အခန်း ၇၅၆
Vol. 51 Ch. 756
အခန်း (၇၅၆) - နယ်မြေအရှင် ပြန်လည် ဆုတ်ခွာခြင်း နှင့် မုန်တိုင်း စတင်တော့မည် (အပိုင်း ၁)
“ဒီ အရင်းအမြစ်တွေက မင်းအတွက်ပဲ... မင်းရဲ့ ကျင့်ကြံခြင်းလမ်းစဉ်မှာ အကျိုးရှိရှိ သုံးလိုက်ပါ”
စုယွီသည် အရက်ကြမ်း တာအိုဆရာမလေးအတွက် ကျင့်ကြံခြင်း အရင်းအမြစ်များကို ချန်ထားရစ်ခဲ့၏။ ၎င်းတို့ထဲတွင် စတုတ္ထအဆင့် ဝိညာဉ်အရည်များ၊ စတုတ္ထအဆင့် ဆေးလုံးများ စသည်တို့ ပါဝင်သည်။ အရက်ကြမ်း တာအိုဆရာမလေးသည် သေရည်ချက်လုပ်ခြင်းကို အထူး ဝါသနာပါကြောင်း သတိရမိသဖြင့် စတုတ္ထအဆင့် ဝိညာဉ်ဆေးမြစ် အချို့ကိုပါ ထုတ်ပေးလိုက်၏။
“နောက်တစ်ခါ ပိုင်ဟွာဂိုဏ်းကို သွားရင် ကျွန်တော် ခင်ဗျားအတွက် အရက်ကြမ်း ပညာရှင် တစ်ပါးရဲ့ အမွေအနှစ်ကို ရှာပေးထားပါမယ်”
မထွက်ခွာမီ စုယွီက ကမ်းလှမ်းလိုက်သည်။
အရက်ကြမ်း တာအိုဆရာမလေးသည် စုယွီ၏ ကျောပြင်ကို ကြည့်ရင်း အချိန်အတော်ကြာအောင်ပင် အတွေးနယ်ချဲ့နေမိ၏။
ယခင် အတိတ်ကာလက ဆိုလျှင်...
စုယွီသည် သာမန် ကျင့်ကြံသူလေး တစ်ဦးသာ ဖြစ်ခဲ့ဖူးသော်လည်း ယခုမူ တာ့ယွဲ့နန်းတော်၏ နောက်ကွယ်မှ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်နေပြီ မဟုတ်ပါလော။ သူမ အပါအဝင် အားလုံးသည်ပင် သူ၏ အရင်းအမြစ်များအပေါ် မှီခိုလျက် မူလဝိညာဉ်နယ်ပယ်သို့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြ၏။
ကိုးဝိညာဉ် မိစ္ဆာတောင်တန်းကိုပင် ပိုင်ဟွာဂိုဏ်းနှင့် တာ့ယွဲ့နန်းတော်တို့ ပူးပေါင်း၍ အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့ကြသည်။
ကိုးဝိညာဉ် မိစ္ဆာတောင်တန်း၊ ဇီကွမ် နန်းတော်၊ ဖီးနစ်သက်ဆင်း နယ်မြေ ကဲ့သို့သော ယခင် အင်အားကြီး အဖွဲ့အစည်းများမှာ ယခုအခါ တာ့ယွဲ့နန်းတော်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ကာ ၎င်းတို့ကို ယှဉ်ပြိုင်နိုင်မည့် အင်အားစုများမှာလည်း မရှိသလောက် ပျောက်ကွယ်သွားလေပြီ။
ဤမျှ ဒဏ္ဍာရီဆန်ဆန် စွမ်းဆောင်နိုင်သည့် လူသားတစ်ယောက်သည် အရက်ကြမ်း တာအိုဆရာမလေး၏ မျက်စိထဲတွင် လွန်စွာ ရှားပါးလှပါသည်။
အခြားသော နတ်မိမယ်များသာ သူ့ကို မြင်လိုက်ရပါက စိတ်လှုပ်ရှားမှု မရှိဘဲ နေနိုင်ကြပါ့မလား။
‘တကယ်ကို နှမြောစရာပဲ...’
အရက်ကြမ်း တာအိုဆရာမလေးသည် သူမ၏ အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ပြီး သူမ၏ အမူအရာမှာလည်း အနည်းငယ် မှိုင်းညို့သွား၏။ သူမနှင့် စုယွီတို့အကြားက ကွာဟချက်မှာ ယခုအခါ အလွန်ပင် ကြီးမားနေပြီ ဖြစ်၍ သူမတို့ နှစ်ဦးအကြား မည်သည့် အခွင့်အရေးမျှ မရှိတော့ကြောင်း အရက်ကြမ်း တာအိုဆရာမလေး ကောင်းစွာ သိရှိလိုက်လေပြီ။
ထိုသို့သာ မဟုတ်ခဲ့လျှင် ဤယောက်ျားကို စည်းရုံး သိမ်းပိုက်နိုင်မည့် ဆွဲဆောင်မှုမျိုး သူမထံတွင် ရှိမရှိ စမ်းသပ်ကြည့်ချင်မိပါသေးသည်။ အကယ်၍သာ သူမသည် နှစ်ပေါင်း ရာချီ၍ ပိုပြီး ငယ်ရွယ်နေခဲ့ပါက... သူမအနေဖြင့် ရှေ့တိုးဖို့ ရဲဝံ့မိပေလိမ့်မည်။
ဤ ရှုပ်ထွေးသော အတွေးစများကို ချက်ချင်းပင် ဖယ်ရှားပစ်လိုက်ပြီး အရက်ကြမ်း တာအိုဆရာမလေးသည် စိတ်ကို တည်ငြိမ်အောင် ပြန်လုပ်လိုက်၏။ စုယွီ ပြောခဲ့သည့် အရက်ကြမ်းတာအို အမွေအနှစ် အကြောင်းကို သတိရမိသဖြင့် သူမ စိတ်ထဲတွင် အနည်းငယ်ပင် မျှော်လင့်ချက် ရှိလာမိလေသည်။
သူမသည် သေရည်ချက်လုပ်ခြင်းကို ဝါသနာပါခဲ့ပြီး ထိုသေရည်ချက်လုပ်ခြင်းကြောင့်ပင် သူမ၏ ဘဝတစ်ဝက်ကို အလဟဿ ဖြုန်းတီးခဲ့ရကာ ဘဝကို အတူတူ မျှဝေခံစားမည့် တာအိုလက်တွဲဖော် တစ်ပါးမျှ မရှိခဲ့ဖူးပေ။
နောင်တွင်လည်း ဤအတိုင်းပင် ဆက်လက် ဖြစ်ပျက်နေဦးမည် ထင်ပါ၏။
*
တာ့ယွဲ့နန်းတော်မှ ထွက်ခွာလာပြီးနောက် စုယွီသည် ပိုင်ဟွာဂိုဏ်း၏ လျှို့ဝှက်နယ်မြေသို့ တိုက်ရိုက် ပြန်လည် ရောက်ရှိသွား၏။ သူသည် တစ်လ ခန့်မျှ ထိုနေရာတွင် နေထိုင်ရင်း ယွီခယ်အာ တို့နှင့်အတူ အချိန်ကုန်ဆုံးလိုက်သည်။
ထို့နောက် သူသည် လျှို့ဝှက်စွာဖြင့် မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်သို့ တစ်ခေါက်သွားရောက်ကာ ထျန်းဖုန်း နန်းတော်၏ အပြင်ဘက်ရှိ အပျက်အစီး နယ်မြေမှ ရရှိလာသော အမြတ်များကို သူ၏ မူလခန္ဓာကိုယ်ထံသို့ ပို့ဆောင်ပေးလိုက်လေသည်။
မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်၏ လျှို့ဝှက်နယ်မြေ။
စုယွီသည် ထျန်းဖုန်း နန်းတော်၏ အပျက်အစီး နယ်မြေမှ ရရှိလာသော အမြတ်များကို ဂရုတစိုက် ရေတွက်လိုက်၏။ ပထမဦးစွာ လေးပုံသဏ္ဌာန် ရှိသည့် အထွတ်အထိပ် အဆင့် မှော်လက်နက် တစ်ပါး ၎င်း၏ ထက်မြက်မှု နှင့် အင်မော်တယ် စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းလှ၏။ စုယွီပင်လျှင် ယခုအချိန်တွင် ထိုအရာကို တောင့်ခံမထားနိုင်သေးပေ။
၎င်းကို ချုပ်ကိုင်နိုင်ရန် နှင့် အသုံးပြုနိုင်ရန် အတွက် သူ၏ နတ်ဘုရား အာရုံသည် နောက်တစ်ကြိမ် အသွင်ပြောင်းလဲခြင်းကို ရရှိမှသာ... ဆိုလိုသည်မှာ ဝိညာဉ်ခွဲထွက်နယ်ပယ် အဆင့်သို့ ရောက်ရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။
ထို့ကြောင့် သူသည် ဤ အထွတ်အထိပ် အဆင့် မှော်လက်နက်ကို ခေတ္တမျှ သိမ်းဆည်းထားရန်သာ တတ်နိုင်တော့သည်။
သူသည် ယွင်ချန် လက်စွပ်ကို လက်တွင် ဝတ်ဆင်လိုက်ပြီး သူ၏ တာအို ခန္ဓာ ရုပ်သေးအား ချင်ယွဲ့ လက်စွပ်ကို ပေးလိုက်၏။ ၎င်းမှာ အဆင့်နိမ့် မှော်လက်နက် ဖြစ်သော်ငြားလည်း ရှားပါးလှသော ရတနာ တစ်ပါး ဖြစ်ပေသည်။
ထို့ပြင် အလယ်အလတ် အဆင့် မှော်လက်နက် အတွင်းဝတ် ချပ်ဝတ် တစ်စုံလည်း ပါဝင်နေ၏။ စုယွီသည် ထိုအရာကို သန့်စင်ပြီး မိမိကိုယ်တိုင် ဝတ်ဆင်လိုက်၏။ ဤ ချပ်ဝတ် ကို ဝိညာဉ်သတ် ချပ်ဝတ် ဟု ခေါ်ဆိုပြီး ၎င်း၏ ကာကွယ်ရေး စွမ်းအားမှာ မထူးခြားလှသော်လည်း...
တစ်ခုသော ထူးခြားချက်မှာ ၎င်းသည် နတ်ဘုရား အာရုံများ၏ ရှာဖွေစူးစမ်းခြင်းကို ကာကွယ်ပေးနိုင်ခြင်း ပင်တည်း။
ဤ ချပ်ဝတ် ဖြင့် သူ၏ ပုန်းကွယ်ခြင်း နှင့် ချောင်းမြောင်း တိုက်ခိုက်ခြင်း စွမ်းအားများမှာ သိသာထင်ရှားစွာ မြင့်တက်သွားပေလိမ့်မည်။
ပကတိ ဟင်းလင်းပြင် နယ်ပယ် တာအိုသခင်ကြီး ချန်ရစ်ခဲ့သော အင်မော်တယ် လေး ကို တွေးတောရင်း... ထို တာအိုသခင်ကြီး သည် လေးမြားပစ်ခတ်ခြင်းကို အထူး ကျွမ်းကျင်သူ ဖြစ်ရမည်ဟု စုယွီ ခန့်မှန်းလိုက်၏။
သူသည် ရန်သူများကို အဝေးမှ တိုက်ခိုက်ရန် အထူး ကျွမ်းကျင်သူ ဖြစ်၏။
အဆင့်နိမ့် မှော်လက်နက် သည် မူလဝိညာဉ်နယ်ပယ် အရှင်သခင် အဆင့်နှင့် ညီမျှပြီး... အလယ်အလတ် အဆင့် မှော်လက်နက် သည် ဝိညာဉ်ခွဲထွက်နယ်ပယ် နှင့် ညီမျှကာ... အထွတ်အထိပ် အဆင့် မှော်လက်နက် သည် ပကတိ ဟင်းလင်းပြင် နယ်ပယ် မှ တာအိုသခင်ကြီးများနှင့် ညီမျှပေသည်။
စုယွီ သည် ယခုအချိန်ထိ အထွတ်အထိပ် အဆင့် မှော်လက်နက် ကို ထိန်းချုပ်နိုင်ခြင်း မရှိသေးသော်လည်း ဓာတ်ကြီးငါးပါး နယ်ပယ် ကို အပြည့်အဝ နားလည်သဘောပေါက်ထားသူ ဖြစ်ရာ... သူ၏ ချီစွမ်းအင် နှင့် နတ်ဘုရား အာရုံများမှာ အားမနည်းပါချေ။
အလယ်အလတ် အဆင့် မှော်လက်နက် တစ်ပါးကို သန့်စင်ရန် နှင့် ထိန်းချုပ်ရန်မှာ သူ၏ စွမ်းရည်ဘောင်အတွင်း ခက်ခဲစွာဖြင့် ရှိနေဆဲပင်။
အချိန် အတန်ကြာ အသုံးပြုပြီးနောက် စုယွီ သည် ဝိညာဉ်သတ် ချပ်ဝတ် ကို အောင်မြင်စွာ သန့်စင်လိုက်နိုင်သည်။ ဝိညာဉ်သတ် ချပ်ဝတ် ၏ ထူးခြားသော စွမ်းအားကို ခံစားလိုက်ရသောအခါ သူ၏ မျက်နှာတွင် ပျော်ရွှင်သော အရိပ်အယောင် များ ထွက်ပေါ်လာ၏။
“ဒီ ချပ်ဝတ် ရယ်... ယွင်ချန် လက်စွပ် နဲ့ ဟင်းလင်းပြင် ကြေးအိုးငယ် တို့သာ ရှိနေမယ်ဆိုရင် ပကတိ ဟင်းလင်းပြင် နယ်ပယ်က တာအိုသခင်ကြီးတွေ ပေါ်မလာသရွေ့... ဝိညာဉ်ခွဲထွက်နယ်ပယ်က လူတွေ ငါ့ကို ဘာမှ မခြိမ်းခြောက်နိုင်တော့ဘူး”
သူသည် နောက်ထပ် နှစ်ပေါင်း ရာချီ... ထောင်ချီ၍ ဆက်လက် ကျင့်ကြံပြီးပါက... ပကတိ ဟင်းလင်းပြင် နယ်ပယ် မှ တာအိုသခင်ကြီး တစ်ပါးပင်လျှင် သူ့အတွက် ပြဿနာ မဟုတ်တော့ချေ။
ထို့နောက် ၊ တာအိုသခင်ကြီး ယွင်ချန် ချန်ရစ်ခဲ့သော ကျောက်စိမ်းပြားများ၊ ကျောက်စိမ်း သေတ္တာများ နှင့် ရှေးဟောင်း စာအုပ်များ ကို စနစ်တကျ စစ်ဆေးလိုက်ပါ၏။
၎င်းတို့ထဲတွင် ပကတိ ဟင်းလင်းပြင် နယ်ပယ် တာအိုသခင်ကြီး၏ ကျင့်ကြံခြင်း အတွေ့အကြုံများနှင့် ဝိညာဉ်ခွဲထွက်နယ်ပယ် တာအိုပညာရပ် သုံးခုကို မှတ်တမ်းတင်ထားလေသည်။
စုယွီကထိုအရာများကို သိမ်းဆည်းလိုက်ပြီးနောက် တာအိုသခင်ကြီး ယွင်ချန်၏ အရိုးစုများနှင့် ယွဲ့ အင်မော်တယ် နန်းတော် အင်မော်တယ်မြို့တော်မှ ရရှိခဲ့သော ပကတိ ဟင်းလင်းပြင် နယ်ပယ် တာအိုသခင်ကြီး၏ ကျင့်ကြံခြင်း အတွေ့အကြုံများကိုပါ ထုတ်ယူကာ ဟုန်ယွဲ့ စံအိမ်တော် သခင်ကြီးထံသို့ လွှဲပြောင်းပေးအပ်လိုက်သည်။
အင်မော်တယ် စံအိမ်တော်၏ ပင်မ ခန်းမဆောင်ကြီး အတွင်း၌..
ဟုန်ယွဲ့ စံအိမ်တော် သခင်ကြီးသည် လက်စွပ်အတွင်းရှိ ပစ္စည်းများကို ကြည့်ရင်း မှင်သက် အံ့အားသင့်သွားရ၏။
အထူးသဖြင့် တာအိုသခင်ကြီး ယွင်ချန်၏ အရိုးစုများပင်တည်း။
ထိုအရိုးစုများတွင် ပကတိ ဟင်းလင်းပြင် နယ်ပယ် တာအိုသခင်ကြီး တစ်ပါး၏ အင်မော်တယ် အရှိန်အဝါ အကြွင်းအကျန်များ ကိန်းဝပ်နေဆဲ ဖြစ်လေသည်။
အခြားသော ပကတိ ဟင်းလင်းပြင် နယ်ပယ် တာအိုသခင်ကြီးများ ချန်ရစ်ခဲ့သည့် ကျင့်ကြံခြင်း အတွေ့အကြုံများနှင့် တာအိုပညာရပ်များကို ကြည့်ရှုပြီးနောက် ဟုန်ယွဲ့ စံအိမ်တော် သခင်ကြီးက စုယွီအား မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်၏။
“ညီငယ်... ဒါက မင်း မကြာသေးခင်က အခွင့်အရေးတွေ သွားရှာတုန်းက ရခဲ့တဲ့ အသီးအပွင့်တွေလား”
စုယွီက ပြန်လည် ဖြေကြားလိုက်၏။
“ကျွန်တော် အရင်က နေထိုင်ပြီး ကျင့်ကြံခဲ့တဲ့ နေရာမှာ ထျန်းဖုန်း နန်းတော်ရဲ့ အစောင့်အရှောက် စခန်းဟောင်း အကြွင်းအကျန်တွေ ရှိနေခဲ့တယ်... မကြာသေးခင်ကပဲ အဲဒီနေရာကလာတဲ့ ကျွန်တော့်ရဲ့ ပါရမီရှင် မိတ်ဆွေတစ်ယောက် ပြန်ရောက်လာပြီး နောက်ထပ် လျှို့ဝှက်နယ်မြေ အပျက်အစီး တစ်ခုကို ရှာတွေ့ခဲ့တာပါ”
“ကျွန်တော်က အဲဒီ အပျက်အစီးကို အဲ့ဒီမိန်းကလေးဆီကနေ လုယူခဲ့ပြီးတော့... ဒီအရာတွေကို အထဲမှာ တွေ့ခဲ့တာပါပဲ”
“အစ်ကိုကြီးက ပကတိ ဟင်းလင်းပြင် နယ်ပယ် တာအိုသခင်ကြီး အဆင့်ကို ချိုးဖြတ်ဖို့ ကြိုးစားတော့မှာဆိုတော့... ဒီအရာတွေက အစ်ကိုကြီးအတွက် အထောက်အကူ ဖြစ်စေမယ်လို့ ကျွန်တော် ထင်တယ်”
“ဖြစ်တာပေါ့... သေချာပေါက် ဖြစ်တာပေါ့”
ဟုန်ယွဲ့ စံအိမ်တော် သခင်ကြီး၏ အသံမှာ အနည်းငယ် တုန်ရီနေသည်က သူ မည်မျှလောက် စိတ်လှုပ်ရှားကာ ဝမ်းသာပီတိ ဖြစ်နေကြောင်းကို ထင်ရှားစွာ ပြသနေလေသည်။
ပကတိ ဟင်းလင်းပြင် နယ်ပယ် တာအိုသခင်ကြီး တစ်ပါး၏ အမွေအနှစ်မှာ တကယ့်ကို အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမားလွန်းလှသည် မဟုတ်ပါလော။
ဝိညာဉ်ခွဲထွက်နယ်ပယ်တွင် ရှိနေသူများအတွက် ပကတိ ဟင်းလင်းပြင် နယ်ပယ် တာအိုသခင်ကြီး တစ်ပါး၏ အမွေအနှစ်တိုင်းသည် အဖိုးတန် ရတနာ တစ်ပါးပင် ဖြစ်၏။
ရှေ့လူများ လျှောက်လှမ်းခဲ့သော လမ်းကြောင်းပေါ်တွင် လိုက်ပါ လျှောက်လှမ်းခြင်းသည် ကိုယ်တိုင် မျက်လုံးစုံမှိတ်၍ ရုန်းကန်နေရခြင်းထက် အမြဲတမ်း ပိုမို ခိုင်မာပြီး ပိုမို လွယ်ကူလှပေသည်။
သို့သော် မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်တွင် ထိုကဲ့သို့သော အမွေအနှစ်များ ကင်းမဲ့နေခဲ့၏။ လိုအပ်ချက်များ လွန်စွာ များပြားနေပါခဲ့သည်။
အကြောင်းကတော့ ပကတိ ဟင်းလင်းပြင် နယ်ပယ် မှ တာအိုသခင်ကြီး တစ်ပါးစီတိုင်းသည် မတူညီသော တာအိုလမ်းစဉ်များကို လျှောက်လှမ်းကြသောကြောင့်ပင်။ ကောင်းကင်နှင့် မြေကြီး အကြား၌ မတူညီသော လမ်းကြောင်း ငါးခု ရှိပေသည်။ တူညီသော ဝိညာဉ်အမြစ် အမွေအနှစ်များ ရှိနေခဲ့လျှင်တောင်မှ... ထိုအတွေ့အကြုံများသည် မိမိကိုယ်ပိုင် လမ်းစဉ်နှင့် ကိုက်ညီချင်မှ ကိုက်ညီနိုင်ပါမည်။