← Chapters

အခန်း (၆၂၁-၆၂၂)

Vol. 58 Ch. 621-622

အခန်း (၆၂၁-၆၂၂)

Vol. 58 Ch. 621-622

အပိုင်း (၆၂၁)

လင်းပိုင်ဖန်သည် ထိုအသံလာရာဘက်သို့ လှမ်းကြည့်လိုက်ရာ ဖြောင့်မတ်တည်ကြည်သော မျက်နှာထားရှိသည့် အဖိုးအိုတစ်ဦးက ဓားပျံတစ်စင်းကို စီးနင်းကာ သူ့ထံသို့ ပျံသန်းလာနေသည်ကို မြင်တွေ့လိုက်ရသည်။

ထိုသူသည် မဟာကောင်းကင်အဆင့်၏ အထွတ်အထိပ် ခွန်အားကို ပိုင်ဆိုင်ထားပြီး၊ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် ဓားချီများကို အတွင်း၌ ထိန်းချုပ်ထားနိုင်ပုံအရ ၎င်းသည် ဓားသိုင်းလမ်းစဉ်တွင် ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပုံရသည်။

သူသည် ရိုးရှင်းသော တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ဆံပင်နှင့် မုတ်ဆိတ်မွေးများမှာ တစ်ဝက်က မည်း တစ်ဝက်က ဖြူ ဖြစ်နေသော်လည်း ပိန်လှီသော မျက်နှာပြင်မှာ သွေးရောင်လွှမ်းကာ စိုပြည်ဝင်းပနေပြီး တရားဓမ္မများ အလင်းပွင့်နေသော တာအိုဆရာကြီးတစ်ဦးနှင့် ဆင်တူလှသည်။

သူ၏ တန်ခိုးအစွမ်းနှင့် ဝတ်စားဆင်ယင်ပုံအရ ဤသူသည် ရှူတောင်ဂိုဏ်း၏ ဂိုဏ်းချုပ် "ဓားသူတော်စင်"မှတစ်ပါး အခြားမဖြစ်နိုင်ပေ။

ဓားသူတော်စင်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ဧရာမလက်ဝါးကြီး၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ သူ၏ အကြည့်များက ထက်မြက်လွန်းလှသဖြင့် ဟင်းလင်းပြင် အတားအဆီးများကို ဖောက်ထွင်းပြီး အခြားကမ္ဘာတစ်ခုတွင်ရှိနေသော လင်းပိုင်ဖန်ကိုပင် မြင်နိုင်စွမ်းရှိပုံရသည်။

“တာအိုမိတ်ဆွေ... ကျေးဇူးပြုပြီး လက်ကို ရုပ်သိမ်းပေးပါ။ မိတ်ဆွေက ကမ္ဘာပျက်ကပ် ဘေးအန္တရာယ်ကြီးကို နှိမ်နင်းပေးခဲ့တာမို့ ကျွန်ုပ်တို့အားလုံးက ကျေးဇူးတင်ကြရမှာပါ။ ဒါပေမဲ့ ရေမိစ္ဆာသားရဲဆိုတာက ကောင်းကင်နဲ့ မြေကမ္ဘာရဲ့ လည်ပတ်မှုနိယာမတွေနဲ့ ဆက်နွယ်နေပြီး သဘာဝအတိုင်း အလိုအလျောက် ပေါ်ထွန်းလာတဲ့ သတ္တဝါတစ်ကောင် ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ဖမ်းဆီးခေါ်ဆောင်သွားလို့ မဖြစ်ပါဘူး...”

ထိုအခိုက်တွင် အခြားလူတစ်ယောက်လည်း ဓားပျံစီးရင်း ရောက်ရှိလာပြန်သည်။

ထိုသူ့ထံမှ အရက်နံ့များ တထောင်ထောင် ထွက်နေပြီး စည်းစနစ် ကင်းမဲ့ကာ လွတ်လပ်ပြီး ပေါ့ပါးနေပုံရသော်လည်း သူ၏ ထူးခြားဆန်းကြယ်လှသော စွမ်းအားများအရ ၎င်းသည် "အရက်သမား ဓားနတ်ဘုရား" ဖြစ်ကြောင်း သံသယဝင်စရာ မလိုတော့ပေ။

အရက်သမား ဓားနတ်ဘုရားက နားမလည်နိုင်စွာဖြင့် မေးလိုက်သည် - “စီနီယာအစ်ကိုကြီး... မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ တစ်ယောက်ယောက်က ရေမိစ္ဆာသားရဲကို ဖမ်းခေါ်သွားချင်တယ်ဆိုရင်လည်း ပေးခေါ်သွားလိုက်ပေါ့။ ဒီကောင်ကြီးက ဒီမှာရှိနေရင်လည်း ဒုက္ခပေးနေတာပဲကို...”

ဓားသူတော်စင်က စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောလိုက်သည် - “ညီလေး... မင်း နားမလည်ပါဘူး။ အကယ်၍ ရေမိစ္ဆာသားရဲကို ဒီလူ ဖမ်းခေါ်သွားခဲ့ရင် နောင်အနာဂတ်မှာ မတွေးဆနိုင်တဲ့ ကြီးမားတဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်...”

“ဘာအကျိုးဆက်တွေမို့လို့လဲ...” အရက်သမား ဓားနတ်ဘုရားက ထပ်မေးလိုက်သည်။

“ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကို ကြိုတင်ပြီး ဖွင့်ဟလို့မရဘူး...”

“လာပြန်ပြီ... ဒီစကားကြီးပဲ...” အရက်သမား ဓားနတ်ဘုရားက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ငါ တစ်ခုခုမေးလိုက်တိုင်း ကံကြမ္မာဆိုပြီး ဘာတစ်ခွန်းမှ မပြောပြဘူး။ စီနီယာအစ်ကိုကြီး... မင်း အခြေအနေတွေကို ရှင်းရှင်းလင်းလင်း မပြောပြဘူးဆိုရင် ငါ မင်းကို အရှေ့ကို တစ်လှမ်းမှ အတိုးမခံဘူး...”

“ညီလေး... အခုက ဘယ်လိုအချိန် ရောက်နေပြီလဲ။ မင်းရဲ့ ခေါင်းမာမှုကို လျှော့စမ်းပါဦး...”

“တကယ်တော့ ခေါင်းမာနေတာ မင်းကိုယ်တိုင်ပဲ...၊ မင်းရဲ့ ‘မေတ္တာတရား လမ်းစဉ်ကြီး’ ဆိုတာကိုပဲ ဖက်တွယ်နေတာ...”

“ဟူး... မင်းကို ရှင်းပြနေလို့လည်း ထူးမှာမဟုတ်ဘူး၊ ဖယ်စမ်း...”

ဓားသူတော်စင်သည် သူ၏ နတ်ဘုရားတန်ခိုးနှင့် လျှို့ဝှက်သိုင်းကွက်များကို အသုံးပြုကာ အချိန်အနည်းငယ်အတွင်းမှာပင် အရက်သမား ဓားနတ်ဘုရားကို ရေလှိုင်းကြီးများထဲသို့ ရိုက်ချလိုက်လေသည်။

ထို့နောက် သူက ကောင်းကင်သို့ မော့ကြည့်ကာ ပြောလိုက်သည် - “တာအိုမိတ်ဆွေ... ဒီအဖိုးကြီးရဲ့ မျက်နှာကို ထောက်ထားပြီး ရေမိစ္ဆာသားရဲကို လွှတ်ပေးလို့ရမလား။ ရှူတောင်ဂိုဏ်းက မိတ်ဆွေကို အကြွေးတစ်ခု တင်ရှိသွားပါလိမ့်မယ်...”

လင်းပိုင်ဖန်က ခပ်ဖွဖွ ရယ်မောလိုက်ရာ သူ၏အသံက ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ပဲ့တင်ထပ်သွားတော့သည် - “မင်းကိုလား... မင်းလို ဓားသူတော်စင်ရဲ့ မျက်နှာက ဒီလောက်အထိ အရေးမပါသလို၊ ရှူတောင်ဂိုဏ်းရဲ့ အကြွေးကလည်း ဘာမှ တန်ဖိုးမရှိဘူး။ အကယ်၍ ရေမိစ္ဆာသားရဲကို ဒီမှာပဲ ထိန်းသိမ်းထားချင်တယ်ဆိုရင် မင်းရဲ့ ခွန်အားအစစ်အမှန်နဲ့ လာပြီး လုယူလိုက်စမ်း...”

“ကောင်းပြီ... တာအိုမိတ်ဆွေ၊ ဒါဆိုရင်တော့ စော်ကားမိတာကို ခွင့်လွှတ်ပါ...”

ဓားသူတော်စင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ ဓားစွမ်းအင်အားလုံးကို သိုင်းကွက်တစ်ခုအတွင်းသို့ စုစည်းလိုက်သည်။ ထို့နောက် ပြင်းထန်လှသော ဓားစွမ်းအင်တန်းကြီးတစ်ခုက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။

“ချွင်...”

ဤဓားချက်သည် ကမ္ဘာလောကကြီးကိုပင် ပိုင်းဖြတ်နိုင်စွမ်းရှိပုံရသည်။

သို့သော်လည်း ဖန်သားပြင်ကဲ့သို့ ဆန်းကြယ်သော ဧရာမလက်ဝါးကြီးက လက်ညှိုးဖြင့် ခပ်ဖွဖွလေး တောက်လိုက်ရုံဖြင့် ထိုပြင်းထန်လှသော ဓားစွမ်းအင်ကို အမှုန့်ခြေပစ်လိုက်လေသည်။

“မင်းရဲ့ ဓားသိုင်းက နုနယ်လွန်းသေးတယ်။ ကဲ... ငါ့ရဲ့ ဓားချက်ကို မြည်းစမ်းကြည့်လိုက်ဦး...”

ဧရာမလက်ဝါးကြီးက ဓားအလင်းတန်းတစ်ခုကို ဖန်တီးလိုက်သည်။ ထိုဓားအလင်းတန်းက အပေါ်ယံကြည့်လျှင် ရိုးရှင်းလှသည်ဟု ထင်ရသော်လည်း ဓားသူတော်စင်ကမူ ၎င်းကို အဆိုးဝါးဆုံးသော ရန်သူကြီးကဲ့သို့ သဘောထားကာ ထိတ်လန့်သွားခဲ့သည်။

သူသည် နတ်ဓားတစ်စင်းကို ထုတ်ယူလိုက်ရုံမက ကာကွယ်ရေး နတ်ရတနာတစ်ခုကိုပါ ဝတ်ဆင်ပြီး ဤတိုက်ခိုက်မှုကို အစွမ်းကုန် တုံ့ပြန်လိုက်သည်။

သို့သော်လည်း... သူသည် ထိုဓားချက်၏ ဒဏ်ကို မခံနိုင်ဘဲ ဒဏ်ရာရသွားခဲ့သည်။

ရေထဲမှ ကုန်းပေါ်သို့ ပြန်တက်လာကာစ အရက်သမား ဓားနတ်ဘုရားသည် ဤမြင်ကွင်းကို ကြည့်ပြီး အလွန်တရာ တုန်လှုပ်သွားခဲ့ရသည် - “အစ်ကိုကြီးက... အမှန်တကယ်ပဲ ရှုံးနိမ့်သွားတာလား...”

“ဒီလောကမှာ ကိုယ့်ထက်တော်တဲ့သူ အမြဲရှိသလို၊ ပိုမြင့်တဲ့ တောင်ဆိုတာလည်း ရှိစမြဲပဲလေ။ ရှုံးနိမ့်ရတာ ဘာဆန်းလို့လဲ...” ဟု အနီးရှိ အမျိုးသမီးတစ်ဦးက ဆိုလိုက်သည်။

အရက်သမား ဓားနတ်ဘုရားက ခေါင်းခါလိုက်ပြီး - “မင်း နားမလည်ပါဘူး။ အစ်ကိုကြီးက တခြားအရာမှာ ရှုံးလို့ရပေမယ့် ဓားသိုင်းလမ်းစဉ်မှာတော့ ရှုံးနိမ့်လို့ မဖြစ်ဘူး။ အစ်ကိုကြီးက ‘အမြင့်မြတ်ဆုံးသော ကောင်းမှုသည် ရေကဲ့သို့ ဖြစ်သည်’ ဆိုတဲ့ အထွတ်အထိပ် နယ်ပယ်ကို သဘောပေါက်ထားပြီးသားမို့ လူသားတွေကြားထဲမှာ ဓားသိုင်းနဲ့ ပတ်သက်ရင် ယှဉ်ပြိုင်ဘက်မရှိတာ ကြာပြီ။ ဒါပေမဲ့ အခုတော့ ထိုဆန်းကြယ်တဲ့ အင်အားရှင်ရဲ့ လက်ချက်နဲ့ ရှုံးနိမ့်သွားရတယ်ဆိုတော့... ဒါက ဘယ်လောက်တောင် ထိတ်လန့်ဖို့ကောင်းလိုက်လဲ...”

“အော်... ဒါကြောင့်ကိုး...” အမျိုးသမီးဖြစ်သူက ရေရွတ်လိုက်ပြီး ဧရာမလက်ဝါးကြီး၏ ပိုင်ရှင်အပေါ် ရိုသေလေးစားစိတ်များ ပိုမို တိုးပွားလာခဲ့သည်။

“တာအိုမိတ်ဆွေ... တကယ်ကို အံ့မခန်းစရာကောင်းတဲ့ ဓားကွက်ပါပဲ...” ဓားသူတော်စင်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“လမ်းစဉ်ဆိုတာ ကုန်ဆုံးခြင်းမရှိသလို၊ ဓားသိုင်းလမ်းစဉ်ကလည်း အကန့်အသတ် မရှိဘူး...” လင်းပိုင်ဖန်က ရယ်မောလိုက်သည်။

သူ၏ သိုင်းလောက တစ်လျှောက်တွင် အစွမ်းထက်ဆုံးအရာမှာ ဓားသိုင်းပင် ဖြစ်သည်။

မရေမတွက်နိုင်သော ကမ္ဘာများမှ ဓားသိုင်းအနှစ်ချုပ်များနှင့် ရာပေါင်းများစွာသော လျှို့ဝှက်ကျမ်းစာများကို ပေါင်းစပ်သန့်စင်ထားခြင်းက သူ့ကို ယနေ့ကဲ့သို့ ဖြစ်တည်မှုကို ပေးစွမ်းခဲ့ခြင်း ဖြစ်သည်။

“တာအိုမိတ်ဆွေ ပြောတာ အလွန်မှန်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်အနေနဲ့ ရေမိစ္ဆာသားရဲကို ဤနေရာမှာပဲ ချန်ထားရစ်ဖို့ မျှော်လင့်မိတုန်းပါပဲ...” ဓားသူတော်စင်က ဆိုလိုက်သည်။

လင်းပိုင်ဖန်က သူ့ကို ဂရုမစိုက်တော့ဘဲ ရေမိစ္ဆာသားရဲကို ဖမ်းဆုပ်ထားသည့် ဧရာမလက်ဝါးကြီးကို အထက်သို့ ပေပေါင်းများစွာ မြှောက်တင်လိုက်ပြီး သူ၏ သဘောထားကို လက်တွေ့ပြသလိုက်သည်။

“တာအိုမိတ်ဆွေ... ဒါဆိုရင်တော့ ဒုတိယအကြိမ် စော်ကားမိတာကို ခွင့်လွှတ်ပါဦး။

‘ဓားတစ်သောင်း ပြန်လာခြင်း ...” ဓားသူတော်စင်သည် ရှူတောင်ဂိုဏ်း၏ အမြင့်ဆုံး လျှို့ဝှက်နတ်သိုင်းကို ထပ်မံ ထုတ်ဖော်လိုက်ပြန်သည်။

သူ၏ အမိန့်ပေးချက်အရ မိုင်ပေါင်း ထောင်ချီဝေးကွာသော နေရာများမှ ဓားများအားလုံးသည် ကောင်းကင်ယံကို ဖြတ်သန်းကာ ချီတက်လာကြသည်။

“ချွင်.. ချွင်....”

ထောင်ပေါင်းများစွာသော ဓားများသည် ဓားသူတော်စင်၏ ထိန်းချုပ်မှုအောက်တွင် လေထဲ၌ ဝဲပျံနေကြပြီး စူးရှလှသော ဓားမြည်သံများကို ထွက်ပေါ်နေစေသည်။ ထို့နောက် ၎င်းတို့သည် ဓားမြစ်ကြီးတစ်ခုသဖွယ် ပြောင်းလဲကာ လင်းပိုင်ဖန် ထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

“ဓားတစ်သောင်း ပြန်လာခြင်း ဟုတ်လား...။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ အဲဒီဓားသိုင်းကို ငါလည်း တတ်ထားတယ်...”

လင်းပိုင်ဖန်သည်လည်း ထိုသိုင်းကွက်ကိုပင် ချက်ချင်း ထုတ်ဖော်လိုက်ရာ၊ လေထဲရှိ ဓားအားလုံး၏ ထိန်းချုပ်မှုကို လျှပ်တပြက်အတွင်း ပြန်လည် လုယူလိုက်ပြီး ဓားသူတော်စင် ထံသို့ ပြန်လည် ဦးတည်စေလိုက်သည်။

ဓားသူတော်စင်သည် မိမိ၏ ကိုယ်ပိုင်ဓားများက မိမိကို ပြန်လည် တိုက်ခိုက်လာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အလွန် မှင်တက်သွားခဲ့ရသည်။ သတိမမူမိလိုက်သော အခိုက်အတန့်တွင် သူသည် ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး ရေထဲသို့ ထပ်မံ ကျဆင်းသွားပြန်သည်။

“အစ်ကိုကြီး...” အရက်သမား ဓားနတ်ဘုရားက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

ခဏအကြာတွင် သွေးအလိမ်းလိမ်းဖြင့် ဓားသူတော်စင်သည် ရေထဲမှ ပြန်လည် ထွက်ပေါ်လာခဲ့သော်လည်း၊ လင်းပိုင်ဖန်၏ လက်ချက်ဖြင့် ရေထဲသို့ ထပ်မံ ရိုက်ချခြင်းကို ခံလိုက်ရပြန်သည်။

ထို့နောက် သူက ထပ်မံ ထွက်ပေါ်လာပြန်သည်။

လင်းအာဟု ခေါ်သော မိန်းကလေးငယ်သည် ဤမြင်ကွင်းကို နားမလည်နိုင်ဘဲ မေးလိုက်သည် - “ဘွားဘွား... အဲဒီလူက ဘာဖြစ်နေတာလဲဟင်...။ အရှင်နတ်မင်းက ရေမိစ္ဆာသားရဲကို ဖမ်းခေါ်သွားပြီး သမီးရဲ့ မေမေနဲ့ လူတွေကို ကယ်တင်ပေးခဲ့တာလေ...။ သူက လောကကြီးရဲ့ ကျေးဇူးရှင်ကြီးကို ဘာလို့ ဇွတ်အတင်း လာတားနေရတာလဲ...”

“ဘာဖြစ်ရမလဲ... သူကိုယ်တိုင်က လူယုတ်မာတစ်ယောက် ဖြစ်နေလို့ပေါ့...”

သူမ၏အနားရှိ အဘွားဖြစ်သူက နှာခေါင်းရှုံ့ကာ မုန်းတီးစွာဖြင့် ပြောလိုက်သည် - “သူက တစ်ချိန်က သမီးရဲ့ မေမေကို စွန့်ပစ်ခဲ့ရုံတင်မကဘူး၊ သမီးနဲ့ သမီးမေမေ အန္တရာယ်ကြုံနေရတဲ့ အချိန်တုန်းကလည်း လက်ဖျားနဲ့တောင် လာမကူညီခဲ့ဘူး။ ဒါကြောင့် လင်းအာ... မှတ်ထားစမ်း၊ အဲဒီလူနဲ့ ဘာပတ်သက်မှုမှ မရှိစေနဲ့...။ သူပြောတဲ့ စကားတစ်ခွန်းကိုမှလည်း မယုံနဲ့...”

“လင်းအာ နားလည်ပါပြီ ဘွားဘွား...” မိန်းကလေးငယ်က ခေါင်းညိတ်လိုက်သည်။

အချိန်က များစွာ မကျန်တော့ပေ။

လင်းပိုင်ဖန်သည် ဓားသူတော်၏ ဓားသိုင်းအနှစ်ချုပ် အများစုကို နားလည်သွားပြီ ဖြစ်သဖြင့် ဆက်လက်ပြီး ကစားချင်စိတ် မရှိတော့ပေ။ သူက လက်ညှိုးဖြင့် နောက်ထပ်တစ်ကြိမ် ခပ်ဖွဖွလေး တောက်လိုက်ရာ ဓားသူတော်စင်မှာ ရေထဲသို့ ထပ်မံ လွင့်စင်သွားပြီး၊ သူ၏ လက်ဝါးကြီးသည် ရုန်းကန်နေသော ရေမိစ္ဆာသားရဲကို ဖမ်းဆုပ်လျက် ကောင်းကင်ယံသို့ လျင်မြန်စွာ တက်လှမ်းသွားတော့သည်။

မိန်းကလေးငယ်က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်မေးလိုက်သည် - “အရှင်နတ်မင်း... သမီးဆီကို ပြန်လာကြည့်ဦးမှာလားဟင်...”

လင်းပိုင်ဖန်သည် သူမဘက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ နွီဝါးနတ်ဘုရားမ၏ စွမ်းအားကို အာရုံခံမိသဖြင့် ပြုံးလိုက်မိကာ - ‘ဒါက လင်းအာပဲကိုး...။ အခုတော့ ရေမိစ္ဆာသားရဲကို ငါက ဖမ်းခေါ်သွားပြီဆိုတော့ မင်းရဲ့ ဝမ်းနည်းစရာ ကံကြမ္မာဆိုးကြီးက ထပ်မဖြစ်လောက်တော့ပါဘူး...’

လင်းပိုင်ဖန်သည် သူ၏ စိတ်စွမ်းအင်လှိုင်းကို အသုံးပြု၍ မိန်းကလေးငယ်၏ စိတ်ထဲတွင်သာ ကြားနိုင်မည့် အသံကို ပေးပို့လိုက်သည် -

“ပြန်လာမှာပေါ့...။ ငါက ကမ္ဘာပေါင်းစုံကို ချီတက်သိမ်းပိုက်တဲ့ အချိန်ကျရင် ဒီကမ္ဘာက မင်းကို လာရှာဖို့ ရောက်လာမှာပါ။ မင်း အန္တရာယ်ကြုံတွေ့ရတဲ့ အချိန်မှာ သုံးနိုင်အောင် ဓားချီ (၃) ခုကို ချန်ထားပေးခဲ့မယ်...”

မိန်းကလေးငယ်သည် အလွန်တရာ စိတ်လှုပ်ရှားသွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည် - “ကျေးဇူးတင်ပါတယ် အရှင်နတ်မင်း...”

ဖန်သားပြင်ကဲ့သို့ ဆန်းကြယ်သော ဧရာမလက်ဝါးကြီးမှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့သည်။

မထွက်ခွာမီ... လင်းပိုင်ဖန်သည် အနောက်ဘက်ရှိ တောင်ထိပ်တစ်ခုဆီသို့ အဓိပ္ပာယ်ပါပါဖြင့် လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် မှုန်မှိုင်းသော မျက်နှာထားရှိသည့် လူတစ်ယောက် ပုန်းကွယ်နေသည်။

သူ၏ အရှိန်အဝါနှင့် ဝတ်စားဆင်ယင်ပုံအရ ထိုသူသည် လဝတ်ပြုဂိုဏ်း၏ ဂိုဏ်းချုပ်မှတစ်ပါး အခြားမဖြစ်နိုင်ပေ။ ထိုသူသည် မူလက တိုက်ပွဲထဲသို့ ဝင်ရောက်ရန် ကြံစည်ထားသော်လည်း၊ ဓားသူတော်စင်၏ သနားစရာကောင်းလှသော အခြေအနေဆိုးကို မြင်တွေ့လိုက်ရပြီးနောက်တွင်မူ ချက်ချင်းပင် ကိုယ်ရောင်ဖျောက် ပုန်းကွယ်သွားခဲ့ခြင်း ဖြစ်သည်။

လင်းပိုင်ဖန်သည် သူ့ကို ချက်ချင်း မသတ်ဘဲ ချန်ထားရစ်ခဲ့သည်။ ဤကမ္ဘာလောကတွင် ထိုသူ့ကို ဒုက္ခတွေ ပိုမိုရှုပ်ထွေးအောင် လုပ်ဆောင်ခွင့် ပေးထားလိုက်ခြင်း ဖြစ်သည်။

နောက်တစ်ကြိမ် သူ ပြန်လည်ရောက်ရှိလာမည့် အချိန်သည်သာ... ဤလောကကြီး၏ အရှုပ်အထုပ်များကို ရှင်းလင်းပြီး တစ်ကမ္ဘာလုံးကို တစ်စုတစ်စည်းတည်း သိမ်းပိုက်ရမည့် အကောင်းဆုံး အချိန်အခါ ဖြစ်ပေလိမ့်မည်။အပိုင်း (၆၂၂)

ရေမိစ္ဆာသားရဲကို ဖမ်းဆီးပြီးနောက် လင်းပိုင်ဖန်သည်၎င်းကို ချုပ်နှောင်မထားဘဲ အရှေ့ဘက်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာသို့ ပစ်ချလိုက်လေသည်။

သမုဒ္ဒရာရေအောက်၌ နစ်မြုပ်နေသော ရေမိစ္ဆာသားရဲသည် ရေဓာတ်၏စွမ်းအားများကို စုပ်ယူရင်း လျင်မြန်စွာ ပြန်လည်နာလန်ထူလာခဲ့သည်။

ပထမဆုံးနေ့တွင် ခေါင်းတစ်လုံး ပြန်ပေါက်လာသည်။

ဒုတိယနေ့တွင် ဒုတိယမြောက်ခေါင်း ထပ်မံပေါက်လာပြန်သည်။

တတိယနေ့တွင်မူ တတိယမြောက်ခေါင်း ထွက်ပေါ်လာခဲ့သည်။

သတ္တမမြောက်နေ့သို့ ရောက်သောအခါ ပျက်စီးသွားခဲ့သော ခေါင်းခုနစ်လုံးစလုံး ပြန်လည်ပေါက်ပွားလာပြီး သူ၏ခွန်အားများသည်လည်း မူလအတိုင်း အပြည့်အဝပြန်လည်ကောင်းမွန်လာကာ "မြင့်မြတ်ကောင်းကင်အဆင့်" ၏ ထိပ်တန်းသို့ပင် ရောက်ရှိသွားတော့သည်။

ထို့နောက် ၎င်းသည် ကမ္ဘာတုန်မတတ် ကျယ်လောင်စွာ အော်ဟစ်ကာ သူ၏ ‌ဒေါသများကို ပေါက်ကွဲလေတော့သည်။

သူသည် ရန်သူ့ကို တစ်စစီ ဆွဲဖြဲပစ်ချင်နေပြီး မိမိနှလုံးသားထဲမှ နာကျည်းမှုကို ဖြေဖျောက်ရန်အတွက် ရန်သူ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ မွှန်းမွှာပစ်ရန် ဆာလောင်နေခဲ့သည်။

ထို့ကြောင့် သူသည် ပင်လယ်ပြင်၌ ပြင်းထန်သော မုန်တိုင်းများနှင့် ကောင်းကင်ယံအထိ မြင့်မားသော လှိုင်းလုံးကြီးများကို လှုပ်ခတ်စေကာ လောကကြီးတစ်ခုလုံးကို ကမောက်ကမ ဖြစ်သွားစေခဲ့သည်။

ဤပြင်းထန်လှသော အရှိန်အဝါကို ပထမဆုံး အာရုံခံမိသူမှာ အရှေ့ဘက်ပင်လယ်၌ အိပ်စက်အနားယူနေသည့် မြင့်မြတ်သားရဲ "အဇူရာနဂါး" ပင် ဖြစ်သည်။

သူသည် ဧရာမနဂါးမျက်လုံးကြီးများကို ဖွင့်ကြည့်ကာ မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်သည် - “ဒီလောကထဲမှာ နောက်ထပ် မြင့်မြတ်ကောင်းကင်အဆင့်တစ်ယောက် ပေါ်လာပြန်တာလား။ မဟုတ်သေးပါဘူး... ဒါက ရေဓာတ်ကို ထိန်းချုပ်နိုင်တဲ့ မိစ္ဆာသားရဲပဲ၊ ဒါတင်မကဘူး... မြင့်မြတ်ကောင်းကင်အဆင့်ရဲ့ အထွတ်အထိပ်ကိုတောင် ရောက်နေပြီ။ ငါတောင် မသိလိုက်ဘဲနဲ့ အရှေ့ဘက်ပင်လယ်ကြီးက ဒီလိုသတ္တဝါမျိုးကို ဘယ်လိုလုပ် မွေးထုတ်ပေးနိုင်ရတာလဲ...”

သူသည် ကျယ်ပြောလှသော သမုဒ္ဒရာ ချောက်နက်ကြီးထဲမှ ကူးခတ်ထွက်လာခဲ့သည်။

သူ၏ ကိုယ်ဟန်တစ်ချက် လှုပ်ရှားရုံဖြင့် ပေပေါင်းသောင်းချီ ခရီးပေါက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရေမိစ္ဆာသားရဲ၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။

မိမိရှေ့မှောက်ရှိ ခေါင်းရှစ်လုံးနှင့် မိစ္ဆာကောင်ကြီးကို ကြည့်ကာ အဇူရာနဂါးက အံ့ဩစွာဖြင့် - “မင်းက ဘယ်ကလာတဲ့ မိစ္ဆာလဲ၊ ငါ တစ်ခါမှမမြင်ဖူးပါလား...”

ဤလောကတွင် မိစ္ဆာသားရဲများ ပေါ်ထွန်းလာခြင်းမှာ မဖြစ်နိုင်သည်တော့ မဟုတ်သော်လည်း လူသားများကဲ့သို့ လွယ်ကူစွာ ပွားများနိုင်ခြင်းမရှိဘဲ အလွန်တရာ ခဲယဉ်းလှသည်။

မရေမတွက်နိုင်သော နှစ်ကာလများတစ်လျှောက် အဇူရာနဂါးသည် "မဟာကောင်းကင်အဆင့်" ရှိသော မိစ္ဆာများစွာကို မြင်တွေ့ဖူးသော်လည်း မြင့်မြတ်ကောင်းကင်အဆင့်ရှိသော မိစ္ဆာမျိုးကိုမူ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

အထူးသဖြင့် စတင်ပေါ်ထွက်လာကတည်းက မြင့်မြတ်ကောင်းကင်အဆင့် ဖြစ်နေခြင်းမှာ တစ်ကြိမ်တစ်ခါမျှ မရှိဖူးသေးသော သမိုင်းဦးဖြစ်ရပ်ပင် ဖြစ်ချေ၏။

ဒါဟာ အဇူရာနဂါး၏ စူးစမ်းလိုစိတ်ကို နှိုးဆွပေးလိုက်သလို ဖြစ်သွားသည်။

သို့သော်လည်း သူ၏ စူးစမ်းလိုသော အကြည့်များမှာ အလဟဿ ဖြစ်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ရေမိစ္ဆာသားရဲသည် အသိစိတ် သိပ်မရှိဘဲ ရက်စက်ကြမ်းကြုတ်မှုများဖြင့်သာ ပြည့်နှက်နေသဖြင့် အဇူရာနဂါးကို မြင်သည်နှင့် ကြီးမားသော ခြိမ်းခြောက်မှုကြီးဟု ခံစားမိကာ ချက်ချင်းပင် ဟိန်းဟောက်ပြီး တဟုန်ထိုး ပြေးဝင်တိုက်ခိုက်လေတော့သည်။

အဇူရာနဂါးသည် အလွန် မကျေမနပ်ဖြစ်သွားပြီး - “မင်းက နတ်သားရဲတစ်ကောင်ကိုတောင် မရိုမသေလုပ်ပြီး အထက်လူကြီးကို လာစိန်ခေါ်ရဲတယ်ပေါ့။ ငါ မင်းကို သင်ခန်းစာ ကောင်းကောင်း ပေးရမယ်...”

သူသည် ချက်ချင်းပင် နတ်သိုင်းကွက်များကို ထုတ်ဖော်ကာ ရန်သူနှင့် အကြိတ်အနယ် စတင်တိုက်ခိုက်တော့သည်။

နဂါးတစ်ကောင်ဖြစ်သည့်အလျောက် အဇူရာနဂါးသည် အတိုင်းအဆမရှိသော ခွန်အားကို ပိုင်ဆိုင်ထားပြီး အနီးကပ်တိုက်ပွဲများတွင် ယှဉ်ပြိုင်ဘက်ကင်းသူ ဖြစ်သည်။

သို့သော်လည်း ရှေးဟောင်းရက်စက်လှသော သတ္တဝါကြီးဖြစ်သည့် ရေမိစ္ဆာသားရဲသည်လည်း အလွန်အမင်း သန်မာလှပြီး အနီးကပ်လုံးထွေးတိုက်ခိုက်ရာတွင် မနိမ့်ပါးလှပေ။

အဇူရာနဂါး၏ ခန္ဓာကိုယ်ကို ခံတပ်ကြီးတစ်ခုကဲ့သို့ ကြံ့ခိုင်လှသည့် နဂါးအကြေးခွံများဖြင့် ဖုံးလွှမ်းထားသဖြင့် နတ်လက်နက်များပင် ဖောက်ထွင်းနိုင်ခြင်း မရှိချေ။

ရေမိစ္ဆာသားရဲ၏ ကာကွယ်ရေးစွမ်းအားက အဇူရာနဂါးကို မမှီသော်လည်း အနည်းငယ်မျှသာ လျော့နည်းခြင်း ဖြစ်သည်။

သို့သော် ၎င်း၏ ပြန်လည်ကုစားနိုင်စွမ်းကမူ လွန်စွာအစွမ်းထက်လှသည်။ ဒဏ်ရာရရှိပါက အသက်ရှူရုံ အနည်းငယ်အတွင်းမှာပင် ပြန်လည်ကောင်းမွန်သွားနိုင်သည်။

အဇူရာနဂါးသည် လေ၊ မိုး၊ မိုးကြိုးနှင့် လျှပ်စီးဓာတ်များကို စေခိုင်းနိုင်ပြီး ကျယ်ပြောလှသော ပင်လယ်ပြင်ထဲတွင် သူ၏ စွမ်းအားအားလုံးကို အပြည့်အဝ ထုတ်ဖော်နိုင်စွမ်း ရှိသည်။

သို့သော်လည်း ရေမိစ္ဆာသားရဲသည်လည်း ရေဓာတ်ကို စိုးမိုးနိုင်စွမ်းရှိသဖြင့် သမုဒ္ဒရာကြီးက အဇူရာနဂါးအတွက်ကဲ့သို့ပင် သူ့အတွက်လည်း ကိုယ်ပိုင်အိမ်ကွင်း ဖြစ်နေပြန်သည်။

အဇူရာနဂါး၏ အားသာချက်များကို ရေမိစ္ဆာသားရဲက ချုပ်ကိုင်ထားနိုင်သည်ဟုပင် ဆိုနိုင်သည်။

အဇူရာနဂါးသည် တိုက်ပွဲကြာလာသည်နှင့်အမျှ ပို၍ စိတ်ပျက်လက်ပျက် ဖြစ်လာသည်။ ရန်သူက သိသိသာသာ အားနည်းနေသော်လည်း မိမိက အပြတ်အသတ် အနိုင်မယူနိုင်ခြင်းက သူ့ကို ဒေါသထွက်စေသည်။

ထိုအခိုက်တွင် အခြားသော နတ်သားရဲသုံးကောင်သည်လည်း ရေမိစ္ဆာသားရဲ၏ အရှိန်အဝါကို အာရုံခံမိသဖြင့် အလျင်အမြန် ရောက်ရှိလာကြသည်။

အဇူရာနဂါး တိုက်ပွဲတွင် ရုန်းကန်နေရသည်ကို မြင်သောအခါ "ကျားဖြူ"က သူ၏ ဧရာမခေါင်းကြီးကို ကုတ်ကာ ရယ်မောပြောင်လှောင်လျက် ပြောလိုက်သည် - “အဇူရာနဂါး... မင်း အကူအညီ လိုနေပြီလား...”

အထင်သေးခံရသည်ဟု ခံစားလိုက်ရသဖြင့် အဇူရာနဂါးမှာ စိတ်တိုသွားပြီး ခေါင်းမာစွာဖြင့် ပြန်ပြောလိုက်သည် - “မလိုဘူး... ငြိမ်ငြိမ်လေးပဲ ကြည့်နေလိုက်။ ဒီမိစ္ဆာကောင်ကို ငါကိုယ်တိုင် သတ်ပြမယ်...”

အခြားသော နတ်သားရဲကြီး သုံးကောင်လည်း ဘာမှဆက်မပြောတော့ဘဲ ရေမိစ္ဆာသားရဲ ထွက်ပြေး၍မရအောင် ကျန်ရှိသော အရပ်မျက်နှာ သုံးဘက်ကို ပိတ်ဆို့စောင့်ကြပ်ပေးလိုက်ကြသည်။

၎င်းတို့က ဘေးမှကြည့်ရင်း အချင်းချင်း ဆွေးနွေးနေကြသည်။

“ဖီးနစ်"က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည် - “ဒါက ဘာမိစ္ဆာမျိုးလဲ။ သူ့ရဲ့ ခွန်အားက မြင့်မြတ်ကောင်းကင်အဆင့်အထိ ရှိနေရုံတင်မကဘူး၊ ပြန်လည်ကုစားနိုင်စွမ်းကလည်း အရမ်းမြန်တယ်၊ ပြီးတော့ ရေကိုလည်း ထိန်းချုပ်နိုင်သေးတယ်။ ငါတို့ထက် နည်းနည်းလေးပဲ အားနည်းတာ...”

“ဒီမိစ္ဆာက ရေကို စိုးမိုးနိုင်တယ်ဆိုတော့ အရှေ့ဘက်ပင်လယ်က မွေးထုတ်ပေးလိုက်တာ ဖြစ်ရမယ်။ အဇူရာနဂါး သိမှာပါ၊ ဒီပွဲပြီးရင် အဇူရာနဂါးကို မေးကြည့်ကြတာပေါ့...” ဟု “လိပ်မည်း"က အေးအေးလူလူ ဆိုလိုက်သည်။

“အဲဒီမိစ္ဆာကောင်မှာလည်း နဂါးအကြေးခွံတွေ ရှိနေပြီး ဒီအရှေ့ဘက်ပင်လယ်ထဲမှာ ရှိနေတာဆိုတော့ အဇူရာနဂါးနဲ့ တစ်မျိုးတစ်ဖုံ ပတ်သက်နေတာများလား။ မင်းတို့ ဘယ်လိုထင်လဲ... ဒီမိစ္ဆာကောင်က အဇူရာနဂါးရဲ့ လျှောက်ရှုပ်ရာကနေ ထွက်လာတဲ့ ကလေးများလား...” ဟု ကျားဖြူက တဟားဟား ရယ်မောလိုက်သည်။

“ကျားဖြူ... မင်း ဆက်ပြီး လျှောက်ပြောနေမယ်ဆိုရင် ဒီမိစ္ဆာကို မသတ်ခင် မင်းကို အရင်သတ်ပစ်မယ်...” အဇူရာနဂါးက ဟိန်းဟောက်လိုက်သည်။

“ကဲပါ... ကဲပါ... ငါ ပါးစပ်ပိတ်ထားပါ့မယ်...” ကျားဖြူက ရယ်ချင်စိတ်ကို အောင့်အီးကာ ပြောလိုက်သည်။

တစ်နေ့လုံး တိုက်ခိုက်ပြီးနောက်တွင်မူ အဇူရာနဂါးသည် သူ၏ ထူးကဲလှသော စွမ်းအားကို အသုံးပြု၍ ရေမိစ္ဆာသားရဲကို နောက်ဆုံးတွင် သတ်ဖြတ်နိုင်ခဲ့သည်။

လိပ်မည်းက ရေမိစ္ဆာသားရဲ၏ နောက်ကြောင်းကို မေးမြန်းသော်လည်း အဇူရာနဂါးကိုယ်တိုင်လည်း ဘာမှမသိချေ။

သူ သိသည်မှာ ထိုသားရဲသည် ရုတ်တရက် ပေါ်ထွက်လာခြင်းဖြစ်ပြီး သူ ရောက်လာသည်နှင့် တစ်ပြိုင်နက် ရန်ပြုတိုက်ခိုက်ခဲ့ခြင်းသာ ဖြစ်သည်။

အဖြေမထွက်သဖြင့် နတ်သားရဲ လေးကောင်လုံး အသီးသီး လူစုခွဲသွားကြတော့သည်။

သို့သော်လည်း ရှစ်ရက်အကြာတွင် ရေမိစ္ဆာသားရဲသည် ပင်လယ်ထဲမှ ပြန်လည် အသက်ရှင်ထွက်ပေါ်လာပြန်သည်။

ယခုတစ်ကြိမ်တွင် ၎င်းသည် ပိုမိုပါးနပ်လာပြီး အဇူရာနဂါး၏ အာရုံစိုက်မှုကို မခံရစေရန် ဟိန်းဟောက်ခြင်း မပြုတော့ပေ။

ထိုအစား သူသည် ရေဓာတ်များကို တိတ်တဆိတ် စုပ်ယူရင်း မိမိကိုယ်ကို ပိုမိုသန်မာအောင် တိတ်တဆိတ် ကြီးထွားစေခဲ့သည်။

နောက်ထပ် တစ်ပတ်ကြာသောအခါ သူ၏ ခွန်အားများသည် ပိုမို အစွမ်းထက်လာခဲ့ပြီး သူ၏ ကြမ်းကြုတ်သော သဘာဝကို မထိန်းချုပ်နိုင်တော့ဘဲ ပင်လယ်ပြင်၌ တဖန် ပြန်လည် သောင်းကျန်းလေတော့သည်။

အဇူရာနဂါးသည် ပင်လယ်နက်ထဲမှ ကူးခတ်ထွက်လာခဲ့ရာ ရေမိစ္ဆာသားရဲ ပြန်လည်အသက်ရှင်နေသည်ကို မြင်ပြီး အံ့အားသင့်သွားခဲ့ရသည် - “မင်းက ဘယ်လိုလုပ် အသက်ပြန်ရှင်လာတာလဲ...”

ရန်သူကို မြင်လိုက်ရသဖြင့် ရေမိစ္ဆာသားရဲသည် ဒေါသအဟုန်များ ထွက်ပေါ်လာပြီး ချက်ချင်း တိုက်ခိုက်တော့သည်၊ သူ၏ မျက်လုံးများထဲတွင် အငြိုးအတေးများဖြင့် တောက်လောင်နေသည်။

“ဝူး...”

နှစ်ဖက်စလုံး ပြင်းထန်သော တိုက်ပွဲကို ထပ်မံ ဆင်နွှဲကြပြန်သည်။

အခြားသော နတ်သားရဲများလည်း ထပ်မံ ရောက်ရှိလာကြသည်။

ဖီးနစ်က ပြောင်လှောင်လိုက်သည် - “အဇူရာနဂါး... မင်း လက်ရာက သိပ်မသေချာဘူးပဲ၊ သူ့ကို အသက်ပြန်ရှင်ခွင့် ပေးလိုက်ရတယ်လို့...”

“ကိစ္စမရှိဘူး။ ငါ သူ့ကို တစ်ကြိမ် သတ်နိုင်ခဲ့ရင် ဒုတိယအကြိမ်လည်း သတ်နိုင်တယ်...” အဇူရာနဂါးသည် မိမိ၏ ဂုဏ်သိက္ခာ ထိခိုက်သွားသဖြင့် ဒေါသချောင်းချောင်းထွက်နေပြီး ရေမိစ္ဆာသားရဲထံမှ သိက္ခာပြန်ဆယ်ရန် သန္နိဋ္ဌာန်ချလိုက်သည်။

ယခုတစ်ကြိမ်တွင်မူ အဇူရာနဂါးသည် တစ်နေ့နှင့် တစ်ညလုံး တိုက်ခိုက်ပြီးနောက်တွင်မှ ရေမိစ္ဆာသားရဲကို နောက်ဆုံး၌ သတ်ဖြတ်နိုင်ခဲ့သည်။

ထို့နောက်... လဝက်ခန့် ကြာသောအခါ ရေမိစ္ဆာသားရဲသည် ပိုမိုကြမ်းကြုတ်စွာဖြင့် တဖန် ပြန်လည်အသက်ရှင်လာပြန်သည်။

ယခုတစ်ကြိမ်တွင်မူ အဇူရာနဂါးသည် အခြားသော နတ်သားရဲများ၏ စွမ်းအားကို ပေါင်းစပ်အသုံးပြုပြီးနောက်တွင်မှ တစ်ရက်အတွင်း ရေမိစ္ဆာသားရဲကို သတ်ဖြတ်နိုင်ခဲ့တော့သည်။

ထိုအခါမှ အမြဲတစေ တည်ငြိမ်လှသော လိပ်မည်းက မျက်မှောင်ကုတ်ကာ ပြောလိုက်သည် - “တစ်ခုခုတော့ မမှန်တော့ဘူး။ ဒီသတ္တဝါက ရေရှိရင် ပြန်ရှင်နိုင်တယ်၊ သူ့ရဲ့ စွမ်းအားတွေက အကန့်အသတ်မရှိသလို၊ ခွန်အားကလည်း မြေကမ္ဘာအင်မော်တယ် အဆင့်နဲ့ အလွန်နီးစပ်ပြီး ငါတို့ နတ်သားရဲတွေနဲ့တောင် ရင်ပေါင်တန်းနိုင်နေပြီ။ ဒါပေမဲ့ ဒီလောကကြီးရဲ့ ဆံ့ဝင်နိုင်စွမ်းက အကန့်အသတ် ရှိတယ်။ ငါတို့ နတ်သားရဲတွေကို မွေးထုတ်ပေးနိုင်ခဲ့တာတင်ပဲ လုံလောက်နေပြီ။ ဒါကြောင့် ဒီသတ္တဝါက ငါတို့ကမ္ဘာက မွေးထုတ်ပေးလိုက်တဲ့ သတ္တဝါ လုံးဝ မဟုတ်နိုင်ဘူး...”

အခြားသော နတ်သားရဲ သုံးကောင်လုံး ထိတ်လန့်သွားကြပြီး ဖီးနစ်က မေးလိုက်သည် - “လိပ်မည်း... မင်းပြောချင်တာက ဒီမိစ္ဆာက အခြားကမ္ဘာတစ်ခုကနေ လာတာလို့ ဆိုလိုတာလား...”

“ဟုတ်တယ်... ငါ အဲဒီလို ပြောချင်တာ...” လိပ်မည်းက လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်လိုက်သည်။

“ဒါပေမဲ့ မြေကမ္ဘာအင်မော်တယ်အဆင့် ကျင့်စဉ်မရှိဘဲနဲ့ သူက ဘယ်လိုလုပ် ကမ္ဘာ့အတားအဆီးတွေကို ဖောက်ထွင်းပြီး ငါတို့ကမ္ဘာကို ရောက်လာနိုင်မှာလဲ...” ဟု ကျားဖြူက မေးလိုက်သည်။

“သူ့ရဲ့ ကိုယ်ပိုင်အစွမ်းနဲ့တော့ ဒါကို မလုပ်နိုင်ဘူး။ ငါ စိုးရိမ်တာက ကွယ်ရာကနေ အရာအားလုံးကို ကြိုးကိုင်နေတဲ့ လျှို့ဝှက်လက်မည်းကြီး တစ်ခု ရှိနေမှာကိုပဲ။ ပြီးတော့ သူတို့ရဲ့ ပစ်မှတ်က ငါတို့ ဖြစ်ဖို့ ရာခိုင်နှုန်း အလွန်များတယ်...” ဟု လိပ်မည်းက ထိတ်လန့်ဖွယ်ရာ အမှန်တရားကို ဖွင့်ဟလိုက်သည်။

“ကွယ်ရာက ကြိုးကိုင်သူ ဟုတ်လား...” အခြားသော နတ်သားရဲကြီးများလည်း တဖန် ထိတ်လန့်အံ့ဩသွားကြတော့သည်။

All Chapters