အခန်း (၁၈၃-၁၈၄)
Vol. 19 Ch. 183-184
အခန်း ၁၈၃ : တိတ်တဆိတ် နောက်ယောင်ခံခြင်း
~
"ညဉ့်နက်နေပြီပဲ.. အားလုံးပဲ ပြန်ပြီး အနားယူကြတော့လေ.."
ညဦးယံအချိန် ကျော်လွန်၍ ညဉ့်နက်သန်းခေါင်ယံသို့ ရောက်ရှိလာသည့်အခါ လင်းဖန်သည် ကျိုးယန်နှင့် လုကျိုက်တို့ကို အိမ်တံခါးဝအထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။
"ညီမလေး.. နောက်တစ်ကြိမ်ကျရင် ငါတို့ ပြန်ပြီး ကစားကြဦးမယ်နော်.."
လုကျိုက်က သူ၏ မျက်မှန်ကို ပင့်တင်လိုက်ပြီး တည်ကြည်လေးနက်သော မျက်နှာဖြင့် ပြောလိုက်သည်။
သူနှင့် ရှန့်တို့ တစ်နေကုန်လုံး အပြိုင်အဆိုင် ဂိမ်းဆော့ခဲ့ကြသော်လည်း မည်သူကမျှ အပြတ်အသတ် အနိုင်မရရှိခဲ့ကြချေ။
ဤသည်က သူ ဂိမ်းလောကထဲသို့ ရောက်ရှိလာပြီးနောက်ပိုင်း ဤမျှအထိ ပြိုင်ဆိုင်မှုပြင်းထန်လှသော ပြိုင်ဘက်ကောင်းတစ်ဦးနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ဖူးခြင်း ဖြစ်ပေသည်။
"ရပါတယ် အစ်ကိုကြီး.. သမီးက ဘယ်အချိန်မဆို အဆင်သင့်ပါပဲနော်.."
ရှန့်က မိမိကိုယ်ကိုယ် ယုံကြည်မှုရှိလှသော အပြုံးတစ်ခုကို ဖော်ပြလိုက်ပြီး လုကျိုက်ကို လက်ဝှေ့ယမ်း၍ နှုတ်ဆက်လိုက်သည်။
သူမသည် အစပိုင်းတွင် ဤကမ္ဘာရှိ ကွန်ပျူတာဂိမ်းများကသာ ကောင်းမွန်သည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သော်လည်း ယခုကဲ့သို့ ဂိမ်းစက်မျိုးတွင် သူမ တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးသေးသော ဂိမ်းအမျိုးအစားပေါင်းများစွာ ရှိနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
ဤမျက်မှန်နှင့် သာမန်လူသားကြောင့်သာ သူမအနေဖြင့် ဆော့စရာ ဂိမ်းအသစ်အဆန်း အမြောက်အမြားကို ထပ်မံ၍ ရရှိလိုက်ခြင်း ဖြစ်သည်။
"ဒါဆိုရင်တော့ လင်းဖန်.. ငါတို့ သွားပြီနော်.."
ကျိုးယန်က လင်းဖန်ကို လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်ပြီးနောက် လုကျိုက်နှင့်အတူ လှေကားထစ်များအတိုင်း အောက်သို့ ဆင်းသွားကြသည်။
"ကောင်းကောင်းသွားကြအုံး.. လမ်းမှာလည်း သတိထားဦးနော်.."
လိုက်လံပို့ဆောင်ပြီးနောက် လင်းဖန်က လုံယဲ့နှင့် အခြားလူများဘက်သို့ လှည့်၍ ညွှန်ကြားလိုက်သည်။
"မင်းတို့လည်း ပြန်ပြီး အနားယူကြတော့လေ.."
"ဟုတ်ကဲ့ပါ နတ်ဆိုးအရှင်.."
လုံယဲ့နှင့် အခြားလူများက ရိုသေစွာဖြင့် ဦးညွှတ်လိုက်ကြပြီး ဘေးနားရှိ အခန်းထဲသို့ ပြန် ဝင်သွားကြသည်။
ယခုအကြိမ်တွင်မူ အန်ယောင်သည် လင်းဖန်၏ အိမ်၌ နေထိုင်ရန် ဇွတ်အတင်း တောင်းဆိုခြင်း မရှိတော့ဘဲ လုံယွဲ့၏ အရှေ့တွင် အလွန်ပင် တက်ကြွသော ပုံစံမျိုးဖြင့် ရိုသေစွာ ဦးညွှတ်၍ နှုတ်ဆက်စကား ပြောလိုက်သည်။
"ဒါဆိုရင်တော့ အရှင်မ.. အန်ယောင်လည်း ပြန်ပြီး အနားယူပါတော့မယ်.."
"အင်း.. သွားလေ.."
လုံယွဲ့က အသာ ပြုံးပြလိုက်ပြီး သူမနှင့် လုံယဲ့တို့ ဘေးအိမ်သို့ ဝင်ရောက်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။
အရင်တုန်းကဆိုလျှင် အန်ယောင်သည် နတ်ဆိုးများနှင့် အတူနေရန် မလိုလားသော်လည်း ယနေ့ညတွင်မူ သူမကိုယ်တိုင်ပင် အခန်းထဲသို့ တက်ကြွစွာ ဝင်သွားခဲ့သည်။ ကြည့်ရသည်မှာ သူမသည် လက်ရှိဘဝသစ်တွင် တဖြည်းဖြည်းနှင့် အသားကျလာခဲ့ပြီ ထင်သည်။
နောင်တစ်ချိန်တွင် သူမ ထိုမိန်းကလေးများနှင့် ပိုရင်းနှီးသွားပြီး သူငယ်ချင်းကောင်းများ ဖြစ်လာနိုင်ပေလိမ့်မည်။
လင်းဖန်ကမူ ဘေးအိမ်ထဲသို့ ဝင်သွားသော အန်ယောင်၏ ကျောပြင်ကို ကြည့်ရင်း သူ၏ မျက်ဝန်းများထဲတွင် နက်ရှိုင်းလှသော အတွေးတစ်ခု ပေါ်လာ၏။
"တစ်ခုခု ဖြစ်လို့လား.."
လုံယွဲ့က လင်းဖန်၏ ထူးဆန်းသော အကြည့်ကို သတိပြုမိသွားခဲ့သဖြင့် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး.. ငါတို့လည်း အထဲကို ပြန်ဝင်ကြစို့.."
လင်းဖန်က ခေါင်းခါပြလိုက်ပြီး သူမ၏ လက်ကလေးကို ဆွဲကာ အိမ်ထဲသို့ ဝင်လာခဲ့သည်။
ဘေးနားရှိ အခန်းအတွင်း၌မူ လုံယဲ့နှင့် အခြားလူများမှာ သူတို့၏ အိပ်ခန်းအသီးသီးသို့ ပြန်လည် ဝင်ရောက်သွားခဲ့ကြပြီ ဖြစ်သည်။
အန်ယောင်သည် ဧည့်ခန်းအလယ်ရှိ ကြမ်းပြင်မွေ့ရာပေါ်တွင် တိတ်ဆိတ်စွာ လှဲ၍ မျက်နှာကျက်ကို စူးစိုက်ကြည့်နေမိပြီး ဘေးဘယ်ညာရှိ အိပ်ခန်းတံခါးများကိုလည်း ခဏခဏ လှမ်းကြည့်နေကာ တစ်ခုခုကို စောင့်ဆိုင်းနေသည့်ပုံပင်။
အိပ်ခန်းနှစ်ခုလုံး၏ မီးများ တစ်ခုပြီးတစ်ခု ပိတ်သွားသည့် အချိန်ကျမှသာ သူမ၏ မျက်နှာထက်တွင် ဝမ်းသာသော အပြုံးတစ်ခု ပေါ်လာ၏။ သူမသည် သူမ၏ စောင်ကို အသာ ဖယ်ရှားလိုက်ပြီး ခြေသံလုံလုံဖြင့် လုံယဲ့၏ အိပ်ခန်းတံခါးဝသို့ လျှောက်သွားကာ နားကို တံခါးတွင် ကပ်၍ စူးစမ်းတော့သည်။
ယနေ့ညတွင် မေကျီသည် အပြင်၌ အလုပ်လုပ်နေဆဲ ဖြစ်သဖြင့် အခန်းထဲတွင် လုံယဲ့တစ်ဦးတည်းသာ ရှိနေခဲ့ပြီး ဝန်းကျင်တစ်ခုလုံးမှာလည်း ဘာအသံမှ မရှိဘဲ တိတ်ဆိတ်နေခဲ့သည်။
'သူ သေချာပေါက် အိပ်ပျော်သွားပြီပဲ..'
အိပ်ပျော်သွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် အန်ယောင်သည် ရှန့်နှင့် ယင်းနွီတို့ ရှိနေသော အိပ်ခန်းဝဆီသို့ ခြေသံလုံလုံဖြင့် ထပ်မံ ကပ်လာပြန်သည်။
သူမ၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံး ဆုံးရှုံးထားခဲ့ရသဖြင့် သူမ၏ အော်ရာကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။ ထို့ကြောင့် ဘာအသံမျှ ထွက်ပေါ်မလာစေရန်အတွက်သာ အစွမ်းကုန် ဂရုစိုက်နေရခြင်း ဖြစ်သည်။
ရှန့်နှင့် ယင်းနွီတို့၏ အိပ်ခန်းအတွင်း၌ မီးများ ပိတ်ထားပြီ ဖြစ်သော်လည်း ရှန့်၏ စိတ်လှုပ်ရှားစွာ အော်ဟစ်နေသော အသံကိုမူ အတိုင်းသား ကြားနေရဆဲပင်။
"တိုက်.. တိုက်.. အားလုံး တိုက်ကြစမ်း.."
"ငါ အရင်ဆုံး သွားပြီး လမ်းပွင့်အောင် လုပ်ပေးမယ်.. ပြီးမှ လိုက်ခဲ့ကြ.."
"..."
ဤမုန်းစရာကောင်းသော နတ်ဆိုးမသည် ဘေးအိမ်တွင် တစ်နေကုန်လုံး ဂိမ်းဆော့ခဲ့ပြီးပြီ ဖြစ်သော်လည်း အိမ်ပြန်ရောက်သည့် အချိန်၌ အိပ်စက်ခြင်းမရှိဘဲ ဂိမ်းကို ဆက်၍ ဆော့ကစားနေနေလေ၏။
ညဉ့်နက်သန်းခေါင်တိုင်အောင် အိပ်စက်ခြင်းမရှိဘဲ ဂိမ်းဆော့နေခြင်းမှာ တကယ့်ကို အဓိပ္ပာယ်မရှိ။
သူမအနေဖြင့် ဆူညံသံများက အခြားလူများ၏ အနားယူခြင်းကို အနှောင့်အယှက် ဖြစ်စေသည်ကို မသိရှိပါသလော။
တကယ့်ကို စိတ်ပျက်စရာကောင်းသည်။
အန်ယောင်က မျက်မှောင်ကြုတ်ကာ စိတ်ထဲတွင် ရှန့်ကို ကျိန်ဆဲလိုက်ပြီး ကြမ်းပြင်မွေ့ရာပေါ်သို့ ပြန်လည် လှဲလျောင်းကာ ရှန့် အိပ်မည့်အချိန်ကို ဆက်စောင့်နေ၏။
အမှတ်မထင် အိပ်ပျော်မသွားစေရန်အတွက် သူမ၏ မျက်လုံးများကို အတင်း ပြူးထားရပြီး အိပ်ငိုက်ခြင်းကို အစွမ်းကုန် တောင့်ခံထားရသည်။
နံနက်အစောပိုင်း သုံးနာရီကျော်အချိန်သို့ ရောက်ရှိလာသည့် အခါမှသာ အခန်းထဲရှိ ရှန့်၏ အသံမှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့၏။
အန်ယောင်သည် ပြန်ထလိုက်ပြီး တံခါးဝသို့ နားကပ်၍ စူးစမ်းလိုက်ရာ အခန်းထဲတွင် မည်သည့်လှုပ်ရှားသံမှ မရှိတော့ပေ ။ ထိုအချိန်ကျမှသာ သူမ အိမ်ရှေ့တံခါးကြီးဆီသို့ တိတ်ဆိတ်စွာ လျှောက်သွားပြီး တံခါးဂျက်ခလုတ်ကို အသာ လှည့်လိုက်သည်။
"ဂျောက်.."
တံခါးပွင့်သွားပြီး သံမဏိချင်း ထိခိုက်မိသော သံပြတ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
အန်ယောင်၏ နှလုံးသား တဒုတ်ဒုတ် ခုန်သွားပြီး ဘေးနားရှိ အိပ်ခန်းနှစ်ခုဆီသို့ စိုးရိမ်စိတ်များဖြင့် လှည့်ကြည့်လိုက်မိသည်။
အိပ်ခန်းနှစ်ခုလုံးတွင် လှုပ်ရှားမှု မရှိသည်ကို မြင်တွေ့လိုက်ရသည့် အခါမှသာ သူမ ရင်ထဲမှ သက်ပြင်းကို ချလိုက်နိုင်တော့သည်။
ဤဟောင်းနွမ်းလှသော တံခါးအိုကြီးက ဖွင့်လိုက်သည့် အချိန်တွင် ဤမျှအထိ ကျယ်လောင်သော အသံ ထွက်ပေါ်လာလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။
တော်သေးသည်မှာ သူတို့အားလုံး အိပ်ပျော်နေကြသဖြင့် သတိမပြုမိကြခြင်း ဖြစ်ပေသည်။
အန်ယောင်သည် တံခါးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး အပြင်သို့ ကိုယ်ကို လျှိုထွက်လိုက်ကာ ဘာအသံမျှ မရှိစေဘဲ တံခါးကို ပြန်ပိတ်လိုက်ပြီးနောက် အိမ်ထဲမှ ထွက်ခွာသွားတော့သည်။
သူမ ထွက်ခွာသွားခဲ့သည့် နောက်ထပ် ဒုတိယစက္ကန့်အတွင်းမှာပင် အိပ်ခန်းနှစ်ခုလုံး၏ တံခါးများမှာ တစ်ပြိုင်နက်တည်း ပွင့်သွားပြီး လုံယဲ့နှင့် ရှန့်တို့သည် အခန်းထဲမှ ထွက်လာကြကာ အိမ်ရှေ့တံခါးကြီး ရှိရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။
လုံယဲ့က ...
"ကြည့်ရတာ ဒီကလေးမ စိတ်မထိန်းနိုင်တော့ဘဲ လှုပ်ရှားလာပြီ ထင်တယ်..."
ရှန့်က ...
"နတ်ဆိုးအရှင် ခန့်မှန်းခဲ့တဲ့အတိုင်းပဲ.. ဒီအင်မော်တယ် ကလေးမက ငါတို့အပေါ် တစ်ခုခု ဖုံးကွယ်ထားတာ .."
လုံယဲ့က ရှန့်ဘက်သို့ လှည့်၍ မေးလိုက်သည်။
"ငါ သွားပြီး သူ့ကို သတ်ပစ်လိုက်ရမလား.."
"အဲ့လို အဆင်မပြေဘူး.. ဘယ်လိုပဲဖြစ်ဖြစ် သူက အရှင်မရဲ့ အနီးကပ်လူလေ ငါတို့ သူ့ကို သတ်လို့ မရဘူး.."
ရှန့်က ခေါင်းခါပြလိုက်ပြီး လုံယဲ့၏ အကြံပြုချက်ကို တွန့်ဆုတ်ခြင်းမရှိဘဲ ပယ်ချလိုက်သည်။
လုံယဲ့က ခဏတာ စဥ်းစားကြည့်ပြီးနောက် ရှန့်ပြောသော စကားမှာ အလွန်ပင် အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသဖြင့် စကားလုံးကို ပြောင်းလဲလိုက်ပြန်သည်။
"ဒါဆိုရင် ငါ သွားပြီး သူ့ကို ဖမ်းခဲ့ရမလား.. ပြီးမှ နတ်ဆိုးအရှင်ဆီ အပ်ပြီး စီရင်ချက် ချခိုင်းတာပေါ့.."
"ဒါလည်း အဆင်မပြေသေးပါဘူး.."
ရှန့်က ခေါင်းကို ထပ်မံ ခါပြလိုက်ပြီး သဘောမတူချေ။
"နတ်ဆိုးအရှင်က ငါတို့ သူ့ကို သေသေချာချာ စောင့်ကြည့်ခိုင်းထားတာ သူ ဘာပရိယာယ်တွေ သုံးဦးမလဲဆိုတာကို သိချင်လို့ ဖြစ်ရမယ်.."
"ငါတို့ အရင်ဆုံး သူ ဘာလုပ်မလဲဆိုတာကို စောင့်ကြည့်ကြတာပေါ့.. ပြီးမှ နတ်ဆိုးအရှင်ဆီ အစီရင်ခံပြီး သူကိုယ်တိုင် ဆုံးဖြတ်ချက် ချခိုင်းမယ်.."
ထိုသို့ပြောပြီးနောက် ရှန့်က ခေါင်း လှည့်မကြည့်ဘဲ သူမ၏ ဘေးနားရှိ ယင်းနွီကို ညွှန်ကြားလိုက်သည်။
"ယင်းနွီ.. နင် သူ့ရဲ့ နောက်ကို လိုက်သွား.. သူ ဘယ်နေရာကို သွားမလဲ၊ ပြီးတော့ တိတ်တဆိတ် ဘာတွေ လုပ်မလဲဆိုတာကို သေသေချာချာ စောင့်ကြည့်ခဲ့ပါ.."
"အမိန့်အတိုင်းပါ.."
ယင်းနွီက ခေါင်းညိတ်လက်ခံလိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်က အရိပ်တစ်ခုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားကာ တံခါးအက်ကွဲကြောင်းများကြားမှ အပြင်သို့ ထွက်သွားသည်။
... ...
တစ်ဖက်တွင်မူ..
အန်ယောင်သည် အိမ်ထဲမှ ထွက်လာခဲ့ပြီးနောက် လူနေရပ်ကွက်၏ တံခါးဝတွင် တက်စီ တစ်စီးကို တားလိုက်ပြီး မြို့ဆင်ခြေဖုံးအရပ်ရှိ တောအုပ်ဆီသို့ ဦးတည်ထွက်ခွာခဲ့သည်။
"ညီမလေး.. ဒီအချိန်ကြီး ဘာလို့ အဲ့လောက် ဝေးတဲ့ နေရာကို သွားမှာလဲ ..အန္တရာယ် များတယ်နော် .."
အငှားယာဉ်မောင်းက ဖုန်းထဲရှိ လမ်းညွှန်မြေပုံကို ကြည့်လိုက်ပြီးသတိပေးလိုက်သည် ။
"နိမ့်ကျတဲ့ သာမန်လူသားက ငါ့ရဲ့ ကိစ္စတွေကို ဝင်စွက်ဖက်စရာမလိုပါဘူး.. ဒီအတိုင်း မောင်းရုံတင် မောင်းပါ.."
အန်ယောင်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ရင့်ရင့်သီးသီး ပြောလိုက်သည် ။
'သာမန်လူသား ဟုတ်လား..'
အန်ယောင်၏ စကားကို ကြားလိုက်ရသည့်အခါ အငှားယာဉ်မောင်း ဆွံ့အသွား၏။ သူ၏ စိတ်ထဲတွင်မူ လွန်ခဲ့သော လအနည်းငယ်ခန့်က သူ၏ ကားပေါ်သို့ တက်လာသော စုံတွဲကို ပြန်သတိရသွားသည် ။
ယခု လအနည်းငယ်မျှသာ ကြာမြင့်သေးသည် ဖြစ်ရာ ယနေ့ညတွင်လည်း ဤကဲ့သို့သော ထူးဆန်းလှသည့် အမျိုးသမီး ခရီးသည်တစ်ဦးနှင့် ထပ်မံ ဆုံတွေ့ရပြန်သည်။
'ကြည့်ရတာ နောက်ကျရင် ညဆိုင်းကို နည်းနည်းလောက် လျှော့မှ ဖြစ်တော့မယ် ထင်တယ်..'
တစ်ဖက်လူတွင် စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်ခုခု ရှိနေမည်ကို စိုးရိမ်မိသဖြင့် ယာဉ်မောင်းသည် ဘာစကားမှ ထပ်မပြောဝံ့တော့ဘဲ ပါးစပ်ကို ပိတ်၍ ကားကိုသာ ငြိမ်သက်စွာ မောင်းနှင်နေတော့သည်။
ကားစတင် ထွက်ခွာသွားသည့် တစ်ပြိုင်နက် ကား၏ နောက်ဘက် မှန်ပြင်ပေါ်သို့ အရိပ်မည်းတစ်ခုမှာ လျင်မြန်စွာ ကပ်တွယ်သွားသည်။
အန်ယောင်သည် စိတ်ထဲတွင် တစ်ခုခုကို ခံစားလိုက်ရသဖြင့် ခေါင်းကို ချက်ချင်း လှည့်ကြည့်လိုက်သော်လည်း ဘာမှ မရှိ။
'ငါ အာရုံမှားသွားတာများလား..'
သူမ၏ နောက်ဘက်တွင် တစ်ခုခု ရှိနေသည့် ခံစားချက်က ထင်ထင်ရှားရှား ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ကားလမ်းမထက်တွင် အရှိန်ဖြင့် မောင်းနှင်နေစဉ်အတွင်း ယင်းနွီသည် ကား၏ အမိုးပေါ်တွင် တိတ်ဆိတ်စွာ ထိုင်၍ လက်နှစ်ဖက်ဖြင့် သူမ၏ ဒူးကို ပိုက်ထားကာ ကားမောင်းနှင်ရာ လမ်းကြောင်း၏ ဆန့်ကျင်ဘက်သို့ မျက်နှာမူ၍ လိုက်ပါလာခဲ့တော့သည်။
Chapter 184
~
အခန်း ၁၈၄ : အင်မော်တယ်လောကမှ စစ်ကူများ..
~
တိတ်ဆိတ်ငြိမ်သက်သော တောအုပ်အတွင်း...
အန်ယောင်သည် ဘယ်ပြန်ညာပြန် ကြည့်ရှုစစ်ဆေးလိုက်ပြီး ဝန်းကျင်တွင် ဘယ်သူမျှမရှိကြောင်း သေချာမှသာ တောအုပ်အနက်ပိုင်းဆီသို့ လျှောက်သွားပြီး ကျယ်ဝန်းသော ကွင်းပြင်တစ်ခုသို့ ရောက်လာခဲ့သည်။
ထိုကွင်းပြင်အလယ်တွင် မရေမတွက် နိုင်အောင် အလွန်များပြားသော ဝိညာဥ်ကျောက်တုံးများက နူးညံ့သည့် စွမ်းအင်အလင်းတန်းများကို ထုတ်လွှတ်ကာ ကြီးမားသော အစီအရင်ကြီးတစ်ခု ဖော်ဆောင်ထား၏ ။ ထိုစက်ဝိုင်း၏ အလယ်ဗဟိုတည့်တည့်တွင် လူတစ်ရပ်ခန့် မြင့်မားသော ကျောက်ပြားကြီးတစ်ခု တည်ရှိနေသည်။
အန်ယောင်သည် အစီအရင်ထဲသို့ ဖြည်းဖြည်းချင်း ခြေလှမ်းလိုက်ပြီ ကျောက်ပြားပေါ်ရှိ ရှေးဟောင်းအက္ခရာများအားလုံး တစ်ခုပြီးတစ်ခု လင်းလက်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် သူမ၏ မျက်နှာထက်တွင် ဝမ်းမြောက်သောအပြုံးကို ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ချေ။
'ရှေးဟောင်း တယ်လီပို့အစီအရင်က နောက်ဆုံးတော့ စပြီးလှုပ်ရှားလာပြီပဲ..'
သူမသည် မေ့ကျီနှင့် အခြားလူများ၏နောက်သို့ တိတ်တဆိတ် လိုက်လာခဲ့ခြင်းမှာ မှန်ပါသော်လည်း သူမ ထွက်မလာခင်အချိန်ကတည်းက အင်မော်တယ်လောက၏ အကြီးအကဲကောင်စီထံသို့ အကျိုးအကြောင်း အစီရင်ခံထားခဲ့ဖူးသည်။
သူမအနေဖြင့် ဧကရီ၏ သတင်းအစအနများကို ရှာဖွေရန်အတွက် နတ်ဆိုးမျိုးနွယ်စုများ၏နောက်သို့ လိုက်လိုကြောင်း ကြားသိရသည့်အခါ အကြီးအကဲကောင်စီက သူမကို ကူညီပံ့ပိုးပေးနိုင်ရန်အတွက် ဤရှေးဟောင်း တယ်လီပို့ကျောက်ပြားကို အပ်နှင်းပေးလိုက်သည်။
ဤရှေးဟောင်း တယ်လီပို့ကျောက်ပြားဆိုသည်မှာ အတွဲလိုက် တည်ရှိနေခြင်း ဖြစ်သည်။ အကယ်၍ ကျောက်ပြားနှစ်ခုလုံးကို တစ်ပြိုင်နက်တည်း စတင်လှုပ်ရှားစေပါက နယ်နိမိတ်များကို လျစ်လျူရှု၍ တစ်ဖက်မှနေ၍ အခြားတစ်ဖက်ဆီသို့ တိုက်ရိုက် တည်နေရာရွှေ့ပြောင်းပေးနိုင်စွမ်း ရှိသည်။
တစ်နည်းအားဖြင့်ဆိုသော် ကမ္ဘာလောကတစ်ခုမှ အခြားကမ္ဘာလောကတစ်ခုဆီသို့ တည်နေရာရွှေ့ပြောင်းပေးခြင်းက ခက်ခဲသော ကိစ္စတစ်ခု မဟုတ်ချေ။
သူမ ဤကမ္ဘာသို့ ရောက်ရှိလာသည့် အချိန်ကတည်းက ဤနေရာတွင် ရှေးဟောင်း တယ်လီပို့အစီအရင်ကို တိတ်တဆိတ် တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။
ဤရှေးဟောင်း တယ်လီပို့ကျောက်ပြားကို အသက်သွင်းရန်အတွက် ကြီးမားသော ဝိညာဥ်ချီများ လိုအပ်၍ သူမ ယူဆောင်လာသော ဝိညာဥ်ကျောက်တုံးအားလုံးနီးပါးကို ဤအစီအရင်အတွင်းသို့ ထည့်သွင်းအသုံးပြုထားခဲ့ရသည်။
မူလက သူမသည် အင်မော်တယ်လောကဘက်မှ ရှေးဟောင်း တယ်လီပို့ကျောက်ပြားကို စတင်အသက်သွင်းမည့်အချိန်ကို စောင့်ဆိုင်းရန် စိတ်ကူးထားခဲ့ပြီး ထိုဘက်မှ စစ်ကူများ ရောက်ရှိလာသည့်အခါမှသာ သူတို့နှင့်အတူ ပူးပေါင်း၍ ဧကရီကို ကယ်တင်ရန် ကြံရွယ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရသော်လည်း တယ်လီပို့အစီအရင်ထံမှ ဘာလှုပ်ရှားမှုမှ ထွက်ပေါ်မလာခဲ့ချေ။ ထို့ကြောင့် သူမ စိုးရိမ်စိတ်လွန်ကဲလာခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းက တစ်ဦးတည်း စတင်လှုပ်ရှားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
တော်သေးသည်မှာ ယခုအခါတွင်မူ အင်မော်တယ်လောကဘက်ရှိ ရှေးဟောင်း တယ်လီပို့အစီအရင်မှာ နောက်ဆုံး၌ အသက်ဝင်လာခဲ့လေပြီ ။
"ဝုန်း..."
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ရှေးဟောင်း တယ်လီပို့ကျောက်ပြား၏ အောက်ခြေရှိ အစီအရင်ကြီးမှာ အထက်သို့ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားပြီး ကောင်းကင်ယံသို့ တောက်ပသော အလင်းတိုင် ကို ပစ်လွှတ်လိုက်သည် ။
အန်ယောင်က အစီအရင်အတွင်းမှ အပြင်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်ပြီး သူမအရှေ့ရှိ အလင်းတိုင်ကြီးကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေလေ၏။
များမကြာမီပင် ထိုစွမ်းအင်အလင်းတန်းများနှင့် အရိပ်များကြားမှ လူရိပ်အချို့ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
စုစုပေါင်း လူဦးရေ တစ်ဆယ့်တစ်ယောက် ရှိပေသည်။ အရှေ့ဆုံးမှ ဦးဆောင်လာသော အမျိုးသားမှာ ထည်ဝါလှသော ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားပြီး မျက်နှာသွယ်လျကာ ခါးတွင်မူ ကြာပွတ်ရှည်တစ်ချောင်းကို ချိတ်ဆွဲထားသည်။
သူ၏ နောက်ကွယ်တွင်မူ တည်ငြိမ်ပြီး ပညာရှိဆန်သောအသွင်ရှိသည့် အမျိုးသားလေးဦးက ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ကြသည်။
ထိုလူလေးဦး၏ ဝတ်ဆင်ထားသော ပုံစံများမှာ မတူညီကြသော်လည်း တစ်ဦးချင်းစီတွင် သူတို့၏ သီးသန့်ထူးခြားချက်များ ရှိနေကြ၏။ တစ်ဦးမှာ အဖြူအမည်းရောင် ပညာရှိဝတ်ရုံကို ဝတ်ဆင်ထားခဲ့ပြီး၊ တစ်ဦးမှာ တောင်တန်းနှင့် ရေမြေပန်းချီကားများ ရေးဆွဲထားသော ဝတ်ရုံကို ဝတ်ဆင်ထားခဲ့ကာ၊ အခြားတစ်ဦးမှာမူ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်၍ လက်ထဲတွင် ပုလွေတစ်ချောင်းကို ကိုင်ဆောင်ထားသည် ။ နောက်ဆုံးတစ်ဦးမှာမူ ကချေသည်တစ်ဦးကဲ့သို့ ရှည်လျားလှသော ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။
ထိုလူလေးဦး၏ နောက်တွင်မူ ဆွဲဆောင်မှုရှိပြီး ညှို့ဓာတ်ပြင်းသော အမျိုးသမီးတစ်ဦး၊ ကြောင်နားရွက်နှင့် အမြီးလေး ရှိနေသော ကိုယ်လုံးသေးသေး မိန်းကလေးငယ်တစ်ဦးနှင့် တောင်ငယ်တစ်လုံးအလား ကြီးမားထွားကျိုင်းလှသော မျက်မမြင် အမျိုးသားတစ်ဦးတို့ လိုက်ပါလာခဲ့ကြသည်။
နောက်ဆုံးကျန်ရှိနေသော လူသုံးယောက်က ဝတ်ရုံနက်ကြီးများ ဝတ်ဆင်ကာ ခေါင်းငုံ့ထားကြသဖြင့် လျှို့ဝှက်ဆန်းကြယ်သော အသွင်ဆောင်နေသည်။
"အရှင်ရှောင်... ဘာဖြစ်လို့ အရှင်ကိုယ်တိုင် အရောက်လာခဲ့ရတာလဲ..."
"ပြီးတော့... နန်းတော်ရဲ့ သခင်လေး လေးယောက်လည်း ပါလာခဲ့တာပဲ..."
ရောက်ရှိလာသော လူများကို မြင်တွေ့လိုက်ရသည့်အခါ အန်ယောင် အံ့သြသွား၏ ။
အရှေ့မှ ဦးဆောင်လာသော လူမှာ ရှောင်ယီ သို့မဟုတ် အရှင်ရှောင် ဟု ခေါ်ဆိုကြသော အင်မော်တယ်လောက၏ တရားစီရင်ရေးဌာနတွင် ပြစ်ဒဏ်ပေးခြင်း တာဝန်ကို အဓိက ထမ်းဆောင်နေရသော ကွပ်မျက်သူ ဖြစ်ပေသည် ။
သူသည် အစဉ်အမြဲပင် ဥပဒေကို တိကျစွာ လိုက်နာဆောင်ရွက်တတ်ပြီး ဘယ်သောအခါမျှ ညှာတာလွှတ်ငြိမ်းပေးခြင်း မရှိချေ။ တစ်ဦးတစ်ယောက်က အင်မော်တယ်လောက၏ စည်းကမ်းချက်များကို ချိုးဖောက်ဝံ့ကြောင်း တွေ့ရှိရသည်နှင့် တပြိုင်နက် မည်သည့်ကရုဏာမျှမရှိဘဲ ပြတ်သားစွာ အရေးယူတတ်သည်။
သူ့အနေဖြင့် ဤကဲ့သို့သော စွမ်းဆောင်ရည်မျိုး ရှိနေရခြင်း၏ အဓိက အကြောင်းရင်းမှာ သူ၏ ခွန်အားကြောင့်ပင် ။
သူသည် အင်မော်တယ်ဧကရာဇ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိထားသူဖြစ်ရာ အင်မော်တယ်လောကတစ်ခုလုံးကို ခြုံငုံကြည့်ရှုလိုက်ပါက သူ့ကို ဆန့်ကျင်ဝံ့သူဟူ၍ လက်ချိုးရေ၍ ရသည်။
သူ၏ နောက်ကွယ်တွင် လိုက်ပါလာကြသူများမှာ အင်မော်တယ်လောက၏ ဂိုဏ်းကြီး လေးခုမှ မဟာပါရမီရှင် လေးဦးအဖြစ် ကျော်ကြားကြသူများ ဖြစ်ကြသည်။ အင်မော်တယ်စစ်တုရင်ဂိုဏ်း၏ သခင်လေး ချီဟန်၊ ပန်းချီဂိုဏ်း၏ သခင်လေး မော့ရန်၊အင်မော်တယ်ဂီတဂိုဏ်း၏ သခင်လေး လဲ့ယီနှင့် အင်မော်တယ်ကကြိုးဂိုဏ်း၏ သခင်လေး ဝူကျိ တို့ ဖြစ်ကြသည်။
ဤလေးယောက်သည် အလွန်ထူးချွန်သော ပါရမီရှင်များ ဖြစ်ကြပြီး အင်မော်တယ်ဧကရာဇ်အဆင့်သို့ ရောက်ရှိနေသည်မှာ ကြာလေပြီ။ သူတို့သည် အင်မော်တယ်လောက၏ ကြီးမားသော ဂိုဏ်းကြီးလေးခုထဲမှ မျိုးဆက်သစ်လူငယ်များအကြား အင်အားအကောင်းဆုံးလူများ ဖြစ်ကြသည့်အပြင် ဂိုဏ်းအသီးသီး၏ အနာဂတ် ဆက်ခံသူများလည်း ဖြစ်ကြသည်။
"ဧကရီလုံယွဲ့ကို နန်းတော်ဆီ ပြန်လည် ပို့ဆောင်နိုင်ဖို့ အရမ်း အရေးကြီးတယ်.... အဲ့ဒါကြောင့် အကြီးအကဲကောင်စီက ငါ့ကို လူတွေခေါ်ပြီး နင့်ကို ကူညီပေးဖို့ အမိန့်ပေးလိုက်တာ.."
ရှောင်ယီက တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်ပြီးနောက် ဘေးပတ်ပတ်လည်ရှိ တောအုပ်ကို ကြည့်လိုက်ပြီး မျက်မှောက်ကြုတ်လိုက်၏။
"ဒီနေရာက ဧကရီ ကျဆင်းခဲ့တဲ့ ကမ္ဘာလောကလား..."
"ဝိညာဥ်ချီ လုံးဝ မရှိတဲ့အပြင် လေထုထဲမှာလည်း ညစ်ညမ်းတဲ့အရာတွေနဲ့ ပြည့်နေတယ်... လေထုအရည်အသွေးက တကယ်ကို စိတ်ပူစရာပဲ.."
"မှန်ပါတယ် အရှင်ရှောင်... ဧကရီက လက်ရှိ ဒီလောကထဲမှာ ရှိနေပေမဲ့..."
အန်ယောင် ရပ်သွားပြီး မျက်နှာထက်တွင် တွန့်ဆုတ်နေဟန် ပေါ်လာသည် ။
ဧကရီက နတ်ဆိုးအရှင်နှင့် အတူတူ ရှိနေသည်ကို ရှောင်ယီထံသို့ ပြောသင့် မပြောသင့် ဝေခွဲမရ တော့ပေ ။
ရှောင်ယီသည် စည်းကမ်းချက်များအတိုင်း တိကျစွာ လုပ်ဆောင်တတ်သူဖြစ်ပြီး အင်မော်တယ်လောက၏ ဥပဒေများကို အရာရာတိုင်းထက် ပို၍ တန်ဖိုးထားသူ ဖြစ်သည်။ ဧကရီနှင့် နတ်ဆိုးအရှင်တို့ အတူတူ ရှိနေခြင်းမှာ အင်မော်တယ်လောက၏ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်၏။ အကယ်၍ သူ သိသွားလျှင် ဧကရီလုံယွဲ့ကိုပါ အပြစ်ပေးရန်အတွက် တောင်းဆိုပေလိမ့်မည်။
"ဒါပေမဲ့ ဘာဖြစ်လို့လဲ... ကိစ္စရှိရင်လည်း တိုက်ရိုက်ပြောစမ်း... စကားကို ရပ်မထားနဲ့.."
အန်ယောင် စကားကို အဆုံးထိ မပြောဘဲ ရပ်တန့်နေသဖြင့် ရှောင်ယီ မကျေမနပ် ဖြစ်သွား၏ ။
အန်ယောင် အကြိမ်ကြိမ် တွန့်ဆုတ်နေပြီးမှ လက်ရှိ အခြေအနေအားလုံးကို အမှန်အတိုင်း အသေးစိတ် ပြောပြလိုက်ရတော့သည် ။
"ဘာဖြစ်တယ်... နင်ပြောတာက ဧကရီလုံယွဲ့နဲ့ နတ်ဆိုးအရှင်က အတူတူ ရှိနေကြတာ ဟုတ်လား..."
ရှောင်ယီနှင့် အခြားလူများအားလုံးမှာ အလွန် ထိတ်လန့်တုန်လှုပ် သွာ၏။
"မှန်ပါတယ်..."
အန်ယောင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် လုံယွဲ့ဘက်မှ ကာကွယ်လိုက်သည် ။
"အရှင်ရှောင်... ဧကရီလုံယွဲ့က နတ်ဆိုးအရှင်ရဲ့ လှည့်စားခြင်းကို ခံလိုက်ရတာပါ... ပြီးတော့ ဧကရီရဲ့ ဝိညာဥ်ချီအားလုံး ဆုံးရှုံးထားခဲ့ရလို့ မတတ်သာတဲ့ အခြေအနေအောက်မှာ နတ်ဆိုးမျိုးနွယ်စုတွေရဲ့ ထောင်ချောက်ထဲကို ကျဆင်းသွားခဲ့ရတာပါ.."
"ဟမ့်.. ဘာပဲဖြစ်ဖြစ် ဧကရီလုံယွဲ့က ငါတို့ အင်မော်တယ်လောကရဲ့ ဧကရီတစ်ပါး အနေနဲ့ အင်မော်တယ်လောကရဲ့ ဂုဏ်သိက္ခာကို အသက်နဲ့လဲပြီး ကာကွယ်ရမှာပေါ့... သူ ဘယ်လိုလုပ်ပြီး နတ်ဆိုးတွေနဲ့ အတူနေရဲရတာလဲ.. "
"အင်မော်တယ်လောကရဲ့ ဥပဒေရဲ့ စည်းမျဥ်းတွေအရ... ဧကရီလုံယွဲ့ ဖြစ်နေလည်း.. နတ်ဆိုးမျိုးနွယ်စုတွေနဲ့ ပူးပေါင်းနေမယ်ဆိုရင် အပြစ်ရှိတယ်.."
ရှောင်ယီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ မျက်နှာထက်ရှိ ထိတ်လန့်မှုများမှာ ပြင်းထန်သော ဒေါသအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။
ဧကရီက နတ်ဆိုးအရှင်နှင့် အတူရှိနေမည်ဟု သူဘယ်တုန်းကမှ မစဥ်းစားခဲ့ဖူးပေ ။
ဤကိစ္စ အင်မော်တယ်နတ်ဆိုးတိုက်ကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့မည်ဆိုပါက အင်မော်တယ်မျိုးနွယ်စုများအနေဖြင့် နတ်ဆိုးမျိုးနွယ်စုများအရှေ့တွင် မည်သို့လျှင် ခေါင်းမော့နိုင်ပါတော့မည်နည်း။
ဤသည်က အင်မော်တယ်မျိုးနွယ်စုတစ်ခုလုံးကို စော်ကားခြင်းပင် ဖြစ်သည်။ အင်မော်တယ်လောက၏ ဥပဒေများနှင့် စည်းမျဥ်းများကို မထီမဲ့မြင် ပြုခြင်းဖြစ်သည် ။
"အရှင်ရှောင်..."
အန်ယောင်သည် ဆက်၍ ရှင်းပြလိုသော်လည်း ရှောင်ယီက လက်ကို မြှောက်ပြလိုက်ပြီး...
"နင် ဘာမှ ထပ်ပြီး ပြောစရာမလိုတော့ဘူး... ဘယ်လိုပဲဖြစ်ဖြစ် ဧကရီလုံယွဲ့က နတ်ဆိုးအရှင်နဲ့ အတူတူ ရှိနေတာက အမှန်တရားပဲ.."
"ဒါပေမဲ့ ငါကိုယ်တိုင်လည်း ဧကရီလုံယွဲ့ကို အပြစ်ပေးပိုင်ခွင့် မရှိဘူး... အင်မော်တယ်လောကရဲ့ ဥပဒေတွေအရဆိုရင် ဧကရီလုံယွဲ့ကို အင်မော်တယ်လောကဆီ ပြန်ခေါ်သွားရမယ်... ပြီးမှ အကြီးအကဲကောင်စီရဲ့ စီရင်ချက်ကို ခံယူခိုင်းပြီးမှ ဆုံးဖြတ်ချက် ချရမှာ .."
"ဟုတ်ကဲ့ပါ..."
ရှောင်ယီက ဤမျှအထိ ပြတ်သားလွန်းနေသဖြင့် အန်ယောင် မတတ်သာဘဲ ခေါင်းညိတ်လက်ခံလိုက်ရတော့သည်။
ဧကရီလုံယွဲ့သည် အင်မော်တယ်လောကအတွင်း၌ ဂုဏ်သတင်းကြီးမားပြီး သြဇာရှိသူတစ်ဦး ဖြစ်သည့်အတွက် သူမကို အကြီးအကဲကောင်စီထံသို့ ပြန်ပို့ပြီး တရားစီရင်လျှင်ပင် ဘာအန္တရာယ်မှ ရှိနိုင်မည် မဟုတ်ချေ။
လက်ရှိ အရေးကြီးဆုံးသော တာဝန်မှာ ဧကရီလုံယွဲ့ကို နတ်ဆိုးအရှင်၏ လက်ထဲမှ အမြန်ဆုံး ကယ်တင်နိုင်ရန်နှင့် သူတို့၏ အစစ်အမှန် အမိမြေဖြစ်သော အင်မော်တယ်နတ်ဆိုးတိုက်ကြီးဆီသို့ ပြန်လည် ခေါ်ဆောင်သွားနိုင်ရန်သာ ရှိတော့ပေသည်။
"လက်ရှိ နတ်ဆိုးအရှင်ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်အထိ ရှိနေသေးလဲ.."
ရှောင်ယီက တည်ငြိမ်သော လေသံဖြင့် မေးလိုက်သည်။
ဧကရီ၏ အရေးကိစ္စနှင့် နှိုင်းယှဉ်လိုက်ပါက ဤအချက်ကသာ လက်ရှိအချိန်တွင် သူ့ကို စိုးရိမ်ပူပန်စေသည်။
လူအများကြီး ခေါ်လာခဲ့သော်လည်း နတ်ဆိုးအရှင်ကို ရင်ဆိုင်ရန် ယုံကြည်မှု မရှိပေ။
"အရှင်ရှောင်... ကျွန်မ နတ်ဆိုးအရှင်နဲ့ တစ်ကြိမ် ရင်ဆိုင်ခဲ့ဖူးပါတယ်... လက်ရှိ နတ်ဆိုးအရှင်ရဲ့ ကျင့်ကြံမှုက အရင်ကထက် ဆယ်ပုံပုံရင် တစ်ပုံတောင် မရှိတော့ပါဘူး..."
"ပြီးတော့ နတ်ဆိုးလောကရဲ့ စစ်သူကြီး လေးယောက်ကလည်း ဟင်းလင်းပြင်ကို ကျော်ဖြတ်ဖို့ ဝိညာဥ်ချီ ကုန်လုနီးပါးပါပဲ.."
အန်ယောင်က လေးနက်စွာ ပြောလိုက်သည်။
"အကောင်းဆုံးပဲ.."
ထိုစကားကို ကြားရသည့်အခါမှသာ ရှောင်ယီ၏ နှလုံးသားထဲရှိ စိုးရိမ်ပူပန်မှုများမှာ ချက်ချင်းပင် လျော့ပါးသွားတော့သည်။
အကယ်၍သာ နတ်ဆိုးအရှင်နှင့် နတ်ဆိုးစစ်သူကြီး လေးယောက်သည် သူတို့၏ အထွတ်အထိပ် ကျင့်ကြံမှုအဆင့် ရှိနေသေးမည်ဆိုပါက ရှစ်ယောက်လုံး ပေါင်းတိုက်လျှင်ပင် နိုင်ရန် အခွင့်အရေး မရှိချေ ။
ယခုမူ အသင့်တော်ဆုံး အချိန် ဖြစ်နေ၏။
"အရှင်ရှောင်... အချိန် မဆွဲဘဲ နတ်ဆိုးတွေကို သတ်ဖို့ ချက်ချင်း လှုပ်ရှားကြမလား .. "
ချီဟန်က ရှေ့သို့ တိုးလာပြီး အကြံပြုလိုက်သည်။
ရှောင်ယီက ခဏတာ စဥ်းစားပြီးနောက် ခေါင်းခါလိုက်ပြီး ...
"ဒါက အဆင်မပြေသေးဘူး.."
"နတ်ဆိုးအရှင်ရဲ့ ကျင့်ကြံမှုအဆင့်က အရင်ကလောက် မသန်မာတော့ဘူးဆိုတာ မှန်ပေမယ့် သူ့ ဘေးနားမှာ နတ်ဆိုးစစ်သူကြီး လေးယောက် ရှိနေသေးတယ်... အခုအချိန်မှာ မသင့်တော်သေးဘူး .."
"သူတို့ တစ်ယောက်ချင်းစီ ခွဲထွက်သွားမယ့်အချိန်ကို စောင့်ကြတာပေါ့... ပြီးမှ တစ်ယောက်ချင်းစီ လိုက်သတ်ရမယ်.."
ရှောင်ယီနှင့် အခြားလူများ စကားပြောနေစဉ်အတွင်း တောအုပ်၏ မှောင်မိုက်သော ထောင့်တစ်နေရာတွင် ယင်းနွီသည် သစ်ပင်ကြီးတစ်ပင်ကို မှီ၍ ဒူးနှစ်ဖက်ကို လက်ဖြင့် ပိုက်ထားပြီး အမူအရာကင်းမဲ့စွာ ထိုင်နေ၏ ။