← Chapters

အခန်း ၇၄၃

Vol. 50 Ch. 743

အခန်း ၇၄၃

Vol. 50 Ch. 743

အခန်း (၇၄၃) - ကိုးထပ် တာအိုမျှော်စင်ကို ဖြတ်သန်းခြင်း၊ ရှေးဟောင်း ယွဲ့ အင်မော်တယ် နန်းတော်၏ ဂုဏ်ကျက်သရေ(အပိုင်း ၁)

“ကိုးထပ်တာအိုမျှော်စင်က သခင်ကြီးချန်ထားရစ်ခဲ့တာပဲ.. ယွဲ့ အင်မော်တယ် မြို့တော်ပတ်လည်က တာအိုမျှော်စင်လေးခုကတော့ အရင်တုန်းက အကြီးအကဲတွေ ထားခဲ့တာ.. မင်းက တာအိုတရားကို ဆင်ခြင်ချင်တယ်ဆိုရင် ဒီမှာပဲ ဆက်နေပြီး မျှော်စင်တစ်ခုချင်းစီထဲ ဝင်ရောက်ပြီး ဉာဏ်အလင်းရှာဖွေနိုင်တယ်”

“ဒါကတော့ သိုင်းကျမ်းတစ်သောင်း မျှော်စင်ပဲ.. စုစုပေါင်း ငါးဆင့်ရှိပြီး သခင်ကြီးရဲ့ စုဆောင်းမှုတွေနဲ့ နက်ရှိုင်းတဲ့ နိယာမတွေ အများကြီးရှိတယ်”

“ဒါပေမဲ့ မင်းရဲ့ အခုလက်ရှိ နေ အဆင့်တပည့် အခွင့်အာဏာနဲ့ဆိုရင် ပထမအဆင့်မှာပဲ နေလို့ရမယ်.. ဒုတိယအဆင့်ကတော့ လ အဆင့်တပည့် အခွင့်အာဏာ လိုအပ်တယ်”

စုယွီက စဉ်းစားဟန်ဖြင့် မေးမြန်းလိုက်သည်။

“ကြယ် အဆင့်တပည့်ဖြစ်ဖို့ သတ်မှတ်ချက်က ဘာလဲ ခင်ဗျာ”

‘အရင်တုန်းကဆိုရင် အကြီးအကဲရဲ့ သဘောတူညီချက် လိုတာပေါ့.. ဒါပေမဲ့ အခုတော့... မင်း ဝိဉာဉ်ခွဲထွက်နယ်ပယ်ကို အဆင့်ချိုးဖြတ်နိုင်သရွေ့ လ အဆင့်တပည့် ဖြစ်လာနိုင်တယ်’

ပထမရွှေရောင် ချပ်ဝတ်ခေါင်းဆောင်က

ရှင်းပြလိုက်၏။

စုယွီက နားလည်သဘောပေါက်စွာ ခေါင်းညိတ်လိုက်သည်။

ဝိဉာဉ်ခွဲထွက်နယ်ပယ်က လ အဆင့်အတွက်ဆိုလျှင် ဝေရှင်းဟယ်လို ကြယ်အဆင့် အုပ်ချုပ်သူဖြစ်ဖို့က ပကတိ ဟင်းလင်းပြင် နယ်ပယ်ကို ရောက်ရမည်မှာ သေချာသည်။

ရှေ့ဆက်သွားရလျှင်...

“ဒါက လက်နက်မျှော်စင်.. ဒါက ဆေးလုံးမျှော်စင်.. ဒါကတော့ ရုပ်သေးမျှော်စင်…”

လက်နက်မျှော်စင် ဘေးကနေ ဖြတ်သွားချိန်တွင် ပထမရွှေရောင် ချပ်ဝတ်ခေါင်းဆောင်က အထဲသို့ပင် ဝင်ရောက်သွားပြီး စုယွီအတွက် အဆင့်နိမ့်မှော်လက်နက်အစုံလိုက်ဖြစ်သော ယွဲ့ အင်မော်တယ် တပည့်ဝတ်စုံနှင့် စံပြ မှော်ရတနာတစ်ခုကို ရှာဖွေပေးခဲ့သည်။

၎င်းတွင် ဝတ်ရုံတစ်ထည်.. ဓားပျံ တစ်စင်းနှင့် သိုလှောင် ရတနာတစ်ခု ပါဝင်သည်။

ပထမရွှေရောင် ချပ်ဝတ်ခေါင်းဆောင်က ထိုအရာများကို စုယွီထံ ကမ်းပေးရင်း

“ကံကောင်းလို့ ဒီအရာတွေက သုံးလို့ရသေးတယ်”

“နောက်ဆို မြို့ထဲဝင်ရင် ဒါတွေကို ဝတ်ဆင်ထား.. သခင်ကြီးက ထူးဆန်းတဲ့ ဝတ်စုံတွေဝတ်ပြီး ယွဲ့ အင်မော်တယ် နန်းတော်ထဲ ဝင်တာကို မကြိုက်ဘူး”

သိုင်းကျမ်းတစ်သောင်း မျှော်စင် ဘေးကနေ ဖြတ်သွားသောအခါ စုယွီက ရင်ခုန်လှုပ်ရှားစွာဖြင့် “စီနီယာ.. အရင်က ပြောခဲ့တဲ့ ရုပ်သေးကောင်းကင်သိုင်းကျမ်းက အထဲမှာ ရှိတာလား ခင်ဗျာ” ဟု မေးလိုက်သည်။

ပထမရွှေရောင် ချပ်ဝတ်ခေါင်းဆောင်က ဖုံးကွယ်မထားဘဲ ခေါင်းညိတ်ပြ၏။

“ဟုတ်တယ်.. ဒါပေမဲ့ ပထမထပ်မှာရှိတဲ့ ရုပ်သေးကောင်းကင်သိုင်းကျမ်းက စတုတ္ထအဆင့် ရုပ်သေးတွေရဲ့ အမွေအနှစ်ကိုပဲ မင်းကြည့်နိုင်မယ်”

“ပဉ္စမအဆင့်အထက်ကို ကြည့်ချင်ရင်တော့ ဒုတိယထပ်ကို တက်ရလိမ့်မယ်”

“ရုပ်သေးကောင်းကင်သိုင်းကျမ်းအပြင် သခင်ကြီးချန်ထားခဲ့တဲ့ နက်ရှိုင်းတဲ့ တာအိုတွေ အများကြီးရှိသေးတယ်.. မင်းအတွက် အသုံးဝင်နိုင်တာမို့ သွားကြည့်နိုင်တယ်”

ရွှေရောင် ချပ်ဝတ် ခေါင်းဆောင်နှစ်ယောက်သည် စုယွီအတွက် ယွဲ့ အင်မော်တယ် မြို့တော်၌ နေထိုင်ရန် လွတ်နေသော ဂူဗိမာန် တစ်ခုကိုပင် ရွေးချယ်ပေးခဲ့ကြသေးသည်။

“ယွဲ့ အင်မော်တယ် မြို့တော်ရဲ့ စည်းကမ်းတွေက တင်းကျပ်တယ်.. တခြားသူတွေရဲ့ သဘောတူညီချက်မပါဘဲ ဂူဗိမာန်ထဲ ဇွတ်ဝင်တာကို တားမြစ်တယ်.. ပြီးတော့ အခွင့်အာဏာမရှိဘဲ တခြားအဆင့်နေရာတွေကို သွားတာကိုလည်း တားမြစ်တယ်”

“အကြီးအကဲတွေကို စော်ကားတာ.. ယွဲ့ အင်မော်တယ် မြို့တော်ကို ဖျက်ဆီးတာ.. ကိုယ်နဲ့ မဆိုင်တဲ့ ပစ္စည်းတွေကို ခိုးယူတာတွေကို တားမြစ်ထားတယ်.. မင်းအနေနဲ့ ယွဲ့ အင်မော်တယ် မြို့တော် တည်ရှိမှုကို ပြင်ပကို ပေါက်ကြားခွင့်မရှိဘူး.. မဟုတ်ရင် ယွဲ့ အင်မော်တယ် နန်းတော်ကို သစ္စာဖောက်တယ်လို့ သတ်မှတ်ခံရလိမ့်မယ်”

ဒုတိယရွှေရောင် ချပ်ဝတ်ခေါင်းဆောင်က ယွဲ့ အင်မော်တယ် နန်းတော်၏ စည်းကမ်းချက်များကို စုယွီအား တစ်ခုချင်းစီ ရှင်းပြခဲ့သည်

*

ဒုတိယမြောက်နေ့တွင်မူ သူတို့က ရှေးဟောင်းယွဲ့ အင်မော်တယ် နန်းတော်၏ အခြေအနေကို စုယွီအား အကြမ်းဖျင်း မိတ်ဆက်ပေးခဲ့ကြ၏။

“ပထမဆုံး မင်းကို ဝူထုံကြီးရဲ့ စိတ်ဝိဉာဉ်ရေကန်ဆီ ခေါ်သွားပေးမယ်”

ပြောပြောဆိုဆိုနှင့် ပထမရွှေရောင် ချပ်ဝတ်ခေါင်းဆောင်က လက်ကို ဝှေ့ယမ်းလိုက်ရာ ဖော်ပြ၍မရသော စွမ်းအားတစ်ခုက စုယွီကို ရစ်ပတ်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အဆင့်မြင့်ဂူဗိမာန် တစ်ခုထဲသို့ ရောက်ရှိသွားတော့သည်

ဘေးနားတွင် ပြတင်းပေါက်အသေးလေးတစ်ခု ရှိနေပြီး စုယွီက အပြင်သို့ လှမ်းကြည့်လိုက်ရာ ယွဲ့ အင်မော်တယ် မြို့တော်တစ်ခုလုံး မိမိခြေဖဝါးအောက်တွင် ရောက်နေသည်ကို အံ့ဩတုန်လှုပ်စွာ မြင်တွေ့လိုက်ရသည်။

“စီနီယာ.. ဒါက ကျွန်တော် ဝင်လာတုန်းက တွေ့ခဲ့တဲ့ သစ်ပင်လား ခင်ဗျာ…”

စုယွီက ထိတ်လန့်သွားပြီး မေးလိုက်၏။

ပထမရွှေရောင် ချပ်ဝတ်ခေါင်းဆောင်က

ဖြေလာ၏။

“ဒလကို ဝူထုံလို့ ခေါ်တယ်.. ငါတို့အားလုံးကတော့ ဝူထုံကြီးလို့ ခေါ်ကြတာပေါ့.. အရင်တုန်းက သခင်ကြီး စိုက်ပျိုးခဲ့တဲ့ စိတ်ဝိဉာဉ်သစ်ပင်ပဲ.. ဒါပေမဲ့ နှမြောစရာကောင်းတာက ဝူထုံကြီးရဲ့ စိတ်ဝိဉာဉ်ခန္ဓာကိုယ်က တောင်မှ အချိန်တာအိုတရားရဲ့ တိုက်စားမှုကို မခံနိုင်ဘဲ အခုတော့ ဒီအခွံပဲ ကျန်တော့တယ်”

စကားအဆုံးမှာ ပထမရွှေရောင် ချပ်ဝတ်ခေါင်းဆောင်၏ လက်ထဲတွင် ရွှေရောင်တိုကင်ပြားတစ်ခု ထွက်ပေါ်လာသည်။ သူက ကျင့်ကြံခြင်းစွမ်းအားအချို့ကို ထည့်သွင်းလိုက်ရာ တိုကင်ပြားမှ အမှတ်အသားတစ်ခုက ရှေ့မှ အကာအကွယ်အလွှာထဲသို့ စီးဝင်သွားခဲ့သည်။

“ဝုန်း..”

နောက်ထပ်အခိုက်အတန့်တွင် ရှေးဟောင်းသစ်ပင် အကာအကွယ်အလွှာ စဝင် လှိုင်းထလာခဲ့၏။

ပထမရွှေရောင် ချပ်ဝတ်ခေါင်းဆောင်က စုယွီကို အထဲသို့ ခေါ်ဆောင်သွားရာ ထူထပ်လှသော သဘာဝစိတ်ဝိဉာဉ်စွမ်းအား မြူခိုးများဖြင့် ပြည့်နှက်နေပြီး ပြင်းထန်လှသော သက်စောင့်စွမ်းအားများက စုယွီကို လန်းဆန်းတက်ကြွသွားစေသည်။

မြူတိမ်များကြားတွင် စိတ်ဝိဉာဉ်ရေကန်တစ်ခု တည်ရှိနေသည်ကို စုယွီ ဝေဝါးစွာ မြင်လိုက်ရသည်။

သို့သော်လည်း ထိုစိတ်ဝိဉာဉ်ရေကန်ကြီးမှာ ယခုအခါ ခြောက်သွေ့နေပုံရ၏။

ပထမရွှေရောင် ချပ်ဝတ်ခေါင်းဆောင်၏ လမ်းညွှန်မှုအောက်တွင် စုယွီက စိတ်ဝိဉာဉ်ရေကန်ထဲ ဝင်ရောက်ခဲ့ပြီး ထောင့်စွန်းနားရှိ ကျင်းငယ်လေးတစ်ခုထဲတွင် သုံးပေခန့်ကျယ်သော စိမ်းဖန့်ဖန့် စိတ်ဝိဉာဉ်အရည် ကန်ငယ်လေးတစ်ခုကိုသာ ရှာတွေ့ခဲ့သည်။

“ဝူထုံကြီး ချန်ထားခဲ့တဲ့ စိတ်ဝိဉာဉ်အရည်က ထူးခြားဆန်းပြားတယ်.. မင်းရဲ့ ကျင့်ကြံခြင်းအတွက် အကျိုးရှိမှာ သေချာတယ်”

“နောက်ပြီးတော့ မင်း ဒီစိတ်ဝိဉာဉ်အရည်ကို အပြည့်အဝ စုပ်ယူနိုင်တဲ့အထိ ဒီမှာပဲ အောင်းပုန်းကျင့်ကြံနိုင်တယ်”

“အဲဒီနောက်ကျမှ မင်းရဲ့ အမှတ်အသားတိုကင်ပြားကို သုံးပြီး ထွက်သွားလို့ရတယ်’

‘ဒုတိယတစ်ယောက် ပြောခဲ့တဲ့ စည်းကမ်းတွေကို သတိရပါ.. မဖောက်ဖျက်မိစေနဲ့.. မဟုတ်ရင် သခင်ကြီးကိုယ်စား ငါတို့ သစ္စာဖောက်ကို ရှင်းလင်းရလိမ့်မယ်”

ပထမရွှေရောင် ချပ်ဝတ်ခေါင်းဆောင်က စုယွီကို အေးစက်စက် လေသံဖြင့် အလေးအနက် သတိပေးလိုက်သည်။

စုယွီက ပြန်လည်ဖြေကြားရန် ပြင်လိုက်စဉ်မှာပင် ပထမရွှေရောင် ချပ်ဝတ်ခေါင်းဆောင်က မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့လေပြီ။

စုယွီ၏ အကြည့်များက တည်ငြိမ်သွားပြီးနောက် တစ်ဖန် ပြန်လည်ပျောက်ကွယ်သွားပြန်၏။

သူ့အနေဖြင့် ဟင်းလင်းပြင်တာအိုတရားနှင့် အချိန်တာအိုတရားတို့ကို သိနားလည်ထားသော်လည်း ထိုအလျင်နှုန်းကို မမီနိုင်သေးပေ။

‘ဒီနှစ်ယောက်က ဘယ်လိုတည်ရှိမှုမျိုးလဲ...’

စုယွီ..တွေးတောနေမိသည်။

သူက မနေ့က မေးမြန်းခဲ့သော်လည်း ထိုနှစ်ယောက်က ဘာမှ ထုတ်မပြောခဲ့ကြချေ။

သို့သော်လည်း သူတို့နှင့် ဆက်ဆံကြည့်ပြီးနောက် ထိုရွှေရောင် ချပ်ဝတ်ခေါင်းဆောင်နှစ်ယောက်သည် အနည်းဆုံးတော့ အဆင့်မြင့် ဆဋ္ဌမအဆင့် ရုပ်သေးများဖြစ်ပြီး သတ္တမအဆင့်ပင် ဖြစ်နိုင်သည်ဟု သူ ခန့်မှန်းမိပါသည်။

သတ္တမအဆင့် ရုပ်သေးဆိုသည်မှာ တာအို ပေါင်းစည်း သခင် နယ်ပယ်နှင့် ညီမျှပေသည်။

ထိုသို့သော အစွမ်းအစအဆင့်က မည်မျှအထိ ပြင်းထန်မည်ကို စုယွီ စိတ်ပင် မကူးရဲချေ။

သူ့ရဲ့ အစ်ကိုကြီးဖြစ်သူ ဟုန်ယွဲ့အရှင်သခင်ကြီးသည်ပင် ဝိဉာဉ်ခွဲထွက်နယ်ပယ်၏ အထွတ်အထိပ် ခွန်အားဖြင့် တာ့ချန်ကျင့်ကြံခြင်း ကမ္ဘာ၏ ထိပ်ဆုံးတွင် ရပ်တည်နေပြီး အလွန်အမင်း အစွမ်းထက်လှသည်။

တာအို ပေါင်းစည်း သခင် နယ်ပယ်…

ဒီချန်ကျိုးကျင့်ကြံခြင်းလောကမှာ ရှိနိုင်ပါ့မလား…

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စုယွီ၏ အာရုံက ရှေ့မှ စိတ်ဝိဉာဉ်အရည် ကန်ငယ်လေးဆီသို့ ပြန်ရောက်လာခဲ့သည်။

စုယွီ အထဲသို့ လှမ်းဝင်လိုက်သည်နှင့် သန့်စင်သော ဓာတ်ကြီးစွမ်းအားများနှင့် သက်စောင့်စွမ်းအားများက သူ့ခန္ဓာကိုယ်ထဲသို့ တဟုန်ထိုး စီးဝင်လာခဲ့တော့၏။

သူက တင်ပျဉ်ခွေထိုင်လိုက်ရာ စိတ်ဝိဉာဉ်အရည်များက သူ့ခါးအထိ ရောက်ရှိနေတော့သည်။

All Chapters