အခန်း ၇၆၄
Vol. 51 Ch. 764
အခန်း (၇၆၄) - တရားကျင့်ကြံခြင်း နှင့် အရှင်သခင် ယွမ်ရှို့ (အပိုင်း ၃)
မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ကို ပုန်ကန်လိုသူ အင်အားစုများ၊ မိသားစုဝင်များ နှင့် စံအိမ်တော်၏ အပြင်ဘက် တာဝန်ခံများအားလုံးကို အစပျိုးချိန်မှာပင် အမြစ်ဖြတ် ချေမှုန်းနိုင်ခဲ့လေပြီ။
ထိုသို့ဖြင့် ခုနစ်ခုမြောက် မြို့တော် သို့ ရောက်ရှိလာခဲ့၏။
ဟွမ်ရှီထောင် သည် သူ၏ စစ်သည်တော်များနှင့်အတူ ထိုမြို့တော်သို့ ရောက်ရှိလာပြီးသည်နှင့် တစ်ပြိုင်နက် မြို့ကို ပတ်လည် ဝိုင်းရံထားသော အကာအကွယ် အခင်းအကျင်းများမှာ ရုတ်တရက် အသက်ဝင်လာပြီး သူတို့အား ပိတ်ဆို့ ဖမ်းဆီးတော့သည်။
ထို အခင်းအကျင်းများအကြားတွင် အဆင့် (၅) အခင်းအကျင်း နှစ်ခုပင် ပါဝင်နေ၏။ တစ်ခုမှာ သတ်ဖြတ်ခြင်း စက်ကွင်းဖြစ်ပြီး နောက်တစ်ခုမှာ ပိတ်လှောင်ခြင်း အခင်းအကျင်း ဖြစ်ပေသည်။
စစ်သည်တော် (၃၀၀၀) မှာ ပိတ်မိသွားခဲ့ပြီး အပြင်ဘက်တွင်လည်း ရန်သူ့တပ်ဖွဲ့များ ပေါ်ထွက်လာကြလေ၏။
စစ်သည်တော်များ၏ ခေါင်းဆောင် ဖြစ်သူ ဟွမ်ရှီထောင် မှာမူ အေးဆေးတည်ငြိမ်စွာပင် ရှိနေသည်။ မြို့တော် အတွင်း၌ ရုတ်တရက် ချုံခို တိုက်ခိုက်ခံရခြင်းမှာ နည်းနည်းမျှ မမျှော်လင့်ထားသည့် အရာ ဖြစ်သော်လည်း သူက လုံးဝ မဖြုံချေ။
သို့သော် သူ၏ ရှေ့မှောက်တွင် ပေါ်ထွက်လာသော သူကို မြင်လိုက်ရသည့်အခါတွင်မူ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားခဲ့၏။
ဟွမ်ရှီထောင် ၏ နှလုံးသားမှာ တစ်ချက်မျှ ခုန်လှုပ်သွားပြီး အံ့ဩတကြီး တီးတိုး ရေရွတ်လိုက်မိသည်။
“အင်မော်တယ် တစ်သောင်း နန်းတော် ရဲ့ ဝိညာဉ်ခွဲထွက် အဆင့် အကြီးအကဲ.. အရှင်သခင် ယွမ်ရှို့ပါလား”
အရှင်သခင် ယွမ်ရှို့ ဆိုသည်မှာ အင်မော်တယ် တစ်သောင်း နန်းတော် မှ နာမည်ကျော် ဝိညာဉ်ခွဲထွက် အဆင့် အကြီးအကဲ တစ်ပါးပင်။
ဝိညာဉ်ခွဲထွက် အဆင့် နောက်ဆုံးပိုင်းသို့ ရောက်ရှိနေသော အစွမ်းထက်သည့် အရှင်သခင်ကြီး တစ်ပါးပင်တည်း။
ယခင်က အင်မော်တယ် တစ်သောင်း နန်းတော် က မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ၏ အရိုင်းနယ်မြေအား တိုက်ခိုက်ရန် ကြိုးပမ်းစဉ်က ရှေ့တန်းမှ ဦးဆောင်ခဲ့သူမှာ ဤပုဂ္ဂိုလ်ပင် ဖြစ်၏။
ပြင်းထန်လှသော အင်မော်တယ် စစ်သည်တော်များ၏ ဖိအားကို အရှင်သခင် ယွမ်ရှို့ ထံမှ ခံစားလိုက်ရသောအခါ ဟွမ်ရှီထောင် ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး သူ၏ မျက်ဝန်းများမှာလည်း အင်္ကျီအပြာရောင် ရှည်လျားစွာ ဝတ်ဆင်ထားသော လှပသည့် အမျိုးသမီး တစ်ဦးကို စူးစိုက်ကြည့်ရှုနေမိ၏။
ဟွမ်ရှီထောင် က လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“အရှင်သခင် ယွမ်ရှို့.. ခင်ဗျားတို့ အင်မော်တယ် တစ်သောင်း နန်းတော် က ကျွန်တော်တို့ရဲ့ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် နဲ့ စစ်စတင်ခင်းချင်နေတာလား”
အရှင်သခင် ယွမ်ရှို့ ၏ အမူအရာမှာ လျစ်လျူရှုဟန်ပင် ဖြစ်၏။
သူမ၏ ပုံရိပ်မှာ အခင်းအကျင်း ရှေ့တွင် ဝါးတားတား ပေါ်ထွက်လာပြီး စက်ကွင်းအတွင်း ပိတ်မိနေသော စစ်သည်တော် (၃၀၀၀) နှင့် ဝိညာဉ် ရုပ်အဆင့် (၉) တွင် ရှိနေသော ဟွမ်ရှီထောင် တို့ကို အပေါ်စီးမှ ကြည့်ရှုနေလေသည်။
“မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ဟာ ခေါင်းမာလွန်းလို့ သမိုင်းဝင် အဖြစ်အပျက်တွေထဲကို ကျဆင်းသွားတော့မှာပဲ”
“ငါ့ရဲ့ အင်မော်တယ် တစ်သောင်း နန်းတော် ဆီမှာ ခိုလှုံကြပါ.. ဒီအရှင်သခင်က အသက်ရှင်ဖို့ အခွင့်အရေး ပေးပါ့မယ်”
ဟွမ်ရှီထောင် တစ်ခွန်းမျှ မပြောချေ။
သူ၏ အကြည့်များမှာ အရှင်သခင် ယွမ်ရှို့ ကို ကျော်လွန်ကာ သူမ၏ နောက်ကွယ်တွင် ရှိနေသော လူအုပ်စုထံသို့ ရောက်ရှိသွား၏။
ဝိညာဉ်ခွဲထွက် အဆင့် ရှိသူ ဆယ်ဦးခန့် အနက် ဝိညာဉ်ခွဲထွက် နှောင်းပိုင်း အဆင့် တစ်ဦးမှာ မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ၏ အပြင်ဘက် တာဝန်ခံ အကြီးအကဲ တစ်ဦး ဖြစ်သည်။ ယခုအခါ ဟွမ်ရှီထောင် ၏ အကြည့်ကို ခံလိုက်ရသောအခါ သူက ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ကာ ဟွမ်ရှီထောင် နှင့် မျက်လုံးချင်း မဆုံရဲအောင် ဖြစ်နေတော့၏။
အရှင်သခင် ယွမ်ရှို့ ၏ အရှိန်အဝါမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာပြီး သူမ၏ အသံမှာ လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွား၏။
“ဆယ်ချက်အတွင်း လက်နက်ချပြီး အညံ့မခံရင်.. သေရမယ်”
“ဆယ်ချက်တောင် မလိုပါဘူး”
ဟွမ်ရှီထောင် က ပြန်ဖြေလိုက်၏။
သူက သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ခါးတွင် ချိတ်ဆွဲထားသော မှော်ရတနာ တစ်ခုကို ဝှေ့ယမ်းလိုက်သည်။
ထိုအခိုက်အတန့်၌..
ဝိညာဉ်ခွဲထွက် အဆင့် ရှိသည့် ကိုယ်ပွား ရုပ်သေး ငါးခုမှာ ကောင်းကင်မှ ဝဲပျံလာတော့၏။
မာထျန်းလင် ၏ ဆရာဖြစ်သူ အရှင်သခင် ထိုက်ရှီး ဦးဆောင်သော ဝိညာဉ်ခွဲထွက် အဆင့် ကိုယ်ပွား ရုပ်သေး ငါးခု ပေါ်ထွက်လာခဲ့သည်။
ထို ဝိညာဉ်ခွဲထွက် အဆင့် ကိုယ်ပွား ရုပ်သေး ငါးခုကို မြင်လိုက်ရသောအခါ အရှင်သခင် ယွမ်ရှို့ ၏ မျက်နှာမှာ ချက်ချင်းပင် ညှို့မှိုင်းသွားတော့၏။
သူမသည် ဒုတိယအကြိမ် စဉ်းစားမနေတော့ဘဲ ကောင်းကင်သို့ ချက်ချင်း ထွက်ပြေးလေသည်။ သူမအနေဖြင့် မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် တွင် ခုခံမှုများ ရှိလိမ့်မည်ဟု ခန့်မှန်းထားခဲ့ပြီး ဖြစ်၏။
သို့သော် မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် က ဝိညာဉ်ခွဲထွက် အဆင့် ကိုယ်ပွား ရုပ်သေး ငါးခု ကို စစ်သည်တော်များနှင့်အတူ ဤကဲ့သို့သော အလွန်အမင်း ရူးမိုက်လှသည့် အလောင်းအစားအတွက် အသုံးပြုလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
“ဘုန်း”
အရှင်သခင် ထိုက်ရှီး ၏ လက်ထဲတွင် ငွေရောင် ခေါင်းလောင်းသေးသေး တစ်ခု ပေါ်လာပြီး တစ်ချက်တည်းဖြင့်ပင် ဟင်းလင်းပြင်ကို ကွဲအက်သွားစေကာ ပတ်ဝန်းကျင်ရှိ အခင်းအကျင်း၏ အခြေခံ အုတ်မြစ်များကို ဖျက်ဆီးပစ်ကာ စက်ကွင်းမှ လွတ်မြောက်သွားလေသည်။
ထွက်ပြေးသွားသော အရှင်သခင် ယွမ်ရှို့ ၏ ကိုယ်ပွားကို ကြည့်ရင်း သူမက အေးဆေးစွာ ဆိုလိုက်၏။
“ ယွမ်ရှို့ ရယ်.. မင်း လွတ်မြောက်နိုင်မယ် ထင်နေသလား”
ဟင်းလင်းပြင် အငယ်စား ခေါင်းလောင်း ၏ စွမ်းအားကို အသုံးပြု၍ သူမက လက်ကို ဝှေ့ယမ်းလိုက်ပြီး အခြား ဝိညာဉ်ခွဲထွက် အဆင့် ကိုယ်ပွား လေးခု နှင့်အတူ ကောင်းကင်သို့ ပျောက်ကွယ်သွားကာ ထွက်ပြေးနေသော အရှင်သခင် ယွမ်ရှို့ ၏ နောက်သို့ လိုက်လံ တိုက်ခိုက်လေတော့သည်။
မြေပြင်ပေါ်တွင်..
ဟွမ်ရှီထောင် သည် သူ၏ လည်ပင်းကို လှည့်လိုက်ပြီး သူ၏ ရှေ့တွင် နှင်းသီးကဲ့သို့ ဖြူလျော်နေသည့် ဝိညာဉ်ခွဲထွက် အဆင့် ရှိ ဆယ်ဦးခန့်ကို ကြည့်ကာ သူ၏ လက်ထဲရှိ ဧရာမ ပုဆိန် မှော်ရတနာ ကို ဖြည်းညှင်းစွာ မြှောက်လိုက်၏။
ဟွမ်ရှီထောင် ၏ အေးစက်သော အသံမှာ အင်မော်တယ် မြို့တော် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။
“မြေကမ္ဘာ အင်မော်တယ် စံအိမ်တော် ကို သစ္စာဖောက်သူ မှန်သမျှ.. သေကြရမယ်”
“ဘုန်း”
စစ်သည်တော် (၃၀၀၀) မှာ တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြပြီး သူတို့စီးနင်းထားသော နှင်းဝက်ဝံကြီးများက ဟိန်းဟောက်လိုက်ကြ၏။
“ဂါး”
တစ်ချက်တည်းဖြင့်ပင် ဝိညာဉ်ခွဲထွက် အဆင့် ရှိ ဆယ်ဦးခန့်မှာ အသားစများအဖြစ် ပြောင်းလဲသွားတော့သည်။