အခန်း ၂၈၁
Vol. 29 Ch. 281
အခန်း (၂၈၁)
မိုးသက်မုန်တိုင်းနှင့် ဧရာမဆူနာမီ (၃)
မိုးပေါက်များသည် အလွန်ပူပြင်းလှသော မြေပြင်ပေါ်သို့ ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် မြူခိုး များအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီး ယာဉ်မောင်း၏ အမြင်အာရုံကို ပိုမို မှုန်ဝါးသွားစေပေသည်။
ဆိုးရွားလှသော အခြေအနေများ ရှိနေသော်ငြားလည်း ယာဉ်မောင်းမှာ အရှိန်လျှော့ရန် မဝံ့ရဲခဲ့ကြပေ။ သူသည် နောက်ကြည့်မှန်ကို ရံဖန်ရံခါ စိုးရိမ်တကြီးဖြင့် လှမ်းကြည့်နေမိလေ၏။
ပထမဆုံး လှိုင်းလုံးကြီး ကမ်းရိုးတန်းသို့ ရိုက်ခတ်ပြီးနောက် သုံးမိနစ်အကြာတွင် ဒုတိယမြောက် လှိုင်း လုံးကြီး ထပ်မံ ရိုက်ခတ်လာခဲ့သည်။
ဝုန်း... ဟူသော အသံကြီး ထွက်ပေါ်လာလေ၏။
ဒုတိယ လှိုင်းလုံး၏ အရှိန်အဟုန်ကြောင့် ရေလှိုင်းများသည် ကုန်းတွင်းပိုင်းသို့ ပို၍ လျင်မြန်စွာ ဝင် ရောက်လာခဲ့လေတော့သည်။
မူရှီးချန်သည် သူ၏ ကွန်ပျူတာ မျက်နှာပြင်ပေါ်တွင် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲနေသော အချက် အလက်များကို မျက်လုံးကျဉ်းကာ စိုက်ကြည့်နေ၏။ စက္ကန့်အနည်းငယ် အကြာတွင် သူက ရုတ်တရက် ပြောလိုက်လေသည်။
"မြန်မြန် မောင်း… ဒုတိယလှိုင်းက ကမ်းရိုးတန်းကို ရိုက်ခတ်နေပြီ..."
ယာဉ်မောင်း၏ လက်များသည် စတီယာရင်ပေါ်တွင် တုန်ယင်နေခဲ့သည်။ သူ့ခင်ဗျာ ငိုချင်နေသော်လည်း မျက်ရည်များ ထွက်မလာခဲ့ပေ။ ကားကို ဤထက်ပို၍ အရှိန်တင်၍ မရတော့ကြောင်း ရှင်းပြရန် ပြင် လိုက်စဉ်မှာပင် မြေပြင်ကြီးမှာ အပြင်းအထန် တုန်ခါလာခဲ့လေတော့သည်။
ရွှီရူဟန်၏ မျက်ဝန်းများတွင် အရေးတကြီး ဖြစ်နေသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက် အလျင်အမြန် အော်ဟစ်သတိပေးလိုက်လေ၏။
"သေချာ ကိုင်ထားကြ..."
ဟွာရှန့်ယန်သည် သူ၏ ကိုယ်ကို တည်ငြိမ်အောင် ထိန်းထားလိုက်ပြီး၊ မူရှီးချန်၏ ကိုယ်ကို လက်တစ် ဖက်ဖြင့် ထိန်းကိုင်ပေးထားကာ သူ၏ ခြေတံရှည်များကို အသုံးပြု၍ ဟန်ချက်မပျက်အောင် နေလိုက် လေသည်။
ဟွာရှန့်ယန်၏ အကူအညီဖြင့် ကိုယ်ခန္ဓာကို ထိန်းထားရင်း မူရှီးချန်သည် သူ၏ လက်ပ်တော့ပ်ပေါ်တွင် အလျင်အမြန် စာရိုက်နေခဲ့ရာ မျက်နှာပြင်ပေါ်ရှိ အချက်အလက်များမှာ အလွန်လျင်မြန်စွာ ပြောင်းလဲ နေခဲ့ပေသည်။
ငါးစက္ကန့် အကြာတွင် နောက်ထပ် ငလျင်တစ်ခုနှင့်အတူ တတိယမြောက် လှိုင်းလုံးကြီး ထပ်မံ ရိုက်ခတ် လာခဲ့လေ၏။
ဝုန်း... ဒိုင်း... ဟူသော အသံကြီးများ ဆက်တိုက် ထွက်ပေါ်လာခဲ့လေသည်။
သူတို့၏ အရှေ့ဘက်ရှိ မြေပြင်ကြီးမှာ ရုတ်တရက် ပြိုကျသွားပြီး ဧရာမ မြေကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ ယာဉ်မောင်း၏ မျက်လုံးများမှာ အံ့သြထိတ်လန့်မှုကြောင့် ပြူးကျယ်သွားပြီး ကားကို ညာဘက်သို့ အလိုအလျောက် ကွေ့ချလိုက်ရာ ပြိုကျနေသော မြေပြင်နှင့် သီသီလေး လွတ်သွား ခဲ့လေသည်။
"သေချာ ကိုင်ထားကြ..."
ယာဉ်မောင်းက အော်ဟစ်လိုက်ပြီး ကားကို ထိန်းနိုင်ရန် ကြိုးစားရုန်းကန်နေခဲ့ရပေသည်။
ယာဉ်တန်းရှိ ဒုတိယမြောက် ကားမှာမူ ထိုမျှ ကံမကောင်းခဲ့ပေ။ အချိန်မီ ရပ်တန့်နိုင်ခြင်း မရှိဘဲ ထို ဟာလာဟင်းလင်း ဖြစ်နေသော မြေကွဲကြောင်းကြီးထဲသို့ တိုက်ရိုက် ထိုးကျသွားခဲ့လေတော့သည်။
"အား..."
"မဖြစ်ဘူး..."
မြေကွဲကြောင်းကြီးထဲမှ အော်ဟစ်သံများ ပဲ့တင်ထပ်လာချိန်တွင် အနောက်မှ ကားမောင်းသူများမှာ လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ကြပြီး မြေကွဲကြောင်းကို ရှောင်ကွင်းကာ ရှေ့ဆောင်ကားနောက်သို့ လိုက်ပါသွား ခဲ့ကြပေသည်။
ရွှီရူဟန်သည် လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့ရာ လက်ဆစ်များပင် ဖြူရော်လာခဲ့၏။ သူ၏ လက်အောက်ငယ်သားများ ကြုံတွေ့လိုက်ရသည့် ကံကြမ္မာကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသော ကြောင့် ဆုံးရှုံးမှု၏ နာကျင်မှုကို ခံစားလိုက်ရသော်လည်း၊ ဝမ်းနည်းပူဆွေးနေရန် အချိန်မရှိပေ။
မူရှီးချန်ဘက်သို့ လှည့်ကာ ပြတ်သားသော လေသံဖြင့် ပြောလိုက်လေသည်။
"ရှီးချန်၊ အခြေစိုက်စခန်းကို ပြန်ဖို့ လုံခြုံမယ့် လမ်းကြောင်းတစ်ခု ဆွဲပေးပါ..."
မူရှီးချန်က သူ၏ လက်ပ်တော့ပ် မျက်နှာပြင်မှ မျက်လုံးမခွာဘဲ ပြန်ဖြေလိုက်၏။
"ကျွန်တော် လုပ်နေပါတယ်..."
ထာဝရကာလ တစ်ခုလို ရှည်လျားလွန်းလှသော ဆယ်စက္ကန့် အကြာတွင် သူသည် Enter ခလုတ်ကို နှိပ်လိုက်လေသည်။ သုံးစက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် သူက ပြောလိုက်လေ၏။
"ရှေ့လမ်းဆုံရောက်ရင် ညာဘက်ကို ကွေ့လိုက်..."
ယာဉ်မောင်းသည် အရှေ့ဘက်ရှိ လမ်းဆုံကို မြင်လိုက်ရသဖြင့် ညွှန်ကြားချက်အတိုင်း ကွေ့လိုက်လေ သည်။ မူရှီးချန်၏ လမ်းညွှန်မှုဖြင့် သူတို့သည် နောက်မှ အရှိန်အဟုန်ဖြင့် လိုက်ပါလာသော ပင်လယ်ရေ များနှင့် ဝေးရာသို့ တဖြည်းဖြည်း ခွာလာနိုင်ခဲ့ကြပေသည်။
ရွှီရူဟန်နှင့် သူ၏အဖွဲ့မှာ ထို ဆိုးရွားလှသော ဘေးအန္တရာယ်ဆိုးကြီးမှ လွတ်မြောက်အောင် ကြိုးပမ်းနိုင် ခဲ့သော်ငြားလည်း အခြားသော အသက်ရှင်ကျန်ရစ်သူများမှာမူ ထိုသို့ မဟုတ်ခဲ့ပေ။
ပင်လယ်ရေများ ပြန်လည် ဆုတ်ခွာသွားပြီး မိုးသက်မုန်တိုင်း အားပျော့သွားချိန်တွင်မူ ပင်လယ်ရေမျက် နှာပြင်သည် မီတာ နှစ်ဆယ်ကျော်အထိ မြင့်တက်လာခဲ့ပြီး ဆက်လက်၍လည်း မြင့်တက်နေဆဲပင် ဖြစ်လေသည်။
ရှည်လျားလှသော ညတာ ကုန်လွန်၍ အရှေ့ဘက် မိုးကုပ်စက်ဝိုင်းမှ နေခြည်ဦး အလင်းတန်းများ ထွက် ပေါ်လာချိန်တွင်၊ ဟိုင်ချန်ကမ်းခြေနှင့် ၎င်း၏ ပတ်ဝန်းကျင် တစ်ဝိုက်တွင် ကြောက်မက်ဖွယ် ကောင်း လောက်အောင် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပေသည်။ တောက်ပသော နေရောင်အောက်တွင် တစ်ချိန်က လူနေထူထပ်လှသော ဟိုင်ချန်ကမ်းခြေမှာ သောင်းနှင့်ချီသော လူ့အသက်များနှင့်အတူ သမုဒ္ဒရာရေ အောက်သို့ နစ်မြုပ် ပျောက်ကွယ်သွားခဲ့လေပြီဖြစ်၏။
ဟိုင်ချန် အခြေစိုက်စခန်းသို့ ပြန်ရောက်သောအခါ ရွှီရူဟန်၊ မူရှီးချန်နှင့် ဟွာရှန့်ယန်တို့သည် အဘိုးရွှီကို ရှာဖွေရန် အလျင်အမြန် သွားခဲ့ကြလေသည်။
ရွှီမိသားစု၏ အိမ်တော်ထိန်းမှာ သူတို့အား ဖုန်တလိမ်းလိမ်းနှင့် ချွေးသံတရွဲရွဲ ဖြစ်နေသည်ကို မြင် သောအခါ အလွန်ပင် အံ့သြသွားခဲ့လေသည်။ ရွှီရူဟန်ကို ကြည့်ကာ သူက ထိတ်လန့်တကြား မေး လိုက်လေ၏။
"သခင်လေး၊ ဘာ... ဘာတွေများ ဖြစ်လာခဲ့တာလဲ၊ သခင်လေး အဆင်ပြေရဲ့လား..."
ရွှီရူဟန်မှာ ရှင်းပြနေရန် အချိန်မရှိပေ။
သူသည် သူ၏ အဘိုးဖြစ်သူ ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး ကျိုးတယ်ကျုံးအား ပြောလိုက်လေသည်။
"ဦးလေးကျိုး၊ ကျွန်တော် အဆင်ပြေပါတယ်၊ အဘိုးမူ၊ အဘိုးဟွာနဲ့ အကြီးတန်း အရာရှိတွေကို ဖိတ်ပေး လို့ ရမလား၊ ငါးမိနစ်အတွင်း အရေးပေါ် အစည်းအဝေး တစ်ခု လုပ်ချင်လို့ပါ..."
ထိုစကားကို ကြားသောအခါ ကျိုးတယ်ကျုံး၏ မျက်နှာသွင်ပြင်မှာ လေးနက်သွားခဲ့သည်။
"ဟုတ်ကဲ့ပါ သခင်လေး..."
ဟု သူက ပြန်ဖြေလိုက်ပြီး အခြေစိုက်စခန်း၏ အကြီးတန်း အရာရှိများကို ခေါ်ယူရန် ချက်ချင်း ထွက်ခွာ သွားခဲ့လေသည်။
တစ်ချိန်တည်းမှာပင် ရွှီရူဟန်နှင့် သူ၏ ငယ်သူငယ်ချင်း နှစ်ဦးသည် အဘိုးရွှီ၏ ရုံးခန်းထဲသို့ ဝင်ရောက် သွားကြလေ၏။
"အဘိုး၊ ကျွန်တော်တို့ ချက်ချင်း ထွက်သွားဖို့ လိုနေပြီ..."
ရွှီရူဟန်က အေးစက်စက် အသံတွင် အရေးတကြီး ဖြစ်နေသည့် လေသံလေး စွက်ကာ ပြောလိုက်လေ သည်။
သူ ဖတ်နေသော အချစ်ဝတ္ထုထဲတွင် နစ်မြောနေသည့် ရွှီပေါ်ယာသည် သူ၏ မြေးဖြစ်သူကို မော့ကြည့် ကာ မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်လေသည်။
"ကောင်လေး… မင်း ဘာတွေ လာပြောနေတာလဲ..."
ရွှီရူဟန်သည် သူ၏ အဘိုးဖြစ်သူ အနားသို့ ကပ်သွားကာ ရှင်းပြလိုက်လေသည်။
"အဘိုး၊ ဟိုင်ချန်ကမ်းခြေ ပျောက်ကွယ်သွားပြီ၊ မနေ့က ကမ်းရိုးတန်းကို ဧရာမဆူနာမီကြီး ဝင်တိုက် သွားပြီးတော့ ပင်လယ်ထဲကို နစ်မြုပ်သွားခဲ့တာပဲ..."
မြေးဖြစ်သူ၏ စကားကို ကြားလိုက်ရသောအခါ ရွှီပေါ်ယာ၏ မျက်နှာသွင်ပြင်မှာ ချက်ချင်း ပြောင်းလဲ သွားခဲ့လေသည်။ သူသည် ဖုန်းကို ချထားလိုက်ပြီး မယုံကြည်နိုင်စွာဖြင့် မေးလိုက်လေ၏။
"မင်း ခုနက ဘာပြောလိုက်တယ်… ဟိုင်ချန်ကမ်းခြေ ပျောက်ကွယ်သွားပြီ ဟုတ်လား..."
ရွှီရူဟန်က ခေါင်းငြိမ့်ပြကာ မူရှီးချန်ကို မျက်လုံးဖြင့် အချက်ပြလိုက်လေသည်။ မူရှီးချန်သည် သူ၏ လက်ပ်တော့ပ်ကို လျင်မြန်စွာ ဖွင့်လိုက်ပြီး စာအနည်းငယ် ရိုက်ထည့်ကာ ရွှီပေါ်ယာ၏ အရှေ့တွင် ချထားပေးလိုက်လေ၏။
"အဘိုးရွှီ..."
မူရှီးချန်က ရှင်းပြလိုက်လေသည်။
"ကျွန်တော် ဂြိုဟ်တု ထောက်လှမ်းရေး ကင်မရာ တစ်ခုကို ဟက်ပြီး ဝင်ကြည့်ခဲ့တာ… အဘိုး ဒါကို အရင် ကြည့်သင့်တယ်..."
ရွှီပေါ်ယာသည် လူငယ်သုံးဦးကို ခဏမျှ အကဲခတ်လိုက်ပြီးနောက် လက်ပ်တော့ပ် မျက်နှာပြင်ဆီသို့ အကြည့်လွှဲလိုက်လေသည်။ ထိုအရာကို ကြည့်နေစဉ် သူ၏ မျက်နှာမှာ တစ်စက္ကန့်ပြီး တစ်စက္ကန့် ပို၍ ဖြူရော်လာခဲ့လေသည်။
မျက်နှာပြင်ကို လက်ညှိုးထိုးကာ ရွှီပေါ်ယာက မူရှီးချန်ကို ကြည့်ရင်း မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။
"ဒါ... ဒါက မနေ့က ဖြစ်ခဲ့တာလား..."
မူရှီးချန်က လေးနက်စွာ ခေါင်းငြိမ့်ပြပြီး ပြန်ဖြေလိုက်လေသည်။
"အဘိုးရွှီ၊ ဟိုင်ချန်ကမ်းခြေကို ဧရာမဆူနာမီနဲ့ မိုးသက်မုန်တိုင်း ဝင်မွှေပြီးကတည်းက ကျွန်တော် စုဆောင်းထားတဲ့ အချက်အလက်တွေအရ နောက်နှစ်ရက်အတွင်းမှာ ပင်လယ်ရေမျက်နှာပြင်က မီတာ နှစ်ရာအထိ မြင့်တက်လာဖို့ ခန့်မှန်းထားတယ်..."
"မနေ့က ဟိုင်ချန်ကမ်းခြေနဲ့ သူ့ပတ်ဝန်းကျင်မှာ လှုပ်ခတ်သွားတဲ့ အသေးစား ငလျင်တွေက တကယ် တော့ ဧရာမဆူနာမီကို ဖြစ်ပေါ်စေခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးရဲ့ နောက်ဆက်တွဲ ငလျင်တွေပါပဲ၊ ဒီ အင်အားပြင်း ငလျင်ကြီးရဲ့ ဗဟိုချက်က ဟိုင်ချန်ကမ်းခြေရဲ့ ကမ်းရိုးတန်းကနေ ကီလိုမီတာ နှစ်ဆယ် အကွာမှာ ရှိပြီး ပြင်းအားက (၁၀.၅) ရှိတယ်..."
"အင်အားပြင်း ငလျင်ကြီးရဲ့ ဖျက်ဆီးနိုင်စွမ်းကြောင့် ရေတွက်လို့ မရနိုင်တဲ့ လှိုင်းလုံးတွေ ပေါင်းစပ်သွား ပြီး ဧရာမဆူနာမီကြီး တစ်ခုအဖြစ်ကို ပြောင်းလဲသွားခဲ့တာပဲ… အမြင့်ဆုံး လှိုင်းလုံးကဆိုရင် (၈၅၃) မီတာအထိ မြင့်တယ်… မြေကမ္ဘာ ကျောက်ဖျာချပ်တွေ ရွေ့လျားမှုကြောင့် ဒီ အင်အားပြင်း ငလျင်ကြီး ဖြစ်ပေါ်လာတာဖြစ်ပြီး ဒီရွေ့လျားမှုတွေက အနာဂတ်မှာ ကုန်းမြေတွေကို သမုဒ္ဒရာအဖြစ် ပြောင်းလဲ ပစ်နိုင်တယ်..."
သူက ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ထပ်မံ ပြောလိုက်လေသည်။
"ကျွန်တော့်ဆီမှာ အချက်အလက် အပြည့်အစုံ မရှိသေးပေမယ့် နောက်ဆယ်ရက် မပြည့်ခင်မှာ ဟိုင်ချန် မြို့က မြေပုံပေါ်ကနေ ပျောက်ကွယ်သွားလိမ့်မယ်လို့ ကျွန်တော် သေချာပေါက် ပြောရဲတယ်.. ကျွန်တော် တို့ရဲ့ ဟိုင်ချန် အခြေစိုက်စခန်းလည်းသမုဒ္ဒရာထဲ နစ်မြုပ်သွားလိမ့်မယ်… ကျွန်တော်တို့ အခုချက်ချင်း ရွှေ့ပြောင်းဖို့ လိုနေပြီ..."
ရွှီပေါ်ယာသည် မူရှီးချန်၏ ရှင်းပြချက်ကို အာရုံစိုက်၍ နားထောင်ပြီးနောက် မျက်နှာပြင်ဆီသို့ ပြန်လည် လှည့်ကြည့်ကာ နက်ရှိုင်းသော အတွေးများထဲသို့ နစ်မြောသွားခဲ့လေသည်။
ကျိုးတယ်ကျုံးသည် ဟွာယန်ခွေ၊ မူကျဲရှန်းနှင့် အခြေစိုက်စခန်း၏ အကြီးတန်း အရာရှိများနှင့်အတူ ပြန်ရောက်လာချိန်အထိ သူသည် တိတ်ဆိတ်လျက်ပင် ရှိနေခဲ့လေသည်။