အခန်း ၁၁၀၇
Vol. 106 Ch. 1107
အခန်း ၁၁၀၇ အတွင်းကမ္ဘာ ပြီးပြည့်စုံသွားခြင်း
အစောင့်ကို သတ်ဖြတ်ပြီးနောက် မည်သည့်ခြေရာလက်ရာမျှ ကျန်ရစ်မနေစေရန်အတွက် ရုပ်အလောင်းကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်ပြီးမှ လုံချန်းသည် နောက်တစ်ကြိမ် ထပ်မံ၍ နေရာရွှေ့ပြောင်းလိုက်ပြန်သည်။
သူ ဆက်တိုက်ဆိုသလို နေရာရွှေ့ပြောင်းနေစဉ်အတွင်း အစောင့်များ၏ ရှေ့တည့်တည့်သို့ ရုတ်တရက် သွားရောက်ဆင်းသက်မိသည့် အကြိမ်အနည်းငယ် ရှိခဲ့၏။ ရံဖန်ရံခါတွင်မူ အစောင့်အဖွဲ့ကြီး တစ်ဖွဲ့၏ ရှေ့မှောက်သို့ပင် ရောက်ရှိသွားခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် မြွေဘုရင်သည် လျင်မြန်ပြီး အချိန်ပို အကုန်မခံဘဲ ချက်ချင်းတုံ့ပြန် ဆောင်ရွက်ပေးခဲ့သဖြင့် လုံချန်းအပေါ် မည်သည့်တိုက်ခိုက်မှုမျှ မကျရောက်အောင် တားဆီးပေးနိုင်ခဲ့သည်။
အချိန်အတော်ကြာပြီး နောက်တွင်မူ သူသည် တော်ဝင်နန်းတော်၏ အပြင်ဘက်သို့ နောက်ဆုံး၌ ရောက်ရှိလာခဲ့တော့၏။
'ဟိုဟာ တတိယမင်းသား မဟုတ်လား။ ငါ့ကို တော်ဝင်နန်းတော်ထဲ ပထမဆုံးအကြိမ် ခေါ်လာပေးခဲ့တဲ့လူလေ။ ငါ့ကို တော်တော်လေး ကူညီပေးခဲ့တာ။ အခု ဒီမျက်နှာဖုံးနဲ့ဆိုတော့ သူ ငါ့ကို မှတ်မိနိုင်မှာတောင် မဟုတ်တော့ဘူး'
'ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာမှာ အင်ပါယာ တစ်ခုတည်းပဲ ရှိနေတာ တကယ်ကို ကံကောင်းတာပဲ။ တကယ်လို့ အင်ပါယာတွေသာ အများကြီးရှိနေရင် သူတို့အဖေရဲ့ ကျရှုံးမှုက ဒီအင်ပါယာကြီးရဲ့ ကျရှုံးမှုလည်း ဖြစ်သွားနိုင်တယ်'
တတိယမင်းသားသည်လည်း လုံချန်းကို တစ်ချက်မျှ လှမ်းကြည့်ခဲ့သော်လည်း လုံချန်းမှာ လှည့်စားခြင်း မျက်နှာဖုံးကြောင့် ပုံစံပြောင်းလဲနေသဖြင့် အာရုံအများကြီး မစိုက်ခဲ့ချေ။
သူသည် တစ်ချက်မျှ လှမ်းကြည့်ပြီးနောက် အခြားတစ်နေရာသို့ အကြည့်လွှဲလိုက်သော်လည်း ထူးဆန်းသော အရာတစ်ခုခုကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသဖြင့် လုံချန်းရှိရာဘက်သို့ အလျင်အမြန် ပြန်လည် ကြည့်ရှုလိုက်ပြန်သည်။ သို့သော် သူ ပြန်ကြည့်လိုက်သောအခါတွင် ထိုနေရာမှာ ဗလာဖြစ်နေခဲ့ပြီဖြစ်၏။ ထိုထူးဆန်းသော လူကို မည်သည့် နေရာတွင်မှ မမြင်ရတော့ချေ။
"ငါ မျက်စိမှားသွားတာလား" တတိယမင်းသားသည် သက်ပြင်းချရင်း ခေါင်းခါယမ်းကာ နန်းတော်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့တော့သည်။
...
"မင်း အဲဒီလက်စွပ်ကနေ သူ့ရဲ့ အရှိန်အဝါကို ရအောင် ယူနိုင်ခဲ့ပြီလား" အင်မော်တယ် စေတမန်လေးဦးထဲမှ တစ်ဦးက လက်ထဲတွင် သေတ္တာငယ်တစ်လုံးဖြင့် လက်စွပ်အား ကိုင်ဆောင်ထားသော စေတမန်ကို မေးလိုက်၏။
"ခဏလောက်စောင့်ပါဦး။ ဒီရတနာပစ္စည်းက အလုပ်လုပ်ဖို့ အချိန်နည်းနည်းပေးရတယ်။ တကယ်လို့ လုံချန်းက ဟိုမိန်းမပြောသလို တကယ်ပဲ သေသွားခဲ့ရင် ငါတို့ ဒီရတနာကနေ သူ့ရဲ့ အရှိန်အဝါကို ရှာတွေ့မှာမဟုတ်ဘူး။ ဒါပေမဲ့ သူသာ အသက်ရှင်နေဦးမယ်ဆိုရင် ငါးမိနစ်အတွင်း ငါတို့ ခြေရာခံနိုင်လိမ့်မယ်" စတုတ္ထမြောက် စေတမန်က ပြန်ပြောလိုက်သဖြင့် အခြားသူများလည်း အဖြေရပြီးနောက် ငြိမ်သက်သွားကြတော့သည်။
မိနစ်အနည်းငယ် ထပ်မံကုန်လွန်သွားပြီး နောက်တွင်မူ စတုတ္ထမြောက် စေတမန်၏ စိတ်လှုပ်ရှားနေသော အသံနှင့်အတူ ထိုတိတ်ဆိတ်မှုမှာ ပြိုကွဲသွားခဲ့တော့၏။ "ငါ ရှာတွေ့ပြီ၊ အရှိန်အဝါက တကယ် ရှိနေတုန်းပဲ။ ဟိုမိန်းမက ငါတို့ကို သေသေချာချာ လိမ်သွားခဲ့တာပဲ"
"ဒါဆိုရင်တော့ ပိုကောင်းတာပေါ့။ ငါတို့ အရှိန်အဝါကိုပဲ လိုက်ကြစို့" ပထမမြောက် စေတမန်က ဆိုသည်။
စေတမန်လေးဦးသည် ယခုတစ်ကြိမ်တွင်မူ လုံးဝပျောက်ကွယ်မသွားမည့် ခြေရာနှင့်အတူ တုအင်ပါယာ ရှိရာဘက်သို့ ထပ်မံထွက်ခွာလာခဲ့ကြတော့သည်။
ထိုစွမ်းအင်ခြေရာ အဆုံးသတ်သွားနိုင်မည့် တစ်ခုတည်းသောနေရာမှာ လုံချန်း ဤကမ္ဘာမှ ထွက်ခွာသွားခဲ့သည့် နေရာသာ ဖြစ်၏။ ကံမကောင်းစွာဖြင့် ထိုနေရာမှာ နေရာရွှေ့ပြောင်းခြင်း အစီအရင်၏ အပေါ်တည့်တည့်တွင် ရှိနေခဲ့သဖြင့် ဤစေတမန်များကို လုံချန်း ရောက်ရှိသွားသည့် ကမ္ဘာဆီသို့ ထပ်မံ၍ ခေါ်ဆောင်သွားပေးတော့မည် ဖြစ်သည်။
စေတမန်များ လုံချန်းနှင့် ကမ္ဘာတစ်ခုတည်းသို့ ရောက်ရှိသွားချိန်တွင်မူ သူတို့အားလုံး တစ်ကမ္ဘာတည်းတွင် ပြန်လည် ဆုံတွေ့ကြဦးမည် ဖြစ်ပေသည်။
...
လုံချန်းသည် ကိုယ်ပိုင်ကမ္ဘာရှိ ကြယ်တာရာ အင်ပါယာမှ ထွက်ခွာလာခဲ့ပြီးနောက် မြွေဘုရင်ကို ခန္ဓာကိုယ် ကြီးထွားလာစေရန် အမိန့်ပေးလိုက်သည်။ နောက်ဆုံးတော့ အရာရာ ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ သူ လွတ်လပ်သွားခဲ့ပြီ ဖြစ်၏။
မိမိနောက်သို့ လိုက်လံဖမ်းဆီးနေကြသော လူများမှာ ယခုအခါ ထိုနေရာနှင့် ဝေးကွာသောနေရာသို့ ရောက်ရှိနေပြီဖြစ်သဖြင့် မိမိကိုယ်ကိုယ် ဘေးကင်းလုံခြုံပြီဟု သူက ယုံကြည်ထားသောကြောင့် ဖြစ်သည်။
ဤကမ္ဘာနှင့် ပတ်သက်၍မူ သူ့ကို စိန်ခေါ်နိုင်မည့်သူ မည်သူမျှ မရှိသဖြင့် သူ ဂရုစိုက်မနေတော့ချေ။
သူသည် မြွေဘုရင်၏ ခန္ဓာကိုယ်အပေါ်တွင် ထိုင်ရင်း တိုက်ကြီး၏ အခြား တစ်ဖက်စွန်းဆီသို့ ထွက်ခွာလာခဲ့တော့သည်။
"မြွေကလေး... မင်း အခု သန်မာလာပြီဆိုတော့ သမုဒ္ဒရာကို ဖြတ်ကျော်နိုင်ပြီလား။ ဒါမှမဟုတ် ငါက သင်္ဘောနဲ့ပဲ ထပ်ပြီး ခရီးသွားရဦးမှာလား" လုံချန်းက ပက်လက်လှန်လျက် တိမ်ထူထပ်နေသော ကောင်းကင်ကြီးကို ကြည့်ရင်း မြွေဘုရင်အား မေးလိုက်၏။
"မင်းကမှ မြွေကလေး။ မင်းတစ်မိသားစုလုံး မြွေကလေးတွေ။ ငါ့ကို မြွေဘုရင်လို့ ခေါ်စမ်း" မြွေဘုရင်က အတင်းအကျပ် မာန်ဖီ၍ ပြန်ပြောလိုက်သည်။
သူ၏ တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ လုံချန်းမှာ မပြုံးဘဲ မနေနိုင်ခဲ့ပါချေ။ "မင်းကတော့ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူးပဲ"
"ကဲပါ... အရှင်မြွေကြီးခင်ဗျာ၊ ကျွန်တော့်ရဲ့ မေးခွန်းကို ဖြေပေးပါဦး" သူက ဆိုလိုက်၏။
"ထပ်ပြောမယ်... ငါ့ကို မြွေကလေးလို့ မခေါ်နဲ့။ အဲဒါက မင်းရဲ့ အိမ်မွေးတိရစ္ဆာန်လိုမျိုး အသံထွက်နေတယ်။ တကယ်လို့ မင်းက ငါ့ကို ချစ်စနိုးနာမည်နဲ့ ခေါ်ချင်တယ်ဆိုရင် မင်း ပေးထားတဲ့ နာမည်နဲ့ပဲ ခေါ်ပါ။ ဒါမှမဟုတ် ကမ္ဘာပေါ်မှာ အချောဆုံး မြွေဘုရင်ကြီးလို့ ခေါ်ရင်လည်း ရတယ်။ အဲဒါဆိုရင်တော့ အဆင်ပြေတယ်" မြွေဘုရင်က ပြန်လည်တုံ့ပြန်လိုက်သည်။
"တော်ပါပြီ... မင်းအတွက် မြွေကလေး ဆိုတာကမှ ပိုပြီး လိုက်ဖက်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ငါ့ကို ဖြေဦးလေ။ မင်း အခု သန်မာလာပြီဆိုတော့ သမုဒ္ဒရာကို ဖြတ်နိုင်ပြီလား။ ပင်လယ်မိစ္ဆာကောင်တွေအတွက် ငါတို့ စိုးရိမ်စရာလိုမယ်လို့ ငါ မယုံကြည်ပေမဲ့ မင်းရဲ့ ပါးစပ်ကနေပဲ ကြားချင်လို့ပါ"
"ဟဲဟဲ... ငါက အခု တော်တော်လေးကို သန်မာနေပါပြီ။ သမုဒ္ဒရာကို အလွယ်တကူ ဖြတ်ကျော်ပြီး ပြန်လာနိုင်တယ်လို့ ငါ ယုံကြည်တယ်။ အဲဒါအတွက် စိုးရိမ်မနေနဲ့။ ငါ့ကို ကောင်းကင်ဘုံကို ဆွဲဆောင်နိုင်တဲ့ အသန်မာဆုံး ဘုရင်ကြီးလို့ အကြောင်းမရှိဘဲ ခေါ်ကြတာ မဟုတ်ဘူးကွ" မြွေဘုရင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလိုက်၏။
"ဟားဟားဟား... မင်း ကိုယ်တိုင်ပေးတဲ့ နာမည်တွေက ပိုပိုပြီးတော့ ကြီးကျယ်ခမ်းနားလာတာပဲ မြွေကလေးရာ။ ဒါပေမဲ့ ရပါတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ ဒီတိုက်ကြီးရဲ့ အဆုံးကို ရောက်တဲ့ အချိန်ကျရင် ငါ့ရဲ့ဒဏ်ရာတွေလည်း ပျောက်သွားလောက်ပြီဖြစ်လို့ တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေမှာပါ။ ဒါကြောင့် ငါတို့ကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး" လုံချန်းက သဘောတူညီစွာဖြင့် ဆိုလိုက်သည်။
"ဪ... ဟုတ်သားပဲ၊ မိန်းကလေးတွေ။ ငါ အပြင်ကို ရောက်နေပြီဆိုတာ သူတို့ကို အကြောင်းကြားရဦးမယ်" သူ ထွက်ခွာလာပြီးကတည်းက မိန်းကလေးများနှင့် မဆက်သွယ်ရသေးကြောင်း ရုတ်တရက် သတိရသွားခဲ့ခြင်း ဖြစ်၏။
သူသည် မိမိ ဘေးကင်းလုံခြုံစွာ ထွက်ခွာလာနိုင်ခဲ့ပြီဖြစ်၍ ယခုအခါ စိုးရိမ်စရာ မည်သည်မျှ မရှိတော့ကြောင်း အသိပေးရန်အတွက် မင်ယုနှင့် ကျိချင်းတို့ကို အပြင်သို့ ခေါ်ထုတ်လိုက်သည်။
သူ့အကြောင်းကို ပြောဆိုပြီးသွားသော အခါတွင်မူ ကျိရှန် အကြောင်းကို စတင်မေးမြန်းတော့၏။
"သူ အခု သတိရပြီလား။ အချိန်အတော် ကြာသွားပြီဆိုတော့ သူ့ရဲ့ အခြေအနေက အခု ဘယ်လိုလဲ"
"သူ့အခြေအနေက တည်ငြိမ်နေပုံရပါတယ်။ ဒါပေမဲ့ အခုထိတော့ သတိမရသေးဘူး။ အချိန်ကြာလာတာနဲ့အမျှ သူ့အခြေအနေက တော်တော်လေး တိုးတက်ကောင်းမွန်လာတာမို့လို့ နောက်တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်လောက်ဆိုရင် သတိရလာနိုင်တယ်လို့ အဖိုးက ပြောပါတယ်" မင်ယုက ပြန်လည်ဖြေကြားလိုက်၏။
"ဒါဆိုရင်တော့ ပိုကောင်းတာပေါ့။ သူ ဘေးကင်းသွားလို့ ငါ ဝမ်းသာပါတယ်" လုံချန်းက ကျေနပ်စွာဖြင့် ပြုံးလျက် ပြောလိုက်သော်လည်း ရုတ်တရက်ဆိုသလိုပင် အပြုံးများ ပျောက်ကွယ်သွားခဲ့ပြီး ပါးစပ်အနည်းငယ် ဟသွားခဲ့ရသည်။
"ဘာဖြစ်လို့လဲ" လုံချန်း၏ ရုတ်တရက် တုံ့ပြန်မှုကို မြင်လိုက်ရသဖြင့် ကျိချင်းက စိုးရိမ်တကြီး မေးမြန်းလိုက်၏။
"ငါ့ရဲ့ အတွင်းကမ္ဘာက ပြီးပြည့်စုံသွားပြီ။ အခု မင်းတို့အားလုံးကို မိသားစုနဲ့အတူ အဲဒီနေရာဆီကို ရွှေ့ပြောင်းပေးလို့ရပြီ။ မင်းတို့ အထဲကို ပြန်ဝင်သွားပြီး သူတို့ကို ဒီအကြောင်း သွားပြောပြလိုက်ပါ။ ပြီးတော့ အဆင်သင့်ဖြစ်နေအောင်လည်း ပြောထားလိုက်ဦး။ ငါ သူတို့ကို ကမ္ဘာတုထဲကနေ ငါ့ရဲ့ အတွင်းကမ္ဘာဆီကို တိုက်ရိုက် ပို့ဆောင်ပေးမှာဖြစ်ပြီး... ပြီးရင် ငါလည်း သူတို့ကို တွေ့ဖို့ အဲဒီကို လာခဲ့မယ်" လုံချန်းက သူတို့ကို သတင်းကောင်း ပါးလိုက်လေသည်။
ရှည်လျားသော ဖြစ်စဉ်ကြီးမှာ နောက်ဆုံး၌ ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။
သူသည် မင်ယုနှင့် ကျိချင်းတို့ကို ကမ္ဘာတုထဲသို့ ပြန်လည် ပို့ဆောင်ပေးလိုက်ပြီးနောက် မိမိ၏ အတွင်းကမ္ဘာအား စတင်၍ စစ်ဆေးကြည့်ရှုလိုက်တော့သည်။
ဤသည်က နောက်ဆုံး၌ တည်ငြိမ်သော အချိန်စီးဆင်းမှု တစ်ခုသို့ မရောက်ရှိမီ နှစ်ပေါင်းထောင်ချီ၍ ဆင့်ကဲပြောင်းလဲလာခဲ့သော သာမန်ကမ္ဘာ တစ်လုံးကဲ့သို့ပင် ထင်မှတ်ရ၏။
ထိုကမ္ဘာတွင် သက်ရှိလူဦးရေ အများအပြား နေထိုင်ကြပြီး သင့်လျော်သော ကြီးထွားဖွံ့ဖြိုးမှု ဖြစ်ပေါ်စေရန်အတွက် လိုအပ်သောအရာ အားလုံးလည်း ရှိနေခဲ့သည်။ တစ်ကမ္ဘာလုံးတွင် စိမ်းလန်းစိုပြည်မှုများဖြင့် ပြည့်နှက်နေ၏။ ထို့ပြင် ဤကမ္ဘာရှိ ရေထုမှာ ယခုလက်ရှိ နေရာထက်ပင် ပိုမို၍ သန့်စင် ကြည်လင်နေသလို ရှိတော့သည်။
ကျင့်ကြံခြင်းနှင့် ပတ်သက်၍မူ ရွှင်းနှင့် လုံချန်းတို့ ကြိုတင် စီစဉ်ထားခဲ့သည့်အတိုင်း ဤကမ္ဘာတွင် တည်ရှိနေခဲ့သော်လည်း ကျင့်ကြံသူတစ်ဦး ဤကမ္ဘာ၌ အောင်မြင်နိုင်မည့် ကျင့်ကြံခြင်းအဆင့်ကို မြေကြီးနယ်ပယ် အထိသာ သူက ကန့်သတ်ထားခဲ့သည်။ သူ၏ မျက်နှာသာပေးမှုကို ရရှိသောသူများသာလျှင် ပိုမိုမြင့်မားသော နယ်ပယ်များသို့ ဖောက်ထွက် ကျင့်ကြံခွင့် ရရှိကြမည် ဖြစ်ပေသည်။