အခန်း ၂၈၇
Vol. 29 Ch. 287
အခန်း (၂၈၇)
ယောင်ရန်၏ ဖိတ်ကြားခြင်း
ဝူလျန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆက်ပြောလိုက်လေ၏။
"ကျွန်တော်တို့ မြို့စွန်ကို မောင်းဝင်သွားတာနဲ့ တစ်ပြိုင်နက် ရုတ်တရက် အငိုက်မိသွားပြီး နှစ်မိနစ် တောင် မကြာလိုက်တဲ့ အချိန်အတွင်းမှာပဲ သူတို့ ဝိုင်းပိတ်ဆို့တာကို ခံလိုက်ရတယ်လေ..."
သူ၏စကားများကို နားထောင်ရင်း ယောင်ရန်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက မေးလိုက်လေ၏။
"ဗိုလ်ကြီးဝူ၊ အခု ရှင်တို့မှာ အစီအစဉ် ရှိနေပြီလား..."
ဝူလျန်က ခေါင်းငြိမ့်ပြလိုက်လေသည်။
"မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်ကို မြှားခေါ်ဖို့ ဒီည ကျွန်တော်တို့ ကျွင်းချန်မြို့ကို ပြန်သွားကြမလို့ပါ… ကျွန်တော်တို့မှာ ခဲယမ်းတွေ သိပ်မကျန်တော့တဲ့အတွက် ဒီတစ်ကြိမ်မှာ တိုက်ခိုက်မှုအားလုံးကို သူ့ အပေါ်မှာပဲ စုစည်းဖို့ စီစဉ်ထားတယ်..."
ယောင်ရန်သည် သူ့ကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်နေပြီးနောက် မေးလိုက်လေ၏။
"ရှင်က မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်ကို သတ်ဖို့ ရှင့်ကိုယ်ရှင်နဲ့ ရှင့်ရဲ့ ညီအစ်ကိုတွေကို စတေးဖို့ စီစဉ် နေတာလား..."
ဝူလျန်သည် ပြန်လည်ဖြေကြားခြင်း မရှိသော်လည်း၊ သူ၏ တိတ်ဆိတ်နေမှုက သူမအား အဖြေကို ပြော ပြနေလေသည်။ သူ၏ ပြတ်သားသော မျက်ဝန်းများကို ကြည့်ရင်း ယောင်ရန်သည် ခဏမျှ စဉ်းစား လိုက်ကာ မေးလိုက်လေ၏။
"ဗိုလ်ကြီးဝူ… ရှင့်ရဲ့ မစ်ရှင်ကို ရက်နည်းနည်းလောက် ရွှေ့ဆိုင်းထားလို့ ရမလား..."
ဝူလျန်က ခေါင်းခါပြရင်း ရှင်းပြလေသည်။
"ကျွန်တော်တို့ရဲ့ ရိက္ခာတွေက ရက်အနည်းငယ်စာပဲ ခံတော့မယ်၊ ခြေလျင်နဲ့ ကျွင်းချန် စစ်အခြေစိုက် စခန်းကို ပြန်ဖို့ဆိုတာ အနည်းဆုံး တစ်ပတ်လောက် အချိန်ယူရလိမ့်မယ်… တကယ်လို့ ခုညမှ မတိုက် ခိုက်ဘူးဆိုရင်၊ ကျွန်တော်တို့ မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်ကို သတ်နိုင်ခဲ့ရင်တောင်မှ အပြန်ခရီး အတွက် လုံလောက်တဲ့ ရိက္ခာတွေ ရှိတော့မှာ မဟုတ်ဘူး..."
သူ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ယောင်ရန်က ပြောလေသည်။
"အာယုက အခြားသူတွေနဲ့အတူ မနက်ဖြန် ဒါမှမဟုတ် နောက်ဆုံးထားပြီး သန်ဘက်ခါလောက်ဆို ပြန် ရောက်လာလိမ့်မယ်၊ ရှင် မကန့်ကွက်ဘူးဆိုရင်၊ ရှင်နဲ့ ရှင့်ရဲ့အဖွဲ့က ကျွန်မတို့နေရာကို လာပြီး အနားယူ ရင်း ဒဏ်ရာတွေကို ကုသရင်း သူ ပြန်အလာကို စောင့်ဆိုင်းနိုင်ပါတယ်၊ ဒီမျိုးရိုးဗီဇပြောင်း ကြွက်ဘုရင် ကို နှိမ်နင်းဖို့ ကျွန်မတို့ ရှင့်ကို ကူညီပေးနိုင်ကောင်း ကူညီပေးနိုင်ပါလိမ့်မယ်..."
သူမ၏ ကမ်းလှမ်းမှုကြောင့် ဝူလျန်၏ မျက်ဝန်းများ အရောင်လင်းလက်သွားလေသည်။ ခဏမျှ စဉ်းစား ပြီးနောက် သူက ပြောလိုက်လေ၏။
"ကျွန်တော်တို့ဆီမှာ စုစုပေါင်း လူသုံးဆယ်ကျော် ရှိတယ်၊ မိန်းကလေးယောင်ရဲ့ နေရာက ကျွန်တော်တို့ အားလုံးအတွက် နေရာလုံလောက်မှု ရှိမရှိ ဆိုတာတော့ ကျွန်တော် မသေချာဘူး..."
ယောင်ရန်သည် နှင်းကဲ့သို့ဖြူဖွေးနေသော ပြွန်ချောင်း အစည်းကြီးတစ်ခုကို ကိုင်ဆောင်ရင်း မတ်တပ် ရပ်ကာ ပြောလိုက်လေသည်။
"လူတိုင်းအတွက် လုံလောက်တဲ့ အကျယ်အဝန်း ရှိပါတယ်၊ ကဲ ဘယ်လိုသဘောရလဲ၊ ရှင်တို့ လိုက်ခဲ့ မှာလား..."
ဝူလျန်က ခေါင်းငြိမ့်ပြလိုက်ပြီး အလျင်အမြန် သဘောတူလိုက်လေသည်။
"သေချာတာပေါ့..."
နှင်းကဲ့သို့ဖြူဖွေးနေသော ပြွန်ချောင်း အစည်းများထဲမှ တစ်ခုကို ကောက်ယူရင်း သူက ပြောလေ၏။
"ကျွန်တော့်ရဲ့ ညီအစ်ကိုတွေက အနီးအနားက ဂူတစ်ခုထဲမှာ အနားယူနေကြပါတယ်..."
ယောင်ရန်သည် ထိုဂူ မည်သည့်နေရာတွင် ရှိသည်ကို မသိသဖြင့် သူမက ပြောလိုက်လေသည်။
"လမ်းပြပေးပါ..."
လူငယ်စစ်သည်သည် နောက်ဆုံးကျန်နေသော နှင်းလိုဖြူဖွေးသည့် ပြွန်ချောင်းအစည်းကို သယ်ပိုးလိုက် ပြီးနောက် သူတို့သည် ဂူရှိရာဆီသို့ စတင် လျှောက်လှမ်းသွားခဲ့ကြလေသည်။
အချိန်အနည်းငယ် ကြာပြီးနောက် ဝူလျန်သည် အလှမ်းဝေးသော နေရာရှိ ဂူငယ်လေး တစ်ခုကို လက်ညှိုးထိုးပြရင်း ပြောလိုက်လေသည်။
"အဲဒီ ဂူပဲ..."
ကျောက်တုံးများဖြင့် တစိတ်တပိုင်း ဖုံးကွယ်နေသော ဂူမှာ အဝေးမှ ကြည့်လျှင် သတိပြုမိရန် ခက်ခဲလှ ပေသည်။ ယောင်ရန်သည် ထိုဂူကို ခဏမျှ ကြည့်ရှုနေပြီးနောက် ပတ်ဝန်းကျင်ကို သိချင်စိတ်ဖြင့် အကဲ ခတ်လိုက်လေ၏။
သူတို့ ချဉ်းကပ်သွားချိန်တွင် အဝင်ဝကို ကင်းစောင့်နေသော စစ်သည်နှစ်ဦးက သူတို့ကို သတိပြုမိသွား လေသည်။ သူတို့ထဲမှ တစ်ဦးသည် ရှေ့သို့ လျှောက်လာကာ ယောင်ရန်ကို မြင်တွေ့လိုက်ရသော်လည်း တိတ်ဆိတ်စွာသာ နေခဲ့လေသည်။
ဝူလျန်က သူတို့ကို ကြည့်ကာ ပြောလိုက်လေသည်။
"အခြားသူတွေကို သွားခေါ်လိုက်၊ ငါတို့ နေရာအသစ်ကို ပြောင်းရွှေ့ကြမယ်..."
"ဟုတ်ကဲ့ပါ ဗိုလ်ကြီး..."
စစ်သည်များက ခေါင်းငြိမ့်ပြလိုက်ပြီး အခြားသူများကို အကြောင်းကြားရန် အလျင်အမြန် ထွက်သွား ကြလေသည်။
မကြာမီမှာပင် ကျောပိုးအိတ်များနှင့် သေနတ်များကို ကိုင်ဆောင်ထားကြသော စစ်သည် သုံးဆယ်ကျော် နှင့်အတူ ပြန်လည်ရောက်ရှိလာကြ၏။
သူတို့ ထွက်ခွာရန် အဆင်သင့် ဖြစ်နေပြီကို မြင်သောအခါ ယောင်ရန်က ပြောလိုက်လေသည်။
"ကျွန်မ နောက်ကို လိုက်ခဲ့ကြပါ..."
သူတို့သည် တစ်နာရီကျော်ကြာ လမ်းလျှောက်ပြီးနောက် လေကြောင်းရန်ကာကွယ်ရေး ခိုလှုံရာစခန်း၏ ပင်မအဝင်ဝသို့ ရောက်ရှိလာကြလေသည်။
ယောင်ရန်သည် တံခါးကို ဖွင့်လိုက်ပြီး ဖိတ်ခေါ်လိုက်လေ၏။
"ဝင်ခဲ့ကြပါ..."
ဝူလျန်နှင့် စစ်သည်များသည် အတွင်းပိုင်းရှိ အဆင့်မြင့် နည်းပညာများကို မြင်တွေ့ရသောအခါ အံ့အား သင့်သွားလျက် ဝင်ရောက်လာခဲ့ကြလေသည်။ သူတို့သည် ရှည်လျားသော အဖြူရောင် စင်္ကြံလမ်းကို ဝေ့ဝဲကြည့်ရှုနေကြစဉ်၊ ယောင်ရန်သည် ပိုးသတ်ရန်အတွက် သန့်စင်ခန်းဆီသို့ သူတို့ကို ဦးဆောင်ခေါ် သွားခဲ့လေသည်။
လူတိုင်း အဖြူရောင် အခန်းထဲသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် သူမက ခလုတ်တစ်ခုကို နှိပ် လိုက်လေသည်။ တစ်စက္ကန့်အကြာတွင် တံခါးမှာ အလိုအလျောက် ပိတ်သွားပြီး သူတို့အပေါ်သို့ အဖြူ ရောင် မြူခိုးများ ဖြန်းပက်ကျလာတော့သည်။
"ရှုး... "
နံရံများထဲမှ အဖြူရောင် မြူခိုးများ ဖြန်းပက်လာသောအခါ ဝူလျန်နှင့် သူ၏ လူများမှာ လန့်ဖျပ်သွားကြ လေသည်။ ၎င်းမှာ ပိုးသတ်ဆေးဖြစ်ကြောင်း သိရှိသွားချိန်တွင် သူတို့သည် တစ်ယောက်ကိုတစ်ယောက် ရှက်ရွံ့စွာ ကြည့်လိုက်ကြလေ၏။
သူတို့၏ တုံ့ပြန်မှုများကို ဂရုမစိုက်ဘဲ ယောင်ရန်သည် ပင်မခန်းမဆီသို့ သွားသော တံခါးကို ဖွင့်ကာ အပြင်သို့ ထွက်သွားလေသည်။ စစ်သည်များ သူမနောက်သို့ လိုက်ပါဝင်ရောက်သွားသောအခါ ခိုလှုံရာ စခန်း၏ ခမ်းနားလှသော အတွင်းပိုင်း အပြင်အဆင်ကြောင့် သူတို့မှာ ဆွံ့အသွားကြရတော့သည်။
ယောင်ရန်က သူတို့ဘက်သို့ လှည့်ကာ မေးလိုက်လေသည်။
"ရှင်တို့ထဲမှာ ဒဏ်ရာရထားတဲ့သူ ရှိလား..."
ဝူလျန်က ပြုံးရင်း ပြန်ဖြေလေ၏။
"ပွန်းပဲ့ဒဏ်ရာလေးတွေလောက်ပါပဲ၊ ကျွန်တော်တို့အတွက် ဆေးဝါးတွေ ဖြုန်းတီးဖို့ မလိုပါဘူး..."
သူက ထိုသို့ပြောလာသဖြင့် ယောင်ရန်သည် ခေါင်းငြိမ့်ပြလိုက်ရုံသာ လုပ်လေသည်။ ထို့နောက် သူမက ပြောလိုက်လေ၏။
"ရှင်တို့ လွတ်လွတ်လပ်လပ် သွားလာလို့ ရပါတယ်၊ ဒါပေမယ့် သိုလှောင်ရုံတွေ၊ ရေသွင်းစိုက်ပျိုးရေး အခန်း တွေနဲ့ ရေလှောင်ကန် အခန်းတွေက တားမြစ်နယ်မြေတွေမို့လို့ အဲဒီအခန်းတွေထဲကိုတော့ မဝင်ကြပါ နဲ့..."
ဝူလျန်က ခေါင်းငြိမ့်ပြလေသည်။
"နားလည်ပါပြီ..."
ယောင်ရန်က ဆက်ပြောလေသည်။
"ဗိုလ်ကြီးဝူ၊ နှင်းလိုဖြူဖွေးနေတဲ့ ပြွန်ချောင်းတွေကို မီးဖိုချောင်ထဲ ရွှေ့ဖို့ ကျွန်မကို ကူညီပေးပါဦး..."
"ကောင်းပါပြီ..."
မထွက်ခွာမီ ဝူလျန်သည် သူ၏ လူများဘက်သို့ လှည့်ကာ တိုးတိုးလေး ပြောလိုက်လေ၏။
"လွတ်လွတ်လပ်လပ် သွားလာကြည့်ရှုလို့ ရတယ်၊ ဒါပေမယ့် တားမြစ်နယ်မြေတွေ အနီးအနားကိုတော့ သွားမကပ်ကြနဲ့..."
"ဟုတ်ကဲ့ပါ ဗိုလ်ကြီး..." ဟု သူတို့က ပြန်ဖြေလိုက်ကြလေသည်။
ထို့နောက် ဝူလျန်နှင့် လူငယ်စစ်သည်တို့သည် ပြွန်ချောင်းအစည်းများကို သယ်မရင်း ယောင်ရန်၏ နောက်မှ မီးဖိုချောင်သို့ လိုက်သွားခဲ့ကြလေသည်။ သူတို့ ထွက်သွားပြီးနောက် စစ်သည်များသည် စကားစမြည် ပြောဆိုခဲ့ကြလေ၏။
"ဒီနေရာက သိပ္ပံရုပ်ရှင်တွေထဲက နေရာတစ်ခုလိုပဲ..." ဟု သူတို့ထဲမှ တစ်ဦးက ပြောလေသည်။
"တောင်ကြီးတစ်လုံးထဲမှာ ခိုလှုံရာစခန်း တစ်ခုကို ဘယ်လိုများ တည်ဆောက်ခဲ့ကြတာလဲမသိဘူး… တကယ့်ကို အံ့သြစရာပဲ..."
သူ၏စကားကြောင့် အခြားစစ်သည်တစ်ဦးက တက်ကြွစွာ ခေါင်းငြိမ့်ပြလိုက်လေသည်။ သူက ညီအစ်ကိုများကို ပြုံးဖြဲဖြဲဖြင့် ကြည့်ကာ ပြောလိုက်လေ၏။
"ငါ လိုက်ကြည့်ဦးမယ်… ဒီ မိန်းကလေးက ဒီနေရာမှာ နေထိုင်စရာ နေရာတစ်ခု ရှိတယ်လို့ ပြောခဲ့တယ် လေ၊ မျက်နှာသစ်ဖို့ ရေနည်းနည်းလောက်များ ရှာတွေ့နိုင်မလားလို့..."
ထိုစကားကို ကြားသောအခါ အခြားစစ်သည်တစ်ဦးက သူ၏ နောက်စေ့ကို ရိုက်ချလိုက်ပြီး မေးလိုက် လေသည်။
"မင်း ရူးနေလား၊ မင်း ရေချိုးဖို့ ရေတွေကို ဖြုန်းတီးလိုက်တယ်ဆိုတာကိုသာ ဗိုလ်ကြီး သိသွားရင် မင်းကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်လိမ့်မယ်..."
ထိုစစ်သည်က သူ၏ ခေါင်းကို ပွတ်သပ်ကာ နှုတ်ခမ်းဆူရင်း ရှင်းပြလေ၏။
"ငါက ဒီတိုင်း ပြောကြည့်တာပါကွာ… တကယ်လို့ ဒီနေရာမှာ ရေရှိနေခဲ့ရင်တောင် ရေချိုးတာထက် သောက်ဖို့ကိုပဲ ပိုရွေးချယ်မိမှာပါ..."
သူက ခဏမျှ ရပ်တန့်သွားပြီးနောက် တက်ကြွစွာဖြင့် ဆက်ပြောလေသည်။
"ဒါပေမယ့် ဒီလိုနေရာမျိုးကို မြင်တွေ့ရဖို့ဆိုတာ ရှားပါးတယ်လေ၊ ငါ သွားကြည့်လိုက်ဦးမယ်..."
ထိုသို့ပြောပြီးနောက် သူသည် လျှောက်သွားခဲ့လေသည်။ သူက နေရာအနှံ့ လိုက်လံကိုင်တွယ်ကြည့်ရှု နေစဉ် သူ၏ မျက်ဝန်းများထဲ၌ သိချင်စိတ်များ တလက်လက် တောက်ပနေခဲ့ပေ၏။ အခြားစစ်သည် များကလည်း တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြပြီးနောက် ခိုလှုံရာစခန်းကို လေ့ လာစူးစမ်းရန် လူစုခွဲသွားကြတော့သည်။
မီးဖိုချောင်ထဲတွင် ဝူလျန်နှင့် လူငယ်စစ်သည်တို့သည် နှင်းကဲ့သို့ဖြူဖွေးနေသော ပြွန်ချောင်းအစည်းများ ကို မီးဖိုချောင် ကောင်တာပေါ်သို့ ချထားလိုက်ကြလေသည်။ ချွေးများကို သုတ်ရင်း ဝူလျန်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ရာ၊ မီးဖိုချောင်၏ ခေတ်မီစက်ကိရိယာများနှင့် လုံလောက်ပြည့်စုံ သော ပစ္စည်းများကို သတိပြုမိသွားလေ၏။
ယောင်ရန်က ရေခဲသေတ္တာကို ဖွင့်ကာ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို ထုတ်ယူလိုက်သည် ကို မြင်တွေ့လိုက်ရသောအခါ၊ သူ၏ မျက်လုံးများမှာ မယုံနိုင်လောက်အောင် ပြူးကျယ်သွားလေသည်။ သူက မေးလိုက်လေ၏။
"မိန်းကလေးယောင်… ဒီနေရာမှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ ဘယ်လိုလုပ်ပြီး ရှိနေသေးတာ လဲ…. ခင်ဗျားဘာသာ စိုက်ပျိုးထားတာလား..."