အခန်း ၇၆၃
Vol. 51 Ch. 763
အခန်း (၇၆၃) - တရားကျင့်ကြံခြင်း နှင့် အရှင်သခင် ယွမ်ရှို့ (အပိုင်း ၂)
မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ၏ လက်ရှိ အခြေအနေမှာ အလွန်ပင် မငြိမ်မသက် ဖြစ်နေ၏။ ဌာနခွဲ အသီးသီးရှိ ကျင့်ကြံသူ မိသားစုများ၊ အကြီးအကဲများ နှင့် တာဝန်ရှိသူများ အကြားတွင် ပုန်ကန်မှုများနှင့် မငြိမ်မသက်မှုများမှာ နေရာအနှံ့ ပေါ်ပေါက်နေလေပြီ။
အချို့သော ပြဿနာများမှာ ရိုးရှင်းစွာ ဖြေရှင်း၍ မရနိုင်ဘဲ ရှုပ်ထွေးနေ၏။
ထို့ပြင် အခြားသော အင်အားစုများကလည်း နောက်ကွယ်မှနေ၍ ရန်စကာ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ၏ လူများကို တိုက်ခိုက်မှုများ ပြုလုပ်လာကြသည်။
ထို ပြဿနာများ၏ ဖိအားကြောင့် ဖန်ရှောင် တစ်ယောက် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေခဲ့ရပြီ ဖြစ်၏။
"ကပ်ဆိုက်နေချိန်မှာ စိတ်အေးအေးထားပါ"
စုယွီ သည် ဖန်ရှောင် အတွက် နှင်းဝိညာဉ် လက်ဖက်ရည် ကို ခွက်ထဲသို့ ငှဲ့ပေးလိုက်၏။ ပြီးနောက် သူမကို မေးမြန်းလိုက်သည်။
"အင်မော်တယ် နန်းတော် ထဲက မငြိမ်မသက်မှုတွေနဲ့ ပတ်သက်ပြီး ထူးခြားချက် တစ်ခုခုများ ရှိသလား"
နှင်းဝိညာဉ် လက်ဖက်ရည် ကို သောက်လိုက်သောအခါ ဖန်ရှောင် ၏ ခန္ဓာကိုယ်အတွင်း အေးမြသော ခံစားချက် တစ်ခု စိမ့်ဝင်သွားပြီး စိတ်ပူပန်နေသော သူမ၏ မျက်နှာမှာ ပြန်လည် တည်ငြိမ်လာတော့၏။
သူမ ခေါင်းညိတ်လိုက်သည်။
"စုံစမ်းလို့ ရတာတွေ အများကြီးပါပဲ.. သူတို့က အခုတလောမှပဲ ပေါ်လာကြတာပါ"
"သူတို့ အများစုဟာ အင်မော်တယ်တစ်သောင်းနန်းတော် နဲ့ ဆက်စပ်နေတာပါ"
စုယွီ သည် လက်ဖက်ရည် သောက်ပြီးနောက် ခွန်လွန်အိတ် တစ်လုံးကို ဖန်ရှောင်ထံ ပေးအပ်လိုက်ပြီး ပြောလိုက်၏။
"ဒါကို မင်း ကိုင်တွယ်လိုက်ပါ.. အခုချက်ချင်း နှိမ်နင်းမလား.. ဒါမှမဟုတ် အချိန်ကို စောင့်မလားဆိုတာ မင်းသဘောပဲ"
ဖန်ရှောင် က ခွန်လွန်အိတ် ကို ယူကာ အံ့ဩတကြီး မေးလိုက်၏။
"ဒါ.. ဒါက ဘာတွေလဲ"
"ကိုယ်တိုင်သာ ကြည့်ကြည့်ပါ"
ဖန်ရှောင် စူးစမ်းလိုစိတ်ဖြင့် ခွန်လွန်အိတ် အတွင်းသို့ ကြည့်လိုက်ရာ အဆင့် (၄) စာလုံးအဆောင် များ ထောင်ပေါင်းများစွာကို မြင်တွေ့လိုက်ရသဖြင့် အလွန် အံ့အားသင့်သွားပြီး စုယွီကို ကြည့်ကာ အော်ဟစ်လိုက်မိ၏။
"ဦးလေးငယ်ရယ်.. ဒီအဆောင်တွေကို ဦးလေး ကိုယ်တိုင် ရေးဆွဲထားတာလား"
အဆင့် (၄) အဆောင် အဆင့်နိမ့် (၃၀၀၀)၊ အလယ်အလတ် (၂၀၀၀)၊ အဆင့်မြင့် (၁၀၀၀)၊ စုစုပေါင်း (၆၀၀၀)။
ဤမျှ များပြားလှသော အဆောင် အရေအတွက်မှာ အင်မော်တယ် ဂိုဏ်း၏ ဘဏ္ဍာတိုက်ပင် မပိုင်ဆိုင်နိုင်လောက်ပေ။
အဆောင် ရေးဆွဲခြင်းမှာ လွယ်ကူသော ကိစ္စ မဟုတ်။ အထူးသဖြင့် အဆင့် (၄) အဆောင်များမှာ ပို၍ပင် ခက်ခဲလှ၏။
စုယွီ က ပြုံးလျက် ဆိုလိုက်သည်။
"အစ်ကိုကြီးက မင်းကို စောင့်ရှောက်ဖို့ မှာထားခဲ့တာလေ.. ဒီအဆောင်တွေက ငါ့ရဲ့ အကူအညီပါပဲ.. အခက်အခဲတွေကို ဖြေရှင်းဖို့ ယုံကြည်ချက် ရှိစေချင်လို့ပါ"
"အင်မော်တယ်တစ်သောင်းနန်းတော်၊ ဗာဂျရာ တာအိုဂိုဏ်း၊ တာ့ယန် အင်မော်တယ် မင်းဆက် တို့လို အင်အားစုကြီးတွေ တစ်ပြိုင်နက် မတိုက်ခိုက်လာသရွေ့ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် က ကသောင်းကနင်း ဖြစ်မသွားနိုင်ပါဘူး"
အဆိုပါ အဆောင် များအတွက် လိုအပ်သော ပစ္စည်းများမှာ အင်မော်တယ် ဂိုဏ်း၏ ဘဏ္ဍာတိုက်မှ ရရှိခြင်း ဖြစ်၏။
စုယွီ ၏ လက်ရှိ အဆောင် ရေးဆွဲခြင်း ပညာရပ်မှာ အဆင့် (၄) အဆောင်များအတွက် (၁၀၀) ရာခိုင်နှုန်း ကျွမ်းကျင်နေလေပြီ။ အထူးသဖြင့် အဆင့် (၄) အဆင့်မြင့် အဆောင်များတွင်မူ (၇၀) ရာခိုင်နှုန်းကျော် အောင်မြင်မှု ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် အဆောင် ရေးဆွဲခြင်းမှာ သူ့အတွက် အချိန် အလွန် အနည်းငယ်သာ ကြာမြင့်ပေသည်။
အကူအညီ ရရှိသွားသော ဖန်ရှောင် မှာ ပျော်ရွှင်သွားပြီး ဝိညာဉ် သေရည် အိုးတစ်အိုးဖြင့် စုယွီ ကို ပျော်ရွှင်စွာ တိုက်ကျွေးလိုက်၏။
ထို့နောက် ဖန်ရှောင် ထွက်သွားတော့သည်။
ဤ အဆောင် များ၏ အကူအညီဖြင့် သူမမှာ အပြင်ဘက်ရှိ မငြိမ်မသက်မှုများကို ပိုမို ကောင်းမွန်စွာ ကိုင်တွယ်နိုင်တော့မည် ဖြစ်သည်။ အကယ်၍ သူမသာ အင်မော်တယ်တစ်သောင်းနန်းတော် ၏ သစ္စာဖောက်များအား မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် မှ အမြစ်ဖြတ် ရှင်းလင်းနိုင်ပါက မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် အတွက် ကောင်းကျိုး တစ်ခုပင် ဖြစ်လာနိုင်ပေမည်။
ဖန်ရှောင် မှာ စုယွီ ထင်ထားသည်ထက် ပို၍ သည်းခံစိတ် ရှိပြီး ပို၍လည်း ရက်စက်နိုင်သူ ဖြစ်နေသည်။
သူမ ထွက်သွားပြီးနောက် ရလဒ်ကောင်း တစ်ခု ထွက်ပေါ်လာခဲ့သည်။
မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ၏ လက်အောက်ခံ အင်မော်တယ် မြို့တော် တစ်ခု ဖြစ်သော ပျံသန်းခြင်း အင်မော်တယ် မြို့တော် တွင် ပုန်ကန်မှုကြီး တစ်ခု ဖြစ်ပွားခဲ့၏။ မူလဝိညာဉ် အဆင့် အကြီးအကဲ အများအပြားက မြို့တော်၏ တစ်ဝက်ခန့်ကို သိမ်းပိုက်လိုက်ပြီး မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ၏ အင်အားစုများကို မြို့ထဲသို့ ပြန်လည် တွန်းထုတ်ခဲ့၏။
ထိုအဖြစ်အပျက်က အင်မော်တယ် မြို့တော် များစွာကို တုန်လှုပ်စေခဲ့ပြီး အခြားသော အင်အားစုများကိုလည်း အင်မော်တယ် ဂိုဏ်းအား တိုက်ခိုက်ရန် လိုလားမှုများ ဖြစ်ပေါ်လာစေခဲ့သည်။
အထူးသဖြင့် အင်မော်တယ် ဂိုဏ်းသည် အင်အား မရှိတော့ဘဲ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဟု သူတို့ ထင်မြင်နေချိန်တွင် ဖြစ်၏။
သို့သော် ငါးနှစ် ကြာပြီးနောက်...
အခြေအနေမှာ ထိန်းမနိုင် သိမ်းမနိုင် ဖြစ်လာပြီး မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် တစ်ခုလုံး ပျက်စီးတော့မည့် အချိန်တွင် ရုတ်တရက် အင်အားစု တစ်ခု ပေါ်ပေါက်လာသည်။
သွေးရောင် ချပ်ဝတ် ဝတ်ဆင်ထားပြီး နှင်းဖြူရောင် ဝက်ဝံကြီးကို စီးကာ ဧရာမ ပုဆိန်များကို ကိုင်စွဲထားသော စစ်သည်တော်များ။
သူတို့၏ ခေါင်းဆောင်မှာ ဟွမ်ရှီထောင်ပင်။
ဟွမ်ရှီထောင်ပင်သည် သစ္စာတော်ခံ အမိန့်ကို ကိုင်စွဲထားပြီး မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ကို နှောင့်ယှက်သူ မှန်သမျှအား ရက်စက်စွာ ရှင်းလင်းလိုက်၏။
အာဏာရှင်ဆန်သော အသံမှာ ပဲ့တင်ထပ်သွား၏။
"မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ကို ကသောင်းကနင်း ဖြစ်အောင် လုပ်သူ မှန်သမျှ... သေရမယ်”