← Chapters

အခန်း (၁၈၁-၁၈၂)

Vol. 19 Ch. 181-182

အခန်း (၁၈၁-၁၈၂)

Vol. 19 Ch. 181-182

အခန်း ၁၈၁ : ငါ့မရီးက ချမ်းသာတယ်

~

"ဒေါက်... ဒေါက်... ဒေါက်..."

ယနေ့တွင် ကျိုးယန်နှင့် လုကျိုက်တို့ လင်းဖန်၏ အိမ်တံခါးဝသို့ ထပ်မံရောက်ရှိလာခဲ့ကြပြီး တံခါးခေါက်လိုက်ကြသည်။

မကြာမီအချိန်အတွင်းမှာပင် တံခါးပွင့်သွားပြီး အန်ယောင်က တံခါးဝတွင် ရပ်၍ ကျိုးယန်နှင့် လုကျိုက်တို့အား သတိထားပြီး သံသယအကြည့်ဖြင့် ကြည့်လိုက်သည်။

"နင်တို့က ဘယ်သူတွေလဲ.."

"အာ..."

မရင်းနှီးသော အန်ယောင်ကို မြင်တွေ့လိုက်ရသည့်အခါ ကျိုးယန် ခဏတာ ဆွံ့အသွားသည်။ သူ အိမ်စင်္ကြံပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် အိမ်နံပါတ်ကို သေချာအောင် ထပ်မံကြည့်လိုက်သည်။

မမှား ။ ဤနေရာ အတိအကျပင် ။

' ငါ မရောက်တာ ကြာရင် ဘာဖြစ်လို့ တံခါးဖွင့်တဲ့သူ ပြောင်းပြောင်းသွားတာလဲ..'

"ဟို... ကျွန်တော်တို့က လင်းဖန်နဲ့ တွေ့ချင်လို့ပါ.."

"နင်တို့က နတ်ဆိုး... လင်းဖန်နဲ့ တွေ့ချင်တာ ဟုတ်လား.."

ထိုစကားကို ကြားရသည့်အခါမှ အန်ယောင်သည် ကျိုးယန်နှင့် လုကျိုက်တို့၏ အဆင့်အတန်းကို တဖြည်းဖြည်း သတိရသွားတော့သည်။

သူမအနေဖြင့် နတ်ဆိုးအရှင်၏ အိမ်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့စဉ်က ဤသာမန်လူသားနှစ်ဦးမှာ အိမ်ထဲသို့ ဝင်ချည်ထွက်ချည် ပြုလုပ်နေသည်ကို ခဏခဏ မြင်တွေ့ဖူးခဲ့ရာ ဤနှစ်ယောက်က နတ်ဆိုးအရှင်၏ သူငယ်ချင်းများ ဖြစ်ပုံရသည်။

ထို့ပြင် သူတို့ထဲမှ တစ်ယောက်မှာ မြေအောက်ကားပါကင်အတွင်း၌ သူမကိုယ်တိုင် ဖုန်းနှင့် ပိုက်ဆံအိတ်ကို လုယူခဲ့သော လူ ဖြစ်ပေသည်။

"ဟုတ်ပါတယ်... သူ အိမ်မှာ ရှိလားဗျ.."

ကျိုးယန်က ယဉ်ကျေးသော အပြုံးဖြင့် မေးလိုက်သည်။

"မရှိဘူး... သူ သေသွားပြီ.. .."

" ဒုန်း..."

အန်ယောင်က မချေမငံ့ဖြင့် ပြန်ဖြေလိုက်ပြီးနောက် တံခါးကို ဆောင့်ပိတ်လိုက်၏။

"သေ... သေသွားပြီ ဟုတ်လား..."

ကျိုးယန်နှင့် လုကျိုက်တို့ တံခါးဝတွင် ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက် ဆွံ့အစွာ စိုက်ကြည့်နေမိကြသည်။

သူတို့ ရက်အနည်းငယ် မလာသည့် အချိန်အတွင်း လင်းဖန်တစ်ယောက် ဘဝတစ်ပါးသို့ ကူးပြောင်းသွားလေပြီ ။

ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ ဤသည်က မြန်လွန်းလှ၏ ။

"အား.."

ကျိုးယန်နှင့် လုကျိုက်တို့ အသိစိတ် ပြန်မဝင်သေးခင်မှာပင် အိမ်ထဲမှ မိန်းကလေးတစ်ဦး၏ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာခဲ့ပြီးနောက် တံခါးမှာ ထပ်မံ ပွင့်လာခဲ့ပြန်သည်။

"ယန်ဇီ... အားကျိုက်... အထဲကို ဝင်ခဲ့ကြလေ.."

လင်းဖန်က တံခါးကို တွန်းဖွင့်လိုက်သည် ။ သူ၏ဘေးနားတွင်မူ အန်ယောင်က သူမ၏ ခေါင်းကို အုပ်ကိုင်၍ ကြမ်းပြင်ပေါ်တွင် လဲနေ၏ ။

သူမက သူ့ကို သေသွားပြီဟု ပြောခဲ့သဖြင့် သူ ဘာမှ ပြန်မပြောဘဲ သူမ၏ ထိပ်ကိုသာ ထု၍ အပြစ်ပေးလိုက်သည် ။

" မုန်းစရာကောင်းတဲ့ နတ်ဆိုးအရှင်.."

အန်ယောင်သည် သူမ၏ ဦးခေါင်းပေါ်ရှိ ကြီးမားလှသော ဘုကြီးကို ပွတ်သပ်လိုက်ရင်း လင်းဖန်ကို အံကြိတ်ကာ စိုက်ကြည့်နေပြီး မျက်နှာလေးထက်တွင် မကျေနပ်မှုများ ၊ နာကျင်မှုများဖြင့် ပြည့်နှက်နေလေသည်။

"လင်းဖန်... မင်း အသက်ရှင်နေသေးတာပဲ .."

လင်းဖန် တံခါးဝတွင် ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည့်အခါ ကျိုးယန်၏ မျက်နှာထက်တွင် အံ့ဩတုန်လှုပ်မှုများ ဖြစ်ပေါ်လာသည်။

'စောစောက သေသွားပြီဆိုတာ ဘာကို ဆိုလိုတာလဲ..'

လင်းဖန်က စိတ်ပျက်လက်ပျက် ကြည့်လိုက်ပြီး...

"ငါ ဘယ်တုန်းကမှ မသေပါဘူးဟ.. သူ လျှောက်ပြောနေတာ.."

"ဪ... ဒါဆိုရင်တော့ တော်သေးတာပေါ့.."

ထိုစကားကို ကြားရသည့်အခါမှသာ ကျိုးယန်နှင့် လုကျိုက်တို့ သက်ပြင်းကို အသာ ချလိုက်မိကြပြီး အိမ်ထဲသို့ အတူတကွ လျှောက်လှမ်းဝင်ရောက်လာခဲ့ကြကာ ဆိုဖာပေါ်တွင် ထိုင်နေသော လုံယွဲ့ကို နှုတ်ဆက်လိုက်ကြသည်။

"မရီး.."

"ရောက်လာကြပြီပဲ... ထိုင်ကြလေ.."

လုံယွဲ့က ပြုံးပြလိုက်ရင်း စိတ်ကြိုက် နေရာယူရန် လက်ဟန်ပြလိုက်ပြီးနောက် အန်ယောင်ဘက်သို့ လှည့်ကာ ညွှန်ကြားလိုက်သည်။

"အန်ယောင်... မနေ့က ငါတို့ ဝယ်လာတဲ့ ချယ်ရီသီးတွေကို ရေခဲသေတ္တာထဲကနေ ထုတ်ပေးပါဦး.."

"ဟုတ်ကဲ့ပါ ဧ... မမလေး.."

အန်ယောင်က ခေါင်းညိတ်လိုက်ပြီး ရေခဲသေတ္တာထဲမှ ချယ်ရီသီးများကို ယူဆောင်ရန်အတွက် မီးဖိုချောင်ဘက်သို့ ထွက်ခွာသွားကာ ရေဆေးတော့သည်။

သူမအနေဖြင့် နတ်ဆိုးအရှင်၏ သူငယ်ချင်းများကို ဧည့်ခံရန်အတွက် စိတ်ထဲတွင် လုံးဝ အလိုမရှိပါသော်လည်း ဧကရီ၏ အမိန့်တော် ဖြစ်နေသည့်အတွက် သူမအနေဖြင့် နာခံရန်သာ ရှိပေသည်။

"မရီး... အဲ့မိန်းကလေးက မရီးရဲ့ အစေခံမလေးလား.."

ကျိုးယန်က မီးဖိုချောင်အတွင်း၌ ချယ်ရီသီးများကို ဆေးကြောနေသော အန်ယောင်ကို လက်ညှိုးထိုးပြလိုက်ရင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဟို... အဲ့ဒီလိုပဲ ပြောရမှာပေါ့.."

လုံယွဲ့က အခက်တွေ့စွာဖြင့် ရယ်မောလိုက်သည်။

အန်ယောင်သည် ငယ်စဉ်ကတည်းက သူမ၏ အနီးကပ် အစေခံမလေး ဖြစ်ခဲ့သည့်အတွက် သူမကို အစေခံမလေးဟု ခေါ်ဆိုခြင်းက မမှားချေ။

"ဪ... အိုး.."

ကျိုးယန်၏ မျက်နှာထက်တွင် ငါ ကြိုသိနေသားပဲ ဟူသော အမူအရာမျိုး ပေါ်ပေါက်လာခဲ့ပြီး ဘေးနားရှိ လုကျိုက်ကို တံတောင်ဖြင့် အသာအယာ တွတ်လိုက်သည်။

"ငါ မင်းကို ပြောသားပဲ... မရီးက သေချာပေါက် ချမ်းသာတဲ့ အသိုင်းအဝိုင်းက မမလေးတစ်ယောက် ဖြစ်ရပါမယ်ဆိုတာကို မင်းက မယုံဘူး.."

လုကျိုက်က အလျင်အစလို ပြန်လည်မငြင်းခုံချေ။ သူသည် လုံယွဲ့ကို ကြည့်ရှုလိုက်ပြီးနောက် မီးဖိုချောင်ဘက်ရှိ အန်ယောင်ထံသို့ အကြည့်ကို ပြောင်းလဲလိုက်ကာ တည်ငြိမ်စွာဖြင့် ...

"အစေခံမလေး ရှိနေတာက ချမ်းသာတဲ့ မိသားစုက မမလေးတွေတင် ရှိနိုင်တာ မဟုတ်ဘူး.."

"တကယ်လို့သာ မရီးက အင်မော်တယ်လောကရဲ့ ဧကရီတစ်ပါး ဖြစ်နေမယ်ဆိုရင်တော့ သူ့ရဲ့ ဘေးနားမှာ အနီးကပ် အစေခံမလေးတစ်ယောက် ရှိနေတာက ပုံမှန်ကိစ္စတစ်ခုပဲလေ.."

လင်းဖန်.. "..."

လုံယွဲ့.. "..."

ထိုစကား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လင်းဖန်နှင့် လုံယွဲ့တို့၏ ရင်ခုန်သံများမှာ ဆတ်ခနဲ တုန်ရင်သွားသည်။ သူတို့သည် ထိုစကားကို အမှတ်မထင် ပြောဆိုလိုက်သော လုကျိုက်ကို စိုးရိမ်စိတ်များဖြင့် စိုက်ကြည့်မိကြပြီး ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွား၏ ။

ဤကောင်၏ အာရုံခံစားမှုက တကယ့်ကို စူးရှလွန်းလှသည်။

"မင်းကတော့ ထူးဆန်းတဲ့ စကားတွေကို ထပ်ပြီး ပြောပြန်ပြီ.."

ကျိုးယန်က လုကျိုက်ကို စိတ်ပျက်စွာဖြင့် တစ်ချက် ကြည့်လိုက်ပြီး တိတ်ဆိတ်နေသော အခြေအနေကို ဖြိုခွဲလိုက်သည်။

"ကဲပါ... နည်းနည်းလောက် လက်တွေ့ကျစမ်းပါ... မရီးက နတ်သမီးတစ်ပါးလို လှပနေတာ မှန်ပေမယ့် ဒီကမ္ဘာမှာ အမှန်တကယ် အင်မော်တယ်တွေ ဘယ်မှာ ရှိမှာလဲ.."

"မင်းကတော့ မရီးကို တကယ့် အင်မော်တယ်လောကရဲ့ ဧကရီတစ်ပါးလို့ အဟုတ်မှတ်နေတာလား.."

ထိုသို့ပြောဆိုရင်း ကျိုးယန်ကိုယ်တိုင်ပင် ထိန်းမရဘဲ ရယ်မောမိတော့သည်။

လုကျိုက်မှာမူ ဘာစကားမျှ ထပ်မံမပြောတော့ဘဲ တွေးတောခြင်းထဲတွင် နစ်မြုပ်နေသည်။

အလားတူပင် လင်းဖန်နှင့် လုံယွဲ့တို့သည်လည်း ရယ်မောနိုင်ခြင်း မရှိကြချေ။

လုကျိုက်တစ်ယောက် အလျှော့မပေးသေးသည်ကို မြင်တွေ့ရသည့်အခါ ကျိုးယန်က ဆက်ပြောလိုက်ပြန်သည်။

"ကဲ... ဒါဆို ငါ မင်းကို မေးမယ်... ကိုယ်တိုင် ဟင်းချက်တယ်၊ ကိုယ်တိုင် ဈေးဝယ်ထွက်တယ်၊ ပြီးတော့ အွန်လိုင်းမှာ ထုတ်လွှင့်သူတစ်ဦးအနေနဲ့ အလုပ်လုပ်နေတဲ့ အင်မော်တယ်လောကရဲ့ ဧကရီကို မင်း မြင်ဖူးလို့လား.."

"မရီးက ချမ်းသာတဲ့ မိသားစုက မမလေးတစ်ယောက်ပါ... ဟုတ်တယ်မလား မရီး.."

ပြောဆိုပြီးနောက် ကျိုးယန်က အတည်ပြုချက် ရယူလိုသော အကြည့်ဖြင့် လုံယွဲ့ကို လှမ်းကြည့်လိုက်သည်။

"အတိအကျပဲ.."

လုံယွဲ့က တွန့်ဆုတ်ခြင်းမရှိဘဲ ခေါင်းကို ညိတ်ပြလိုက်သည်။

"ကြည့်စမ်း... မရီးကိုယ်တိုင် ဝန်ခံလိုက်ပြီ..."

အတည်ပြုချက်ကို ရရှိသွားခဲ့ရသည့်အခါ ကျိုးယန်က လုကျိုက်ဘက်သို့ ပြန်လည်လှည့်ကြည့်လိုက်သည်။

"...ကောင်းပြီလေ... ငါ အတွေးလွန်သွားတာ ဖြစ်ရမယ်.."

လုကျိုက်သည်လည်း ကျိုးယန်ပြောဆိုသော စကားများမှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။

အကယ်၍ မရီးသာ အမှန်တကယ် အင်မော်တယ်လောက၏ ဧကရီ တစ်ပါး ဖြစ်နေပါက သူမအနေဖြင့် ကိုယ်တိုင် ဟင်းချက်ခြင်း၊ ဈေးဝယ်ထွက်ခြင်း သို့မဟုတ် အွန်လိုင်းတွင် ငွေရှာရန်အတွက် အလုပ်လုပ်ခြင်း စသည်တို့ကို လုပ်ဆောင်နေလိမ့်မည် မဟုတ်ချေ။ ကျင့်စဥ်တစ်ခုကို အသုံးပြုလိုက်ရုံမျှဖြင့် အရာရာတိုင်းကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်မည် ဖြစ်ရာ ဘာဖြစ်လို့ ကိုယ်တိုင် ပင်ပန်းခံ၍ လုပ်ဆောင်နေပါမည်နည်း။

"ဒါနဲ့... မင်းတို့နှစ်ယောက် ဒီနေ့ ရောက်လာကြတာ ဘာကိစ္စများ ရှိလို့လဲ.."

လင်းဖန်က အခွင့်ကောင်းကို အမိအရဆုပ်ကိုင်၍ စကားလမ်းကြောင်းကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။

"ဘာထူးထူးခြားခြား ကိစ္စမျိုးမှတော့ မရှိပါဘူး... ရဲစခန်းကနေ ငါ့ကို အဲ့ဒီဘက်ကို ထပ်ပြီး လာခဲ့ဖို့ ဖုန်းဆက်တာနဲ့... လမ်းကြုံလို့ မရီးနဲ့ မင်းကို လာပြီး ကြည့်တာ.."

ကျိုးယန်က ပြောလိုက်သည်။

"ရဲစခန်းက မင်းကို ဖုန်းဆက်တယ် ဟုတ်လား.."

လင်းဖန်သည် စိတ်ထဲ၌ ထိတ်လန့်သွားပြီး သူ၏ အကြည့်က မီးဖိုချောင်အတွင်းရှိ အန်ယောင်ထံသို့ တိတ်တဆိတ် ရောက်ရှိသွားသည်။

"အမှုနဲ့ပတ်သက်ပြီး တစ်ခုခု တိုးတက်မှု ရှိလို့လား.."

"မရှိပါဘူး.."

ကျိုးယန်က မတတ်သာဘဲ ခေါင်းကို ရမ်းပြလိုက်ရင်း..

"ရဲတွေပြောတာတော့ အဲ့ဒီတရားခံက တော်တော်လေး ပါးနပ်တယ်တဲ့... မကြာသေးခင်ကစပြီး သူ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး ဘာပြစ်မှုမျိုးမျှ ထပ်ပြီး မကျူးလွန်တော့ဘူး.."

" ရဲတွေက သူ့ကို လိုက်ရှာနေတာကို ရိပ်မိသွားပြီး ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်သွားတာ ဖြစ်နိုင်ခြေ အရမ်းများတယ်လို့ ပြောတယ်... အဲ့ဒါကြောင့် အချိန်တိုအတွင်းမှာတော့ သူ့ကို ဖမ်းမိဖို့ မလွယ်ဘူး.."

ထိုစကားကို ကြားလိုက်ရသည့်အခါ လုံယွဲ့၏ နှလုံးသားထဲတွင် ဖိစီးနေခဲ့သော ကြီးမားလှသည့် ကျောက်တုံးကြီးမှာ ပြုတ်ကျသွားခဲ့ရပြီး သူမကိုယ်တိုင်ပင် သတိမထားမိဘဲ ရေရွတ်လိုက်မိတော့သည်။

"အဲ့ဒါဆိုရင်တော့ ကောင်းတာပေါ့..."

"ဟင်..."

ကျိုးယန်နှင့် လုကျိုက်တို့သည် နားမလည်နိုင်သော မျက်နှာထားဖြင့် လုံယွဲ့ကို မော့ကြည့်လိုက်ကြသည်။

လုံယွဲ့သည် ချက်ချင်းပင် အသိစိတ် ပြန်လည်ဝင်ရောက်လာပြီး သူမ စကားမှားသွားခြင်းဖြစ်ကြောင်း သတိပြုမိသွားခဲ့သဖြင့် လျင်မြန်စွာပင် စကားကို ပြန်လည် ပြင်ဆင်လိုက်ရတော့သည်။

"ငါပြောချင်တာက... သူ့ကို ဒီအတိုင်း လွတ်မြောက်သွားအောင် ထားလိုက်ရတာ တကယ့်ကို စိတ်ပျက်စရာကောင်းတယ်လို့ ပြောတာပါ.."

"အတိအကျပဲ... အရင်တုန်းက ငါ ဘာမှ ကြိုတင်ပြင်ဆင်ထားခြင်းမရှိလို့သာ သူအလစ်တိုက်တာ ခံလိုက်ရတာ.."

"တကယ်လို့ ငါသာ သူနဲ့ ထပ်ပြီး တွေ့ခဲ့မယ်ဆိုရင်... ငါ အခုပဲ သင်ယူထားတဲ့ ကိုယ်ခံပညာတွေကို အသုံးပြုပြီး သူ့ကို အလွယ်လေး ဖမ်းလိုက်မယ်.."

"ငါ့လိုလူကို ဘယ်သူက လုယက်လို့ရပြီး၊ ဘယ်သူက လုယက်လို့မရဘူးဆိုတာ သူ့ကို သေသေချာချာ သိစေရမယ်.."

ကျိုးယန်က မကျေမနပ်ဖြင့် ပြောလိုက်ရင်း လက်နှစ်ဖက်ကို လှုပ်ရှား၍ ကိုယ်ခံပညာ ကကွက်အချို့ကို သရုပ်ပြနေသည်။

"အစ်ကိုကြီး... ချယ်ရီသီးလေးတွေ သုံးဆောင်ပါဦးရှင့်.."

အန်ယောင်သည် ဆေးကြောထားသော ချယ်ရီသီးများကို ယူဆောင်လာခဲ့ပြီး ကျိုးယန်၏ ရှေ့တွင် ချထားပေးလိုက်ကာ သူမ၏ နှုတ်ခမ်းထောင့်တွင်မူ လှောင်ပြုံးတစ်ခုက အလိုအလျောက် ပေါ်ပေါက်လာခဲ့သည်။

သူ၏ စကားလုံးများမှာ သူမ၏ အမြင်အရဆိုလျှင် အသက်သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးက သူမ၏ ရှေ့တွင်ရပ်၍ သူမကို ရိုက်နှက်မည်ဟု ကလေးသံဖြင့် လာရောက်ပြောဆိုနေခြင်းနှင့် အတူတူပင် ဖြစ်သည်။

"ကျေးဇူးပါပဲ.."

ကျိုးယန်က သာမန်အတိုင်းပင် ကျေးဇူးတင်စကား ဆိုလိုက်ပြီး ချယ်ရီသီးတစ်လုံးကို ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်ရင်း လုံယွဲ့၏ ဘေးနားတွင် ရပ်နေသော အန်ယောင်ကို တစ်ချက် ကြည့်လိုက်မိသည်။

အန်ယောင်သည်လည်း သူ၏ အကြည့်ကို သတိပြုမိသွားခဲ့သဖြင့် ထူးခြားဆန်းပြားပြီး နောက်ပြောင်လိုသော အပြုံးတစ်ခုကို သူ့ထံသို့ ထပ်မံ ပေးလိုက်ပြန်သည်။

ကျိုးယန်၏ မျက်နှာက ရုတ်တရက် နီရဲသွားပြီး အကြည့်ကို လျင်မြန်စွာ လွှဲဖယ်လိုက်ရင်း စိတ်ထဲတွင် ရေရွတ်နေမိသည်။

'ဒီမိန်းကလေးက ဘာဖြစ်လို့ ငါ့ကို ခဏခဏ လာပြီး ပြုံးပြနေရတာလဲ... သူ ငါ့ကို စိတ်ဝင်စားနေတာများလား..'

'ငါ့ရဲ့ ခန့်ညားလှတဲ့ ရုပ်ရည်က နောက်ဆုံးတော့ စွမ်းအားတွေ ပြသနိုင်ခဲ့ပြီ ထင်တယ်..'

သို့သော်လည်း မည်သို့သော အကြောင်းကြောင်း ကြောင့်မှန်းမသိ၊ သူသည် ဤမိန်းကလေးကို တစ်နေရာရာတွင် မြင်တွေ့ဖူးခဲ့သည့်အလား ခံစားချက်တစ်ခု ဖြစ်ပေါ်နေခဲ့သည်။

Chapter 182

~

အခန်း ၁၈၂ : သမီးဆော့တာ သိပ်မကောင်းလို့လား

~

"နတ်ဆိုးအရှင်..."

လူပေါ်မလာ သေးခင်မှာပင် ရှန့်၏ ချိုသာသော အသံက အခန်းအပြင်မှ ထွက်ပေါ်လာခဲ့၏။

သူမသည် နေ့လယ်စာစားချိန် နီးကပ်လာပြီဖြစ်သဖြင့် ပုံမှန်အတိုင်း အလကားလာရောက်စားသောက်ရန် စိတ်ကူးဖြင့် တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်လာခြင်း ဖြစ်သော်လည်း အခန်းထဲတွင် လင်းဖန်နှင့် လုံယွဲ့တို့အပြင် ကျိုးယန်နှင့် လုကျိုက်တို့ပါ ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရသဖြင့် အံ့ဩသွား၏။

အပြင်လူများရှိနေသည့် အချိန်တွင် သူ၏ အဆင့်အတန်း အချက်အလက်များ မပေါက်ကြားစေရန်အတွက် သူ့ကို နတ်ဆိုးအရှင်ဟု မခေါ်ရန်၊ အထူးသဖြင့် သူ၏ သူငယ်ချင်းများအရှေ့တွင် ပိုမိုသတိထားရန် နတ်ဆိုးအရှင်က မှာကြားထားခဲ့ဖူးသည်။

သို့သော်လည်း စောစောက သူမသည် သူ၏ သူငယ်ချင်းများအရှေ့မှာပင် နတ်ဆိုးအရှင်ဟူသော ဘွဲ့အမည်ကို အကျယ်ကြီး ခေါ်ဆိုမိသွားခဲ့ပြီ မဟုတ်ပါလော။

ယခုအချိန်တွင် လင်းဖန်သည် သူမကို ခေါင်းခေါက်ချင်သော မျက်နှာထားဖြင့် စိုက်ကြည့်နေ၏ ။

ရှန့်သည် အခက်တွေ့စွာဖြင့် တောင့်တင်းသွားသော်လည်း လျင်မြန်စွာပင် အခြေအနေကို တုံ့ပြန်လိုက်ပြီး ဘယ်ပြန်ညာပြန် ကြည့်ကာ ကလေးတစ်ယောက်ကဲ့သို့ သီချင်းတစ်ပုဒ်ကို ညည်းလိုက်သည်။

"နတ်ဆိုးအရှင် ဘယ်မှာလဲ... နတ်ဆိုးအရှင် ဘယ်မှာလဲ..."

"အမ်... ဒါက မင်းရဲ့ အမျိုးအိမ်က ကလေးမလေး မလား.."

ကျိုးယန်က ရှန့်ကို တစ်ချက်ကြည့်ရုံမျှဖြင့် မှတ်မိလိုက်သည်။

လွန်ခဲ့သော အကြိမ်က သူမသည် သူတို့ကို ကျောခိုင်း၍ ဂိမ်းဆော့နေခဲ့ခြင်း ဖြစ်သော်လည်း သူမ၏ သေးငယ်သော ခန္ဓာကိုယ်နှင့် ခြေထောက်တိုတိုလေးများမှာ အလွန်ပင် မှတ်မိလွယ်လွန်းလှသည်။

"ဟုတ်တယ်... သူက ဘေးအိမ်မှာ နေတာလေ... နေ့တိုင်း ငါ့အိမ်ကို လာပြီး ထမင်းကုန်းဆင်းနေကျ.."

လင်းဖန်က ရှင်းပြလိုက်သည်။

ရှန့်၏ မျက်ဝန်းများ အရောင်တောက်သွားပြီး ချက်ချင်းပင် ဇာတ်ကောင်မုထဲသို့ ဝင်သွားကာ လင်းဖန်၏ ဘေးနားသို့ ပြေးကပ်လိုက်၏။ ထို့နောက် မျက်နှာငယ်လေးကို မော့၍ အပြစ်ကင်းစင်သော ကလေးငယ်တစ်ဦး၏ အမူအရာမျိုးဖြင့် ချွဲလိုက်သည် ။

"အစ်ကိုကြီး လင်းဖန်... ဒီနေ့ နေ့လယ်စာကို သမီးတို့ ဘာစားကြမှာလဲဟင်..."

သူမ၏ အသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လင်းဖန်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြက်သီးမွေးညင်းများ ထောင်ထလာပြီး သူ့အရှေ့ရှိ ရှန့်ကို စိတ်ပျက်စွာ ကြည့်လိုက်မိသည်။

အကယ်၍ သာမန်လူသားတစ်ဦး ဖြစ်နေပါက သူမ၏ ချစ်စရာကောင်းသော မိန်းကလေးဆန်မှုများအောက်တွင် နစ်မြောသွားနိုင်သော်လည်း သူမနှင့်အတူ နှစ်ပေါင်းရာချီ ဖြတ်သန်းလာခဲ့ပြီး သူမ၏ အတွင်းစိတ်အထိ အကုန် သိထားသော သူ့အတွက်မူ ဤကဲ့သို့ လှည့်စားခြင်းကို ခံရရန် မည်သို့မျှ မဖြစ်နိုင်ချေ။

သူ့အရှေ့တွင် ရှိနေသည်မှာ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသော မိန်းကလေးငယ်လေးတစ်ဦး မဟုတ် အသက်တစ်ထောင်ကျော် ရှိနေပြီဖြစ်သော စုန်းမအိုကြီး ဖြစ်သည်။

ဤမျှအထိ အသက်ကြီးနေသော်လည်း ငယ်ချင်ယောင် ဆောင်နေ၏။

"နေ့လယ်စာက ခေါက်ဆွဲကြော်ပဲ... ဒီအတိုင်း ငြိမ်ငြိမ်လေး ထိုင်ပြီး စောင့်နေတော့.."

လင်းဖန်က ပြောလိုက်ပြီးနောက် မီးဖိုချောင်ထဲသို့ ဝင်သွားကာ အလုပ်ရှုပ်တော့သည်။

ကျိုးယန်နှင့် လုကျိုက်တို့ကို ရှန့်အား သူ၏ အမျိုးအိမ်က ကလေးမလေးဟု လိမ်ထားခဲ့ခြင်း ဖြစ်သည့်အတွက် ယခုအခါတွင်လည်း သူမနှင့်အတူ ပူးပေါင်း၍ ဤဇာတ်ကို ဆက်လက် ကပြရန်သာ ရှိပေတော့သည်။

"ဟုတ်ကဲ့ပါ အစ်ကိုကြီး လင်းဖန်..."

ရှန့်က ချိုသာစွာ ပြုံးပြလိုက်ပြီးနောက် သူမ၏ ခြေထောက်တိုတိုလေးများဖြင့် ဆိုဖာရှိရာသို့ ပြေးသွား၏ ။လှုပ်ရှားမှုတိုင်းက အမှန်တကယ်ပင် အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသော ကလေးငယ်တစ်ဦး နှင့်တူနေချေသည် ။

အန်ယောင်သည် ဘေးနားမှနေ၍ ဆွံအစွာဖြင့် ကြည့်နေမိသည်။

နတ်ဆိုးလောက၏ မြင့်မြတ်လှသော နတ်ဆိုးစစ်သူကြီး လေးဦးထဲမှ တစ်ဦးဖြစ်သည့်အပြင် ကျော်ကြားလှသော ဟယ်ဖာမျိုးနွယ်စု၏ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်သည့် ရှန့်၏ ကြောက်မက်ဖွယ်ကောင်းသော နာမည်ဂုဏ်သတင်းကို အင်မော်တယ်နတ်ဆိုးတိုက်ကြီးတွင်မကြားဖူးသူဟူ၍ မရှိ ။

သူမသည် ကျင့်စဥ်မျိုးစုံကို ကျွမ်းကျင်ပိုင်နိုင်ပြီး ကျင့်စဥ်တစ်ခုကို အမှတ်မထင် အသုံးပြုလိုက်ရုံဖြင့် ကောင်းကင်နှင့် မြေပြင်ကို တုန်လှုပ်စေနိုင်သည်။ သူမသည် တစ်ကြိမ်တွင် အင်မော်တယ်ဧကရာဇ် အမြောက်အမြားကို တစ်ဦးတည်းဖြင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးပြီး အင်မော်တယ်မျိုးနွယ်စု၏ စစ်သည်ပေါင်း သောင်းနှင့်ချီကို တိုက်ကွက်တစ်ခုတည်းဖြင့် ချေမှုန်းဖျက်ဆီးပစ်ခဲ့ဖူးသည်။

သို့ပါလျက်နှင့် ယခုအခါတွင်မူ သူမက မရင့်ကျက်သေးသော မိန်းကလေးငယ်တစ်ဦးအဖြစ် သရုပ်ဆောင်နေပြီး သရုပ်ဆောင်မှုက ပီပြင်လှ၍ အန်ယောင် ဆွံ့အနေ၏ ။

အကယ်၍သာ အန်ယောင်အနေဖြင့် ရှန့်၏ အထောက်အထားကို မသိလျှင် ချစ်စဖွယ် ကလေးမလေး တစ်ဦးဟု ထင်မိပေမည် ။

"ဒီကလေးမလေးက တော်တော်လေး လိမ်မာတာပဲ... ချစ်စရာလည်းကောင်းပြီး ပြောစကားလည်း နားထောင်တယ်.."

ရှန့်၏ အပြစ်ကင်းစင်လှသော ကလေးဆန်သည့် အမူအရာများကြောင့် ကျိုးယန်နှင့် လုကျိုက်တို့ သဘောကျသွားကြ၏ ။

ယခုခေတ်ကြီးထဲတွင် ဤမျှအထိ စကားနားထောင်ပြီး ချစ်စရာကောင်းသော ကလေးများကို မြင်တွေ့ရခဲလှသည်။ အထူးသဖြင့် ချစ်စရာကောင်းသော မိန်းကလေးငယ်လေးကို ပို၍ အသည်းယားမိကြသည်။

"ညီမလေး... အစ်ကိုကြီးနဲ့အတူ ဂိမ်းဆော့မလား.."

ကျိုးယန်က ဂိမ်းစက်လက်ကိုင်တစ်ခုကို ရှန့်ထံသို့ ကမ်းပေးလိုက်သည်။

"သမီးက အစ်ကိုကြီးတို့နဲ့ တကယ်ပဲ အတူတူ ဆော့လို့ရတာလားဟင်..."

ရှန့်က ကြောက်ရွံ့စိုးရိမ်သော လေသံဖြင့် မေးလိုက်ပြီး သူမ၏ ဝိုင်းစက်နေသော မျက်လုံးလေးများထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေ၏။

' ဒီကလေးက ချစ်စရာလေး.. '

ကျိုးယန်နှင့် လုကျိုက်တို့က ချက်ချင်း ခေါင်းညိတ်ပြလိုက်ကြ၏ ။

"သေချာပေါက် ရတာပေါ့.."

"အစ်ကိုကြီးက မင်းနဲ့အတူ ဆော့ပေးမယ်... မသိတာရှိရင်လည်း အစ်ကိုကြီးကို စိတ်ကြိုက်မေးလို့ရတယ်နော်.."

အန်ယောင်... "..."

အန်ယောင်က ကျိုးယန်နှင့် လုကျိုက်တို့ကို မနှစ်မြို့သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

ဤလူသားနှစ်ယောက်က အသုံးမကျပေ ။ နတ်ဆိုးမ၏ လှည့်စားခြင်းကို ခံနေရသော်လည်း ရိပ်မိခြင်းမရှိ ။

"ဒါဆိုရင်တော့ သမီးက အစ်ကိုကြီးနဲ့အတူ ဆော့မယ်နော်..."

ရှန့်က ဝမ်းမြောက်စွာဖြင့် သူမ၏ ခြေထောက်တိုတိုလေးများကို အသုံးပြု၍ တီဗီအရှေ့သို့ ပြေးသွားကာ ကျိုးယန်နှင့် လုကျိုက်တို့၏ အလယ်တွင် ဝင်ရောက်ထိုင်လိုက်ပြီး ဂိမ်းစက်လက်ကိုင်တစ်ခုကို ကောက်ယူလိုက်တော့သည်။

"အစ်ကိုကြီး... ဒါကို ဘယ်လို ဆော့ရတာလဲဟင်.."

ဤကမ္ဘာသို့ ရောက်ရှိလာပြီးကတည်းက ကွန်ပျူတာဂိမ်းများနှင့် ဖုန်းဂိမ်းများကိုသာ မြင်တွေ့ဖူးခဲ့ခြင်းဖြစ်ရာ ဤကဲ့သို့သော ဂိမ်းစက်မျိုးကိုမူ သူမအနေဖြင့် ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သဖြင့် စိတ်ထဲတွင် ဆန်းသစ်မှုကို ခံစားနေရသည်။

"အစ်ကိုကြီး သင်ပေးမယ်... ဒီခလုတ်အဝိုင်းလေးက လှုပ်ရှားမှုကို ထိန်းချုပ်တာ... ပြီးတော့ ဒီဘက်က ခလုတ်တွေကတော့ မတူညီတဲ့ တိုက်ခိုက်မှု ပုံစံတွေပေါ့... အကယ်၍ မင်းက စနစ်တကျ အစဉ်လိုက် နှိပ်နိုင်မယ်ဆိုရင် ပြင်းထန်တဲ့ တိုက်ကွက်မျိုးစုံကို ထုတ်ဖော်နိုင်လိမ့်မယ်.."

"ကဲ... အစ်ကိုကြီးက မင်းကို အရင်ဆုံး သရုပ်ပြပေးမယ်နော်.."

ကျိုးယန်က သူ၏ ဂိမ်းစက်လက်ကိုင်ကို ကိုင်လိုက်ပြီး တစ်ဆင့်ချင်းစီ သရုပ်ပြ၍ ရှန့်ကို စိတ်ရှည်စွာဖြင့် သင်ကြားပြသပေးတော့သည်။

"အစ်ကိုကြီးက တော်လိုက်တာ..."

ရှန့်၏ မျက်လုံးလေးများမှာ အံ့ဩတုန်လှုပ်မှုများကြောင့် ဝိုင်းစက်နေပြီး မိန်းကလေးငယ်တစ်ဦး၏ ကြည်ညိုလေးစားမှုများဖြင့် ကျိုးယန်ကို အဆက်မပြတ် ချီးကျူးတော့သည်။

"ဪ... ဒါက ဘာမှမဟုတ်ပါဘူး..."

ကျိုးယန်၏ ဂုဏ်ယူဝင့်ကြွားချင်စိတ်မှာ ကြီးမားလှစွာ ဖြည့်ဆည်းပေးခြင်း ခံလိုက်ရသဖြင့် သူ၏ ပါးစပ်မှာ နားရွက်ချိတ်လုမတတ် ရှိနေခဲ့သည်။

"ကဲ... မင်း နားလည်သွားပြီမလား... အစ်ကိုကြီးက မင်းနဲ့အတူ တစ်ပွဲလောက် ဆော့ပေးမယ်.."

"စိတ်မပူပါနဲ့... အစ်ကိုကြီးက မင်းကို အလျှော့ပေးပြီး ဆော့မှာပါ.."

ရိုးရှင်းလှသော သင်ကြားပြသမှု ပြီးဆုံးသွားခဲ့ပြီးနောက် ကျိုးယန်သည် ရှန့်နှင့်အတူ Kof ကို တစ်ဦးချင်းစီ စတင်၍ ယှဉ်ပြိုင်တော့သည်။

သူသည် လုကျိုက်ကို မနိုင်ပါသော်လည်း ဂိမ်းစက်ကို ယခုမှ စတင်ကိုင်ဖူးသော မိန်းကလေးငယ်လေးတစ်ဦးကိုမူ သေချာပေါက် အလွယ်တကူ နိုင်လိမ့်မည် မဟုတ်ပါလော။

"K.O.."

ဂိမ်းမျက်နှာပြင်မှာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး ကျိုးယန် ထိန်းချုပ်ထားသော ဇာတ်ကောင်မှာ နောက်သို့ လန်ကျ၍ ရှုံးနိမ့်သွားကာ ရှန့်၏ ဇာတ်ကောင်မှာမူ သွေးအပြည့်နီးပါး ကျန်နေသေးသည်။

ကျိုးယန်သည် မယုံကြည်နိုင်ဟန်ဖြင့် သူ၏ လည်ပင်းကို ဆန့်ထုတ်လိုက်မိပြီး မျက်နှာမှာ တီဗီမျက်နှာပြင်နှင့် ကပ်လုမတတ်ပင်။

'ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...'

သူသည် သူကိုယ်တိုင် သင်ကြားပြသပေးခဲ့သော မိန်းကလေးငယ်လေးတစ်ဦး၏ လက်ချက်ဖြင့် အပြတ်အသတ် ချေမှုန်းခြင်း ခံလိုက်ရ၏။

"အစ်ကိုကြီး... သမီးဆော့တာ သိပ်မကောင်းလို့လားဟင်..."

ရှန့်က ကြောက်ရွံ့စိုးရိမ်သော လေသံဖြင့် မေးလိုက်သည်။

ဤစကားလုံးများမှာ ကျိုးယန်၏ နားထဲတွင်မူ အလွန်အမင်း နားခါးစရာကောင်းလှသည်။

'မင်းက ငါ့ကို အပြတ်အသတ် နိုင်သွားပြီးတော့မှ ဆော့တာ သိပ်မကောင်းဘူးလို့ ပြောနေတာလား... ဒါဆိုရင် ငါဆော့နေတာက ဘာလဲ..'

သူမအနေဖြင့် သူ့ကို တမင်သက်သက် ကဲ့ရဲ့လှောင်ပြောင်နေခြင်း ဖြစ်သည်ဟု သူ ခံစားလိုက်ရသည်။

"ဟင်း... ဟင်း... ဟင်း... မင်းက တကယ့်ကို ညံ့လွန်းပါတယ်... ကလေးတစ်ယောက်ကိုတောင် မယှဉ်နိုင်ဘူး... ငါ့ကို ပေးတော့.."

လုကျိုက်က ကျိုးယန်၏ ဘေးနားသို့ လျှောက်လာခဲ့ပြီး သူ၏ လက်ထဲမှ ဂိမ်းစက်လက်ကိုင်ကို ယူဆောင်လိုက်ရင်း သူ၏ မျက်မှန်ကို အသာအယာ ပင့်တင်ကာ လေးနက်သော မျက်နှာထားဖြင့်..

"မင်းက ကလေးတစ်ယောက် ဖြစ်နေပေမယ့်လည်း... ငါကတော့ လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူးနော်.."

"အာ.. သမီးက ခုမှ ပထမဆုံးအကြိမ် ဆော့ဖူးတာမို့လို့... အစ်ကိုကြီးက အလျှော့ပေးရမှာပေါ့.."

ရှန့်၏ နှုတ်ခမ်းထောင့်လေးမှာ အနည်းငယ် ကောက်ကွေးသွားခဲ့ပြီး မျက်ဝန်းများထဲတွင် မနှစ်မြို့မှုများကို တိတ်တဆိတ် ဖုံးကွယ်ထားခဲ့သော်လည်း အသံမှာမူ ချစ်စရာကောင်းသော အသံ ဖြစ်နေဆဲပင်။

"K.O.."

ဂိမ်းမျက်နှာပြင်မှာ ထပ်မံ၍ ပြောင်းလဲသွားခဲ့ပြန်ပြီး လုကျိုက်သည် မယုံကြည်နိုင်သော မျက်နှာထားဖြင့် တီဗီမျက်နှာပြင်ကို စိုက်ကြည့်နေမိတော့သည်။

မျက်နှာပြင်ပေါ်တွင်မူ ရှန့်သည် နောက်ဆုံး၌ သွေးအနည်းငယ်သာ ကျန်နေပြီး ပွဲစဉ်ကို နိုင်သွားခဲ့သည်။

သူ အမှန်တကယ် ရှုံးနိမ့်သွားခဲ့ရသည်။

နှစ်ပေါင်းများစွာအတွင်း Kof တိုက်ပွဲဂိမ်းတွင် ပထမဆုံးအကြိမ် ရှုံးနိမ့်ဖူးခြင်း ဖြစ်ပေသည်။

ထို့ပြင် ကလေးစုတ်လေးတစ်ယောက်၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

"ဟားဟားဟား... မင်းလည်း ရှုံးသွားတာပဲ မဟုတ်လား.."

လုကျိုက် ရှုံးနိမ့်သွားသည်ကို မြင်တွေ့လိုက်ရသည့်အခါ ကျိုးယန်မှာ သူကိုယ်တိုင် နိုင်ခဲ့သည်ထက်ပင် ပို၍ ပျော်သွားပြီး စောစောက လုကျိုက်ပြောခဲ့သော စကားလုံးများကို ပြန်ပြောလိုက်သည် ။

အန်ယောင်သည် နောက်ဘက်ရှိ ဆိုဖာပေါ်တွင် ပျင်းရိစွာ ထိုင်၍ သူတို့ သုံးဦး ဂိမ်းဆော့နေသည်ကို စောင့်ကြည့်နေခဲ့သည်။

ထိုခဏ၌ သူမသည် သူမ၏ လက်ရှိ သိုလှောင်လက်စွပ်ထံမှ အနည်းငယ်မျှသော တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။

သူမသည် ပြတင်းပေါက်အပြင်ဘက်ရှိ ဝေးကွာလှသော တောအုပ်ဆီသို့ ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် မီးဖိုချောင်အတွင်းရှိ လင်းဖန်နှင့် သူမအရှေ့ရှိ ရှန့်တို့ကို လှမ်းကြည့်လိုက်သည်။

သူတို့ သတိပြုမိခြင်း မရှိကြသည်ကို မြင်တွေ့ရသည့်အခါမှသာ သူမသည် စိတ်ထဲတွင် သက်ပြင်း အသာ ချလိုက်မိတော့သည်။

သို့သော်လည်း သူမ ခေါင်းလှည့်လိုက်သည့် တစ်ပြိုင်နက် လင်းဖန်၏ မျက်လုံးထောင့်မှ အကြည့်မှာ သူမထံသို့ တိတ်တဆိတ် ရောက်ရှိလာပြီးနောက် ဝေးကွာလှသော တောအုပ်ဆီသို့ လှမ်းကြည့်လိုက်သည်။

'ကျင့်ကြံခြင်း စွမ်းအင်လှိုင်း တုန်ခါမှု...'

'မျှော်လင့်ထားတဲ့အတိုင်းပဲ... သူက ငါတို့အပေါ် တစ်ခုခု ဖုံးကွယ်ထားတာ ရှိနေတာပဲ...'

All Chapters