← Chapters

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း (၁၃၃) အဖြူရောင်ဦးထုပ်၊ အမျိုးအစား(၅၈) ရဲယူနီဖောင်းနှင့် မြို့တော်ပထမဗျူရိုမှ ဟန်ကျန်းတန်

"အဖေ သား ပြန်လာပြီ..."

လီလန်သည် အိမ်ထဲသို့ လှမ်းအော်လိုက်ပြီး တံခါးကို တွန်းဖွင့်ကာ ခြံဝင်းအတွင်းသို့ ဝင်ရောက်သွားလေသည်။

မော့ကြည့်လိုက်သောအခါ ခြံဝင်း၏ အလယ်တည့်တည့်၌ ရပ်ထားသော အသစ်နီးပါး သစ်လွင်နေသော စက်ဘီးဟောင်းတစ်စီးကို သတိပြုမိလိုက်၏။

ထိုစက်ဘီးဟောင်းသည် အလွန်သစ်လွင်နေပြီး လက်ကိုင်ဘားများမှာ ပြောင်လက်နေသဖြင့် ပိုင်ရှင်ဖြစ်သူသည် ၎င်းကို အလွန်ဂရုစိုက်ကြောင်း သိသာထင်ရှားနေလေသည်။

"ဦးလေးဝေမင် ရောက်နေတာလား..."

"မဟုတ်သေးပါဘူး ဒီစက်ဘီးက ဦးလေးဝေမင်ရဲ့ စက်ဘီး မဟုတ်ပါဘူး..."

လီလန်သည် စက်ဘီးပေါ်တွင် ရိုက်နှိပ်ထားသော နံပါတ်ကို ကြည့်လိုက်ရာ ကျန်းဝေမင်၏ စက်ဘီး မဟုတ်ကြောင်း သိလိုက်ရသည်။

ကျန်းဝေမင်၏ စက်ဘီးဟောင်းမှာပင် ဤစက်ဘီးလောက် သစ်လွင်နေခြင်း မရှိပေ။

ထိုခေတ်အခါက စက်ဘီးတိုင်းကို သံမဏိတံဆိပ်တုံး ရိုက်နှိပ်ထားရလေသည်။

စက်ဘီးသစ်တစ်စီး ဝယ်ယူပြီးနောက် ပိုင်ရှင်ဖြစ်သူသည် ယာဉ်မှတ်ပုံတင်ရုံးသို့ လ်ုင်းစင်ကတ်ယူသွားကာ စာရင်းသွင်းခြင်း၊ အခွန်အခပေးဆောင်ခြင်းနှင့် လိုင်စင်ရယူခြင်းတို့ကို ပြုလုပ်ရသည်။ ထို့နောက် စက်ဘီးကိုယ်ထည်ပေါ်တွင် သံမဏိတံဆိပ်တုံးကို ရိုက်နှိပ်ပေးမည် ဖြစ်သည်။

ထိုတံဆိပ်တုံးသည် ယာဉ်၏ လိုင်စင်ကတ်နှင့် တူလေသည်။ အကယ်၍ စက်ဘီးစီးရင်း တစ်စုံတစ်ယောက်ကို ဝင်တိုက်မိလျှင်ဖြစ်စေ၊ စက်ဘီး အခိုးခံရလျှင်ဖြစ်စေ၊ ထိုစက်ဘီးဟောင်းသည် မိမိပိုင်ဆိုင်ကြောင်း သက်သေပြရန် ထိုတံဆိပ်တုံးကို အသုံးပြုနိုင်ပေသည်။

ဤသည်မှာ လီလန်၏ (၂၁)ရာစုဘဝက ကားတစ်စီးပေါ်တွင် လိုင်စင်နံပါတ်ပြား တပ်ဆင်ရသည့် သဘောတရားနှင့် တူညီနေပေသည်။

ရည်ရွယ်ချက်မှာ ယာဉ်ထိန်းရဲများအတွက် ယာဉ်များကို စီမံခန့်ခွဲရန် ပိုမိုလွယ်ကူစေရန် ဖြစ်သည်။

စဉ်းစားကြည့်ပါ၊ အကယ်၍ သင် ဝယ်ယူထားသည့် ထာဝရတံဆိပ် (၂၈)လက်မ စက်ဘီးအသစ်လေး အခိုးခံရပြီး တံဆိပ်တုံးလည်း မပါရှိပါက မည်သို့လုပ်မည်နည်း။ ထိုစက်ဘီးကို ပြန်လည်တွေ့ရှိလျှင်တောင်မှ ထိုစက်ဘီးသည် သင်၏စက်ဘီးဖြစ်ကြောင်း မည်သို့ သက်သေပြနိုင်မည်နည်း။

ဤခေတ်ကာလတွင် ပိုင်ရှန်းမြို့၌ အဆိုပါ (၂၈ )လက်မ စက်ဘီး မော်ဒယ်တူ အမျိုးအစားများမှာ အမြောက်အမြား ရှိနေပေသည်။

မိမိအိမ်သို့ မည်သည့် ဧည့်သည်များ ရောက်နေသနည်းဟု လီလန် တွေးတောနေစဉ် အိမ်ထဲမှ စိတ်လှုပ်ရှားဖွယ် အော်ဟစ်သံအချို့ကို ကြားလိုက်ရလေသည်။

"ရှောင်လန် ပြန်လာပြီဟေ့..."

"အရာရှိကြီး ကျုပ်သား ပြန်လာပြီဗျ..."

ရဲအရာရှိများလော။

"အစ်ကိုလန် ဘာလို့ ဒေသခံရဲစခန်းက ရဲတွေ ဒီနေရာကို ရောက်နေရတာလဲ..."

ကျန်းဝေ့ကော်က နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။

"ခင်ဗျား မိန်းမတစ်ယောက်ယောက်နဲ့များ အိပ်ခဲ့မိလို့လား... သူမက ရဲတွေခေါ်ပြီး အိမ်ကို လာရှာတာများလား..."

"သွားစမ်းပါ... မင်းက အမြဲတမ်း ပေါက်ကရတွေ ပြောနေတာပဲ... မင်းကို ငါ ဘယ်လို ဆုံးမမလဲဆိုတာ စောင့်သာကြည့်နေလိုက်တော့..."

လီလန်သည် ကျန်းဝေ့ကော်ကို ခြေထောက်ဖြင့် ကန်ကာ စိတ်တိုစွာဖြင့် ပြောလိုက်လေသည်။

ကျန်းဝေ့ကော်သည် သူ၏ ပေါင်ကို ပွတ်ကာ ခြေဆွဲလျက် ရယ်မောလိုက်ပြီး သူ၏ အမူအရာမှာ အလွန်တရာ အမြင်ကတ်စရာ ကောင်းနေတော့သည်။

"ကျွန်တော် မသိဘူးလို့တော့ မထင်နဲ့နော်... ပညာတတ်လူငယ်ရုံးက ဟိုပညာတတ် အမျိုးသမီး ရဲဘော်နှစ်ယောက်စလုံးက ခင်ဗျားကို သဘောကျနေကြတာ..."

ကျန်းဝေ့ကော်က မျက်နှာပိုးသတ်ကာ ပြောလိုက်သည်။

"မင်း …ကောင်စုတ်လေးက ပြဿနာရှာချင်နေတာလား... မင်းကတော့ အရေမရ အဖက်မရစကားတွေ လျှောက်ပြောနေတာပဲ..."

လီလန်သည် ကျန်းဝေ့ကော်ကို မျက်စောင်းထိုး၍ ကြည့်လိုက်၏။

"မင်းရဲ့ ပါးစပ်စုတ်ကြီးကို ပိတ်ထားစမ်း... မဟုတ်ရင် နောက်တစ်ခါ တောင်ပေါ်သွားတဲ့အခါ လျူဇီကိုပဲ ခေါ်သွားပြီး မင်းကို ထားခဲ့မှာ..."

"ဟာ... အစ်ကိုလန် ကျွန်တော် မှားသွားပါတယ်ဗျာ..."

ကျန်းဝေ့ကော်သည် သူ၏ ဂရုမစိုက်သော အမူအရာကို ဖျောက်ဖျက်၍ ချက်ချင်းပင် မျက်နှာငယ်လေး လုပ်ပြလေသည်။

"ဟွန့်... မင်းလို ကောင်လေးကို ငါ မကိုင်တွယ်နိုင်ဘူးလို့ ထင်နေတာလား..."

လီလန်က လှောင်ပြောင်လိုက်သည်။

ညီအစ်ကိုနှစ်ယောက် စကားများနေစဉ် သစ်သားအိမ်လေး၏ လိုက်ကာ ပွင့်သွားပြီး လီတာ့ဟိုင်သည် မျက်နှာပေါ်တွင် အပြုံးကြီးတစ်ခု ချိတ်ဆွဲလျက် ထွက်လာလေသည်။

သူ၏ အနောက်တွင် နောက်ထပ် လူနှစ်ယောက် လိုက်ပါလာသည်။

၎င်းတို့အနက် တစ်ယောက်မှာ လီလန် သိကျွမ်းထားသည့် စန်းဟော့ရွာမှ တိရစ္ဆာန်သားရေ အရောင်းအဝယ်လုပ်သော ဟူလောင်ပါးဖြစ်သည်။

အခြားတစ်ယောက်မှာမူ အစိမ်းရောင် စစ်ကုတ်အင်္ကျီရှည်၊ အဖြူရောင် ရဲဦးထုပ်နှင့် အပြာရောင်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားလေသည်။

ဤအဖြူရောင် ဦးထုပ်လေးသည် ပြည်သူလူထုအား ရိုးသားဖြောင့်မတ်စွာဖြင့် အလုပ်အကျွေးပြုခြင်းဟူသော နက်ရှိုင်းသည့် အဓိပ္ပာယ်ကို ဆောင်ကြဉ်းထားပေသည်။

ထိုသူသည် တည်ကြည်လေးနက်သော အမျိုးအစား (၅၈) ရဲယူနီဖောင်းကို ဝတ်ဆင်ထားသည်ကို မြင်လိုက်ရသောအခါ လီလန်သည် လွန်ခဲ့သည့် ရက်အနည်းငယ်က ရန်သူ့သူလျှို စွန်းရှန်ရီကို ဖမ်းဆီးခဲ့သည့်အတွက် ဆုလာဘ်ကိစ္စကို ဟူလောင်ပါး ပြောပြခဲ့ခြင်းဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။

ဒေသခံရဲစခန်းမှ ရဲအရာရှိများသည် ဆုလာဘ်လာရောက် ပေးအပ်ခြင်း ဖြစ်မည်လော။

လီတာ့ဟိုင်သည် လှေကားထစ်များမှ လျှောက်ဆင်းလာပြီး လီလန်အား စိတ်အားထက်သန်စွာဖြင့် မိတ်ဆက်ပေးလေသည်။

"ရှောင်လန် ဒီကိုလာဦး... မင်းကို မိတ်ဆက်ပေးမယ်... ဒီပုဂ္ဂိုလ်က မြို့တော်ရဲစခန်းက အရာရှိဟန်ပဲ..."

ထိုအမျိုးသားသည် ဖြောင့်မတ်သော အသွင်အပြင်ရှိပြီး မတ်မတ်ရပ်ကာ စိတ်အားထက်သန်စွာဖြင့် ချဉ်းကပ်လာသည်။

"အဖွဲ့ခေါင်းဆောင်လီ ခင်ဗျားအကြောင်းကို အများကြီး ကြားဖူးပါတယ်... ကျွန်တော်က မြို့တော်ပထမဗျူရိုက ဟန်ကျန်းတန်ပါ..."

“မြို့တော်ပထမဗျူရို ဟုတ်လား”

လီလန်သည် အံ့အားသင့်သွားပြီး မိမိဘာသာ ရေရွတ်လိုက်မိသည်။

"စွန်းရှန်ရီက ငါးကြီးတစ်ကောင် ဖြစ်ပုံရတယ်... မြို့နယ်ရဲစခန်းက လာတွေ့တာ မဟုတ်ဘဲ မြို့တော်ပထမဗျူရိုက လာတွေ့တာဆိုတော့..."

လီလန်က အတော်လေး အံ့အားသင့်သွားတော့သည်။

မြို့တော်ပထမဗျူရိုသည် ရွှမ်းရွှေရွာမှ ကီလိုမီတာ (၅၀) ကျော် ကွာဝေးသော ပိုင်ရှန်းမြို့၌ တည်ရှိလေသည်။ ဟန်ကျန်းတန်၏ ခရီးရှည်ကြီးကို ဖြတ်သန်းလာရခြင်းက ဤကိစ္စကို မည်မျှအလေးထားကြောင်း သက်သေပြရန် လုံလောက်နေပေသည်။

ဤသို့အလေးထားမှုက ရန်သူ့သူလျှိုဖြစ်သော စွန်းရှန်ရီသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်းကို သွယ်ဝိုက်သောနည်းဖြင့် သက်သေပြနေလေသည်။

သေချာပေါက် ငါးကြီးတစ်ကောင်ပင် ဖြစ်ပေသည်။

"အရာရှိဟန် မင်္ဂလာပါ..."

လီလန်သည် ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။

သူသည် ဘေးနားရှိ ဟူလောင်ပါးကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်သည်။

ဟူလောင်ပါးသည် ပခုံးတွန့်ကာ ခေါင်းခါပြပြီး သူလည်း မသိကြောင်း ဟန်အမူအရာ ပြလေသည်။

ဟန်ကျန်းတန်သည် ရွှမ်းရွှေရွာသို့ ရောက်ရောက်ချင်း စန်းဟော့ရွာရှိ ဟူရွှယ်ယန်ထံသို့ ပထမဆုံး သွားရောက်ခဲ့သည်ကို ဟူလောင်ပါး မသိရှိခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ရန်သူ့သူလျှိုများကို လွှဲပြောင်းပေးအပ်ခဲ့သူမှာ အဘိုးဟူပင် ဖြစ်ပေသည်။

ဟန်ကျန်းတန်နှင့် ခေတ္တမျှ စကားစမြည် ပြောဆိုပြီးနောက် ဟူရွှယ်ယန်သည် ဟူလောင်ပါးအား လမ်းပြခိုင်းကာ ဟန်ကျန်းတန်ကို ရွှမ်းရွှေရွာရှိ လီလန်ကို ရှာဖွေရန် ခေါ်ဆောင်သွားစေခဲ့သည်။

ဟန်ကျန်းတန်သည် ရွာထဲသို့ ရောက်သည်နှင့် လီလန် တောင်ပေါ်သို့ အမဲလိုက်သွားကြောင်း ကြားသိရသဖြင့် အိမ်ထဲတွင် တစ်နာရီကျော်ကြာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

"အဖွဲ့ခေါင်းဆောင်လီ မင်းအိမ်မှာ ငါ စောင့်နေတာ တစ်နာရီကျော်တောင် ရှိနေပြီ... လက်ဖက်ရည်တွေလည်း အများကြီး သောက်ပြီးသွားပြီ... မင်းကို အကြာကြီး စောင့်နေရတာ၊ အခုလို ပြန်ရောက်လာလို့ ဝမ်းသာသွားတာပဲ..."

ဟန်ကျန်းတန်က ပြုံးလျက် ပြောလေသည်။

သူ့ထံတွင် အရာရှိတစ်ဦး၏ မောက်မာမှုမျိုး မရှိဘဲ သဘာဝကျကာ ဟန်ဆောင်မှုကင်းစွာ စကားပြောတတ်ပြီး ခင်မင်ရင်းနှီးရ လွယ်ကူသူဖြစ်သည်။

လီလန်နှင့် အဘိုးဟူတို့မှာ ရင်းနှီးကြပြီး လီလန်သည် စွန်းရှန်ရီကဲ့သို့သော လူဆိုးလူယုတ်မာများကို ဖော်ထုတ်ပေးခဲ့သူဖြစ်သည်။ ထို့ကြောင့် မြို့တော်ပြည်သူ့လုံခြုံရေးဗျူရိုမှ ရဲအရာရှိ ဟန်ကျန်းတန်သည် သဘာဝကျကျပင် အထက်စီးမှ မဆက်ဆံရဲခဲ့ပေ။

ဤနေရာသို့ လာရာလမ်းတွင် သူတို့၏ ဗျူရိုမှူးက အဖွဲ့ခေါင်းဆောင်လီနှင့် တွေ့ဆုံသည့်အခါ ပြည်သူများအကြားရှိ ပိုးမွှားများကို ရှာဖွေရာတွင် ကူညီပေးခဲ့သော သူရဲကောင်းကြီး ဖြစ်သောကြောင့် ယဉ်ကျေးစွာ ဆက်ဆံရန် မှာကြားခဲ့လေသည်။

"အရာရှိဟန် အပြင်မှာ အေးပါတယ်... အိမ်ထဲဝင်ပြီးမှ စကားပြောကြတာပေါ့..."

လီလန်က လက်ဟန်ဖြင့် ဖိတ်ခေါ်လိုက်သည်။

အရှေ့မြောက်ပြည်နယ်သုံးခုတွင် နှစ်ကုန်ပိုင်း လေတိုက်သည့်အခါ ရာသီဥတုမှာ အလွန်အမင်း အေးခဲသွားတတ်သည်။ ခြံဝင်းအတွင်း၌ စကားပြောပါက အသက်ရှူလိုက်တိုင်း လေပူများ အဖြူရောင်ပြောင်းသွားပြီး မျက်နှာများမှာလည်း အအေးဒဏ်ကြောင့် ထုံကျဉ်လာတတ်ပေသည်။

"ကောင်းပြီ..."

ဟန်ကျန်းတန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

"အဖွဲ့ခေါင်းဆောင်လီ မင်း အခုလေးတင် အမဲလိုက်ရာကနေ ပြန်လာတာလား..."

ဟန်ကျန်းတန်က မေးလိုက်၏။

ထိုသို့ ပြောဆိုရင်း သူသည် စွတ်ဖားလှည်းပေါ်မှ သားကောင်များကို ကူညီချပေးရန် လီလန်ထံသို့ ခြေလှမ်းအနည်းငယ် တိုးသွားလိုက်သည်။

"အရာရှိဟန် ဒီကိစ္စကို ကျွန်တော်ကိုယ်တိုင်ပဲ လုပ်ပါ့မယ်... ခင်ဗျားက ဧည့်သည်ဆိုတော့ အလုပ်ရှုပ်မခံပါနဲ့..."

လီလန်သည် သူ့အား တားဆီးရန် ကြိုးစားရင်း ပြောလိုက်သည်။

ဟန်ကျန်းတန်သည် ခြေလှမ်းအနည်းငယ် ရှေ့သို့တိုးသွားပြီး စွတ်ဖားလှည်းပေါ်ရှိ သားကောင်များကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ သူ၏ မျက်နှာမှာ ဖြူရော်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။

"အဖွဲ့ခေါင်းဆောင်လီ ဒီဝံပုလွေတွေအကုန်လုံးကို မင်း သတ်ခဲ့တာလား..."

"ဝံပုလွေတွေ..."

ထိုစကားကို ကြားလိုက်ရသောအခါ ဟူလောင်ပါးသည်လည်း အံ့အားသင့်သွားသည်။

သူသည် ခေါင်းပြူထွက်ကာ စွတ်ဖားလှည်းကို ကြည့်လိုက်၏။

စွတ်ဖားလှည်းပေါ်တွင် သွေးများ စွန်းထင်းနေသော မီးခိုးရောင်ဝံပုလွေ သားရေများ အထပ်လိုက် ရှိနေလေသည်။

"ဟေး လီလန် မင်း တောင်ပေါ်ကို ဝံပုလွေသွားပစ်တာလား..."

"မင်းကတော့ တကယ့်စံပဲကွာ ဝံပုလွေတွေ ဒီလောက်တောင် အများကြီး သတ်လာနိုင်တယ်ဆိုတော့..."

ဝံပုလွေသားရေ အရေအတွက်ကို ရေတွက်ပြီးနောက် ဟူလောင်ပါးသည် ဂနာမငြိမ် ဖြစ်သွားတော့သည်။

စုစုပေါင်း ဆယ်ကောင်။

သားရေဆယ်ခုဆိုသည်မှာ လီလန်သည် အနည်းဆုံး ဝံပုလွေဆယ်ကောင်ခန့် သတ်ခဲ့သည်ဟု အဓိပ္ပာယ်ရပေသည်။

"သား မင်းက မာလောင်တရဲ့ ပျောက်သွားတဲ့ အမဲလိုက်ခွေးကို ကူရှာပေးဖို့ ချောင်တျန်းကျီရွာကို သွားတာ မဟုတ်ဘူးလား..."

“ဘာလို့ တောင်ပေါ်ကို ဝံပုလွေသွားပစ်ရတာလဲ”

လီလန်သည် တောင်ပေါ်သို့ ဝံပုလွေအမဲလိုက်ရန် သွားခဲ့ကြောင်း ကြားသိရသောအခါ လီတာ့ဟိုင် လန့်ဖျပ်သွားသည်။

သူသည် အပြေးအလွှား ရောက်လာပြီး လီလန်၏ ခန္ဓာကိုယ်အား စစ်ဆေးကြည့်လေသည်။

"သား ထိခိုက်ဒဏ်ရာများ ရခဲ့သေးလား... ဝံပုလွေကိုက်ခံရသေးလား..."

"မခံရပါဘူး မခံရပါဘူးအဖေရဲ့..."

လီလန်က ဖခင်ဖြစ်သူ၏ စိုးရိမ်ပူပန်မှုကြောင့် ပြုံးစိစိ ဖြစ်သွားသည်။

"သား ဘာမှမဖြစ်ပါဘူး အဖေရဲ့ အဖေ အဲ့လောက်ကြီး စိုးရိမ်နေစရာ မလိုပါဘူး..."

"သား တောင်ပေါ်ကို တစ်ယောက်တည်း သွားတာ မဟုတ်ပါဘူး... မာလောင်တနဲ့ သား အတူတူ သွားခဲ့ကြတာပါ မုဆိုး ဆယ်ယောက်လောက်လည်း ပါသေးတယ်..."

လီတာ့ဟိုင်သည် ထိုအခါမှသာ သက်ပြင်းတစ်ချက် ချနိုင်တော့သည်။

"မင်းကတော့ ငါ့ကို လန့်သေအောင် လုပ်နေတာပဲ... မင်းက ဟိုကလေးတွေကို ခေါ်ပြီး တောင်ပေါ်ကို ဝံပုလွေသွားပစ်တယ် ထင်နေတာ..."

"ဦးလေးတာ့ဟိုင် ကျွန်တော်တို့က အဲ့လောက်အထိ မအပါဘူး... မာလောင်တက အဖွဲ့ကို ဦးဆောင်တာပါ၊ အစ်ကိုလန်၊ လျူဇီနဲ့ ကျွန်တော်တို့က လိုက်သွားရုံပါပဲ..."

"ဦးလေးတာ့ဟိုင်၊ ကျွန်တော် ပြောပြမယ်... အစ်ကိုလန်က အရမ်းတော်တယ်ဗျာ... သူက ဝံပုလွေဘုရင်ကို ဓားတစ်ချောင်းတည်းနဲ့ တစ်ယောက်တည်း သတ်ခဲ့တာ..."

All Chapters