အခန်း ၂၈၉
Vol. 29 Ch. 289
အခန်း (၂၈၉)
နိုးထလာခြင်း
အစားအစာများကို အပြင်သို့ သယ်ထုတ်ရာတွင် ယောင်ရန်အား ကူညီပေးခဲ့သော လူငယ်စစ်သည်သည် သူမ၏ ဖိတ်ကြားချက်ကို မငြင်းဆန်ခဲ့ပေ။
သူက ကျေးဇူးတင်စွာဖြင့် ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် မိန်းကလေး..."
ယောင်ရန်က ပြုံးရင်း သူမကိုယ်သူမ မိတ်ဆက်လိုက်လေ၏။
"ကျွန်မ နာမည်က ယောင်ရန်ပါ… ရှင်က ကျွန်မထက် ငယ်တယ်မလား… ကျွန်မနာမည်ကိုပဲ ခေါ်ပါ ဒါမှ မဟုတ် အစ်မလို့ပဲ ခေါ်ပါ..."
သူမထက် တစ်နှစ်ငယ်ကာ အသက်ဆယ့်ကိုးနှစ်သာ ရှိသေးသော လူငယ်စစ်သည်က ရှက်သွေးဖြာစွာ ပြုံးရင်း ခေါင်းငြိမ့်လိုက်လေသည်။
"အစ်မယောင်..."
"ကောင်းပြီလေ..."
သူတို့ စကားပြောနေကြစဉ် ဝူလျန်နှင့် အခြားသူများသည် ကျန်ရှိနေသော ဘေးတိုက်ဟင်းလျာများကို ယူဆောင်လာခဲ့ကြလေသည်။ ၎င်းတို့ကို ကောင်တာပေါ်၌ တင်ထားပြီးနောက် ယောင်ရန်သည် အစား အစာများ နွေးထွေးနေစေရန် အပူပေးစက်ကို ဖွင့်လိုက်၏။ ထို့နောက် သူမအတွက် အစားအစာ တစ်ပွဲ ခူးယူလိုက်လေသည်။
အစားအစာ လင်ပန်းကို ကိုင်ဆောင်လျက် သူမသည် ဝူလျန်ကို ကြည့်ကာ ပြောလိုက်လေသည်။
"ဗိုလ်ကြီးဝူ၊ အစားအစာတွေကို လွတ်လွတ်လပ်လပ် စားသုံးနိုင်ပါတယ်၊ ရေခဲသေတ္တာထဲမှာ ဖရဲသီး ဖျော်ရည် ရှိတယ်၊ တစ်ယောက်ယောက် ရေသောက်ချင်တယ်ဆိုရင်လည်း ရေခဲသေတ္တာဘေးမှာ ရေသန့်စက် ရှိပါတယ်၊ စားပြီးသွားရင် ပန်းကန်အညစ်အကြေးတွေကို ဘေစင်ထဲမှာပဲ ထားခဲ့ပါ၊ နောက်မှ ကျွန်မ ဆေးကြောလိုက်ပါ့မယ်..."
ထိုသို့ပြောပြီးနောက် သူမသည် ထမင်းစားစားပွဲ၌ နေရာတစ်ခု ယူကာ စတင်စားသောက်လေတော့ သည်။
သူတို့ သူမ၏ အစားအစာများကို စားသုံးခြင်းကို သူမ တကယ်ပင် ဂရုမစိုက်ကြောင်း မြင်တွေ့ရသော အခါ၊ ဝူလျန်သည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အစားအစာများကို အကဲခတ်ကြည့်ရှုကာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်လေသည်။ အချိန်အနည်းငယ် တုံ့ဆိုင်းပြီးနောက် သူက ပြောလိုက်လေ၏။
"ငါတို့ အရင်စားကြရအောင်..."
သူ၏ စကားကြောင့် စစ်သည်များ၏ မျက်ဝန်းများ အရောင်လင်းလက်သွားလေသည်။ သူတို့သည် ပန်းကန်ပြားများနှင့် ပန်းကန်လုံးများကို အလျင်အမြန် ကောက်ယူလိုက်ကြပြီး ကိုယ်တိုင်ခူးယူရန် ကောင်တာရှေ့၌ တန်းစီလိုက်ကြတော့၏။
စားသောက်နေစဉ် လူငယ်စစ်သည်သည် ခေါင်းကို ငုံ့ထားရာ သူ၏ ပန်းကန်ထဲသို့ မျက်ရည်အချို့ တိတ် ဆိတ်စွာ ကျဆင်းသွားလေသည်။ သူက ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားပြီး အစားအစာများကို အငမ်းမရ စားသောက်နေစဉ် အသံထွက်အောင်ပင် မလုပ်ရဲပေ။
နေ့လယ်စာ စားပြီးနောက် ယောင်ရန်သည် လင်းယိနှင့် ယွမ်ရီဟွေးတို့ကို သွားရောက်စစ်ဆေးလေ သည်။ သူတို့ သတိမလည်သေးသည်ကို မြင်သောအခါ၊ မထွက်ခွာမီ သယ်ဆောင်ရလွယ်ကူသော လေအေးပေးစက်အတွက် ရေနှင့် ရေခဲများကို ဖြည့်တင်းပေးခဲ့လေ၏။
ထို့နောက် ကျန်ရှိနေသော ရေတိုင်ကီအလွတ်များကို ဖြည့်ရန် ရေလှောင်ကန် အခန်းဆီသို့ ဦးတည်သွား ခဲ့လေသည်။ လူသုံးဆယ်ကျော် ထပ်တိုးလာခြင်းကြောင့် ရေသုံးစွဲမှုမှာ သိသိသာသာ တိုးလာမည်သာ
ဖြစ်သည်။
သူမ၏ သူငယ်ချင်းများ မရောက်လာမီ တိုင်ကီအားလုံး ပြည့်နေစေရန်နှင့် ရေသွင်းစိုက်ပျိုးရေး အခန်းရှိ ဟင်းသီးဟင်းရွက်များ၊ သစ်သီးပင်များနှင့် အဓိကသီးနှံများက သူတို့ကို ထောက်ပံ့ရန် လုံလောက်မှု ရှိ စေရန် သူမ သေချာအောင် လုပ်ဆောင်ရန် လိုအပ်ပေသည်။
ယောင်ရန်သည် သူမ၏ နေရာလွတ်ထဲမှ အစားအစာများကို ထုတ်ယူနိုင်သော်ငြားလည်း၊ သံသယ မခံရစေရန်အတွက် ဤအရာအားလုံးကို လုပ်ဆောင်ရန် လိုအပ်နေသေး၏။
ယောင်ရန်က အလုပ်လုပ်ရင်း သူမ၏ စွမ်းအားများကို လေ့ကျင့်နေစဉ်၊ ဝူလျန်နှင့် စစ်သည်များသည် စားသောက်ပြီးစီးသွားကာ ပန်းကန်များကို ဆေးကြောသန့်စင်လိုက်ကြလေသည်။
ကမ္ဘာကြီးကို သဘာဝဘေးအန္တရာယ်များ ရိုက်ခတ်ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ဝူလျန်နှင့် သူ၏အဖွဲ့မှာ ဗိုက်ပြည့်သွားသကဲ့သို့ ခံစားလိုက်ရပေသည်။
ညနေပိုင်းတွင် ယောင်ရန် ရေသွင်းစိုက်ပျိုးရေး အခန်းမှ ထွက်လာသောအခါ ဝူလျန်နှင့် အခြားသူများ ပင်မခန်းမ၌ သူမကို စောင့်ဆိုင်းနေကြသည်ကို တွေ့လိုက်ရလေသည်။
သိချင်စိတ်အနည်းငယ် စွက်ဖက်နေသော အသံဖြင့် သူမက မေးလိုက်လေ၏။
"ဗိုလ်ကြီးဝူ၊ ရှင်တို့ တစ်ခုခု လိုလို့လား..."
ဝူလျန်က ပြုံးရင်း ပြန်ဖြေလေသည်။
"မိန်းကလေးယောင်၊ ကျွန်တော်တို့ ဒီနေရာမှာ နေထိုင်နေတုန်း ဘေးဘက်ခန်းမကို နေစရာ နေရာအဖြစ် အသုံးပြုလို့ ရမလား..."
သူ၏ တောင်းဆိုမှုကြောင့် နားမလည်နိုင်ဖြစ်သွားကာ ယောင်ရန်က ပြောလိုက်လေ၏။
"ဒီနေရာမှာ အိပ်ခန်းအလွတ်တွေ အများကြီး ရှိပါတယ်၊ ဘေးဘက်ခန်းမမှာ အိပ်မယ့်အစား ရှင်တို့ အဲဒါတွေကို အသုံးပြုလို့ ရပါတယ်… ပထမနဲ့ ဒုတိယ အိပ်ခန်းကလွဲရင် အခြားအခန်းတွေက လွတ်နေ တာမို့လို့ လွတ်လွတ်လပ်လပ် အသုံးပြုကြပါရှင်..."
အိပ်ခန်းများကို သူတို့ အသုံးပြုနိုင်ကြောင်း သိလိုက်ရသဖြင့် အံ့အားသင့်သွားကာ ဝူလျန်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ်..."
ယောင်ရန်က ခေါင်းငြိမ့်ပြကာ သန်းဝေခြင်းကို အောင့်ထားလိုက်ပြီး ဆက်ပြောလေ၏။
"ကျွန်မ သွားနားတော့မယ်… တကယ်လို့ ရှင်တို့ ဗိုက်ဆာလာရင် မီးဖိုချောင်ကို လွတ်လွတ်လပ်လပ် သုံးပြီး တစ်ခုခု ချက်စားကြပါ..."
ထိုသို့ပြောပြီးနောက် သူမသည် ထပ်မံသန်းဝေလိုက်ကာ သူမ၏ အိပ်ခန်းသို့ ပြန်ဝင်သွားတော့သည်။
ထွက်ခွာသွားသော သူမ၏ ကျောပြင်ကို ကြည့်ရင်း လူငယ်စစ်သည်က ရေရွတ်လိုက်လေသည်။
"အစ်မယောင်က တကယ်ကို သဘောကောင်းတာပဲ..."
ထိုစကားကို ကြားသောအခါ ဝူလျန်က မျက်ခုံးပင့်လိုက်ပြီး နောက်ပြောင်လေ၏။
"မဆိုးဘူးပဲ၊ မင်းက သူမနဲ့ ပိုပြီးရင်းနှီးနေပြီကိုး၊ နာရီအနည်းငယ်လောက်ပဲ ရှိသေးတဲ့အချိန်အတွင်းမှာ သူမက မင်းကို 'အစ်မ' လို့တောင် ခေါ်ခွင့်ပြုထားတယ်..."
ဝူလျန်၏ နောက်ပြောင်မှုကြောင့် လူငယ်စစ်သည်က ရှက်ရွံ့စွာ ပြုံးဖြဲလိုက်ပြီး အလျင်အမြန် ရှင်းပြ လိုက်လေသည်။
"အစ်မယောင်က ကျွန်တော် သူမထက် ငယ်တယ်လို့ ထင်နေတာ၊ ဒါကြောင့်မို့လို့ သူမက ကျွန်တော့်ကို မောင်လေးတစ်ယောက်လို သဘောထားပြီး ကြင်နာပြတာပါ..."
ထိုသို့ပြောပြီးနောက် သူက ဆက်မေးလိုက်၏။
"ဗိုလ်ကြီး၊ ကျွန်တော်တို့ ဘေးဘက်ခန်းမမှာ နေကြမလား ဒါမှမဟုတ် နေထိုင်တဲ့နေရာမှာပဲ နေကြမ လား..."
ဝူလျန်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဆုံးဖြတ်လိုက်လေသည်။
"ငါတို့ သူမရဲ့ လမ်းညွှန်ချက်အတိုင်း နေထိုင်တဲ့နေရာမှာပဲ နေကြမယ်၊ လုံယု ပြန်လာတဲ့အခါ၊ ငါတို့ရဲ့ မစ်ရှင်နဲ့ပတ်သက်ပြီး သူ့ကို တိုင်ပင်ဆွေးနွေးမယ်၊ မျိုးရိုးဗီဇပြောင်း ကြွက်ဘုရင်ကို သတ်ဖို့ သူ့ရဲ့ အကူ အညီကို ရနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ..."
ဆုံးဖြတ်ချက် ချပြီးနောက် သူတို့သည် မိမိတို့၏ အိပ်ခန်းများကို ရွေးချယ်ရန် သွားခဲ့ကြလေသည်။ အခန်းများမှာ ကျယ်ဝန်းပြီး အခန်းတစ်ခန်းစီတွင် လူခြောက်ယောက်မှ ရှစ်ယောက်အထိ ဝင်ဆံ့နိုင်ပေ သည်။ နှစ်ထပ်ကုတင် လေးလုံးကို ကြည့်ရှုပြီးနောက် ဝူလျန်သည် စစ်သည်များအတွက် အခန်းများကို အလျင်အမြန် သတ်မှတ်ပေးလိုက်၏။
ထိုညတွင် စစ်သည်များသည် သုံးလအတွင်း ၎င်းတို့၏ ပထမဆုံး ရေချိုးခြင်းကို ခံစားလိုက်ကြပြီး နောက် ညစာအတွက် ကိုယ်တိုင်အပူပေး ဟော့ပေါ့နှင့် ခေါက်ဆွဲထုပ် အနည်းငယ်ကို ပြုလုပ်ရန် မီးဖိုချောင်သို့ သွားခဲ့ကြလေသည်။ ထိုအချိန်တွင်မူ ယောင်ရန်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီ ဖြစ်၏။
နောက်တစ်နေ့ နံနက်ပိုင်းတွင် ယောင်ရန်သည် စောစောနိုးလာကာ လင်းယိနှင့် ယွမ်ရီဟွေးတို့ကို စစ်ဆေးရန် ဆေးပေးခန်းသို့ သွားခဲ့သော်လည်း သူတို့၏ ကုတင်များမှာ လွတ်နေသည်ကိုသာ တွေ့လိုက် ရလေသည်။ မျက်မှောင်ကြုတ်သွားကာ သူမသည် သူတို့ကို ရှာဖွေရန် ဆေးပေးခန်းမှ ထွက်လာခဲ့၏။
အချိန်အနည်းငယ် ရှာဖွေပြီးနောက် ယောင်ရန်သည် သူတို့က ဝူလျန်နှင့် စစ်သည်များပါ အတူတကွ နံနက်စာ စားသုံးနေကြသည်ကို တွေ့ရှိသွားခဲ့လေသည်။ လင်းယိသည် ဝူလျန်အားရတနာတစ်ပါးကဲ့သို့ တောက်ပ၍ မြတ်နိုးဖွယ်ကောင်းသော အကြည့်များဖြင့် ကြည့်နေသည်ကို အဝေးမှနေ၍ သူမ သတိပြု မိလိုက်လေ၏။
မျက်ခုံးကို အနည်းငယ် ပင့်လိုက်ရင်း ယောင်ရန်သည် ထိုအုပ်စုဆီသို့ ချဉ်းကပ်သွားခဲ့လေသည်။
မျက်နှာချင်းဆိုင် ထိုင်နေကြသော ဝူလျန်သည် လင်းယိနှင့် လက်ဆွဲနှုတ်ဆက်ကာ ပြောလိုက်လေ၏။
"ဒါဆိုရင် ဆုံးဖြတ်လိုက်ပြီ…. ကျေးဇူးပြုပြီး ရေတွေကို အမြန်ဆုံး ပို့ပေးပါ… တပ်ကြပ်ရွှီအတွက် ကျွန်တော် စာတစ်စောင် ရေးပေးပါမယ်…. သူ့ကိုသာ အဲဒါ ပေးလိုက်ပါ…ကျွန်တော်တို့ရဲ့ သဘော တူညီချက်အတိုင်း သူက ခင်ဗျားတို့ကို ငွေပေးချေပါလိမ့်မယ်..."
လင်းယိက ပြုံးရင်း ခေါင်းငြိမ့်ပြကာ ပြောလိုက်လေသည်။
"ကောင်းပါပြီ… ကျွင်းချန် စစ်အခြေစိုက်စခန်းဆီကို အမြန်ဆုံး ရေပို့ပေးပါ့မယ်..."
သူတို့၏ သဘောတူညီမှုကို အတည်ပြုနေကြစဉ် ယောင်ရန် ချဉ်းကပ်လာသည်ကို ဝူလျန် သတိပြုမိ သွားပြီး သူမကို နှုတ်ဆက်လိုက်လေ၏။
"ကောင်းသော မနက်ခင်းပါ မိန်းကလေးယောင်..."
သူမက ပြန်လည်နှုတ်ဆက်လိုက်ပြီးနောက် လင်းယိနှင့် ယွမ်ရီဟွေးတို့ဘက်သို့ လှည့်ကာ ပြောလေ သည်။
"ကောင်းသော မနက်ခင်းပါ..."
"သူဌေးလင်း၊ အစ်ကိုယွမ်၊ ရှင်တို့နှစ်ယောက် အခု သက်သာသွားပြီလား..."
သူမကို မြင်သောအခါ လင်းယိနှင့် ယွမ်ရီဟွေးတို့သည် အလျင်အမြန် မတ်တပ်ရပ်၍ သူမအား ဦးညွှတ် လိုက်ကြပြီး ရိုးသားစစ်မှန်စွာ ပြောလိုက်ကြလေ၏။
"ကျွန်တော်တို့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် မိန်းကလေးယောင်ကို ကျေးဇူးတင်ပါတယ်… ကျွန်တော်တို့ အခု အများကြီး ပိုသက်သာနေပါပြီ..."