မျှော်စင်ရဲ့ ဂုဏ်ကျက်သရေတွေပါ... အခုတော့... မင်း မြင်တဲ့အတိုင်းပဲ... ယွဲ့ အင်မော်တယ် မျှော်စင်က ဒီလောက်ပဲ ကျန်တော့တယ်... ပြီးတော့ ငါတို့ နှစ်ယောက်တည်းသာ အသိစိတ် နည်းနည်း ကျန်နေခဲ့တာပါ...”
“မင်းကတော့... အခုမှ ဝင်ရောက်လာတဲ့ နေအဆင့် တပည့် တစ်ယောက်သာ ဖြစ်တယ်...”
“အများကြီး စဉ်းစားနေလို့လည်း ဘာမှ အကျိုးမရှိပါဘူး... အခု မြို့တော်ထဲမှာ မင်း ရရှိထားတဲ့ အခွင့်အရေးတွေ အကြောင်း ငါ ပြောပြမယ်...”
“ခဏနေရင်... ငါ မင်းကို ဝူထုံကြီးဆီ ခေါ်သွားပေးမယ်... သူ့ရဲ့ ရေကန်ထဲမှာ ဝိညာဉ်အရည် အနည်းငယ် ကျန်နေသေးတယ်... အဲဒါက မင်းအတွက် နည်းနည်းတော့ အသုံးဝင်လိမ့်မယ်... ကိုးထပ် တာအိုမျှော်စင်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် ဆုလာဘ် တစ်ခုလို့သာ မှတ်ယူလိုက်ပေါ့ကွာ...”
သို့နှင့် အမှောင်ထု လွှမ်းခြုံနေသော မြို့တော် အတွင်း၌ ရွှေရောင်ချပ်ဝတ် ခေါင်းဆောင် နှစ်ဦးသည် စုယွီနှင့် အတူ လမ်းလျှောက်ရင်း ရှေးဟောင်း ယွဲ့ အင်မော်တယ် မျှော်စင်၏ အတိတ်က ဂုဏ်ကျက်သရေများကို ဖော်ထုတ် ပြသလျက်... မြို့တော် တစ်ခွင်ရှိ အဆောက်အအုံ အမျိုးမျိုးနှင့် ယန္တရားများ အကြောင်းကို မိတ်ဆက် ရှင်းပြနေကြတော့၏။