အခန်း ၇၅၈
Vol. 51 Ch. 758
အခန်း (၇၅၈) - နယ်မြေအရှင် ပြန်လည် ဆုတ်ခွာခြင်း နှင့် မုန်တိုင်း စတင်တော့မည် (အပိုင်း ၃)
လအနည်းငယ် အကြာတွင်…။
သတင်းအချက်အလက် တစ်ခု အရှင်သခင်မ ချင်းလော့ နှင့် နတ်မိမယ် ဖုန်းလင် တို့၏ ရှေ့မှောက်တွင် ရှ်ိနေလေ၏။
ထို သတင်းအချက်အလက် မှတ်တမ်းတွင် ပါရှိသော ဟင်းလင်းပြင် တာအို စွမ်းအား အကြောင်းများကို ဖတ်ရှုလိုက်ရသောအခါ သူမတို့ နှစ်ဦးစလုံး၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားကြတော့သည်။
"စုယွီ... မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ရဲ့ အကြီးအကဲ တစ်ပါး... မကြာသေးမီကမှ တာအိုဆရာ ထျန်းယွီ ကိုယ်တိုင် သင်ကြားပေးခဲ့တဲ့ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ရဲ့ အရှင်သခင် အသစ် ဖြစ်လာသူ... မူလဝိညာဉ် နယ်ပယ် ပထမအဆင့်မှာ ရှိတယ်... ဟင်းလင်းပြင် တာအို စွမ်းအားကို နားလည် သဘောပေါက်ထားတယ်လို့ ယူဆရပြီး တစ်ချိန်က အရိုင်းနယ်မြေမှာ ရှိခဲ့ဖူးတယ်..."
နတ်မိမယ် ဖုန်းလင် သည် ထို သတင်းအချက်အလက်ကို ကြည့်ရင်း အချိန်အတော်ကြာအောင် အတွေးထဲ နစ်မျောနေခဲ့၏။
စုယွီ သည် မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် သို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ကြောင်းကို သူမ သိရှိထားပြီး ဖြစ်ကာ သူ၏ ကျင့်ကြံခြင်း စွမ်းအားနှင့် အလားအလာများမှာလည်း သာမန်ထက် သာလွန် ကောင်းမွန်နေသင့်ပေသည်။
သို့သော် စုယွီ သည် ဤမျှလောက်အထိ လျင်မြန်စွာ တိုးတက်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပါချေ။
ဟင်းလင်းပြင် တာအို စွမ်းအားကို နားလည် သဘောပေါက်ထားတယ်လို့ ယူဆရတယ် ဟုတ်လား...
သူ့မှာ ဒီလောက်တောင် ကောင်းမွန်တဲ့ ဉာဏ်အလင်းပွင့်မှုနဲ့ အခွင့်အရေး ရှိနေတာလား...
အတွေးထဲ နစ်မျောနေစဉ် နတ်မိမယ် ဖုန်းလင် သည် အတိတ်က တာ့ယွဲ့ နယ်မြေတွင် ရှိနေစဉ် အချိန်က ဟင်းလင်းပြင် တာအို စွမ်းအား၏ ခြိမ်းခြောက်မှုကို သူမ ကိုယ်တိုင် ရင်ဆိုင်ခဲ့ရဖူးကြောင်း ရုတ်တရက် သတိရလာခဲ့၏။
သို့သော် ထိုစဉ်က ၎င်းမှာ အစစ်အမှန် ဟင်းလင်းပြင် တာအို စွမ်းအား မဟုတ်ဘဲ အဆောင်လက်ဖွဲ့ တစ်ခုမျှသာ ဖြစ်ခဲ့သည်။
အဆောင်လက်ဖွဲ့ ၏ ဟင်းလင်းပြင် စွမ်းအားမှတစ်ဆင့် ဟင်းလင်းပြင် တာအိုကို သူ နားလည် သဘောပေါက်သွားနိုင်လိမ့်မည်ဟု မည်သူကများ ခန့်မှန်းမိနိုင်မည်နည်း။
ထိုအခိုက်အတန့်တွင် နတ်မိမယ် ဖုန်းလင် ၏ ခံစားချက်များမှာ ဖော်ပြ၍ မရနိုင်လောက်အောင် ရှုပ်ထွေးနေခဲ့ပြီး နာကြည်းမှု၊ ဆုံးရှုံးမှု နှင့် မကျေနပ်မှုများ ရောယှက်နေတော့၏။
‘ငါက သူ့ကို တကယ်ပဲ ယှဉ်လို့ မရနိုင်တော့ဘူးလား...
ငါက သူ့ရဲ့ တိုက်ခိုက်မှု တစ်ချက်ကိုတောင် မခံနိုင်တော့ဘူးလား...
ငါက တကယ်ပဲ အဲဒီလောက်တောင် အောက်ကျနောက်ကျ ဖြစ်နေရတာလား...
ပြီးတော့... သူက ဘာဖြစ်လို့ ငါ့ရဲ့ ဉာဏ်အလင်းပွင့် အခွင့်အရေးကို လုယူသွားရတာလဲ…’’
သူမ၏ ရင်တွင်း၌ လောင်မြိုက်နေသော ဒေါသများကြောင့် နတ်မိမယ် ဖုန်းလင် ၏ မျက်ဝန်းများတွင် အေးစက်သော လူသတ်လိုစိတ် အရိပ်အယောင်များ ပေါ်ထွက်လာတော့၏။ အချိန်အတော်ကြာမှသာ သူမ၏ စိတ်များ ပြန်လည် တည်ငြိမ်သွားတော့သည်။
သူမ၏ ဘေးတွင် ရှိနေသော အရှင်သခင်မ ချင်းလော့ သည် သူမကို အကဲခတ်နေခဲ့၏။ သူမ၏ လက်ရှိ ဒေါသနှင့် လူသတ်လိုစိတ်ကို ခံစားသိရှိနေသော်ငြားလည်း မည်သည့် သတိပေးချက်မျှ မပေးခဲ့ချေ။
နတ်မိမယ် ဖုန်းလင် ပြန်လည် တည်ငြိမ်သွားမှသာ အရှင်သခင်မ ချင်းလော့ က စကားစလာ၏။
"မင်း ဘာဆက်လုပ်ဖို့ ရည်ရွယ်ထားလဲ..."
နတ်မိမယ် ဖုန်းလင် သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမ၏ မျက်နှာပေါ်တွင် ညှို့ယူဖမ်းစားနိုင်သော အပြုံးတစ်ခု ပေါ်လာကာ ပြောလိုက်သည်။
"ကျွန်မ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ကို တစ်ခေါက်လောက် သွားပြီး သူနဲ့ စကားလေး ဘာလေး ပြောကြည့်မလို့... ဘာပဲဖြစ်ဖြစ် ကျွန်မတို့က အသိဟောင်းတွေ၊ အရင်က တာအို မိတ်ဆွေဟောင်းတွေပဲလေ... စကားစမြည် ပြောဖို့လောက်ကတော့ ပြဿနာ မရှိနိုင်ပါဘူး..."
အရှင်သခင်မ ချင်းလော့ က သူမကို စိုက်ကြည့်ကာ ပြောလိုက်၏။
"မဆင်မခြင် မလုပ်ပါနဲ့... မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်ကလည်း အတော်လေး အင်အား ပြင်းတယ်..."
ထိုအခါ နတ်မိမယ် ဖုန်းလင် က ညင်သာစွာ ရယ်လိုက်ပြီး အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူသွင်းလိုက်ကာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့... ကျွန်မက အရင် တာအို မိတ်ဆွေဟောင်းနဲ့ သွားတွေ့ရုံ သက်သက်ပါ... တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး..."
သူမ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မမြင်ရသရွေ့ သူမ စိတ်အေးချမ်းနိုင်မည် မဟုတ်ပါချေ။
ပစ္စည်းများကို သိမ်းဆည်းပြီးနောက် နတ်မိမယ် ဖုန်းလင် သည် သူမ၏ မူလဝိညာဉ် နယ်ပယ် အစောင့်အရှောက်နှင့် အတူ ထွက်ခွာလာခဲ့ကြပြီး တောင်ပိုင်း အင်မော်တယ် နယ်မြေ ရှိ နေရာရွှေ့ပြောင်းရေး အခင်းအကျင်းကို အသုံးပြုကာ တာ့ချန် ကျင့်ကြံခြင်း နယ်မြေသို့ ခရီးနှင်လာခဲ့ကြလေသည်။
....
မြေကမ္ဘာ အင်မော်တယ် စံအိမ်တော်။
ဟုန်ယွဲ့ စံအိမ်တော် သခင်ကြီး သည် တံခါးပိတ် ကျင့်ကြံမည့် အကြောင်း ကြေညာပြီးနောက် တာအိုသမီးတော် ဖန်ရှောင် သည် အင်မော်တယ် ဂိုဏ်း၏ ကိစ္စရပ်များကို ယာယီ စီမံခန့်ခွဲရန် တာဝန် ပေးအပ်ခံရလေသည်။ ထိုသတင်း ထွက်ပေါ်လာသောအခါ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် အတွင်းရှိ လူများ ဆူပူအုံကြွသွားကြရုံသာမက ပြင်ပရှိ အခြားသော အင်မော်တယ် ဂိုဏ်းများ၊ အင်အားစုများနှင့် ကျင့်ကြံသူများ အကြားတွင်လည်း ပြင်းထန်စွာ ဆွေးနွေးလာကြပြီး သတင်းမှားများ ဂယက်ထလာခဲ့တော့၏။
အချို့က ဟုန်ယွဲ့ စံအိမ်တော် သခင်ကြီး သည် မမျှော်လင့်ဘဲ ပြင်းထန်သော ထိုးနှက်ချက် တစ်ခုကို ခံလိုက်ရပြီးနောက် တံခါးပိတ် ကျင့်ကြံရန် အလျင်စလို ကြေညာခဲ့ရကာ တာအိုသမီးတော် တစ်ဦးကို ဂိုဏ်းအား ယာယီ တာဝန်ယူ စီမံခန့်ခွဲစေခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဆိုကြသည်။
အချို့ကလည်း ဟုန်ယွဲ့ စံအိမ်တော် သခင်ကြီး သည် ကျင့်ကြံခြင်း အဆင့်ချိုးဖြတ်ရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ပြောကြ၏။
မည်သို့ပင် ဖြစ်စေကာမူ ဟုန်ယွဲ့ စံအိမ်တော် သခင်ကြီး သည် ရုတ်တရက် တံခါးပိတ် ကျင့်ကြံကြောင်း ကြေညာပြီး ဖန်ရှောင် အား ဂိုဏ်းကို ယာယီ တာဝန်ယူ စီမံခန့်ခွဲစေခဲ့ခြင်းမှာ အမှန်တကယ်ပင် အလျင်စလို နိုင်လွန်းလှသည်။ စံအိမ်တော် အတွင်းရှိ အကြီးအကဲ များစွာပင်လျှင် ထိုကိစ္စအတွက် အံ့အားသင့်ခဲ့ကြရ၏။
အစစ်အမှန် အကြောင်းရင်းများနှင့် ပတ်သက်၍မူ သူတို့တွင် ထိုသတင်းအချက်အလက်များကို သိရှိနိုင်ခွင့် မရှိသကဲ့သို့ စုံစမ်းရန်လည်း သူတို့၏ တာဝန် မဟုတ်ပါချေ။
ဤ မသေချာ မရေရာမှုများနှင့် အလျင်စလို ဖြစ်မှုတို့က မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် အတွင်းရှိ လူများစွာကို မအေးမချမ်း ဖြစ်စေခဲ့ပြီး မငြိမ်မသက်မှုများကို ဖြစ်ပေါ်စေခဲ့လေသည်။
အင်မော်တယ် တစ်သောင်း နန်းတော်ဝယ်..
ဟုန်ယွဲ့ စံအိမ်တော် သခင်ကြီး တံခါးပိတ် ကျင့်ကြံသွားပြီး မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ကို ဖန်ရှောင် က ယာယီ စီမံခန့်ခွဲနေကြောင်း အင်မော်တယ် တစ်သောင်း နန်းတော် သခင် သိရှိသွားသောအခါ သူ၏ မျက်လုံးများ အေးစက်သွားတော့၏။
အင်မော်တယ် တစ်သောင်း နန်းတော် သခင်က သူ၏ ရှေ့တွင် ရှိနေသော အင်မော်တယ် တစ်သောင်း နန်းတော်မှ အကြီးအကဲကို ကြည့်ရင်း တင်းမာစွာ မေးလိုက်သည်။
"အကြောင်းရင်းကို မင်း သိလား..."
အကြီးအကဲ က သူ၏ ဆရာကို ရင်ဆိုင်ရချိန်တွင် သတိကြီးစွာဖြင့် ခေါင်းခါယမ်းလိုက်၏။
"မသိပါဘူး..."
"ဟုန်ယွဲ့ စံအိမ်တော် သခင်ကြီး က သူ့တပည့်မကို အရိုင်းနယ်မြေ ကနေ ပြန်လာဖို့ ရုတ်တရက် အမိန့်ပေးခဲ့တယ်... ပြီးတော့ အဲ့ကောင်မလေးကို နန်းတော်ရဲ့ တာဝန်တွေကို လွှဲပြောင်းပေးဖို့ ကြေညာခဲ့တယ်... အဲဒီနောက်တော့ ဘာသတင်းမှ အသစ် ထွက်မလာတော့ဘဲ တံခါးပိတ် ကျင့်ကြံသွားခဲ့တယ်..."
"အပြင်လောက မှာတော့ ကောလဟာလတွေ အများကြီး ထွက်နေပါတယ်... ဟုန်ယွဲ့ စံအိမ်တော် သခင်ကြီး ရဲ့ ကျင့်ကြံခြင်း က တကယ်ပဲ အဆင့်ချိုးဖြတ်သွားတာ... ဒါမှမဟုတ် မမျှော်လင့်ထားတဲ့ မတော်တဆမှု တစ်ခုခု ကြုံတွေ့ခဲ့ရတာ ဖြစ်ဖို့ အများဆုံး ပါပဲ..."
အင်မော်တယ် တစ်သောင်း နန်းတော် သခင် က နှာခေါင်းရှုံ့လိုက်၏။
"ငါ လိုချင်တာ ကောလဟာလတွေ မဟုတ်ဘူး..."
အကြီးအကဲ သည် အကြောက်တရားဖြင့် ချက်ချင်းပင် ဒူးထောက် ချလိုက်လေ၏။
"နန်းတော် သခင်... ခွင့်လွှတ်ပေးပါ..."
အင်မော်တယ် တစ်သောင်း နန်းတော် သခင် သည် ခေတ္တမျှ စဉ်းစားခန်း ဝင်နေပြီး သူ၏ အေးစက်သော အသံမှာ ပဲ့တင်ထပ်လာတော့၏။
"တံခါးပိတ် ကျင့်ကြံတာ ဟုတ်လား... ဟား... ဟုန်ယွဲ့ …မင်းက မင်းရဲ့ အချစ်တော် တပည့်ကို မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ကို တာဝန်ယူ စီမံခန့်ခွဲစေချင်တယ် ဆိုတော့... မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ကို သေချာ စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်း ၊ အစွမ်းအစ သူ့ဆီမှာ ရှိမရှိ ငါ စမ်းသပ်ကြည့်ရတာပေါ့..."
သူက မြေပြင်တွင် ဒူးထောက်နေသော အကြီးအကဲ ကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ အမိန့်ကို ချမှတ်လိုက်သည်။
"တစ်နှစ် အတွင်းမှာ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ထဲမှာ မငြိမ်မသက် ဖြစ်အောင် မင်း လုပ်နိုင်မလား..."
"လုပ်နိုင်ပါတယ်..."
အကြီးအကဲ က ချက်ချင်း တုံ့ပြန်လိုက်၏။ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် တွင် မငြိမ်မသက်မှုများ ဖြစ်ပေါ်လာစေရန်မှာ ခက်ခဲသော ကိစ္စ မဟုတ်ပါချေ။ ယခင်က မလုပ်ဆောင်ခဲ့ခြင်းမှာ မလိုအပ်သောကြောင့်သာ ဖြစ်၏။ ယခုမူ ရည်ရွယ်ချက် တစ်ခု ရှိလာပြီ ဖြစ်ရာ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ကို ကမောက်ကမ ဖြစ်အောင် သေချာပေါက် ပြုလုပ်ရမည်သာ။
မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် တွင် မငြိမ်မသက်မှုများ မရှိပါက ဟုန်ယွဲ့ စံအိမ်တော် သခင်ကြီး အဘယ်ကြောင့် တံခါးပိတ် ကျင့်ကြံသွားရသနည်း ဆိုသည်ကို သူတို့ မည်သို့ ရှာဖွေ ဖော်ထုတ်နိုင်မည်နည်း။
မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် တွင် မငြိမ်မသက်မှုများ မရှိပါက ဟုန်ယွဲ့ စံအိမ်တော် သခင်ကြီး ၏ တံခါးပိတ် ကျင့်ကြံမှုကို သူတို့ မည်သို့ အနှောင့်အယှက် ပေးနိုင်မည်နည်း။
အင်မော်တယ် တစ်သောင်း နန်းတော် သခင် သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး သူ၏ မျက်လုံးများတွင် လူသတ်လိုသော အရိပ်အယောင် တစ်ခု လင်းလက်သွားကာ ပြောလိုက်၏။
"ဟုန်ယွဲ့ရဲ့ တပည့် ကတော့... အခွင့်အရေး ရရင် သူ့ကို သတ်ပစ်လိုက်... အရှင်သခင် ယွမ်ရှို့ ကို လုပ်ခိုင်းလိုက်ပါ…”