အခန်း (၁၈၅-၁၈၆)
Vol. 19 Ch. 185-186
Chapter 185
~
အခန်း ၁၈၅ : လင်းဖန် ဖောက်ပြန်နေပြီ..
~
နောက်တစ်နေ့ မနက်ခင်းတွင် ကျိုးယန်သည် လမ်းဘေးတစ်နေရာ၌ ကားရပ်ကာ ကြော်ထားသော မုန့်ညက်ကို ကိုက်ရင်း ပဲနို့သောက်နေသည်။ ထိုစဉ် သူ မော့ကြည့်လိုက်ရာ ရင်းနှီးနေသော ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရ၏။
မဝေးလှသောနေရာတွင် လျှပ်စစ်စကူတာအသေးလေးတစ်စီးကို စီးနင်းကာ သူ့ကားရှေ့မှ ဖြတ်မောင်းသွားသော ယင်းနွီကို တွေ့လိုက်ရခြင်းပင်။
'ဒါ လင်ဖန်းရဲ့ အိမ်ဖော်မလေး မဟုတ်ဘူးလား.. မနက်စောစောစီးစီး အစားအသောက်တွေ လိုက်ပို့နေတာလား..'
ကျိုးယန်သည် ယင်းနွီကို ချက်ချင်းမှတ်မိသွားပြီး မုန့်ကို ဆက်ဝါးရင်း သူမကို စပ်စုသော မျက်လုံးများဖြင့် စောင့်ကြည့်နေမိသည်။
ထိုအချိန်တွင် ယင်းနွီသည် ဟိုတယ်တစ်ခုရှေ့၌ စကူတာကိုရပ်ကာ အထဲသို့ တည့်တည့်မတ်မတ် လျှောက်ဝင်သွား၏။
ဒလီဘာရီဝန်ထမ်းတစ်ဦးအနေဖြင့် ဟိုတယ်အမျိုးမျိုးသို့ ဝင်ထွက်ရခြင်းမှာ ပုံမှန်ပင်ဖြစ်သော်လည်း ထူးဆန်းသည်မှာ သူမတွင် မည်သည့်အစားအသောက်ဗူးမျှ ပါမလာခြင်း ဖြစ်သည်။
မကြာမီမှာပင် လင်ဖန်းသည်လည်း ထိုဟိုတယ်ထဲသို့ လျှောက်ဝင်သွားသည်ကို တွေ့လိုက်ရပြန်သည်။
'ဟမ်... ဒါက မဟုတ်သေးဘူးလေ..'
ကျိုးယန်သည် သူ့မျက်စိမှားသည်ဟု ထင်မှတ်သဖြင့် လည်ပင်းကိုဆန့်ကာ မျက်လုံးများကို ပွတ်သပ်၍ သေချာစွာ ကြည့်လိုက်သည်။ လင်ဖန်း ဖြစ်ကြောင်း အတည်ပြုပြီးနောက် သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။
'လင်ဖန်းကော ဘာလို့ အဲဒီထဲ ဝင်သွားတာလဲ..'
သာမန်ဟိုတယ်တစ်ခုဆိုလျှင် တစ်မျိုးဖြစ်သော်လည်း ယခုဟိုတယ်မှာ ချစ်သူစုံတွဲများအတွက် သီးသန့်ရည်ရွယ်ထားသည့် အချစ်ဟိုတယ် ဖြစ်နေသည်။ ဝင်ထွက်သွားလာနေသူအားလုံးမှာ စုံတွဲများဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
ယင်းနွီနှင့် လင်ဖန်း ၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် တစ်ယောက်ပြီးတစ်ယောက် အချစ်ဟိုတယ်ထဲသို့ ဝင်သွားကြရာ ၎င်းတို့ဘာလုပ်နေကြသည်ကို မည်သူမဆို ခန့်မှန်းနိုင်ပေသည်။
'ဒါ... ငါ ဘာလုပ်ရမလဲ..'
'မမြင်ချင်ယောင်ဆောင်နေလိုက်ရမလား..'
'ဒါပေမဲ့ အဲဒါက မရီးအတွက် မတရားလွန်းရာ ရောက်လိမ့်မယ်..'
'ဒါမှမဟုတ် မရီးကို သွားပြောပြရမလား..'
'အဲလိုကျတော့လည်း ငါ့ညီအစ်ကိုအပေါ် သစ္စာဖောက်သလို ဖြစ်နေဦးမယ်..'
ကျိုးယန်သည် ကားရှေ့ကွန်ဆိုးလ်ခုံကို လက်ချောင်းများဖြင့် တတောက်တောက်ခေါက်ရင်း စိတ်လှုပ်ရှားမှုနှင့် ရှုပ်ထွေးမှုများ ရောပြွန်းနေသည်။
သူ၏ အားကိုးရသော ညီအစ်ကိုကောင်းတစ်ယောက်က တစ်နေ့တွင် ယခုကဲ့သို့ ပြုလုပ်လိမ့်မည်ဟု သူ ဘယ်တုန်းကမျှ မျှော်လင့်မထားခဲ့ဖူးပေ။ ထိုသို့ ပြုလုပ်လျှင်ပင် အနည်းဆုံးတော့ ပိုမိုသတိထားသင့်သည်။ ယခုမူ သူနှင့် တည့်တည့်တိုးနေ၏။
"အို... လင်းဖန်... လင်းဖန်... မင်း ဘယ်လိုဖြစ်ပြီး ဒီလိုအမှားမျိုး လုပ်မိရတာလဲ.."
ကျိုးယန်သည် ခေါင်းကို ကုတ်ရင်း တွန့်ဆုတ်နေမိပြီးနောက် တစ်ဦးဦးနှင့် တိုင်ပင်ရန် ဆုံးဖြတ်ကာ လုကျိုက်ထံသို့ ချက်ချင်း ဖုန်းဆက်လိုက်သည်။
"အာကျိုက်... မြန်မြန်လာခဲ့ဦး... ကိစ္စအကြီးအကျယ် ဖြစ်နေပြီ.."
"ဘာမှ လျှောက်မမေးနဲ့... အခုချက်ချင်း ဒီကို လာခဲ့.."
မကြာမီအချိန်အတွင်းမှာပင် လုကျိုက်သည် ကားမောင်း၍ ရောက်ရှိလာသည်။
"ဘာကိစ္စလဲ...ဘာလို့ အဲလောက်တောင် အရေးတကြီး ဖြစ်နေရတာလဲ.."
လုကျိုက်သည် ကျိုးယန်၏ကားထဲတွင် ဝင်ထိုင်ရင်း မကျေမနပ်ဖြင့် ညည်းညူလိုက်သည်။
သူ အိပ်ကောင်းခြင်း အိပ်နေစဉ် ကျိုးယန်၏ ဖုန်းခေါ်ဆိုမှုကြောင့် လန့်နိုးလာရခြင်း ဖြစ်သည်။ မည်သည့်အရာက ထိုမျှအရေးကြီးနေသည်ကိုလည်း မသိရဘဲ အမြန်လာရန်သာ အတင်းအကျပ် အော်ဟစ်နေခဲ့သည်။
"အားကျိုက်.."
ကျိုးယန်သည် လုကျိုက်ကို လေးနက်စွာ ခေါ်လိုက်ပြီးနောက် တုန်လှုပ်ဖွယ်ရာ စကားတစ်ခွန်ကို ပြောလိုက်သည်။
"လင်းဖန် ဖောက်ပြန်နေပြီ.."
လုကျိုက်..."... "
လုကျိုက် မှင်သက်သွားပြီးနောက် မအောင့်နိုင်ဘဲ အော်ဟစ်ရယ်မောလိုက်တော့သည်။
"ဟားဟားဟား... ယန်ဇီ... မင်း ဘာတွေ လျှောက်ပြောနေတာလဲ... လင်းဖန်က ဘယ်လိုလူစားမျိုးလဲဆိုတာ မင်းလည်း သိတာပဲ... သူက ဖောက်ပြန်တဲ့လူတွေကို အမုန်းဆုံးလေ... အဲလိုလူက ဘယ်လိုလုပ်ပြီး ကိုယ်တိုင် ဖောက်ပြန်မှာလဲ.."
"အမှန်ပဲ... ငါလည်း မယုံချင်ဘူး... ဒါပေမဲ့ ငါ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာ..."
"မင်းမျက်စိနဲ့ မြင်ခဲ့တာ ဟုတ်လား... ဘာကို မြင်တာလဲ.."
လုကျိုက်၏ အမေးကြောင့် ကျိုးယန်သည် မလှမ်းမကမ်းရှိ အချစ်ဟိုတယ်ကို လက်ညှိုးထိုးပြလိုက်သည်။
"ခုနတင် လင်ဖန်နဲ့ သူ့အိမ်ဖော်မလေး... အမြဲတမ်း ကြောင်တောင်တောင် ဖြစ်နေတဲ့ ကောင်မလေးလေ... အဲဒီဟိုတယ်ထဲကို တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြတာ.."
"အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က စီးပွားရေးအကြောင်း ဆွေးနွေးဖို့ အချစ်ဟိုတယ်ထဲ ဝင်သွားကြတယ်လို့တော့ မင်း မပြောလောက်ဘူးမလား.."
လုကျိုက်.."... "
လုကျိုက် မျက်မှောင်ကြုတ်၍ စဉ်းစားနေပြီး ချေပရမည့် စကားလုံး ရှာမတွေ့ ဖြစ်သွားသည်။
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အချစ်ဟိုတယ်သို့ အတူဝင်သွားခြင်းမှာ အမှန်ပင် အထင်လွဲစရာ ကောင်းလှပေသည်။
"ယန်ဇီ... မင်းပြောတာက တစ်ဖက်ကကြည့်ရင် ဟုတ်သလိုလို ရှိပေမဲ့ နောက်တစ်ဖက်ကကြည့်ရင်တော့ မဟုတ်နိုင်သေးဘူး.."
"လူလိုသူလို ရှင်းရှင်းပြောစမ်းပါ.."
"စဉ်းစားကြည့်လေ... မရီးက အရမ်းလှတယ်... နူးညံ့ပြီး သိတတ်နားလည်ပေးရှာတယ်... လင်းဖန်က ဘာလို့ ဖောက်ပြန်ပြီး မရီးကို သစ္စာဖောက်ရမှာလဲ... အကြောင်းပြချက် မရှိဘူးလေ.."
လုကျိုက် ရှုပ်ထွေးနေပြီး သူ၏ သံသယကို ထုတ်ဖော်ပြောလိုက်သည်။
ကျိုးယန်က သူ့ကို မျက်စောင်းထိုးပြီး ဆွံအ သွား၏။
"အဲလိုပြောရရင် မင်းကိုယ်တိုင်လည်း မကြာခဏဆိုသလို Waifu တွေ လဲနေတာ မဟုတ်ဘူးလား.."
လုကျိုက်... "... "
ထိုစကားတစ်ခွန်းကြောင့် လုကျိုက်ဆွံ့အသွား၏။ ထိုအချက်ကိုမူ သူ အမှန်ပင် ငြင်းချက်ထုတ်၍ မရနိုင်။
"စကားပုံ ရှိတယ်မလား... အိမ်ကပန်းက တောပန်းလောက် မမွှေးဘူးဆိုတာ.."
"တူညီတဲ့အရာကိုပဲ အမြဲစားနေရင် ရိုးအီသွားပြီး အရသာအသစ်အဆန်းကို မြည်းစမ်းချင်ကြတာ သဘာဝပဲမလား... ဒါကလည်း အဲဒီသဘောတရားပဲလေ.."
"ဒါ့အပြင် အဲဒီမိန်းကလေးက လင်းဖန်ရဲ့ လက်အောက်ငယ်သား ဖြစ်နေတယ်... ငါ ရုပ်ရှင်တွေ အများကြီးကြည့်ဖူးတဲ့ သက်တမ်းအရ အခုလို အထက်လူကြီးနဲ့ လက်အောက်ငယ်သားကြားမှာ ဖောက်ပြန်မှုတွေ ဖြစ်ဖို့ အလွယ်ဆုံးပဲ.."
ကျိုးယန်သည် တည်ကြည်သော မျက်နှာပေးဖြင့် ပြောနေပြီး စကားပြောလေလေ သူ၏ သုံးသပ်ချက်မှာ မှန်ကန်သည်ဟု ခံစားရလေလေဖြစ်ကာ လင်းဖန် ဖောက်ပြန်နေသည်ဟူသော အချက်ကို ပိုမို အကြွင်းမဲ့ ယုံကြည်သွားသည်။
လုကျိုက် ဆွံ့အ သွားရပြန်သည်။
"မင်း လူကြီးကြည့်တဲ့ ရုပ်ရှင်တွေထဲက အရာတွေကို လက်တွေ့ဘဝထဲ ဆွဲမသွင်းပါနဲ့လား.."
"ချီးလား... ရုပ်ရှင်ဆိုတာ လက်တွေ့ဘဝကနေ လာတာကွ... မင်း နားမလည်ဘူးလား.."
ကျိုးယန် အလေးအနက် ပြောလိုက်သည်။
လုကျိုက်အနေဖြင့် ပြန်လည်ငြင်းခုံရန် အင်အားမရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် လင်းဖန်နှင့် ယင်းနွီတို့ အချစ်ဟိုတယ်ထဲသို့ အတူဝင်သွားကြသည့် အချက်မှာ သူတို့မျက်စိရှေ့မှောက်တွင် ရှိနေသောကြောင့် ဖြစ်သည်။
"ဒါဆို ငါတို့ အခု ဘာလုပ်ကြမလဲ... ပြန်ပြီး မရီးကို သွားပြောရမလား.."
"ဘယ်လိုလုပ် အဲလိုလုပ်လို့ ရမှာလဲ.."
ကျိုးယန်က တုံ့ဆိုင်းခြင်းမရှိဘဲ ကန့်ကွက်လိုက်သည်။
"ငါတို့က မရီးကို သွားပြောရင် လင်းဖန်ကို သစ္စာဖောက်ရာ ရောက်မသွားဘူးလား... ပြီးတော့ မရီးလည်း အရမ်းဝမ်းနည်းသွားလိမ့်မယ်.."
"ဒါဆို ဘာလုပ်ရမှာလဲ.."
"ငါသာ ဘာလုပ်ရမှန်းသိရင် မင်းကို ဖုန်းခေါ်ပြီး တိုင်ပင်နေပါဦးမလား.."
သူတို့နှစ်ဦးသည် ကားထဲတွင် အတူထိုင်ပြီး အချစ်ဟိုတယ်၏ ဝင်ပေါက်ကို တိတ်ဆိတ်စွာ စိုက်ကြည့်ကာ နှုတ်ဆိတ်သွားကြသည်။
ယခင်က လင်းဖန်၏ ရည်းစားဟောင်း ဖောက်ပြန်စဉ်ကမူ ညီအစ်ကိုများအနေဖြင့် လင်ဖန်းကို တုံ့ဆိုင်းခြင်းမရှိဘဲ ပြောပြနိုင်ခဲ့ကြသည်။ သို့သော် ယခုအခြေအနေက ပြောင်းပြန်ဖြစ်နေပြီး လင်းဖန်ကိုယ်တိုင် ဖောက်ပြန်နေခြင်း ဖြစ်သောကြောင့် ညီအစ်ကိုကောင်းများအဖြစ် မကြုံစဖူး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
တိတ်ဆိတ်မှု အတန်ကြာပြီးနောက် ကျိုးယန်က အကြံပြုလိုက်သည်။
"သူတို့ အထဲက ထွက်လာတာကို အရင် စောင့်ကြည့်ရအောင်.."
"သူငယ်ချင်းတွေအနေနဲ့... ပိုပြီးတော့...ညီအစ်ကိုတွေအနေနဲ့... ငါတို့မှာ လင်းဖန်ကို ဆုံးမပြီး လမ်းမှန်ပေါ် ပြန်ခေါ်ရမယ့် တာဝန်ရှိတယ်.."
"မှတ်ထားနော်... ဒီကိစ္စက မင်းနဲ့ ငါ့ကြားမှာပဲ ရှိရမယ်... တခြားဘယ်သူမှ လုံးဝ မသိစေနဲ့... မရီးကိုလည်း သွားမပြောရဘူး.."
"အင်း.."
လုကျိုက်က ပြတ်သားသော မျက်လုံးများဖြင့် ခေါင်းညိတ်လိုက်သည်။
သူတို့ မသိရှိသည်မှာ သူတို့၏ ကားတံခါးအပြင်ဘက်တွင် လူတစ်ဦးသည် ဆောင့်ကြောင့်ထိုင်၍ သူတို့ပြောသမျှ စကားလုံးတိုင်းကို ကြားနေရခြင်း ဖြစ်သည်။
ထိုသူမှာ အခြားသူမဟုတ်ဘဲ တစ်ညလုံး လမ်းလျှောက်လာပြီး အိမ်ပြန်ရန် ပြင်ဆင်နေသည့် အန်ယောင် ဖြစ်သည်။
ဝေးလံသော တောတောင်ထူထပ်သည့် ဒေသဖြစ်ပြီး မနက်စောစောစီးစီး ဖြစ်သောကြောင့် တက္ကစီ ငှားရမ်း၍မရဘဲ ခြေကျင်သာ တစ်လှမ်းချင်း ပြန်လာခဲ့ရသဖြင့် ညဉ့်နက်ပိုင်းအချိန် အတော်များများကို ကုန်ဆုံးခဲ့ရသည်။
ထိုနေရာမှ ဖြတ်သန်းသွားစဉ် အနားယူနေခိုက် ပုန်းလျှိုးကွယ်လျှိုး လုပ်ဆောင်နေသော ကျိုးယန်နှင့် လုကျိုက်တို့ကို တွေ့ရှိကာ သူတို့၏ စကားဝိုင်းကို မရည်ရွယ်ဘဲ ကြားသိခဲ့ရ၏။
သူမ မရှိသည့်အချိန်တွင် နတ်ဆိုးအရှင်သည် ဟိုတယ်တစ်ခု၌ သူ၏ လက်အောက်ငယ်သားနှင့် လျှို့ဝှက်စွာ ပျော်ပါးနေလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့မိပေ။
'အမှန်ပဲ... ဒါက နတ်ဆိုးအရှင်သခင်ရဲ့ မွေးရာပါ သဘာဝပဲ..'
'ဧကရီ လုံယွဲ့ကတော့ ဒီအချိန်အထိ သူ့ရဲ့ လှည့်စားမှုကို ခံနေရရှာတာ..'
အန်ယောင်၏ အကြည့်များက ပြတ်သားလာပြီး လင်းဖန်၏ လက်ထဲမှ လုံယွဲ့ကို ပြန်လည်ကယ်တင်ရန် ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေခဲ့သည်။
ထိုသို့ တွေးတောရင်း သူမသည် တုံ့ဆိုင်းမနေတော့ဘဲ ကားအနီးမှ တိတ်တဆိတ် ထွက်ခွာကာ အိမ်သို့ အမြန်ဆုံး ပြန်သွားခဲ့သည်။
အရေးကြီးဆုံး လုပ်ဆောင်ရမည့်အလုပ်မှာ အိမ်သို့ ပြန်၍ ဧကရီ လုံယွဲ့အား ဤအကြောင်းကို ပြောပြရန်နှင့် နတ်ဆိုးအရှင်၏ စစ်မှန်သော မျက်နှာဖုံးကို သိရှိစေရန် ဖြစ်သည်။
ဧကရီ လုံယွဲ့အနေဖြင့် နတ်ဆိုးအရှင်၏ စစ်မှန်သော သဘာဝကို သိမြင်ပြီး သူ့အပေါ် လက်လျှော့လိုက်သရွေ့ အင်မော်တယ်နယ်မြေသို့ ပြန်ရောက်သည့်တိုင်အောင် အကြီးအကဲကောင်စီတွင် နောင်တရကြောင်း ဝန်ခံလျှင် ပြင်းထန်သော အပြစ်ဒဏ်နှင့် ရင်ဆိုင်ရမည်မဟုတ်ပေ။
Chapter 186
~
အခန်း ၁၈၆ : ငါတို့ မင်းရဲ့အကြောင်း အားလုံးသိတယ်...
~
အနည်းငယ် စောသောအချိန်သို့ ပြန်သွားရလျှင် လင်းဖန် မနက်အိပ်ရာနိုးချိန်၌ သူ၏အိပ်ရာဘေးတွင် မတ်တပ်ရပ်နေသော ယင်းနွီကို မြင်လိုက်ရသဖြင့် ထခုန်လုမတတ် ဖြစ်သွား၏။
ယင်းနွီသည် တစ္ဆေတစ်ကောင်ကဲ့သို့ စကားတစ်လုံးမျှမပြောဘဲ မလှုပ်မယှက် ရပ်နေသည်။
"ဘယ်တုန်းက ရောက်နေတာလဲ.."
လင်းဖန်က သူ့ဘေးတွင် အိပ်ပျော်နေသော လုံယွဲ့ကို လှမ်းကြည့်ရင်း ခပ်တိုးတိုး မေးလိုက်သည်။
"ညတစ်နာရီကျော်ကျော်ကတည်းကပါ ..."
ယင်းနွီက လေသံကို လျှော့၍ ပြန်ဖြေသည်။ သူမ၏ ပုံပန်းသဏ္ဌာန်ကို ကြည့်ရသည်မှာ သူနိုးလာသည်အထိ အကြာကြီး ရပ်စောင့်နေခဲ့ပုံရ၏။
မနက်စောစောစီးစီး ဘေးတွင် ယခုကဲ့သို့ စောင့်ဆိုင်းနေသည်ဆိုလျှင် သူမ၌ အရေးကြီးသော အကြောင်းအရာ ပြောစရာရှိရပေမည် ။ အိပ်ပျော်နေသော လုံယွဲ့ကို အနှောင့်အယှက် မဖြစ်စေရန်အတွက် လင်းဖန်က တိုးတိုးလေး ညွှန်ကြားလိုက်သည်။
"အပြင်ထွက်ပြီး ဒီအရှင်ကို စောင့်ဖို့ နေရာတစ်ခု ရှာထားလိုက်ပါ.. ဒီအရှင် မကြာခင် လာခဲ့မယ်.."
"ဟုတ်ကဲ့ပါ နတ်ဆိုးအရှင်.."
ယင်းနွီ အနည်းငယ် ဦးညွှတ်အရိုအသေပြုပြီးနောက် တံခါးအက်ကွဲကြောင်းအောက်မှတစ်ဆင့် လျှောခနဲ ငုပ်လျှိုးကာ အရိပ်ထဲသို့ ပျောက်ကွယ်သွားတော့သည်။
လင်းဖန် အိပ်ရာမှထကာ အဝတ်အစားများကို ဂရုတစိုက် ဝတ်ဆင်ပြီးနောက် တံခါးကို တွန်းဖွင့်၍ ထွက်လာခဲ့၏။ ယင်းနွီပေးပို့ထားသော တည်နေရာပြ မြေပုံဆီသို့ သူ ရောက်ရှိသွားချိန်တွင် အံ့အားသင့်သွားသည်။
ထိုနေရာမှာ အချစ်ဟိုတယ်တစ်ခု ဖြစ်နေသောကြောင့်ပင်။
'ယင်းနွီက ဘာဖြစ်လို့ ဒီလိုနေရာမျိုးကို ရွေးခဲ့တာလဲ..'
လင်းဖန် ခဏတာ တွန့်ဆုတ်သွားသော်လည်း စိတ်ကိုပြင်ဆင်ကာ ထိုဟိုတယ်ထဲသို့ လျှောက်ဝင်လာခဲ့သည်။ ယင်းနွီ ပြောထားသည့် အခန်းနံပါတ်သို့ ရောက်ရှိသောအခါ တံခါးကို ညင်သာစွာ ခေါက်လိုက်၏။
"ဒေါက် ဒေါက် ဒေါက်..."
"နတ်ဆိုးအရှင်.."
ယင်းနွီက တံခါးဖွင့်ပေးပြီး ရိုသေလေးစားစွာဖြင့် ဘေးသို့ ဖယ်ရပ်ပေးသည်။
အခန်းတွင်းရှိ ကုလားကာများကို ဆွဲချထားသဖြင့် အထဲတွင် အတော်လေး မှောင်နေပြီး ရိုမန်တစ်ဆန်ကာ မရေမရာဖြစ်စေသော အလင်းရောင်ဖျော့ဖျော့ကိုသာ ထုတ်လွှတ်နေသည့် အနီရောင်ရင့်ရင့် မီးသီးလေးများသာ ထွန်းလင်းနေသည်။ ကုတင်မှာလည်း နှလုံးပုံစံ နှစ်ယောက်အိပ်ကုတင် ဖြစ်ပြီး ခေါင်းရင်းဘုတ်ပေါ်တွင် လက်ထိပ်များ၊ ခါးပတ်များနှင့် တခြားသော ကစားစရာ အရုပ်အသေးလေးများကို တင်ထား၏။
"ယင်းနွီ... ဒီနေရာက ဘယ်လိုနေရာမျိုးလဲဆိုတာ နင် သိရဲ့လား.."
ရိုမန်တစ်ဆန်လွန်းလှသော အခန်းအပြင်အဆင်ကို ကြည့်ပြီး လင်းဖန်က သူ့ဘေးနားရှိ ယင်းနွီကို စိတ်ပျက်လက်ပျက်ဖြင့် မေးခွန်းထုတ်လိုက်သည်။
"ဒါက တည်းခိုခန်းပါ နတ်ဆိုးအရှင်.."
ယင်းနွီက တည်ငြိမ်သော မျက်နှာဖြင့် အမူအရာမပျက် ပြန်ဖြေလိုက်၏။
'ဒါက သာမန်တည်းခိုခန်း မဟုတ်ဘူးလေ..'
လင်းဖန် စိတ်ထဲတွင် ညည်းညူလိုက်မိသည်။ သို့သော်လည်း သူမ၏ ပုံစံကို ကြည့်ရသည်မှာ ဤနေရာသည် မည်သို့သောနေရာမျိုး ဖြစ်သည်ကို တကယ်မသိဘဲ ကျပန်းနေရာတစ်ခုကို ရွေးချယ်မိခြင်း ဖြစ်ပုံရသည်။ ကံကောင်းသည်မှာ ယခုက နေ့ခင်းဘက်ဖြစ်နေသဖြင့် ဘေးအခန်းများဆီမှ တိုက်ပွဲဝင်သံများကို မကြားရခြင်းပင် ။
"အရှင် ဒီနေရာကို မကြိုက်ဘူးလား .."
လင်းဖန် ဤနေရာကို သဘောကျပုံမပေါ်သည်ကို ယင်းနွီ သတိထားမိသွားပြီး မေးလိုက်၏။
"ဒီလက်အောက်ငယ်သား တခြားနေရာတစ်ခု ထပ်ရှာပေးရမလား..."
"မလိုပါဘူး... ဒီမှာပဲ ပြောတော့..."
နေရာပြောင်းရမှာ ပျင်းရိလှသဖြင့် လင်းဖန်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ပြောစမ်းပါဦး... အန်ယောင် ဘာတွေ လှုပ်ရှားနေလဲ.."
"ဟုတ်ကဲ့ပါ နတ်ဆိုးအရှင်..."
လိုရင်းအကြောင်းအရာသို့ ရောက်ရှိသွားသောအခါ ယင်းနွီ၏ အမူအရာမှာ လေးနက်တည်ကြည်သွားပြီး မျက်နှာက ချက်ချင်းပင် တင်းမာသွားသည်။
"မနေ့ညက ဒီလက်အောက်ငယ်သား သူ့နောက်ကို တိတ်တဆိတ် စောင့်ကြည့်ခဲ့ရာမှာ သူဟာ တောအုပ်ထဲမှာ မဟာတယ်လီပို့ အစီအရင်တစ်ခုကို တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်းနဲ့ အဲဒီအစီအရင်ကို စတင်အသက်သွင်းလိုက်ပြီဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်..."
"အင်မော်တယ်မျိုးနွယ်စုရဲ့ အင်အားစုတစ်စု ဒီဘက်ကမ္ဘာကို ရောက်ရှိလာကြပြီး အရှင့်ကို ရင်ဆိုင်ဖို့ ပြင်ဆင်နေကြပါတယ်..."
'မျှော်လင့်ထားတဲ့အတိုင်းပဲ... သူ့မှာ အရေးပေါ် အစီအစဉ်တစ်ခု ရှိနေတာပဲ..'
ဤသတင်းကို ကြားရသောအခါ လင်းဖန် အံ့အားသင့်ခြင်း မရှိသော်လည်း ခေါင်းခဲစရာ ကိစ္စတစ်ခုတိုးပြီဟု ခံစားလိုက်ရသည်။ အန်ယောင်နှင့် တခြားသောသူများ သူ့ကို လာရောက်ဒုက္ခပေးမည်ကို ကြောက်ရွံ့နေခြင်း မဟုတ်။ သို့သော် တိုက်ခိုက်ကြပြီဆိုလျှင် နတ်ဆိုးမြို့တော်ကြီးပါ မလွဲမသွေ သက်ရောက်မှု ခံစားရမည် ဖြစ်သည်။
အင်မော်တယ် ဧကရာဇ်များအကြား ဖြစ်ပွားသည့် တိုက်ပွဲများသည် ကမ္ဘာလောကကြီးကို ဖျက်ဆီးပစ်နိုင်လောက်သည့် စွမ်းအားများ ရှိတတ်ကြသည်။ သူ့အနေဖြင့် စွမ်းအားကို အစွမ်းကုန် ထိန်းချုပ်ထားလျှင်ပင် ဤကမ္ဘာရှိ တခြားသော လူသားများ၏ အာရုံစိုက်မှုကို မဆွဲဆောင်မိစေရန် အလွန်ခက်ခဲပေလိမ့်မည်။
"အရှင်... ဒီလက်အောက်ငယ်သား သူတို့ကို အရင်သွားပြီး ရှင်းပစ်လိုက်ရမလား.."
ယင်းနွီက လေသံတိုးတိုးဖြင့် မေးလိုက်ပြီး သူမ၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ယှက်သန်းသွားသည်။
လင်ဖန်းက ခေါင်းခါပြလိုက်ပြီး...
"ဧည့်သည်တွေ လာတာပဲ... ကြိုဆိုရမှာပေါ့... လောလောဆယ်တော့ ဘာမှ မလုပ်ပါနဲ့ဦး... သူတို့ ဘာတွေ အကွက်ဆင်မလဲဆိုတာ စောင့်ကြည့်ရအောင်..."
"ပထမဆုံးအနေနဲ့ မေ့ကျီနဲ့ တခြားသူတွေကို သွားပြီး အကြောင်းကြားထားလိုက်... တစ်ယောက်ယောက်က ပြဿနာရှာဖို့ ရောက်လာရင် ဒီအရှင်ကိုယ်စား သူတို့ကို ကောင်းကောင်းမွန်မွန် ဧည့်ခံလိုက်ကြပါ... ဒါပေမဲ့ ဆူညံသံကိုတော့ အနည်းဆုံးဖြစ်အောင် ထိန်းထားဖို့ ကြိုးစားပါ..."
ယင်းနွီ၏ စကားအရ အုပ်စုလိုက် ရောက်ရှိလာခြင်း ဖြစ်ကြောင်း သူ သိလိုက်သည်။
သူ၊ ဧကရီနှင့် နတ်ဆိုးစစ်သူကြီး လေးဦးစလုံး ဤနေရာတွင် ရှိနေသည်ကို သိလျက်နှင့် တယ်လီပို့ အစီအရင်ကို ဖြတ်ကျော်ရဲကြသူများ ဖြစ်သဖြင့် သူတို့၏ ကျင့်ကြံခြင်းအဆင့်နှင့် အင်အားမှာ အားနည်းမည် မဟုတ်ပေ။ တကယ်တမ်း တိုက်ခိုက်ကြလျှင် နတ်ဆိုးမြို့တော်တစ်ခုလုံး ပျက်စီးသွားနိုင်သည့်အပြင် သူတို့၏ အကန့်အသတ်ရှိသော ဝိညာဉ်စွမ်းအားများကိုလည်း အလကားဖြုန်းတီးပစ်ရာ ရောက်လိမ့်မည်။ ထို့ထက် ပို၍အရေးကြီးသည်မှာ ဤကမ္ဘာလောကတွင် သူတို့ တိုက်ခိုက်နေကြသည်ကို သဘောမကျမည့်သူများလည်း ရှိနေနိုင်ခြင်းပင်။
လင်းဖန်နှင့် ယင်းနွီတို့ အခန်းထဲတွင် စကားပြောနေကြစဉ် ကျိုးယန်နှင့် လုကျိုက်တို့သည်လည်း ဟိုတယ်အပြင်ဘက်၌ စိုးရိမ်တကြီး စောင့်ဆိုင်းနေကြ၏။
အတန်ကြာသောအခါ ယင်းနွီ ဟိုတယ်ထဲမှ ထွက်လာပြီး သူမ၏ လျှပ်စစ်စကူတာပေါ်သို့ တက်ကာ မောင်းထွက်သွားသည်။ သူမ ထွက်ခွာသွားပြီး သိပ်မကြာမီမှာပင် လင်ဖန်းသည်လည်း အချစ်ဟိုတယ်ထဲမှ ဖြည်းဖြည်းချင်းလျှောက်ထွက်လာသည်။
သူငယ်ချင်းများ၏ အမြင်ခံရခြင်းမှ ကာကွယ်ရန်အတွက် သူတို့နှစ်ဦး တစ်ယောက်ပြီးမှ တစ်ယောက် ရည်ရွယ်ချက်ရှိရှိ ခွဲထွက်လာခဲ့ကြခြင်း ဖြစ်သည်။
အချိန်ကို တွက်ချက်ကြည့်လျှင် လုံယွဲ့လည်း မကြာမီ နိုးလာပေတော့မည် ။ သူ မနက်စာ ဝယ်ပြီး အိမ်သို့ ပြန်ရန် ဆုံးဖြတ်လိုက်၏ ။ လင်းဖန်သည် အန်ယောင်၏ ကိစ္စကို ခဏတာ မေ့ဖျောက်ထားလိုက်ပြီး ယနေ့နံနက် လုံယွဲ့အတွက် မည်သည့်မနက်စာ ဝယ်ကျွေးရမလဲဆိုသည်ကိုသာ စဉ်းစားနေသည်။
သူ ဆုံးဖြတ်ချက်မချနိုင်သေးမီမှာပင် သူ့ဘေးနားသို့ ရင်းနှီးနေသော အနက်ရောင်ကားတစ်စီးက အရှိန်ပြင်းပြင်းမောင်းလာပြီး ရပ်သွားသည်။
"ယန်ဇီ... အာကျိုက်... တိုက်ဆိုင်လိုက်တာ... မင်းတို့နှစ်ယောက် မနက်စောစောစီးစီး ဘယ်လိုလုပ်ပြီး အတူတူ ဆုံနေကြတာလဲ.."
ကျိုးယန်နှင့် လုကျိုက်တို့ကို ကားမောင်းသူထိုင်ခုံနှင့် ဘေးထိုင်ခုံတို့တွင် တွေ့လိုက်ရသဖြင့် လင်ဖန်းက ရယ်ပြီး နှုတ်ဆက်လိုက်၏။
"အင်း ဒီမှာ မင်းနဲ့ တွေ့တာ တကယ်ကို တိုက်ဆိုင်လွန်းတယ် လင်းဖန်.."
ကျိုးယန်နှင့် လုကျိုက်တို့သည် လင်းဖန်ကို စိတ်တိုဒေါသထွက်နေသော အမူအရာဖြင့် စိုက်ကြည့်ကြပြီး သူတို့၏ စကားလုံးများတွင် လှောင်ပြောင်သရော်မှုများ ပြည့်နှက်နေသည်။
လင်ဖန်း အံ့အားသင့်ကာ ဆွံ့အသွား၏။
'မနက်စောစောစီးစီး ဒီနှစ်ကောင် ဘာဖြစ်နေကြတာလဲ.. ငါ့ကို ဒေါသထွက်နေကြတဲ့ ပုံစံပဲ..'
"ကားပေါ်တက်စမ်းပါ... မင်းနဲ့ ငါတို့ အလေးအနက် စကားပြောဖို့ လိုတယ်.."
ကျိုးယန်က သူ၏လက်မဖြင့် နောက်ခန်းထိုင်ခုံကို ညွှန်ပြရင်း တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ငါ မနက်စာဝယ်ပြီး အိမ်ပြန်မလို့လေ... နောက်မှ ပြောကြတာပေါ့.."
လင်းဖန်က လက်ဝှေ့ယမ်းပြပြီး သူတို့နှစ်ဦး သူ့ကို တစ်နေရာရာသို့ သွားရောက်ကစားရန် ခေါ်ယူနေသည်ဟု ထင်မှတ်ကာ ထွက်ခွာရန် လှည့်လိုက်၏။
ကျိုးယန်နှင့် လုကျိုက်တို့ မျက်မှောင်ကြုတ်၍ ကားကို သူ့နောက်သို့ အမြန်မောင်းလိုက်ပြီး ဒေါသတကြီး ဖြင့်...
"မင်းက ဘယ်လိုမျက်နှာမျိုးနဲ့ မနက်စာဝယ်ပြီး အိမ်ပြန်ဖို့ သတ္တိရှိနေရတာလဲ..."
မနက်အစောကြီး အိမ်အကူမလေးနှင့် ချိန်းတွေ့ရန် လျှို့ဝှက်စွာထွက်လာခဲ့ပြီးနောက် ဘာမျှမဖြစ်ခဲ့သလို ဟန်ဆောင်ကာ အိမ်ပြန်ရန် မနက်စာ ဝယ်နေသည်။ ဤသို့ ပြုလုပ်လျှင် မရီးအနေဖြင့် မနက်စာကို မြင်ပြီး မည်သည့်အရာကိုမျှ သံသယဝင်မည် မဟုတ်ပေ။ သူ၏ လုပ်ဆောင်ချက်များက အလွန် စေ့စပ်သေချာလွန်းလှသည်။ ဤသည်မှာ ပထမဆုံးအကြိမ် ပြုလုပ်ခြင်းမျိုး မဟုတ်သည်မှာ သေချာလှပေသည်။
'လင်းဖန်... အို... လင်းဖန်... မင်းက မင်းအမုန်းဆုံးလူစားမျိုး ဖြစ်လာလိမ့်မယ်လို့ ငါ တကယ်ကို မယုံနိုင်ဘူး...'
သူ၏ ညီအစ်ကိုအရင်းအချာအတွက် ကျိုးယန် ရင်ကွဲမတတ် ခံစားနေရသည်။
"ဘာတွေ ဖြစ်နေကြတာလဲ..."
လင်းဖန် အမှန်ပင် ဇဝေဇဝါ ဖြစ်သွားသည်။ သူ မနက်စာဝယ်ရန် လာခြင်းသာ ဖြစ်သည်။ ကျိုးယန်နှင့် တခြားတစ်ယောက်က မည်သို့ ဖြစ်ပျက်နေကြသနည်း။ သူ့အား မနက်စာ ဝယ်ယူခွင့်ပင် မပေးတော့ချေ။
"ဘာမှမဟုတ်ဘူး... ကားပေါ်ကို အရင်တက်စမ်းပါ... ငါတို့ ကောင်းကောင်းမွန်မွန် စကားပြောလို့ရမယ့် နေရာတစ်ခုကို သွားကြမယ်..."
ကျိုးယန်က သူ၏ ဒေါသကို ထိန်းချုပ်ရင်း လင်ဖန်းကို ကားပေါ်တက်ရန် အတင်းအကျပ် တိုက်တွန်းလေသည်။
ကျိုးယန်နှင့် လုကျိုက်တို့၏ ပုံမှန်မဟုတ်သော အပြုအမူကို လင်းဖန်လည်း သတိပြုမိသွားပြီး ပြောပြစရာ အကြောင်းကိစ္စတစ်ခုခု ရှိနေရမည်ဟု ခန့်မှန်းလိုက်သည်။ ထို့ကြောင့် သူ တွန့်ဆုတ်မနေတော့ဘဲ ကားတံခါးကို ဆွဲဖွင့်ကာ ကားထဲသို့ ဝင်ထိုင်လိုက်သည်။
ကျိုးယန်သည် လီဗာကို နင်းကာ ထိုနေရာမှ လျင်မြန်စွာ မောင်းထွက်ခဲ့ပြီး လူသူကင်းရှင်းသော ကော်ဖီဆိုင်တစ်ဆိုင်ကို ရှာဖွေ၍ ဝင်ထိုင်ကာ ကော်ဖီသုံးခွက် မှာယူလိုက်သည်။
လင်းဖန်က တစ်ဖက်တွင် တစ်ယောက်တည်း ထိုင်နေပြီး ကျိုးယန်နှင့် လုကျိုက်တို့က သူ့ရှေ့ တည့်တည့်တွင် ယှဉ်တွဲထိုင်နေကြ၏။ မည်သူမျှ စကားမစကြသဖြင့် တရားခံကို စစ်ဆေးမေးမြန်းနေသည့် အခန်းထဲတွင် ရောက်ရှိနေသကဲ့သို့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်သွားသည်။
လင်ဖန်း စိတ်ရှုပ်ထွေးသွားပြီး ဤတိတ်ဆိတ်မှုကို ဖြိုခွင်းရန်အတွက် ဦးစွာ စကားစလိုက်သည်။
"ငါ့ကို ပြောစရာရှိတယ်ဆို... အခုကျတော့ ဘာလို့ မပြောကြတော့တာလဲ..."
ကျိုးယန်နှင့် လုကျိုက်တို့ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် တည်ကြည်လေးနက်သော အမူအရာဖြင့်...
"လင်းဖန်... မင်းရဲ့ အကြောင်းအားလုံးကို ငါတို့ သိပြီးသွားပြီ...”