← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း ၁၈၇ : မင်းတို့ ထင်ထားသလို မဟုတ်ဘူး...

~

"ငါ့အကြောင်း မင်းတို့အားလုံး သိတယ် ဟုတ်လား..."

လင်ဖန်း၏ မျက်နှာထက်တွင် အံ့အားသင့်သွားသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

'ကျိုးယန်နဲ့ လုကျိုက်က ငါ နတ်ဆိုးအရှင် ဖြစ်တယ်ဆိုတဲ့ လျှို့ဝှက်ချက်ကို သိသွားကြပြီလား...'

"မှန်တယ်..."

ကျိုးယန်နှင့် လုကျိုက် နှစ်ဦးစလုံးက အတည်ပြုသည့်အနေဖြင့် ပြိုင်တူ ခေါင်းညိတ်ပြကြသည်။

လင်ဖန်း အကူအညီမဲ့စွာဖြင့် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး...

'ဟုတ်သားပဲ... ငါ ဒါကို ထာဝရ ဖုံးကွယ်ထားလို့ ဘယ်ရပါ့မလဲ...'

"ငါ မင်းတို့ကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားဖို့ မဟုတ်ပါဘူး.. မင်းတို့လည်း သိတဲ့အတိုင်း ငါ့ရဲ့ အခြေအနေအကြောင်းကို ပြောပြလိုက်ရင် မင်းတို့အတွက်ပါ ဒုက္ခတွေ..ပြဿနာတွေ အများကြီး သယ်လာပေးသလို ဖြစ်သွားမှာမို့လို့ပါ.."

"ငါတို့က နားလည်ပေးရမှာလား.."

ကျိုးယန်က သူ၏လက်သီးဖြင့် စားပွဲခုံကို ထုလိုက်ပြီးနောက် ဒေါသတကြီး လင်းဖန်ကို စိုက်ကြည့်လိုက်သည်။

"လင်းဖန်... ယောက်ျားအချင်းချင်းမို့လို့ ငါ မင်းကို နားလည်ပေးနိုင်တာတွေ ရှိပေမဲ့ အခုကိစ္စကတော့ ဘယ်လိုမှ ဆင်ခြေပေးလို့ မရတဲ့အပြင် လုံးဝလည်း ခွင့်မလွှတ်နိုင်စရာပဲ.."

"တောင်းပန်ပါတယ်ကွာ.."

သူ၏ နတ်ဆိုးအရှင် အဆင့်အတန်းကို ဖုံးကွယ်ထားမိခြင်းအပေါ် ကျိုးယန် ဤမျှအထိ ဒေါသတကြီး တုံ့ပြန်လိမ့်မည်ဟု လင်းဖန် မျှော်လင့်မထားမိသဖြင့် အားနာစွာ တောင်းပန်လိုက်သည်။

ကျိုးယန် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ရင်ထဲမှ ဒေါသများကို အတတ်နိုင်ဆုံး ထိန်းချုပ်ရန် ကြိုးစားနေသည်။

"မင်း တောင်းပန်ရမှာ ငါတို့နှစ်ယောက်ကို မဟုတ်ဘူး... မရီးကို သွားတောင်းပန်ရမှာ.."

"လုံယွဲ့ကို ဟုတ်လား..."

လင်ဖန်း ရှုပ်ထွေး သွား၏ ။

'ဒီကိစ္စက ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး လုံယွဲ့ဆီ ရောက်သွားရတာလဲ..'

'ဒါမှမဟုတ် သူတို့နှစ်ယောက်က လုံယွဲ့ ဧကရီ ဆိုတာကို မသိကြသေးဘဲ... ငါကသာ လုံယွဲ့ပေါ် အမှန်တရားတွေ ဖုံးကွယ်ထားတယ်လို့ ထင်ပြီး ဒေါသထွက်နေကြတာလား. '

လင်းဖန် စိတ်ထဲမှ ကောက်ချက်ချနေစဉ် ကျိုးယန်က လေသံအေးအေးဖြင့် ထပ်မံ မေးခွန်းထုတ်လာသည်။

"လင်းဖန်.. မရီးက ဘယ်လောက်တောင် စိတ်ထားကောင်းပြီး ပြည့်စုံတဲ့ မိန်းမမျိုးလဲဆိုတာ ငါတို့ထက် မင်း ပိုသိရမှာ မဟုတ်ဘူးလား.."

ထိုစကားကြောင့် လင်းဖန်၏ နှလုံးသားမှာ တုန်ရီသွား၏ ။

'ဒီနှစ်ကောင် လုံယွဲ့ရဲ့ ပုံရိပ်ကိုပါ ရိပ်မိသွားကြပြီလား... အခု ငါ့ကို ကိုယ်တိုင် ဝန်ခံစေချင်လို့ တမင်ပြောနေကြတာလား.. '

လင်းဖန် တိတ်ဆိတ်သွားပြီး မျက်နှာပျက်သွားသည်ကို မြင်သောအခါ ကျိုးယန်က သူထင်သည့်အတိုင်း ဖြစ်နေသည်ဟူသော အကြည့်ဖြင့် စူးစိုက်ကြည့်သည်။

"ဘာလဲ... မင်းမှာ ပြောစရာ စကားလုံး မရှိတော့ဘူး မလား.."

အခြေအနေများအရ ဆက်လက်ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ဟု ယူဆကာ လင်းဖန်က ဖုံးကွယ်ထားခြင်းကို ရပ်တန့်၍ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တော့သည်။

"မင်းတို့ မရီးက တကယ်တော့... အင်မော်တယ်တစ်ပါးပဲ..."

သူ့စကားပင် မဆုံးသေးမီ ကျိုးယန်သည် ဒေါသတကြီး ထိုင်ခုံမှ ဝုန်းခနဲ ထရပ်လိုက်သည်။

"ဟုတ်တယ်လေ... မရီးက ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ အင်မော်တယ်တစ်ပါးလို လှပပြီး စိတ်ထားလည်း အလွန်နူးညံ့သိမ်မွေ့တယ်... သီလကော သမာဓိကော ပြည့်စုံတဲ့ အင်မော်တယ်အစစ်ပဲ... ကမ္ဘာပေါ်မှာ ဘယ်ယောက်ျားမဆို အဲလိုမိန်းမမျိုးကို ရရင် အသက်ထက်မက ချစ်ကြမှာ... မီးခွက်ထွန်းရှာရင်တောင် မရနိုင်တဲ့ မိန်းမကောင်းတစ်ယောက်ကိုမှ မင်းက တန်ဖိုးမထားတတ်ဘဲ... အခုလို လုပ်ရပ်မျိုးနဲ့ မရီးကို စိတ်နာအောင် လုပ်ရက်တယ်လား... ပြောစမ်းပါဦး... မရီးက မင်းအပေါ် ဘာတွေများ လိုအပ်ချက်ရှိလို့လဲ.."

"အာ..."

လင်းဖန် ဆွံ့အသွားပြီး ထိုင်ခုံတွင် ကျောက်ရုပ်ကဲ့သို့ မှင်သက်နေသည်။

'မဟုတ်သေးပါဘူး... ဘာဖြစ်လို့ ကိစ္စတွေက ငါ လုံးဝနားမလည်နိုင်တဲ့ လမ်းကြောင်းဆီ ရောက်သွားရတာလဲ... ငါ ဘာတွေ လုပ်မိလို့ လုံယွဲ့ကို စိတ်ပျက်အောင် လုပ်မိတယ်လို့ ပြောနေကြတာလဲ..'

"ယန်ဇီ... ခဏစောင့်ဦး... ခဏလောက် နေပါဦး..."

လင်းဖန်က ကျိုးယန်ကို တားဆီးရန် လက်ကို အမြန်မြှောက်ပြလိုက်သည်။

သူတို့ပြောဆိုပုံကို ကြည့်ရသည်မှာ လုံယွဲ့သည် ဧကရီတစ်ပါး ဖြစ်သည်ကို သိရှိနေခြင်းမျိုး မဟုတ်သည့်အပြင် ဇာတ်ကြောင်းမှာလည်း သူထင်ထားသလို ဖြစ်မနေသည်မှာ သေချာသည်။ သူနှင့် သူတို့ကြားတွင် ကြီးမားသော အထင်လွဲမှားမှုတစ်ခု ရှိနေပြီဟု ရိပ်မိလိုက်သည်။

"ယန်ဇီ... ငါ လုံယွဲ့ကို စိတ်နာအောင်..စိတ်ပျက်အောင် လုပ်တယ်ဆိုတာ ဘာကို ပြောတာလဲ ရှင်းရှင်းလင်းလင်း ပြောစမ်းပါဦး.."

"မင်းဘာသာ မင်း ဘာလုပ်ခဲ့လဲဆိုတာ ငါတို့ထက် မင်း ပိုသိမှာပေါ့... ဒီလိုအချိန်အထိ မျက်နှာပြောင်တိုက်ပြီး ငြင်းချင်သေးတာလား..."

ကျိုးယန် စိတ်ကို အနည်းငယ် ပြန်လည်ထိန်းချုပ်ကာ ထိုင်ခုံတွင် ပြန်ထိုင်လိုက်သော်လည်း ရင်ဘတ်ထဲတွင် ဒေါသများ ဆူပွက်နေဆဲပင်။

လင်းဖန် မျက်မှောင်ကြုတ်လိုက်မိပြီး ပို၍ စိတ်ရှုပ်ထွေးသွား၏။ သူ အမှန်တကယ်ပင် ဘာမျှ မသိ။

"လင်းဖန်... ရိုးရိုးသားသားပဲ ပြောစမ်းပါ... မင်း မရီးကွယ်ရာမှာ ဖောက်ပြန်နေတာ မလား.."

လုကျိုက်က တည်ငြိမ်လေးနက်သော မျက်နှာထားဖြင့် တိုက်ရိုက်ပင် မေးလိုက်တော့သည်။

"ငါက ဖောက်ပြန်နေတယ် ဟုတ်လား.."

လင်းဖန် အံ့အားသင့်သွားပြီးနောက် အခြေအနေကို သဘောပေါက်ကာ ဒေါသတကြီး ရယ်လိုက်မိ၏ ။

"မင်းတို့နှစ်ယောက် ငါ့အကြောင်း အသိဆုံးပဲ... ငါက ဖောက်ပြန်တဲ့လူတွေကို အမုန်းဆုံးလေ... ငါကိုယ်တိုင်က ဘာဖြစ်လို့ အဲဒီလို အောက်တန်းကျတဲ့အလုပ်မျိုးကို လုပ်ရမှာလဲ.."

"အဲဒါကတော့ ပြောရခက်တာပေါ့.."

ကျိုးယန်နှင့် လုကျိုက်တို့က တုံ့ဆိုင်းခြင်းမရှိဘဲ ပြိုင်တူပင် တုံ့ပြန်လိုက်ကြသည်။

လင်ဖန်း "... "

လင်ဖန်းသည် သူတို့နှစ်ဦးကို ကြည့်ကာ ဆွံ့အသွားသည်။

"မင်းတို့ စိတ်ထဲမှာ ငါ့ကို ဘယ်လိုလူမျိုးလို့ သတ်မှတ်ထားကြတာလဲ.."

"လင်းဖန် .. မင်းကို မယုံလို့ ညီအစ်ကိုတွေကို အပြစ်မတင်ပါနဲ့... မင်း မရီးအပေါ် သစ္စာဖောက်နေတာကို ငါတို့ မျက်စိနဲ့တပ်အပ် မြင်ခဲ့တာ.."

"အမ်... မင်းတို့ ဘာကို မြင်လို့လဲ.."

"ဒီလိုအချိန်အထိ ဝန်မခံချင်သေးဘူးလား.."

လင်းဖန်က အပြစ်ကင်းစင်သည့် ပုံစံဖြင့် ဟန်ဆောင်နေဆဲဟု ထင်မှတ်ကာ ကျိုးယန် ဒေါသပြန်ထွက်လာသည်။

"အခုလိုအချိန်မှာ ယောက်ျားပီပီ သတ္တိရှိရှိ ဝန်ခံသင့်တယ်... ကိုယ်လုပ်တဲ့ လုပ်ရပ်အတွက် တာဝန်ယူပြီး... အမှားကို ပြင်ဆင်ဖို့ ကြိုးစားရမှာပေါ့... အဲဒါမှ ယောက်ျားကွ.."

လင်းဖန်... "... "

သူ့အား တရားလာဟော နေသဖြင့် လင်းဖန် ဘာပြန်ပြောရမည်ကို မသိတော့။ ယခုအချိန်အထိ ကျိုးယန်နှင့် လုကျိုက်တို့ ပြောနေကြသည်ကို သူ သဘောမပေါက်သေးပေ။

"လင်းဖန်... ယန်ဇီနဲ့ ငါ နှစ်ယောက်စလုံး မင်းနဲ့ မင်းရဲ့ အိမ်ဖော်မလေး အဲဒီဟိုတယ်ထဲကနေ အတူတူ ထွက်လာတာကို အသေအချာ မြင်လိုက်ရတာ.."

လုကျိုက်က ဆက်လက်ဖုံးကွယ်မထားတော့ဘဲ အမှန်အတိုင်း ဖွင့်ပြောလိုက်သည်။

"ဪ... ဒါကိုး..."

လင်းဖန် ရုတ်တရက် သဘောပေါက်သွားပြီး ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။

ယင်းနွီက အရေးကြီးသောအလုပ်ကိစ္စ သတင်းပို့ရန်အတွက် သူ့ကို အချစ်ဟိုတယ်တွင် ချိန်းဆိုခဲ့ခြင်းဖြစ်ပြီး ထိုသို့ တွေ့ဆုံသည်ကို ကျိုးယန်နှင့် လုကျိုက်တို့က မတော်တဆ မြင်တွေ့သွားကြခြင်း ဖြစ်သည်ကို သူ နားလည်လိုက်လေပြီ ။ အစောပိုင်းက သူတို့၏ တည်ကြည်လေးနက်သော အမူအရာများကြောင့် နတ်ဆိုးအရှင် ဖြစ်ကြောင်း သိသွားကြပြီဟု ထင်မှတ်ခဲ့သော်လည်း အမှန်စင်စစ်တွင် ကြီးမားသော အထင်လွဲမှားမှုတစ်ခုသာ ဖြစ်နေခဲ့သည်။

"ဒုန်း..."

လင်းဖန်၏ ပေါ့ပါးသော အပြုံးနှင့် ဂရုမစိုက်သကဲ့သို့ အမူအရာကို မြင်သောအခါ ကျိုးယန်က ဒေါသတကြီးဖြင့် စားပွဲခုံကို နောက်တစ်ကြိမ် ရိုက်လိုက်ပြန်သည်။

"မင်းက ရယ်နိုင်သေးတယ် ဟုတ်လား... ဒါက အပျော်အပျက်ကိစ္စ မဟုတ်ဘူးနော်... မရီးသာ ဒီအကြောင်းကို သိသွားရင် မင်း ဘယ်လို ရှင်းပြမလဲ.."

"ယန်ဇီ... အာကျိုက် .. မင်းတို့ စိတ်အေးအေးထားကြပါဦး... အရာအားလုံးက မင်းတို့ စိတ်ကူးနေသလိုမျိုး လုံးဝ မဟုတ်ဘူး.."

လင်းဖန်က စားပွဲပေါ်ရှိ ကော်ဖီခွက်ကို ကောက်ယူကာ ဇွန်းဖြင့် ဖြည်းဖြည်းချင်းမွှေပြီး တစ်ငုံ သောက်လိုက်သည်။

ကျိုးယန်နှင့် လုကျိုက်တို့သည် သူ၏ နတ်ဆိုးအရှင် အဆင့်အတန်းကို သိရှိခြင်း မဟုတ်ကြောင်း သေချာသွားသည့်အတွက် လင်ဖန်း၏ ရင်ထဲမှ လေးလံလှသော ကျောက်တုံးကြီး ပြုတ်ကျသွားကာ တစ်ကိုယ်လုံး ပေါ့ပါးအေးချမ်းသွားသည်။

"ငါတို့ ထင်သလို မဟုတ်ရင် ဘယ်လိုမျိုးလဲ ပြောစမ်းပါဦး.."

ကျိုးယန်နှင့် လုကျိုက်တို့က မျက်မှောင်ကြုတ်၍ သူ၏ ရှင်းပြချက်ကို စောင့်ဆိုင်းနေကြ၏။

လင်ဖန်းက ကော်ဖီခွက်ကို အသာ ပြန်ချလိုက်ပြီး...

"ယင်းနွီနဲ့ ငါက အဲဒီဟိုတယ်မှာ အလုပ်ကိစ္စတစ်ခု ဆွေးနွေးဖို့အတွက် တွေ့ခဲ့ကြတာလေ.."

"အလုပ်ကိစ္စ ဆွေးနွေးတယ် ဟုတ်လား..."

ကျိုးယန်နှင့် လုကျိုက်တို့က မျက်လုံးများကို မှေးစင်းကာ 'မင်းပြောတာကို ငါတို့က ယုံရမလား' ဟူသော အကြည့်ဖြင့် ကြည့်ကြသည်။

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အလုပ်ကိစ္စ ဆွေးနွေးရန်အတွက် အချစ်ဟိုတယ်သို့ သွားရောက်ကာ အခန်းဖွင့်ကြသည်ဟူသော စကားမှာ မည်သို့မျှ မဖြစ်နိုင်ပေ။ အားလုံးမှာ လူကြီးများ ဖြစ်ကြသဖြင့် ဤကဲ့သို့သော ဆင်ခြေမျိုးကို မည်သူက ယုံကြည်နိုင်ပါအံ့နည်း။

"ကဲပါ... မင်းဘက်က ဝန်မခံချင်လည်း ရပါတယ်... မင်း ခဏတာ စိတ်ကစားပြီး ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့ဘူးလို့ပဲ ငါတို့ သတ်မှတ်ပေးလိုက်ပါမယ်... ဒါပေမဲ့ အခုအချိန်ကစပြီး မရီးကို စိတ်နာစေမယ့် လုပ်ရပ်မျိုး ဘာတစ်ခုမှ ထပ်မလုပ်ပါနဲ့တော့... ယောက်ျားတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် ထမ်းဆောင်ပါ.."

ကျိုးယန်၏ မျက်နှာထားမှာ အလွန်တည်ကြည်နေပြီး သူ၏ အကြည့်များက လင်းဖန်ကို စူးစိုက်ကြည့်နေသည်။

ယောက်ျားများအနေဖြင့် မိန်းကလေးများကို သဘောကျခြင်းမှာ သဘာဝပင် ဖြစ်သော်လည်း အတည်တကျ လက်တွဲဖော် သို့မဟုတ် အိမ်ထောင်မရှိသေးပါက တခြားသော မိန်းကလေးများနှင့် ပတ်သက်ခြင်းကို သူ နားလည်ပေးနိုင်သည်။ အကယ်၍ လင်းဖန် အနှိပ်ခန်းသွားလိုလျှင်ပင် သူကိုယ်တိုင် တွန့်ဆုတ်မှုမရှိဘဲ အကောင်းဆုံး ဝန်ဆောင်မှုရှိသော နေရာများသို့ လိုက်ပါပို့ဆောင်ပေးနိုင်သည်။ သို့သော်လည်း အိမ်ထောင်ပြုပြီး အတည်တကျ ဆက်ဆံရေး ရှိသွားပြီဆိုပါက အခြေအနေက လုံးဝ ကွဲပြားသွားပြီ ဖြစ်သည်။ ဇနီးသည် ရှိပြီးသား အမျိုးသားတစ်ဦးအနေဖြင့် စိတ်အလိုသို့ မလိုက်ဘဲ တာဝန်ယူတတ်ရမည် ဖြစ်သည်။

"ယန်ဇီ... ငါ တကယ်ပဲ ဘာမှ မလုပ်ခဲ့ပါဘူးဟ..."

လင်ဖန်းက ဆက်လက် ရှင်းပြရန် ပါးစပ်ဟလိုက်စဉ် သူ၏ အိတ်ကပ်အတွင်းမှ ဖုန်းက ရုတ်တရက် မြည်လာသည်။ ဖုန်းကို ထုတ်ယူကြည့်လိုက်ရာ မျက်နှာပြင်ထက်တွင် လုံယွဲ့ ထံမှ ဖုန်းခေါ်ဆိုမှု ဖြစ်ကြောင် မြင်တွေ့လိုက်ရ၏။

"ဟလို..."

လင်ဖန်း ဖုန်းကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ဖက်မှ လုံယွဲ့၏ လေးနက်အေးစက်သော လေသံက ဟိန်းထွက်လာသည်။

"နင်ဘယ်မှာလဲ... အခုချက်ချင်း အိမ်ပြန်လာခဲ့... ဒီဧကရီ နင့်ကို စစ်ဆေးစရာ ရှိတယ်.."

Chapter 188

~

အခန်း ၁၈၈ : ဒီဧကရီက မျက်နှာခြင်းဆိုင် ရှင်းချင်တာ...

~

လင်းဖန်၏ အိမ်၌ ...

"ဧကရီ..."

အန်ယောင် အိမ်ထဲသို့ ဝင်လာပြီး အိပ်ခန်းဆီသို့ အမြန် ပြေးဝင်လာသည်။

လုံယွဲ့သည် ကုတင်စွန်းတွင် ထိုင်၍ အဝတ်အစားများကို ခေါက်နေလေ၏။ သူမ အန်ယောင်၏ အလျင်စလို အမူအရာကို မြင်တွေ့ရသောအခါ ...

"ဘာဖြစ်လာတာလဲ... ဘာလို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေရတာလဲ..."

"ဧကရီ... အန်ယောင် လျှောက်တင်စရာ အရေးကြီး ကိစ္စတစ်ခု ရှိပါတယ်.."

အန်ယောင်က လုံယွဲ့၏ အနီးသို့ တည်ကြည်လေးနက်စွာ တိုးကပ်သွားသည်။

သူမ၏ ထူးခြားသော လေးနက်မှုကို သတိပြုမိလိုက်သဖြင့် လုံယွဲ့က ခေါက်လက်စ အဝတ်အစားများကို ဘေးသို့ ချထားလိုက်ပြီး ...

"ဘာကိစ္စလဲ..."

အန်ယောင် ပါးစပ်ကို အနည်းငယ် ဟလိုက်မိသော်လည်း တစ်ခဏတာမျှ တုံ့ဆိုင်းသွားသည်။ သူမ၏ နှလုံးသားအတွင်း၌ မရေမရာသော ဆုံးဖြတ်ချက်တစ်ခုက ရုန်းကန်နေရ၏။

အကယ်၍ သူမသည် နတ်ဆိုးအရှင်၏ သစ္စာဖောက်ဖောက်ပြန်မှုအကြောင်းကို လျှောက်တင်လိုက်ပါက ဧကရီအရှင်မ ဝမ်းနည်းပူဆွေးပြီး နှလုံးကွဲကြေရော့ မည်လောဟူ၍ တွေးမိသည်။ သို့သော်လည်း သူမ ဤအမှန်တရားကို ဧကရီထံမှ ဖုံးကွယ်ထားပြီး နတ်ဆိုးအရှင်၏ လှည့်စားမှုအောက်တွင် ဆက်လက်ရှိနေစေရန် ခွင့်မပြုနိုင်ပေ။ ထို့ထက် ပိုသည်မှာ နတ်ဆိုးအရှင်အပေါ် ဧကရီ စိတ်ကုန်သွားမှသာ ယခုကဲ့သို့ သာမန်အိမ်ရှင်မတစ်ဦးအသွင် နေ့စဉ် အိမ်မှုကိစ္စများဖြင့် အလုပ်ရှုပ်နေတော့မည်မဟုတ် ။ သူ့ကို စွန့်ခွာ၍ ယခင်ကဲ့သို့ မြင့်မြတ်လှသော အဆင့်အတန်းဆီသို့ ပြန်လည်ရောက်ရှိနိုင်မည် ဖြစ်သည်။

သူမ၏ စိတ်ထဲ၌ အကျိုးနှင့် အပြစ်ကို အသေအချာ ချိန်ဆပြီးနောက် အန်ယောင်၏ မျက်ဝန်းများက ပြတ်သားမှုတို့ဖြင့် တောက်ပလာပြီး တည်ကြည်စွာ လျှောက်တင်လိုက်သည်။

"ဧကရီ... နတ်ဆိုးအရှင်... သူ ဖောက်ပြန်နေပါတယ်..."

"အမ် ..."

လုံယွဲ့ အံ့အားသင့်သွားပြီး သူမ နားကြားမှားလေသလားဟု ထင်မှတ်သွားကာ ပြန်မေးလိုက်သည်။

"နင် ဘာပြောလိုက်တာလဲ.."

"နတ်ဆိုးအရှင်က ဧကရီကွယ်ရာမှာ သစ္စာဖောက် လှည့်စားနေတာပါ ဧကရီ..."

အန်ယောင်က သေသေချာချာ ထပ်မံ လျှောက်တင်သည်။

"ဟားဟား..."

လုံယွဲ့ ခန္ဓာကိုယ်လေး တုန်ရီသွားအောင် ရယ်လိုက်ပြီး အဝတ်အစားများကို ဆက်လက်ခေါက်ရန် လှည့်လိုက်တော့သည်။

"နင် အရေးကြီး ကိစ္စတစ်ခုခု ပြောမယ်မှတ်လို့... လင်းဖန်က အဲဒီလို လူစားမျိုး လုံးဝ မဟုတ်ဘူး..."

မကြာသေးမီကာလများအတွင်း လင်းဖန်နှင့်အတူ အချိန်အတော်ကြာ ဖြတ်သန်းခဲ့ရသဖြင့် သူမ သူ့ကို အကဲခတ်မမှားကြောင်း ယုံကြည်သည်။ သူသည် ထိုကဲ့သို့သော အောက်တန်းကျသည့် အပြုအမူမျိုး လုပ်မည့်သူ မဟုတ်ပေ။ ထို့ပြင် သူမသည် ယင်းနွီ၏ စရိုက်ကိုလည်း အနည်းငယ် သိထား၏။ ရိုးသားဖြူစင်သူတစ်ဦး ဖြစ်သဖြင့် လင်းဖန်နှင့် ပူးပေါင်းကာ ဤကဲ့သို့သော လုပ်ရပ်မျိုး ပြုလုပ်မည့် မိန်းကလေးမျိုး လုံးဝမဟုတ်ပေ။

"အို... ဧကရီ... အန်ယောင်က အမှန်အတိုင်း လျှောက်တင်နေတာပါ.."

"ကျွန်မ ကိုယ်တိုင် နတ်ဆိုးအရှင်ရဲ့ သူငယ်ချင်းနှစ်ဦး ကားထဲတွင် တိုးတိုးတိတ်တိတ် ပြောနေကြကို ကြားခဲ့ရတာပါ... နတ်ဆိုးအရှင်နဲ့ သူ့ရဲ အမျိုးသမီးလက်အောက်ငယ်သားတို့ ဟိုတယ်တစ်ခုအတွင်းကို အတူတူ ဝင်သွားကြတာကို သူတို့ မြင်ခဲ့ရတယ်လို့ ပြောနေကြတာပါ..."

လုံယွဲ့ လုံးဝမယုံကြည်သည်ကို မြင်သောအခါ အန်ယောင် ချက်ချင်းပင် စိုးရိမ်သွား၏။

"ထပ်ပြီး စဉ်းစားကြည့်ပါဦး... နတ်ဆိုးအရှင်က အခုအချိန်ထိ အိမ်မှာ ဘာလို့ ရှိမနေရတာလဲ..."

"သူက ဧကရီကွယ်ရာမှာ သူရဲ့ လက်အောက်ငယ်သားမလေးနဲ့ တိတ်တဆိတ် သွားရောက်ဆုံတွေ့နေတာပါ.."

"ဒါက နတ်ဆိုးအရှင်ရဲ့ စစ်မှန်တဲ့ မျက်နှာဖုံးအစစ်ပဲ... သူက ဧကရီကို တစ်ချိန်လုံး လှည့်စားထားခဲ့တာပါ.."

"ဟမ်..."

လုံယွဲ့သည် လူသူကင်းမဲ့နေသော နေအိမ်အတွင်းသို့ လှည့်ပတ်ကြည့်လိုက်ပြီး တည်ငြိမ်စွာ တွေးလိုက်မိသည်။

'သူ မနက်စာဝယ်ဖို့ အပြင်ထွက်သွားတာလေ... မကြာခင် ပြန်လာမှာပါ..'

"ယင်းနွီကလည်း အခုအချိန်ဆိုရင် ဒလီ ပို့ပေးနေလောက်ပြီ... နင် အတွေးလွန်နေတာပဲ... အရာအားလုံးက နင် ထင်နေသလိုမျိုး မဟုတ်ဘူး.."

"ဧကရီ.."

လုံယွဲ့က သူမထက် လင်းဖန်ကို ပို၍ ယုံကြည်နေသည်ကို မြင်ရသောအခါ အန်ယောင်သည် ပူပြင်းလှသော ဒယ်အိုးပေါ်သို့ ရောက်ရှိနေသည့် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားလိုက်ရပြီး နတ်ဆိုးအရှင်၏ စစ်မှန်သော ရုပ်သွင်ကို ဖော်ထုတ်ပစ်ရန် ဆုံးဖြတ်ချက်က ပိုမိုခိုင်မာလာခဲ့သည်။

ဧကရီက နတ်ဆိုးအရှင် အပေါ် ယုံကြည်မှု အပြည့်အဝ ထားရှိသော်လည်း နတ်ဆိုးအရှင်ကမူ ဧကရီ၏ ယုံကြည်မှုကို စော်ကားလိုက်လေပြီ ။ ဧကရီကို နတ်ဆိုးအရှင်၏ လှည့်စားမှုအောက်တွင် ဆက်လက်နေရန် သူမ ခွင့်မပြုနိုင်တော့ပေ။

"ဧကရီ... ပြန်လည်စဉ်းစားကြည့်ပါဦး... နတ်ဆိုးအရှင်က မနက်စာဝယ်ရုံသက်သက်ဆိုရင် ဒီလောက်အထိ အချိန်အကြာကြီး ကြာနေပါ့မလား..."

"..."

ထိုစကားကြောင့် လုံယွဲ့၏ လက်များရပ်တန့်သွားပြီး ဧည့်ခန်းနံရံရှိ နာရီဆီသို့ မော့ကြည့်လိုက်မိသည်။

သူမ နိုးလာသည့်အချိန်ကတည်းက လင်းဖန်ကို နေအိမ်တွင် မတွေ့ရခြင်း ဖြစ်ပြီး သူ သွားသည်မှာလည်း အချိန်အတော် ကြာနေလေပြီ ။ သူ မနက်စာဝယ်ယူရန်အတွက် ယခင်က အချိန်အကြာကြီး မကြာဖူးချေ။

ဤအကြောင်းကို တွေးတောမိသောအခါ သူမ၏ ရင်ထဲ၌ ဂနာမငြိမ် ဖြစ်လာသည်။

'အန်ယောင် ပြောပြသလိုမျိုး တကယ်ပဲ ဖြစ်နေတာလား...'

"အန်ယောင်... ငါ ပြန်မေးမယ်... လင်းဖန်နဲ့ ယင်းနွီတို့ ဟိုတယ်ထဲကို အတူတူ ဝင်သွားကြတယ်လို့ ကျိုးယန်တို့ ပြောနေတာ နင် တကယ်ပဲ ကြားခဲ့ရတာလား..."

လုံယွဲ့၏ မျက်နှာအမူအရာမှာ ပိုမိုတည်ကြည်လေးနက်သွားပြီး အန်ယောင်ထံမှ ထပ်မံ အတည်ပြုချက် ရယူလိုက်သည်။

"အန်ယောင် ကိုယ်တိုင် နားနှင့်ဆတ်ဆတ် ကြားခဲ့ရတာပါ... လုံးဝ မှန်ကန်ပါတယ်..."

အန်ယောင်က အတည်ပြုသည့်အနေဖြင့် လေးနက်စွာ ခေါင်းညိတ်ပြသည်။

လုံယွဲ့ လက်သီးတင်းတင်းဆုပ်လိုက်ပြီး ကုတင်ပေါ်မှ လျင်မြန်စွာ ထရပ်လိုက်သည်။

အန်ယောင်၏ ရင်ထဲတွင် မျှော်လင့်ချက်များ ဆူပွက်သွားပြီး နှုတ်ခမ်းအစုံက မရည်ရွယ်ဘဲ ကွေးညွတ်ကာ အောင်နိုင်သူအပြုံးတစ်ခု ဖြစ်ပေါ်လာ၏။

'ဧကရီအရှင်မ နောက်ဆုံးတော့ ငါ့စကားကို ယုံကြည်သွားပြီ...'

ဧကရီ သည် နတ်ဆိုးအရှင်၏ စစ်မှန်သော သဘာဝကို သိရှိသွားပြီး စိတ်ပျက်လက်ပျက်ဖြင့် စွန့်ခွာသွားမည် ဖြစ်သဖြင့် နတ်ဆိုးအရှင်နှင့် ရင်ဆိုင်ရမည့်ကိစ္စတွင် ဧကရီအတွက် ပူပန်စရာ မလိုတော့ပေ။

"အန်ယောင်... သူတို့ ဘယ်နေရာမှာ ရှိနေကြလဲဆိုတာ နင် သိတယ် မလား..."

လုံယွဲ့ အဝတ်အစားများကို လျင်မြန်စွာ လဲလှယ်လိုက်ပြီးနောက် အိပ်ခန်းအတွင်းမှ ဒေါသတကြီး ထွက်ခွာလာပြီး ထိုနှစ်ယောက်ကို ဖမ်းဆီးရန် ပြင်ဆင်လိုက်သည်။

"အန်ယောင် သိပါတယ်... အန်ယောင် ရှေ့ကနေ ဦးဆောင်ပြီး လိုက်ပြပါ့မယ်.."

အန်ယောင် စိတ်လှုပ်ရှားသွားပြီး လုံယွဲ့အတွက် တံခါးဖွင့်ပေးရန် အလောတကြီး ပြေးထွက်လာ၏။ သူမသည် နတ်ဆိုးအရှင်က သူ၏ လက်အောက်ငယ်သားနှင့် ဖောက်ပြန်နေသည်ကို ဧကရီကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့ရှိပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားမည့် အချိန်ကို ဝမ်းသာအားရ စောင့်မျှော်နေသည်။

သို့သော် လုံယွဲ့ တံခါးအပြင်သို့ ထွက်တော့မည့် ဆဲဆဲတွင် လေထဲသို့ မြှောက်ထားသော သူမ၏ ခြေလှမ်းမှာ ချက်ချင်းပင် ရပ်တန့်သွားသည်။

သူမအပေါ် အစစအရာရာ ဂရုစိုက်ပေးခဲ့သော လင်းဖန်၏ ပုံရိပ်ကို ပြန်လည်အမှတ်ရမိသောအခါ သူမ၏ ခင်ပွန်းသည်က သူမအပေါ် သစ္စာဖောက်သည့် လုပ်ရပ်မျိုး လုပ်လိမ့်မည်ဟု သူမ မယုံကြည်နိုင်သေးပေ။ အမှန်တရားမှာ အန်ယောင် ကြားသိခဲ့ရသလိုမျိုး သို့မဟုတ် ကျိုးယန်တို့ မြင်တွေ့ခဲ့ရသလိုမျိုး မဟုတ်နိုင်ချေ။ စစ်မှန်သော အမှန်တရားကို သူမကိုယ်တိုင် ကြားသိ မြင်တွေ့ရမှသာလျှင် ယုံကြည်မည် ဖြစ်သည်။

စိတ်ကို အနည်းငယ် ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက် လုံယွဲ့သည် သူမ၏ ခြေလှမ်းကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဧည့်ခန်းအတွင်းရှိ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။

"ဘာဖြစ်လို့လဲ အရှင်မ..."

အန်ယောင် ရှုပ်ထွေး သွားပြီး ဧည့်ခန်းအတွင်းသို့ ပြန်လိုက်ဝင်လာ၏။

"ငါ စိတ်ပြောင်းသွားပြီ...."

"သူ့ကို အိမ်ပြန်ခေါ်ပြီး မျက်နှာချင်းဆိုင် ရင်ဆိုင်ဖြေရှင်းမယ်..."

လုံယွဲ့က အေးအေးဆေးဆေး ပြောလိုက်သည်။

ဖောက်ပြန်နေသည်ကို အမိဖမ်းခြင်းမှာ သာမန်လူသားတို့ ပြုလုပ်လေ့ရှိသော အရာ ဖြစ်သည်။ သူမကဲ့သို့ ဧကရီတစ်ပါးအနေဖြင့် ထိုကဲ့သို့ ပြုလုပ်ပါက သူမ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းပျက်စီးစေမည် ။ သူမ မမြင်တွေ့လိုသော မြင်ကွင်းတစ်ခုကို တွေ့မြင်ရပြီး စိတ်ခံစားချက်ကို မထိန်းချုပ်နိုင် ဖြစ်ရမည့်အစား အိမ်တွင် ထိုင် စောင့်ကာ ပြဿနာကို မျက်နှာချင်းဆိုင် ရှင်းလင်းခြင်းက ပိုကောင်းပေ၏။

သူမသည် ထိုကဲ့သို့သော ရှုပ်ထွေးဆူညံလှသည့် အခြေအနေမျိုးကို မနှစ်သက်။ အကယ်၍ တစ်စုံတစ်ရာ အထင်လွဲမှားမှု ရှိနေပါက ဆုံးဖြတ်ချက်မချမီ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး အမှန်တရားကို ရှင်းလင်းစွာ ဖော်ထုတ်ခြင်းကသာ အကောင်းဆုံး ဖြစ်သည်။

လုံယွဲ့ ဖုန်းကို ထုတ်ယူကာ လင်းဖန်၏ ဖုန်းနံပါတ်ကို နှိပ်လိုက်ပြီး နားရွက်တွင် ကပ်၍ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။ ဖုန်းအတွင်းမှ အချက်ပေးသံ တစ်ချက် မြည်လာတိုင်း သူမ၏ ရင်ထဲ၌ စိုးရိမ်ပူပန်မှုများ ပိုမိုတိုးပွားလာ၏။

'သူ တကယ်ပဲ တစ်ခုခုနဲ့ အလုပ်ရှုပ်နေလို့ ငါ့ဖုန်းကို မကိုင်နိုင်တာ ဖြစ်နေမလား...'

"ဟလို..."

သိပ်မကြာမီမှာပင် လင်းဖန်၏ အသံက ဖုန်းလိုင်းတစ်ဖက်မှ ထွက်ပေါ်လာသည်။ သူ၏ အသံကို ကြားလိုက်ရသဖြင့် လုံယွဲ့ စိတ်အနည်းငယ် သက်သာရာရသွားသော်လည်း စိတ်မရှည်ဟန်ဖြင့် ...

"နင် အခုဘယ်မှာလဲ... အခုချက်ချင်း အိမ်ပြန်လာခဲ့... ဒီဧကရီ နင့်ကို စစ်ဆေးစရာ ရှိတယ်.."

"ငါ ကျိုးယန်တို့နဲ့အတူ ရှိနေတာ... အခုချက်ချင်း ပြန်လာခဲ့မယ်..."

ဖုန်းလိုင်း၏ တစ်ဖက်တွင်မူ လင်းဖန်က ကျိုးယန်နှင့် လုကျိုက်တို့ကို တည်ငြိမ်စွာ ရှင်းပြနေခြင်း ဖြစ်သည်။

ကျိုးယန်နှင့် လုကျိုက်တို့သည် ထိုစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် စိတ်ထဲ၌ မကောင်းသော အတိတ်နိမိတ်ကို ခံစားလိုက်ရ၏။

' မရီးရဲ့ လေသံက တော်တော်လေး စိတ်ဆိုးနေတဲ့ပုံပဲ.. '

'မရီး ဒီကိစ္စကို သိသွားပြီ ထင်တယ်..'

"ကျိုးယန်တို့နဲ့ အတူရှိနေတာလား... ကောင်းပြီလေ... သူတို့ကိုပါ တစ်ခါတည်း ခေါ်လာခဲ့... ငါ သူတို့ကိုပါ မေးစရာ ရှိတယ်.."

ထိုစကားကို ကြားလိုက်ရသောအခါ ကျိုးယန်နှင့် လုကျိုက်တို့ အသက်ပင် ဝဝမရှူရဲတော့ဘဲ လင်းဖန်ကို မျက်စိမှိတ်ပြ၊ ခေါင်းကို အပြင်းအထန် ခါယမ်းပြရင်း သူတို့ ထွက်သွားကြောင်း လုံယွဲ့ကို ပြောရန် လက်ဟန်ခြေဟန်ဖြင့် အသည်းအသန် အချက်ပြကြတော့သည်။

သို့သော် လင်းဖန်က ထိုနှစ်ဦးကို လျစ်လျူရှုကာ ချက်ချင်းပင် သဘောတူလိုက်၏။

"ကောင်းပါပြီ... ငါ သူတို့ကို ခဏနေရင် ပြန်ခေါ်လာခဲ့မယ်.."

"ဒါနဲ့... မနက်စာ ဘာစားချင်လဲ... အပြန်လမ်းမှာ ဝယ်လာခဲ့ရမလား.."

"မလိုဘူး... အရင်ဆုံး ပြန်လာခဲ့.."

ထိုသို့ ပြောပြီးနောက် လုံယွဲ့က ဖုန်းချလိုက်တော့သည်။

"သွားပြီ... မရီးက အားလုံးကို သိသွားပြီ ထင်တယ်.."

ဖုန်းချလိုက်သည်နှင့် တပြိုင်နက် ကျိုးယန်နှင့် လုကျိုက်တို့ စိုးရိမ်ပူပန် သွားကြသည်။ ရင်ဆိုင်ရတော့မည့် စစ်ဆေးမေးမြန်းမှုကြီးကို သူတို့ မြင်ယောင်ကြည့်နိုင်လေသည်။ လင်းဖန်၏ အိမ်က မကြာမီအချိန်အတွင်း ပြင်းထန်သော စစ်မြေပြင်တစ်ခု ဖြစ်လာတော့မည်မှာ အသေအချာပင် ။

"စိတ်မပူကြပါနဲ့... ဘာမှမဖြစ်ပါဘူး.."

လင်းဖန် ထိုင်ခုံမှ ဖြည်းဖြည်းချင်းထရပ်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာ တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်။ သူ မည်သည့်အမှားမျှ လုပ်ထားခြင်း မရှိသဖြင့် ကြောက်ရွံ့နေစရာ အကြောင်း မရှိချေ။

All Chapters