အခန်း (၆၂၇-၆၂၈)
Vol. 58 Ch. 627-628
အပိုင်း (၆၂၇)
မျက်စိတစ်မှိတ်အတွင်းမှာတင် ဒဏ္ဍာရီလာ သားရဲကြီးလေးကောင်စလုံး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြလေသည်။
ယောင်ယောင်က ဆွံ့အမှင်တက်နေသော လီထျန်းချန်းဘက်သို့ လှည့်ကြည့်ကာ အူကြောင်ကြောင်ဖြင့် မေးလိုက်သည် - “ဆရာဘိုးဘိုး... ဆရာဘိုးဘိုးပြောတော့ ဒီသားရဲကြီးလေးကောင်က မရိုးရှင်းဘူး၊ ကိုင်တွယ်ရခက်တယ်ဆို။ အခုကျတော့ ဘာလို့ ဒီလောက်အေးအေးဆေးဆေးဖြစ်နေရတာလဲ...”
လီထျန်းချန်းက ပါးစပ်အဟောင်းသားဖြင့် - “ဒါက... ဒါက အရှင်မင်းကြီးက ငါတို့စိတ်ကူးထားတာထက်မက ပိုပြီးတော့ အစွမ်းထက်လွန်းနေလို့ပဲ ဖြစ်ရမယ်”
ယောင်ယောင်က တည်ငြိမ်အေးဆေးနေသော ဘုရင်မ မယ်ဒူဆာ ဘက်သို့ လှည့်ကာ မေးပြန်သည် - “မမမယ်ဒူဆာ... မမက ဘာတုံ့ပြန်မှုမှမရှိဘဲ အားလုံးကို ကြိုသိနေတဲ့အတိုင်းပဲနော်”
ဘေးနားတွင်ရပ်နေသော မိုယုယန်ကလည်း ဘာများပြောမလဲဆိုပြီး နားစွင့်နေခဲ့သည်။
ဘုရင်မ မယ်ဒူဆာက အသာအယာ ပြုံးလိုက်ရင်း - “ဟုတ်တယ်၊ ဘာလို့လဲဆိုတော့ အရှင်မင်းကြီးရဲ့ ခွန်အားက ညီမလေးတို့ အခုမြင်နေရတာထက် အဆပေါင်းများစွာ ပိုပြီး မြင့်မားလို့ပဲ။ အခုလို ဒဏ္ဍာရီလာ သားရဲကြီးလေးကောင်ကို အနိုင်ယူတာက သူ့အတွက် ဘာမှခက်ခဲတဲ့ကိစ္စ မဟုတ်ဘူး”
“ဒါဆို သူက ဘယ်လောက်တောင် အစွမ်းထက်တာလဲဟင်” ယောင်ယောင်က ဇွတ်အတင်း မေးမြန်းလိုက်ရာ မိုယုယန်ပါ ရှေ့သို့ အနည်းငယ် တိုးလာခဲ့သည်။
“ဘယ်လိုပြောရမလဲ...”
မယ်ဒူဆာ က ခဏမျှ စဉ်းစားလိုက်ပြီးနောက် - “ဒီလိုပဲ ပြောလိုက်မယ်... အခု ညီမလေးတို့ မြင်နေရတဲ့ စွမ်းအားက ရေခဲတောင်ရဲ့ ထိပ်ဖျားလေးတစ်ခုလောက်ပဲ ရှိသေးတာ။ သူလုပ်နိုင်တဲ့ အရာတွေ အများကြီးရှိသေးတယ်၊ ဒါပေမဲ့ အခုလောလောဆယ်တော့ ငါထုတ်မပြောနိုင်သေးဘူး။ အချိန်တန်ရင် ညီမလေးတို့ နားလည်လာလိမ့်မယ်”
လူအုပ်ကြီးက အနည်းငယ် စိတ်ပျက်သွားကြသော်လည်း ပြင်းထန်လှသော တိုက်ပွဲကို ဆက်လက်ကြည့်ရှုရန် ခေါင်းမော့လိုက်ကြပြန်သည်။
ထိုစဉ် လင်းပိုင်ဖန်သည် အရှေ့ပင်လယ်ထဲမှ နာကျင်စွာ အော်ဟစ်နေသော အဇူရာနဂါးကို ဆွဲထုတ်ကာ ပြင်းထန်စွာ လွှဲပစ်လိုက်ရာ ကျားဖြူထံသို့ ထပ်မံ၍ ထိမှန်သွားပြန်သည်။
ထို့နောက် သူက အသက်ငင်နေသော ဖီးနစ်ကို ဖမ်းဆွဲကာ ကျားဖြူ၏ အပေါ်သို့ပင် ထပ်မံဆင့်၍ ထုရိုက်လိုက်ပြန်သည်။
ဤသို့ဖြင့် ဒဏ္ဍာရီလာ သားရဲကြီးလေးကောင်စလုံး တစ်နေရာတည်းတွင် စုမိသွားကြတော့သည်။
ဆက်လက်၍ လင်းပိုင်ဖန်သည် ဟာလာဟင်းလင်း ပြင်ကျယ်ကြီးထဲတွင် ရပ်တန့်ကာ သူ၏လက်ဝါးထဲ၌ ဧရာမ တောင်ကြီးတစ်လုံးကို ဖန်တီးလိုက်ပြီး၊ တိုင်းပြည်ကို စွမ်းအားများဖြင့် ကာကွယ်ပေးထားရင်း ထိုတောင်ကြီးဖြင့် သားရဲကြီးလေးကောင်ပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ဆော်ထည့်လိုက်လေတော့သည်။
“ဒုန်း...”
ကောင်းကင်နှင့် မြေကမ္ဘာ တစ်ခုလုံး ပြိုလဲမတတ် ဖြစ်သွားပြီး တောင်တန်းကြီးများလည်း ကြေမွပျက်စီးကုန်သည်။
ဒဏ္ဍာရီလာ သားရဲကြီးလေးကောင်မှာ ခန္ဓာကိုယ်များ စုတ်ပြတ်အက်ကွဲကုန်ကာ သူတို့၏ အော်ဟစ်ညည်းတွားသံများက လောကတစ်ခုလုံးတွင် ဟိန်းထွက်သွားခဲ့သည်။
လင်းပိုင်ဖန်ကမူ မကြားချင်ယောင်ဆောင်ကာ သူ၏လက်ထဲတွင် အခြားသော ဧရာမ တောင်ကြီးတစ်လုံးကို ထပ်မံဖန်တီးပြီး နောက်ထပ်တစ်ကြိမ် ထုရိုက်လိုက်ပြန်သည်။
“ဒုန်း...”
ကျောက်ခဲနှင့် မြေကြီးများ ပြိုကျပျက်စီးသွားပြီး နောက်ထပ်တစ်ဖန် စူးစူးဝါးဝါး အော်သံများ ထွက်ပေါ်လာခဲ့သည်။
လင်းပိုင်ဖန်ကမူ သူ၏ တိုက်ခိုက်မှုကို မရပ်နားခဲ့ပေ။
သူ၏ လက်ထဲမှ ဧရာမ တောင်ကြီးများသည် ကုန်ဆုံးသွားခြင်းမရှိဘဲ တစ်လုံးပြီးတစ်လုံး ထပ်ကာထပ်ကာ ရိုက်ချနေခဲ့သည်။
“ဒုန်း...”
“ဒုန်း...”
သားရဲကြီးလေးကောင်၏ အော်ဟစ်သံများကို မပြောနှင့်ဦး၊ ဘေးမှ ကြားနေရသူများပင် ရင်တထိတ်ထိတ်နှင့် အသည်းယားလာကြရသည်။
ယောင်ယောင်က သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်ကာ - “ဒါ... ဒါက အရမ်းရက်စက်လွန်းတယ်”
“အရှင်မင်းကြီးက ဒီလောက်တောင် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်တတ်တာကို ငါ ပထမဆုံးအကြိမ် သိလိုက်ရတာပဲ။ သူများတွေက လက်သီးနဲ့ ထုတာ၊ သူကတော့ တောင်ကြီးတစ်လုံးလုံးနဲ့ ထုနေတာပဲ။ ဒဏ္ဍာရီလာ သားရဲကြီးတွေက အရေခွံထူပြီး အသက်စွမ်းအားတွေ ကောင်းမွန်လို့သာ ခက်ခက်ခဲခဲ တောင့်ခံနိုင်နေတာ၊ ငါသာဆိုရင်တော့ တစ်ချက်တည်းနဲ့တင် ခံနိုင်မှာမဟုတ်ဘူး” လီထျန်းချန်းက ကြောက်စိတ်မပြယ်သေးဘဲ ဆိုလိုက်သည်။
“ဒါကြောင့်မလို့ ငါတို့တွေ အရှင်မင်းကြီးနဲ့ ဘယ်တော့မှ ရန်သူမဖြစ်ဖို့ လိုတယ်။ ဟို သားရဲကြီးလေးကောင်က သာဓကပဲ” ပန်းချီပညာရှင်ကြီးကလည်း နဖူးမှ ချွေးစေးများကို သုတ်ရင်း ပြောလိုက်သည်။
တဖြည်းဖြည်းနှင့် သားရဲကြီးလေးကောင်၏ အော်ဟစ်သံများသည် အားနည်းသထက် အားနည်းလာခဲ့သည်။
နောက်ဆုံးတွင်မူ မကြားတကြား အဆင့်သို့ ရောက်ရှိသွားတော့သည်။
လင်းပိုင်ဖန်သည် ထူထပ်လှသော ကျောက်ခဲနှင့် မြေကြီးများကို ဖယ်ရှားလိုက်ရာ သားရဲကြီးလေးကောင်၏ စုတ်ပြတ်သတ်နေသော အခြေအနေကို မြင်တွေ့လိုက်ရသည်။
“သနားစရာ” ဟူသော စကားလုံးတစ်လုံးတည်းဖြင့်ပင် သူတို့၏ အဖြစ်ကို ဖော်ပြရန် မလုံလောက်နိုင်တော့ပေ။
ထိုအချိန်တွင် အဇူရာနဂါး၏ နဂါးကြေးခွံများမှာ တစ်ခုမှ မကျန်တော့ဘဲ ကွာကျနေပြီး၊ နဂါးအရိုးများလည်း တစ်စစီ ကြေမွကာ နဂါးဦးချိုများပင် ကျိုးပဲ့လျက် မြေပြင်ပေါ်တွင် မြွေသေတစ်ကောင်ကဲ့သို့ ဝပ်စင်းနေရရှာသည်။
လိပ်မည်း၏ လိပ်ခွံကြီးမှာလည်း ကြေမွပျက်စီးသွားခဲ့ပြီဖြစ်သည်။ အတွင်းသားများမှာ သွေးချင်းချင်းနီကာ မမှတ်မိနိုင်လောက်အောင် ပျက်စီးနေခဲ့ချေပြီ။
ဖီးနစ်မှာလည်း သနားစဖွယ် အခြေအနေသို့ ရောက်ရှိနေပြီး၊ အမွေးအတောင်များ အနှုတ်ခံထားရသည့် ရေစိုကြက်တစ်ကောင်ကဲ့သို့ အရိုးများစွာ ကျိုးပဲ့ကာ မီးပင် မမှုတ်ထုတ်နိုင်တော့ဘဲ သူ၏ စွမ်းအားအရင်းအမြစ်များ ကုန်ခမ်းလုနီးပါး ဖြစ်နေခဲ့သည်။
အဆိုးဆုံးမှာမူ တိုက်ခိုက်မှုအများဆုံးကို ခံလိုက်ရသော ကျားဖြူဖြစ်ပြီး၊ သေလုမြောပါး ကြောင်သေတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့ချေပြီ။
သို့သော်လည်း ယခုကဲ့သို့ ပြင်းထန်သော ဒဏ်ရာများ ရရှိထားသော်လည်း သူတို့ သေဆုံးမသွားကြသေးပေ။
သူတို့သည် ကောင်းကင်နှင့် မြေကမ္ဘာ၏ အစောင့်အရှောက် သားရဲကြီးများဖြစ်ပြီး လောကကြီး၏ စောင့်ရှောက်မှုကို ခံထားရသူများ ဖြစ်သည်။
သူတို့၏ တည်ရှိမှုကို အမြစ်ပြတ် မဖျက်ဆီးသရွေ့ သူတို့သည် တစ်နေ့တွင် ပြန်လည်ကောင်းမွန်လာဦးမည် ဖြစ်သည်။
ထို့ကြောင့် လင်းပိုင်ဖန်သည် သူတို့၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားအရင်းအမြစ်များကို စတင်၍ ထုတ်ယူလိုက်တော့သည်။
ထိုစွမ်းအားအရင်းအမြစ်များ မရှိတော့လျှင် သူတို့ ပြန်လည်နာလန်ထူရန် မဖြစ်နိုင်တော့ပေ။
လင်းပိုင်ဖန်အနေဖြင့် လက်ကို အနည်းငယ်လုပ်ရုံမျှဖြင့် သူတို့ကို ယခုပင် အမြစ်ပြတ် ချေမှုန်းပစ်နိုင်စွမ်း ရှိသည်။
သို့သော်လည်း လင်းပိုင်ဖန်က ဇွတ်အတင်း မလုပ်ဆောင်ဘဲ မေးလိုက်သည် - “ငါ မင်းတို့ကို မသတ်ခင်... မေးစရာ မေးခွန်းတစ်ခု ရှိတယ်”
ဒဏ္ဍာရီလာ သားရဲကြီးလေးကောင်မှာ ဘာမှမပြောဘဲ မျှော်လင့်ချက်မဲ့နေသော မျက်လုံးများဖြင့် လင်းပိုင်ဖန်ကို စိုက်ကြည့်နေကြသည်။
“မင်းတို့ အရင်တုန်းက ပြောခဲ့ဖူးတယ်လေ... ကောင်းကင်နဲ့ မြေကမ္ဘာက လူသားတွေကို မွေးမြူဖို့ အရာခပ်သိမ်းကို ဖန်တီးခဲ့တာ၊ ဒါပေမဲ့ လူသားတွေက ကောင်းကင်နဲ့ မြေကမ္ဘာကို ပြန်လည်ပေးဆပ်ဖို့ ဘာမှမရှိဘူးတဲ့။ ဒါကြောင့်မလို့ မင်းတို့က အမြင့်ဆုံးအဆင့် သိုင်းပညာရှင်ကြီးတွေကို သတ်ဖြတ်ပြီး သူတို့ရဲ့ ကံတရားတွေကို ကောင်းကင်နဲ့ မြေကမ္ဘာဆီ ပြန်ပေးပြီး လောကကြီးရဲ့ မျှတမှုကို ထိန်းသိမ်းရတာပါဆိုပြီးတော့”
လင်းပိုင်ဖန်က ခေါင်းခါလိုက်ပြီး - “အမှန်အတိုင်းပြောရရင်... အဲဒီလို ခွေးဆင်ခြေမျိုးကို ငါ လုံးဝမယုံဘူး။ ဘယ်သူပဲဖြစ်ဖြစ် အမြင့်ဆုံးအဆင့်ကို ရောက်သွားပါစေဦးတော့... သေခြင်းတရားကနေ မလွတ်မြောက်နိုင်ဘူး။ သူတို့ သေဆုံးသွားပြီးတဲ့နောက် သူတို့ရဲ့ အသက်စွမ်းအားတွေက ကောင်းကင်နဲ့ မြေကမ္ဘာဆီကို သဘာဝအတိုင်း ပြန်ရောက်သွားမှာပဲ၊ ဒါကို မင်းတို့က ပူပန်ပေးနေဖို့ မလိုဘူး။ အဲဒီတော့ အခု... ငါ့ကို ကျေနပ်လောက်တဲ့၊ ဆင်ခြင်တုံတရားရှိတဲ့ အဖြေတစ်ခု ပေးနိုင်မလား။ ဒါဆိုရင်တော့ မင်းတို့ကို ဝေဒနာ သက်သာအောင် မြန်မြန်ဆန်ဆန် သေခွင့်ပေးမယ်”
အဆင့်မြင့် သိုင်းပညာရှင် အများအပြားသည်လည်း ဤမေးခွန်းကို အထူးပင် အာရုံစိုက်နေကြသည်။
ခဏမျှ ကြာပြီးနောက် အဇူရာနဂါးက အားနည်းစွာဖြင့် ချောင်းဆိုးရင်း ပြောလိုက်သည် - “ငါတို့ လုပ်ရတဲ့အလုပ်မှာ ငါတို့ရဲ့ အကြောင်းပြချက် ရှိတယ်။ မင်း သိလား... ဒီလောကကြီးထဲမှာ ဒဏ္ဍာရီလာ သားရဲကြီး ဘယ်နှကောင် ရှိလဲဆိုတာ”
“မင်းတို့ လေးကောင်ပဲ မဟုတ်ဘူးလား” လင်းပိုင်ဖန်က ဆိုလိုက်သည်။
“မဟုတ်ဘူး၊ တစ်ချိန်က ငါးကောင် ရှိခဲ့တာ။ ငါ၊ ကျားဖြူ၊ လိပ်မည်း၊ ဖီးနစ်တို့အပြင် အခြားသော ဒဏ္ဍာရီလာ သားရဲကြီးတစ်ကောင်ဖြစ်တဲ့ ‘ချီလင်’လည်း ရှိခဲ့သေးတယ်”
“အဲဒီကောင် ဘယ်ရောက်သွားလဲ၊ ဘာလို့ မမြင်ရတာလဲ”
အဇူရာနဂါးက လှောင်ပြုံးပြုံးကာ - “သေသွားပြီ။ သူ သေသွားလို့ မမြင်ရတာ”
“သူ ဘယ်လို သေသွားတာလဲ” လင်းပိုင်ဖန်က ထပ်မံ မေးမြန်းလိုက်သည်။
“သူ့ကို မင်းတို့ လူသားမျိုးနွယ်တွေက သတ်လိုက်တာ။ အတိအကျ ပြောရရင်တော့ မင်းတို့ လူသားတွေထဲက မြင့်မြတ်ကောင်းကင်အဆင့် သိုင်းပညာရှင်ကြီးတစ်ယောက်ရဲ့ လက်ချက်နဲ့ သေသွားတာ”
“ဟမ်...” လင်းပိုင်ဖန်နှင့် အခြားသူများ အံ့ဩတုန်လှုပ်သွားကြသည်။
အဇူရာနဂါး၏ မျက်ဝန်းများသည် အတိတ်ဆီသို့ အာရုံရောက်သွားပြီး အမှတ်တရများထဲတွင် နစ်မြောနေပုံရသည် - “လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းတုန်းက ငါတို့ သားရဲကြီး ငါးကောင်စလုံး ရှိနေခဲ့ကြသေးတယ်။ အဲဒီအချိန်တုန်းက ငါတို့တွေ ပုန်းအောင်းမနေခဲ့ကြဘူး၊ ပြီးတော့ လူသားတွေထဲက မြင့်မြတ်ကောင်းကင်အဆင့် သိုင်းပညာရှင်ကြီး အချို့နဲ့လည်း အလွန် ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ကြတယ်”
“ငါတို့ရဲ့ အစ်ကိုကြီး ချီလင်က အစွမ်းထက်တဲ့ လူသားတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့တယ်။ အဲ့ဒီလူသားက အသက် တစ်ရာမပြည့်ခင်မှာတင် မြင့်မြတ်ကောင်းကင်အဆင့်ကို ရောက်ရှိခဲ့ပြီး၊ အသက် နှစ်ရာမတိုင်ခင်မှာ အမြင့်ဆုံး အဆင့်ကို တက်လှမ်းနိုင်ခဲ့လို့ ငါတို့ထက် တစ်လှမ်းပဲ နောက်ကျခဲ့တာ။ မင်းနဲ့ နှိုင်းယှဉ်ရင်တော့ သူက အားနည်းတယ်လို့ ဆိုနိုင်ပေမဲ့... သူက ငါတို့ မြင်ဖူးသမျှ လူသားတွေထဲမှာတော့ အတောက်ပဆုံး ပါရမီရှင်ပဲ”
လင်းပိုင်ဖန်က ခေါင်းအသာ ညိတ်လိုက်သည်။
အသက် တစ်ရာဖြင့် မြင့်မြတ်ကောင်းကင်အဆင့်သို့ ရောက်ရှိခြင်းက အမှန်ပင် ကြောက်မက်ဖွယ် ပါရမီရှင်တစ်ဦး ဖြစ်သည်။ အကယ်၍ သူ၌ အင်ပါယာ မြေပုံသာ မရှိခဲ့လျှင် ထိုသူနှင့် ပခုံးချင်းယှဉ်နိုင်ရန် အခွင့်အရေး ရှိလိမ့်မည်မဟုတ်ပေ။
အဇူရာနဂါးက ဆက်ပြောသည် - “အဲဒီအချိန်တုန်းက သူက သိုင်းပညာကိုပဲ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားပြီး လမ်းသစ်တစ်ခုကို ဖောက်လုပ်နိုင်ဖို့ မျှော်လင့်ခဲ့တာ၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒီလောကကြီးမှာ အကန့်အသတ် ရှိနေတယ်ဆိုတာ သူ သိသွားခဲ့တယ်။ သူက လောကကြီးရဲ့ အမြင့်ဆုံး အကန့်အသတ်ကို ရောက်သွားခဲ့ပြီး ထိုးဖောက်နိုင်စွမ်း မရှိတော့ဘူး။ ဒါပေမဲ့ ကမ္ဘာဦးကတည်းက ဖြစ်ခဲလှတဲ့ ပါရမီရှင် ဖြစ်တဲ့အတိုင်း ဆယ်စုနှစ်ပေါင်းများစွာ သုတေသနပြုပြီးတဲ့နောက် သူက တခြားနည်းလမ်းတစ်ခုကို ရှာတွေ့သွားခဲ့တယ်”
“ဘယ်လို နည်းလမ်းလဲ” လင်းပိုင်ဖန်က မေးလိုက်သည်။
“အဲဒီ နည်းလမ်းကတော့...”
အဇူရာနဂါး၏ မျက်လုံးများက နာကျည်းမှုများဖြင့် ပြည့်နှက်နေပြီး - “...ငါတို့ ဒဏ္ဍာရီလာ သားရဲကြီးတွေရဲ့ စွမ်းအားအရင်းအမြစ်ကို ထုတ်ယူပြီး သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ပေါင်းစပ်ဖို့ပဲ။ ဒီလိုနဲ့ သူက ပုံမှန်မဟုတ်တဲ့ နည်းလမ်းနဲ့ လမ်းစဥ်ကို သိမြင်ပြီး လမ်းသစ်တစ်ခုကို ရှာဖွေနိုင်မှာ ဖြစ်လို့ပဲ”
“ဒီလိုလား...” လင်းပိုင်ဖန် စိတ်ထဲ တုန်လှုပ်သွားပြီး နောက်ဆက်တွဲ ဖြစ်လာမည့် အခြေအနေကို မကောင်းသော အာရုံဖြင့် ခံစားမိလိုက်သည်။
အဇူရာနဂါးက ခါးသီးစွာဖြင့် ဆက်ပြောသည် - “အဲဒီအချိန်တုန်းက အစ်ကိုကြီး ချီလင်က သူနဲ့ အရမ်းရင်းနှီးနေတော့ သူက ချီလင်ကိုပဲ ပစ်မှတ်ထားခဲ့တာ။ သူက ယုတ်မာတဲ့ နည်းလမ်းတွေကို သုံးခဲ့တယ်။ ငါတို့ အစ်ကိုကြီးက ဖြူစင်ပြီး ယုံလွယ်တတ်တော့ သူ့ရဲ့ လှည့်ကွက်ထဲမှာ သားကောင် ဖြစ်သွားခဲ့ရရှာတယ်”
“ငါတို့တွေ သိလိုက်ရတဲ့ အချိန်မှာတော့ အားလုံး နောက်ကျသွားခဲ့ပြီ။ သူက အစ်ကိုကြီးကို သတ်ပြီးပြီ၊ သူ့ရဲ့ စွမ်းအားအရင်းအမြစ်တွေကို ထုတ်ယူပြီး သူ့ခန္ဓာကိုယ်ထဲကို ပေါင်းစပ်ပြီး ‘မြေကမ္ဘာအင်မော်တယ်’ အဆင့်ကို တက်လှမ်းသွားခဲ့ပြီ။ ‘မြေကမ္ဘာအင်မော်တယ်’ ဆိုတဲ့ အသုံးအနှုန်းက သူ့ဆီကနေ စတင်ခဲ့တာပဲ၊ ဘာလို့လဲဆိုတော့ သူက ကောင်းကင်ဘုံက အင်မော်တယ်တွေလို စွမ်းရည်မျိုး ရှိနေပေမဲ့ မြေကမ္ဘာပေါ်မှာပဲ ရှိနေသေးလို့ ‘မြေကမ္ဘာအင်မော်တယ်’ လို့ ခေါ်တွင်ခဲ့တာ”
“အဲဒီနောက်... အဲဒီ အစွမ်းထက်တဲ့ လူသား ဘာဆက်ဖြစ်သွားလဲ” လင်းပိုင်ဖန်က မေးလိုက်သည်။
“ငါတို့တွေ အားလုံး စုပေါင်းပြီး သူ့ကို သတ်ပစ်လိုက်တာပေါ့”
ဖီးနစ်က နာကျည်းမှုများဖြင့် သွေးတစ်လုပ် အန်ထုတ်ကာ - “သူက မြေကမ္ဘာအင်မော်တယ်အဆင့်ကို ရောက်ခါစပဲ ရှိသေးတာ။ သူ့ရဲ့ အဆင့်က မတည်ငြိမ်သေးသလို၊ ခွန်အားကလည်း ဒီလောက်ပဲ တိုးတက်လာသေးတာမလို့ ငါတို့တွေ အင်အားချင်းပူးပေါင်းပြီး သူ့ကို သတ်ပစ်လိုက်ကြတာ။ ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ... ငါတို့ရဲ့ အစ်ကိုကြီး ချီလင်ကတော့ ဘယ်တော့မှ ပြန်ရှင်မလာနိုင်တော့ဘူး”
ကျားဖြူနှင့် လိပ်မည်းတို့ကလည်း ဝမ်းနည်းပူဆွေးစွာဖြင့် သက်ပြင်းချလိုက်ကြတော့သည်။
အပိုင်း (၆၂၈)
ထိုအချိန်တွင်မှ လင်းပိုင်ဖန်သည် ဒဏ္ဍာရီလာ သားရဲကြီးများက မြင့်မြတ်ကောင်းကင်အဆင့် သိုင်းပညာရှင်များကို အဘယ်ကြောင့် သတ်ဖြတ်ခဲ့ရသနည်း ဆိုသည့် အကြောင်းအရင်းကို နောက်ဆုံး၌ သဘောပေါက်သွားတော့သည်။
ဒါက သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက်ပဲ ဖြစ်သည်။
ထိုသူများ အားနည်းနေစဉ်အချိန်၌သာ သတ်ဖြတ်ပစ်ခြင်းဖြင့် ပြဿနာကို အမြစ်တွယ်ခွင့်မပေးဘဲ မိမိတို့၏ အသက်ကို ကယ်တင်နိုင်မည် ဖြစ်သည်။ သို့မဟုတ်ပါက ထိုသူများ ပိုမိုအင်အားကြီးမားလာသည့်အခါမှဆိုလျှင် အရာရာ နောက်ကျသွားပေလိမ့်မည်။
“အဲဒီလို အဖြစ်အပျက်မျိုး နောက်ထပ်တစ်ကြိမ် ထပ်မဖြစ်ပွားစေဖို့အတွက် ငါတို့က အဲဒီလူသားကိုတင် သတ်ခဲ့တာမဟုတ်ဘူး၊ အစွမ်းထက်တဲ့ လူသားတွေအားလုံးနဲ့ သူတို့ရဲ့ နောက်ကွယ်က အင်အားစုတွေကိုပါ အမြစ်ပြတ် ချေမှုန်းပြီး ငါတို့နဲ့ ပတ်သက်တဲ့ သဲလွန်စမှန်သမျှကို ဖျက်ဆီးပစ်ခဲ့တာ။ အဲဒီအချိန်ကစပြီး ငါတို့တွေဟာ လူသားတွေနဲ့ အလှမ်းဝေးရာမှာ ပုန်းအောင်းနေထိုင်ရင်း ဒီလောကကြီးကို တိတ်တဆိတ် စောင့်ရှောက်ခဲ့ကြတယ်။ ဒါပေမဲ့... အမြင့်ဆုံးအဆင့်ကို ရောက်ရှိလာမယ့်သူ ပေါ်ထွက်လာရင်တော့ ငါတို့တွေ ရှိသမျှ အင်အားအကုန်သုံးပြီး အဲဒီသူကို ရှင်းလင်းပစ်မှာပဲ”
ဖီးနစ်ကလည်း လင်းပိုင်ဖန်၏ သံသယများကို အတည်ပြုပေးသည့်အနေဖြင့် စကား ထပ်ဆင့်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဤစကားဝိုင်းမှတစ်ဆင့် လင်းပိုင်ဖန်သည် အရာအများကြီးကို ပိုမိုနားလည်သွားခဲ့ရသည်။
လူသားတို့၏ ယဉ်ကျေးမှုသမိုင်းတွင် အဘယ်ကြောင့် အဆက်ပြတ်မှုများ ရှိခဲ့ရသနည်း၊ လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က သမိုင်းကြောင်းများသည် အဘယ်ကြောင့် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ရသနည်း ဆိုသည်မှာ ဒဏ္ဍာရီလာ သားရဲကြီးများ၏ လက်ချက်ကြောင့်ပင် ဖြစ်ချေသည်။
အကယ်၍ သူသာ ထိုသားရဲကြီးများ၏ နေရာတွင် ရှိနေခဲ့ပါကလည်း ဤကဲ့သို့ပင် လုပ်ဆောင်မိလိမ့်မည် ဖြစ်သည်။
ဒါက ဒဏ္ဍာရီလာ သားရဲကြီး လေးကောင်အတွက်သာမက လူသားမျိုးနွယ်စု တစ်ခုလုံးအတွက်ပါ စိတ်မကောင်းစရာ ဇာတ်လမ်းတစ်ပုဒ်ပင် ဖြစ်သည်။ နှစ်ဖက်စလုံးက ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ခဲ့ကြသော်လည်း လောဘဇောတက်ခဲ့သည့် လူတစ်ယောက်ကြောင့် အရာအားလုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။ အမှန်ပင် နှမြောတသဖွယ် ကောင်းလှချေသည်။
ထိုစဉ် စွမ်းအားအနည်းငယ် ပြန်လည်ပြည့်ဖြိုးလာသော လိပ်မည်းက လေးနက်တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည် - “အခုတော့ မင်းလည်း အမှန်တရားအားလုံးကို သိသွားပြီဆိုတော့ ငါတို့ကို မင်းစိတ်ကြိုက်သာ စီရင်ပါတော့။ ဘာပဲဖြစ်ဖြစ် ငါတို့က မင်းကို အနိုင်မတိုက်နိုင်ခဲ့ဘူးပဲ”
လင်းပိုင်ဖန်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူထုတ်ယူထားသော စွမ်းအားအရင်းအမြစ်များကို တစ်ဝက်စီ ခွဲလိုက်သည်။
ထို့နောက် ထိုစွမ်းအားတစ်ဝက်ကို သားရဲကြီးများထံ ပြန်လည်ထည့်သွင်းပေးလိုက်ပြီး ကျန်တစ်ဝက်ကိုမူ မိမိအတွက် သိမ်းဆည်းထားလိုက်သည်။
ဒဏ္ဍာရီလာ သားရဲကြီးလေးကောင်မှာ အူကြောင်ကြောင် ဖြစ်သွားကြပြီး - “မင်း... မင်း ဘာလုပ်တာလဲ”
“မင်းတို့ရဲ့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေက သနားစရာကောင်းပေမဲ့ မင်းတို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေကတော့ ခွင့်လွှတ်နိုင်စရာမရှိဘူး။ အထူးသဖြင့် ငါတို့ကြားမှာ ဘာရန်ငြိုးမှမရှိဘဲနဲ့ မင်းတို့က ငါ့ကို အရင်တိုက်ခိုက်ခဲ့တာ။ ဒါကြောင့် သဘာဝကျကျပဲ ငါက မင်းတို့ကို ကရုဏာသက်နေမှာ မဟုတ်ဘူး” လင်းပိုင်ဖန်က ပြတ်သားစွာ ကြေညာလိုက်ပြီးနောက် - “ဒါပေမဲ့ ငါက ပါရမီရှင်တွေကို အမြဲတမ်း တန်ဖိုးထားတတ်တဲ့သူပဲ။ မင်းတို့ သားရဲကြီးလေးကောင် ပူးပေါင်းလိုက်ရင် မြေကမ္ဘာအင်မော်တယ်အဆင့်နဲ့ ရင်ဘောင်တန်းနိုင်တာမလို့ မင်းတို့ကို သတ်ပစ်လိုက်ဖို့က အရမ်းနှမြောဖို့ကောင်းတယ်။ ငါက မကြာခင်မှာ လောကကမ္ဘာအသီးသီးကို စစ်ပြုတော့မှာဖြစ်လို့ ပါရမီရှင်တွေ အများကြီး လိုအပ်နေတယ်။ အဲဒီတော့ မင်းတို့ ငါ့ထံမှာ အမှုထမ်းကြ။ မင်းတို့ ငါ့အောက်မှာ သစ္စာရှိရှိ အမှုထမ်းပြီး လုံလောက်တဲ့ အကျိုးဆောင်မှုတွေ ပြုလုပ်နိုင်ရင် မင်းတို့ရဲ့ ကျန်တဲ့ စွမ်းအားတစ်ဝက်ကို ငါပြန်ပေးမယ်”
လင်းပိုင်ဖန်က ဖိတ်ခေါ်လိုက်ရင်း - “ကဲ... အခု ငါ့ကို သစ္စာခံကြမလား”
ဒဏ္ဍာရီလာ သားရဲကြီးလေးကောင်မှာ ပို၍ပင် မှင်တက်သွားကြရသည်။ သူတို့သည် လင်းပိုင်ဖန်က သူတို့ကို မိမိလက်အောက်ခံအဖြစ် သိမ်းသွင်းလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြပေ။
“မင်းက တကယ် ထူးဆန်းတဲ့သူပဲ။ ငါတို့ရဲ့ စွမ်းအားအရင်းအမြစ်တွေကို ရတဲ့သူမှန်သမျှက မိမိကိုယ်ကို ပိုပြီးအစွမ်းထက်လာအောင် အဲဒီစွမ်းအားတွေကို လောဘဇောနဲ့ ဝါးမြိုပစ်ချင်ကြတာချည်းပဲ၊ ဒါပေမဲ့ မင်းကတော့ အဲဒီလိုမလုပ်ဘဲ ငါတို့ကို လက်အောက်ခံပဲ လုပ်ခိုင်းနေတယ်...”
“ငါ့ရဲ့ အစွမ်းနဲ့ဆိုရင် မင်းတို့ရဲ့ စွမ်းအားတွေကို ဝါးမြိုနေဖို့ မလိုဘူး” လင်းပိုင်ဖန်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် ဝင့်ကြွားစွာ ဆိုလိုက်သည်။
ဒဏ္ဍာရီလာ သားရဲကြီးလေးကောင်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်သဘောတူလိုက်ကြသည်။
ထိုသူက တစ်ယောက်တည်းနှင့်ပင် သူတို့လေးကောင်စလုံးကို အပြတ်အသတ် အနိုင်ယူခဲ့သည်မဟုတ်ပါလား။ သူတို့၏ စွမ်းအားအရင်းအမြစ် ဆိုသည်မှာ သူ့အတွက် ရှိလျှင် ကောင်းသော်လည်း မရှိလျှင်လည်း ကိစ္စမရှိလှပေ။
“ဒါပေမဲ့ မင်းက ငါတို့ရဲ့ စွမ်းအားတွေကို သုံးပြီး တခြားသူတွေကို ပါရမီရှင်ဖြစ်အောင် ပျိုးထောင်ပေးလို့ရတယ်လေ” အဇူရာနဂါးက အကြံပြုလိုက်သည်။
လင်းပိုင်ဖန်က ခေါင်းခါလိုက်ပြီး - “အဲဒီလို ပျိုးထောင်ပေးလို့ရတယ်ဆိုပေမဲ့ သူတို့က သူတို့ရဲ့တစ်သက်တာမှာ အမြင့်ဆုံးအဆင့်က မြင့်မြတ်ကောင်းကင်အဆင့်ထက် ပိုပြီး မကျော်လွန်နိုင်တော့ဘူး။ သူတို့ရဲ့ ပါရမီက အကန့်အသတ်ဖြစ်သွားရင် ရတာထက် ဆုံးရှုံးတာက ပိုများလိမ့်မယ်။ ဒါပေမဲ့ မင်းတို့ကတော့ ကမ္ဘာဦးကတည်းက မွေးဖွားလာတဲ့၊ အတိုင်းအဆမရှိတဲ့ ပါရမီတွေ ပိုင်ဆိုင်ထားတဲ့ သားရဲကြီးတွေပဲ။ မင်းတို့ကို ချန်ထားတာက ငါ့အတွက် ပိုပြီး အကျိုးရှိစေတယ်”
“တစ်နေ့ကျရင် ငါတို့ မင်းကို ပြန်ပြီး တိုက်ခိုက်လာမှာကို မပူဘူးလား”
“မပူပါဘူး။ ငါ မင်းတို့ကို တစ်ကြိမ် နှိမ်နင်းနိုင်ခဲ့ရင် ဒုတိယအကြိမ်လည်း ထပ်ပြီး နှိမ်နင်းနိုင်တာပဲ။ ပြီးတော့...” လင်းပိုင်ဖန်သည် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း လုံးဝဥဿုံ ယုံကြည်မှုအပြည့်ဖြင့် - “ငါ ဆိုလိုတာက... မင်းတို့ဆီမှာ အခုထက်ထိ အဲဒီလိုလုပ်ဖို့ သတ္တိရှိသေးလို့လား”
ဒဏ္ဍာရီလာ သားရဲကြီးလေးကောင်မှာ တစ်ကောင်ကိုတစ်ကောင် ကြည့်လိုက်ကြရင်း သူတို့၏ စိတ်ဓာတ်များ လုံးဝ ကျဆင်းသွားကြရတော့သည်။
သူတို့၏ သတ္တိများမှာ လုံးဝ ခြေမွခြင်း ခံလိုက်ရပြီ ဖြစ်သည်။ သူတို့၏ သတ္တိနှင့် ရဲတင်းမှုမှန်သမျှကို လင်းပိုင်ဖန်က လုံးဝ ဥဿုံ ဖျက်ဆီးပစ်ခဲ့ပြီ ဖြစ်သည်။
သူတို့ ကမ္ဘာမြေပေါ်တွင် မည်မျှကြာအောင် သက်တမ်းရှည်ကြာစွာ နေထိုင်ခဲ့သည်ကို မသိသော်လည်း၊ လင်းပိုင်ဖန်ကဲ့သို့ တစ်ယောက်တည်းနှင့်ပင် သူတို့ကို အစွမ်းကုန် ဖိနှိပ်ချုပ်ချယ်နိုင်သည့် ထူးခြားပြောင်မြောက်လှသော ပုဂ္ဂိုလ်မျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။ ယခု ပြန်လည်စဉ်းစားကြည့်လျှင်ပင် သူတို့ ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်နေရဆဲ ဖြစ်သည်။
“ပုရွက်ဆိတ်လေးတွေတောင် အသက်ရှင်ချင်ကြတာပဲ၊ ငါတို့က ဒဏ္ဍာရီလာ သားရဲကြီးတွေ ဖြစ်ပေမဲ့လည်း အသက်ရှင်ဖို့ အခွင့်အရေးရှိရင်တော့ သေရမှာကို မလိုလားတာ သဘာဝပါပဲ”
ဒဏ္ဍာရီလာ သားရဲကြီးလေးကောင်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်း ဆိုလိုက်ကြတော့သည် - “ငါတို့တွေ အရှင်မင်းကြီးထံ သစ္စာခံပါပြီ”
“ဒင်!... ကစားသမား၏ နိုင်ငံတော်အင်အား ကြီးထွားလာမှုကြောင့် သင်၏ ခွန်အားများလည်း တစ်ပြိုင်နက်တည်း မြင့်တက်လာခဲ့သည်။ သင်သည် 'သုံးဘဝ မြင့်မြတ်အရိုး' နှင့် 'ကိုးပါးသော လျှို့ဝှက်ချက်များ' ကို ဆုလာဘ်အဖြစ် ရရှိခဲ့သည်”
“မြင့်မြတ်အရိုးသည် သူတော်စင်ခန္ဓာကိုယ် သို့မဟုတ် မွေးရာပါ တာအိုသန္ဓေခန္ဓာကိုယ်ထက် မနိမ့်ကျသော ထိပ်တန်း ခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခု ဖြစ်သည်။ ၎င်းတို့အနက် 'သုံးဘဝ မြင့်မြတ်အရိုး' မြင့်မြတ်အရိုး၏ အမြင့်ဆုံး ဆင့်ကဲပြောင်းလဲမှုဖြစ်ပြီး နှစ်ကြိမ်တိုင်တိုင် ပြန်လည်မွေးဖွားခဲ့ကာ ပြန်လည်မွေးဖွားခြင်း တစ်ကြိမ်စီတိုင်း၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်တစ်ခုစီ တိုးပွားလာစေသည်။ လောလောဆယ်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသာ နိုးထသေးပြီး ၎င်းမှာ ကောင်းကင်ဘုံ ကပ်ဘေးအလင်းတန်းမှ အသွင်ပြောင်းလဲထားကာ အရာခပ်သိမ်း၏ နက်နဲသော လျှို့ဝှက်ချက်များ ပါဝင်ပြီး အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိသော 'ကောင်းကင်ဘုံ၏ လက်ဝါး' ဖြစ်သည်...”
“ကိုးပါးသော လျှို့ဝှက်ချက်များသည် ခမ်းနားကြီးကျယ်လှသော ကမ္ဘာကြီးတစ်ခု၏ ထိပ်တန်း လျှို့ဝှက်ကျင့်စဉ် ကိုးခုဖြစ်သည်။ အကယ်၍ ၎င်းကို တတ်မြောက်ပါက ခေတ်တစ်ခေတ်လုံးကိုပင် စိုးမိုးနိုင်မည်ဖြစ်သည်။ လောလောဆယ်တွင် ကစားသမားသည် ဤကျင့်စဉ်များထဲမှ နှစ်ခုကို တတ်မြောက်ထားပြီးဖြစ်ကာ ကျန်ရှိသော ခုနစ်ခုကို အင်ပါယာ မြေပုံ၏ ဆုလာဘ်အဖြစ် လျင်မြန်စွာ သင်ယူနေပြီ ဖြစ်သည်”
ထို့နောက်တွင်တော့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြီးတစ်ခုသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာပြီး လောကကမ္ဘာတစ်ခုလုံးသို့ လျင်မြန်စွာ ရိုက်ခတ်သွားတော့သည်။
လောကကြီးထဲရှိ လူသားအားလုံး ထိုစွမ်းအားကို ခံစားလိုက်ရပြီး အလွန်အမင်း အံ့ဩတုန်လှုပ်သွားကြရသည်။
“ဒါ... ဒါက ဘယ်လိုမျိုး စွမ်းအားကြီးလဲ၊ ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ”
“တစ်စုံတစ်ယောက်က အမြင့်ဆုံးအဆင့်ကို ထိုးဖောက်အောင်မြင်သွားတာလား”
“မဖြစ်နိုင်တာ။ အမြင့်ဆုံးအဆင့် သိုင်းပညာရှင်က ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုး မပိုင်ဆိုင်နိုင်ပါဘူး”
အင်ပါယာ နန်းတော်အတွင်း၌လည်း လူတိုင်း တုန်လှုပ်ခြောက်ခြားသွားကြသည်။
“အရှင်မင်းကြီးက... ကျင့်စဉ် အဆင့်တက်သွားတာလား”
“သူက မြေကမ္ဘာအင်မော်တယ်အဆင့်ကို ရောက်နေပြီလေ၊ အဲဒီထက် ထပ်ပြီး အဆင့်တက်လို့ ရသေးတာလား”
“မြေကမ္ဘာအင်မော်တယ်အဆင့်ပြီးရင် ဘာအဆင့် ရှိသေးလို့လဲ”
“မမမယ်ဒူဆာ... မမ သိလားဟင်”
လူတိုင်းက လင်းပိုင်ဖန်ကို အသိဆုံးဟု ထင်ရသော မယ်ဒူဆာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
သို့သော် မယ်ဒူဆာက ခေါင်းခါလိုက်ပြီး - “ငါလည်း မသိဘူး၊ ငါ့ကို မမေးကြနဲ့”
သူမ စိတ်ထဲတွင်တော့ အရှင်မင်းကြီး၏ ခွန်အားသည် 'သိုင်းနတ်ဘုရား' အဆင့်သို့ မရောက်သေးလျှင်တောင် ရောက်ခါနီးအဆင့်သို့ ချဉ်းကပ်နေပြီဟု သံသယဝင်မိနေသည်။
ဘုရားရေ... အချိန်ဘယ်လောက်မှ တောင်မကြာသေးဘူး၊ အရှင်မင်းကြီးက ဒီလောက်အထိ...
လူတိုင်း အလွန်အမင်း အံ့ဩနေကြရသည်ဆိုလျှင်၊ ယခုအချိန်တွင် သူနှင့် အနီးဆုံးမှာ ရှိနေသည့် ဒဏ္ဍာရီလာ သားရဲကြီးလေးကောင်မှာ ဆိုဖွယ်ရာမရှိတော့ပေ။
ထိုအခိုက်အတန့်တွင် သူတို့အားလုံး၏ ကျောရိုးထဲအထိ စိမ့်အောင် အေးစက်သွားကြရသည်။
ဒီမိစ္ဆာကောင်က အခုတင် ဒီလောက်တောင် သန်မာနေပြီတာကို... ဘယ်လိုလုပ်ပြီး ပိုပြီးတော့တောင် အစွမ်းထက်လာနိုင်ရသေးတာလဲ။
မူလကတော့ သူတို့နှင့် လင်းပိုင်ဖန်ကြားတွင် ကြီးမားသော ကွာဟချက် ရှိနေသော်လည်း သူ၏ ကျောပြင်ကို လှမ်းမြင်နေရဆဲဖြစ်ပြီး အားစိုက်ထုတ်မည်ဆိုပါက လိုက်မှီနိုင်မည့် အခွင့်အရေး ရှိသေးသည်ဟု ထင်ခဲ့ကြသည်။
ဒါပေမဲ့ အခုတော့... သူတို့က သူ့ရဲ့ အရိပ်ကိုတောင် လှမ်းမမြင်နိုင်တော့ပေ။ သူက သူတို့ကို အဝေးကြီးမှာ ဖြတ်ချန်ထားခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးတွင်မူ လင်းပိုင်ဖန်သည် စွမ်းအားများကို စုပ်ယူခြင်း ပြီးဆုံးသွားကာ ကျေနပ်အားရစွာဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။
ဖီးနစ်က သတိကြီးစွာဖြင့် မေးလိုက်သည် - “အရှင်မင်းကြီး... အဆင့် ထိုးဖောက်အောင်မြင်သွားပြီလား”
လင်းပိုင်ဖန်က ခေါင်းခါကာ ပြုံးလိုက်ရင်း - “မရှိသေးပါဘူး။ ငါက မြေကမ္ဘာအင်မော်တယ်အဆင့်မှာပဲ ရှိနေသေးတယ်၊ ဒါပေမဲ့ အထွတ်အထိပ် အဆင့်ကိုတော့ ရောက်သွားပြီ။ ငါ့ကို အချိန်အနည်းငယ်လောက် ထပ်ပေးရင်တော့ ငါထိုးဖောက်နိုင်တော့မှာပါ”
ဒဏ္ဍာရီလာ သားရဲကြီးလေးကောင်မှာ စိတ်ထဲတွင် ကျိန်ဆဲလိုက်ကြတော့သည် - ဒီလူထူးလူဆန်းကောင်။
လင်းပိုင်ဖန်က သူ၏အပြုံးကို ရုပ်သိမ်းလိုက်ပြီး လေးနက်တည်ကြည်စွာဖြင့် - “ဒီနေ့ကစပြီး ငါ မင်းတို့ကို မဟာရှရဲ့ ‘ဒဏ္ဍာရီလာ သားရဲကြီးလေးကောင်’ အဖြစ် ခန့်အပ်လိုက်တယ်။ မဟာရှရဲ့ ကံကြမ္မာကို တည်ငြိမ်အောင် ထိန်းသိမ်းပြီး နတ်ဘုရားအင်ပါယာကြီးရဲ့ အုတ်မြစ်ကို ခိုင်ခံ့အောင် စောင့်ရှောက်ကြလော့”
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး” ဒဏ္ဍာရီလာ သားရဲကြီးလေးကောင်က အမိန့်ကို နာခံလိုက်ကြသည်။
သားရဲကြီးများ၏ ကိစ္စရပ်များကို အဆုံးသတ်ပြီးနောက် လင်းပိုင်ဖန်သည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
ထိုနေရာတွင် လောကကြီးတစ်ခုလုံး၏ လည်ပတ်မှုကို ထိန်းချုပ်ထားသော၊ မရေမတွက်နိုင်သည့် စည်းမျဉ်းကြိုးကွင်းများဖြင့် ချည်နှောင်ထားသည့် ဧရာမ ရောင်စုံ စက်ဝန်းကြီးတစ်ခု ရှိနေချေသည်။
‘ကောင်းကင်နှင့် မြေကမ္ဘာ၏ အချုပ်အခြာအာဏာ... ငါ မင်းဆီကို လာနေပြီ’