အခန်း ၁၁၁၂
Vol. 106 Ch. 1112
အခန်း ၁၁၁၂ ပင်လယ်ပြင်ကို ဖြတ်သန်း ခရီးနှင်ခြင်း
လုံချန်းသည် တိုက်ကြီးမှ ထွက်ခွာစဉ် ထိုတိုက်ကြီး၏ ရန်သူများနှင့် စတင်တိုက်ခိုက်ခဲ့သော်လည်း တိုက်ပွဲမှာ အချိန်အကြာကြီး မကြာလိုက်ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် အတားအဆီးအား မဖြတ်ကျော်မီ ထိုရန်သူ အားလုံးကို အလွန်လျင်မြန်စွာဖြင့် အပြတ်အသတ် ချေမှုန်းပစ်ခဲ့သောကြောင့် ဖြစ်၏။
၎င်းက သူတော်စင် နယ်ပယ် ကျင့်ကြံသူ တစ်ဦးသည် အားနည်းသော ကျင့်ကြံသူအချို့နှင့် လာရောက် တိုက်ခိုက်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
လုံချန်းသည် မြွေဘုရင်၏ ကျောပေါ်၌ ထိုင်လျက် အတားအဆီးကို ဖြတ်ကျော်လိုက်သောအခါ ကမ်းခြေတွင် ဆိုက်ကပ်ထားသည့် သင်္ဘောတစ်စီးနှင့် ထိုသင်္ဘောပေါ်တွင် ရပ်နေကြသော လူအနည်းငယ်ကို လှမ်း၍ မြင်တွေ့လိုက်ရသည်။
ထိုသင်္ဘောပေါ်မှ လူများသည် အောက်သို့ ဆင်းမလာကြသဖြင့် သင်္ဘော၏ ကျန်ရှိနေသော အမှုထမ်းများ ဖြစ်မည်ဟု သူက ယူဆလိုက်၏။ သင်္ဘောပေါ်မှ စောစောကမှ ဆင်းလာကြသူ အများစုမှာမူ တိုက်ကြီး အတွင်းသို့ ဝင်ရောက်ရန်အတွက် စစ်ဆေးမှုများကို ပြုလုပ်နေကြပြီ ဖြစ်သည်။
လုံချန်းသည် ထိုသင်္ဘော လွှင့်ထူထားသည့် အလံကို ကြည့်ရုံဖြင့် ၎င်းအား အလွယ်တကူ မှတ်မိနိုင်ခဲ့၏။ ထိုသင်္ဘောမှာ လုံချန်း အစပိုင်းက စီးနင်းခဲ့သည့် သင်္ဘောနှင့် အတူတူပင် ဖြစ်သည်။ သင်္ဘောကပ္ပတိန်မှာလည်း လွန်ခဲ့သည့် အကြိမ်က ကပ္ပတိန်နှင့် တစ်ဦးတည်းပင် ဖြစ်ပုံရသည်။
"ဟိုဟာက ဘာကြီးလဲ။ ဧရာမ မြွေကြီးတစ်ကောင်လား။ ဘုရားရေ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ငါတို့ သူ့ကို တားဆီးရမလား"
"မလိုပါဘူး။ သူက အတားအဆီးကို ဖြတ်ကျော်လာနိုင်တယ်ဆိုရင် ဟိုဘက်ခြမ်းက အစောင့်တွေက သူ့ကို လွှတ်ပေးလိုက်လို့ပဲ ဖြစ်ရမယ်။ အဲဒါကို စိုးရိမ်မနေနဲ့။ သူက မိုးပျံ သားရဲကြီးကိုစီးပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ ပင်လယ်ပြင်ကို ဖြတ်သန်းဖို့ ပြင်နေတာဆိုတော့ ကြယ်တာရာ အင်ပါယာက လာတဲ့ အထူးသံတမန် တစ်ဦးဦး ဖြစ်ရမယ်။ သွားပြီး မနှောင့်ယှက်နဲ့"
ငွေကြေး ကောက်ခံရန်နှင့် ဝင်ခွင့်လက်မှတ်များကို စစ်ဆေးရန်အတွက် အတားအဆီး၏ ဤဘက်ခြမ်းတွင် ရပ်နေကြသော အစောင့်အချို့သည် ဧရာမမြွေကြီးနှင့် ထိပ်တွင် မတ်မတ်ရပ်နေသော ဂုဏ်ယူဝင့်ကြွားဖွယ် ပုံစံရှိသည့် အမျိုးသားတစ်ဦးကို သတိပြုမိသွားကြသည်။ သူတို့သည် လုံချန်းကို အဆင့်မြင့် ထိပ်သီး ကျင့်ကြံသူကြီး တစ်ဦးဟု ထင်မှတ်သွားကြသဖြင့် သူ့အား ဝင်ရောက် စွက်ဖက်ခြင်း သို့မဟုတ် တားဆီးခြင်း လုံးဝမပြုရဲကြချေ။
"ဟားဟားဟား... မြင်တယ်မလား။ သူတို့ ငါ့ကို ဘယ်လောက်တောင် ကြည်ညို လေးစားနေကြလဲဆိုတာ။ ဒါပေါ့... ငါ့ရဲ့ အလှတရားက သူတို့ကို မှင်တက်သွားစေတာလေ" မြွေဘုရင်က ပြောလိုက်၏။
သူသည် မိမိကို ငေးမော ကြည့်ရှုနေကြသည့် လူတိုင်း၏ ကြည်ညိုလေးစားသော အကြည့်များကို ခံယူရင်း ကမ်းခြေအား ဖြတ်သန်း ပျံသန်းသွားခဲ့တော့သည်။
အတားအဆီး၏ ဤဘက်ခြမ်းရှိ အစောင့်များဘက်မှ ဝင်ရောက်နှောင့်ယှက်ခြင်း မရှိသဖြင့် လုံချန်းသည်လည်း သူတို့ကို ရန်မမူတော့ဘဲ ငြိမ်သက်စွာ ထိုင်လိုက်၏။
...
ကျယ်ပြောသော ပင်လယ်ပြင်ကြီးမှာ ဤကမ္ဘာ၏ နေရာ အနှံ့အပြားတွင် ဖြန့်ကျက်တည်ရှိနေပြီး အတွင်း၌ ထူးဆန်းသော်လည်း သန်မာသော ပင်လယ်ရေအောက် သားရဲများစွာ နေထိုင်ကြသည်။
ထို့ကြောင့်ပင် ပင်လယ်ပြင်ကို အပိုင်းသုံးပိုင်း ခွဲခြားသတ်မှတ်ထားခြင်း ဖြစ်၏။ ပထမတစ်ပိုင်းမှာ ကြည်လင် ပင်လယ်ပြင် ဖြစ်ပြီး မည်သည့် အန္တရာယ်မျှ မရှိသဖြင့် လောကကြီးတွင် မည်သည်ကိုမျှ ပူပန်စရာမလိုဘဲ လွတ်လပ်စွာ ခရီးသွားလာနိုင်သည်။ ဒုတိယတစ်ပိုင်းမှာမူ ပင်လယ်ဓားပြများ၏ တိုက်ခိုက်မှုကို ခံရနိုင်သည့် အန္တရာယ်ရှိသော နေရာဖြစ်ကာ နောက်ဆုံးတစ်ပိုင်းမှာမူ သားရဲကြီးများ ကြီးစိုးရာ နေရာဖြစ်သဖြင့် သင်္ဘောများအနေဖြင့် အလွန်တရာ ဂရုစိုက် မောင်းနှင်ရမည့် နေရာ ဖြစ်ပေသည်။
မြွေဘုရင်သည် ကျယ်ပြောလှသော ပင်လယ်ပြင်ကို ဖြတ်သန်းပျံသန်းနေစဉ် ပင်လယ်ရေအောက် သားရဲအမြောက်အမြားကို သတိပြုမိလိုက်သော်လည်း သူတို့ထဲမှ တစ်ကောင်မျှပင် မြွေဘုရင်၏ အရှိန်အဝါကို မြင်တွေ့ပြီးနောက် အနားသို့ မကပ်ရဲကြချေ။ ထို့အပြင် လုံချန်း၏ အရှိန်အဝါမှာ သူတို့အတွက် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေသေးသည်။ ထို့ကြောင့် သားရဲများမှာ လုံချန်းကို အလွယ်တကူ ဖြတ်သန်းသွားခွင့် ပြုလိုက်ကြ၏။
မြွေဘုရင်သည် လွန်ခဲ့သည့် အကြိမ်က ဤပင်လယ်ကို ဖြတ်သန်းစဉ်က အလွန်အားနည်းခဲ့သော်လည်း ယခုအခါတွင်မူ သူသည်လည်း အလွန် သန်မာလာခဲ့ပြီ ဖြစ်သည်။ သူသည် ကောင်းကင်ဘုံ နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကာ သူတော်စင် နယ်ပယ်သို့ တက်လှမ်းရန် ခြေလှမ်းအနည်းငယ်သာ လိုတော့သည်။
ပင်လယ်ပြင်တွင် သားရဲများအပြင် ပင်လယ်ဓားပြများလည်း ရှိနေတတ်သော်ငြား ပင်လယ်ဓားပြများသည်လည်း လုံချန်းကို မြင်သောအခါ လျစ်လျူရှုထားလိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူသည် အလင်းတိုက်ကြီးဘက်မှ လာခြင်းဖြစ်ပြီး တစ်ဦးတည်း ခရီးနှင်နေခြင်း ဖြစ်သောကြောင့်ပင်။
အကယ်၍ သူသာ ထိုနေရာမှလာပြီး တစ်ယောက်တည်း ခရီးသွားနေခြင်းဖြစ်ပါက သူသည် မိမိတို့ သွားမရှုပ်ရဲသည့် အဆင့်မြင့် ကျင့်ကြံသူကြီး တစ်ဦး ဖြစ်နေမည်မှာ သေချာပေသည်။
မြွေဘုရင်သည် လုံချန်းကို လှမ်းကြည့်ကာ ပြုံးလိုက်၏။ "အခုဆိုရင် မင်းက ဒီနေရာရဲ့ နတ်ဘုရားတစ်ပါးလို ခံစားနေရပြီလား။ မင်းရဲ့ စွမ်းအားနဲ့ဆိုရင် ဘယ်သူမှ မင်းကို အန္တရာယ်မပြုနိုင်တော့ဘူး။ မင်း ဖျက်ဆီးချင်တဲ့ ဘယ်အရာကိုမဆို ဘယ်သူ့ကိုမဆို ဖျက်ဆီးပစ်လို့ရနေပြီလေ"
"လွန်ခဲ့တဲ့ နှစ်တွေတုန်းက မင်းက ဒီနေရာမှာ အားနည်းတဲ့ ကောင်လေး တစ်ယောက်ပဲ ရှိသေးတာ။ ဒါပေမဲ့ အခုတော့ မင်းက ဘယ်သူ့ နှလုံးသားထဲကိုမဆို ကြောက်ရွံ့မှုတွေ ရိုက်ထည့်နိုင်တဲ့ လူတစ်ယောက် ဖြစ်လာခဲ့ပြီ။ ဘယ်လိုခံစားရလဲ" မြွေဘုရင်က လှမ်းမေးလိုက်သည်။
"ဘယ်လိုခံစားရလဲ ဟုတ်လား။ ကောင်းတာပေါ့။ စွမ်းအားတွေ ရှိနေရတာ တကယ်ကို ကောင်းပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ စွမ်းအားမှာ ရည်ရွယ်ချက်တစ်ခု ရှိတယ်။ အဲဒါက ပိုပြီးတော့တောင် ကောင်းသေးတယ်။ ဒီစွမ်းအားနဲ့ဆိုရင် ငါ့ရဲ့ မိသားစုကို ဘေးကင်းအောင် သေချာပေါက် ကာကွယ်ထားနိုင်ပြီ။ ဒါပေမဲ့ ငါ ဒါထက်မက ပိုပြီး လိုအပ်သေးတယ်"
"ဒီလောက်တင်နဲ့ မလုံလောက်သေးဘူး။ ငါ ဒါထက်မက အများကြီး အများကြီး ပိုပြီး လိုအပ်သေးတယ်။ ငါက စကြာဝဠာရဲ့ အမြင့်ဆုံး အထွတ်အထိပ်ကို ရောက်ရှိပြီး အပေါ်ဆုံးမှာ မတ်မတ်ရပ်ချင်တာ။ အဲဒီအချိန်ကျမှသာ ငါလုပ်ချင်တဲ့ အရာတွေအတွက် လုံလောက်တဲ့ စွမ်းအားကို ရရှိမှာ" လုံချန်းက ကောင်းကင်ကြီးကို မော့ကြည့်ရင်း ဆိုလိုက်၏။
"ဒါက သေမျိုးကမ္ဘာ တစ်ခုတည်းပဲ ရှိသေးတာ။ ကြီးကျယ်တဲ့ စကြာဝဠာကြီးရဲ့ အစီအစဉ်တွေနဲ့ ယှဉ်ရင် ဒါက ဘာမှမဟုတ်သေးပါဘူး။ ငါက သေမျိုးတင်မကဘဲ အင်မော်တယ်ကမ္ဘာနဲ့ ကောင်းကင်ဘုံကပါ ကြောက်ရွံ့ရလောက်တဲ့ အထိ သန်မာလာဖို့ လိုတယ်။ တစ်နေ့ကျရင် ငါ အဲဒီနေရာကို သေချာပေါက် ရောက်အောင်သွားမယ်။ လူတိုင်းက ကြောက်ရွံ့ရပြီး ဘယ်သူမှ ရန်မစရဲတဲ့ နတ်ဘုရားတစ်ပါး ငါ ဖြစ်လာစေရမယ်"
"စိတ်ဝင်စားစရာပဲ။ ရည်မှန်းချက်တွေက ကြီးမားတယ်... အားရစရာပဲ။ အဲဒီလိုဖြစ်ဖို့ဆိုရင် ကောင်းကင်ဘုံ နယ်မြေနဲ့ မိစ္ဆာနယ်မြေတို့ကိုပါ သိမ်းပိုက်ဖို့ လိုအပ်လိမ့်မယ်။ ပြီးတော့ နတ်ဘုရားသားရဲတွေလည်း ရှိနေသေးတယ်လေ။ အဲဒါတွေကိုပါ ငါ ကိုင်တွယ် ဖြေရှင်းရဦးမယ်" ရွှင်းက လုံချန်း၏ ဘေးနားတွင် ပေါ်လာရင်း ဝင်ရောက်ပြောဆိုလိုက်သည်။
"ဒါက ခက်ခဲမယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒီလမ်းခရီးမှာ ငါက တစ်ယောက်တည်း မဟုတ်ပါဘူး။ ငါ့မှာ မိသားစုရှိတယ်။ မိန်းကလေးတွေ အားလုံး ရှိတယ်။ ငါ့ရဲ့ သားရဲတွေရှိတယ်။ ပြီးတော့ ဒါလည်း ရှိသေးတယ်..." လုံချန်းက ပြန်လည်ဖြေကြားရင်း အချိန်ဓားကို ထုတ်ယူလိုက်၏။
"ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံး ဓားတစ်လက်ဖြစ်ပြီး ငါ့ကို ပိုပြီး သန်မာလာစေမယ့် ကြီးမားတဲ့ လိမ်ညာခြင်း လှည့်ကွက် တစ်ကွက်နဲ့အတူ ပါလာတဲ့ အရာပဲ။ ဒါကို ဘယ်လိုသုံးရမလဲဆိုတာ ငါ ရှာတွေ့တာနဲ့ ငါ့ရဲ့ လမ်းကြောင်းကို ဘယ်အရာကမှ ပိတ်ဆို့ထားနိုင်မှာ မဟုတ်တော့ဘူး" သူက ဆိုသည်။
"လွန်လွန်ကဲကဲပဲ၊ ယုံကြည်မှု မလွန်ကဲပါနဲ့ဦး။ ဒီကမ္ဘာမှာ နတ်ဘုရားအဆင့်ဓား နောက်ထပ် သုံးလက် ရှိသေးတယ်။ အဲဒါတွေကို ဒီကောင်းကင်ဘုံရဲ့ အသန်မာဆုံး သက်ရှိတွေက သိမ်းဆည်းထားကြတာ။ သူတို့ကို အောင်နိုင်ဖို့အတွက် နတ်ဘုရားအဆင့် လက်နက် တစ်လက်တည်းနဲ့တင် မလုံလောက်နိုင်ဘူး" ရွှင်းက သတိပေးလိုက်၏။
"အဲဒါကို ငါ သိပါတယ်။ ဒါပေမဲ့ ငါ့မှာ ဒီသွေးမျိုးဆက်နဲ့ သွေးမျိုးဆက် ကျောင်းတော်လည်း ရှိနေသေးတာပဲ။ ငါ့အတွက် ကျရှုံးခြင်းဆိုတာ ရွေးချယ်စရာ လုံးဝ မရှိဘူး" လုံချန်းက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြန်လည်ပြောကြားလိုက်သည်။
သူ့အတွက် အကြီးမားဆုံးသော အတားအဆီးမှာ သွေးမျိုးဆက် လုံးဝဥဿုံ နိုးထလာမည့် အချိန်ကို စောင့်ဆိုင်းနေသည့် ထျန်းရှန် ဖြစ်သည်။ ထိုအရာ မဖြစ်ပျက်မီ သူသည် အသန်မာဆုံးသူ ဖြစ်လာရန် လိုအပ်ပြီး ထျန်းရှန်ကို ရှာဖွေကာ သတ်ပစ်ရမည် ဖြစ်ပေသည်။
ဤကမ္ဘာ၌ လုံချန်း၏ ပင်လယ်ပြင်ကို ဖြတ်သန်းရသည့် ခရီးစဉ်မှာ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သော်လည်း အခြားတစ်ဖက် ဖုန်းရှုတွင်မူ အင်မော်တယ်ကမ္ဘာမှ ရောက်ရှိလာကြသော အထူးသံတမန် လေးဦးသည် လုံချန်း၏ အရှိန်အဝါကို နောက်ယောင်ခံ လိုက်ရှာရင်း ဧကရာဇ်တု၏ နန်းတော်သို့ ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။
သူတို့သည် အင်မော်တယ် ကမ္ဘာမှ တိုက်ရိုက် ဆင်းသက်လာကြသည့် စစ်မှန်သော သံတမန်များ ဖြစ်ကြသဖြင့် ဧကရာဇ်တုသည် သူတို့ကို မိမိ၏ အဖိုးအရင်းကဲ့သို့ ရိုသေ ပျာယာခတ်စွာဖြင့် ခရီးဦးကြိုပြုခဲ့၏။ သူတို့အနေဖြင့် မိမိအပေါ် စိတ်ဆိုးအမျက်ထွက်သွားမည့် အခြေအနေမျိုးကို သူ လုံးဝ အဖြစ်မခံနိုင်ချေ။
သံတမန်များသည် ဧကရာဇ်နှင့် တွေ့ဆုံသောအခါ လုံချန်းနှင့် ပတ်သက်သည့် မေးခွန်းအချို့ကို မေးမြန်းခဲ့ကြသည်။
ဧကရာဇ်သည် လုံချန်းနှင့် မင်ယု၏ အဖေတို့ကြား စမ်းသပ်မှုအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အသေးစိတ် ရှင်းပြရင်း လုံချန်းက ဧကရာဇ်လု၏ သမက်ဖြစ်နေသည်အား သိလိုက်ရသဖြင့် အလွန်အမင်း အံ့အားသင့်ရကြောင်း ထုတ်ဖော်ပြောဆိုရင်း မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့၏။
"ဒီအကြောင်းကို မေးဖို့အတွက်ပဲ ခင်ဗျားတို့ ဒီကို ရောက်လာကြတာလား" ဧကရာဇ်တုက သံတမန်များကို မေးလိုက်သည်။
"မဟုတ်ဘူး၊ ငါတို့က သူ့နောက်ကို လိုက်ရင်း ဒီကို ရောက်လာတာ။ ငါတို့ မြင်တွေ့နေရတဲ့ အခြေအနေအရဆိုရင် သူက မင်းရဲ့ နန်းတော်ထဲကို ဝင်သွားပြီးတော့ ပြန်ထွက်မလာတော့ဘူး" သံတမန် တစ်ဦးက ပြန်လည် ဖြေကြားလိုက်လေသည်။