အခန်း ၁၃၁
Vol. 14 Ch. 131
အခန်း (၁၃၁) လူတစ်ယောက်နှင့် ဓားတစ်လက်က ဝံပုလွေဘုရင်ကို သုတ်သင်လိုက်ရာ လီလန်တစ်ရွာလုံးကို အံ့ဩတုန်လှုပ်သွားစေခြင်း
"ကြားပြီးကြပြီလား... ချောင်တျန်းကျီရွာက မာလောင်တက တောင်ပေါ်တက်သွားပြီး လူသားစားတဲ့ အမွှေးဖြူဝံပုလွေဘုရင်အပါအဝင် ဝံပုလွေအကောင်နှစ်ဆယ်ကျော်ကို သတ်ပစ်လိုက်တယ်တဲ့..."
"မာလောင်တဟုတ်လား... သူက အမဲလိုက်ခွေးနှစ်ကောင် ပျောက်သွားတာ မဟုတ်ဘူးလား... အဲ့ဒါကို တောင်ပေါ်တက်ရှာတာလား..."
"အဲ့ဒါ ဝံပုလွေတွေ စားသွားတာလေ... အမဲလိုက်ခွေးတွေကို မပြောနဲ့ ဒီမြက်ခင်းပြင်နဲ့ တောင်တွေပေါ်က လူတွေတောင် သူတို့စားတာ ခံရတာပဲကို..."
"မာလောင်တက တကယ်တော်တာပဲ... ဝံပုလွေတွေ အများကြီးကို သတ်ပစ်လိုက်တာဆိုတော့ ကုသိုလ်ရတဲ့ အလုပ်ကို လုပ်လိုက်တာပဲ..."
"မာလောင်တမှ မာလောင်တပဲ... သူက ဝံပုလွေဘုရင်ကိုတောင် သတ်နိုင်တာကိုး..."
"ပေါက်ကရတွေ ပြောမနေကြနဲ့... အမွှေးဖြူဝံပုလွေဘုရင်ကို သတ်တာ မာလောင်တ မဟုတ်ဘူး... တခြားတစ်ယောက်က သတ်တာ..."
"ဘယ်သူလဲ..."
"ရွှမ်းရွှေရွာက လီလန်လေ..."
"..."
မာလောင်တ တောင်ပေါ်သို့ တက်သွားပြီး ဝံပုလွေအကောင်နှစ်ဆယ်ကျော်ကို သတ်ဖြတ်ကာ အောင်ပွဲခံ၍ ပြန်လာခဲ့ကြောင်း သတင်းမှာ တစ်ရွာလုံးသို့ တောမီးပမာ ပြန့်နှံ့သွားလေသည်။
ချောင်တျန်းကျီရွာမှ သိသွားသည်နှင့် အနီးနားရှိ ရွာများစွာကပါ သိရှိသွားကြတော့သည်။ နေ့တစ်ဝက်ပင် မကြာလိုက်ဘဲ ပတ်ဝန်းကျင်ရွာများရှိ လူတိုင်းက မာလောင်တသည် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ ဝံပုလွေအုပ်ကို ရှင်းလင်းလိုက်ပြီဖြစ်ကြောင်း သိသွားကြ၏။
သက်ကြီးရွယ်အိုအချို့ဆိုလျှင် လူသားစားဝံပုလွေမှာ မည်သို့ရုပ်ရည်မျိုး ရှိသည်ကို ကြည့်ရှုရန် မာလောင်တ၏ နေအိမ်သို့ပင် သွားရောက်ခဲ့ကြသည်။
တောင်ပေါ်သို့ တက်သွားကြသော မုဆိုးအများစုမှာ ရွှမ်းရွှေရွာမှ ဖြစ်ကြသည်။ သူတို့ ရွာသို့ ပြန်ရောက်သောအခါ လီလန်က ဝံပုလွေဘုရင်၏ ဝမ်းဗိုက်ကို ဓားဖြင့်ခွဲချလိုက်သည့် သူရဲကောင်းဆန်သော လုပ်ရပ်ကို သတင်းဖြန့်လိုက်ကြလေသည်။
လီလန်သည် အလေးချိန် ကျင်းတစ်ရာကျော်ရှိသော အမွှေးဖြူဝံပုလွေဘုရင်ကို သတ်လိုက်ကြောင်း ရွာသားများ ကြားသိရသောအခါ အားလုံးမှာ အံ့ဩတုန်လှုပ်သွားကြတော့သည်။
ဤသည်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
လွန်ခဲ့သော ရက်အနည်းငယ်ကပင် လီလန်သည် တောဝက်တောင်ကြော၌ အလေးချိန် ကျင်းခြောက်ရာကျော်ရှိသော တောဝက်ဘုရင်ကြီးကို သေနတ်သုံးချက်ပစ်၍ သတ်ဖြတ်ခဲ့လေသည်။
ယနေ့တွင်လည်း အမွှေးဖြူဝံပုလွေဘုရင်ကို ဓားတစ်ချက်တည်းဖြင့် သတ်ပစ်လိုက်ပြန်သည်။ သူ၏ အမဲလိုက်စွမ်းရည်များမှာ ဆယ်စုနှစ်ချီ၍ အတွေ့အကြုံရှိသော ဝါရင့်မုဆိုးကြီးများပင် ယှဉ်နိုင်စွမ်းမရှိချေ။
ရှန်းဝူက အိမ်သို့ ပြန်ရောက်သောအခါ တောင်ပေါ်တွင် ဖြစ်ပျက်ခဲ့သမျှကို သူ၏အဖေအား ပြောပြလိုက်သည်။
"ဘာ... မင်းတို့ ဝံပုလွေနှစ်ဆယ့်လေးကောင်တောင် သတ်ခဲ့တယ်ဟုတ်လား..."
ခေါင်းဆောင်ရှန်းမှာ အံ့ဩတုန်လှုပ်စွာဖြင့် အာမေဍိတ်သံ ထွက်ပေါ်သွားသည်။
"အဖေက ဘာလို့ အဲ့လောက်တောင် အံ့ဩနေရတာလဲ….”
ရှန်းဝူက နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
ခေါင်းဆောင်ရှန်းက စိတ်အိုက်သွားဟန်ဖြင့် ပြောလိုက်သည်။
"ငါက ဘယ်လိုလုပ် မအံ့ဩဘဲနေမလဲ... ဒီမနက်တင် တာဝန်ခံကျန်း ရောက်လာပြီး ဝံပုလွေတွေ ငါတို့ရွာထဲ ဝင်လာနိုင်တယ်လို့ ပြောသွားတာ... အဲ့ကိစ္စအတွက် ငါ တကယ်ကို စိတ်ပူနေခဲ့တာ..."
"ဟုတ်လား..."
ရှန်းဝူမှာ အံ့ဩသွားတော့သည်။
"အေး... အဲ့ဒါကို အဖွဲ့ခေါင်းဆောင်လီက တွေ့ရှိခဲ့တာပဲ..."
ခေါင်းဆောင်ရှန်းက လေးနက်သော အသံဖြင့် ပြောလိုက်၏။
"လီလန်ဟုတ်လား... သူပဲ ထပ်ဖြစ်နေပြန်ပြီလား….”
ထိုအခါမှ လီလန်သည် အဘယ်ကြောင့် မြက်ခင်းပြင်တောင်ပေါ်ရှိ အရှေ့မြောက်ပိုင်းဝံပုလွေများအပေါ် ရက်စက်စွာဖြင့် ခေါင်းကိုသာ တစ်ချက်တည်း ပစ်ခတ်ခဲ့ရသနည်းဆိုသည်ကို ရှန်းဝူ ရုတ်တရက် သဘောပေါက်သွားတော့သည်။
"လီလန်က ဝံပုလွေအုပ် တောင်ပေါ်ကနေ တိတ်တဆိတ် ဆင်းလာပြီး ရွာထဲကို ခိုးဝင်လာတာကို ကြိုသိနေခဲ့တာပဲ..."
ရှန်းဝူက သူ့ကို တိတ်တဆိတ် လေးစားသွားမိသည်။
"ရှန်းဝူ... မင်း ဘာတွေ ပွစိပွစိ ပြောနေတာလဲ..."
"ဘာမှမဟုတ်ပါဘူး..."
"အဖေ... ကျွန်တော် ပြောပြမယ်... အဖွဲ့ခေါင်းဆောင်လီက တကယ့်ကို သာမန်မဟုတ်ဘူးသိလား..."
"အိုး... အခုတော့ မင်းက သူ့ကို အဖွဲ့ခေါင်းဆောင်လီလို့ ခေါ်နေပြီပေါ့... အရင်ကတော့ လီလန်လို့ပဲ အမြဲခေါ်နေတာ မဟုတ်ဘူးလား..."
ခေါင်းဆောင်ရှန်းသည် မျက်ခုံးပင့်လိုက်ပြီး သူ၏သားဖြစ်သူအား ပြုံးစိစိဖြင့် ကြည့်လိုက်လေသည်။
ရှန်းဝူသည် ပခုံးတွန့်လိုက်ရာ သူ၏ မျက်နှာမှာ အနည်းငယ် နီရဲသွား၏။
"ဝါး... အဖွဲ့ခေါင်းဆောင်လီက အရမ်းတော်တာ... သူ့ကို မလေးစားဘဲ မနေနိုင်ဘူး..."
"သူက အမွှေးဖြူဝံပုလွေဘုရင်ကို ဓားမြှောင်တစ်လက်တည်းနဲ့ သတ်ပစ်လိုက်တာ..."
ဝံပုလွေဘုရင်သည် တောင်ပေါ်တွင် လီလန်အား ဝင်ရောက်တိုက်ခိုက်ခဲ့ပုံကို ရှန်းဝူက သူ၏အဖေအား ကွက်ကွက်ကွင်းကွင်း ပြန်လည်ပြောပြလေသည်။
"အဖွဲ့ခေါင်းဆောင်လီက တုံ့ပြန်မှု မြန်ဆန်ပြီး အရည်အချင်းရှိတာပဲ…”
လီလန်သည် ဝံပုလွေဘုရင်အား ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့ကြောင်း ကြားလိုက်ရသောအခါ ခေါင်းဆောင်ရှန်းမှာ အံ့ဩတကြီးဖြင့် ရေရွတ်လိုက်လေသည်။
"အဖေသာဆိုရင်ရော အဲ့လို လုပ်နိုင်ပါ့မလား..."
ရှန်းဝူက မေးလိုက်၏။
"ငါ မလုပ်နိုင်ဘူး... အသက်နှစ်ဆယ်လောက် ပြန်ငယ်သွားရင်တောင် လုပ်နိုင်မှာ မဟုတ်ဘူး..."
ခေါင်းဆောင်ရှန်းက ခေါင်းယမ်းလိုက်သည်။
တောင်ပေါ်ရှိ ဝံပုလွေများမှာ ကြမ်းကြုတ်ရက်စက်ကြပြီး အမွှေးဖြူဝံပုလွေဘုရင်ဆိုလျှင် အုပ်စု၏ ခေါင်းဆောင်ဖြစ်သည့်အားလျော်စွာ အလွန်ပင် ရိုင်းစိုင်းကြမ်းကြုတ်ကာ အန္တရာယ်များလှပေသည်။
ထိုမျှ ကြမ်းကြုတ်သော သားရဲက အခွင့်ကောင်းယူ၍ ချောင်းမြောင်းတိုက်ခိုက်လာချိန်တွင် ခေါင်းဆောင်ရှန်းသာ ထိုနေရာ၌ တုံ့ပြန်ရမည်ဆိုပါက လီလန်ကဲ့သို့ ပြီးပြည့်စုံအောင် ပြုလုပ်နိုင်မည် မဟုတ်ပေ။ ဓားတစ်ချက်တည်းဖြင့် ဝံပုလွေဘုရင်အား သန့်ရှင်းပြတ်သားစွာ သတ်ဖြတ်ပစ်ခဲ့ခြင်းပင် ဖြစ်သည်။
"အဖွဲ့ခေါင်းဆောင်လီက ဝံပုလွေဘုရင်ကို သတ်နိုင်ရုံတင်မကဘူး သူတစ်ယောက်တည်းနဲ့ ဝံပုလွေဆယ်ကောင်ကျော်ကိုလည်း သတ်နိုင်ခဲ့တယ်... သူ့ရဲ့ သေနတ်ပစ်စွမ်းရည်ကလည်း အရမ်းကောင်းတယ်.."
ရှန်းဝူက လေးစားအားကျစွာဖြင့် ပြောလိုက်လေသည်။
သူ၏ အဆိုးရွားဆုံးစွမ်းရည်မှာ သေနတ်ပစ်ခြင်းပင် ဖြစ်သည်။ သူသည် သေနတ်ပစ်ခြင်းကို ဆယ်နှစ်ကျော်ကြာ လေ့ကျင့်ခဲ့ပြီး ငြိမ်သက်နေသော ပစ်မှတ်များကို အလွယ်တကူ မှန်ကန်အောင် ပစ်ခတ်နိုင်သော်လည်း တောင်ပေါ်ရှိ သားရဲတိရစ္ဆာန်များကဲ့သို့ လှုပ်ရှားနေသော ပစ်မှတ်များကို ပစ်ခတ်ရာတွင်မူ သူ၏ တိကျမှုမှာ ကျဆင်းသွားကာ မကြာခဏ လွဲချော်တတ်လေသည်။
မြက်ခင်းပြင်တောင်ပေါ်တွင် ရှန်းဝူသည် လီလန်၏ သေနတ်ပစ်စွမ်းရည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည်။
၎င်းမှာ မယုံနိုင်လောက်အောင် တိကျလွန်းလှပေသည်။
သေနတ်ကို မြှောက်လိုက်သည်။ ချိန်ရွယ်လိုက်သည်။ ဒိုင်းခနဲ မြည်သွားသည်။
၎င်းက အရှေ့မြောက်ပိုင်းဝံပုလွေ၏ အသက်အန္တရာယ်ရှိသော နေရာကို တိုက်ရိုက်ထိမှန်သွားကာ ပွဲချင်းပြီး သေဆုံးသွားစေခဲ့လေသည်။
တိကျပြတ်သားပြီး ထိရောက်လွန်းလှသည်။
ရှန်းဝူသည် ဤကဲ့သို့သော သေနတ်ပစ်စွမ်းရည်မျိုးကို သူ၏အဖေနှင့် ကျိုးလျဲ့ရှန်းတို့ထံမှသာ မြင်ဖူးခဲ့သည်။
သို့သော် သူ၏အဖေနှင့် ကျိုးလျဲ့ရှန်းတို့ နှစ်ဦးစလုံးမှာ ဆယ်စုနှစ်ချီ၍ အတွေ့အကြုံရှိကြသော ဝါရင့်မုဆိုးကြီးများ မဟုတ်ပါလော။
ထိုသေနတ်ပစ်စွမ်းရည် တစ်ခုတည်းအတွက်ပင် ပြီးပြည့်စုံစေရန် ဆယ်စုနှစ်များစွာ အချိန်ယူခဲ့ရမည်မှာ အသေအချာပင်။
ဆယ်စုနှစ်များစွာအတွင်း သေနတ်မည်မျှ ဟောင်းနွမ်းသွားခဲ့ပြီး ကျည်ဆန်မည်မျှ ပစ်ခတ်ခဲ့ရသည်ကို မသိနိုင်တော့ချေ။
သို့သော် လီလန်က အသက်မည်မျှ ရှိပြီနည်း။
သူက အသက်နှစ်ဆယ်သာ ရှိသေးသည်။ သူ၏ထက်ပင် သုံးနှစ်မျှ ငယ်ရွယ်နေသေး၏။
ဤမယုံနိုင်စရာ သေနတ်ပစ်စွမ်းရည်က ရှန်းဝူအပေါ် နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးသွားခဲ့သည်။ သူတို့နှစ်ဦးကြားတွင် ရန်ငြိုးများသာ မရှိခဲ့ပါက သေနတ်ပစ်နည်းကို သင်ပေးရန် လီလန်အား သူ တောင်းဆိုခဲ့ပြီး ဖြစ်ပေမည်။
"မင်း ကောင်စုတ်လေး... အဲ့ဒီတုန်းက အဖွဲ့ခေါင်းဆောင်လီကို တောင်းပန်ခိုင်းခဲ့တဲ့ ငါ့လုပ်ရပ်က မမှားခဲ့ဘူး မဟုတ်လား... အဲ့ဒီတုန်းက မင်းတို့အားလုံးက ခေါင်းမာခဲ့ကြပေမယ့် အခုတော့ မင်းအခြေအနေကို ကြည့်လိုက်ဦး..."
သားဖြစ်သူ၏ ဤကဲ့သို့သော အခြေအနေကို မြင်ရသောအခါ ခေါင်းဆောင်ရှန်းသည် သူ လီလန်အား အကဲဖြတ်မှု မမှားယွင်းခဲ့ကြောင်း သိလိုက်လေသည်။ သူ၏သားမှာ လီလန်၏ အရည်အချင်းများနှင့် ပင်ကိုယ်စွမ်းရည်များအောက်တွင် အပြည့်အဝ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။
သူ တကယ်ကို ယုံကြည်သွားပါပြီ။
ရှန်းဝူက အနေခက်စွာ ပြုံးလိုက်သည်။
"အဖေ... အတိတ်ကအကြောင်းတွေကို မပြောကြရအောင်... အချိန်တွေလည်း အများကြီး ကြာခဲ့ပြီပဲ..."
"အိုး... ဒါနဲ့ ငါက ဝံပုလွေသား ကျင်းတစ်ရာနဲ့ ဝံပုလွေသားရေတစ်ချပ် ရခဲ့တယ်... မီးဖိုချောင်ထဲမှာ ထားတယ်... အားတဲ့အခါ သွားပြီး ရှင်းလင်းလိုက်ဦး..."
ရှန်းဝူက စကားပြောအပြီးတွင် တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် ထပ်ပြောလိုက်လေသည်။
"ဒီတစ်ခေါက် အဖွဲ့ခေါင်းဆောင်လီက တောင်ပေါ်မှာ ဝံပုလွေပေါက်လေး သုံးကောင်နဲ့ နောက်ထပ် တစ်ခုကိုလည်း တွေ့ခဲ့သေးတယ်…*
ရှန်းဝူက ရုတ်တရက် စကားကို ရပ်လိုက်သည်။
"အာ... ဟုတ်ပြီ ဟုတ်ပြီ ဝံပုလွေကလေး... အဖွဲ့ခေါင်းဆောင်လီက တောင်ပေါ်မှာ ဝံပုလွေကလေးတစ်ယောက်ကို တွေ့ခဲ့တာ..."
"ဘာ... ဝံပုလွေကလေးဟုတ်လား..."
ခေါင်းဆောင်ရှန်း၏ မျက်လုံးများမှာ အံ့ဩမှုကြောင့် ပြူးကျယ်သွားတော့သည်။
အခြားတစ်ဖက်တွင်လည်း ညီအစ်ကိုနှစ်ဦးဖြစ်သော လီလုံနှင့် လီဟူတို့မှာ ဝံပုလွေတစ်ကောင်စီကို ထမ်းကာ သူတို့၏ ခြံဝင်းအတွင်းသို့ ပြန်ရောက်လာကြသည်။
ထိုနှစ်ဦး ခြံဝင်းအတွင်းသို့ ဝင်လာသည်နှင့် မုဆိုးမဝူနှင့် လီရှန်းဟွာတို့မှာ အသံများကို ကြားလိုက်ရသဖြင့် အမြန်ထွက်လာကာ ဆီးကြိုလိုက်ကြသည်။
သားဖြစ်သူများက သားကောင်များကို ပခုံးပေါ်တွင် ထမ်းလာသည်ကို မြင်လိုက်ရသောအခါ မုဆိုးမဝူမှာ ဝမ်းသာအားရဖြင့် မျက်နှာဝင်းပသွားတော့သည်။
"ဝါး... အရမ်းကြီးတဲ့ သားကောင်ကြီးတွေပဲ နှစ်ကောင်တောင် ပါလာတာ..."
"ရှန်းဟွာ... မင်းမောင်နှစ်ယောက် ဘယ်လောက် အရည်အချင်းရှိလဲဆိုတာ ကြည့်လိုက်စမ်း..."
မောင်ဖြစ်သူများက သားကောင်များကို ဖမ်းဆီးလာနိုင်သဖြင့် မိသားစုမှာ နောက်ဆုံးတွင် အသားစားရတော့မည်ဖြစ်သည်။ လီရှန်းဟွာမှာ အစပိုင်းတွင် ဝမ်းသာနေခဲ့သော်လည်း သားကောင်များကို အနီးကပ် သေချာကြည့်လိုက်သောအခါ သူမ ပိုပို၍ ကြောက်လန့်လာခဲ့လေသည်။
"အမလေး..ဘုရားရေ... ဒါ... ဒါက ဝံပုလွေ မဟုတ်လား..."
လီရှန်းဟွာ၏ မျက်နှာမှာ ဖြူလျော့သွားတော့သည်။
"ဘာ... ဝံပုလွေဟုတ်လား..."
မုဆိုးမဝူမှာလည်း လန့်ဖျပ်သွား၏။
ဝံပုလွေများမှာ တောင်ပေါ်ရှိ ကြမ်းကြုတ်ရက်စက်သော တောရိုင်းတိရစ္ဆာန်များ ဖြစ်ကြသည်။ လီလုံနှင့် လီဟူတို့က မည်သို့များ တောင်ပေါ်သို့တက်၍ ဝံပုလွေများကို ရဲရဲတင်းတင်း အမဲလိုက်ရဲကြသနည်း။
လီလုံနှင့် လီဟူတို့သည် ဝံပုလွေများကို အောက်ချလိုက်ပြီးနောက် အမိုးအောက်တွင် ထိုင်ချကာ ပင်ပန်းနွမ်းနယ်မှုကြောင့် အသက်ကို ပြင်းပြင်းရှူနေကြလေသည်။
"ဆူညံဆူညံ မလုပ်နေကြနဲ့... ဝံပုလွေတွေ အကုန်သေကုန်ပြီ..."
လီဟူက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
သူတို့နှစ်ဦးသည် သားကောင်များကို ဖမ်းဆီးနိုင်ခဲ့ပြီး ဝံပုလွေသား ကျင်းတစ်ရာကျော်နှင့် ဝံပုလွေသားရေတစ်ချပ်ကို ရရှိခဲ့သော်လည်း သူတို့ တွေးထားသလောက်မူ ဝမ်းသာပျော်ရွှင်နေခြင်း မရှိကြချေ။
လီရှန်းဟွာသည် သနားစရာအခြေအနေ ဖြစ်နေသော သူမ၏ မောင်နှစ်ဦးကို ကြည့်လိုက်ရာ သူတို့၏ လက်မောင်းများနှင့် ပေါင်များပေါ်ရှိ သွေးကွက်များ၊ ကိုက်ရာများဖြင့် ဒဏ်ရာရနေသည်ကို သတိပြုမိသွားလေသည်။
"ဟူလေး... နင် ဒဏ်ရာရထားတာပဲ..."
လီရှန်းဟွာက စိုးရိမ်တကြီးဖြင့် မေးလိုက်၏။
လီလုံမှာ စကားမပြောဘဲ မိခင်ဖြစ်သူအား ကြည့်လိုက်သည်။
"အမေ... ဦးလေးဆီမှာ ပြဿနာတစ်ခုခုဖြစ်သွားတယ်... အမေ သွားကြည့်လိုက်ဦး..."
"နင့်ဦးလေး ဘာဖြစ်သွားလို့လဲ..."
မုဆိုးမဝူက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"ဦးလေးရဲ့ လက်မောင်းကို ဝံပုလွေတစ်ကောင် ကိုက်ဖြတ်သွားတာ... သူ့တစ်သက်မှာ နောက်ထပ် အမဲလိုက်နိုင်တော့မှာ မဟုတ်ဘူးလို့ ထင်တယ်..."
လီလုံက စကားပြောအပြီးတွင် သူ၏ အစ်မကြီးဖြစ်သူ လီရှန်းဟွာဘက်သို့ လှည့်၍ တစ်ချက် ကြည့်လိုက်လေသည်။
"အစ်မကြီး... ဦးလေးကို ဘယ်သူ ကယ်လိုက်လဲဆိုတာ ခန့်မှန်းကြည့်စမ်း..."
"ဘယ်သူလဲ..."
"လီလန်လေ..."
အခြားတစ်ဖက်တွင် လီဟူကလည်း သူ၏ အစ်မကြီးကို မထီမဲ့မြင်ပြုသော အကြည့်များဖြင့် မော့ကြည့်ကာ ပြောလိုက်သည်။
"အစ်မကြီး... လီလန်ဆီက တင်တောင်းစရိတ် ယွမ်တစ်ရာ တောင်းပြီး စေ့စပ်ထားတာကို အတင်းဖျက်ခိုင်းခဲ့တာက အစ်မကြီးဘဝမှာ လုပ်ခဲ့သမျှထဲက အမိုက်မဲဆုံး လုပ်ရပ်ပဲ..."
"ဘ... ဘာဖြစ်လို့လဲ..."
လီရှန်းဟွာသည် သူမ၏ မောင်ဖြစ်သူ လီဟူက အဘယ်ကြောင့် ထိုသို့ပြောနေသည်ကို နားမလည်နိုင်ဖြစ်နေတော့သည်။
"ဒီတစ်ခေါက် တောင်ပေါ်တက်တဲ့ခရီးမှာ လီလန်က ဓားတစ်လက်တည်းနဲ့ အမွှေးဖြူဝံပုလွေဘုရင်ကို တစ်ယောက်တည်း အနိုင်ယူသတ်ပစ်ခဲ့တာ..."