အခန်း (၃၅၃-၃၅၄)
Vol. 36 Ch. 353-354
အခန်း။ ၃၅၃
နင်ရှင်း ရှေးဘိုးဘေးကြီးသည် ရုတ်ချည်းပင် အစားအသောက် ပိုမိုမြိန်ယှက်လာခဲ့၏။
သူမသည် အဆင့်အတန်းမြင့်မားလှသော ရှေးဘိုးဘေးတစ်ဦး ဖြစ်သော်လည်း တစ်ဖက်ကလည်း အမျိုးသမီးတစ်ဦးသာ ဖြစ်သည်။
အမျိုးသားတစ်ယောက်အတွက် သားသမီးမွေးဖွားပေးခြင်းအကြောင်းကို ထုတ်ဖော်ပြောဆိုပြီးနောက်တွင်မူ သူမ၏ရင်ထဲ၌ စူးစမ်းလိုစိတ်နှင့်အတူ ဤအမျိုးသားအား စမ်းသပ်လိုသော ဆန္ဒများ သဘာဝကျကျပင် ပေါ်ပေါက်လာခဲ့ရသည်။
ဒီလိုမျိုး စမ်းသပ်ကြည့်မှပဲ... ဒီကောင်လေးက ငါက သူ့သားသမီးတွေကို သန္ဓေတည်ပေးဖို့ ထိုက်တန်လောက်အောင် ထူးချွန်ထက်မြက်တဲ့သူ ဟုတ်မဟုတ်ကို ဆုံးဖြတ်နိုင်မှာ။
သို့သော်လည်း ထူးချွန်ထက်မြက်မှု ဆိုသည်မှာ ခွန်အားစွမ်းရည်နှင့် ကျင့်စဉ်နယ်ပယ် တစ်ခုတည်းအပေါ်၌သာ မူတည်နေခြင်း မဟုတ်ချေ။ ၎င်းတွင် ထိုသူ၏ ပြုမူပုံစံစနစ်၊ နှလုံးသားခိုင်မာမှုနှင့် အကွက်ဆင် စီမံကိန်းချနိုင်မှု စသည်တို့လည်း ပါဝင်နေသေးသည်။
လတ်တလော အခြေအနေအရမူ ဤလူငယ်လေးသည် မည်သူ့ကိုပင် သတ်ရန် ကြံစည်နေပါစေ ထိုသူမှာ သူမ၏ လက်လှမ်းမီ ထိန်းချုပ်မှုအတွင်း၌သာ ရှိနေဦးမည်ပင်။
ထင်ရှားလှသည်မှာ သူမအတွက် အခွင့်အလမ်းကောင်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့်ပင် သူမ၏ အစားအသောက် ဆန္ဒမှာ ပိုမိုကောင်းမွန်လာခဲ့ရခြင်းပင်။
နင်ရှင်း ရှေးဘိုးဘေးကြီးသည် သူမ၏ နုနယ်လှပသော လက်ကလေးကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ဟင်းလျာအပြည့်ရှိသော ပန်းကန်မှာ သူမ၏ရှေ့သို့ ရောက်ရှိလာခဲ့တော့သည်။
သူမသည် နှုတ်ခမ်းလွှာကို ခပ်ဖွဖွလေး ဖွင့်ဟလျက် အစားအစာကို ဖြည်းညှင်းစွာ သုံးဆောင်ရင်း တစ်ဖက်ကလည်း စိတ်ဝင်တစားဖြင့် ပြောလိုက်သည်။
“မင်း ဘာလုပ်ဖို့ စိတ်ကူးထားလဲ...”
စုန်ယန်က “သား သိထားရတာတွေက နည်းလွန်းသေးလို့ ဘာလုပ်ရမလဲဆိုတာ သေသေချာချာ မပြတ်သားသေးပါဘူး” ဟု ပြန်ဖြေလိုက်သည်။
နင်ရှင်း ရှေးဘိုးဘေးကြီးက “ပြောသာပြောကြည့်စမ်းပါ” ဟု ပြောလိုက်သည်။
စုန်ယန်က “လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်အတွင်းမှာ ငါတို့ မျိုးနွယ်စုထဲမှာ တစ်စုံတစ်ရာ မငြိမ်မသက်ဖြစ်မှုတွေ ရှိခဲ့လားခင်ဗျာ” ဟု မေးလိုက်သည်။
နင်ရှင်း ရှေးဘိုးဘေးကြီးက သူ့ပန်းကန်ကို တစ်ချက် လှမ်းကြည့်လိုက်၏။
စုန်ယန်လည်း ပန်းကန်ကို မကာ စတင်စားသောက်လိုက်တော့သည်။
သူတို့နှစ်ဦးသည် အစားအသောက်များကို သုံးဆောင်ရင်း အပြန်အလှန် စကားပြောဆိုနေကြပြီး စားသောက်ပြီးစီးသွားသည့် အခါတွင်မူ အောက်ခြေဥယျာဉ်အတွင်းရှိ လူငယ်များကို စိုးစဉ်းမျှ အာရုံမစိုက်ကြတော့ချေ။
ထို့နောက်တွင်မူ လူငယ်မျိုးဆက်များနှင့် မွေးစားဖခင်၊ မွေးစားမိခင်တို့၏ အံ့အားသင့် မှင်တက်နေကြသော အကြည့်များကြားမှပင် စုန်ယန်သည် နင်ရှင်း ရှေးဘိုးဘေးကြီး၏ နောက်မှ ထပ်ချပ်မကွာ လိုက်ပါလျက် ဘိုးဘွားနတ်ဘုရားတောင်တောင်ပေါ်သို့ တက်လှမ်းကာ ဆောင်းဦးသစ်တောကြီးအတွင်း၌ လမ်းလျှောက် ထွက်ခဲ့ကြလေတော့သည်။
ထိုအောက်ခြေက အစည်းအဝေးကြီး မည်သည့်အချိန်တွင် ပြီးဆုံးသွားမည်ဆိုသည်မှာမူ သူ့အတွက် အရေးပါသော ကိစ္စတစ်ခု မဟုတ်တော့ချေ။
...
မြေကြီးလက်ခတ်မလွဲ စုန်ယန်သည် မေးရမည့်သူကို အမှန်တကယ် မှန်ကန်စွာ ရွေးချယ်မေးမြန်းမိခဲ့ခြင်းပင်။
ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းလူမျိုးစုတစ်ခုလုံးတွင် မျိုးနွယ်စုအတွင်း ဖြစ်ပျက်သမျှသော အကြောင်းအရာများကို မျိုးနွယ်စု၏ ရှေးဘိုးဘေးကြီးဖြစ်သူ နင်ရှင်း ထက် ပိုမိုသိရှိနားလည်သူ မည်သူမျှ မရှိချေ။
ဖြစ်ရပ်တစ်ခုပြီးတစ်ခုမှာ စုန်ယန့်ရှေ့မှောက်၌ အထင်အရှား ပေါ်လွင်လာခဲ့တော့သည်။
သူသည်လည်း နင်ရှင်း ရှေးဘိုးဘေးကြီး၏ ဖော်ပြချက်များနှင့်အတူ စိတ်ကူးစိတ်သန်းများကို အဝေးသို့ ပျံသန်းစေခဲ့မိ၏။
သူသည် ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းလူမျိုးစု၏ လက်အောက်ခံဖြစ်သော တိုင်းပြည် တစ်ဆယ့်ငါးပြည်ထောင်အတွင်း၌ ဖြစ်ပွားခဲ့သည့် သေခြင်းရှင်ခြင်း ကွဲကွာမှုများနှင့် ဆုံစည်းမှုမျိုးစုံ ရှေးဟောင်းကျင်း နယ်မြေကူးပြောင်းခြင်း အစီအရင်ထံ၌ ထပ်ခါတလဲလဲ ဖြစ်ပွားခဲ့သော သွေးချောင်းစီး တိုက်ပွဲများ၊ ရှေးဟောင်းမျိုးနွယ်စုများကြားရှိ နယ်စပ်နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာရသော မငြိမ်မသက်မှုများ၊ သူလျှိုများကြားရှိ ထိပ်တိုက်ရင်ဆိုင်မှုများနှင့် ရေခဲမှန်ပြင် တောရိုင်းနယ်မြေ၌ ပိုမိုပြင်းထန်လာနေသည့် ဝိညာဉ်တံခါးထွက်ပေါ်လာမှု ဖြစ်စဉ်များကို မြင်ယောင်လာခဲ့ရသည်။
“ဝိညာဉ်တံခါး ဆိုတာ ဘာလဲခင်ဗျာ...”
စုန်ယန်က ထပ်မံမေးလိုက်သည်။
သူသည် အကျိတ်နယ်ပယ်အကြောင်းကို နားလည်ထားသော်လည်း ဝိညာဉ်တံခါး စတင်ဖြစ်ပေါ်လာရသည့် အကြောင်းရင်းကိုမူ မသိရှိချေ။
နင်ရှင်း ရှေးဘိုးဘေးကြီးက “ဒါက ကောင်းကင်နဲ့ မြေပြင်ရဲ့ နိယာမတရားတစ်ခုပဲ” ဟု ပြောလိုက်သည်။
"နိယာမတရား ဟုတ်လား..."
"အကယ်လို့ သုခဘုံပင်လယ်ပြင်ကြီးက ပြင်ပအရာဝတ္ထုတွေကြောင့် ဒဏ်ရာရသွားခဲ့မယ်ဆိုရင်... ကောင်းကင်နဲ့ မြေပြင်က ဒီပြင်ပအရာတွေကို ဝါးမြိုခြေဖျက်ဖို့ ကြိုးစားလိမ့်မယ်။ အဲဒီအချိန်မှာပဲ ဝိညာဉ်တံခါးဆိုတာ ပေါ်လာရတာပဲ"
"အကျိတ်နယ်ပယ် ဆိုတာကတော့ သူ့ရဲ့ တည်ဆောက်ပုံ အဖွဲ့အစည်းဖြစ်ပြီး ပြင်ပအရာဝတ္ထုကို နောက်ဆုံးအဆင့်အထိ အပြည့်အဝ ချေဖျက်ဝါးမြိုပြီးသွားတဲ့အထိ ထပ်ခါတလဲလဲ ဖြစ်ပွားတတ်တာ သဘာဝပဲ။ အဲဒီလို ဝါးမြိုပြီးလို့ ကျန်ရစ်ခဲ့တဲ့အရာကိုတော့ မိစ္ဆာရတနာလို့ ခေါ်ကြတယ်"
"ဒီမိစ္ဆာရတနာကို သွားယူချင်တယ်ဆိုရင်တော့ အကျိုးတရားကနေ အကြောင်းတရားကို နောက်ကြောင်းပြန်လိုက်ပြီး ရတနာရှာဖွေသူကို ရှာရလိမ့်မယ်။ ဒီလိုကိစ္စမျိုးတွေကိုတော့ များသောအားဖြင့် မျိုးနွယ်စုကို ကာကွယ်ပေးထားတဲ့ ရတနာအရာဝတ္ထုတွေကပဲ ကြိုတင် အာရုံခံသိမြင်နိုင်တာ။ ငါတို့မျိုးနွယ်စုအတွက်ကတော့ ယင်ယန်ထူးကဲနဂါးပေါ့"
"ငါ ဒီအစည်းအဝေးကို မလာခင်တုန်းကပဲ ရေခဲမှန်ပြင် တောရိုင်းနယ်မြေရဲ့ မိစ္ဆာရတနာကို ရှာဖွေပေးမယ့် ရတနာရှာဖွေသူ ရှိမယ့်နေရာကို ကြိုတင် အာရုံခံမိခဲ့တယ်။ ဒီနေ့ ကျင်းပတဲ့ အစည်းအဝေးက အောက်က လူငယ်တွေကို ဒီတာဝန်တွေ ခွဲဝေပေးဖို့၊ သူတို့ကို လေ့ကျင့်သင်ကြားပေးဖို့နဲ့ အဲဒီရတနာရှာဖွေသူကို အမြန်ဆုံး သွားရောက်ဖိတ်ခေါ်ခိုင်းဖို့အတွက် အချိန်အခါကောင်းပဲ..."
စုန်ယန် : ...
သူ၏ ရင်ထဲ၌ သက်တမ်းရှည် ကျင့်ကြံခြင်းလယ်ကွင်းကြီး ပြောင်းလဲသွားခြင်းဟူသော ထူးဆန်းလှသည့် ခံစားချက်တစ်ခု အကြောင်းပြချက်မရှိဘဲ ရုန်းကြွလာခဲ့ရသည်။
တစ်ချိန်က သူကိုယ်တိုင်လည်း ရတနာရှာဖွေသူတစ်ဦး ဖြစ်ခဲ့ဖူးသလို အောက်ခြေလူငယ်တစ်ဦးလည်း ဖြစ်ခဲ့ဖူးခြင်းပင်။
ထိုစဉ်တုန်းက ထိုမြေခွေးအိုကြီး ခုနစ်မြီးမှာလည်း အချို့သော မိစ္ဆာများနှင့်အတူ လမ်းလျှောက်ရင်း “ဒီရတနာရှာဖွေသူကို အောက်ကလူငယ်တွေကို သွားခေါ်ခိုင်းလိုက်မယ်” ဟူသော စကားမျိုးကို ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့လိမ့်မည်ပင်။
ထိုကဲ့သို့သော ပေါ့ပါးလှသည့် စကားတစ်ခွန်းကြောင့်ပင် သူသည် နောက်ပိုင်းတွင် ငရဲခန်းကဲ့သို့သော ဘဝဆိုးကြီးအတွင်း၌ ရှင်သန်ခဲ့ရပြီး မြေခွေးမျိုးနွယ်စုနှင့် ဝံပုလွေမျိုးနွယ်စုတို့၏ အဆက်မပြတ် လိုက်လံလုပ်ကြံမှုများကို သတိကြီးစွာဖြင့် ရင်ဆိုင်ခဲ့ရသည်။
သူ့အတွက်မူ ပြင်ပကမ္ဘာကြီးတစ်ခုလုံးမှာ လုံးဝ မှောင်မိုက်နေသော မြူခိုးထုကြီးကဲ့သို့ ဖြစ်နေခဲ့ပြီး မမြင်နိုင်သလို ရုန်းထွက်၍လည်း မရဘဲ သူရှေ့မှောက်၌ ရှိနေသမျှသောအရာများကို ကျော်ဖြတ်နိုင်ရန်အတွက်သာ စွမ်းအားရှိသမျှ အားသွန်ခွန်စိုက် ကြိုးစားခဲ့ရခြင်းပင်။
မြေကြီးလက်ခတ်မလွဲ နင်ရှင်းရှေးဘိုးဘေးကြီး၏ ဤစကားတစ်ခွန်းကြောင့် ထိုရတနာရှာဖွေသူများသည် တစ်ချိန်က သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် သေဘေးမျိုးနှင့် ထပ်တူထပ်မျှ ပြန်လည်ရင်ဆိုင်ရတော့မည်ပင်။
ဝိညာဉ်တံခါး၏ လမ်းဆုံးသို့ မရောက်ရှိမီအချိန်အထိ ရတနာရှာဖွေသူများကို အသေအချာ စောင့်ကြပ်ကြည့်ရှုထားကြမည် ဖြစ်သော်လည်း လမ်းဆုံးသို့ ရောက်ရှိ၍ မိစ္ဆာရတနာကို စတင်ရွေးချယ်ခူးဆွတ်ချိန်တွင်မူ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်များနှင့် ရင်ဆိုင်ရမည်ကို မည်သူမျှ ကြိုတင်မခန့်မှန်းနိုင်ချေ။
၎င်းမှာ ကိုးကြိမ်သေ၍ တစ်ကြိမ်ရှင်နိုင်သည့် အခြေအနေမျိုးပင် မဟုတ်ဘဲ လုံးဝကို သေမင်းတမန် လမ်းဆုံးတစ်ခု ဖြစ်သည်။
ဒါက ကျင့်ကြံခြင်းလောကရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ အမှန်တရားပဲ။
“အပြစ်မဲ့တဲ့သူက ရတနာကို လက်ဝယ်ထားမိရင် အလိုအလျောက် အပြစ်ရှိသူ ဖြစ်သွားတတ်တယ်” ဆိုသည့် စကားပုံက ထိုနေရာတွင် အကွက်ကျကျ မှန်ကန်နေခဲ့ပြီ ဖြစ်သည်။
...
ဘိုးဘွားနတ်ဘုရားတောင်တန်းကြီးပေါ်တွင်လည်း ရာသီစက်ဝန်းများ လည်ပတ်လျက်ရှိ၏။
အိုမင်းရင့်ရော်နေသော လိပ်ပြာအိုကြီးများကဲ့သို့ အရောင်အဆင်း ပျယ်လွင့်နေသည့် သစ်ရွက်ဝါများမှာ ခြောက်သွေ့လှသော ဆောင်းဦးလေပြေထဲ၌ ဝဲလည်ရုန်းကန်ရင်း တဖြည်းဖြည်းချင်း ကြွေလွင့်ကာ ကျဆင်းနေကြသည်။
ဝတ်ရုံပြာဆင်ယင်ထားသော နတ်ဘုရားမသည် သူမ၏ သွယ်လျသော ခြေတံများကို လှမ်းလျက် လျှောက်လှမ်းနေခဲ့ရာ သူမ၏ ခြေဖဝါးနုနုလေးများသည် တိမ်တိုက်များကို နင်းလျှောက်နေသကဲ့သို့ ပေါ့ပါးသည်။
တစ်ဖက်ကလည်း သူမသည် သူဘေးမှ လူငယ်လေး၏ မျက်ဝန်းထဲတွင် အထင်အရှား ပေါ်လွင်နေသော နက်ရှိုင်းလှသည့် စဉ်းစားတွေးတောမှုများကို လှမ်းကြည့်ရင်း ရင်ထဲ၌ စူးစမ်းလိုစိတ်များ ပိုမိုပြည့်နှက်လာခဲ့၏။
သူမသည် ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းလူမျိုးစု၏ အခြေအနေများကို ကောင်းစွာ သိမြင်နားလည်ထားသူဖြစ်ပြီး ဤလောကကြီးကို ကစားကွက်တစ်ခုအဖြစ်လည်းကောင်း၊ သက်ရှိသတ္တဝါများကို နယ်ရုပ်များအဖြစ်လည်းကောင်း အသုံးချလျက် မျိုးနွယ်စု၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေအနေပေါင်းစုံကို ဖန်တီးစီမံခဲ့သူ ဖြစ်သည်။
စုန်ယန်က ရုတ်တရက် ပြောလိုက်သည်။
“သားက မီးကိုးကွယ်သူမိစ္ဆာဂိုဏ်း ကိစ္စနဲ့ပတ်သက်ပြီး မင်းသမီးရှီကို လွှတ်ပြီး အကြောင်းကြားခိုင်းထားတာ... မျိုးနွယ်စုဘက်က ဒါကို ဘယ်လိုမြင်လဲခင်ဗျာ”
ဝတ်ရုံပြာဆင်ယင်ထားသော နတ်ဘုရားမက သူ့ကိုတစ်ချက်ကြည့်လိုက်ရင်း ပြောလိုက်သည်။
“ဂိုဏ်းချုပ်မှာ သူ့အစီအစဉ်နဲ့သူ ရှိပြီးသားပါ”
စုန်ယန်က ထပ်မေးလိုက်သည်။
“ဘာအစီအစဉ်မျိုးလဲခင်ဗျာ”
ဝတ်ရုံပြာဆင်ယင်ထားသော နတ်ဘုရားမက အေးဆေးစွာ ပြောလိုက်သည်။
“မင်း သိချင်တယ်ဆိုရင် ကျင့်ကြံခြင်းကိုပဲ အမြန်ဆုံး အာရုံစိုက်စမ်းပါ။ မင်းရဲ့ ကျင့်စဉ်နယ်ပယ် မြင့်တက်လာတာနဲ့အမျှ သဘာဝကျကျပဲ မင်းကို အားလုံး အသိပေးမှာပါ။ အနည်းဆုံးတော့ ငါတို့ မျိုးနွယ်စုရဲ့ ခရမ်းရောင်နန်းတော် လျှို့ဝှက်နည်းစနစ်ဖြစ်တဲ့ ပုံသဏ္ဌာန်ရာချီ ရှင်ခြင်းသေခြင်းတံတိုင်းကို အောင်မြင်အောင် ကျင့်ကြံရမယ်...
လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ မင်း လူသားလောကမှာ ရှိနေခဲ့တာ စိတ်အာရုံကာကွယ်ခြင်းအတတ်ကို ကျင့်ကြံနေခဲ့တာ မဟုတ်ဘူးလား။ မင်း ဒါကို အောင်မြင်အောင် မကျင့်ကြံနိုင်သေးဘဲနဲ့တော့ ဒီအတိုင်း ထွက်ခွာသွားလိမ့်မယ်လို့ ငါ လုံးဝမယုံကြည်ဘူး။
ဒါကြောင့် အားလုံးက ခြေတစ်လှမ်းစာပဲ လိုတော့တာပါ။ မင်းရဲ့ စွမ်းအားအားလုံးကို စုစည်းပြီး စိတ်ရှိလက်ရှိ အာရုံစိုက်လျက် ခရမ်းရောင်နန်းတော်အဆင့် အလယ်အလတ်ကို ဘာဖြစ်လို့ အမြန်ဆုံး မဖောက်ထွက်တာလဲ”
စုန်ယန်သည် မျက်ဝန်းကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး သူ၏ စိတ်ထဲ၌ ရရှိထားသော အချက်အလက်များကို တစ်ခုပြီးတစ်ခု စနစ်တကျ ချိတ်ဆက်လိုက်ကာ် အပေါ်ယံ ဖြစ်စဉ်များကို ဖယ်ရှားလျက် အဓိကအကျဆုံးသော အနှစ်သာရကို ရှာဖွေရန် ကြိုးစားနေမိသည်။
နှစ်ပေါင်းငါးဆယ် ရှိခဲ့ပြီ...
ထိုမိစ္ဆာရဟန်းအနေဖြင့် မည်သို့မျှ ငြိမ်သက်နေလိမ့်မည် မဟုတ်ချေ။
သို့သော် ယခုဖြစ်ပွားနေသော မငြိမ်မသက်မှုများမှာ အရေးမပါသကဲ့သို့ ဖြစ်နေခြင်းက အချက်တစ်ခုတည်းကိုသာ သက်သေပြနေခဲ့သည်။ ၎င်းမှာ ထိုမိစ္ဆာရဟန်းသည် ပိုမိုကြီးမားလှသော လျှို့ဝှက်အကွက်ကြီးတစ်ခုကို တိတ်တဆိတ် ကြံစည်ဖန်တီးနေခြင်းပင်။
ယခုအခါ နင်ရှင်းရှေးဘိုးဘေးကြီး၏ ဖော်ပြချက်များအရ သူ အကြမ်းဖျင်း သိရှိလိုက်ရသည်မှာ ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းလူမျိုးစုအတွင်း၌ အရှုပ်ထွေးဆုံးနှင့် အဝေဖန်ရဆုံးသော နယ်မြေမှာ အမှန်စင်စစ် ညဘုရင် ရှေးဟောင်းလူမျိုးစုနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နယ်စပ်ဒေသများ ဖြစ်သည်။
ထိုမငြိမ်မသက်မှုများ၏ မြစ်ဖျားခံရာမှာ ညဘုရင် ရှေးဟောင်းလူမျိုးစုအတွင်း၌ ဖြစ်ပွားနေသော အတွင်းပဋိပက္ခများကြောင့်ပင်။
မျိုးနွယ်စုတစ်ခုအတွင်း ဤကဲ့သို့ သူတို့အချင်းချင်း ပြန်လည်တိုက်ခိုက်နေသည့် ဖြစ်စဉ်မှာ အဓိပ္ပာယ်မဲ့သည်ဟု ထင်ရသော်လည်း ရှေးယခင် သမိုင်းတစ်လျှောက်တွင် ဤကဲ့သို့သော သာဓကမျိုး ရှိခဲ့ဖူးသည်ဖြစ်ရာ ညဘုရင် ရှေးဟောင်းလူမျိုးစုမှာ ၎င်း၏ သက်သေပင်။
၎င်း၏ အိမ်နီးနားချင်းနိုင်ငံဖြစ်သော ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းလူမျိုးစု၏ သဘောထားမှာမူ "ဟိုအတွင်းမီးတောက်တွေက ငါတို့နယ်မြေဆီ ကူးစက်ပြန့်ပွားမလာသရွေ့တော့ သူတို့ဘာသာသူတို့ အသိုက်အမြုံထဲမှာ ဘယ်လောက်ပဲ ရှုပ်ရှုပ် ဂရုစိုက်နေဖို့ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ်... ငါတို့ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်း အရင်းအမြစ်တွေက လုံလောက်နေတာပဲဟာ... သူတစ်ပါးရဲ့ နယ်မြေကို သွားပြီး ကျူးကျော်နေဖို့ မလိုအပ်ဘူး..." ဟူ၍ပင်။
အခန်း။ ၃၅၄
သို့သော်လည်း ထိုညဘုရင် ရှေးဟောင်းလူမျိုးစု၏ အတွင်းပဋိပက္ခ ဖြစ်ပွားခဲ့သော အချိန်ကာလမှာ တိုက်တိုက်ဆိုင်ဆိုင်ပင် ဤလွန်ခဲ့သော နှစ်ပေါင်းငါးဆယ်အတွင်း၌ ဖြစ်နေခဲ့သည်။
ထို့ပြင် ရေခဲမှန်ပြင် တောရိုင်းနယ်မြေရှိ ဝိညာဉ်တံခါးသည် ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းလူမျိုးစုဘက်သို့ ပိုမိုနီးကပ်နေသော်လည်း တစ်ဖက်ကလည်း ညဘုရင် ရှေးဟောင်းလူမျိုးစုနှင့် နယ်နိမိတ်ချင်း ထိစပ်နေခဲ့ပြန်သည်။
၎င်းအပြင် နှင်းနိုင်ငံအတွင်း၌ ဖြစ်ပွားနေသော မိစ္ဆာရင်သွေး ပူဇော်သက္ကာပြုမှု ကိစ္စကလည်း ရှိနေသေးသည်။
အပေါ်ယံကြည့်လျှင် တစ်ခုနှင့်တစ်ခု မသက်ဆိုင်သကဲ့သို့ ထင်ရသော်လည်း ပထဝီဝင်အနေအထားအရမူ သူတို့အားလုံးမှာ နေရာတစ်ခုတည်းတွင် လာရောက်ဆုံစည်းနေကြပြီး ထို့ထက်မက ထိုရှေးဟောင်း နယ်မြေကူးပြောင်းခြင်း အစီအရင်ကြီးနှင့်လည်း ဆက်စပ်နေခဲ့သည်။
အခြေအနေက အသေအချာ မပြတ်သားသေးသရွေ့တော့ အန္တရာယ်အရှိဆုံးသော နေရာကနေပဲ အရင်ဆုံး ရေမနောက်အောင် မွှေနှောက်ပြီး ပြဿနာစဖန်တီးရပေလိမ့်မည်။
စုန်ယန်သည် ရုတ်တရက် နင်ရှင်း ရှေးဘိုးဘေးကြီးကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ရှေးဘိုးဘေးကြီး... သားကို အကူအညီတစ်ခုလောက် ပေးပါဦး”
နင်ရှင်း ရှေးဘိုးဘေးကြီးက သဘောကျစွာ ရယ်မောရင်း “မင်း စောစောက ငါ့ကို အတင်းအကျပ်စုပ်နမ်းတုန်းကကျတော့ ဘာလို့ ရှေးဘိုးဘေးကြီးလို့ မခေါ်ခဲ့တာလဲ...” ဟု ပြန်လည်စနောက်လိုက်သည်။
စုန်ယန်ကလည်း မျက်နှာအေးအေးဖြင့် “သား အဲဒီတုန်းကလည်း ရှေးဘိုးဘေးကြီးက တကယ်ကို ချိုမြိန်တာပဲလို့ ပြောခဲ့သားပဲဥစ္စာ...” ဟု ပြောလိုက်သည်။
နင်ရှင်း ရှေးဘိုးဘေးကြီး : ...
သူမသည် သက်ပြင်းတစ်ချက်ကို အသာချလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်ရှာသည်။
“မင်းလို ဒီလောက်အထိ ရဲတင်းလွန်းတဲ့ မျိုးဆက်သစ်လူငယ်မျိုး ငါတစ်ခါမှ မမြင်ဖူးဘူး။ ကဲ... ပြောပါဦး ဘာကူညီပေးရမလဲ”
စုန်ယန်က တည်ကြည်လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“နှင်းနိုင်ငံထဲက မီးကိုးကွယ်သူမိစ္ဆာဂိုဏ်းကို အနောက်ဘက်ဆီ ရွှေ့ပြောင်းခိုင်းဖို့အတွက် မျိုးနွယ်စုဘက်ကနေ ဖိအားအချို့ ဖန်တီးပေးစေချင်ပါတယ်။ သူတို့ကို ပိုမိုသိပ်သည်းတဲ့ ထူးကဲချီစွမ်းအင်တွေရှိတဲ့ နယ်မြေတစ်ခု ပေးလိုက်ပေါ့... ဒါပေမဲ့ သဘာဝကျကျပဲ ကြီးမားတဲ့ ဂိုဏ်းကြီးတစ်ခုလုံး ချက်ချင်းပြောင်းရွှေ့ဖို့ဆိုတာ မလွယ်ကူတဲ့အတွက် သူတို့ကို ပြင်ဆင်ဖို့ သုံးနှစ်အချိန်ပေးလိုက်ပါ။ သုံးနှစ်ပြည့်တာနဲ့ သေချာပေါက် ပြောင်းရွှေ့ရမယ်လို့ အမိန့်ထုတ်ပေးပါ”
နင်ရှင်း ရှေးဘိုးဘေးကြီးသည် ခေတ္တမျှ မှင်တက်သွားပြီးမှ ပြောလိုက်သည်။
“မင်းက သူတို့ကို ပူဇော်သက္ကာပြုတဲ့ ဖြစ်စဉ် ပိုမိုမြန်ဆန်လာအောင် အတင်းအကျပ် ဖိအားပေးလိုက်တာပဲ...”
စုန်ယန်က “မဟုတ်ပါဘူး... သားက သူတို့ရဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့လူကို ပိုပြီး လှုပ်ရှားမှု မြန်ဆန်လာအောင် အတင်းအကျပ် ဖိအားပေးလိုက်တာပါ” ဟု ပြန်လည်ရှင်းပြလိုက်သည်။
“သူတို့ရဲ့ နောက်ကွယ်ကလူ ဟုတ်လား...”
နင်ရှင်း ရှေးဘိုးဘေးကြီး၏ မျက်နှာထက်တွင် တွေးတောဆင်ခြင်သော အမူအရာ ပေါ်လွင်လာခဲ့သည်။
စုန်ယန်က ဆက်လက်၍ “ဒီလို အတင်းအကျပ် နယ်မြေပြောင်းရွှေ့ခိုင်းတဲ့ လုပ်ငန်းစဉ်အတွင်းမှာ မကျေနပ်မှုတွေ၊ ရန်ငြိုးရန်စတွေ သေချာပေါက် ပေါ်ပေါက်လာလိမ့်မယ်။ အဲဒီနောက်ကွယ်ကလူက သား သေချာပေါက် သတ်ရမယ့် ရန်သူဖြစ်ဖို့ ရာခိုင်နှုန်း အများကြီးရှိတယ်” ဟု ပြောလိုက်သည်။
နင်ရှင်း ရှေးဘိုးဘေးကြီးသည် ရုတ်တရက် အကြံတစ်ခုရသွားကာ လက်ကို မြှောက်လျက် တိတ်တဆိတ် ဆင့်ခေါ်လိုက်သည်။
ထိုခဏ၌ပင် သူတို့နှစ်ဦး၏ ဘေးနား၌ လျှို့ဝှက်ဆန်းကြယ်လှသော ချီစွမ်းအင်ရိပ်တစ်ခု ထွက်ပေါ်လာခဲ့၏။
၎င်းမှာ နတ်ဘုရားရင်သွေးအဆင့် ကျွမ်းကျင်သူများသာ အသုံးပြုနိုင်သည့် ဝိညာဉ်ချီစွမ်းအင်ရိပ်နည်းစနစ်ပင်။
ထိုချီစွမ်းအင်ရိပ်မှာ ရွှေရောင်ဝတ်ရုံကို ဆင်ယင်ထားပြီး ခန့်ညားထည်ဝါလှသော မျက်နှာပေးရှိကာ သူကတော့ ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းလူမျိုးစု၏ လက်ရှိဂိုဏ်းချုပ်ဖြစ်သူ ထန်ရှောင်ရွှမ်း ပင်။
နင်ရှင်း ရှေးဘိုးဘေးကြီးနှင့် ထန်ရှောင်ရွှမ်း၏ ချီစွမ်းအင်ရိပ်တို့သည် အကြည့်ချင်း ခေတ္တမျှ ဆုံစည်းလိုက်ကြရာ သူမက လက်ရှိအခြေအနေကို သူ့အား စိတ်ချင်းဆက်သွယ်၍ အကျဉ်းချုပ် ရှင်းပြလိုက်ပြီဖြစ်ကြောင်း သိသာသည်။
ထန်ရှောင်ရွှမ်းသည် သူ၏ အကြည့်ကို စုန်ယန့်ထံသို့ အသေအချာ ပို့လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်း အခြားသူရဲ့ ရုပ်ခန္ဓာကို မသိမ်းပိုက်ခင်တုန်းက... မင်းက ငါတို့မျိုးနွယ်စုရဲ့ ရှေးဘိုးဘေးတစ်ဦး ဖြစ်ခဲ့ဖူးတာပဲ။ မင်းအနေနဲ့ ကြီးမားတဲ့ ကံကောင်းခြင်း အခွင့်အလမ်းတွေကို ရရှိပြီးမှ ငါတို့ မျိုးနွယ်စုဆီ ပြန်ရောက်လာတာ ဖြစ်ရမယ်။ မင်းရဲ့ အတုမရှိ ပါရမီစွမ်းရည်တွေနဲ့ဆိုရင်တော့ နှောင်းလူတွေထဲမှာ ဒီဂိုဏ်းချုပ်ရာထူးက နှေးတာနဲ့ မြန်တာပဲ ကွာမယ်... သေချာပေါက် မင်းအပိုင် ဖြစ်လာမှာပါ။
ဒါကြောင့် အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဘာပြဿနာမှ မရှိပါဘူး။
ဒီနှင်းနိုင်ငံက ကိစ္စက ငါကိုယ်တိုင် တိတ်တဆိတ် ခွင့်ပြုပေးထားတဲ့ အရာတစ်ခုပဲ...
ငါ စောင့်ဆိုင်းနေတာကတော့ သူတို့တွေ အဲဒီမိစ္ဆာရင်သွေးကို အောင်မြင်အောင် ပူဇော်သက္ကာပြုပြီးတဲ့အချိန်ကျမှ အဲဒီမိစ္ဆာရင်သွေးကို ငါ့ရဲ့ မိစ္ဆာလက်နက်အတွင်းထဲ ထည့်သွင်း ဝါးမြိုခိုင်းဖို့အတွက်ပဲ။
လက်ရှိ မီးကိုးကွယ်သူမိစ္ဆာဂိုဏ်းရဲ့ လုပ်ဆောင်နှုန်းနဲ့ မူလီယန် လဲလှယ်ယူသွားတဲ့ ကျင့်ကြံခြင်း ပစ္စည်းတွေရဲ့ အခြေအနေအရဆိုရင် ဒီပူဇော်သက္ကာပွဲ ပြီးမြောက်ဖို့အတွက် အနည်းဆုံး နောက်ထပ် ဆယ်နှစ်လောက် အချိန်လိုဦးမှာ။ အကယ်လို့ သူတို့ကို သုံးနှစ်အတွင်း အတင်းအကျပ် ပြောင်းရွှေ့ခိုင်းလိုက်မယ်ဆိုရင်တော့ ဒါက သူ့ရဲ့ အသက်ကို နှုတ်ယူလိုက်တာနဲ့ အတူတူပဲဖြစ်သလို... ငါ့ရဲ့ အစီအစဉ်ကိုလည်း ဖျက်ဆီးလိုက်တာနဲ့ တူတူပဲ။
ငါ့ရဲ့ မိစ္ဆာလက်နက်က ပုံမှန် မိစ္ဆာရတနာတွေလောက် အစွမ်းမထက်ဘူးဆိုရင်တောင်မှ တိုက်ပွဲတွေမှာတော့ လုံးဝ အားနည်းတဲ့အရာ မဟုတ်ဘူး။ အကယ်လို့ ဒီမိစ္ဆာရင်သွေးကိုသာ အောင်မြင်အောင် သန့်စင်ပြီး ဝါးမြိုနိုင်ခဲ့မယ်ဆိုရင်တော့ ကျားကို တောင်ပံတပ်ပေးလိုက်သလိုမျိုး ငါ့ရဲ့ အစွမ်းတွေက အဆမတန် တိုးတက်လာမှာ သေချာတယ်။
ဒါပေမဲ့ မင်းအခု ပြောပြတဲ့အချက်ထဲကအတိုင်း အကယ်လို့ ညဘုရင် ရှေးဟောင်းလူမျိုးစုက လူတွေကပါ နောက်ကွယ်ကနေ တိတ်တဆိတ် ပါဝင်ပတ်သက်နေတာ မှန်တယ်ဆိုရင်တော့ ဖြစ်နိုင်တာက ညဘုရင် ရှေးဟောင်းလူမျိုးစုထဲက ဖောက်ပြန်ပုန်ကန်သွားတဲ့ အဖိုးအိုအချို့က မင်းနဲ့ ရန်ငြိုးရှိနေရုံတင်မကဘဲ... ငါ စောင့်ဆိုင်းနေတဲ့ ဒီပစ္စည်းကိုပါ တပြိုင်တည်း မျက်စိကျနေတာ ဖြစ်လိမ့်မယ်။
အကယ်လို့ သူတို့ဘက်ကသာ ဒါကို အောင်မြင်အောင် သန့်စင်ယူနိုင်ခဲ့ပြီး အဲဒီနောက်မှာ ရေခဲမှန်ပြင် တောရိုင်းနယ်မြေရဲ့ ဝိညာဉ်တံခါးက မိစ္ဆာရတနာကိုပါ ထပ်မံ လုယူနိုင်ခဲ့မယ်ဆိုရင်တော့ ဒါက တကယ်ကို ပါးနပ်ပြီး ကြောက်စရာကောင်းတဲ့ လျှို့ဝှက်အကွက်ကြီး တစ်ခုပဲ ဖြစ်လိမ့်မယ်”
စုန်ယန်သည် ခေါင်းကို ခါယမ်းလိုက်ပြီး ရိုသေလေးနက်စွာ ပြောလိုက်သည်။
“ဂိုဏ်းချုပ်... သားက တစ်စုံတစ်ခု မမှန်ကန်ဘူးလို့ ဗီဇအရ ခံစားမိနေလို့ပဲ။ ဒါကြောင့် မြက်ခင်းကို ရိုက်ပြီး မြွေခြောက်တဲ့အနေနဲ့ အခြေအနေကို အရင်ဆုံး စမ်းသပ်ကြည့်ချင်တာပါ”
ထန်ရှောက်ရွှမ်းသည် ပြတ်သားသော လုပ်ဟန်ရှိသူပီပီ တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။
“ကောင်းပြီလေ... ဒါဆိုရင် မီးကိုးကွယ်သူမိစ္ဆာဂိုဏ်းကို သုံးနှစ်အတွင်း နယ်မြေရွှေ့ပြောင်းခိုင်းဖို့ ငါ ရည်ရွယ်ထားတယ်ဆိုတဲ့ ကောလာဟလကို အရင်ဆုံး ပျံ့နှံ့သွားအောင် လုပ်လိုက်မယ်။ ဒါပေမဲ့ သူတို့ကို တရားဝင် အမိန့်စာ ထုတ်ဆင့်ဖို့၊ မထုတ်ဆင့်ဖို့ ကိစ္စကိုတော့ နောက်မှပဲ ငါ ထပ်မံ ဆုံးဖြတ်တော့မယ်”
စုန်ယန်၏ မျက်နှာထက်တွင် အားကျလေးစားမှုများ ပေါ်လွင်လာခဲ့ပြီး “တကယ်ကို ဂိုဏ်းချုပ်ပီသပါပေတယ်ခင်ဗျာ” ဟု ချီးမွမ်းလိုက်၏။
ထန်ရှောက်ရွှမ်းသည် လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်ပြီး သူ့ဘေးမှ နင်ရှင်း ရှေးဘိုးဘေးကြီးကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“ကြည့်စမ်း... ကြည့်စမ်း... ဒါက သေချာပေါက် လူဝင်စားလာတဲ့ မိစ္ဆာအိုကြီးတစ်ကောင်ပဲ လုံးဝ မမှားနိုင်ဘူး ဟားဟား”
နင်ရှင်း ရှေးဘိုးဘေးကြီးသည် စုန်ယန့်ကို စကားမရှိသလို ကြည့်လိုက်ပြီးမှ ပြောလိုက်သည်။
“ကဲ... မင်း လုပ်ချင်တဲ့ကိစ္စကိုလည်း ဂိုဏ်းချုပ်က သဘောတူလိုက်ပြီဆိုတော့။ အခုတော့ မင်း စိတ်အေးလက်အေးနဲ့ ငါ့ဘေးမှာပဲ တိတ်တဆိတ် သီးသန့်ကျင့်ကြံဖို့ အချိန်တန်ပြီ မဟုတ်ဘူးလား...”
စုန်ယန်က “ရှေးဘိုးဘေးကြီး... သားကို ငါးနှစ်အချိန်ပေးပါ။ ငါးနှစ်ပြည့်တာနဲ့ သား ရှေးဘိုးဘေးကြီးရဲ့ ဘေးနားမှာပဲ နေပြီးတော့ နတ်ဘုရားရင်သွေးအဆင့်ကို မဖောက်ထွက်နိုင်မချင်း ကျင့်ကြံခြင်းကနေ လုံးဝ အပြင်မထွက်တော့ဘူးလို့ ကတိပေးပါတယ်။ ဒါပေမဲ့ အကယ်လို့ သားကို ဒီငါးနှစ်အချိန် မပေးဘူးဆိုရင်တော့... သားရဲ့ စိတ်ကို ဘယ်လိုမှ တည်ငြိမ်အောင် ထားနိုင်မှာ မဟုတ်ပါဘူး” ဟု ပြောလိုက်သည်။
သူ့တွင် ကိုယ်ပိုင် တွက်ချက်မှုများ ရှိနေခဲ့၏။
အဲဒီအချိန်ကျရင်... ငါ့ရဲ့ မူလအမှန်တရားက ဘယ်သူဘယ်ဝါလဲဆိုတာကိုလည်း သေချာပေါက် ဖုံးကွယ်ထားနိုင်တော့မှာ မဟုတ်ဘူး...
အဲဒီအချိန်ကျမှပဲ... နင်ရှင်း ရှေးဘိုးဘေးကြီးရဲ့ ဘေးနားကို သွားပြီး သူမကို ငါ့ရဲ့ သက်တော်စောင့်အဖြစ် အသုံးချလိုက်တာက အကွက်အကျဆုံး ဖြစ်လိမ့်မယ်...
နင်ရှင်း ရှေးဘိုးဘေးကြီးသည် သူ့ကို စိုက်ကြည့်လိုက်ရာ သူမထံမှ မြင့်မြတ်လှသော အမျိုးသမီးတစ်ဦး၏ အရှိန်အဝါများ အနည်းငယ် ထွက်ပေါ်လာခဲ့သော်လည်း စုန်ယန်မှာမူ စိုးစဉ်းမျှ တုန်လှုပ်ခြင်းမရှိဘဲ အသိစိတ် အပြည့်အဝဖြင့် တည်ငြိမ်နေခဲ့သည်။
ထိုအခါကျမှသာ နင်ရှင်း ရှေးဘိုးဘေးကြီးသည် ဦးခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်တော့၏။
စုန်ယန်သည် ထန်ရှောက်ရွှမ်းကို ကြည့်ကာ လေးနက်တည်ကြည်စွာ ပြောလိုက်သည်။
"ဂိုဏ်းချုပ်... ဒီကိစ္စက အလွန်တရာ နက်ရှိုင်းလွန်းပါတယ်။ ဂိုဏ်းချုပ်ကိုယ်တိုင်လည်း သတိကြီးကြီးထားစေချင်ပါတယ်..."
"မင်းက နှင်းနိုင်ငံဆီ သွားချင်နေတာပဲလေ။ ငါကလည်း အဲဒီ ရေခဲမှန်ပြင် ဝိညာဉ်တံခါးကို စောင့်ကြည့်ဖို့ အစီအစဉ် ရှိနေတာနဲ့အမျှ မင်းနဲ့အတူ တစ်ခါတည်း လိုက်ခဲ့ပေးမယ်"
"ဒါက မင်းအတွက် ကာကွယ်မှုတစ်ခု ဖြစ်စေသလို... ဘယ်လိုမျိုး အောက်တန်းကျတဲ့ မိစ္ဆာကောင်တွေက ငါ့ရှေ့မှာ လာပြီး မြောက်ကြွနေမလဲဆိုတာကိုလည်း မြင်တွေ့ရတာပေါ့..."
စုန်ယန်က “ဒါဆိုရင်တော့ ဂိုဏ်းချုပ်ကို ဒုက္ခပေးရပါဦးမယ်” ဟု ပြောလိုက်တော့သည်။
...
...
မည်သည့်အချိန်က စတင်ခဲ့သည်မသိပေ ကောလာဟလတစ်ခုမှာ ပြင်ပသို့ ပျံ့နှံ့သွားခဲ့သည်။
၎င်းမှာ မီးကိုးကွယ်သူမိစ္ဆာဂိုဏ်း၏ အကိုင်းအခက် ဂိုဏ်းခွဲအားလုံးကို သုံးနှစ်အတွင်း ပိုမိုကောင်းမွန်သော အနောက်ဘက် ထူးကဲအမြုတေကြောဆီသို့ အတင်းအကျပ် ရွှေ့ပြောင်းခိုင်းတော့မည် ဟူ၍ပင်။
အခြားသော ဂိုဏ်းငယ်များအတွက်မူ ဘာမှမဖြစ်သော်လည်း သူတို့သည် နှင်းနိုင်ငံ၏ အေးစက်လှသော ရာသီဥတုကို စိတ်ကုန်နေခဲ့ကြသည်မှာ ကြာပြီဖြစ်ရာ ဝမ်းမြောက်နိုင်ကြသော်လည်း မူလီယန်မှာမူ လုံးဝ မှင်တက်သွားခဲ့ရသည်။
မီးကိုးကွယ်သူမိစ္ဆာဂိုဏ်းရဲ့ မျိုးဆက်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ အခြေခံအုတ်မြစ်တွေ အားလုံးက ဒီနေရာမှာ ရှိနေတာ။ အခုဆို အောင်မြင်ခါနီးဆဲဆဲ ဖြစ်နေပြီဟာ….
နယ်မြေပြောင်းရွှေ့ရမယ် ဟုတ်လား...
ဘယ်လိုပြောင်းရမှာလဲ။ ဘယ်နေရာကို ပြောင်းရမှာလဲ။ တစ်ခါ ပြောင်းရွှေ့လိုက်ရုံနဲ့တင် ငါတို့ ကြိုးစားခဲ့သမျှ အရာအားလုံးက ပြာမှုန့်လို ပျောက်ကွယ်သွားတော့မှာပဲ။
ရှေးဟောင်းမျိုးနွယ်စုရဲ့ စကားတစ်ခွန်းက ဧကရာဇ်မင်းရဲ့ အမိန့်တော်လိုပဲ...
အောက်ခြေက ဘယ်ဂိုဏ်းကများ မနာခံဘဲ နေရဲမှာလဲ...
ဤကောလာဟလသည် မူလီယန်ဦးခေါင်းထက်တွင် ကြိုးမျှင်တစ်ချောင်းဖြင့် ဆွဲချိတ်ထားသည့် သေမင်းတမန် ဓားတစ်စင်းအလားပင်။
၎င်းဓားက သူ့ထံသို့ သေချာပေါက် ကျလာတော့မည်ကို သူ သိရှိနေသော်လည်း အတိအကျ ဘယ်အချိန်မှာ ကျလာမလဲဆိုတာကိုတော့ မသိရပေ။
ယခုအခါ သူ့ခေါင်းထဲ၌ လွတ်မြောက်ရန် လမ်းမရှိတော့သည့်အပြင် စကားလုံးတစ်လုံးတည်းသာ ရှိတော့သည်။
အချိန်ဆွဲထားရမယ်...
နောက်ထပ် အနှစ်နှစ်ဆယ်... မဟုတ်သေးဘူး။ နောက်ထပ် ဆယ်နှစ်လောက်ပဲ အချိန်ဆွဲထားနိုင်ရင်... ပူဇော်သက္ကာပြုတာ အောင်မြင်ပြီး စစ်မှန်တဲ့ တစ္ဆေရင်သွေးကို ရမှာ။ အဲဒီကျရင် နတ်ဘုရားရင်သွေးအဆင့်ကို တက်နိုင်မယ်လို့ ကိုယ့်ကိုကိုယ် ရာနှုန်းပြည့် ယုံကြည်တယ်...
ငါသာ နတ်ဘုရားရင်သွေးအဆင့်ကို ရောက်သွားရင်... ညဘုရင် ရှေးဟောင်းလူမျိုးစုဘက်ကို အချိန်မရွေး ကူးပြောင်းသွားလို့ ရတာပဲဟာ။
လောကကြီးက ဒီလောက်ကျယ်ပြောတာ... ငါ့အတွက် ခိုလှုံစရာ နေရာတစ်ခု မရှိဘဲ နေပါ့မလား...
...
ဤသေမင်းတမန် ဓားတစ်စင်းသည် မူလီယန်ဦးခေါင်းထက်တွင်သာ ဆွဲချိတ်နေခဲ့ခြင်း မဟုတ်ဘဲ အခြားသော လူတစ်ဦး၏ ဦးခေါင်းထက်တွင်လည်း ရှိနေခဲ့သည်။
ထိုသူကား အခြားသူမဟုတ် ပိုးမွှားဘုရင်သို့မဟုတ် ထို မိစ္ဆာရဟန်းပင်။
“ဘယ်လို တန်ဖိုးမျိုးပဲ ပေးရပေးရ... သူတို့ကို အချိန်ဆွဲထားစမ်း။ အကယ်လို့ ငါ သာမန်လောကထဲကို အောင်မြင်အောင် ဆင်းသက်လို့မရဘူးဆိုရင်... ပုံသဏ္ဌာန်မဲ့ ရှေးဟောင်းလူမျိုးစုထဲမှာ မင်း ကြံစည်ထားတဲ့ လျှို့ဝှက်အကွက်တွေ အားလုံးလည်း ပျက်စီးသွားလိမ့်မယ်”