အခန်း ၇၅၂
Vol. 51 Ch. 752
အခန်း (၇၅၂) - ထျန်းဖုန်း နန်းတော် အပျက်အစီး..တာအိုသခင် တုန်းရွှီ၏ အရိုးစု အကြွင်းအကျန်များ (အပိုင်း ၂)
မကြာသေးမီက တာ့ချန် ကျင့်ကြံခြင်းကမ္ဘာတွင် ဝမ်လုံ မင်းဆက်မှ စတင် ဖန်တီးခဲ့သော ဆူပူအုံကြွမှုများကဲ့သို့ပင် ဝမ်လုံ မင်းဆက် ဖြစ်စေ၊ ၎င်း၏ နောက်ကွယ်မှ ကျောထောက်နောက်ခံ ပြုထားသော ဗုဒ္ဓဂိုဏ်းပင် ဖြစ်စေ သူတို့၏ အဓိက ရည်ရွယ်ချက်မှာ တာ့ချန် ကျင့်ကြံခြင်းကမ္ဘာအတွင်းရှိ နံ့သာ အရင်းအမြစ်များကြောင့်ပင် ဖြစ်၏။
တာ့ချန် ကျင့်ကြံခြင်းကမ္ဘာတွင် နံ့သာ တာအို လမ်းစဉ်ကို ကျင့်ကြံသော အခြား ကျင့်ကြံသူများ လုံးဝ မရှိခဲ့ပါချေ။
ဤသည်မှာ ဗုဒ္ဓဂိုဏ်း အတွက် မည်သူမျှ မထိတွေ့ရသေးသော နံ့သာ ရတနာသိုက်ကြီး တစ်ခု အဖြစ် တည်ရှိနေခြင်းပင်တည်း။
သို့သော်ငြားလည်း ထိုကဲ့သို့သော ဘာသာရေး လမ်းစဉ် ယုံကြည်မှု အငြင်းပွားမှု မျိုးတွင် အင်မော်တယ်တစ်သောင်း နန်းတော် ကိုယ်တိုင်ပင်လျှင် တာ့ချန် ကျင့်ကြံခြင်းကမ္ဘာအတွင်း ဗုဒ္ဓဂိုဏ်း၏ ဝင်ရောက် စွက်ဖက် ဖျက်ဆီးမှုများကို သည်းခံနိုင်စွမ်း မရှိခဲ့သကဲ့သို့ သူတို့နှင့် စစ်မှန်သော မဟာမိတ် ဖွဲ့ရန်လည်း သဟဇာတကျကျ ညှိနှိုင်းနိုင်စွမ်း မရှိခဲ့ပါချေ။
အကယ်၍ စုယွီ အနေဖြင့် ရုပ်သေး ကောင်းကင်ကျမ်းကို ကျင့်ကြံပြီး အင်မော်တယ် မြို့တော် အတွင်းရှိ အနက်ရောင် ဒေါသစစ်သည်တော်များကို ပြုပြင်လိုသည် ဆိုပါက ပိုမို အစွမ်းထက်သော ရုပ်သေးများကို ဖန်တီးရန် မဆိုထားနှင့် သူကိုယ်တိုင်ပင်လျှင် ဤနံ့သာ အရင်းအမြစ်များ အတွက် ဝင်ရောက် ယှဉ်ပြိုင် လုယူရပေလိမ့်မည်။
"တကယ့် အလုပ်ရှုပ်တဲ့ ကိစ္စပဲ..."
စုယွီ၏ မျက်မှောင်များ တွန့်ချိုးသွားပြီး ရင်တွင်း၌ သက်ပြင်း တစ်ချက် ရှိုက်လိုက်မိ၏။ သူသည် အရှုပ်အထွေး များလှသော ဤနံ့သာ တာအို လမ်းစဉ်တွင် လုံးဝ ပါဝင် ပတ်သက်လိုခြင်း မရှိပါချေ။
အချိန်အတန်ကြာ စဉ်းစား တွေးတောပြီးနောက် စုယွီသည် ရွှေချပ်ဝတ် စစ်သည်တော် ခေါင်းဆောင် ရှိရာ နန်းတော် ဘက်သို့ လှမ်းကြည့်လိုက်ပြီး ရင်တွင်း၌ တိတ်တဆိတ် တွေးလိုက်မိသည်။
'လောလောဆယ်တော့ တစ်လှမ်းချင်းစီ သွားပြီး အခွင့်အရေး ရတဲ့ အချိန်ကျမှပဲ ကြိုးစားကြည့်ရတော့မယ်...'
သူသည် အမွေအနှစ် ထိုးထွင်းသိမြင်မှုများ ပါဝင်သော ရှေးဟောင်း သိုင်းကျမ်းစာအုပ်များကို ယူဆောင်၍ ယွဲ့ အင်မော်တယ် မြို့တော်မှ ထွက်ခွာရန် ရွှေချပ်ဝတ် စစ်သည်တော် ခေါင်းဆောင် နှစ်ဦးထံမှ ခွင့်ပြုချက် တောင်းခံခဲ့၏။ တုံ့ပြန်မှု တစ်စုံတစ်ရာ မရရှိခဲ့သော်ငြား မည်သည့် ကန့်ကွက်သံမျှလည်း ထွက်ပေါ် မလာခဲ့ပါချေ။
မြို့တော် အတွင်းမှ သတိကြီးစွာဖြင့် ထွက်ခွာလာပြီးနောက် စုယွီသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်နိုင်တော့သည်။ ထို့နောက် ရှေးဟောင်း သိုင်းကျမ်းစာအုပ်များကို လျင်မြန်စွာ သိမ်းဆည်းလိုက်ပြီး အရိုင်းနယ်မြေ အတွင်းရှိ ပထမမြောက် မြေကမ္ဘာ အင်မော်တယ် မြို့တော်၏ စံအိမ်တော်သို့ ပြန်လည် ရောက်ရှိလာခဲ့၏။
သူ.. ဂိုဏ်းသို့ ပြန်သွားရန် လိုအပ်နေပေပြီ။
အခြား တစ်ဖက်တွင်မူ..
အရှင်သခင်ဆယ်ပါး အင်မော်တယ် မြို့တော်၏ မှောင်ခိုဈေးကွက် အတွင်း၌ ဖြစ်၏။
သတင်း အချက်အလက် တစ်ခုသည် စုယွီ ထံသို့ ရောက်ရှိလာခဲ့ပြီး ၎င်းကို ဖတ်ရှုလိုက်ရသောအခါ သူ၏ မျက်မှောင်များ ချက်ချင်း ကျုံ့ဝင်သွားတော့သည်။
'နတ်မိမယ် ဖုန်းလင်ဟာ လွန်ခဲ့တဲ့ လအနည်းငယ်က တာ့ယွဲ့ နယ်မြေကို လူတစ်စုနဲ့ အတူ ပြန်ရောက်လာခဲ့တယ်... အဲဒီနောက် ဖီးနစ်သက်ဆင်း ရေကန်ကို သွားရောက်ခဲ့ပြီး တစ်လကျော်လောက် ပျောက်ကွယ်သွားခဲ့တယ်...'
'ဒါပေမဲ့ ရက်အနည်းငယ် ကြာပြီးတဲ့နောက် ဖီးနစ်သက်ဆင်း ရေကန်မှာ ပုံမှန် မဟုတ်တဲ့ အဖြစ်အပျက် တစ်ခု ဖြစ်ပေါ်လာခဲ့တယ်... ထျန်းဖုန်းငှက်ကြီး တစ်ကောင်ရဲ့ အော်ဟစ်သံ ထွက်ပေါ်လာပြီး ကောင်းကင်ယံမှာ ထူးဆန်းတဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်လာခဲ့တယ်... ဖီးနစ်သက်ဆင်း ရေကန် တစ်ခုလုံး အပျက်အစီးတွေ အဖြစ် ပြောင်းလဲသွားပြီး ရေကန် ထဲက ရေတွေ အားလုံး အငွေ့ပျံ သွားခဲ့တယ်တဲ့လား...'
'အဲဒီ နေရာမှာ ရှေးဟောင်း ထျန်းဖုန်း နန်းတော်ရဲ့ အပျက်အစီးတွေ ရှိနေနိုင်တယ်လို့ သံသယ ဖြစ်စရာပဲ...'
ထို သတင်း အချက်အလက် များကို ကြည့်ရှုရင်း စုယွီ၏ မျက်လုံးများမှာ ပိုမို နက်ရှိုင်းသွားတော့၏။
နတ်မိမယ် ဖုန်းလင် သည် တောင်ပိုင်း အင်မော်တယ် ဒေသကြီး၏ မီးဖီးနစ် ကောင်းကင် နန်းတော် ဟူသော အင်အားစု နှင့် ပူးပေါင်း သွားခဲ့လေပြီ။ သူ့ထံတွင် အသေးစိတ် အချက်အလက် များစွာ မရှိသော်ငြား မီးဖီးနစ် ကောင်းကင် နန်းတော်၏ အင်အားမှာ အင်မော်တယ်တစ်သောင်း နန်းတော် ထက် အနည်းငယ် ပို၍ အစွမ်းထက်ကြောင်း သူ သိထား၏။
ဤမျှ အစွမ်းထက်လှသော အင်မော်တယ် ဂိုဏ်းကြီး၏ ကျောထောက်နောက်ခံ ရှိနေပါလျက်နှင့် နတ်မိမယ် ဖုန်းလင် သည် အဘယ်ကြောင့် ဖီးနစ်သက်ဆင်း နယ်မြေ ရှိ အပျက်အစီး နယ်မြေ အပေါ်၌ ဤမျှ စွဲလမ်း တပ်မက် နေရသနည်း။
ဤ အပျက်အစီး နယ်မြေ ထဲတွင် အဘယ်အရာများ ပုန်းကွယ် နေပါသနည်း။
စုယွီ
၏ သိချင်စိတ်များ အပြင်းအထန် နိုးကြားလာတော့၏။
သူ ကိုယ်တိုင် သည်လည်း ကောင်းကင်ဖီးနစ် နိဗ္ဗာန် ကျင့်စဉ် အမွေအနှစ် ဖြစ်သော ရှေးဟောင်း တာအို လမ်းစဉ် တစ်ခုကို ကျင့်ကြံနေသူ ဖြစ်ရာ ထိုအရာက ရှေးဟောင်း ထျန်းဖုန်း နန်းတော် နှင့် တစ်စုံတစ်ရာ ပတ်သက် ဆက်နွှယ်မှု ရှိနေပေသည်။ သူ သည်လည်း ဤကျင့်စဉ်၏ နောက်ဆက်တွဲ အမွေအနှစ်များကို မည်သို့ ရှာဖွေရမည်ကို စိတ်ပူပန် နေခဲ့ရသည် မဟုတ်ပါလော။
ယခုမူ သူ့အတွက် အခွင့်အရေး တစ်ရပ် ရောက်ရှိလာပြီ ဖြစ်ဟန် တူပေသည်။
စုယွီသည် ဒုတိယ အကြိမ် ထပ်မံ စဉ်းစားခြင်း အလျဉ်းမရှိဘဲ အနက်ရောင် ဒေါသစစ်သည်တော် ကို ချက်ချင်း ဆင့်ခေါ်လိုက်၏။ ထို့နောက် သူတို့သည် ပိုင်ဟွာ ဂိုဏ်း၏ လျှို့ဝှက် နယ်မြေ နေရာရွှေ့ပြောင်း အခင်းအကျင်း ကို အသုံးပြုကာ တာ့ယွဲ့ နယ်မြေရှိ လော့ယွဲ့ မဟာမိတ် အဖွဲ့၏ လျှို့ဝှက် နယ်မြေဆီသို့ တိုက်ရိုက် ပြန်လည် ထွက်ခွာသွားကြတော့သည်။
စုယွီ တာ့ယွဲ့ နန်းတော် သို့ ရောက်ရှိသွားသော အခါ တာအိုဆရာမ ချင်းချွမ် ၏ ဆရာ ဖြစ်သူ အရက်ကြမ်း တာအိုဆရာမလေး က သူ့ကို ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြိုဆိုခဲ့လေ၏။
အချိန် ကာလများ၏ ကုန်လွန်မှု အောက်တွင် လုံးဝ ပြောင်းလဲသွားခြင်း မရှိဘဲ လှပနေဆဲပင် ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်း သုံးရာကျော်က တာ့ယွဲ့ မှောင်ခို ဈေးကွက် တွင် အရက်ကြမ်း တာအိုဆရာမလေး ကို စုယွီ ပထမဆုံး အကြိမ် တွေ့မြင်ခဲ့စဉ်က သူမ၏ စိတ်နေစိတ်ထား နှင့် ဝတ်စား ဆင်ယင်မှုများမှာ ရဲတင်းပြီး ညှို့ယူ ဖမ်းစားနိုင်စွမ်း ရှိလှ၏။
ယခု အချိန်တွင်လည်း အရက်ကြမ်း တာအိုဆရာမလေး သည် ယခင် အတိုင်းပင် တည်ရှိနေဆဲ ဖြစ်သည်။ သူမ၏ ရုပ်ရည် သွင်ပြင်မှာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး သူမ၏ ဆွဲဆောင်မှု များကို ပိုမို ပေါ်လွင်နေစေ၏။ မီးတောက် အရောင်ရှိသော အနီရဲရဲ ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ထားပြီး နီမြန်းသော နှုတ်ခမ်းအစုံနှင့် ပခုံးအထိ ကျဆင်းနေသော ဆံကေသာ... မဟာဆန်လှသော ခန္ဓာကိုယ် အလှ တို့က သူမအား အလွန်အမင်း ဆွဲဆောင်မှု ရှိနေစေတော့သည်။
တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ၏ အရင်းအမြစ် ကြွယ်ဝလှသော ဗဟို နယ်မြေ၏ ပံ့ပိုးမှု များဖြင့် အရက်ကြမ်း တာအိုဆရာမလေး ၏ ကျင့်ကြံခြင်း အဆင့်မှာ မသိမသာပင် မူလဝိညာဉ် နယ်ပယ်၏ ပထမ အဆင့်သို့ တက်လှမ်း သွားခဲ့ချေပြီ။
သို့သော်ငြား စုယွီ နောက်ဆုံး အကြိမ် လာရောက် လည်ပတ်ခဲ့ပြီး ချိန်မှ စ၍ တာ့ယွဲ့ နန်းတော် အတွင်း၌ သိသာ ထင်ရှားလှသော အပြောင်းအလဲ ကြီးများ ဖြစ်ပေါ်နေခဲ့၏။
နတ်မိမယ် လျူရွှီး ၏ သက်တမ်းမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်ကာ ယခင် နန်းတော် သခင်မ ဖြစ်သူ နန်းတော်သခင်မ ကုယွဲ့ သည်လည်း ကျင့်ကြံခြင်း အပေါ်၌သာ အပြည့်အဝ အာရုံစိုက်ရန် အတွက် ရာထူးမှ အနားယူ သွားခဲ့လေပြီ။
ယခုအခါ တာ့ယွဲ့ နန်းတော် ၏ နန်းတော် သခင်မ မှာ အရက်ကြမ်း တာအိုဆရာမလေး ပင် ဖြစ်နေခဲ့လေပြီ။
*
"အပျက်အစီးတွေရဲ့ အခြေအနေက ဘယ်လို ရှိလဲ... နတ်မိမယ် ဖုန်းလင် ပေါ်လာပြီလားဗျ..."
ဖီးနစ်သက်ဆင်း ရေကန် အနီးရှိ အပျက်အစီး နယ်မြေဆီသို့ အရက်ကြမ်း တာအိုဆရာမလေး နှင့် အတူ ခရီးနှင်လာရင်း လမ်းခုလတ်တွင် စုယွီက မေးမြန်းလိုက်ခြင်းပါ။
"မပေါ်လာသေးဘူး..."
အရက်ကြမ်း တာအိုဆရာမလေးက ခေါင်းခါယမ်းလိုက်ပြီး တုံ့ပြန်လိုက်သည်။
"အဲဒီ နေရာက ရိုးရှင်းတာ မဟုတ်ဘူး သခင်လေးစု... အပျက်အစီးတွေ ထဲကနေ ထွက်ပေါ်လာတဲ့ မီးတောက်တွေ တစ်ခုတည်းနဲ့တင် ဖီးနစ်သက်ဆင်း ရေကန်ရဲ့ ပတ်လည် မိုင်ရာချီတဲ့ နေရာတွေကို မြေနီတွေ အဖြစ် ပြောင်းလဲသွားစေခဲ့တာ..."
သူမ၏ မျက်နှာထက်တွင် လေးနက် တည်ကြည်သော အမူအရာ တစ်ခု ပေါ်လွင်လာပြီး ဆက်ပြောလိုက်၏။
"အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူတွေ တောင်မှ ဖီးနစ်သက်ဆင်း ရေကန် အနီးကို ချဉ်းကပ်သွားတာနဲ့ ပြာကျမတတ် လောင်ကျွမ်းတော့မလို ခံစားကြရတယ်..."
"အကယ်၍ သခင်လေးစုသာ အထဲကို ဝင်ချင်တယ် ဆိုရင်တော့ သတိကြီးကြီး ထားဖို့ လိုအပ်လိမ့်မယ်နော်..."
“ဝီ…”
ဟင်းလင်းပြင် ထံမှ ထွက်ပေါ်လာသော လှိုင်းဂယက်များနှင့် အတူ စုယွီ... အနက်ရောင် ဒေါသစစ်သည်တော် နှင့် အရက်ကြမ်း တာအိုဆရာမလေး တို့သည် တစ်ဖန် ထပ်မံ ပျောက်ကွယ်သွားကြပြန်၏။ သူတို့ ပြန်လည် ပေါ်ထွက်လာသည့် အခိုက်အတန့်တွင် အလွန် ကြီးမားလှသော မီးတောက် စွမ်းအင် လှိုင်းလုံးကြီး တစ်ခုသည် အဝေးဆီမှ သူတို့ထံသို့ တဟုန်ထိုး လိမ့်ဆင်းလာတော့သည်။
မျက်စိ တစ်ဆုံး ကြည့်လိုက်ပါလျှင် ကမ္ဘာမြေ နှင့် ကောင်းကင် တစ်ခုလုံးမှာ မီးဟုန်းဟုန်း တောက်လောင် နေခဲ့လေပြီ။ အဆုံးအစမရှိသော မီးတောက် စွမ်းအင်များက ကောင်းကင် နှင့် မြေကြီး တစ်ခုလုံးကို ရစ်ပတ် ဖုံးလွှမ်းထားပြီး ပတ်ဝန်းကျင်ရှိ မိုင်ရာချီသော နေရာများကို မြေနီပြင်များ အဖြစ်သို့ ပြောင်းလဲပစ်လိုက်၏။
မြေသားများ အက်ကွဲနေပြီး အောက်ဘက်ရှိ သစ်ပင်ပန်းမန်များ အားလုံး ပြာအဖြစ်သို့ လောင်ကျွမ်းသွားခဲ့လေပြီ။ မြစ်များနှင့် ရေကန်များ ဆိုသည်မှာလည်း တည်ရှိခြင်း အလျဉ်းမရှိတော့ချေ။
ဤသည်မှာ ဖီးနစ်သက်ဆင်း ရေကန် နှင့် မိုင်ဆယ်ဂဏန်းခန့် အကွာအဝေးတွင် ဖြစ်ပျက်နေခြင်းပင်။
သို့သော်ငြား အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ဦး အတွက်ပင် ဤနေရာရှိ ပူပြင်း လောင်မြိုက်လှသော အရှိန်အဝါကို ခံနိုင်ရည် ရှိရန် အလွန်တရာ ခက်ခဲလှပေသည်။
မည်သို့ပင် ဖြစ်စေကာမူ ဤအရှိန်အဝါကို ခံစားလိုက်ရချိန်တွင် စုယွီမှာ ကြောက်ရွံ့သွားခြင်း အလျဉ်းမရှိဘဲ မမျှော်လင့်ဘဲ ဝမ်းသာ အားရပင် ဖြစ်သွားခဲ့၏။
မြင့်မြတ်သော နယ်မြေ ထံမှ စိမ့်ထွက်လာသော အရှိန်အဝါ တစ်ခုတည်း ကပင် ဤမျှလောက် အထိ အစွမ်းထက်မြက် နေခဲ့ချေပြီ။
ဤအချက်က ထျန်းဖုန်း နန်းတော် အပျက်အစီးမှာ လုံးဝ ရိုးရှင်းနေမည် မဟုတ်ကြောင်းကို ညွှန်ပြနေပေသည်။
"ခင်ဗျား နန်းတော်ထဲကို အရင် ဝင်နေလို့ ရတယ်... ဒါမှမဟုတ် တာ့ယွဲ့ နန်းတော် ကို ပြန်ပြီး စောင့်နေလို့လည်း ရပါတယ်..."
သူက သူ၏ မှော်ရတနာ ဖြစ်သော မှော်လက်နက် နန်းတော် ကို ဆင့်ခေါ်လိုက်ပြီး အရက်ကြမ်း တာအိုဆရာမလေး အား ပြောလိုက်၏။
"ကျွန်မ နန်းတော်ထဲပဲ ဝင်နေလိုက်မယ်..."
အပျက်အစီး နယ်မြေကို တစ်ချက်မျှ လှမ်းကြည့်ပြီးနောက် အရက်ကြမ်း တာအိုဆရာမလေးက သူ့ကို ထပ်မံ သတိပေးလိုက်၏။
"သတိထားပါ သခင်လေးစု..."
သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး အရက်ကြမ်း တာအိုဆရာမလေး အား မှော်လက်နက် နန်းတော် အတွင်းသို့ ဝင်ရောက်ခွင့် ပြုလိုက်သည်။ ထို့နောက် စုယွီသည် မှော်ရတနာ ကို ပြန်လည် သိမ်းဆည်းလိုက်၏။၏
ထို့နောက် သူ၏ မျက်လုံးများ အတွင်း၌ ရွှေရောင် အလင်းတန်းများ တလက်လက် တောက်ပလာပြီး သူ၏ ရှေ့မှောက်ရှိ မီးဟုန်းဟုန်း တောက်လောင်နေသော ကမ္ဘာကြီးကို အကဲခတ် ကြည့်ရှုရန် ရွှေပုစဉ်းရင်ကွဲ မျက်လုံး နတ်ဘုရား စွမ်းရည်ကို အသက်သွင်းလိုက်တော့သည်။
“ဝီ…”
သူ၏ မျက်စိ စွမ်းရည်သည် ဟင်းလင်းပြင် ကို ထိုးဖောက် ဝင်ရောက်သွားသည့် အခိုက်အတန့် မှာပင် မိုင်ဆယ်ဂဏန်းခန့် အကွာအဝေးရှိ ဟင်းလင်းပြင် ၏ နက်ရှိုင်းသော နေရာ၌ ပုန်းကွယ်နေသော မီးတောက် လျှို့ဝှက် နယ်မြေ တစ်ခုသည် စုယွီ၏ အမြင်အာရုံ ထဲသို့ ချက်ချင်း ပေါ်ထွက်လာတော့၏။
၎င်းသည် မိုင်တစ်ရာခန့် ကျယ်ဝန်းသော ဧရိယာကို လွှမ်းခြုံထားသည့် မီးတောက် လျှို့ဝှက် နယ်မြေ တစ်ခု ဖြစ်လေသည်။
မီးပင်လယ်ကြီး တစ်ခုနှင့် အလားသဏ္ဌာန် တူနေပြီး အဆုံးအစမရှိသော မီးတောက်များနှင့် မီးတောင် ကျောက်တုံးများနှင့် ဆင်တူသော ကျောက်ဆောင် များကိုသာ ၎င်း၏ အတွင်း၌ မြင်တွေ့နိုင်ပေသည်။
ဤမီးပင်လယ်ကြီး၏ အလယ်ဗဟို တွင်မူ ခမ်းနား ကြီးကျယ်ပြီး ရွှေရောင် တောက်ပနေသော အင်မော်တယ် နန်းတော် တစ်ခု ရှိနေခဲ့၏။
ဤနန်းတော် နှင့် အနည်းငယ် လှမ်းသော နေရာတွင် အရည်ပျော်နေသော ချော်ရည်များနှင့် ဆင်တူသည့် ရေကန်ကြီး တစ်ကန် ရှိနေလေသည်။
ရေကန် နှင့် မိုင်အနည်းငယ်ခန့် အကွာတွင်မူ လူခြောက်ယောက် ပါဝင်သော အဖွဲ့ တစ်ဖွဲ့သည် ရေကန် ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် မီးတောက် စွမ်းအားများကို ခဲယဉ်းစွာ အံတု ခုခံရင်း ဖြည်းညင်းစွာ ရှေ့သို့ တိုးလာနေကြသည်။
ထိုအဖွဲ့၏ ခေါင်းဆောင်မှာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ဝိညာဉ်ခွဲထွက် အဆင့်ရှိ ပုဂ္ဂိုလ် တစ်ဦး ဖြစ်နေလေ၏။
သို့သော်ငြား သူမ၏ ကျင့်ကြံခြင်း အဆင့်မှာ လွန်စွာ အစွမ်းထက်လှသည်တော့ မဟုတ်ဘဲ ဝိညာဉ်ခွဲထွက် နယ်ပယ်၏ ပထမ အလွှာတွင်သာ ရှိနေသေးသည်။
ဤအချိန်တွင် သူမသည် နတ်မိမယ် ဖုန်းလင် နှင့် အခြား လေးဦးတို့ကို ဦးဆောင်ကာ ထျန်းဖုန်းငှက်ကြီး ၏ ကြောက်မက်ဖွယ် အရှိန်အဝါများ လွှမ်းမိုးနေသော ရေကန်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ် သွားနေကြ၏။
အဖွဲ့၏ အလယ်ဗဟိုတွင် အကာအကွယ် ပေးခံထားရသော နတ်မိမယ် ဖုန်းလင် ၏ မျက်လုံးများ အတွင်း၌ စိတ်လှုပ်ရှားမှု နှင့် မျှော်လင့် တောင့်တနေမှု အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။
"အမွေအနှစ် ရဲ့ သဲလွန်စတွေ အရ ဆိုရင်... ဒီအပျက်အစီး နယ်မြေက အဲဒီခေတ် ကောင်းကင် အင်မော်တယ် လောက မှာ ရှိခဲ့တဲ့ ထျန်းဖုန်း နန်းတော် ရဲ့ အရေးအကြီးဆုံး အခြေစိုက် စခန်းတွေ ထဲက တစ်ခု ဖြစ်ရမယ်... အရင်တုန်းက ဒီနေရာကို စောင့်ကြပ်ပေးနေတဲ့ ထျန်းဖုန်း သွေးမျိုးဆက် ရှိတဲ့ အမွေအနှစ် သားရဲ တစ်ကောင် ရှိခဲ့ဖူးတယ်..."
"အခု အဲဒီ ရေကန် ထဲမှာ ထျန်းဖုန်း ရဲ့ အရှိန်အဝါတွေ အပြည့်အဝ ဖုံးလွှမ်းနေတယ်... ထျန်းဖုန်း သွေးမျိုးဆက် သားရဲ ချန်ရစ်ခဲ့တဲ့ ရတနာ တစ်ပါးပါး အဲဒီမှာ သေချာပေါက် ရှိနေရမယ်..."
သူမ ပို၍ မျှော်လင့် တောင့်တနေသည်မှာ ထျန်းဖုန်း သွေးမျိုးဆက် သားရဲ ချန်ရစ်ခဲ့သော သွေးအမြုတေ ကို ရယူနိုင်ရန်ပင် ဖြစ်၏။
ဤနည်းအားဖြင့် သူမ၏ ခန္ဓာကိုယ် အတွင်းရှိ ထျန်းဖုန်း သွေးမျိုးဆက် အမွေအနှစ် မှာ ပိုမို တိုးတက် လာနိုင်ပေလိမ့်မည်။
အပြင်ဘက် တွင်မူ..
စုယွီ သည် ရွှေပုစဉ်းရင်ကွဲ မျက်လုံး နတ်ဘုရား စွမ်းရည်ကို အသုံးပြု၍ အရည်ပျော်နေသော ချော်ရည် ကန်ကြီး အတွင်းသို့ ထိုးဖောက် စူးစမ်းကြည့်လိုက်၏။ ရေကန်၏ အောက်ခြေတွင် သွေးနီရောင် အရိုးများဖြင့် ဖွဲ့စည်းထားသော အရိုးစုကြီး တစ်ခုကို သူ ရှာဖွေ တွေ့ရှိသွားခဲ့သည်။
ထိုအရိုးစု ထံမှ မှုန်ဝါးဝါး အလင်းရောင် တစ်ခု ဖြာထွက်နေပြီး သွေးသမုဒ္ဒရာကြီး တစ်ခုနှင့် ဆင်တူသော သွေးအရှိန်အဝါများ အကြားတွင် မျက်စိဖြင့် မမြင်နိုင်သော သွေးဖီးနစ်ငှက်ကြီး တစ်ကောင် ပေါ်ထွက်လာသည့်နှယ် ထင်မှတ်ရ၏။
ထင်ရှားစွာပင် ရေကန်၏ အောက်ခြေတွင် ကျန်ရစ်နေခဲ့သော အရာမှာ ထျန်းဖုန်း သွေးမျိုးဆက် အမွေအနှစ် သားရဲ မဟုတ်ဘဲ ရှေးဟောင်း ထျန်းဖုန်း နန်းတော် မှ အစွမ်းထက်မြက်လှသော ပုဂ္ဂိုလ်ကြီး တစ်ဦး၏ အရိုးစု သာလျှင် ဖြစ်ပေ၏။
အရိုးစု ထံမှ ကျန်ရှိနေသေးသော အရှိန်အဝါ ကပင်လျှင် စုယွီအား ကျောချမ်းသွားစေပြီး ကြက်သီး မွေးညှင်းများပင် ထသွားစေတော့သည်။
'ဒါက... အနည်းဆုံးတော့ ပကတိ ဟင်းလင်းပြင် တာအိုသခင်ကြီး တစ်ပါးရဲ့ အရိုးစုပဲ...'
စုယွီ၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားပြီး အလွန်အမင်း အံ့အားသင့်သွားကာ ရေရွတ်လိုက်မိ၏။
ထိုသို့ တွေးတောမိလိုက်သည်နှင့် စုယွီ၏ မျက်လုံးများမှာ တလက်လက် တောက်ပသွားတော့၏။ ဤအရာက သူ၏ ဂိုဏ်းတူ အစ်ကိုကြီး အတွက် ကြီးမားလှသော အထောက်အကူ တစ်ရပ် ဖြစ်လာနိုင်ပေသည်။
ပကတိ ဟင်းလင်းပြင် တာအိုသခင်ကြီး တစ်ပါး၏ အရိုးစု... ရှေးဟောင်း ပကတိ ဟင်းလင်းပြင် တာအိုသခင်ကြီး တစ်ပါး၏ ထိုးထွင်းသိမြင်မှု များမှ ဆင်းသက်လာသော အမွေအနှစ်...။
အကယ်၍ ထိုအရာ နှစ်ခုကိုသာ ပေါင်းစပ်လိုက်မည် ဆိုပါက အနည်းဆုံးတော့ သူ၏ ဂိုဏ်းတူ အစ်ကိုကြီး အခေါင်းအတွင်းမှ နယ်ပယ် သို့ အဆင့်ချိုးဖြတ်နိုင်မည့် အခွင့်အရေးကို ဆယ်ရာခိုင်နှုန်း အထိ မြှင့်တင်ပေးနိုင်မည် ဖြစ်၏။
အလျင်အမြန်ပင် စုယွီသည် အရိပ်နီ တာအိုကျင့်ကြံသူ အဖြစ်သို့ အသွင်ပြောင်းလိုက်သည်။
'တာအိုမိတ်ဆွေ ဖုန်းလင်... ခင်ဗျားက တောင်ပိုင်း အင်မော်တယ် နယ်မြေ ကို ရောက်သွားပြီပဲ... ဘာလို့ ကျွန်တော့် ပစ္စည်းတွေကို လာခိုးဖို့ ပြန်လာရတာလဲ...'
နတ်မိမယ် ဖုန်းလင် နှင့် သူမ၏ အဖွဲ့ကို ကြည့်ရင်း စုယွီ၏ မျက်လုံးများမှာ တဖြည်းဖြည်း အေးစက်လာတော့၏။ သူက ရင်တွင်း၌ တိတ်တဆိတ် တွေးလိုက်သည်။
"အသင့်ပြင်ထား... အရင်ဆုံး အပျက်အစီး နယ်မြေ ထဲက လူတွေကို မောင်းထုတ်ရမယ်..."
စုယွီက အနက်ရောင် ဒေါသစစ်သည်တော် ထံသို့ အသံလွှင့်စနစ်ဖြင့် အမိန့်ပေးလိုက်၏။
“ဝှစ်…”
နောက်တစ်စက္ကန့်တွင် သူနှင့် အနက်ရောင် ဒေါသစစ်သည်တော် တို့၏ ပတ်ဝန်းကျင်သည် ရုတ်တရက် တွန့်လိမ်သွားသည်။
သူတို့၏ ပုံရိပ်များသည်လည်း မျက်စိတစ်မှိတ် အတွင်းမှာပင် လုံးဝ ပျောက်ကွယ် သွားကြလေတော့၏။