အခန်း ၇၅၃
Vol. 51 Ch. 753
အခန်း (၇၅၃) - နတ်မိမယ် ဖုန်းလင် ချက်ချင်း အရေးနိမ့်သွားခြင်း နှင့် အထွတ်အထိပ် အဆင့် မှော်ရတနာ တစ်ပါး ပေါ်ထွက်လာခြင်း (အပိုင်း ၁)
ထျန်းဖုန်း နန်းတော်၏ အခြေစိုက် စခန်း အကြွင်းအကျန်များမှာ ဟင်းလင်းပြင်၏ နက်ရှိုင်းသော နေရာ၌ တည်ရှိနေပေသည်။
(ထျန်း- ကောင်းကင်၊ ဖုန်း-ဖီးနစ်၊ ထျန်းဖုန်း နန်းတော် = ကောင်းကင်ဖီးနစ် နန်းတော် အတူတူပါပဲနော် )
နတ်မိမယ် ဖုန်းလင် နှင့် သူမ၏ အဖွဲ့ဝင် ခြောက်ဦးတို့သည် ချော်ရည်ကန် ရှိရာသို့ ရောက်ရှိရန် အလွန် ခက်ခဲကြမ်းတမ်းသော ခရီးကို ဖြတ်သန်းခဲ့ကြရသည်။
သူတို့ကို ဦးဆောင်လာသော ဝိညာဉ်ခွဲထွက် နယ်ပယ်မှ အရှင်သခင်မ သည် ချော်ရည်ကန်ကို ကြည့်ကာ မျက်ခုံးပင့်လိုက်မိ၏။ သူမ ပင်လျှင် ချော်ရည်များကို ဖောက်ထွင်း မမြင်နိုင်သကဲ့သို့ သူမ၏ နတ်ဘုရား အာရုံ မှာလည်း လုံးဝ ပြတ်တောက်သွားခဲ့လေပြီ။
ထို့အပြင် ဤချော်ရည်ကန် ထံမှ မရေရာသော မသက်မသာ ဖြစ်မှု တစ်ခုကိုပါ သူမ ခံစားလိုက်ရသေး၏။
သူမကို ခြိမ်းခြောက်နိုင်စွမ်း ရှိသည့် စွမ်းအား တစ်ခု ထိုအထဲတွင် ရှိနေသလိုပါပင်။
သူမက တိုးညှင်းစွာ ဆိုလိုက်၏။
“ငါတို့ သတိထားရမယ်... ရှေးဟောင်း အခင်းအကျင်း တွေ ကျန်ရှိနေနိုင်တယ်... ငါ နည်းနည်း စိတ်မသက်မသာ ဖြစ်နေတယ်”
နတ်မိမယ် ဖုန်းလင် သည် သူမ၏ ဘေးတွင် ရပ်နေသော အမျိုးသမီး တစ်ဦးကို လှမ်းကြည့်လိုက်သည်။
ထို အမျိုးသမီးသည် မီးဖီးနစ် ကောင်းကင် နန်းတော် မှ စတုတ္ထအဆင့် အဆင့်မြင့် အခင်းအကျင်း ပညာရှင် တစ်ဦး ဖြစ်၏။ သူမ၏ အဆင့်အတန်းမှာ ရှေ့တွင် ရပ်နေသော ဝိညာဉ်ခွဲထွက် နယ်ပယ် အရှင်သခင်မ ထက်ပင် နိမ့်ကျခြင်း မရှိပါချေ။
အရှင်သခင်မ ကျူလင် ဟု သိကြသော ထိုအမျိုးသမီးသည် ရေကန်ကို လေ့လာပြီးနောက် မျက်မှောင်ကြုတ်သွားကာ...
“ဘယ်လို အခင်းအကျင်း မျိုးလဲ ဆိုတာကို ငါ မသိနိုင်ဘူး... အဲဒါကို ချိုးဖျက်ဖို့ အတွက် ငါတို့ အထဲကို ဝင်သွားမှ ရလိမ့်မယ်”
ရှေ့တွင် ရပ်နေသော ဝိညာဉ်ခွဲထွက် နယ်ပယ် အရှင်သခင်မ က ချက်ချင်းပင်...ပြောလိုက်၏။
“ငါတို့ အထဲကို ဝင်ကြမယ်... ငါ့နောက်က လိုက်ခဲ့ကြ”
ထိုအခါမှ နတ်မိမယ် ဖုန်းလင် သည် သက်ပြင်း တစ်ချက် ချလိုက်နိုင်တော့၏။ ချော်ရည်ကန်ကို စူးစမ်း လေ့လာရန် ရွေးချယ်မှုမှာ ပိုမို ကောင်းမွန်သော ရွေးချယ်မှု တစ်ခု ဖြစ်သည်။ သူမ အကြောက်ဆုံး အရာမှာ ဤမျှ ဝေးကွာသော နေရာအထိ ခရီးနှင်လာပြီးမှ မည်သည့် အကျိုးအမြတ်မှ မရဘဲ ပြန်လှည့်ရမည်ကိုပင်။
“ဒါဆိုရင်...”
နတ်မိမယ် ဖုန်းလင် စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူတို့၏ ပတ်ဝန်းကျင်သည် ရုတ်တရက် ပြင်းထန်စွာ လှိုင်းဂယက် ထသွားတော့၏။
နောက်တစ်ခဏတွင်...
ပုံရိပ် နှစ်ခုသည် သူတို့၏ နောက်ကွယ်တွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့လေသည်။
ရှေ့ဆုံးမှ ဝိညာဉ်ခွဲထွက် နယ်ပယ် အရှင်သခင်မ ၏ မျက်နှာ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး သူမ၏ မျက်လုံးများမှ အေးစက်သော လူသတ်လိုသည့် အရိပ်အယောင်များ ဖြာထွက်လာတော့၏။ သူမသည် လွှမ်းမိုးနိုင်စွမ်း ရှိသော အင်မော်တယ် အရှိန်အဝါများ ဖြာထွက်စေလိုက်သည်။ အစိမ်းရောင် ဝိညာဉ် မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာချိန်တွင် သူမက ပြင်းထန်စွာ ကြိမ်းမောင်းလိုက်သည်။
“မဖြစ်စလောက် သတ္တဝါလေးတွေ... သေချင်နေတာလား”
“ဝုန်း...”
သူမ၏ အမိန့်ပေးသံ နှင့်အတူ နူးညံ့ သွယ်လျသော လက်လေးကို ဝှေ့ယမ်းလိုက်ရာ မီတာ ဒါဇင် ပေါင်းများစွာ ရှည်လျားသော ဧရာမ မီးလျှံ နဂါးကြီး နှစ်ကောင် ပေါ်ထွက်လာပြီး ရုတ်တရက် ပေါ်လာသော ပုံရိပ် နှစ်ခုကို တိုက်ခိုက်တော့၏။
ဝိညာဉ်ခွဲထွက် နယ်ပယ် အရှင်သခင်မ တစ်ပါး၏ အဆင့်တွင် ပေါ့ပေါ့ပါးပါး အသုံးပြုလိုက်သော မှော်ပညာ တစ်ခု ပင်လျှင် နတ်ဘုရား စွမ်းအားများကို ပိုင်ဆိုင်ထားပေသည်။
ထို မီးလျှံ နဂါးကြီး နှစ်ကောင်မှာ အသက်ဝင်နေသကဲ့သို့ ဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ် များမှာ ကြမ်းတမ်းသော မီးတောက်များ ဖြင့် လောင်ကျွမ်းနေ၏။ အစိမ်းရောင် အကြေးခွံများ ဖုံးလွှမ်းထားကာ ကြီးမား ကျယ်ပြန့်လှသော နဂါး အရှိန်အဝါ များကို ထုတ်လွှင့်နေကြသည်။
သို့သော် မီးလျှံ နဂါးကြီးများ ခုန်ထွက်သွားသည့် အခိုက်အတန့် ၌...
ရှေ့ရှိ ဟင်းလင်းပြင် တွင် ပြင်းထန်သော လှိုင်းဂယက် တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့၏။
မီးလျှံ နဂါးကြီး များသည် ထိုလှိုင်းဂယက် ကို ဖြတ်သန်း သွားကြသည်။
နောက်တစ်ခဏတွင်...
ဤ မီးလျှံ နဂါးကြီး နှစ်ကောင်သည် မီးဖီးနစ် ကောင်းကင် နန်းတော် မှ မူလဝိညာဉ် နယ်ပယ် အရှင်သခင်ကြီး နှစ်ပါးကို သွားရောက် တိုက်ခိုက်မိတော့၏။
မူလဝိညာဉ် နှောင်းပိုင်း အဆင့် အရှင်သခင်ကြီး နှစ်ပါးသည် သူတို့၏ အဆင့်နိမ့် ကာကွယ်ရေး မှော်ရတနာ နှစ်ခုကို အချိန်မီ အသက်သွင်းနိုင်ခဲ့ သော်ငြားလည်း မီးလျှံ နဂါးကြီးများ၏ တိုက်ခိုက်မှု ကြောင့် အရုပ်ကြိုးပြတ် လွင့်ထွက်သွားခဲ့ရသည်။ သူတို့၏ ကာကွယ်ရေး အတားအဆီးများမှာ ကျောက်ဆောင် များနှင့် ရိုက်မိကာ အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားပြီး သူတို့၏ နောက်ကွယ်ရှိ ချော်ရည်ကန် ထဲသို့ ကျဆင်းသွားကြတော့၏။
“အား...”
ထိုသူ နှစ်ဦးမှာ ထိတ်လန့် တုန်လှုပ်မှု နှင့် နာကျင်မှု တို့ကြောင့် အော်ဟစ်လိုက်ကြသည်။ ဝိညာဉ်ခွဲထွက် နယ်ပယ် အရှင်သခင်မ နှစ်ပါး၏ မှော်ပညာ ကြောင့် အလစ်အငိုက် တိုက်ခိုက် ခံလိုက်ရပြီး ပွဲချင်းပြီး သေဆုံးလုနီးပါး ဖြစ်သွားခဲ့ရ၏။
“ဗွမ်း…”
ပုံရိပ် နှစ်ခု မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ် သွားစဉ် ချော်ရည် များ ပန်းထွက်သွားတော့သည်။
“ဖူး...”
ရေကန်၏ အထက်တွင် သွေးမြူခိုး တိမ်တိုက် နှစ်ခုသာ ကျန်ရစ်နေခဲ့တော့၏။
မီးဖီးနစ် ကောင်းကင် နန်းတော် မှ ဝိညာဉ်ခွဲထွက် နယ်ပယ် အရှင်သခင်မ ၏ မျက်နှာ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ထိတ်လန့် အံ့အားသင့်မှု နှင့် ဒေါသတို့ ရောယှက်နေသည်ကို မြင်တွေ့ရသည်။ သူမ ကိုယ်တိုင်၏ မှော်ပညာ များက သူမကို ဆန့်ကျင် တိုက်ခိုက်လာခဲ့ပြီး သူမ၏ ကိုယ်ပိုင် မီးဖီးနစ် ကောင်းကင် နန်းတော် မှ မူလဝိညာဉ် အရှင်သခင်ကြီး နှစ်ပါးကို ပြင်းထန်စွာ ဒဏ်ရာ ရရှိစေခဲ့လေပြီ။
“ဝီ…”
သူမ၏ ပတ်ပတ်လည် တွင် အင်မော်တယ် အလင်းတန်း သုံးခု ရှိနေ၏။ သူမ၏ မှော်ရတနာ များကို ခေါ်ထုတ်လိုက်သည်။
သို့သော် ထိုယုတ်မာလွန်းသော မိစ္ဆာ နှစ်ကောင်ကို သတ်ဖြတ်ရန် မှော်ရတနာ များကို ခြယ်လှယ်တော့မည့် ဆဲဆဲမှာပင် ပုံရိပ် တစ်ခုက သူမ၏ အရှေ့တွင် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။
အနက်ရောင် ဒေါသစစ်သည်တော် သည် သူ၏ ဧရာမ အနက်ရောင် ဓားကြီးကို မြှောက်ချီလိုက်သည်။ သူ ဓားကို မြှောက်လိုက်ချိန်တွင် မီးတောက် လျှို့ဝှက် နယ်မြေ တစ်ခုလုံး တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရပြီး စစ်သည်တော် သည် သူ၏ ဓားဖြင့် နယ်မြေ တစ်ခုလုံးကို ပင့်မထားသလိုပါပင်။
“ဝုန်း...”
အနက်ရောင် ဒေါသစစ်သည်တော် ၏ အစွမ်းကုန် တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် မီးဖီးနစ် ကောင်းကင် နန်းတော် မှ အရှင်သခင်မ ၏ မျက်နှာမှာ ထပ်မံ ပြောင်းလဲသွားပြန်၏။
အနက်ရောင် ဒေါသစစ်သည်တော် ၏ ဓားသွားမှ ရှောင်တိမ်းရန် သူမ ရုန်းထွက်တော့မည့် အချိန်၌ နောက်တစ်ခဏ တွင် သူမ၏ အရပ် လေးမျက်နှာ မှ ဟင်းလင်းပြင် စွမ်းအားများ စုစည်းလာကာ သူမကို လှုပ်ရှား၍ မရအောင် ချုပ်နှောင်လိုက်တော့၏။
“သေချင်နေတာလား... ထွက်သွားစမ်း...”
သူမ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမ၏ ပတ်ပတ်လည် ရှိ အဆင့်မြင့် အဆင့်နိမ့် မှော်ရတနာ သုံးပါးသည် မျက်စိကျိန်းမတတ် အလင်းတန်းများ ဖြာထွက်လာစေခဲ့သည်။
ဓားတစ်လက်... တံဆိပ်တုံး တစ်ခု နှင့် ဓမ္မပုလင်း တစ်လုံး။
ဓမ္မဓား သည် မျက်စိတစ်မှိတ် အတွင်း ဓားအစင်း ထောင်ပေါင်းများစွာ အဖြစ်သို့ ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော အစိမ်းရောင် မီးတောက် ဓားများသည် အနက်ရောင် ဒေါသစစ်သည်တော် ဆီသို့ ပျံသန်း သွားကြတော့၏။
ဓမ္မတံဆိပ်တုံး ၏ အတွင်း၌ ပဉ္စမအဆင့် အဆင့်နိမ့် မိစ္ဆာသားရဲ ၏ မူလဝိညာဉ် တစ်ခု ပါဝင်နေပြီး အလယ်အလတ်အဆင့် မှော်ရတနာ တစ်ခု နီးပါး အစွမ်းထက်လှသည်။ သူမ၏ လှုံ့ဆော်မှု အောက်တွင် ချီလင် နှင့် ကျား ရောနှောနေသည့် ပုံစံရှိပြီး မီးတောက်များဖြင့် ပြုလုပ်ထားသော သတ္တဝါ တစ်ကောင် ခုန်ထွက်လာခဲ့၏။
ပဉ္စမအဆင့် မိစ္ဆာ တစ်ကောင်၏ ရိုင်းစိုင်း ကြမ်းတမ်းမှု များဖြင့် ၎င်းသည် အနက်ရောင် ဒေါသစစ်သည်တော် ဆီသို့ တဟုန်ထိုး ပြေးဝင်သွားကာ မီတာ ဆယ်ဂဏန်းကျော် ရှည်လျားသော ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးဖြင့် အရေးမပါလှသော အနက်ရောင် ဒေါသစစ်သည်တော် ကို ခုတ်ပိုင်း တိုက်ခိုက်လိုက်တော့၏။
ဓမ္မပုလင်း တွင်မူ သဘာဝ အလျောက် ဖြစ်ပေါ်လာသော ဝိညာဉ် မီးတောက် တစ်ခု ပါဝင်နေလေသည်။
ဓမ္မပုလင်း ၏ တံဆိပ်ကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် အနက်ရောင် နဂါး တစ်ကောင်ကဲ့သို့ အနက်ရောင် ဝိညာဉ် မီးတောက် တစ်ခု ထွက်ပေါ်လာပြီး အနက်ရောင် ဒေါသစစ်သည်တော် ဆီသို့ မကောင်းဆိုးဝါး အရှိန်အဝါ များကို သယ်ဆောင်လာခဲ့၏။
သို့သော်ငြား သူမ၏ မှော်ရတနာ တိုက်ခိုက်မှု သုံးခုစလုံးသည် အနက်ရောင် ဒေါသစစ်သည်တော် ထံသို့ မရောက်ရှိသေးပါချေ။
ကောင်းကင် နှင့် မြေကြီး ၏ ဟင်းလင်းပြင် စွမ်းအားများသည် ထိုတိုက်ခိုက်မှု များကို ခြယ်လှယ်ရန် ရည်ရွယ်ချက်ဖြင့် နောက်တစ်ကြိမ် ပြင်းထန်သော လှိုင်းဂယက် များကို ဖြစ်ပေါ်လာစေခဲ့၏။
နတ်မိမယ် ဖုန်းလင် အပါအဝင် ကျန်ရှိနေသော သုံးဦးတို့၏ မျက်နှာ အမူအရာ များမှာ အနည်းငယ် ပြောင်းလဲသွားကြသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့ အားလုံးသည် စုယွီ၏ တာအို ရုပ်သေး ကိုယ်ပွား အပေါ်သို့ အာရုံစိုက်လိုက်ကြ၏။ သူတို့၏ မူလဝိညာဉ် မှော်စွမ်းအားများ သိပ်သည်းလာပြီး မှော်ပညာ များစွာကို အသက်သွင်းလိုက်ကြသည်။ တာအို ရုပ်သေး ကိုယ်ပွား မှ ဟင်းလင်းပြင် ကို ထိန်းချုပ်နိုင်ခြင်း မရှိစေရန် ဟင်းလင်းပြင် ကို နှောင့်ယှက်နေစဉ် သူတို့သည် တာအို ရုပ်သေး ကိုယ်ပွား ကိုပါ တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။
“သူ့ကို သတ်လိုက်...”
တာအို ရုပ်သေး ကိုယ်ပွား ၏ အရှိန်အဝါ ပင်ဖြစ်စေ... အနက်ရောင် ဒေါသစစ်သည်တော် ၏ အရှိန်အဝါ ပင်ဖြစ်စေ ၎င်းတို့မှာ မူလဝိညာဉ် နယ်ပယ် အဆင့်တွင်သာ ရှိနေသေးကြောင်း သူတို့ အားလုံး ခံစား သိရှိနိုင်ကြပေသည်။
သူတို့၏ မျက်မှောက် တွင် ဝိညာဉ်ခွဲထွက် နယ်ပယ် အရှင်သခင်များ မရှိခဲ့ပါချေ။
သို့သော် သူတို့ ရှေ့ရှိ ဤလူသည် ဟင်းလင်းပြင် စွမ်းအားများကို ထိန်းချုပ် နိုင်နေခဲ့၏။
ဧရာမ ဓားကြီးကို ကိုင်ဆောင်ထားသော အခြား လူတစ်ဦး သည်လည်း ချင်းလော့ အရှင်သခင်မ နှင့် ခြေချင်းချိတ် တိုက်ခိုက်နိုင်စွမ်း ရှိပြီး သူမကို ထိရောက်စွာ တားဆီးထားကာ လွတ်မြောက်ခွင့် မပေးဘဲ နေနိုင်ခဲ့သည်။
ဤထူးဆန်းသော ပေါင်းစပ်မှု နှင့် ထူးခြား ပြောင်မြောက်လှသော တိုက်ခိုက်ရေး စွမ်းအား တို့က နတ်မိမယ် ဖုန်းလင် နှင့် အခြား သူများကို ရိုးရှင်းစွာပင် အံ့အားသင့် သွားစေခဲ့တော့သည်။
မူလဝိညာဉ် နယ်ပယ် အရှင်သခင် တစ်ပါး အနေဖြင့် ဝိညာဉ်ခွဲထွက် နယ်ပယ် အရှင်သခင်မ တစ်ပါးကို တိုက်ခိုက်နိုင်စွမ်း ရှိနေခြင်းမှာ တကယ်ပဲ ဖြစ်နိုင်ပါ့မလား...။