အခန်း ၁၁၁၁
Vol. 106 Ch. 1111
အခန်း ၁၁၁၁ မူလစွမ်းအင်သုံး ပညာရပ်များ
"နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကလည်း မူလစွမ်းအင်ကို သုံးနိုင်စွမ်းရှိတာနဲ့ပဲ သက်ဆိုင်နေတယ်။ ဒီဓား ပထမဆုံးအကြိမ် စတင် အလုပ်လုပ်ခဲ့တုန်းက အခြေအနေကို နင် မှတ်မိလား" ရွှင်းက လုံချန်းကို မေးလိုက်၏။
"မင်ယုရဲ့ အဖေဆီက တိုက်ခိုက်မှုကို စုပ်ယူခဲ့တုန်းကလေ" လုံချန်းက ဆိုသည်။
"မှန်တယ်။ အဲဒီတုန်းက ငါ နင့်ကို ပြောခဲ့ဖူးတယ်မလား။ အဲဒီတုန်းက တိုက်ခိုက်မှုမှာ မူလစွမ်းအင်တွေ ပါဝင်နေလို့သာ အချိန်ဓားက စုပ်ယူနိုင်ခဲ့တာဖြစ်ပြီး ဓားမှာရှိတဲ့ သံချေးတွေတောင် နည်းနည်းကွာကျသွားခဲ့တာ"
"ပြီးတော့ ပြီးခဲ့တဲ့ အကြိမ်က အဲဒီလူနှစ်ယောက်နဲ့ တိုက်ခိုက်ခဲ့တုန်းကလည်း သူတို့က အင်မော်တယ် ကမ္ဘာက လာတဲ့လူတွေဖြစ်ဖို့ ရာခိုင်နှုန်းများတဲ့အတွက် သူတို့ရဲ့တိုက်ခိုက်မှုတွေမှာ မူလစွမ်းအင်တွေ ပါဝင်နေဖို့ အခွင့်အလမ်း အများကြီးရှိတယ်။ အဲလိုသာဆိုရင် ဒီဓား အလုပ်လုပ်ခဲ့တဲ့ အကြိမ်တိုင်းက မူလစွမ်းအင်ပါတဲ့ တိုက်ခိုက်မှုတွေနဲ့ ကြုံရတဲ့အချိန်ချည်းပဲ"
"အခြေအနေက အဲလိုဆိုရင်တော့ ဖြေရှင်းနည်းက လွယ်လွယ်လေးပဲ။ နင့်အနေနဲ့ ဒါကို စမ်းသပ်ချင်ရင် မူလစွမ်းအင်တွေ အများကြီးရှိတဲ့ အင်မော်တယ်ကမ္ဘာက လူတွေနဲ့ သွားပြီး တိုက်ခိုက်ရလိမ့်မယ်" ရွှင်းက လုံချန်းကို ရှင်းပြလိုက်သည်။
"ဒါဆို ဒီနေရာမှာ စမ်းသပ်နေတာက အလကားပဲပေါ့။ ကမ္ဘာတွေအကြောင်း သီအိုရီကို စမ်းသပ်ဖို့ ဖုန်းရှုကို အရင်ပြန်ရမယ်။ အဲဒီမှာမှ မအောင်မြင်ရင် ဒုတိယသီအိုရီကို စမ်းသပ်ဖို့ အင်မော်တယ်ကမ္ဘာကို သွားရမယ်ပေါ့" လုံချန်းက မျက်မှောင်ကြုတ်ရင်း ဆိုလိုက်၏။
"မှန်တာပေါ့။ ဒါပေမဲ့ ငါ့အမြင်ကို မေးမယ်ဆိုရင်တော့ ဒုတိယသီအိုရီက အမှန်ဖြစ်ဖို့ အခွင့်အလမ်းအများဆုံးပဲ။ ဒါကြောင့် နင် နောက်ထပ် လှည့်ကွက်တစ်ခု သုံးလို့ရတယ်။ နင့်ရဲ့ မိန်းကလေးတွေကို ကျင့်ကြံခြင်း နယ်ပယ် အမြင့်ကြီးတစ်ခု ရောက်အောင်လုပ်ပေးပြီး မူလစွမ်းအင်သုံး တိုက်ခိုက်မှုတွေကို သင်ယူခိုင်းလိုက်လေ။ အဲဒါဆိုရင်တော့ မင်းပြောတဲ့ လှည့်စားခြင်း စွမ်းရည်ကို သုံးလို့ရပြီပေါ့" ရွှင်းက လွယ်ကူသော ထွက်ပေါက်တစ်ပေါက် ရှိကြောင်း လမ်းညွှန်ပေးလိုက်သည်။
"သေမျိုးတွေက မူလစွမ်းအင်ကို မစုပ်ယူနိုင်ဘူးလို့ နင်ပြောခဲ့တယ် မဟုတ်လား။ ငါ အဲဒါကို နားမလည်ဘူး။ အဲဒီဧကရာဇ်က မူလစွမ်းအင်ပါတဲ့ တိုက်ကွက်ကို ဘယ်လိုလုပ် သုံးနိုင်ခဲ့တာလဲ။ ပြီးတော့ ဟိုလူနှစ်ယောက်ကကော၊ သူတို့က အင်မော်တယ်ကမ္ဘာက ဖြစ်နိုင်တယ်ဆိုပေမဲ့ လူသားတွေပဲလေ။ သူတို့က ဘယ်လိုလုပ် မူလစွမ်းအင်သုံး တိုက်ကွက်တွေကို သုံးနိုင်ရတာလဲ။ ဒါက လူသားတွေလည်း မူလစွမ်းအင်ကို သုံးလို့ရတယ်ဆိုတဲ့ သဘောလား" သူက ရွှင်းကို ထပ်မံမေးမြန်းလိုက်၏။
"ငါ မလိမ်ပါဘူး။ လူသားတွေက မူလစွမ်းအင်ကိုသုံးပြီး တကယ် ကျင့်ကြံလို့ မရတာပါ။ ဒါပေမဲ့ သူတို့က မူလစွမ်းအင် ကျောက်တုံးတွေကို အသုံးချပြီး မူလစွမ်းအင်ကို သုံးစွဲနိုင်ကြတယ်။ သူတို့လုပ်တာက သူတို့ရဲ့ ချီ တိုက်ခိုက်မှုတွေထဲမှာ သဘာဝထဲက မူလစွမ်းအင် ဒါမှမဟုတ် သူတို့ခန္ဓာကိုယ်မှာ ဆင်မြန်းထားတဲ့ မူလစွမ်းအင် ကျောက်တုံးတွေထဲက စွမ်းအင် နည်းနည်းကို ရောနှောလိုက်တာမျိုးပဲ" ရွှင်းက လုံချန်းကို ပြန်လည်ဖြေကြားလိုက်သည်။
"မူလစွမ်းအင်က ပိုမြင့်တဲ့ စွမ်းအင် အမျိုးအစား ဖြစ်တဲ့အတွက် လူသားတွေက အဲဒါကို အသုံးချနိုင်မယ့် ပညာကို သင်ယူဖို့ အမြဲတမ်း ကြိုးစားနေခဲ့ကြတာ"
"အဆင့်မြင့်ကမ္ဘာ အချို့မှာဆိုရင် သူတို့ခန္ဓာကိုယ်ထဲကို အဲဒီစွမ်းအင်တွေကို တိုက်ရိုက်မစုပ်ယူနိုင်ရင်တောင်မှ တိုက်ခိုက်မှုတွေ ပြုလုပ်တဲ့အခါ သဘာဝထဲက မူလစွမ်းအင် နည်းနည်းကို ဆွဲယူ အသုံးချနိုင်မယ့် ရှားပါး ကျင့်ကြံခြင်း ပညာရပ်တွေကို ဖော်ထုတ်ထားနိုင်ကြတယ်။ အဲဒါက ကိုယ်တွင်းစွမ်းအင်ကို သုံးမယ့်အစား အပြင်က စွမ်းအင်ကို ကြားခံ လမ်းကြောင်းအဖြစ် သုံးလိုက်တဲ့ သဘောပဲ" သူမက ထပ်လောင်းရှင်းပြခဲ့၏။
"ဒါဆိုရင် ဒီလှည့်ကွက်ကို သုံးနိုင်ဖို့ မိန်းကလေးတွေအတွက် အဲဒီပညာရပ်တွေကို ငါ ရှာဖွေပေးရမယ်ပေါ့" လုံချန်းက ဆိုသည်။ "အဲဒါကို ဘယ်မှာ ရှာတွေ့နိုင်မလဲ"
ကျိချင်းနှင့် မင်ယုတို့မှာမူ လုံချန်းတစ်ယောက် မည်သူ့အား စကားလှမ်းပြောနေမှန်း မသိသဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဝေခွဲမရ ဖြစ်နေကြတော့သည်။
"သူ အရိပ်တွေ၊ သရဲတွေနဲ့ စကားပြောနေတာလား" မင်ယုက ကျိချင်းကို တိုးတက်စွာ မေးလိုက်၏။
"ငါလည်း မသိဘူး၊ ဒါပေမဲ့ အရင်ကလည်း သူ အခုလို လုပ်နေတာမျိုး ငါ မြင်ဖူးတယ်" ကျိချင်းက မချိပြုံးပြုံးရင်း ဆိုလိုက်သည်။ "အဲဒီတုန်းကတော့ သူ စိတ်ဆင်းရဲစရာတွေ ကြုံနေရလို့ စိတ်ကယောင်ချောက်ချားဖြစ်ပြီး မျက်စိထဲ မြင်နေရတာလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခုကြည့်ရတာ သူ တကယ်ပဲ သရဲတစ်ကောင်ကောင်ကို မြင်နေရတာ ဖြစ်နိုင်တယ်"
"ဒီကမ္ဘာမှာတော့ မူလစွမ်းအင် လုံးဝမရှိတဲ့အတွက် မူလစွမ်းအင်သုံး ပညာရပ်တွေကို ဒီနေရာမှာ ရှာတွေ့နိုင်မယ်လို့ ငါမထင်ဘူး။ အဆင့်မြင့်ကမ္ဘာတွေမှာတောင် အဲဒီပညာရပ်တွေက တအားကို ရှားပါးလွန်းတယ်။ အင်မော်တယ်ကမ္ဘာမှာ ဆိုရင်တော့ ဒီလိုပညာရပ်တွေက နည်းနည်းပိုပြီး ပေါများနိုင်တာမို့လို့ နင့်ဘာသာနင် အစီအစဉ် ဆွဲထားလိုက်တော့" ရွှင်းက ပြန်ပြောလိုက်၏။ "ဒါကလွဲလို့ ငါ့မှာလည်း ဒီလိုပညာရပ်မျိုး မရှိတဲ့အတွက် နင့်ကို အများကြီး မကူညီနိုင်ဘူး"
"ဒါဆို ငါ အခြေအနေအတိုင်းပဲ စီစဉ်ရမှာပေါ့။ ဒါပေမဲ့ အဲဒီပညာရပ်ကို ငါ သေချာပေါက် ရှာမှာပါ" လုံချန်းက ဆိုသည်။ "ဘယ်သူသိနိုင်မလဲ... သူတော်စင်ဘုရင်ရဲ့ ဂူဗိမ္မာန်ထဲမှာ ဒီလိုပညာရပ်မျိုး ရှိနေရင် ရှိနေမှာပေါ့"
သူသည် မိန်းကလေးများက သူ့ကို ထူးထူးဆန်းဆန်း ကြည့်နေကြသည်အား ယခုထိ သတိမပြုမိသေးချေ။
သူ့မေးခွန်းများ အားလုံး ပြီးဆုံးသွားကာ သိချင်စိတ်များ ပြည့်ဝသွားသည့်အခါမှသာ သူ နောက်ဆုံး၌ ထွက်ခွာရန် ပြင်လိုက်တော့သည်။ ထိုအချိန်ကျမှသာ မင်ယုနှင့် ကျိချင်းတို့က သူ့ကို ထူးဆန်းသောအကြည့်ဖြင့် စိုက်ကြည့်နေသည်အား သတိထားမိသွားခဲ့၏။
"ဘာဖြစ်လို့လဲ" သူက ဝေခွဲမရစွာဖြင့် မေးလိုက်သည်။
"နင်က သရဲတွေနဲ့ စကားပြောလို့ရတာလား" မင်ယုက လုံချန်းကို တိုက်ရိုက်ပင် မေးမြန်းလိုက်တော့သည်။ ကျိချင်းနှင့်မတူဘဲ သူမက ဝေ့လည်ကြောင်ပတ် မမေးချင်ချေ။
"ငါ သရဲတွေကို မြင်ရတာတော့ မှန်ပါတယ်။ အရင်က ဝိညာဉ်အချို့ကို မြင်ဖူးသလို တစ်ကောင်ကိုတောင် သတ်ခဲ့ဖူးသေးတယ်။ အဲဒါက ဘာဖြစ်လို့လဲ" လုံချန်းက မေးလိုက်၏။
"အဲလိုသဘော မဟုတ်ဘူး။ ငါဆိုလိုတာက... အခု လက်ရှိ နင် သရဲတစ်ကောင်ကောင်ကို မြင်နေရလို့လား။ အစောက သရဲတစ်ကောင်နဲ့ စကားပြောနေတာလားလို့ မေးတာ" မင်ယုက ရှင်းရှင်းလင်းလင်း ဖြစ်အောင် ထပ်မံမေးမြန်းလိုက်သည်။
"ဪ... အဲလိုလား။ မဟုတ်ပါဘူး၊ ငါ သရဲနဲ့ စကားပြောနေတာ မဟုတ်ပါဘူး။ တကယ်တော့ ငါ နင်တို့ကို အရင်ကတည်းက ပြောပြထားသင့်တာ။ ငါက ငါ့ရဲ့ ရတနာဝိညာဉ် ဖြစ်တဲ့ ရွှင်းနဲ့ စကားပြောနေတာပါ။ နင်တို့ကတော့ သူ့ကို မမြင်ရသလို သူ့စကားကိုလည်း မကြားရဘူး။ ငါတစ်ယောက်တည်းပဲ သူနဲ့ ဆက်သွယ်လို့ရတာ။ သူက ငါ့ဘေးနားမှာ ရှိနေခဲ့တာ တော်တော်လေး ကြာပါပြီ" လုံချန်းက မြွေဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ပြန်လည်တက်လှမ်းရင်း မိန်းကလေးများကို အသိပေးလိုက်၏။
"ရတနာဝိညာဉ် ဟုတ်လား။ သူက ချောလား" ကျိချင်းက သံသယစိတ်ဖြင့် လှမ်းမေးလိုက်သည်။
"နင့်ဘေးနားမှာ နောက်ထပ် အချောအလှ တစ်ယောက် ရှိနေပြန်ပြီလို့တော့ ငါ့ကို မပြောနဲ့နော်" သူမက နောက်ပြောင်သည့် သဘောဖြင့် မေးလိုက်ခြင်း ဖြစ်၏။
"ဟွန်း... ငါက သေချာပေါက် ချောတာပေါ့" ရွှင်းက မျက်လုံးကို အပေါ်သို့ ပင့်တင်ရင်း ပြောလိုက်သော်လည်း လုံချန်းကလွဲ၍ မည်သူမျှ မကြားနိုင်ချေ။
"မချောပါဘူး။ သူမက အသက် ခုနစ်ဆယ်ကျော် အရွယ် အဘွားကြီး တစ်ယောက်နဲ့ တူတာ။ စိုးရိမ်မနေကြနဲ့" လုံချန်းက ရွှင်းကို ခိုးကြည့်ရင်း ပြောလိုက်ရာ ရွှင်းမှာ ထိုအဖြေကြောင့်ပင် ပါးစပ်ကြီး ပြဲသွားခဲ့ရတော့သည်။
"မြွေကလေး... သွားကြစို့။ အတားအဆီးကို ဖြတ်ကျော်ပြီး ဒီနေရာကနေ ထွက်ခွာဖို့ အချိန်တန်ပြီ" အမျိုးသမီးနှစ်ဦး နေရာတကျ ထိုင်ပြီးနောက် လုံချန်းက မြွေဘုရင်ကို အမိန့်ပေးလိုက်၏။
ရွှင်းကမူ လမ်းခရီးတစ်လျှောက်လုံး သူမကို အဘွားကြီးဟု ခေါ်သည့်အတွက် လုံချန်းအား တတွတ်တွတ် ကျိန်ဆဲနေခဲ့သော်လည်း လုံချန်းကမူ သူမ စကားကို နားမထောင်တော့ဘဲ လက်ထဲတွင် အချိန်ဓားအား ကိုင်ဆောင်ကာ မတ်မတ်ရပ်ရင်း ရှေ့တွင် ကြုံတွေ့ရမည့် တိုက်ပွဲကိုသာ အာရုံစိုက်ထားလိုက်တော့သည်။ အကယ်၍ သူတို့သာ ခွင့်ပြုချက်မရှိဘဲ ထွက်ခွာမည်ဆိုပါက သေချာပေါက် တိုက်ခိုက်ခံရမည်ကို သူ သိနေခဲ့သောကြောင့် ဖြစ်၏။
လွန်ခဲ့သည့် အကြိမ်က သူ အားနည်းနေသဖြင့် တိတ်တဆိတ် ခိုးဝင်ခဲ့ရသော်လည်း ယခုတစ်ကြိမ်တွင်မူ ဤကမ္ဘာရှိ မည်သူတစ်ဦးတစ်ယောက်မျှ သူ့အတွက် အန္တရာယ်မရှိတော့သဖြင့် ပွင့်ပွင့်လင်းလင်းနှင့် ဂုဏ်ယူဝင့်ကြွားစွာ ထွက်ခွာသွားရန် သူက ဆုံးဖြတ်ထားခဲ့သည်။
မကြာမီမှာပင် မြွေဘုရင်သည် အစောင့်တပ် စခန်းများ ရှိရာ အတားအဆီးဆီသို့ ရောက်ရှိသွားခဲ့တော့၏။
သူတို့ ရှိရာသို့ သားရဲကြီးတစ်ကောင် ဦးတည်ပျံသန်းလာသည်ကို မြင်လိုက်ရသောအခါ အစောင့်များသည် သူတို့၏ မိုးပျံ သားရဲများပေါ်သို့ တက်ထိုင်ကာ လုံချန်းအား တားဆီးရန် ပျံတက်လာခဲ့ကြသည်။
ကံမကောင်းစွာဖြင့် သူတို့ စတင် ပျံတက်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်မှ လျှပ်စီးကြောင်းကြီးများ သူတို့၏ ဦးခေါင်းပေါ်သို့ တည့်တည့်ကျရောက်လာခဲ့ပြီး သူတို့အား သေဆုံးသွားစေခဲ့တော့သည်။
ပတ်ဝန်းကျင် တစ်ခုလုံးတွင် မည်းမှောင်နေသော မိုးတိမ်များက ဖုံးလွှမ်းသွားခဲ့၏။ လုံချန်းသည် မိုးကြိုးဓားသွား ပညာရပ်တွင် ပိုမိုကျွမ်းကျင်လာခဲ့ပြီ ဖြစ်သဖြင့် ယခုတစ်ကြိမ်တွင် မိုးတိမ်များမှာ ယခင်ထက် ပိုမိုမြန်ဆန်စွာ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ယခုတစ်ကြိမ်တွင်မူ မင်ယုနှင့် ကျိချင်းတို့သည်လည်း အနောက်၌ ကျန်ရစ်မနေခဲ့ဘဲ လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူတို့ ရရှိခဲ့သည့် စွမ်းအားနှင့် ကျင့်ကြံခြင်းအဆင့် တိုးတက်မှုများကို ထုတ်ဖော်ပြသခဲ့ကြသည်။
လုံချန်း၏ လေ့ကျင့်ပေးမှုများနှင့် ပညာရပ်များ မျှဝေပေးမှုများကလည်း သူတို့ကို သန်မာသော တိုက်ခိုက်မှုများ ပြုလုပ်နိုင်ရန် ကူညီပေးခဲ့သည်။
မြွေဘုရင်သည်လည်း ရန်သူများကို တစ်နေရာတည်းတွင် အေးခဲသွားစေနိုင်သည့် သူ၏ အစွမ်းထက်သော စွမ်းရည်ဖြင့် ဝင်ရောက်ကူညီခဲ့၏။
ဤတိုက်ပွဲမှာ လူစုတစ်စုနှင့် စစ်တပ်ကြီး တစ်တပ်ကြား တိုက်ခိုက်နေသည့် တိုက်ပွဲတစ်ပွဲထက် အခြားသူများကို ကစားစရာသဖွယ် သဘောထားကာ ပစ်မှတ် လေ့ကျင့်ခန်း လုပ်နေသည့် လူစုတစ်စုနှင့်သာ ပိုမို တူညီနေခဲ့လေတော့သည်။