← Chapters

အခန်း ၇၅၁

Vol. 51 Ch. 751

အခန်း ၇၅၁

Vol. 51 Ch. 751

အခန်း (၇၅၁) - ထျန်းဖုန်း နန်းတော် အပျက်အစီး.. တာအိုဆရာ တုန်းရွှီ၏ အရိုးစုအကြွင်းအကျန်များ (အပိုင်း ၁)

သို့သော် စုယွီသည် သူ၏အောင်မြင်မှုအသီးအပွင့်များကို မခံစားရသေးခင်မှာပင် စိတ်အာရုံအတွင်း ရုတ်တရက် တုန်ခါသွား၏။

လှည့်ကြည့်လိုက်သောအခါ ဒုတိယမြောက် ရွှေရောင်ချပ်ဝတ် စစ်သည်တော် ခေါင်းဆောင်မှာ သူ၏နောက်ကွယ်တွင် ရပ်နေသည်ကို မြင်လိုက်ရ၏။

ထိုစစ်သည်တော်မှာ မျက်လုံးများ မရှိသော်ငြားလည်း သူ၏မျက်ခုံးချိုင့်ခွက်များမှတစ်ဆင့် စုယွီကို အကဲခတ်စိုက်ကြည့်နေသယောင် ရှိနေတော့သည်။

စုယွီသည် ထိတ်လန့်သွားပြီး အလျင်အမြန်ပင် မတ်တတ်ထရပ်ကာ လေးစားစွာ ဦးညွှတ်လိုက်၏။

“ဆရာကြီး”

ခဏမျှ စိုက်ကြည့်ပြီးနောက် ဒုတိယမြောက် ရွှေရောင်ချပ်ဝတ် စစ်သည်တော် ခေါင်းဆောင်က ထူးဆန်းသော လေသံဖြင့် မေးမြန်းလိုက်၏။

“မင်းက တကယ်ကို အကုန်လုံး လေ့လာကျင့်ကြံနေတာပဲနော်”

“ဓာတ်ကြီးငါးပါးကျင့်စဉ်... ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်... ဆေးဖော်စပ်ခြင်း... အဆောင်လက်ဖွဲ့ပညာရပ်... အခင်းအကျင်းပညာရပ်... ရုပ်သေးပညာရပ်နဲ့ လက်နက်သွန်းလုပ်ခြင်းပညာရပ်... မင်းက အကုန်လုံးကို စူးစမ်းနေတာပဲ”

“မင်းရဲ့ စွမ်းအင်တွေ မလုံလောက်မှာ မကြောက်ဘူးလား”

“မင်းက အလှည့်ကိုးကြိမ် ရွှေအမြုတေရဲ့ အခြေခံအုတ်မြစ် ရှိနေပြီး တာအိုပညာရပ် အမျိုးမျိုးကို ကျင့်ကြံနိုင်တယ် ဆိုပေမယ့် လူတစ်ယောက်ရဲ့ စွမ်းအင်ဆိုတာ အကန့်အသတ် ရှိတယ်... အရာရာတိုင်းကို လေ့လာနေမယ့်အစား တစ်ခုတည်းကိုပဲ အာရုံစိုက်သင့်တာပါ”

စုယွီသည် ငြင်းခုန်ရန် မကြိုးစားဘဲ နှိမ့်ချစွာ တုံ့ပြန်လိုက်၏။

“ဆရာကြီးရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်... ဂျူနီယာ နားလည်ပါပြီ”

ဒုတိယမြောက် ရွှေရောင်ချပ်ဝတ် စစ်သည်တော် ခေါင်းဆောင်သည် မကျေနပ်သလို ဟွန့်ခနဲ အသံပြုလိုက်၏။ ထူးချွန်သော ပါရမီရှင်တို့မှာ ခေါင်းမာတတ်ကြပြီး မည်သူ့အကြံဉာဏ်ကိုမျှ နားမထောင်တတ်ကြကြောင်း သူ တွေးလိုက်မိသည်။

သူသည် လက်ကို ဆန့်ထုတ်လိုက်ရာ သံမဏိကျမ်းစာလိပ် တစ်ခုသည် ချက်ချင်း သူ၏လက်ထဲသို့ ရောက်ရှိလာ၏

သူက စုယွီထံသို့ ကမ်းပေးရင်း မှာကြားလိုက်သည်။

“ဒါက ရုပ်သေးကောင်းကင်ကျမ်းပဲ... သေချာ ဂရုတစိုက် လေ့လာပါ... မင်းရဲ့ အဓိက တာဝန်က အနက်ရောင်ဒေါသ စစ်သည်တော်တွေကို ပြုပြင်ဖို့ပဲ... အဲဒီအပေါ်မှာပဲ အာရုံစိုက်ထားပါ”

စကားပြောပြီးသည်နှင့် ဒုတိယမြောက် ရွှေရောင်ချပ်ဝတ် စစ်သည်တော် ခေါင်းဆောင်သည် လက်ကို ထပ်ဆန့်လိုက်ပြန်၏။ ဤတစ်ကြိမ်တွင် ရှေးဟောင်းသိုင်းကျမ်းစာအုပ်တစ်အုပ်သည် ကောင်းကင်မှ ကျဆင်းလာပြီး သူ၏လက်ထဲသို့ ရောက်သွားတော့သည်။

သူသည် စုယွီထံသို့ ပေးအပ်ရင်း ရှင်းပြလိုက်၏။

“ဒါက မင်း ရှာနေတဲ့ ပကတိ ဟင်းလင်းပြင် တာအိုသခင်ကြီးရဲ့ ကျင့်ကြံခြင်း ဉာဏ်အလင်းတွေပဲ”

“ဒါကို ဆုလာဘ်အဖြစ် သဘောထားပါ... ရုပ်သေးကောင်းကင်ကျမ်းကို ကောင်းကောင်း လေ့လာဖို့ မမေ့နဲ့... အနက်ရောင်ဒေါသ စစ်သည်တော်တွေကို ပြုပြင်တဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်ရင် ခေါင်းဆောင်ကြီးနဲ့ ငါက မင်းကို ထပ်ပြီး ဆုချီးမြှင့်ဦးမယ်”

သူ၏ ညွှန်ကြားချက်များကို ထပ်မံမှာကြားပြီးနောက် စုယွီက တာဝန်ကို နာခံစွာ လက်ခံသည်ကို မြင်ရသောအခါ ဒုတိယမြောက် ရွှေရောင်ချပ်ဝတ် စစ်သည်တော် ခေါင်းဆောင်သည် စိတ်ကျေနပ်စွာဖြင့် ထွက်ခွာသွားလေတော့၏။

အင်မော်တယ်နန်းတော်သို့ ပြန်ရောက်သောအခါ..

ဒုတိယမြောက် ရွှေရောင်ချပ်ဝတ် စစ်သည်တော် ခေါင်းဆောင်က သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်၏။

“ဒီကောင်လေးက တကယ်ကို စိတ်ရှည်တာပဲ... သိုင်းကျမ်းတစ်သောင်း မျှော်စင်မှာ နှစ်ပေါင်းများစွာ နေခဲ့တာတောင် ရုပ်သေးကောင်းကင်ကျမ်းကို တစ်ချက်လေးတောင် မထိခဲ့ဘူး”

“ငါတောင်မှ ကိုယ်တိုင် သွားပေးလိုက်ရသေးတယ်”

ပထမမြောက် ရွှေရောင်ချပ်ဝတ် စစ်သည်တော် ခေါင်းဆောင်က အေးအေးဆေးဆေးပင် ထောက်ခံလိုက်၏။

“ရုပ်သေးကောင်းကင်ကျမ်းမှာ နတ်ဘုရားနည်းစနစ်တွေ ပါဝင်ပြီး ဝိညာဉ်တွေကို စုစည်းဖို့အတွက် သဒ္ဓါတရားတွေကို လိုအပ်တယ်... လူတိုင်းက ရုပ်သေးကောင်းကင်ကျမ်းကို ကျွမ်းကျင်အောင် မလုပ်နိုင်ကြဘူး”

ဒုတိယမြောက် ရွှေရောင်ချပ်ဝတ် စစ်သည်တော် ခေါင်းဆောင်က မျှော်လင့်ချက်ဖြင့် ပြန်ပြောလိုက်သည်။

“ငါတို့ကတော့ အနည်းဆုံးတော့ ကြိုးစားကြည့်သင့်တာပေါ့... အောင်မြင်ခဲ့ရင် ယွဲ့အင်မော်တယ်မြို့တော်ဟာ သူ့ရဲ့ အရင်က ဂုဏ်ကျက်သရေကို ပြန်လည် ရရှိလာလိမ့်မယ်”

သိုင်းကျမ်းတစ်သောင်း မျှော်စင် အတွင်း‌၌..

သူ၏လက်ထဲတွင်ရှိသော သံမဏိကျမ်းစာလိပ်နှင့် ရှေးဟောင်းသိုင်းကျမ်းစာအုပ်ကို ကြည့်ရင်း စုယွီသည် အနည်းငယ် မှင်သက်မိသွား၏။

သူသည် ရုပ်သေးကောင်းကင်ကျမ်း အကြောင်းကို သိရှိထားပြီး ပကတိ ဟင်းလင်းပြင် နယ်ပယ်သို့ အဆင့်ချိုးဖြတ်နိုင်ရန်

အတွက် လျှို့ဝှက်

အမွေအနှစ် တစ်ခုကို ရှာဖွေပြီးနောက် ရုပ်သေးကောင်းကင်ကျမ်း၏ အမွေအနှစ်ကို နားလည်သဘောပေါက်ရန် သူ၏အစီအစဉ်ထဲတွင် ထည့်သွင်းထားခဲ့၏။

သို့သော် သူသည် ရုပ်သေးကောင်းကင်ကျမ်းနှင့် သူ ရှာဖွေလိုသော ပကတိ ဟင်းလင်းပြင် နယ်ပယ်၏ လျှို့ဝှက်အမွေအနှစ်တို့မှာ ဤနည်းလမ်းအတိုင်း သူ၏လက်ထဲသို့ ရောက်ရှိလာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပါချေ။

သူသည် အထပ်မြင့်များဆီသို့ မော့ကြည့်လိုက်၏။

'ဒါဆိုရင် ပကတိ ဟင်းလင်းပြင် နယ်ပယ်နဲ့ ပတ်သက်တဲ့ သိုင်းကျမ်းတွေနဲ့ ထိုးထွင်းသိမြင်မှုတွေက အထပ်မြင့်တွေမှာ အကုန်လုံး ရှိနေတာပေါ့...'

စုယွီသည် သူ လွဲချော်သွားခဲ့သည့်အတွက် ရင်ထဲ၌ အနည်းငယ် နောင်တရမိသွားသည်။ ကံကောင်းထောက်မစွာပင် ဒုတိယမြောက် ရွှေရောင်ချပ်ဝတ် စစ်သည်တော် ခေါင်းဆောင်က သူ့အား တစ်ခု ပေးအပ်ခဲ့လေ၏။

သူ၏စိတ်အာရုံသည် ပကတိ ဟင်းလင်းပြင် တာအိုသခင်ကြီး၏ ကျင့်ကြံခြင်း ထိုးထွင်းသိမြင်မှုဆိုင်ရာ ရှေးဟောင်းသိုင်းကျမ်းစာအုပ်ပေါ်သို့ စူးစိုက်သွား၏။ သို့သော် သူ နီးကပ်သွားသည်နှင့် တပြိုင်နက် သည်းမခံနိုင်လောက်အောင် ဖိစီးနေသော စွမ်းအားကြီးတစ်ခုကဲ့သို့ သူ ခံစားလိုက်ရသည်။

ထိုအရာကို သတိပြုမိလိုက်သည်နှင့် စုယွီသည် သူ၏စိတ်အာရုံကို ချက်ချင်း ရုပ်သိမ်းလိုက်ပြီး ပကတိ ဟင်းလင်းပြင် တာအိုသခင်ကြီး၏ ထိုးထွင်းသိမြင်မှုများကို အတင်းအကြပ် လက်ခံရန် မကြိုးစားတော့ပါချေ။

ပကတိ ဟင်းလင်းပြင် တာအိုသခင်ကြီး။

သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်မှာ အတော်ပင် ဝေးကွာနေသေး၏။ ထိုအမွေအနှစ်များကို အမွေခံယူနိုင်ခဲ့လျှင်ပင် သူတို့မှာ လတ်တလောအချိန်၌ အသုံးဝင်မည် မဟုတ်ပါချေ။

ထို့နောက် စုယွီသည် ရုပ်သေးကောင်းကင်ကျမ်း၏ သံမဏိကျမ်းစာလိပ်ပေါ်သို့ သူ၏စိတ်အာရုံကို လှည့်ပြောင်းလိုက်၏။ သူ၏စိတ်အာရုံမှာ ကျမ်းစာလိပ်ကို ထိလိုက်သည်နှင့် တပြိုင်နက် သူ၏စိတ်ဝိညာဉ်ကို လေးစားကြောက်ရွံ့သွားစေမည့် မြင့်မြတ်သော အရှိန်အဝါတစ်ခုမှာ ပေါ်ထွက်လာတော့သည်။

"ဝီ"

သံမဏိကျမ်းစာလိပ်မှ အလင်းရောင်တစ်ချက် လက်သွားသည်နှင့် တစ်ပြိုင်နက် စုယွီ၏ရှေ့မှ မြင်ကွင်းမှာ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားလေ၏။

ကောင်းကင်ယံတွင် မျောလွင့်နေသော အင်မော်တယ်မြို့တော်တစ်ခု အတွင်း‌၌..

စုယွီသည် လူအုပ်ကြားထဲတွင် ရောက်ရှိနေပြီး သူ၏ရှေ့တည့်တည့်တွင် ရှိနေသော မှုန်ဝါးဝါး ဖြစ်နေသည့် အင်မော်တယ် ပုံရိပ် တစ်ခုအား စိုက်ကြည့်နေမိသည်။

“ရုပ်သေးကောင်းကင်ကျမ်းဟာ ကမ္ဘာလောက တစ်ခုက ဖန်တီးထားတဲ့ လျှို့ဝှက်နေရာ တစ်ခုကနေ ဆင်းသက်လာခြင်း ဖြစ်တယ်”

“ကောင်းကင်နဲ့ မြေကြီး ဖြစ်ပေါ်လာတဲ့အခါ တာအိုဟာ ငါးဆယ်ကို မွေးဖွားပေးခဲ့ပြီး တစ်ခုကိုမူ ဝှက်ထားခဲ့တယ်... ထိုတစ်ခုကသာ အရာအားလုံးကို ဖြစ်ပေါ်စေခဲ့တာပဲ”

“အတိုင်းအတာ တစ်ခုအထိ ရုပ်သေးတွေဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ သတ္တဝါတွေထဲက တစ်ခု ဖြစ်ပြီး သူတို့ပိုင်ဆိုင်တဲ့ အသက်ကို ရရှိနိုင်တယ်”

“ဒီလို ဖြစ်မြောက်ဖို့အတွက် နတ်ဘုရားနည်းစနစ်ကို သိရှိနားလည်ဖို့ လိုအပ်တယ်”

ကြည်လင်ပြီး သာယာသော စမ်းချောင်းရေစီးသံကဲ့သို့သော အသံမှာ သူ၏နားထဲသို့ ဝင်ရောက်လာ၏။

ရှေးခေတ်ကာလတွင် ဤအင်မော်တယ်၏ တာအိုပို့ချချက်အား နားထောင်ရင်း ဆယ်နှစ်တိုင်တိုင် ရုပ်သေးကောင်းကင်ကျမ်း၏ ပထမအလွှာ လေးခုနှင့် ရုပ်သေးပညာရပ်ဆိုင်ရာ နည်းလမ်းမျိုးစုံကို ရှင်းပြပေးခဲ့ပြီးနောက် ဤထင်ယောင်ထင်မှား ဖြစ်နေသော ကမ္ဘာကြီးမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားလေတော့၏။

အပြင်ဘက်တွင်မူ ဆယ်ရက်မျှသာ ကြာမြင့်ခဲ့၏။

စုယွီသည် ထိုနယ်ပယ်မှ သူ၏စိတ်အာရုံကို ရုပ်သိမ်းလိုက်ချိန်၌ မှင်သက်နေဆဲပင် ဖြစ်သည်။

ထိုအမွေအနှစ်ရှိ အင်မော်တယ်၏ ပုံရိပ်မှာ မရှင်းလင်းသော်ငြားလည်း ၎င်းသည် စကားဖြင့် ဖော်ပြ၍ မရနိုင်သော ထူးခြားပြီး မြင့်မြတ်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေပြီး စုယွီ၏ စိတ်ဝိညာဉ်အပေါ် ၌ သက်ရောက်မှု ရှိကာ သူ၏စိတ်ကို အချိန်ကြာမြင့်စွာ မတည်ငြိမ်နိုင်အောင် ဖြစ်စေခဲ့၏။

ခဏအကြာတွင် စုယွီ၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ ရွှေပုစဉ်းရင်ကွဲကျင့်စဉ်ကို ချက်ချင်း လည်ပတ်ကျင့်ကြံလိုက်လေသည်။

"ဝီ"

ရွှေရောင် မြင့်မြတ်သော အလင်းရောင်များက သူ၏စိတ်ကို ဖြတ်သန်းသွားသည်နှင့် တစ်ပြိုင်နက် စုယွီ၏ စိတ်ဝိညာဉ်မှာ ချက်ချင်းပင် ငြိမ်းချမ်းပြီး ကြည်လင်သွား၏။ ယခင်က ဖြစ်ပေါ်နေသော စိတ်ခံစားမှု မတည်ငြိမ်မှုများမှာလည်း မီးခိုးငွေ့ကဲ့သို့ ပျောက်ကွယ်သွားပြီး သူ၏သတိမှာလည်း ပြန်လည် ရရှိလာတော့သည်။

စုယွီ၏မျက်လုံးများ လှုပ်ခတ်သွားပြီး သူ၏စိတ်ဝိညာဉ်မှာ တုန်လှုပ်သွား၏။

'ဒီလူသားက ဒဏ္ဍာရီလာ ယွဲ့ အင်မော်တယ်များ ဖြစ်နေမလား...'

မှန်းဆကြည့်ရန် ခက်ခဲလှပေ၏။ ဤမျှလောက် အင်အားကြီးမားသော တည်ရှိမှုမျိုးမှာ မည်မျှ အစွမ်းထက်မည်နည်း။ လွန်ခဲ့သော နှစ်များစွာက ချန်ထားခဲ့သော သေးငယ်သည့် အမွေအနှစ်တစ်ခုသည်ပင်လျှင် သူ၏စိတ်ဝိညာဉ် အပေါ်၌ ဤမျှ ကြီးမားသော သက်ရောက်မှု ရှိနေခဲ့၏။

ရွှေပုစဉ်းရင်ကွဲကျင့်စဉ်၏ သက်ရောက်မှုအောက်တွင် စုယွီ ပြန်လည် နိုးထလာခဲ့၏။ ရုပ်သေးကောင်းကင်ကျမ်းမှ သူ၏စိတ်ထဲတွင် ချန်ထားရစ်ခဲ့သော ယွဲ့ အင်မော်တယ်၏ အမွေအနှစ်ကို ပြန်လည် ဆင်ခြင်လိုက်၏။ သူ၏ မျက်လုံးများမှာ တစ်ဖန် ပြန်လည် ပြောင်းလဲသွားပြန်သည်။

ရုပ်သေးကောင်းကင်ကျမ်းမှာ အမှန်တကယ်ပင် နက်နဲလှပြီး သူ၏မျှော်လင့်ချက်ထက်ပင် ကျော်လွန်နေ၏။ ၎င်းမှာ အမွှေးတိုင် မီးခိုး ဝိညာဉ် နတ်ဘုရား နည်းစနစ် (ယုံကြည်မှုအမွှေးတိုင် နတ်ဘုရားနည်းစနစ်) ၏ အခြား နည်းလမ်းတစ်ခုနှင့် ဆင်တူနေ၏။

ရုပ်သေးများအား နတ်ဘုရားအဖြစ် သတ်မှတ်ကာ ထိုရုပ်သေးများအတွက် ယုံကြည်မှုအမွှေးတိုင် လမ်းကြောင်းကို တည်ဆောက်ပြီး နောက်ဆုံးတွင် ထိုရုပ်သေးများမှာ အမှန်တကယ် အသက်ဝင်သော သတ္တဝါများ ဖြစ်လာစေရန် ဖြစ်၏။

သို့သော် ဤယုံကြည်မှုအမွှေးတိုင် နတ်ဘုရားနည်းစနစ်မှာ အမှန်တကယ် ကျင့်ကြံရန် လွန်စွာ ခက်ခဲလှပေသည်။

All Chapters