အခန်း ၇၆၁
Vol. 51 Ch. 761
အခန်း (၇၆၁) - စုယွီ၏ ဒေါသ (အပိုင်း ၂)
ဤကဲ့သို့သော အသရေဖျက်သည့် သတင်းမှားများကား သူ့အတွက် အမှန်ပင် စိတ်အနှောင့်အယှက် ဖြစ်စေပြီး ရှင်းလင်းရန်အတွက်လည်း ခက်ခဲလှပေသည်။
မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် အတွင်း၌ သူ၏ ရာထူးနေရာ သို့မဟုတ် ကျင့်ကြံခြင်း အပေါ် ထိခိုက်မှု မရှိစေကာမူ နတ်ပြည်မှ နှင်ထုတ်ခံရသော အင်မော်တယ် မင်းသားတစ်ပါးကဲ့သို့ ခန့်ညားလှပသော သူ၏ ပုံရိပ်မှာမူ ပျက်စီးသွားခဲ့ပြီ ဖြစ်၏။
ပထမဆုံး အကြိမ် အတိုက်အခိုက်ခံရခြင်းက ဤသို့ ဖြစ်လာခဲ့သည်ကား...
သက်ပြင်းရှည်များ ချကာ လေးလံသော အမူအရာဖြင့် ရှိနေသည့် စုယွီကို ကြည့်ရင်း ဟွမ်ကျူးမှာ ပျော်ရွှင်နေ၏။ သူမ ရယ်မိတော့မလိုပင် ဖြစ်သွားသည်။ ဤကဲ့သို့သော နည်းဗျူဟာမှာ အမှန်ပင် ယုတ်ညံ့လှပေ၏။ သူမ အနိုင်နိုင် ရယ်မောခြင်းကို ထိန်းချုပ်ကာ မေးလိုက်သည်။
“နင် ဒီကိစ္စကို ဝင်ရောက် ဖြေရှင်းပြီးတော့ ဖိနှိပ်ပစ်ချင်နေတာလား”
“ဖြေရှင်းဖို့တော့ လိုတာပေါ့.. ဒါပေမဲ့ သတင်းမှားတွေက တာ့ချန် နယ်မြေအနှံ့ ပျံ့သွားပြီလေ။ အခုမှ ဖြေရှင်းဖို့က နောက်ကျသွားပြီ။ အင်မော်တယ် ဂိုဏ်းနဲ့ပဲ ရှင်းလင်းလိုက်ရတော့မယ်”
စုယွီ ခေတ္တမျှ တွေးတောပြီးနောက် ဆက်ပြောလိုက်၏။
“နောက်ပြီးတော့ မီးဖီးနစ် ကောင်းကင် နန်းတော်ကလူတွေ ထွက်သွားပြီလား ဆိုတာကို စုံစမ်းကြည့်လိုက်ပါဦး။ အကယ်၍ မထွက်သွားသေးရင် သူတို့ကို ဒီမှာပဲ ဖမ်းဆီးထားလိုက်ပါ။ ဘယ်ကိုမှ ထွက်မသွားစေနဲ့”
ဟွမ်ကျူး ခေါင်းညိတ်ပြီး ထွက်ခွာရန် ပြင်ဆင်နေစဉ် စုယွီက ဖြည့်စွက် ပြောကြားလိုက်၏။
“အဲဒါနဲ့... အင်မော်တယ် ဂိုဏ်းရဲ့ အတွင်းရော အပြင်မှာပါ ရှင်းလင်းဖို့ လိုအပ်တယ်။ ပြီးတော့ အင်မော်တယ် ဂိုဏ်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း တင်းတင်းကျပ်ကျပ် ပြန်လည် ကျင့်သုံးရမယ်”
“ဌာနချုပ်ရဲ့ အဓိက အကြီးအကဲတွေနဲ့ ပတ်သက်ပြီး ဒီလိုမျိုး စကားပြောဆိုတာတွေ၊ သတင်းမှားတွေ ဖြန့်တာတွေဟာ အင်မော်တယ် ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို လျစ်လျူရှုရာ ရောက်တယ်။ အကြီးအကဲတွေကို မလေးမစား လုပ်တာမျိုးကို ပြင်းပြင်းထန်ထန် အရေးယူရမယ်”
“အင်မော်တယ် ဂိုဏ်းရဲ့ စည်းမျဉ်းတွေက ဘယ်တုန်းကတည်းက ဒီလောက်အထိ လျော့ရဲသွားရတာလဲ”
မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် သည် ကျယ်ဝန်းလှသော စက်ယန္တရား တစ်ခုပမာ ဖြစ်ပြီး နေရာအနှံ့အပြားတွင် ဌာနအသီးသီးက တာဝန်ယူ ဆောင်ရွက်နေကြ၏။
ယခုအခါ အင်မော်တယ် ဂိုဏ်းကို စီမံခန့်ခွဲရန် တာဝန်ယူထားသူမှာ စုယွီ၏ တပည့်ငယ်ဖြစ်သူ တာအိုသမီးတော် ဖန်ရှောင် ဖြစ်ပေသည်။
သူမသည် စုယွီကို အမြဲတစေ ရိုသေလေးစားပြီး အနည်းငယ်မျှပင် အားကျနေသူ ဖြစ်၏။
ထို့ကြောင့် စုယွီ၏ စကားကို သူမက အလေးအနက် ထားသည်။ သူမသည် အမိန့်ကို လျင်မြန်စွာ ချမှတ်လိုက်ပြီးနောက် အင်မော်တယ် ဂိုဏ်း၏ အပြစ်ပေးဌာနသည် ချက်ချင်းပင် စတင် ပြုပြင်ပြောင်းလဲတော့၏။ သုံးရက်အတွင်း၌ပင် မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် တစ်ခုလုံးသည် အေးစက်စက် ဖြစ်သွားခဲ့ပြီး မည်သူမျှ ဤကိစ္စကို ထပ်မံ၍ အစမဖော်ရဲတော့ချေ။
တစ်ဖက်တွင်မူ..
နတ်မိမယ် ဖုန်းလင် သည် တောင်ပိုင်း အင်မော်တယ် နယ်မြေ ရှိ မီးဖီးနစ် ကောင်းကင် နန်းတော် သို့ ပြန်လည် ရောက်ရှိသွား၏။ တာ့ချန် ကျင့်ကြံခြင်း နယ်မြေ ရှိ အခြေအနေကို သူမ သိရှိသွားသည့်အခါ သူမ၏ မျက်နှာပေါ်တွင် အပြုံးပန်း တစ်ခု ပွင့်လန်းလာလေသည်။
သူမ၏ မျက်ဝန်းများတွင် အေးစက်သော အရောင်များ လင်းလက်သွားပြီး တီးတိုး ရေရွတ်လိုက်၏။
“ဒါကတော့ အစပဲ ရှိသေးတယ်... တစ်နေ့နေ့ကျရင်တော့ နင့်ကို အဆတစ်ရာ၊ အဆတစ်ထောင် ပိုပြီး ခံစားရအောင် လုပ်မယ်... တာအိုမိတ်ဆွေ စုယွီ...အဟင်း...”
ဖုန်းလင်အနေဖြင့် ယခုအချိန်တွင် စုယွီ၏ ခွန်အားနှင့် ယှဉ်လျှင် နောက်ကျကျန်ခဲ့သည်ဟု ခံစားနေရသော်လည်း သူမ၏ ကံကြမ္မာ အပေါ်တွင်မူ သူမ ယုံကြည်မှု ရှိနေ၏။
စောစေ၊ နောက်ကျစေ... သူမသည် စုယွီအား သူမ၏ ခြေအောက်သို့ ပြန်လည် ရောက်ရှိလာအောင် ပြုလုပ်နိုင်လိမ့်မည် ဖြစ်၏။
ပြီးတော့ သူမအပေါ် ပြုမူခဲ့သမျှသော အရှက်ရမှုများနှင့် ဒဏ်ရာများကို အဆတစ်ထောင် ပိုပြီး ပြန်ပေးဆပ်ခိုင်းစေရမည်။
မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် တွင်..
အတန်ကြာ စဉ်းစားပြီးနောက် စုယွီ သည် သူ၏ ရင်ထဲတွင် တောက်လောင်နေသော ဒေါသနှင့် မွန်းကျပ်မှုကို မည်သို့မျှ ဖြေဖျောက်နိုင်ခြင်း မရှိသေးပါချေ။
ဘာပဲပြောပြော ရက်စက်သော မိန်းမပျို နတ်မိမယ် ဖုန်းလင် က တောင်ပိုင်း အင်မော်တယ် နယ်မြေ ရှိ မီးဖီးနစ် ကောင်းကင် နန်းတော် သို့ ထွက်ပြေးသွားခဲ့ပြီ ဖြစ်ရာ သူနှင့် အလှမ်းဝေးသွားခဲ့လေပြီ။
သူမအား လိုက်လံ တိုက်ခိုက်ရန် အချိန် မရှိပါချေ။
‘အကျိုးနည်း... သတင်းမှားတွေက တကယ့်ကို ရွံရှာဖို့ ကောင်းတာပဲ’
ထိုမိန်းမသာ မပြေးသွားခဲ့ပါက သူမ၏ ကိုယ်ခန္ဓာကို မြို့ရိုးပေါ်တွင် ချက်ချင်း ချိတ်ဆွဲလိုက်ပြီး တာ့ချန် ကျင့်ကြံခြင်း နယ်မြေ ရှိလူတိုင်းအား သူ့အကြောင်း သတင်းမှား ဖြန့်ဝေခြင်း၏ အကျိုးဆက်ကို မြင်တွေ့စေလိုက်မှာ ဖြစ်သည်။
‘ဒါပေမဲ့ အခုတော့…’
“ဟူးးး”
စုယွီ သည် သူ၏ စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး သူ၏ စိတ်ကို ရှင်းလင်းစေရန် ရွှေ ပုစဉ်းရင်ကွဲ ကျင့်စဉ်ကို ကျင့်သုံးလိုက်၏။ သူ၏ စိတ်အေးချမ်းမှုကို ပြန်လည် ရရှိသွားပြီးနောက်
“မေ့လိုက်တော့၊ ကျင့်ကြံတော့မယ်..အခွင့်အရေး ရတဲ့ အချိန်ကျမှပဲ လက်တုံ့ပြန်လိုက်တော့မယ်”
သို့သော် သူ၏ မြေကမ္ဘာ နန်းတော် လျှို့ဝှက်နယ်မြေ သို့ ဝင်ရောက်ရန် ပြင်ဆင်နေချိန်၌ စုယွီ ၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားမှု ဖြစ်ပေါ်သွားပြီး ဆက်သွယ်ရေး တံဆိပ်ပြား တစ်ခုကို ထုတ်ယူလိုက်၏။ ဟွမ်ကျူး ၏ အသံသည် သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။
“ဗုဒ္ဓဂိုဏ်းက ဗာဂျရာ တာအို ဘုန်းကြီး က အလည်ရောက်လာတယ်... သူက အင်မော်တယ်တစ်သောင်း နန်းတော် ကလူတွေကို ခေါ်လာပြီး ဖန်ရှောင် တာအိုသမီးတော် ကို လူမြင်ကွင်းမှာ ယှဉ်ပြိုင် စိန်ခေါ်ဖို့ ရည်ရွယ်ထားတာ...”
“သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ...”
ဤစကားကို ကြားသောအခါ စုယွီ ၏ မျက်လုံးများတွင် အေးစက်သော အရောင်များ လင်းလက်သွားတော့၏။
ဗုဒ္ဓဂိုဏ်း မှ ဗာဂျရာ တာအို ဘုန်းကြီး ဆိုသည်မှာ အင်မော်တယ်တစ်သောင်း နန်းတော် ၏ တာအိုသားတော် စုဝေးပွဲတွင် ကိုးဝိညာဉ် တောင်တန်း မှ တာအိုသမီးတော် ကို လူမြင်ကွင်းမှာ သတ်ဖြတ်ခဲ့သည့် တစ်ဦးတည်းသော သူ မဟုတ်ပါလော။
သူက ငါ့ရဲ့ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ကို လာပြီး ရှောင်ရှောင် ကို သတ်ဖို့ ကြိုးစားနေတာလား။
စုယွီ သည် ဒေါသထွက်စွာဖြင့် ရယ်မောလိုက်၏။
‘အစ်ကိုကြီးက တံခါးပိတ် ကျင့်ကြံသွားတာနဲ့ပဲ လူပြက်အုပ်စုတွေက ခုန်ပေါက်ပြီး ထွက်လာကြတာပဲ…ဟား…’