အခန်း ၁၁၀၉
Vol. 106 Ch. 1109
အခန်း ၁၁၀၉ ပုံပြင်၏ သင်ခန်းစာ
"ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကို မေးပါရစေဦး" ရထားလုံးပေါ်မှ ဆင်းကာ စကားပြောရန် ရောက်ရှိလာသော လုံချန်းကို မြို့စောင့်အစောင့်များက လှမ်း၍ မေးမြန်းလိုက်ကြသည်။
"ကျွန်တော်တို့တွေက ဝေးလံတဲ့ ထရီချီ နိုင်ငံကနေ ဒီကို ပြောင်းရွှေ့အခြေချဖို့ လာကြတာပါ"
"ဪ... ဟုတ်လား။ ဒါဆိုရင်တော့ ရပါတယ်။ မြို့ထဲမှာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေ။ ဒါနဲ့... သတိပေးရဦးမယ်၊ မြို့ထဲမှာ မြေကွက်ဝယ်ဖို့ဆိုရင် ရွှေဒင်္ဂါးတွေ အများကြီး လိုလိမ့်မယ်။ တကယ်လို့ မင်းတို့မှာ ကိုယ်ပိုင်မြေမရှိရင် ဒီမြို့ထဲမှာ တစ်လထက်ပိုပြီး နေထိုင်ခွင့်ပြုမှာ မဟုတ်ဘူး။ အဲဒါက ဒီမြို့ရဲ့ တစ်ခုတည်းသော စည်းကမ်းပဲ။ အဲဒါကို သတိပြုပေးပါ။ ကဲ... ဝင်သွားနိုင်ပါပြီ" အစောင့်က လုံချန်းကို စည်းကမ်းချက်များ ရှင်းပြပြီးနောက် ဘေးသို့ ဖယ်ပေးလိုက်တော့သည်။
'အဲဒါကို ငါက သေချာပေါက် သိတာပေါ့။ ငါက ဒီကမ္ဘာအကြောင်းတင် မကဘူး မင်းတို့အကြောင်းကိုပါ အကုန်သိတယ်' လုံချန်းက အနောက်သို့ ပြန်လှည့်ရင်း စိတ်ထဲမှ တွေးလိုက်မိ၏။
သူသည် ဤနေရာ၌ မိမိ လိုအပ်သလောက် ငွေကြေးများကို ဖန်တီးနိုင်စွမ်း ရှိသဖြင့် မည်သို့မျှ စိုးရိမ်ပူပန်ခြင်း မရှိချေ။
ထို့အပြင် သူသည် မိမိဖန်တီးထားသည့် ဤကမ္ဘာကြီး အတွင်း၌ ကိုယ်ကျင့်တရားနှင့် စည်းကမ်းများ ကောင်းမွန်နေစေရန် သေချာပေါက် စီမံထားခဲ့သည်။ သူ ဖန်တီးထားသည့် ကမ္ဘာတွင် အကျင့်ပျက်ခြစားမှုဟူ၍ လုံးဝမရှိသလောက်ပင် ဖြစ်၏။ စိုးရိမ်စရာ အဆင့်အတန်းမျိုး လုံးဝမရှိချေ။
မြေကွက်ဝယ်ယူခွင့် ရရှိရန်အတွက် သို့မဟုတ် ပြဿနာဖြစ်စေနိုင်မည့် အခြားသောအရာများအတွက် မည်သူ့ကိုမျှ တံစိုးလက်ဆောင် ပေးနေရန် သို့မဟုတ် တော်ဝင် မျိုးနွယ်စုများအား ငွေကြေးပေးနေရန် မလိုအပ်ပေ။
မြို့ထဲသို့ ဝင်ရောက်ရသည့် အကြောင်းပြချက်မှာ ကျိုးကြောင်းဆီလျော်မှု ရှိသဖြင့် စည်းကမ်းချက်အားလုံးကို ရှင်းပြပြီးနောက် ရထားလုံးများအား မြို့ထဲသို့ ဝင်ရောက်ခွင့် ပြုလိုက်ကြတော့သည်။
လုံချန်းသည် ဗလာဖြစ်ပြီး လွတ်နေသော အိမ်တော်ကြီး တစ်အိမ်ဆီသို့ တိုက်ရိုက် ဦးတည်မောင်းနှင်ခဲ့၏။ သူသည် မိသားစုဝင်များနှင့် မတွေ့ဆုံမီကတည်းက ဤမြို့သို့ ကြိုတင်ရောက်ရှိခဲ့ကာ ထိုအိမ်တော်ပိုင်ရှင်ကို ငွေကြေး အမြောက်အမြား ပေးချေ၍ အိမ်တော်ကြီးအား ဝယ်ယူထားခဲ့ပြီး ဖြစ်သည်။
ထိုအိမ်တော်ကြီးမှာ တော်ဝင်နန်းတော်ပြီးလျှင် ဤမြို့၌ အကြီးမားဆုံး အိမ်တော်ကြီးများထဲမှ တစ်အိမ်ဖြစ်ပြီး သူ ပေးချေခဲ့ရသည့် ငွေကြေးပမာဏမှာလည်း အလွန်တရာ များပြား၏။
ယခုအခါ သူသည် မြေကွက်ကို ပိုင်ဆိုင်ထားပြီးဖြစ်သဖြင့် လူပေါင်းထောင်ချီ၍ အလွယ်တကူ နေထိုင်နိုင်လောက်အောင် ကျယ်ဝန်းသည့် ထိုအိမ်တော်ကြီးအတွင်း၌ မိသားစုဝင်များကို အခြေချ နေထိုင်စေခဲ့တော့သည်။
ပတ်ဝန်းကျင်မှာလည်း အလွန် ကောင်းမွန်ပြီး ချမ်းသာကြွယ်ဝသူများ နေထိုင်သည့် ရပ်ကွက်ဖြစ်ပုံရကာ လူများမှာ မည်သည့် ရန်ပွဲမျှ မရှိဘဲ အေးချမ်းစွာ နေထိုင်ကြသည်။
"ကဲ... အဖိုး။ ဒီနေရာကတော့ လုံမျိုးနွယ်စုကို အခြေချ တည်ထောင်မယ့် နေရာဖြစ်လာမှာပါ။ အဖိုးအနေနဲ့ ကျွန်တော်တို့ မျိုးနွယ်စုရဲ့ ဂုဏ်သတင်းကို ပတ်ပတ်လည်မှာ ပြန့်လွင့်အောင် လုပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော် ဒီနေရာမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဖိုး ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်မှာပါ"
"ပထမဆုံးအနေနဲ့ မနက်ဖြန်ကျရင် ဒီအင်ပါယာရဲ့ ဘုရင်ကို သွားတွေ့ပြီး သင့်တော်တဲ့ ကျင့်ကြံခြင်းပညာရပ် တစ်ခုကို မျှဝေပေးလိုက်ပါ။ မြေကမ္ဘာအဆင့် ကျင့်ကြံခြင်း ပညာရပ် တစ်ခုခုဆိုရင် လုံလောက်ပါပြီ။ ဘာလို့လဲဆိုတော့ အဲဒီပညာရပ်တွေက ဒီမှာ သိပ်ပြီး ရှားပါးလွန်းလို့ပါ"
"ပြီးတော့... အဖိုးရဲ့ ပုံစံကို လောဘကင်းစင်ပြီး ကျင့်ကြံခြင်း အတတ်ပညာကို ဖြန့်ဝေပေးဖို့ပဲ စိတ်ဝင်စားတဲ့ အဆင့်မြင့် ကျင့်ကြံသူကြီး တစ်ဦးအနေနဲ့ အထင်ကြီးအောင် ပြုမူပါ။ တစ်ချိန်တည်းမှာပဲ ဘုရင်က အဖိုးကို သိပြီး ရိုသေလေးစားမှု ရှိလာစေဖို့အတွက် အဖိုးရဲ့ စွမ်းအားအချို့ကိုလည်း အရိပ်အမြွက် ပြလိုက်ဦးပေါ့"
လုံချန်းသည် လုံရန်အား ဤနေရာ၌ မျိုးနွယ်စုခေါင်းဆောင် ဖြစ်လာတော့မည်ဖြစ်သဖြင့် အကြံဉာဏ်များစွာ ပေးခဲ့သည်။ သူသည် အဖိုးကို ဤနေရာ၌ မျိုးနွယ်စု တည်ထောင်ခြင်း၏ အောင်မြင်မှု အားလုံးကို ရရှိစေချင်ခြင်း ဖြစ်၏။ အကယ်၍ သူသာ ဝင်ရောက် စွက်ဖက်လိုက်မည်ဆိုပါက အရာရာတိုင်းက လွယ်ကူသွားမည်ဖြစ်သော်လည်း လုံရန်အနေဖြင့် မိမိကိုယ်ကိုယ် မျိုးနွယ်စု ခေါင်းဆောင် တစ်ဦးအဖြစ် မထိုက်တန်ဟု ခံစားရနိုင်သည်ကို သူ သိနေခဲ့သည်။
သူသည် အဖိုးဖြစ်သူအား ယခင် ရွှေနိုင်ငံတွင် ရှိခဲ့စဉ်ကလို မိသားစုနှင့် မြို့တော်အတွင်း၌ အသန်မာဆုံး ထိပ်သီးပညာရှင် တစ်ဦးအဖြစ် အခြေအနေများ ပြန်လည် ရောက်ရှိသွားစေချင်ခြင်း ဖြစ်သည်။
"ငါ လုပ်နိုင်ပါတယ်။ စိတ်မပူပါနဲ့။ မင်း စိတ်အေးအေးထားလို့ရတယ်" လုံရန်က လုံချန်းကို ယုံကြည်မှု အပြည့်ဖြင့် ပြန်လည် ပြောကြားလိုက်၏။
"ဒါဆိုရင်တော့ ပိုကောင်းတာပေါ့။ ကျွန်တော့်ဘက်ကတော့ ပြန်ဖို့ လိုအပ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ အပြင်ကမ္ဘာကိုလည်း ကျွန်တော် မျက်ခြေမပြတ် စောင့်ကြည့်နေရဦးမှာ မို့လို့ပါ။ အခုဆိုရင် ကျွန်တော့်မှာ စွမ်းအားရှိနေပြီဖြစ်လို့ ဒီကို ပုံမှန် လာတွေ့ပါ့မယ်" လုံချန်းက အဖိုးကို ပြောဆိုပြီးနောက် လူတိုင်းအား နှုတ်ဆက်လိုက်တော့သည်။
သူသည် ဤနေရာ၌ အကြာကြီး နေထိုင်၍ မရချေ။ အဘယ်ကြောင့်ဆိုသော် သူ့စိတ်အာရုံကို ဤနေရာ၌ ထားရှိခြင်းက အစစ်အမှန်ကမ္ဘာရှိ သူ့ခန္ဓာကိုယ်မှာ စိတ်ဝိညာဉ်မရှိဘဲ မလှုပ်မယှက် ဖြစ်နေမည် ဖြစ်သောကြောင့်ပင်။ မြွေဘုရင် ရှိနေသော်လည်း သူ့ခန္ဓာကိုယ်ကို ကာကွယ်မှုမရှိဘဲ အချိန်အကြာကြီး ပစ်ထားခဲ့ရန်မှာ စွန့်စားရလွန်းသည်။
လူတိုင်းကို ခဏတာ နှုတ်ဆက်ပြီးနောက် သူ ထွက်ခွာလာခဲ့တော့၏။ သူသည် မိမိ မိသားစုအပေါ် ယုံကြည်မှု ရှိနေခဲ့ပြီး သူတို့သည် ဤကမ္ဘာတွင် ထိပ်ဆုံး အဆင့်အထိ မြင့်တက်လာကြမည်ဖြစ်ကာ အကျဉ်းသားများကဲ့သို့ ခံစားရတော့မည်မဟုတ်ကြောင်း သူ သိနေခဲ့သည်။ ထို့အပြင် ယခုအခါတွင်မူ သူသည် မိသားစုနှင့် ပတ်သက်၍ စိတ်အေးလက်အေး ရှိသွားခဲ့ပြီ ဖြစ်ပေသည်။
...
လုံချန်းသည် အစစ်အမှန်ကမ္ဘာတွင် ပြန်လည်နိုးထလာသောအခါ သူသည် တစ်စက္ကန့်မျှပင် ပါးစပ်မပိတ်ဘဲ ဆက်တိုက်ဆိုသလို စကားပြောနေသည့် မြွေဘုရင်၏ ခန္ဓာကိုယ်အပေါ်၌ ရောက်ရှိနေသည်ကို တွေ့ရှိလိုက်ရ၏။
"အဲဒီနောက်မှာတော့ သူက ငါ့ကို လက်ထပ်ပါရစေလို့ ဒူးထောက် တောင်းပန်နေတာတောင်မှ ငါက သူ့ကို စတင်ခွင့်ပြုလိုက်တယ်။ ဒါပေမဲ့ ဒီမြွေဘုရင်ကြီးက သူ့ရဲ့ ကံကြမ္မာထဲမှာ ပါမလာဘူးဆိုတာကို ငါ သူ့ကို တိုက်ရိုက်ပဲ ပြောလိုက်တယ်လေ" မြွေဘုရင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောနေခဲ့သည်။
"ဒါကတော့ ငါ့ကို လက်ထပ်ချင်လို့ လိုက်ပတ်သတ်နေတဲ့ ပထမဆုံး မင်းသမီးလေးရဲ့ ပုံပြင်ပဲပေါ့။ မင်းကော ဒီပုံပြင်ရဲ့ သင်ခန်းစာကို နားလည်ရဲ့လား" သူက လှမ်း၍ မေးလိုက်၏။
'ပုံပြင်ရဲ့ သင်ခန်းစာက ဘာလဲ။ မင်း ဘာတွေ ပြောနေလဲဆိုတာတောင် ငါ လုံးဝ မကြားလိုက်ဘူး' လုံချန်းက စိတ်ထဲမှ တွေးလိုက်သော်လည်း အပြင်သို့ ထုတ်မပြောခဲ့ပါချေ။
"ပုံပြင်ရဲ့ သင်ခန်းစာက ဘာလဲ" လုံချန်းက သိုလှောင်လက်စွပ်ထဲမှ ရေဘူးတစ်ဘူးကို ထုတ်ယူရင်း မြွေဘုရင်အား မေးလိုက်သည်။
"ဒီပုံပြင်ရဲ့ သင်ခန်းစာက လွယ်လွယ်လေးပါ။ အဲဒါကတော့ ဒီကြီးကျယ်ခမ်းနားတဲ့ မြွေဘုရင်ကြီးရဲ့ ဘေးနားကို မိန်းကလေးတွေက အမြဲတမ်း ရောက်လာကြပြီး ပြန်ထွက်သွားကြမှာပဲ။ ဒါပေမဲ့ ငါ့ရဲ့ နှလုံးသားကို ခိုးယူသွားနိုင်မယ့် မိန်းကလေးမျိုးတော့ ကမ္ဘာပေါ်မှာ မရှိသေးဘူးဆိုတာပဲ။ ဒါကြောင့် မင်းအနေနဲ့ ငါ့ရဲ့ အချောဆုံး ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး မနာလိုဖြစ်မနေနဲ့တော့" မြွေဘုရင်က ဆိုသည်။
"အဟွတ်... အဟွတ်..."
လုံချန်းသည် မြွေဘုရင်၏ အဖြေကို ကြားလိုက်ရချိန်တွင် ရေကို သောက်နေမိသဖြင့် ထိုအဖြေကြောင့်ပင် သူသည် ချောင်းဆိုးပြီး သီးသွားခဲ့ရတော့၏။
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းရဲ့ သာလွန်တဲ့ ရုပ်ရည်ကို ကြည့်ပြီး မနာလိုမဖြစ်မိအောင် ငါ သေချာပေါက် သတိထားပါ့မယ်" သူက သက်ပြင်းချရင်း ရွဲ့ပြောလိုက်တော့သည်။
"ဒါပေါ့။ ဒါကြောင့် ဘာအတွက်မှ စိုးရိမ်မနေနဲ့။ မင်းရဲ့ ရုပ်ရည်က ငါ့ရဲ့ အချောဆုံး ရုပ်ရည်နဲ့ မနှိုင်းယှဉ်နိုင်တာက မင်းရဲ့ အပြစ်မဟုတ်ပါဘူး။ ငါနဲ့ လာပြီး နှိုင်းယှဉ်နေဖို့ လိုလို့လား။ ငါနဲ့ နှိုင်းယှဉ်တာက နတ်ဘုရားတွေနဲ့ နှိုင်းယှဉ်တာနဲ့ တူတူပဲလေ။ ဒါပေမဲ့ တခြားလူတွေနဲ့ နှိုင်းယှဉ်ရင်တော့ မင်းက တော်တော်လေး ကြည့်ကောင်းတဲ့အထဲ ပါပါတယ်။ ဒါကြောင့် ပျော်ပျော်ရွှင်ရွှင်သာ နေပါ" မြွေဘုရင်က ပြောလိုက်၏။
"အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" လုံချန်းက မျက်လုံးကို အပေါ်သို့ ပင့်တင်ရင်း ပြန်လည်ဖြေကြားလိုက်သည်။
"ကဲပါ... အခုကစပြီး စကားမပြောနဲ့တော့။ ငါ ကျင့်ကြံခြင်း စတော့မယ်။ ပြဿနာတစ်ခုခု ရှိလာရင် ဒါမှမဟုတ် ငါတို့ ဒီတိုက်ကြီးရဲ့ နယ်နိမိတ်ကို ရောက်တဲ့ အချိန်ကျမှပဲ ငါ့ကို လှမ်းနှိုးတော့" လုံချန်းက ပြောဆိုကာ မျက်လုံးများကို မှိတ်ထားလိုက်တော့၏။
သူသည် ကျင့်ကြံခြင်းကို စတင်လိုက်သော အခါတွင်မှ မြွေဘုရင်သည်လည်း နောက်ဆုံး၌ ပါးစပ်ပိတ်ကာ စကားပြောခြင်းအား ရပ်တန့်လိုက်တော့သည်။ သို့သော်လည်း သူသည် ပျင်းရိငြီးငွေ့လာခဲ့ရ၏။ စကားမပြောဘဲ မည်သို့ အသက်ရှင်နေထိုင်ရသည်ကို သူ ကိုယ်တိုင်သာ အသိဆုံး ဖြစ်ပေမည်။
သူသည် မိနစ်သုံးဆယ်ခန့် တိတ်ဆိတ်စွာ နေခဲ့သော်လည်း နောက်ဆုံး၌ ထိုတိတ်ဆိတ်မှုကို ဆက်လက် မတောင့်ခံနိုင်တော့ဘဲ စကားများ ပြန်လည် ပြောဆိုလာခဲ့တော့သည်။
မြွေဘုရင် ပြန်လည် စကားပြောလာသည်ကို ကြားလိုက်ရသော်လည်း လုံချန်းက ကျင့်ကြံခြင်းအား ရပ်တန့်ခြင်း မပြုခဲ့ချေ။ ထို့ပြင် ထိုအသံအပေါ် အာရုံမရောက်ရှိစေရန်အတွက် သူ့အကြားအာရုံ အာရုံခံစားမှုများကို ပိတ်ဆို့ထားလိုက်တော့သည်။ အကယ်၍ ပြဿနာတစ်ခုခု ရှိလာပါက အခြားသော အာရုံခံစားမှုများက အလုပ်လုပ်နေဆဲဖြစ်သဖြင့် သေချာပေါက် နိုးထလာနိုင်မည် ဖြစ်သည်။
ခရီးစဉ်ကြီး ဆက်လက် ရွေ့လျားနေသည်နှင့်အမျှ အချိန်များသည် ဖြည်းညှင်းစွာ ကုန်လွန်နေခဲ့ပြီး မြွေဘုရင်၏ တတွတ်တွတ် စကားပြောသံများကလည်း လမ်းခရီးတစ်လျှောက်လုံး ဘေးမှ ဝန်းရံလျက် ရှိနေခဲ့တော့သည်။
ခရီးသွားလာနေစဉ်အတွင်း လုံချန်းသည် ရံဖန်ရံခါတွင် ကျင့်ကြံခြင်းအား ခေတ္တ ရပ်တန့်၍ အတွင်းကမ္ဘာထဲသို့ စိတ်အာရုံဖြင့် ဝင်ရောက်ကာ မျိုးနွယ်စု တည်ထောင်ခြင်း အခြေအနေများ မည်မျှအထိ တိုးတက် ပြောင်းလဲလာသည်ကို ဝင်ရောက်စစ်ဆေး ကြည့်ရှုလေ့ရှိပေသည်။