အခန်း (၁၈၉-၁၉၀)
Vol. 19 Ch. 189-190
အခန်း ၁၈၉ : ငါ အပြစ်မရှိတာကို သက်သေပြမယ်...
~
"ပြန်ရောက်ပါပြီ..."
လင်းဖန်က တံခါးဖွင့်၍ ဝင်လာပြီး သူ့နောက်တွင် ကျိုးယန်နှင့် လုကျိုက်တို့က ခပ်ကုပ်ကုပ် ပါလာ၏ ။
သူတို့ အိမ်ထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် တစ်အိမ်လုံးတွင် သတ်ဖြတ်ချင်စိတ် အအေးဓာတ်များ လွှမ်းခြုံနေသည်ကို ခံစားလိုက်ရ၏။
လုံယွဲ့သည် ဆိုဖာပေါ်တွင် လက်ပိုက်၊ ခြေထောက်ချိတ်၍ အေးစက်သော မျက်နှာထားဖြင့် ထိုင်နေသည်။ သူမသည် လင်ဖန်းနှင့် အခြားသူများထံမှ တိကျသော ဖြေရှင်းချက်တစ်ခုကို တောင်းဆိုတော့မည့်အလား တိတ်ဆိတ်စွာ စိုက်ကြည့်နေလေ၏။
အန်ယောင်ကမူ သူမ၏ ဘေးနားတွင် မတ်တပ်ရပ်နေပြီး နှုတ်ခမ်းထက်တွင် သိမ်မွေ့သော အောင်နိုင်သူအပြုံးတစ်ခုကို ဆင်မြန်းထားကာ နတ်ဆိုးအရှင်နှင့် ဧကရီအရှင်မတို့ မည်သို့ ဇာတ်လမ်းပြတ်ကြမည်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေသည်။
"မရီး... မင်္ဂလာပါ.."
ကျိုးယန်နှင့် လုကျိုက်တို့သည် လုံယွဲ့ကို မြင်သည်နှင့် တုန်တုန်ရီရီဖြင့် နှုတ်ဆက်လိုက်ကြ၏။
"ယွဲ့အာ..."
လင်းဖန်က စကားစလိုက်သော်လည်း လုံယွဲ့က လက်တစ်ဖက်ကို မြှောက်ပြကာ ပိတ်ပြောသည်။
"နင် ဘာမှမပြောနဲ့ဦး... ငါ သူတို့ကို အရင်ဆုံး မေးစရာ ရှိတယ်..."
ထိုသို့ ပြောပြီးနောက် လုံယွဲ့၏ စူးရှသော အကြည့်များက ကျိုးယန်နှင့် လုကျိုက်တို့ထံသို့ ကျရောက်သွားပြီး ခက်ထန်သော လေသံဖြင့် ...
"ငါ့ရဲ့ အိမ်အကူက ပြောတယ်... လင်းဖန်နဲ့ ယင်းနွီတို့နှစ်ယောက် ဟိုတယ်တစ်ခုထဲကို အတူတူ ဝင်သွားကြတာကို နင်တို့ မြင်ခဲ့ရတယ်လို့ ကားထဲမှာ ပြောနေကြတာကို ကြားခဲ့ရတယ်တဲ့... အဲဒါ အမှန်ပဲလား..."
"..."
ကျိုးယန်နှင့် လုကျိုက်တို့၏ နှလုံးသားထဲတွင် ရထားတစ်စီး ခုတ်မောင်းသွားပြီး ဘေးနားရှိ အောင်ပွဲခံနေသော အန်ယောင်ကို အံ့အားသင့်စွာ မော့ကြည့်လိုက်မိကြသည်။ သူတို့ ကားအတွင်း တိုးတိုးတိတ်တိတ် စကားပြောခဲ့ကြသည်ကို ဤမိန်းကလေး ကြားသွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ယခုအခါတွင်မူ မရီးဖြစ်သူက လင်းဖန်၏ ဖောက်ပြန်မှု အကြောင်းကို အကုန် သိသွားလေပြီ ။ ဤအခြေအနေက သူတို့အတွက် အလွန်ပင် အနေရခက်လှသည်။ အကယ်၍ မရီးသာ မသိသေးပါက သူတို့ မသိဟန်ဆောင်နိုင်သော်လည်း ယခုပြဿနာ၏ မီးစမှာ သူတို့ဖြစ်နေ၍ ဖုံးကွယ်၍ မရတော့ချေ ။ သို့သော် ထုတ်ပြောသည်ကလည်း ညီအကို ကို သစ္စာမရှိသလို ဖြစ်သွားမည် ။
'ငါတို့ ဘာလုပ်သင့်လဲ...'
ကျိုးယန်နှင့် လုကျိုက်တို့ စိတ်အိုက်သွားသဖြင့် လင်းဖန်ထံသို့သာ အကူအညီတောင်းသည့် အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြသည်။
လင်းဖန်က တည်ငြိမ်စွာ ပြုံးပြသည် ။ ထို့နောက် ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး အမှန်အတိုင်းသာ ဖြေဆိုရန် အချက်ပြလိုက်၏။
ထိုအချက်ပြမှုကို မြင်တွေ့ရမှသာ ကျိုးယန်နှင့် လုကျိုက်တို့ တုံ့ဆိုင်းမနေတော့ဘဲ လုံယွဲ့ကို အားနာစွာဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။
"ဟုတ်ပါတယ် မရီး... ဒါပေမဲ့ လင်းဖန်က အဲဒီဟိုတယ်မှာ အရေးကြီးတဲ့ အလုပ်ကိစ္စတစ်ခုခုကို ဆွေးနွေးနေတာလည်း ဖြစ်နိုင်ပါတယ်..."
ထိုသို့ ပြောပြီးနောက် ကျိုးယန် သူ့ ပါးသူ ပြန်ရိုက်ချင်စိတ် ပေါက်သွား၏။ ချစ်သူများဟိုတယ်သို့ သွားရောက်ကာ အရေးကြီးသော အလုပ်ကိစ္စ ဆွေးနွေးသည်ဟူသော ဆင်ခြေမျိုးမှာ သုံးနှစ်အရွယ် ကလေးငယ်ကိုပင် လှည့်စား၍ ရမည် မဟုတ်။ သူကိုယ်တိုင်ပင် ထိုစကားကို မယုံကြည်ချေ။
"ကောင်းပြီ... ငါ နားလည်ပြီ..."
ကျိုးယန်၏ အသည်းအသန် ကာကွယ်နေမှုကို မြင်လျှင် လုံယွဲ့၏ မျက်နှာက ပို၍ပင် အေးစက်လာ၏ ။
မူလက လင်းဖန်သည် သစ္စာဖောက်ဖျက်မည့်သူ မဟုတ်ဟု သူမ အကြွင်းမဲ့ ယုံကြည်ထားသော်လည်း ယခု ကျိုးယန် သရုပ်ပျက်နေသည်ကို မြင်ရလျှင် သံသယဝင်ရန်ကလွဲ၍ အခြားနည်းလမ်းမရှိတော့ပေ။ သူမသည် ကျိုးယန်နှင့် လင်းဖန်တို့၏ ဆက်ဆံရေးကို မည်သူထက်မဆို ပိုမိုသိရှိထားသည်။ လင်းဖန်၏ အရင်းနှီးဆုံး သူငယ်ချင်းတစ်ဦးအနေဖြင့် ယခုကဲ့သို့ ကာကွယ်ပြောဆိုပေးနေသည်မှာ လင်းဖန်ဘက်မှ အမှားတစ်ခုခု ရှိနေ၍သာ ဖြစ်ရမည်။
"လင်းဖန်... နင် ငါနဲ့အတူ အထဲကို လိုက်ခဲ့..."
လုံယွဲ့ ဘာမှ ထပ်မပြောတော့ဘဲ မတ်တပ်ထရပ်ကာ အိပ်ခန်းထဲသို့ ဝင်သွားသည်။ သူမ လင်းဖန်နှင့် နှစ်ကိုယ်တည်း သီးသန့် စကားပြောလို၏ ။ အကယ်၍ သူမ၏ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ခဲ့ပါ အပြင်လူများရှေ့တွင် ဧကရီတစ်ပါး၏ တည်ငြိမ်မှုကို မဆုံးရှုံးလိုပေ။
"လင်းဖန်... မရီး ဘာပဲပြောပြော.. ဘယ်လောက်ပဲ ဒေါသထွက်ထွက်... မင်းဘက်က စိတ်ရင်းမှန်နဲ့ တောင်းပန်ပြီး ကောင်းကောင်းမွန်မွန် ချော့ရမယ်နားလည်လား..."
"မရီးလို မိန်းမကောင်းမျိုးကို မီးခွက်ထွန်းရှာရင်တောင် မရနိုင်ဘူး... သူ့ကို တကယ် စိတ်နာအောင် လုပ်မိရင် မင်းတစ်သက်လုံး နောင်တရသွားလိမ့်မယ်.."
ကျိုးယန်က လင်းဖန်၏ အနားသို့ ကပ်ကာ တိုးတိုးတိတ်တိတ် အကြံပြုသည်။ ဘေးနားရှိ လုကျိုက်ကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
ဆင်းရဲဒုက္ခကို အတူတူရင်ဆိုင်ရန် ဆန္ဒရှိပြီး၊ ဆင်းရဲမွဲတေမှုကိုလည်း မုန်းတီးခြင်းမရှိ ။ အပြင်လူများရှေ့တွင် အမြဲတစေ ကာကွယ်ပေးတတ်သော ဇနီးကောင်းတစ်ဦးကို ရှာဖွေရန် အလွန်ပင် ခဲယဉ်းလှသည်။ ထို့ထက် ပိုသည်မှာ မရီးသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သမီးလေးကဲ့သို့ လှပချောမော၏ ။ သူမ၏ အစားကြီးသော အချက်မှလွဲ၍ မည်သည့်ချို့ယွင်းချက်မျှ မရှိချေ။ ထို့ကြောင့် ယခုအချိန်တွင် သူတို့က လင်းဖန်ထက်ပင် ပို၍ ပူပန်နေကြခြင်း ဖြစ်သည်။
"စိတ်မပူပါနဲ့... ဘာမှကြီးကြီးမားမား မဟုတ်ပါဘူး... ငါသူ့ကို အေးအေးဆေးဆေး ရှင်းပြလိုက်ပါ့မယ်.."
လင်းဖန်က အနည်းငယ် ပြုံးပြလိုက်ပြီး လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြကာ အိပ်ခန်းအတွင်းသို့ လိုက်ဝင်သွားသည်။ ကျိုးယန်နှင့် လုကျိုက်တို့ လင်းဖန် အိပ်ခန်းထဲသို့ ဝင်ရောက်သွားသည်ကို ကြည့်ရင်း တံခါးပိတ်သွားသည့်အခါ သက်ပြင်းအရှည်ကြီး ချလိုက်မိကြသည်။
'ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ သူ ဘယ်လိုဖြစ်ပြီး ပြုံးနေနိုင်ရတာလဲ... ပြီးတော့ ဘာမှကြီးကြီးမားမား မဟုတ်ဘူးတဲ့... သေချာမရှင်းပြနိုင်ရင် အိမ်ထောင်ရေး ပြိုကွဲသွားနိုင်တာကို..'
အိပ်ခန်းအတွင်း၌ ...
လုံယွဲ့သည် ကုတင်စွန်းတွင် လက်ပိုက်၊ ခြေထောက်ချိတ်၍ ထိုင်နေပြီး မျက်နှာထက်တွင် အေးစက်စက်ဖြင့် မေးခွန်းထုတ်လိုသော အမူအရာက ထင်ဟပ်နေသည်။
"ကျိုးယန်တို့ ပြောတာတွေက အမှန်ပဲလား..."
"မှန်တယ်လေ..."
လင်းဖန်က ရိုးသားစွာ ဝန်ခံလိုက်သည်။ လင်းဖန် ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်း ဝန်ခံလိမ့်မည်ဟု လုံယွဲ့ မျှော်လင့်မထားသဖြင့် မျက်မှောင်ကြုတ်လိုက်မိပြီး....
"ဒါဆိုရင်... နင် ဒီဧကရီကို ရှင်းပြဖို့ စကားလုံး ရှိသေးရဲ့လား..."
"ရှိတာပေါ့... ငါ နဲ့ ယင်းနွီ အဲဒီဟိုတယ်မှာ တွေ့ခဲ့တာ အမှန်ပဲ... ဒါပေမဲ့ ကျိုးယန် ပြောခဲ့သလိုမျိုး အရေးကြီးတဲ့ အလုပ်ကိစ္စတွေကို ဆွေးနွေးဖို့အတွက်လေ..."
"အလုပ်ကိစ္စ ဆွေးနွေးတယ် ဟုတ်လား... မနက်စောစောစီးစီး အချစ်ဟိုတယ်ခန်းထဲမှာလား
.."
လုံယွဲ့၏ မျက်ခုံးက ပိုမိုကျဉ်းမြောင်းသွားပြီး မျက်နှာထက်တွင် သံသယစိတ်များ လွှမ်းမိုးလာသည်။ လင်းဖန်၏ မျက်နှာအမူအရာကမူ တည်ငြိမ်အေးဆေးနေဆဲပင်။
"အင်းလေ.."
"အိမ်မှာ ဆွေးနွေးလို့ မရနိုင်တဲ့အထိ လျှို့ဝှက်ရတဲ့ အလုပ်ကိစ္စမျိုးလား... ဒါမှမဟုတ် ဒီဧကရီ သိသွားမှာကို စိုးရိမ်နေတာလား.."
လုံယွဲ့က မကျေမနပ်ဖြင့် မေးခွန်းထုတ်သည်။ လင်းဖန်အနေဖြင့် သူမအပေါ် အမှန်တကယ် သစ္စာမဖောက်ခဲ့လျှင်ပင် သူမကွယ်ရာ၌ တခြားသူများနှင့် တိုးတိုးတိတ်တိတ် ကိစ္စရပ်များကို ဆွေးနွေးနေခြင်းက အမှန်တရား ဖြစ်သည်။ ဤကဲ့သို့ ယုံကြည်မှု ကင်းမဲ့ခြင်း ခံရသည့် ခံစားချက်က သူမကို အလွန်ပင် မပျော်မရွှင် ဖြစ်စေသည်။
"တကယ်တော့ အဲဒါက နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စမို့လို့ပါ... ယွဲ့အာ ကို စိတ်မပူစေချင်တဲ့အတွက် ဖုံးကွယ်ထားမိတာ..."
လင်းဖန် အနည်းငယ် ပြုံးလိုက်ပြီး ရှေ့သို့ တစ်လှမ်း တိုးကပ်ရန် ပြင်လိုက်စဉ် လုံယွဲ့က အေးစက်သော လေသံဖြင့်...
"ရပ်လိုက်... ဒီဧကရီက နင့်ကို လှုပ်ရှားခွင့် မပေးသေးဘူး... အဲဒီနေရာမှာတင် ရပ်နေစမ်း..."
လင်းဖန်..."..."
လင်းဖန်၏ ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားပြီး တိတ်ဆိတ်စွာပင် နောက်သို့ ပြန်လည်ဆုတ်ခွာလိုက်ရသည်။
"နင် ငါ့ကွယ်ရာမှာ အလုပ်ကိစ္စတွေ လျှို့ဝှက်ဆွေးနွေးတာကို ဒီဧကရီ ခဏ အသာထားနိုင်ပေမဲ့... အခုချက်ချင်း နင့်ဆီကနေ အမှန်အတိုင်း ကြားချင်တဲ့ မေးခွန်းတစ်ခု ရှိတယ်..."
"နင်... ဒီဧကရီအပေါ် သစ္စာဖောက်ခဲ့လား...မဖောက်ခဲ့ဘူးလား..."
လုံယွဲ့၏ စူးရှလှသော မျက်ဝန်းအစုံက လင်းဖန်ကို စူးစိုက်ကြည့်နေသည်။ ဤမေးခွန်းကို မေးမြန်းလိုက်သည့် တစ်ခဏ၌ သူမ၏ နှလုံးသားမှာ မမြင်ရသော လက်တစ်ဖက်ဖြင့် ညှစ်ခြေခံလိုက်ရသကဲ့သို့ တင်းကျပ်သွားပြီး စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။ သူမသည် ယခုအချိန်တွင် လင်းဖန်ထံမှ ထွက်ပေါ်လာမည့် စစ်မှန်သော အဖြေကိုသာ သူမ၏ နားဖြင့် တပ်အပ် ကြားသိလိုခြင်း ဖြစ်သည်။
လင်းဖန်က လုံယွဲ့၏ မျက်လုံးကို စူးစိုက်ကြည့်လိုက်ပြီး ....
"ငါ ကောင်းကင်တာအိုကို ကျိန်ဆိုတယ်... ငါ့ ယွဲ့အာအပေါ် ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့သလို ...ဘယ်တော့မှလဲ သစ္စာမဖောက်ဘူး ..."
ဤမျှ လေးနက်ခိုင်မာလှသော သစ္စာပြုချက်ကို ကြားသိလိုက်ရသောအခါ လုံယွဲ့၏ ရင်ထဲ၌ တင်းကျပ်ပူပန်နေသမျှ အလုံးစုံမှာ ချက်ချင်းပင် နှင်းရည်ပျော်သကဲ့သို့ ပျောက်ကွယ်သွားပြီး ပြင်းထန်သော တုန်လှုပ်မှုနှင့်အတူ ဝမ်းမြောက်ကြည်နူးမှုများက အစားထိုး လွှမ်းမိုးလာခဲ့သည်။ သို့သော် သူမ၏ ပျော်ရွှင်ကြည်နူးမှုကို ဖုံးကွယ်ရန်အတွက် သူမသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မာနထောင်လွှားသော ပုံစံဖြင့် ...
"ဟမ့်.. နင် ပြောတာတွေက အမှန်လား.. အမှားလားဆိုတာ ဘယ်သူက သိနိုင်မှာလဲ..."
"ဒါဆို ငါ သေချာတဲ့ သက်သေပြရမလား .."
လင်းဖန်က ပြုံး၍ မေးလိုက်သည်။
"ကောင်းပြီလေ... ဒါဆိုရင် ဒီဧကရီကို နင့်ရဲ့ သက်သေအထောက်အထားပြစမ်းပါဦး..."
လုံယွဲ့သည် သူမ၏ ဖြူစင်ဝင်းပသော ကျောက်စိမ်းရောင် လည်တိုင်လေးကို မော့၍ ဟန်ပါပါကြည့်နေ၏ ။ ယခုအချိန်တွင် လင်းဖန် သူမ အပေါ် သစ္စာမဖောက်ကြောင်း အပြည့်အဝ ယုံကြည်သွားပြီ ဖြစ်သော်လည်း သူ မည်ကဲ့သို့ သက်သေပြမည်ကိုမူ စပ်စုလိုစိတ်ဖြင့် သိရှိချင်နေခြင်း ဖြစ်သည်။
လင်းဖန်က နောက်ထပ် စကားတစ်ခွန်းမှ မပြောဘဲ လက်ကိုဝှေ့ယမ်း၍ အသံလုံ စည်းတစ်ခု ချလိုက်၏ ။
'ဟင်...'
လုံယွဲ့ အံ့အားသင့်သွားသည်။
' သူ ဘာဖြစ်လို့ ရုတ်တရက်ကြီး အသံလုံစည်း ချလိုက်တာလဲ..'
သူမ၏ သံသယမျက်ဝန်းများအောက်တွင် လင်းဖန်က တိတ်ဆိတ်စွာဖြင့် သူ၏ အပေါ်အင်္ကျီများကို တစ်ထည်ချင်း ချွတ်ပစ်လိုက်ပြီးနောက် သူမရှိရာ ကုတင်ဆီသို့ တစ်လှမ်းချင်းစီ လျှောက်လာခဲ့သည်။
"ခဏ... ခဏနေဦး... ဘာဖြစ်လို့ ရုတ်တရက်ကြီး အဝတ်တွေ ချွတ်နေရတာလဲ... ရပ်လိုက်စမ်း... အနားကို မလာနဲ့နော်..."
လုံယွဲ့၏ မျက်နှာလေးမှာ ရုတ်ချည်း ပန်သီးလေးလို ရဲရဲနီသွားပြီး လေသံတိုးတိုး ဖြင့် ဟန့်တားသည်။ သို့သော် လင်းဖန်ကမူ ဂရုမစိုက် ။ ရှေ့သို့ ဆက်လက်တိုးလာကာ သူမကို ကုတင်ထက်သို့ အသာ ဖိချလိုက်ပြီး မျက်နှာချင်း အနီးကပ်ဆုံး အနေအထားဖြင့် သွေးဆောင်သလို ပြုံးလိုက်သည်။
"အဖြေက ရှင်းပါတယ်... ငါ လိမ်ညာတာ မရှိကြောင်းကို ကိုယ်တိုင်သက်သေပြမလို့လေ..."
"ခဏ....နင် သက်သေပြစရာ မလိုတော့ဘူး... ဒီဧကရီက နင့်ကို ယုံပါတယ်ဆို... ဒါဆိုရင် မလုံလောက်သေးဘူးလား..."
လုံယွဲ့က လင်ဖန်း၏ ဗလာကျင်းနေသော ရင်ဘတ်ကျယ်ကြီးကို သူမ၏ လက်ဖြင့် အလျင်အမြန် တွန်းဖယ်ရန် ကြိုးစား၏။ အခန်းအပြင်တွင် တခြားသူများ ရှိနေသေးသည် ။
"အဲလိုလုပ်လို့ ဘယ်ဖြစ်မလဲ... ငါရဲ့ ဖြူစင်အပြစ်ကင်းမှုကို ယွဲ့အာ သိအောင် သေသေချာချာ သက်သေပြရမှာပေါ့..."
လင်းဖန်သည် ကိုယ်ကို ကိုင်းညွတ်လိုက်ပြီး လုံယွဲ့ထံမှ မည်သည့် ငြင်းဆန်စကားမျှ ထပ်မံထွက်ပေါ်မလာနိုင်စေရန် သူမ၏ ဆွဲဆောင်မှုရှိလှသော နှင်းဆီရောင် နှုတ်ခမ်းလှလေးကို သူ၏ နှုတ်ခမ်းဖြင့် ဖိကပ်လိုက်သည်။
မကြာမီအချိန်အတွင်း အိပ်ခန်းငယ်လေးအတွင်း၌ သာယာငြိမ့်ညောင်းသော ငှက်ငယ်တို့၏ တေးဆိုသံများဖြင့် ပြည့်နှက်သွားလေတော့၏။
ကျိုးယန်၊ လုကျိုက်နှင့် အန်ယောင်တို့ အိပ်ခန်းအပြင်၌ စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသော်လည်း အချိန်အတော်ကြာ စောင့်ဆိုင်းသည့်တိုင် အခန်းတွင်းမှ မည်သည့် ဆူညံသံ မှထွက်မလာ ။ သူတို့အားလုံး ရှုပ်ထွေးသွားကြ၏ ။
'ဘာလို့ အထဲမှာ အသံတိတ်နေကြတာလဲ... ရင်တွေခုန်လွန်းတော့ သေတော့မယ်.. ‘
Chapter 190
~
အခန်း ၁၉၀ : သူ မလိမ်ဘူးဆိုတာ ငါကိုယ်တိုင် အတည်ပြုပြီးပြီ...
~
"ကလစ်..."
တံခါးပွင့်သွားသည့် အသံကြောင့် ဧည့်ခန်းထဲ၌ စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသော ကျိုးယန်၊ အန်ယောင်နှင့် အခြားသူများသည် အိပ်ခန်းတံခါးဝဆီသို့ လှမ်းကြည့်လိုက်ကြ၏။
လင်းဖန်နှင့် လုံယွဲ့တို့ အိပ်ခန်းထဲ၌ စကားပြောနေသည်မှာ တစ်နာရီကျော်ပင် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ ထိုအချိန်အတောအတွင်း အိပ်ခန်းတစ်ခုလုံးမှ လုံးဝတိတ်ဆိတ်နေပြီး မည်သည့်အသံမျှ ထွက်ပေါ်မလာခဲ့ချေ။
ထို့ကြောင့် အတွင်း၌ မည်သည်များ ဖြစ်နေသနည်း ။ သူတို့၏ စကားဝိုင်းက မည်သည့်လမ်းကြောင်းသို့ ဦးတည်သွားသလဲဆိုသည်ကို မည်သူမျှ မခန့်မှန်းနိုင်ကြပေ။
လူတိုင်း၏ စူးစိုက်ကြည့်နေသော အကြည့်များအောက်တွင် လင်းဖန်နှင့် လုံယွဲ့တို့ အိပ်ခန်းထဲမှ အတူတူ ထွက်လာခဲ့ကြသည်။
လင်းဖန်၏ မျက်နှာအမူအရာမှာမူ ပုံမှန်အတိုင်း တည်ငြိမ်အေးဆေးနေပြီး အခြေအနေအားလုံးကို သူ၏ လက်ဝါးတွင်း၌ အပြည့်အဝ ထိန်းချုပ်ထားနိုင်သည့် အလား ဖြစ်သည်။
တစ်ဖက်တွင်မူ လုံယွဲ့၏ ပုံစံမှာ အနည်းငယ် သဘာဝမကျ ။ သူမ၏ ပါးပြင်လေးနှစ်ဖက်က ပန်းရောင်သန်းနေပြီး အသားအရေမှာ ပိုမိုဝင်းပ တောက်ပနေကာ ဆံနွယ်အချို့မှာလည်း အနည်းငယ် ဖရိုဖရဲ ဖြစ်နေသည်။ ထိုလှပကျော့ရှင်းသော မျက်နှာထက်တွင် မိန်းကလေးငယ်တစ်ဦး၏ ရှက်သွေးဖြာမှု အရိပ်အယောင်များ ယှက်သန်းနေပြီး လေပြည်ညင်းညင်း တိုက်ခတ်နေသည့် နွေဦးရာသီ၏ ဆွဲဆောင်မှုရှိသော အလှတရားမျိုး ပေါ်လွင်နေပေသည်။
"အရှင်မ... အရှင်မ... လင်းဖန်က အရှင်မအပေါ် သစ္စာဖောက်ပြီး စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့တယ်ဆိုတာကို ဝန်ခံပြီလား..."
အန်ယောင်က မျှောင်လင့်ချက် အပြည့်ဖြင့် မေးလိုက်၏ ။
လုံယွဲ့က သူမ၏ ဘေးနားတွင် ရပ်နေသော လင်းဖန်ကို ချစ်မြတ်နိုးမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး သူမ၏ လှပသော မျက်နှာလေးမှာ ပို၍ပင် ရှက်သွေးဖြာသွား၏ ။ အချစ်၌ ကျရှုံးသွားသော မိန်းကလေးငယ်တစ်ဦးကဲ့သို့ ပြုမူနေသည်။
"အဲဒါ မဟုတ်ပါဘူး... ငါကိုယ်တိုင် သေသေချာချာ အတည်ပြုပြီးပါပြီ... သူ ငါ့အပေါ် ဘာတစ်ခုမှ မလိမ်ညာခဲ့ပါဘူး..."
အန်ယောင် ... "..."
ကျိုးယန် / လုကျိုက်.... "..."
'ဟမ်...'
ကျိုးယန်နှင့် လုကျိုက်တို့ မယုံကြည်နိုင်လောက်အောင် ဆွံ့အသွားကြပြီး လင်းဖန်နှင့် လုံယွဲ့တို့ကို စိုက်ကြည့်နေကြ၏ ။
'မရီးက လင်းဖန်ကို ဒီလောက်အထိ အကြွင်းမဲ့ ယုံကြည်တာလား.. ပြင်းထန်တဲ့ ငြင်းခုံမှုတွေ.. ရန်ပွဲတွေ လုံးဝမရှိဘဲ ဖောက်ပြန်မှု သံသယပြဿနာကြီးက ဒီလိုပဲ ပြီးသွားတာလား..'
သူတို့နှစ်ဦး အခန်းတွင်း၌ ပြင်းထန်သော အငြင်းပွားမှုများ သို့မဟုတ် ရိုက်နှက်ပွဲများ ဖြစ်ပွားလာပါက တံခါးကို ဖျက်ဆီးပြီး ဝင်ရောက်ဖျန်ဖြေရန် အသင့်ပြင်ထားကြခြင်း ဖြစ်သည်။ တစ်နာရီကျော်လောက် နှစ်ကိုယ်တည်း စကားပြောပြီးရုံမျှဖြင့် ဤကဲ့သို့သော ကြီးမားသည့် ပြဿနာကြီးက အေးအေးချမ်းချမ်း ပြေလည်သွားလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ကြပေ။
ထို့ထက် ပိုသည်မှာ မရီး၏ မျက်နှာလေးမှာ ရဲတွတ်နေပြီး ရှက်ကိုးရှက်ကန်း ဖြစ်နေခြင်း ဖြစ်သည်။ အိပ်ခန်းထဲတွင် လင်းဖန်က သူမကို ဘာများ လုပ်လိုက်ပါသနည်း။ အခန်းထဲမှ ထွက်လာပြီးနောက်တွင်မူ လင်းဖန်အနား၌ ခိုလှုံနေသော ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ နူးညံ့သိမ်မွေ့သွားသည်မှာ အံ့ဩစရာပင်။
'နောက်မှပဲ လင်းဖန်ဆီက ဒီလျှို့ဝှက်နည်းလမ်းကို တောင်းရမယ်...'
လုံယွဲ့၏ ပြောင်းလဲသွားသော အမူအရာက အန်ယောင်ကို အလွန်ပင် မှင်သက်သွားစေသည်။ ဤရလဒ်က သူမ မျှော်လင့်ထားခဲ့သည့် အခြေအနေနှင့် ကွာခြားလွန်းလှ၏။ အမှန်တရားကို သိရှိသွားပြီးနောက် ဧကရီသည် နတ်ဆိုးအရှင်နှင့် အဆက်အသွယ် ဖြတ်တောက်ပစ်ရမည် မဟုတ်ပါလော။ မည်သို့ကြောင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးက ပိုမို နီးကပ်သွားသလို ခံစားနေရပါသနည်း ။
'အိပ်ခန်းထဲမှာ ဘာတွေ ဖြစ်ခဲ့တာလဲ..'
"အရှင်မ... လင်းဖန်က အရှင်မ ကွယ်ရာမှာ ယင်းနွီနဲ့အတူ ဟိုတယ်ကို သွားခဲ့တာ အမှန်ပဲလေ.."
အန်ယောင်သည် ယခုကဲ့သို့သော ရလဒ်မျိုးကို လုံးဝ လက်မခံနိုင်သဖြင့် လင်းဖန်၏ အမှားကို ထပ်မံ၍ ထောက်ပြပြန်သည်။
လုံယွဲ့က မျက်မှောင်ကြုတ်လိုက်ပြီး ပြတ်သားသည့် လေသံဖြင့် ...
"အန်ယောင်... လင်းဖန်က ဟိုတယ်မှာ ယင်းနွီနဲ့အတူ အရေးကြီးတဲ့ အလုပ်ကိစ္စတွေကို ဆွေးနွေးနေခဲ့တာပါ...နင် သူ့အပေါ် အထင်လွဲနေတာ... အဓိပ္ပာယ်မရှိတာတွေ ပြောမနေဘဲ လင်းဖန်ကို အခုချက်ချင်း တောင်းပန်လိုက်စမ်း.."
"...ကျွန်မကလား... သူ့ကို တောင်းပန်ရမယ် ဟုတ်လား..."
အန်ယောင်သည် မယုံကြည်နိုင်ဟန်ဖြင့် ကိုယ့်ကိုကိုယ် လက်ညှိုးထိုးပြပြီးမှ လင်းဖန်ထံသို့ လက်ညှိုးလှည့်ထိုးပြလိုက်မိသည်။
"မှန်တယ်... နင် လင်းဖန်အပေါ် မတရား စွပ်စွဲမိတဲ့အတွက် နင့်ရဲ့ အမှားကို ဝန်ခံပြီး တောင်းပန်ရမယ်..."
"..."
အန်ယောင် ဆွံ့အနေ၏ ။ ချီးတွင်းထဲ ပြုတ်ကျသလို အော့နှလုံးနာဖွယ် ခံစားလိုက်ရသည်။ သူမသည် ဧကရီ လမ်းမှားမရောက်စေရန်အတွက် နတ်ဆိုးအရှင်၏ စစ်မှန်သော ရုပ်သွင်ကို ဖော်ထုတ်ပေးရန် စိတ်ရင်းမှန်ဖြင့် ကြိုးစားခဲ့ခြင်း ဖြစ်သော်လည်း ဧကရီကမူ သူမထက် ထိုနတ်ဆိုးအရှင်ကို ပို၍ယုံကြည်နေလေသည်။
'ဒီနတ်ဆိုးအရှင်က ဧကရီကို ဘယ်လိုမျိုး ပြုစားတတ်တဲ့ မှော်ဆေးရည်တွေ တိုက်ကျွေးထားလို့ ဒီလောက်အထိ ဖြစ်နေရတာလဲ...'
"မြန်မြန်လုပ်... လင်းဖန်ကို တောင်းပန်လိုက်..."
အန်ယောင် ချက်ချင်း မလှုပ်ရှားဘဲ တွေဝေနေသည်ကို မြင်လျှင် လုံယွဲ့၏ မျက်ခုံးများက တွန့်ကွေးသွားပြီး အတင်းအကျပ် တိုက်တွန်းလိုက်ပြန်သည်။
အမှားတစ်ခုခု ပြုလုပ်မိပါက စစ်မှန်သော စိတ်ရင်းဖြင့် တောင်းပန်ရမည်ဖြစ်ပြီး အပြစ်ရှိကြောင်း ဝန်ခံကာ လိုအပ်ပါက အပြစ်ပေးခြင်းကိုပါ ခံယူရမည်မှာ မှန်ကန်သော လမ်းစဉ် ဖြစ်သည်။ အန်ယောင်၏ လုပ်ရပ်မှာ လင်းဖန်အပေါ် အမှန်တကယ် အထင်လွဲမှားခြင်းဖြစ်ပြီး တမင်တကာ ဂုဏ်သိက္ခာညှိုးနွမ်းအောင် အကွက်ဆင်ခြင်း မဟုတ်ဟု ယူဆသောကြောင့် ယခုကဲ့သို့ တောင်းပန်ခိုင်းရုံမျှဖြင့် ပြီးစေခြင်း ဖြစ်သည်။
အန်ယောင်၏ မျက်နှာထက်၌ မကျေမနပ်ဖြစ်မှုများနှင့် နာကျင်မှုများက အတိုင်းသား ပေါ်လွင်နေသည်။ သူမ၏ နှုတ်ခမ်းနီနီလေးကို တင်းတင်းကိုက်ကာ လင်းဖန်၏ ရှေ့သို့ မလိုလားဟန်ဖြင့် လျှောက်သွားလိုက်သည်။ ထို့နောက် ကိုယ်ကို အနည်းငယ် ညွတ်ကာ ....
"တောင်းပန်ပါတယ်..."
"နင့်ရဲ့ အသံက အရမ်းတိုးလွန်းနေတယ်... ဒီအရှင် ဘာမှ သဲသဲကွဲကွဲ မကြားလိုက်ရဘူး..."
လင်းဖန်က ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး အန်ယောင်၏ အနားသို့ နားရွက်ကို တမင်တကာ ကပ်ပေးလိုက်သည်။
အန်ယောင် သွားများကျိုးလုမတတ် အံကိုတင်းတင်းကြိတ်လိုက်မိပြီး စိတ်ပျက်ဒေါသထွက်မှုကြောင့် မျက်နှာတစ်ခုလုံး ရဲရဲနီကာ အသံကို မြှင့်၍ အော်လိုက်တော့သည်။
"တောင်းပန်ပါတယ်..."
ထိုသို့ ပြောလိုက်ရသည့် တစ်ခဏ၌ သူမ၏ မျက်ဝန်းအစုံတွင် နာကျင်မှုကြောင့် မျက်ရည်စများ ဝဲတက်လာခဲ့သည်။ တစ်နေ့သောအခါတွင် သူမအနေဖြင့် ဤကဲ့သို့ မုန်းတီးစရာကောင်းသော နတ်ဆိုးအရှင်၏ ရှေ့မှောက်၌ ခေါင်းငုံ့ကာ အပြစ်ဝန်ခံရလိမ့်မည်ဟု အိပ်မက်ပင် မက်မထားခဲ့ဖူးချေ။
'ဒီကလိမ်ကကျစ် နတ်ဆိုးအရှင်... သူ တကယ်ပဲ ဧကရီရဲ့ အရှိန်အဝါကို သုံးပြီး ငါ့ကို နှိပ်ကွပ်နေတာပဲ...'
အန်ယောင်သည် လုံယွဲ့ကို ကြည့်ရန် ခေါင်းလှည့်လိုက်ပြီး သူမ၏ လက်ချောင်းထက်ရှိ သိုလှောင်လက်စွပ် လေးကို ထိတွေ့လိုက်မိစဉ် ရင်ထဲ၌ တုန်ရီသွားသည်။ ထိုသိုလှောင်လက်စွပ်အတွင်း၌ မနေ့ညက ရှောင်ယီထံမှ ရရှိခဲ့သော အင်မော်တယ် ဝိညာဉ်အဆီအနှစ် များ ရှိနေသည်။ အရေးပေါ် အခြေအနေများတွင် သူမ၏ ဝိညာဉ်စွမ်းအားနှင့် ကျင့်ကြံခြင်းအဆင့်အတန်းကို အတိုင်းအတာတစ်ခုအထိ ပြန်လည်ကောင်းမွန်စေနိုင်စွမ်း ရှိသည်။
မနေ့ညကတည်းက သူမ အလောတကြီး မသုံးခဲ့ဘဲ တစ်ညလုံး အချိန်ဆွဲ စဉ်းစားခဲ့၏။ ပထမအချက်မှာ ဆေးကို သုံးစွဲပြီး ဝိညာဉ်စွမ်းအားများ ပြန်လည်နိုးထလာပါက နတ်ဆိုးအရှင်နှင့် သူ၏လူများက ရိပ်မိသွားမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ဤဆေးရည်က အလွန်ရှားပါးပြီး အထူးသဖြင့် ယခုကဲ့သို့သော အခြေအနေမျိုးတွင် တန်ဖိုးဖြတ်မရနိုင်အောင် အရေးကြီးသဖြင့် ဧကရီအတွက် အဓိကထား၍ သိမ်းဆည်းထားလို၏။
သူမသည် မူလက ဤဖောက်ပြန်မှု အခွင့်အရေးကို အသုံးချကာ ဧကရီနှင့် နတ်ဆိုးအရှင်တို့အကြား ဆက်ဆံရေးကို ပြတ်တောက်သွားအောင် ပြုလုပ်ရန် စီစဉ်ခဲ့သည်။ ထို့နောက် အင်မော်တယ်နယ်မြေ မှ စစ်ကူများ ရောက်ရှိနေပြီဖြစ်ကြောင်း ဧကရီကို အစီရင်ခံတင်ပြကာ ဧကရီနှင့် ပူးပေါင်း၍ နတ်ဆိုးအရှင်နှင့် သူ၏ နောက်လိုက်များကို တစ်ခုတည်း နှိမ်နင်းချေမှုန်းရန် ရည်ရွယ်ခဲ့သည်။
သို့သော် ယခုမူ နတ်ဆိုးအရှင်၏ လှည့်စားမှုကို နှစ်ပေါင်းများစွာ ခံခဲ့ရသော ဧကရီသည် ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ပါ နတ်ဆိုးမျိုးနွယ်ဘက်သို့ လုံးဝ ယိမ်းယိုင်နေပုံရပေသည်။
"အန်ယောင်... ဘာဖြစ်လို့လဲ..."
အန်ယောင် သူမကို စူးစိုက်ကြည့်နေသည်ကို မြင်တွေ့ရသောအခါ လုံယွဲ့က မေးလိုက်၏ ။
"ဘာမှ မဟုတ်ပါဘူး... အရှင်မ..."
အန်ယောင် ခေါင်းခါလိုက်ပြီး သိုလှောင်လက်စွပ်ကို ထိတွေ့နေသော လက်ကို ပြန်လွှတ်လိုက်သည်။ သူမက စိတ်ပျက်အားငယ်သော မျက်နှာထားဖြင့် လုံယွဲ့ကို အနည်းငယ် ဦးညွှတ်ကာ ခွင့်ပန်လိုက်သည်။
"အရှင်မ... အန်ယောင် အပြင်ကို ခဏလောက် လမ်းလျှောက်ထွက်ချင်ပါတယ်..."
ဧကရီက နတ်ဆိုးအရှင်အပေါ် ဤမျှအထိ နက်နက်ရှိုင်းရှိုင်း ယုံကြည်နေပြီ ဖြစ်ရာ အကယ်၍ အနာဂတ်တွင် နတ်ဆိုးအရှင်နှင့် အင်မော်တယ်မျိုးနွယ်စုများ တိုက်ပွဲဖြစ်ပွားလာပါက ဧကရီက မည်သည့်ဘက်မှ ရပ်တည်မည်နည်း ။ ထို့ကြောင့် ဘေးကင်းလုံခြုံစေရန်အတွက် အင်မော်တယ်နယ်မြေ၏ စစ်ကူများ ရောက်ရှိနေသည့် အချက်ကို လောလောဆယ် ဖုံးကွယ်ထားရန် ဆုံးဖြတ်လိုက်ပြီး အင်မော်တယ် ဝိညာဉ်အဆီအနှစ်ကိုလည်း သူမ၏ ကိုယ်ပေါ်တွင်သာ ဆက်လက်ထိန်းသိမ်းထားရန် ဆုံးဖြတ်လိုက်သည်။
"သွားလေ... စောစောတော့ ပြန်လာခဲ့နော်..."
လုံယွဲ့က သဘောတူသည့်အနေဖြင့် ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ ရင်ထဲ၌လည်း အနည်းငယ် သနားသွားမိသည်။ သူမ အန်ယောင်ကို ဆူမိသည်က အနည်းငယ် လွန်သွားလေသလော ။
"ကျေးဇူးတင်ပါတယ် အရှင်မ..."
အန်ယောင် လှည့်ထွက်ကာ အခန်းထဲမှ ထွက်ခွာသွားသည်။ သူမ လှည့်ထွက်သွားသည့် တစ်ခဏ၌ သူမ၏ မျက်ဝန်းအစုံမှာ ပြတ်သားခိုင်မာမှုများဖြင့် ပြည့်နှက်သွားပြီး ဧကရီကို လမ်းမှန်ပေါ်သို့ ပြန်လည်ခေါ်ဆောင်လာရန် ရင်ထဲ၌ သန္နိဋ္ဌာန် ပိုမိုခိုင်မာသွားတော့၏။
အခြေအနေက အလွန်ပင် အရေးကြီးနေပြီ ဖြစ်သည်။ ဧကရီကို ဤနတ်ဆိုးအရှင်၏ ဘေးနားတွင် ဆက်၍ မထားနိုင်ပေ။
"ဟူး..."
အန်ယောင် ထွက်သွားသည်ကို ကြည့်ရင်း လုံယွဲ့က စိတ်မသက်မသာဖြင့် သက်ပြင်းချမိလိုက်သည်။
အန်ယောင်သည် ငယ်စဉ်ကတည်းက သူမ၏ ဘေးနားတွင် အနီးကပ် ပြုစုစောင့်ရှောက်ခဲ့သူ ဖြစ်ရာ သူမ၏ စေတနာနှင့် သစ္စာရှိမှုကို လုံယွဲ့ သိပေ၏။ အန်ယောင်သည် အင်မော်တယ်နယ်မြေတွင် သူမအယုံကြည်ရဆုံးသော လက်ရုံးတစ်ဦးဟု ပြောလျှင်ပင် မှားမည်မထင်။ သို့သော် သူမ၏ ရင်ထဲ၌ နတ်ဆိုးမျိုးနွယ်အပေါ် မုန်းတီးနာကျည်းစိတ်များ အမြစ်တွယ်နေပြီး စကားကို နားမထောင်ဘဲ အရွဲ့တိုက်နေသော ပုန်ကန်သည့် ကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်နေသည်။
လင်းဖန်ကမူ အန်ယောင်၏ ကျောပြင်ကို နက်နက်ရှိုင်းရှိုင်း စူးစိုက်ကြည့်ရင်း မကြာမီ အချိန်အတွင်း မည်ကဲ့သို့သော အချိုးအကွေ့ အပြောင်းအလဲများ ဖြစ်ပေါ်လာတော့မည်ကို စိတ်ထဲ၌ ကြိုတင်ခန့်မှန်းနေလေ၏။
"လင်းဖန်... မရီး... ဒါဆိုရင် ဘာမှ ထူးထူးခြားခြား မရှိတော့ဘူးဆိုတော့ ငါတို့ပြန်လိုက်အုံးမယ်.."
အခြေအနေအရပ်ရပ်မှာ ကျေနပ်လောက်ဖွယ် ပြေလည်သွားသည်ကို မြင်တွေ့ရသဖြင့် ကျိုးယန်နှင့် လုကျိုက်တို့သည်လည်း နှုတ်ဆက်၍ ပြန်ရန် ထလိုက်ကြသည်။
လင်းဖန်က သူတို့နှစ်ဦးကို တံခါးဝအထိ လိုက်ပို့ပေးခဲ့ပြီး မခွဲခွာမီ အရေးကြီးသည့်အချက်ကို အလေးအနက် မှာကြားလိုက်သည်။
"အော်... ဟုတ်သားပဲ... ကျိုးယန်.. လုကျိုက်.. လာမယ့် ရက်အနည်းငယ်အတွင်းမှာ တကယ်လို့ ထူးခြားတဲ့ အရေးကြီးကိစ္စမရှိရင် အပြင်ကို သိပ်မထွက်ကြနဲ့ဦးနော်..."
"ဟမ်... ဘာဖြစ်လို့လဲ ..."
ကျိုးယန်နှင့် လုကျိုက်တို့ ရှုပ်ထွေးသွားကြ၏ ။
လင်းဖန်ကမူ လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး တစ်ဝက်တစ်ပျက် ဟာသနှောသည့် လေသံမျိုးဖြင့် ....
"လာမယ့် ရက်အနည်းငယ်အတွင်းမှာ ဒီဘက်တစ်ကြော ငလျင်အကြီးအကျယ် လှုပ်နိုင်ခြေ ရှိလို့ပါ.."
"ငလျင်လှုပ်မယ် ဟုတ်လား..ဟားဟားဟား..."
ကျိုးယန်က ရယ်လိုက်ပြီး လက်ကို ဝှေ့ယမ်းပြကာ လှည့်ထွက်သွားသည်။ သူက ထိုစကားကို စနောက်သည့် ဟာသတစ်ခုအဖြစ်သာ သဘောထား၏။
ဤနတ်ဆိုးမြို့တော် ၌ နောက်ဆုံးအကြိမ် ငလျင်လှုပ်ခဲ့သည်မှာ မည်မျှကြာခဲ့ပြီမှန်းပင် သူ မမှတ်မိတော့ချေ။ အကယ်၍ ကံဆိုးပြီး ငလျင်လှုပ်ခဲ့လျှင်ပင် သေးငယ်သော တုန်ခါမှုအဆင့်မျှသာ ရှိမည်ဖြစ်ရာ စိုးရိမ်ပူပန်နေစရာ မလိုအပ်ပေ ။