အခန်း ၂၈၄
Vol. 29 Ch. 284
အခန်း (၂၈၄)
ဆုတ်ခွာခြင်း
ယောင်ရန်သည် လှေကား တည်ငြိမ်မှု ရှိမရှိ သေချာအောင် စစ်ဆေးပြီးနောက် အပေါ်သို့ တက်ကာ ထိုင် လိုက်လေသည်။ ထို့နောက် သူမ၏ ဘယ်ဘက်လက်ဝါးကို အလွတ်ဖြစ်နေသော ရေကန်ကြီးပေါ်တွင် တင်ကာ ရေများကို စတင် ဖန်တီးလိုက်လေ၏။
အချိန်ဖြုန်းရန်အတွက် သူမသည် ဖုန်းထဲမှ ဖျော်ဖြေရေး အစီအစဉ်များကို ကြည့်နေခဲ့သည်။ သူမ၏ စွမ်းအင်များ ကုန်ခန်းသွားသောအခါ အင်အားပြန်လည် ပြည့်ဖြိုးလာစေရန် ရေကန်ရေ တစ်ခွက်ကို သောက်လိုက်ပြီး ရေကန်များကို ဆက်လက် ရေဖြည့်နေခဲ့လိုက်လေသည်။
နှစ်နာရီ အကြာတွင် ရေကန် အတော်များများကို ရေဖြည့်ပြီးစီးသွားသဖြင့် ယောင်ရန်သည် ယနေ့အ တွက် သူမ၏ တာဝန်ကို အဆုံးသတ်လိုက်ပြီး ဧည့်ခန်းဆောင်ရှိ သူမ၏ အိပ်ခန်းဆီသို့ ပြန်လာခဲ့လေ၏။
သူမ ပြန်လာသည်ကို မြင်သောအခါ လုံယုက သူမအနားသို့ ချဉ်းကပ်လာပြီး မေးလိုက်လေသည်။
"ရန်ရန်… မနက်ဖြန် ငါ ရှန်းဝူ အပန်းဖြေစခန်းကို သွားဖို့ စီစဉ်ထားတယ်… မင်း ဒီနေရာမှာပဲ နေခဲ့မလား... ဒါမှမဟုတ် ငါနဲ့အတူ လိုက်ခဲ့မလား…"
သူမသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်လေ၏။
"လင်းယိနဲ့ ယွမ်ရီဟွေးတို့က သတိမရသေးတော့ သူတို့ကို ပစ်ထားခဲ့လို့ မဖြစ်ဘူးလေ၊ ဒါ့အပြင် အခြား သူတွေ မရောက်လာခင် ရေကန်တွေကို ရေဖြည့်ဖို့ လိုသေးတာမို့ ကျွန်မ ဒီနေရာမှာပဲ နေခဲ့ပါ့မယ်..."
သူမ၏ အဖြေကို ကြားသောအခါ လုံယုက ခေါင်းငြိမ့်လိုက်လေသည်။
"ကောင်းပြီလေ… မနက်ဖြန် မနက်စောစော ငါ ထွက်သွားမယ်၊ ငါ မရှိတဲ့အချိန် မင်း ဂရုစိုက်ရမယ် နော်..."
"အင်း... ကျွန်မ သိပါတယ်..."
သူမ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာကို သတိပြုမိသဖြင့် သူသည် သူမ၏ ပါးပြင်ပေါ်ရှိ ဖုန်မှုန့်များ ကို လက်မဖြင့် ဖြည်းညင်းစွာ သုတ်ဖယ်ပေးလိုက်ပြီး ပြောလိုက်လေသည်။
"မင်း အရမ်း ပင်ပန်းနေလောက်ပြီ… သွား ရေချိုးပြီး စောစော အနားယူလိုက်တော့..."
ယောင်ရန်သည် နေရာလွတ် ထဲမှ အစားအစာ အချို့ကို ထုတ်ယူကာ သူ့အား ကမ်းပေးလိုက်လေ၏။
"ဒါက ရှင့်အတွက် ညစာပဲ၊ ရေချိုးပြီးရင် ကျွန်မ သွားနားတော့မယ်၊ ဒါကြောင့် ကျွန်မကို စောင့်မနေနဲ့ တော့နော်၊ ပူပူနွေးနွေး ရှိတုန်း စားဖို့ မမေ့နဲ့ဦး..."
လုံယုသည် အစားအစာ ဗူးများနှင့် ရေကန်ရေ ပုလင်းကို ယူကာ ပြုံးရင်း ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ..."
ဗူးများထဲရှိ အရသာရှိလှသော အစားအစာများကို ကြည့်ရင်း လုံယုသည် ပျော်ရွှင်စွာဖြင့် တွေးလိုက်မိ လေ၏။
*ရန်ရန်က ငါ့ကို တကယ် ဂရုစိုက်တာပဲ...*
သူ၏ အတွေးများကို မသိရှိသော ယောင်ရန်က ပြောလိုက်လေသည်။
"ဒါဆို ကျွန်မ အခန်းထဲ ဝင်တော့မယ်၊ တစ်ခုခု လိုရင် ခေါ်လိုက်နော်၊ ကောင်းသောညပါ အာယု..."
သူမ ထွက်မသွားခင်မှာပင် လုံယုသည် သူမကို အနားသို့ ဆွဲယူကာ ကိုင်းညွတ်၍ နက်ရှိုင်းစွာ နမ်းရှိုက် လိုက်လေ၏။ အချိန်အတန်ကြာပြီးနောက် သူသည် သူမကို လွှတ်ပေးလိုက်ပြီး နီရဲနေသော သူမ၏ မျက်နှာလေးကို ကြည့်ကာ ရယ်မောလိုက်လေသည်။
သူသည် သူမ၏ နှုတ်ခမ်းလေးကို သူ၏ လက်မဖြင့် ဖြည်းညင်းစွာ ပွတ်သပ်လိုက်ပြီး အက်ကွဲကွဲ အသံ ဖြင့် တီးတိုး ပြောလိုက်လေသည်။
"ကောင်းကောင်း အိပ်ပါ၊ ပြီးတော့ ငါ့ကို အိပ်မက်ထဲထည့်မက်ဖို့ မမေ့နဲ့နော်..."
"အင်း..."
ယောင်ရန်သည် မိန်းမူးစွာဖြင့် ခေါင်းငြိမ့်ပြပြီးနောက် သူမ၏ အိပ်ခန်းထဲသို့ ဝင်သွားခဲ့လေသည်။
နောက်တစ်နေ့ နံနက်တွင် နေမထွက်မီကတည်းက ယောင်ရန် နိုးလာခဲ့သည်။ လုံယုသည် သူတို့၏ သူငယ်ချင်းများကို သွားခေါ်ရန် ရှန်းဝူ အပန်းဖြေစခန်းသို့ ပြန်သွားရမည် ဖြစ်သောကြောင့်၊ သူမသည် သူ့အတွက် အစားအသောက်၊ ရေ၊ ဆေးဝါးနှင့် ခဲယမ်းမီးကျောက်များကို ပြင်ဆင်ပေးရန် လိုအပ်လေ သည်။
မနေ့က သူတို့ ဤနေရာသို့ လာခဲ့စဉ်က ခရီးစဉ်မှာ အလွန်ပင် အန္တရာယ် များလှပေသည်။
ယခုအခါ ရှန်းဝူ အပန်းဖြေစခန်းသို့ တစ်ဦးတည်း အပြန်ခရီးနှင်ရခြင်းမှာ လုံယုအတွက် ပို၍ပင် အန္တရာယ် များပြားနိုင်ပေ၏။
လုံယုသည် အခန်းထဲမှ ထွက်လာသောအခါ ယောင်ရန်၏ တံခါးကို ခေါက်လိုက်သော်လည်း အခန်းထဲ တွင် လူမရှိသည်ကို တွေ့လိုက်ရသည်။ ခဏမျှ ရှာဖွေပြီးနောက် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော သူမကို တွေ့လိုက်ရလေသည်။
သူသည် သူမ၏ အနောက်သို့ လျှောက်သွားကာ ဖက်လိုက်ပြီး၊ ခေါင်းငုံ့၍ သူမ၏ ပါးပြင်ကို နမ်းရင်း မေးလိုက်လေ၏။
"ဘာလို့ ဒီလောက် အစောကြီး နိုးနေတာလဲ..."
သူ၏ မေးခွန်းကို ကြားသောအခါ မနေ့ညက အနမ်းကို သတိရသွားကာ ယောင်ရန်၏ မျက်နှာလေး အနည်းငယ် ရဲတက်သွားခဲ့ပြီး လည်ချောင်းဟန့်ကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။
"ရှန်းဝူ အပန်းဖြေစခန်းကို သွားဖို့အတွက် ပစ္စည်းတွေ ပြင်ဆင်ပေးနေတာပါ၊ တစ်ယောက်တည်း ခရီး သွားရတာ ပိုပြီး အန္တရာယ်များနိုင်လို့ လမ်းမှာ ပိုပြီး ဂရုစိုက်ပါနော်..."
သူမသည် တစ်စက္ကန့်မျှ ရပ်တန့်လိုက်ပြီး စိုးရိမ်နေသည့် လေသံဖြင့် ထပ်ပြောလိုက်၏။
"ရှင် လေစွမ်းအင်တွေ ပြန်လည် ပြည့်ဖြိုးလာစေဖို့ ရေကန်ရေ အပိုတွေကိုပါ ထည့်ပေးထားတယ်၊ လိုအပ်ရင် သုံးလိုက်ပါ၊ ရှင့်ရဲ့ လုံခြုံရေးက ပထမပဲမို့ နှမြောမနေဘဲ လိုအပ်တဲ့အခါ သောက်လိုက်ပါ နော်..."
သူမ၏ သတိပေးစကားကို နားထောင်ရင်း လုံယုသည် ပြုံးလိုက်ကာ သူ၏ လုံခြုံရေးအတွက် သူမ၏ စိုးရိမ်ပူပန်နေမှုကို သတိပြုမိလိုက်လေသည်။
ဖောင်းကားနေသော ကျောပိုးအိတ်ကို ယောင်ရန် ဇစ်ဆွဲပိတ်လိုက်ချိန်တွင်၊ သူသည် သူမကို ပိုမို တင်း ကျပ်စွာ ဖက်ထားလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်၏။
"မင်းကို ဒီနေရာမှာ တစ်ယောက်တည်း တကယ် မထားခဲ့ချင်ပေမယ့်၊ ငါတို့ အာရွှမ်းနဲ့ အခြားသူတွေကို လည်း ပစ်ထားခဲ့လို့ မရဘူးလေ..."
သူ၏ တွန့်ဆုတ်နေမှုကို သတိပြုမိသော ယောင်ရန်သည် သူ၏ လက်မောင်းများကို ပုတ်ပေးရင်း ညင်သာစွာ ပြောလိုက်လေသည်။
"ရှင် မထွက်သွားခင် မနက်စာ အတူတူ စားကြရအောင်..."
"အင်း..."
နံနက်စာ စားပြီးနောက် လုံယုသည် ယောင်ရန်အား နက်ရှိုင်းစွာ နမ်းရှိုက်ပြီးနောက် ထွက်ခွာသွားခဲ့ လေသည်။
လေကြောင်းရန် ဗုံးခိုကျင်းထဲတွင် တစ်ဦးတည်း ကျန်ရစ်ခဲ့သော ယောင်ရန်သည် လင်းယိနှင့် ယွမ်ရီဟွေး တို့ကို သွားရောက် ကြည့်ရှုလိုက်လေသည်။ သူတို့၏ အခြေအနေ တည်ငြိမ်နေပြီ
ဖြစ်သည်ကို မြင်သောအခါ၊ သူမသည် ရေကန်ရေ တိုက်ခြင်းကို ရပ်တန့်လိုက်ပြီး သတိလစ်နေစဉ် အတွင်း ခန္ဓာကိုယ် လုပ်ဆောင်ချက်များကို ထိန်းသိမ်းထားနိုင်ရန် အာဟာရ အကြောဆေးရည်များ ကိုသာ သွင်းပေးထားလိုက်လေ၏။
ဆေးကုသဆောင်မှ ထွက်လာပြီးနောက် ယောင်ရန်သည် ရေသွင်းစိုက်ပျိုးရေး အခန်းဆီသို့ ဦးတည်သွားခဲ့ ကာ ထိုနေရာတွင် ဟင်းသီးဟင်းရွက်များ၊ အဓိက စားနပ်ရိက္ခာ သီးနှံများနှင့် ဆေးဖက်ဝင် အပင်များကို စိုက်ပျိုးလိုက်လေသည်။
စိုက်ပျိုးခြင်း ပြီးစီးသွားသောအခါ သူမသည် ရေသွင်းစိုက်ပျိုးရေး အခန်းထဲတွင် သူမ၏ သစ်စွမ်းအင်ကို လေ့ကျင့်ရန် နှစ်နာရီကြာ အချိန်ယူခဲ့ပြီးနောက်၊ ရေသိုလှောင်ခန်းဆီသို့ သွားကာ ရေကန်များကို ရေဖြည့်ရင်း ရေစွမ်းအင်ကိုပါ လေ့ကျင့်နေခဲ့လေ၏။
ယောင်ရန်သည် လေကြောင်းရန် ဗုံးခိုကျင်းထဲတွင် လင်းယိနှင့် ယွမ်ရီဟွေးတို့ကို ပြုစုစောင့်ရှောက်ရင်း လုံ့လဝီရိယရှိစွာ လေ့ကျင့်နေချိန်၌၊ ကျွင်းချန်မြို့၏ မြို့စွန်တစ်နေရာတွင် လူတစ်စုသည် အသက်လု ထွက်ပြေးနေကြပြီး ပြေးလွှားရင်း မျိုးရိုးဗီဇပြောင်းလဲနေသော ကြွက်အုပ်ကြီးကို ခုခံကာကွယ်နေကြ ရလေသည်။
“ဒိုင်း... ဒိုင်း... ဒိုင်း...”
သေနတ်ပစ်ခတ်သံများသည် ပတ်ဝန်းကျင် တစ်ခွင်၌ ပဲ့တင်ထပ်သွားပြီး မျိုးရိုးဗီဇပြောင်းလဲနေသော ကြွက်များကို သူတို့ဆီသို့ ပိုမို ဆွဲဆောင်သွားမိခဲ့လေသည်။
ဘယ်ဘက်ခြမ်းမှ ချဉ်းကပ်လာသော နောက်ထပ် ကြွက်အုပ်ကြီးကို မြင်လိုက်ရသဖြင့် စစ်သားတစ်ဦး မှာ အသက်ရှူမှားသွားပြီး အော်ဟစ်လိုက်၏။
"ဗိုလ်ကြီး၊ ဘယ်ဘက်လမ်းကနေ မျိုးရိုးဗီဇပြောင်းလဲနေတဲ့ ကြွက်တွေ အများကြီး ထပ်လာနေပြီ..."
ထိုစကားကို ကြားသောအခါ အခြားသော စစ်သားများ၏ မျက်နှာများမှာ ဖြူရော်သွားကြလေသည်။
"ဒိုင်း... "
ဝူလျန်သည် သူ၏ ဦးခေါင်းကို ကိုက်ဖြတ်ရန် နီးကပ်လာသော ကြွက်တစ်ကောင်ကို ပစ်ချလိုက်ပြီး အော် ဟစ်လိုက်၏။
"ပြန်ဆုတ်ကြ..."
သူ၏ အမိန့်ကို လိုက်နာကာ စစ်သားများသည် အံကြိတ်၍ ကြမ်းတမ်း ရက်စက်လှသော ကြွက်များကို ခုခံတိုက်ခိုက်ရင်း ဆုတ်ခွာခဲ့ကြလေသည်။
သူတို့သည် ကျွင်းချန်မြို့၏ မြို့စွန်သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် မျိုးရိုးဗီဇပြောင်းလဲနေသော ကြွက်များ၏ ဝိုင်းရံခြင်းကို ခံလိုက်ရပြီး တိုက်ခိုက်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
နာရီပေါင်းများစွာ အသေအလဲ တိုက်ခိုက်ပြီးနောက်တွင် ဝူလျန်နှင့် သူ၏ လက်အောက်ငယ်သားများ သည် ကျွင်းချန် မြို့စွန်မှ အသက်ရှင်လျက် လွတ်မြောက်လာခဲ့ကြပေသည်။ အန္တရာယ်များလှသော အခြေအနေများကြောင့် သူတို့သည် ကားများကို စွန့်လွှတ်ခဲ့ရပြီး လက်ထဲတွင် အစားအသောက်နှင့် ရေ အနည်းငယ်သာ ပါရှိကာ ခဲယမ်းမီးကျောက်များလည်း များများစားစား မကျန်တော့ပေ။
အလွန်ပင် ပင်ပန်းနွမ်းနယ်နေသော်ငြားလည်း ထိုကြွက်များ အမီလိုက်လာမည်ကို ကြောက်ရွံ့သဖြင့် သူတို့သည် အရှိန်ကို မလျှော့ရဲခဲ့ကြပေ။
သူတို့၏ ပတ်ဝန်းကျင်ကို စူးစမ်း ကြည့်ရှုလိုက်ရာ ဝူလျန်သည် အနီးအနားရှိ တောင်ကုန်းပေါ်တွင် သစ်ပင်ပန်းမန်များ ကင်းမဲ့နေသည်ကို သတိပြုမိလိုက်လေသည်။ အပင်များ နည်းပါးခြင်းကြောင့် မျိုးရိုးဗီဇပြောင်းလဲနေသော အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်ခြေ သိသိသာသာ လျော့ကျသွားမည် ဖြစ်၏။
ထို့အပြင် မြင့်မားသော မြေပြင်အနေအထားသည် ဖြစ်လာနိုင်သော ခြိမ်းခြောက်မှု မှန်သမျှကို စောင့် ကြည့်ရန်အတွက် ပိုမို ကောင်းမွန်သော အမြင်အာရုံကို ပေးစွမ်းနိုင်မည် ဖြစ်လေသည်။
ခဏမျှ စဉ်းစားပြီးနောက် သူက အမိန့်ပေးလိုက်လေသည်။
"တောင်ပေါ်ကို တက်ပြီး အဲ့နေရာမှာ သွားနားကြမယ်..."