အခန်း ၁၃၆
Vol. 14 Ch. 136
အခန်း (၁၃၆)
သစ္စာကူပိုးနှင့် အမြစ်ပြတ်ရှင်းလင်းခြင်း
တိတ်ဆိတ်နေသော စက်ရုံအတွင်း၌ ပြန်ပေးဆွဲသည့်ခေါင်းဆောင်၏ ပြင်းထန်သော အသက်ရှူသံများနှင့် အခြားသူများ၏ ကြောက်ရွံ့မှုကြောင့် တိတ်တဆိတ် ရှူရှိုက်နေရသော အသက်ရှူသံများကိုသာ ကြားနေရ လေသည်။
ဖန်းဟန်သည် ခေါင်းဆောင်ဖြစ်သူကို ဆုပ်ကိုင်ထားရာမှ လွှတ်ပေးလိုက်သော်လည်း သူ၏ အခြားလက် တစ်ဖက်ရှိ အေးစက်နေသော သေနတ်ပြောင်းဝမှာမူ ထိုသူ၏ နဖူးပေါ်သို့ တင်းကျပ်စွာ ထောက်ထားဆဲပင် ဖြစ်လေ၏။
သူသည် ထောင့်ရှိ သံကုလားထိုင်ဆီသို့ ဦးစွာ လျှောက်သွားလိုက်လေသည်။
ဦးခေါင်းကို ဖုံးအုပ်ခံထားရသော မိန်းကလေးမှာ ကြောက်ရွံ့မှုကြောင့် ပြင်းထန်စွာ တုန်ယင်နေပြီး သူမ၏ လည်ချောင်းထဲမှ တိတ်တဆိတ် ရှိုက်ငိုသံများ ထွက်ပေါ်နေခဲ့လေ၏။
“အားလုံး အဆင်ပြေသွားပါပြီ...”
ဖန်းဟန်၏ အသံမှာ မျှော်လင့်မထားလောက်အောင်ပင် နူးညံ့နေခဲ့လေသည်။
သူသည် မိန်းကလေး၏ ခေါင်းပေါ်မှ အနက်ရောင်အဝတ်ကို ဖြည်းညင်းစွာ ဖယ်ရှားလိုက်ရာ မျက်ရည်များ စီးကျ နေပြီး တုန်လှုပ်နေဆဲဖြစ်သော နုနယ်သည့် မျက်နှာလေးတစ်ခု ပေါ်လွင်လာခဲ့လေ၏။
သူမသည် ထိတ်လန့်သွားခြင်းသာဖြစ်ပြီး ဒဏ်ရာရရှိထားခြင်း မရှိသည်ကို အတည်ပြုပြီးနောက်တွင်မူ ဖန်းဟန် သည် သွေးထွက်သံယို မြင်ကွင်းများကို သူမအား ပေးမကြည့်ခဲ့ပေ။
ထို့အစား သန့်ရှင်းသော အဝတ်တစ်စဖြင့် သူမ၏ မျက်လုံးများကို ထပ်မံ၍ ဖုံးအုပ်ပေးလိုက်လေသည်။
“ခဏလောက် ထပ်စောင့်နေပါဦး၊ မင်းရဲ့ အစ်ကိုက မင်းကို လာခေါ်ဖို့ မကြာခင် ရောက်လာလိမ့်မယ်...”
ဓားစာခံကို နှစ်သိမ့်ပေးပြီးနောက် ဖန်းဟန်သည် ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ရာ သူ၏ အေးစက်သော အကြည့်များက သူ တစ်ချက်တည်းဖြင့် နှိမ်နင်းခဲ့သော လူပြန်ပေးဆွဲသည့် ခေါင်းဆောင်ထံသို့ နောက်တစ်ဖန် ကျရောက်သွားခဲ့လေ၏။
ဤအချိန်တွင် ပြန်ပေးဆွဲခေါင်းဆောင်၏ လက်ကောက်ဝတ်မှာ ကျိုးကြေနေပြီဖြစ်ကာ ပြင်းထန်လှသော နာကျင်မှုကြောင့် သူ၏ မျက်နှာမှာ ဖြူရော်နေပြီး အေးစက်သော ချွေးများက မျက်နှာပေါ်တွင် စီးကျနေ လေသည်။
သို့သော်လည်း သူသည် အံကို တင်းတင်းကြိတ်ထားကာ တိတ်ဆိတ်စွာပင် နေနေခဲ့လေ၏။
ပြင်းထန်သော နာကျင်မှုများ ပြည့်နှက်နေသည့် ထိုသွေးရောင်လွှမ်းနေသော မျက်လုံးများထဲတွင် တောင်းပန်မှု အရိပ်အယောင်မျှ မရှိဘဲ သေမထူးနေမထူး ရာဇဝတ်ကောင်တစ်ဦး၏ ဝိသေသဖြစ်သော တောရိုင်းတိရစ္ဆာန် တစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုနှင့် အဆိပ်ပြင်းမှုတို့သာ ရှိနေချေသည်။
သူသည် အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကြားရှိ မှုန်ဝါးဝါးနယ်ပယ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်ရာ မည်သို့သော မြင်ကွင်းမျိုးကိုမျှ မမြင်ဖူးဘဲ မရှိနိုင်ပေ။
သူသည် သေခြင်းတရားကို လျစ်လျူရှုနိုင်ခဲ့သည်မှာ ကြာပြီဖြစ်လေ၏။ သူတို့လက်ထဲသို့ ကျရောက်သွား သည်နှင့် တစ်ပြိုင်နက် အသက်ရှင်သန်ရန် အခွင့်အလမ်း မရှိတော့ကြောင်းကို သူ ကောင်းစွာ သိရှိထားလေ သည်။
သနားညှာတာရန် တောင်းပန်ခြင်းကလည်း သေချာပေါက် သေဆုံးရမည်ဖြစ်ပြီး ခုခံခြင်းကလည်း သေဆုံးရ မည်သာ ဖြစ်သောကြောင့် ဂုဏ်သိက္ခာရှိရှိ သေဆုံးခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
“မင်းတို့လို လူတွေက သေရမှာကို မကြောက်တဲ့ သေမထူးနေမထူးလူတွေဆိုတာ ငါ သိတယ်...”။
ဖန်းဟန်သည် သူ့ကို ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ခပ်ရေးရေးနှင့် ရယ်မောချင်စရာကောင်းသော အပြုံး တစ်ခု ပေါ်လာခဲ့လေ၏။
သူသည် ဆောင့်ကြောင့်ထိုင်လိုက်ကာ ပြန်ပေးဆွဲသူ၏ မျက်လုံးများကို စိုက်ကြည့်လိုက်လေသည်။ သူ၏ တည်ငြိမ်သော အကြည့်များက အကျဉ်းသားတစ်ဦးကို ကြည့်နေခြင်းထက် စိတ်ဝင်စားဖွယ်ကောင်းသော စမ်းသပ်မှုတစ်ခုကို ကြည့်နေသကဲ့သို့ ထင်မှတ်ရစေလေ၏။
သေနတ်ဖြင့် ချိန်ရွယ်ခံထားရပြီး ကြောက်လန့်နေကြပြီဖြစ်သော အခြားပြန်ပေးဆွဲသူများမှာ အသက်ပင် မရှူဝံ့ ကြချေ။
ထိုနတ်ဆိုးနှင့်တူသော အမျိုးသားက သူ၏ နည်းဗျူဟာသုံး ကျည်ကာအင်္ကျီ၏ အိတ်ကပ်ငယ်လေးထဲမှ မည် သည့်ကျောက်စိမ်းဖြင့် ပြုလုပ်ထားမှန်းမသိရသော လက်ဖဝါးအရွယ်အစားခန့်ရှိ အထူးပြုလုပ်ထားသည့် သေတ္တာငယ်တစ်ခုကို ထုတ်ယူလိုက်သည်ကို သူတို့ မြင်တွေ့လိုက်ကြရလေသည်။
သေတ္တာလေးမှာ ပွင့်သွားခဲ့လေ၏။
ထိုအထဲတွင် လက်သန်းအရွယ်အစားခန့်သာရှိပြီး အဆက်မပြတ် တွန့်လိမ်နေသော အမည်းရောင် ပိုးကောင် လေးတစ်ကောင် ရှိနေခဲ့လေသည်။
ထိုပိုးကောင်တွင် မျက်လုံးများ မရှိပုံပေါ်သော်လည်း ၎င်းသည် သက်ရှိထင်ရှားရှိနေပုံရကာ သေတ္တာထဲတွင် ဖြည်းညင်းစွာနှင့် ကြက်သီးထဖွယ် တွားသွားနေခဲ့လေ၏။
“ဒါက ဘာလဲဆိုတာ မင်း သိလား...”
ဖန်းဟန်၏ အသံမှာ ဇီဝဗေဒနမူနာတစ်ခုကို ရှင်းပြနေသကဲ့သို့ တည်ငြိမ်နေခဲ့လေသည်။
သူသည် အမည်းရောင် ပိုးကောင်ငယ်လေးကို လက်နှစ်ချောင်းဖြင့် ကျွမ်းကျင်စွာ ကောက်ယူလိုက်ပြီး ပြန်ပေးဆွဲ ခေါင်းဆောင်၏ မျက်လုံးများအနီးသို့ ယူဆောင်သွားခဲ့လေ၏။
“အဲဒါကို 'သစ္စာကူပိုး' လို့ ခေါ်တယ်...”
“ကြည့်စမ်း၊ ဘယ်လောက်တောင် ချစ်စရာကောင်းလဲ၊ သူက လူတွေရဲ့ ခန္ဓာကိုယ်ထဲကို တိုးဝင်ရတာကို သိပ် ကြိုက်တာ၊ အထူးသဖြင့် နွေးထွေးပြီး နူးညံ့တဲ့ ဦးနှောက်ထဲကိုပေါ့...”
ဖန်းဟန်၏ လေသံမှာ ဆွဲဆောင်မှုအပြည့်ရှိနေသော်လည်း ပြန်ပေးဆွဲခေါင်းဆောင်အတွက်မူ ၎င်းသည် နတ်ဆိုး ၏ တီးတိုးစကားထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေခဲ့လေသည်။
သူ၏ သူငယ်အိမ်များမှာ ရုတ်တရက် ကျုံ့ဝင်သွားခဲ့လေ၏။
*ရူးနေတာလား…*
*ဒဏ္ဍာရီတွေထဲမှာပဲရှိတဲ့ အရာတစ်ခုက ဘယ်လိုလုပ် တကယ်တည်ရှိနေနိုင်မှာလဲ…*
ပထမဆုံးအကြိမ်အဖြစ် သူ၏ စိတ်ပိုင်းဆိုင်ရာ ခံစစ်ယန္တရားများမှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရလေသည်။
“မင်းရဲ့ ဦးနှောက်ထဲကို ဝင်သွားတာနဲ့ တစ်ပြိုင်နက် ဒါက မင်းကို ချက်ချင်း သတ်ပစ်မှာ မဟုတ်ဘူး...”
ဖန်းဟန်၏ အပြုံးမှာ ပိုမို၍ အေးစက်လာခဲ့လေ၏။
“ဒါက မင်းရဲ့ စိတ်ကျန်းမာရေးကို ဖြည်းဖြည်းချင်း အနည်းငယ်စီ ကိုက်စားသွားပြီး မင်းရဲ့ အာရုံကြောတွေကို ဖျက်ဆီးပစ်လိမ့်မယ်… မင်းဘဝရဲ့ အကြောက်မက်ဖွယ်အကောင်းဆုံး မြင်ကွင်းတွေက မင်းရဲ့ စိတ်ထဲမှာ ထပ်ခါ တလဲလဲ ပြန်လည်ပေါ်လာတာကို မင်း မြင်တွေ့ရလိမ့်မယ်...”
“ပုရွက်ဆိတ်ထောင်ပေါင်းများစွာက မင်းရဲ့ အရိုးအက်ကွဲကြောင်းတွေထဲမှာ တွားသွားနေပြီး မင်းရဲ့ နှလုံးသား ထဲမှာ အသိုက်ဖွဲ့နေတယ်လို့ မင်း ခံစားရလိမ့်မယ်… အရိုးတွင်းခြင်ဆီအထိ စိမ့်ဝင်သွားမယ့် ပြင်းထန်တဲ့ ယားယံမှုနဲ့ နာကျင်မှုတွေက မင်းကို ရူးသွပ်သွားစေလိမ့်မယ်...”
“မင်းရဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်းနဲ့ ဆွေးမြည့်ပျက်စီးနေတယ်ဆိုတာကို မင်း အပြည့်အဝ သိမြင်နေရမှာဖြစ်ပြီး မင်းရဲ့ အသိစိတ်ကတော့ ‘Dဆွေးမြည့်နေတဲ့ အခွံကြီးထဲမှာ ထာဝရ ပိတ်မိနေလိမ့်မယ်...”
“အဲဒီအချိန်ကျရင် သေခြင်းတရားက မင်းအတွက် လောကကြီးမှာ အဇိမ်ခံအကျဆုံးနဲ့ အပျော်ရွှင်ဆုံး လွတ် မြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ်...”။
အနက်ရှိုင်းဆုံး ငရဲဘုံမှ နတ်ဆိုး၏ အသံကဲ့သို့သော ဖန်းဟန်၏ အသံက ပြန်ပေးဆွဲခေါင်းဆောင်၏ ဝိညာဉ်ကို စကားလုံးတစ်လုံးချင်းစီဖြင့် ရိုက်ခတ်သွားခဲ့လေ၏။
“ဒါပေမဲ့ စိတ်မပူပါနဲ့၊ မင်း သေမှာ မဟုတ်ပါဘူး...”
“မင်းက မြေကြီးပေါ်မှာ ဒူးထောက်ပြီး မင်းကို သတ်ပေးဖို့ ငါ့ကို ခွေးတစ်ကောင်လို တောင်းပန်လိမ့်မယ်၊ ဒါပေမဲ့ ငါ ကတော့ လုပ်ပေးမှာ မဟုတ်ဘူး...”။
ပြန်ပေးဆွဲခေါင်းဆောင်သည် မြေအောက်လောကတွင် နှစ်ပေါင်းများစွာ ပါဝင်ပတ်သက်ခဲ့ပြီး လူအမြောက် အများကို ရက်စက်စွာ သတ်ဖြတ်ခဲ့သူ ဖြစ်လေသည်။ သူ၏ စိတ်ဆန္ဒမှာ သံမဏိကဲ့သို့ ခိုင်မာသည်ဟု သူ ယုံကြည်ထားခဲ့ပေ၏။
“ဟင့်အင်း... အနားကို မလာနဲ့... အနားကို ထပ်မလာနဲ့...”
ပို၍ သတ္တိကြောင်သော ပြန်ပေးဆွဲသူများထဲမှ တစ်ဦးမှာ အမည်းရောင် ပိုးကောင်ကို ကြည့်ရင်း အဆုံးတွင် ပြင်းထန်လှသော စိတ်ပိုင်းဆိုင်ရာ ဖိအားများကို မခံနိုင်တော့ဘဲ ထိုနေရာတွင်ပင် ပြိုလဲကျသွားကာ မျက် ရည်များ စီးကျလျက် ငိုယိုအော်ဟစ်နေတော့လေသည်။
“ငါ ပြောပါ့မယ်... ငါ ပြောပါ့မယ်... မင်း သိချင်တာ မှန်သမျှ ငါ အကုန်ပြောပြပါ့မယ်... အဲဒါကြီးကို ငါ့အပေါ်မှာ အသုံးမပြုပါနဲ့... ကျေးဇူးပြုပြီး တောင်းပန်ပါတယ်...”။
သို့သော် ဖန်းဟန်သည် သူ့ကို တစ်ချက်ပင် လှည့်မကြည့်ခဲ့ပေ။
သူ၏ အကြည့်များမှာ ရဲရင့်ဟန်ဆောင်နေဆဲဖြစ်သော ပြန်ပေးဆွဲခေါင်းဆောင်ထံတွင်သာ စူးစိုက်လျက် ရှိနေခဲ့ လေ၏။
သူ အလိုရှိသည်မှာ သတင်းအချက်အလက်ထက် ပိုပေသည်။
သူ တကယ်အလိုရှိသည်မှာ ဤပရော်ဖက်ရှင်နယ် ရာဇဝတ်ဂိုဏ်းဟု ခေါ်သော အဖွဲ့ဝင်များ၏ စိတ်ဆန္ဒနှင့် ဂုဏ်သိက္ခာကို အလုံးစုံ ဖျက်ဆီးပစ်ရန်ပင် ဖြစ်ချေသည်။
“အား...”
ပြန်ပေးဆွဲခေါင်းဆောင်မှာ ကြောက်လန့်တကြား အော်ဟစ်လိုက်လေသည်။
အဘယ်ကြောင့်ဆိုသော် ဖန်းဟန်သည် သူ၏ ပါးစပ်ကို အတင်း ဆွဲဖွင့်လိုက်ပြီဖြစ်သောကြောင့်ပင် ဖြစ်လေ၏။
ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသော သူ၏ မျက်လုံးများရှေ့တွင်ပင် အေးစက်ပြီး ချောကျိကျိ နိုင်လှသော သစ္စာကူပိုးမှာ သူ၏ ပါးစပ်ထဲသို့ ရက်စက်စွာ ထည့်သွင်းခံလိုက်ရကာ လည်ချောင်းမှတစ်ဆင့် သူ၏ အစာအိမ်ထဲသို့ လျှောကျသွားခဲ့လေတော့သည်။
“ဟင့်အင်း... မလုပ်ပါနဲ့...”။
သူသည် ကြောက်မက်ဖွယ်ကောင်းသော ထိုအရာကို သူ၏ လည်ချောင်းထဲမှ ပြန်အန်ထွက်လာစေရန် ရူးသွပ်စွာ ကြိုးစားလိုက်လေသည်။ သို့သော် အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်ခဲ့လေ၏။
ခဏအကြာတွင် သူသည် ပျို့အန်ခြင်းကို ရပ်တန့်သွားခဲ့လေသည်။
ထိုရက်စက်ကြမ်းကြုတ်သော မျက်လုံးများမှာ မှိုင်းညို့ပြီး အသက်မဲ့လာကာ ၎င်းတို့၏ အရောင်အဝါများ အား လုံးမှာ ဒီရေကဲ့သို့ ဆုတ်ခွာသွားခဲ့ပြီးနောက် အသက်မဲ့နေသော ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ ဟာလာဟင်းလင်း သာ ကျန်ရစ်နေခဲ့လေတော့သည်။
သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေဆဲဖြစ်သော်လည်း သူ၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိတော့ချေ။
ထူးဆန်းပြီး လူသားမဆန်သော စွမ်းအင်တစ်ခုက သူ့ထံမှ ထွက်ပေါ်လာခဲ့လေ၏။ သူသည် လူသားတစ်ဦး မဟုတ်တော့သည့်အလားပင် ဖြစ်လေသည်။
ထို့အစား ဝိညာဉ်မဲ့နေသော လမ်းလျှောက်နေသည့် အလောင်းကောင်ကြီးတစ်ခုသာ ဖြစ်နေချေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အခြားသော ပြန်ပေးဆွဲသူများမှာ အလွန်အမင်း ထိတ်လန့်သွားကြပြီး သူတို့၏ ပေါင်ကြားမှ နွေးထွေးသော အနံ့ဆိုးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ဖန်းဟန်ကို ကြည့်နေသော သူတို့၏ မျက်လုံးများထဲရှိ အကြည့်မှာ ကြောက်ရွံ့မှု မဟုတ်တော့ဘဲ နတ်ဘုရား သို့မဟုတ် နတ်ဆိုးတစ်ပါးကို မြင်တွေ့လိုက်ရသကဲ့သို့ အလွန်အမင်း ကြောက်ရွံ့ရိုသေမှုနှင့် တုန်ယင်မှုတို့သာ ဖြစ်နေခဲ့လေတော့သည်။
“အခု ငါ မေးမယ်၊ မင်း ဖြေရမယ်...”
ဖန်းဟန်၏ အသံမှာ အေးစက်နေပြီး မည်သည့် ခံစားချက်မျှ ပါဝင်မနေခဲ့ပေ။
“မင်းတို့ အဖွဲ့အစည်းရဲ့ နာမည်က ဘာလဲ...”
“လင်းတ...”
ခေါင်းဆောင်ဖြစ်သူက ခံစားချက်ကင်းမဲ့သော စက်ရုပ်တစ်ရုပ်ကဲ့သို့ ပြန်လည်ဖြေကြားလိုက်လေသည်။
“ဒီစစ်ဆင်ရေးကို ဘယ်သူက စီစဉ်တာလဲ၊ ဒေသတွင်းမှာ မင်းတို့ရဲ့ အခြေစိုက်စခန်း ဘယ်နှခုရှိလဲ၊ မင်းတို့ရဲ့ ဆက်သွယ်ရမယ့်လူက ဘယ်သူလဲ...”
“ဦးဆောင်သူက အာရှဒေသရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ 'ပရော်ဖက်ဆာ' ပါ… ကျွန်တော်တို့မှာ ဒေသတွင်း လုံခြုံရေးအိမ် သုံးလုံးရှိပါတယ်… အဲဒါတွေကတော့...”
သစ္စာကူပိုး၏ အကြွင်းမဲ့ ထိန်းချုပ်မှုအောက်တွင် ပြန်ပေးဆွဲခေါင်းဆောင်၌ မည်သည့် လျှို့ဝှက်ချက်မျှ ကျန်ရှိ မနေတော့ပေ။
သူသည် ညွှန်ကြားချက်များ ထည့်သွင်းထားသော ကွန်ပျူတာတစ်လုံးကဲ့သို့ပင် ဖြစ်နေပြီး အာရှတစ်ဝန်းလုံးရှိ "လင်းတ" ရာဇဝတ်ဂိုဏ်းနှင့်ပတ်သက်၍ သူသိထားသမျှ လျှို့ဝှက်သတင်းအချက်အလက်များဖြစ်သည့် အဖွဲ့ အစည်းဖွဲ့စည်းပုံ၊ ပုန်းအောင်းရာနေရာများ၊ ဆက်သွယ်ရေးကုဒ်များ၊ ငွေကြေးစီးဆင်းမှုများနှင့် အဓိကအဖွဲ့ဝင် များသာ သိရှိနိုင်သော အထက်လူကြီးများ၏ လျှို့ဝှက်အထောက်အထားများကိုပါ အကုန်အစင် ထုတ်ဖော်ပြော ကြားနေခဲ့လေသည်။
သူသည် စကားလုံးတစ်လုံးချင်းစီကို ထွေးထုတ်ပစ်လိုက်လေ၏။ လောင်စာထောက်ပံ့မှုကို အမြစ်မှ ဖြတ် တောက်လိုက်ခြင်းပင် ဖြစ်လေသည်။
ဖန်းဟန်သည် ဤလက်ပါးစေအနည်းငယ်၏ အသက်ကို လုံးဝ အလိုမရှိခဲ့ပေ။ သူ အလိုရှိသည်မှာ စားပွဲတစ်ခု လုံးကို လှန်ပစ်လိုက်ရန်ပင် ဖြစ်ချေသည်။
သူ့ထံသို့ လက်သည်းဆန့်ထုတ်ရဲသော ဤခွေးအုပ်ကြီးနှင့်တကွ သူတို့၏ မျိုးနွယ်စုတစ်ခုလုံးကို ဤကမ္ဘာ လောကမှ တစ်ချက်တည်းနှင့် အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်မည် ဖြစ်လေသည်။
သတင်းအချက်အလက်အားလုံးကို စုဆောင်းပြီးနောက် ဖန်းဟန်သည် စိတ်ဓာတ်များ လုံးဝ ကျဆင်းသွားကာ
မြေကြီးပေါ်တွင် အဝတ်စုတ်အရုပ်များကဲ့သို့ လဲကျနေသော ပြန်ပေးဆွဲသူများကို ကြည့်လိုက်လေ၏။
သူ၏ မျက်လုံးများထဲတွင် သနားညှာတာမှု အရိပ်အယောင်မျှ မရှိခဲ့ပေ။ သူသည် သူ၏ ဖုန်းကို ထုတ်ယူလိုက်ပြီး ဝမ်ရှောင်၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်လေသည်။
“ငါ မင်းဆီ လိပ်စာ ပို့လိုက်တယ်...”
“မင်းရဲ့ လူတွေကို ဒီနေရာသို့ ခေါ်လာပြီး ရှင်းလင်းရေးလုပ်လိုက်တော့...”