အခန်း ၁၁၁၄
Vol. 106 Ch. 1114
အခန်း ၁၁၁၄ အတိတ်ကို ပြန်လည် အောက်မေ့ခြင်း
မြွေဘုရင်သည် ကောင်းကင်ယံထက်တွင် မည်သူမျှမယှဉ်နိုင်သော သားရဲကြီး တစ်ကောင်ကဲ့သို့ ပျံသန်းနေခဲ့သည်။ လမ်းခရီးတစ်လျှောက် ပျံသန်းနေစဉ်အတွင်း လုံချန်းသည် များသောအားဖြင့် ကျင့်ကြံခြင်းကိုသာ ပြုလုပ်နေခဲ့သော်လည်း ရံဖန်ရံခါတွင်မူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုမိပြီး ရင်းနှီးသော မြင်ကွင်းများကြောင့် သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ရ၏။
မကြာမီမှာပင် သူသည် သူ မွေးဖွားခဲ့ပြီး ဘဝ၏ အချိန်အတော်များများကို ကုန်ဆုံးခဲ့သည့် ရွှေနိုင်ငံ၏ အနီးအနားသို့ ရောက်ရှိတော့မည် ဖြစ်သည်။ ၎င်းက ပြင်ပတွင် အောင်မြင်မှုအကြီးအကျယ် ရရှိပြီးနောက် အိမ်သို့ ပြန်လာရသကဲ့သို့ တန်ဖိုးရှိသော ခံစားချက်မျိုးကို ပေးစွမ်းနေခဲ့ပေသည်။
"ကျိချင်း... မင်ယု... နင်တို့နှစ်ယောက်လုံး နဂါးမြို့တော်မှာရှိတဲ့ ငါ့ရဲ့ မျိုးနွယ်စုကို မြင်ခဲ့ကြတယ်မလား" လုံချန်းက နောက်တွင် ထိုင်နေကြသော မိန်းကလေးများကို လှမ်းမေးလိုက်သည်။
"မြင်ခဲ့တာပေါ့။ အဲဒီတုန်းက မျိုးနွယ်စုကြီးက... အာ..." ကျိချင်းက ပြန်လည်ဖြေကြားခဲ့သော်လည်း သူမ၏ စကားစုကို အဆုံးမသတ်ခဲ့ချေ။
"မျိုးနွယ်စုကြီး ပျက်စီးသွားခဲ့တဲ့ အချိန်တုန်းကလို့ နင် ပြောချင်တာမလား။ မှန်တယ်။ အဲဒီတုန်းက လူတိုင်း အဲဒီနေရာမှာ ရှိနေခဲ့ကြတာပဲ။ အဲဒီကောင် ဝူလျာက ငါ ဂိုဏ်းကြီးတွေရဲ့ ထိပ်သီးတပည့်တွေနဲ့ အကြီးအကဲတွေကို သတ်ခဲ့တယ်ဆိုတာကို လိုက်ပြောခဲ့တာ"
"ငါ့ကို တစ်တိုက်လုံးမှာ အလိုရှိစာရင်း သွင်းခဲ့ကြတယ်။ သူက ဂိုဏ်းကြီးတွေ ငါ့လိပ်စာရအောင် ကူညီပေးခဲ့တဲ့ လူပဲ။ သူ့ကြောင့်ပဲ ငါ့ရဲ့ မျိုးနွယ်စုဝင်တွေအများကြီး သေဆုံးခဲ့ရပြီး ငါ့မျိုးနွယ်စုလည်း အိမ်ခြေမဲ့ဖြစ်ခဲ့ရတာ" လုံချန်းက ခေါင်းညိတ်ရင်း ဆိုလိုက်၏။
"အဲဒီတုန်းက သန်မာတဲ့ ကျင့်ကြံသူတွေ အများကြီးရဲ့ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံခဲ့ရလို့ ငါ ပထမဆုံးအကြိမ်အဖြစ် အမှောင်ယဇ်ပဏ္ဏာကို သုံးခဲ့ရတာ။ ဒါပေမဲ့ အခုတော့ သူတို့က ငါ့ရှေ့မှာ ဘာမှမဟုတ်တော့ပါဘူး။ အမှောင်ယဇ်ပဏ္ဏာကို သုံးဖို့ နေနေသာသာ လက်နက်တောင် မလိုဘဲ သူတို့ကို ငါ သတ်ပစ်လို့ရနေပြီ" သူက ကောင်းကင်ကြီးကို လှမ်းကြည့်ရင်း ထပ်လောင်းပြောဆိုလိုက်သည်။ "အချိန်တွေ ဘယ်လောက်တောင် ပြောင်းလဲသွားခဲ့ပြီလဲ..."
"အရင်တုန်းကတော့ ကောင်းကင်ကြီးကပဲ အကန့်အသတ်လို့ ငါ ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ကောင်းကင်ရဲ့ အထက်မှာ နောက်ထပ် ကောင်းကင်တွေ ရှိသေးတယ်ဆိုတာ ငါ သိသွားခဲ့ပြီ။ အရင်က မျိုးနွယ်စုကြီးတွေက ကောင်းကင်ဘုံ နယ်ပယ် အကြီးအကဲ နည်းနည်းကပဲ ငါ့ကို အကျပ်အတည်းဆီ တွန်းပို့နိုင်ခဲ့တာ။ ဒါပေမဲ့ အခုအချိန်မှာတော့ ကောင်းကင်ဘုံ နယ်ပယ်ဆိုတာ ကလေးကစားတဲ့ အဆင့်လိုပဲ ဖြစ်နေခဲ့ပြီ။ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်" သူက ဆိုသည်။
"နင်ပြောတာ မှန်ပါတယ်။ ဒီကမ္ဘာက ဂိုဏ်းကြီးတွေရဲ့ ဂိုဏ်းချုပ်တွေ ကိုယ်တိုင်ကတောင် ကောင်းကင်ဘုံ နယ်ပယ် အဆင့်တစ် ဒါမှမဟုတ် အဆင့်နှစ်မှာပဲ ရှိကြသေးတာ။ သူတို့ကလွဲရင် ကျန်တဲ့ အကြီးအကဲတွေ အားလုံးက ကောင်းကင် နယ်ပယ်မှာပဲ ရှိနေဦးမှာပါ။ ဒီတိုက်ကြီးက အခုဆိုရင် နင့်အတွက် တအားကို အားနည်းလွန်းနေပါပြီ" မင်ယုက ဆို၏။
"ဒါကြောင့်လည်း ငါ အံ့သြနေတာပေါ့။ သူတော်စင် ဘုရင်လို အစွမ်းထက်တဲ့ ကျွမ်းကျင်သူကြီး တစ်ဦးက ဒီကိုလာပြီး သူ့ရဲ့ ဂူဗိမာန်ကို တည်ဆောက်ခဲ့တယ်။ အဲဒါအတွက် သူက ဒီလို ခေါင်သီပြီး ခြောက်သွေ့တဲ့ တိုက်ကြီးထဲက မဖွံဖြိုးတဲ့ နေရာကို ရွေးချယ်ခဲ့တာ။ ဒါတွေအားလုံးက ဒီနေရာက သူ့ရဲ့ ဇာတိအိမ် ဖြစ်ခဲ့လို့ပဲ။ အိမ်ဆိုတာမျိုးက တကယ်ပဲ မေ့ပျောက်ဖို့ မလွယ်ကူပါဘူး" ကျ်ချင်းက ဝင်ရောက်ပြောဆိုလိုက်သည်။
"ဟုတ်တယ်... နှစ်ပေါင်း ရာနဲ့ချီ၊ ထောင်နဲ့ချီတဲ့အထိ သူတော်စင် ဘုရင်ရဲ့ ဂူဗိမာန်က ဒီနေရာမှာ ရှိနေတယ်ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး" လုံချန်းက ဤကမ္ဘာရှိ ကြယ်တာရာ အင်ပါယာ ဒုတိယမင်းသားဆီမှ သူ လုယူခဲ့သော ဆွဲသီးကို ကြည့်ရင်း ဆိုလိုက်သည်။
၎င်းဆွဲသီးမှာ သူတော်စင်ဘုရင်ဓား နှင့်အတူ ဂူဗိမာန်အတွင်းသို့ ဝင်ရောက်ရန် လိုအပ်သည့် သက်သေခံ တံဆိပ်များထဲမှ တစ်ခု ဖြစ်ပေသည်။ ကံမကောင်းစွာဖြင့် လုံချန်းတွင် လွန်ခဲ့သည့် အကြိမ်က ထိုအရာ မရှိခဲ့ချေ။ မဟုတ်ပါက သူသည် ရတနာများကို လွန်ခဲ့သည့် အချိန်ကတည်းက ရရှိထားပြီးလောက်ပြီ ဖြစ်သည်။
"ငါတို့ တကယ်ပဲ ဝိညာဉ်နက်ဂိုဏ်းကို သွားကြမှာလား" ကျိချင်းက မေးလိုက်၏။
"အင်း... ငါ အဲဒီနေရာကို သွားကြည့်ချင်တယ်။ ငါ အဲဒီကို အတင်းအဓမ္မ အခေါ်ခံခဲ့ရတာ ဆိုပေမဲ့လည်း အဲဒီနေရာက ငါ့ကို အများကြီး ကူညီပေးခဲ့တာ အမှန်ပဲ။ ပြီးတော့ အဲဒီမှာ သူငယ်ချင်းအချို့လည်း ရှိနေသေးတယ်။ ငါ ဒီကို ရောက်နေတုန်း သူတို့ကို သွားတွေ့ချင်လို့" လုံချန်းက ပြန်လည်ဖြေကြားခဲ့သည်။
"သူငယ်ချင်းအချို့ ဟုတ်လား။ မိန်းကလေးတွေလား" ကျိချင်းက သူ့ကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်ရင်း မေးလိုက်၏။
"ဝိညာဉ်နက်ဂိုဏ်း ထဲမှာဆိုရင် မိန်းကလေးသူငယ်ချင်းက တစ်ယောက်တည်း ရှိတာပါ။ သူ့နာမည်က ချူမြောင်တဲ့။ သူက ဂိုဏ်းရဲ့ ထိပ်သီးတပည့်ခေါင်းဆောင် မုကျိန်း ပြီးရင် ဂိုဏ်းရဲ့ ထိပ်တန်း တပည့်တွေထဲက တစ်ယောက်ပေါ့။ ငါ အဲဒီကို ရောက်တော့ အဆင့်တွေ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာပြီး သူမကို ကျော်တက်သွားခဲ့တာ"
လုံချန်းသည် မိန်းကလေးများကို တစ်ခါမျှ မပြောပြဖူးသေးသည့် ဝိညာဉ်နက်ဂိုဏ်းတွင် သူ နေထိုင်ခဲ့ရစဉ်က အကြောင်းအရာများအား စတင် ပြောပြလိုက်တော့သည်။ ထိုအကြောင်းအရာများ ဖြစ်ပျက်ခဲ့စဉ်က သူတို့ ရှိမနေခဲ့ကြသဖြင့် မိန်းကလေးများမှာလည်း မသိရှိကြချေ။ လုံချန်း ဝိညာဉ်နက်ဂိုဏ်း သို့ ခေါ်ဆောင်ခံရစဉ်က သူတို့မှာ ကျိရှန်၏ နိုင်ငံတွင် ရှိနေခဲ့ကြခြင်း ဖြစ်သည်။
"ငါ အဲဒီမှာ မုကျိန်းနဲ့ ထိပ်တိုက်တွေ့မှုတွေ အများကြီး ရှိခဲ့ပြီး မကြာခင်မှာပဲ ဝိညာဉ်နက်ဂိုဏ်းရဲ့ ထိပ်သီးတပည့် ခေါင်းဆောင် ရာထူးကို ရယူနိုင်ခဲ့တယ်။ အဲဒီကိစ္စတွေ အားလုံးမှာ သူမက ငါ့ကို အမြဲတမ်း ကူညီပေးခဲ့ပြီး ဝန်းရံပေးခဲ့တာ။ နတ်ကောင်းကင်ဘုံဂိုဏ်းကို သွားတုန်းကလည်း သူမက ငါနဲ့အတူ လိုက်ခဲ့သေးတယ်"
"‘နတ်ကောင်းကင်ဘုံ တံဆိပ်ရှိတဲ့ ကြီးမားတဲ့ ဂိုဏ်းကြီး တစ်ဆယ့်ကိုးဂိုဏ်းထဲက ဂိုဏ်းတစ်ဂိုဏ်းချင်းစီက တပည့် ဆယ်ယောက်စီ စေလွှတ်ခဲ့ကြတာ။ ငါက ဝိညာဉ်နက်ဂိုဏ်း အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်ပေမဲ့ ငါ အထဲကို ဝင်လိုက်တာနဲ့ အဖွဲ့တစ်ဖွဲ့လုံးက ငါ့ကို ဆန့်ကျင်ပြီး မုကျိန်းကို ခေါင်းဆောင်တင်မြှောက်ပြီး လမ်းခွဲသွားခဲ့ကြတယ်" လုံချန်းက ဆိုသည်။
"ကျန်တဲ့ ကိုးယောက်ထဲမှာ ငါ့ဘက်မှာ ကြံ့ကြံ့ခံရပ်တည်ပေးခဲ့တာ နှစ်ယောက်ပဲ ရှိတယ်။ အဲဒီထဲက တစ်ယောက်က ချူမြောင် ဖြစ်ပြီး ဒုတိယတစ်ယောက်ကတော့ ကံမကောင်းစွာနဲ့ပဲ နတ်ကောင်းကင်ဘုံဂိုဏ်း အထဲမှာတင် သေဆုံးသွားခဲ့ရတယ်" သူက ထပ်လောင်းပြောပြခဲ့၏။
"ငါတို့ နတ်ကောင်းကင်ဘုံဂိုဏ်း ထဲကနေ ပြန်ထွက်လာတဲ့အချိန်မှာတော့ မိစ္ဆာကိုးကွယ်ဂိုဏ်းက လူနည်းနည်းကလွဲရင် ကျန်တဲ့ လူတွေ အားလုံးနီးပါး သေဆုံးကုန်ကြပြီ"
ထိုအမည်ကို ကြားလိုက်ရသောအခါ ကျိချင်းက တစ်ခုခုကို သတိရသွားခဲ့သည်။
"မိစ္ဆာကိုးကွယ်ဂိုဏ်း ဟုတ်လား... အရင်တုန်းက အဲဒီဂိုဏ်းရဲ့ ထိပ်သီးတပည့် မန်ရှန်းလီ အကြောင်း နင် ပြောဖူးတာ ငါ မှတ်မိတယ်" ကျိချင်းက ဆို၏။
"မန်ရှန်းလီ... ဟားဟားဟား" ထိုနာမည်ကို ကြားလိုက်ရသဖြင့် လုံချန်းက အားရပါးရ ရယ်မောလိုက်တော့သည်။
"အဲဒီကောင်က တော်တော်လေး ပွင့်လင်းလွန်းတယ်။ ဒါပေမဲ့ နောက်တော့ တကယ့် သူငယ်ချင်းကောင်း ဖြစ်သွားခဲ့တာ။ ငါ အရင်က မုန့်ကို ကလဲ့စားချေချင်လို့ အဖြူရောင် ဂိုဏ်းကြီးတွေအားလုံး တက်ရောက်နေကြတဲ့ မင်္ဂလာပွဲ အခမ်းအနားကြီးထဲကို အတင်းဝင်ရောက် ဖျက်ဆီးပစ်တုန်းကလည်း သူက ငါနဲ့အတူ ပါခဲ့သေးတယ်" သူက ပြောလိုက်သည်။
"ဪ... ဟုတ်သားပဲ၊ မုန့်ဆိုတဲ့ မိန်းကလေး။ နင် ငါနဲ့ စတွေ့တုန်းက လိုက်ရှာနေတဲ့ မိန်းကလေးမလား။ နင့်ကို ရတနာ ရှာပုံတော် ခရီးစဉ် ခေါ်သွားပြီးတော့မှ သစ္စာဖောက်ပြီး မိုးပျံ သားရဲပေါ်ကနေ တွန်းချခဲ့တဲ့ မိန်းကလေးလေ" ကျိချင်းက ဆို၏။
"ဟုတ်တယ်။ အဲဒီလိုလုပ်ခဲ့တာ လူ သုံးယောက် ရှိတယ်။ အမျိုးသားကတော့ သေသွားခဲ့ပြီ။ ကျန်တဲ့ နှစ်ယောက်က ငါ့ရဲ့ စေ့စပ်ထားဖူးသူ လင်းနဲ့ အဲဒီမိန်းကလေး မုန့်တို့ပဲ။ အခု လင်း တစ်ယောက်ပဲ အသက်ရှင်ကျန်တော့တာ။ ဒါပေမဲ့ သူက ငတုံးမို့လို့ ငါ သူ့ကို ဂရုမစိုက်တော့ပါဘူး။ ငါ စုံစမ်းသိရှိရသလောက်ဆိုရင် သူက ဒီပူးပေါင်းကြံစည်မှုအကြောင်းကိုတောင် မသိရှာဘူး" လုံချန်းက ပြန်လည်ဖြေကြားခဲ့သည်။
"ဘာပဲဖြစ်ဖြစ်... မန်ရှန်းလီကတော့ ပျောက်ဆုံးသွားခဲ့တဲ့ သူရဲ့ ဂျူနီယာညီမလေး သေဆုံးသွားခဲ့လို့ နတ်ကောင်းကင်ဘုံဂိုဏ်းထဲမှာ တော်တော်လေး စိတ်ဆင်းရဲခဲ့ရတာ။ အဲဒီညီမလေးရဲ့ ခန္ဓာကိုယ်ကို ငါ့ရဲ့ ဝိညာဉ်ဓားက ဝိညာဉ်က ပူးကပ်ထားတာ ဖြစ်ပေမဲ့ သူကတော့ အစကတည်းက သေဆုံးနေခဲ့ပြီးသားပါ" သူက ဓားဝိညာဉ်ကို မည်သို့ရရှိခဲ့ပုံနှင့် ၎င်းအား ရရှိရန် မည်မျှ ရုန်းကန်ခဲ့ရပုံကို ပြန်လည်တွေးတောရင်း ထပ်မံပြောဆိုလိုက်သည်။
"နေဦး... အခုမှ ပြန်တွေးမိတယ်။ ငါ အဲဒီနေရာကနေ ခေါင်းတလား တစ်လုံးလည်း ရခဲ့သေးတာပဲ။ အဲဒါက ဘာအတွက် သုံးရမှန်း ငါ မမှတ်မိတော့ဘူး။ ငါ အဲဒါကို လုံးဝ မေ့သွားခဲ့တာပဲ။ နောင်ကျရင်တော့ အဲဒီခေါင်းတလားရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေဖို့ ကြိုးစားရမယ်"
"ဒါနဲ့ ဟိုချူမြောင် ဆိုတဲ့ မိန်းကလေးဆီ ပြန်သွားရအောင်။ သူက ချောလား" ကျိချင်းက လုံချန်းကို မျက်စောင်းထိုးရင်း မေးမြန်းလိုက်တော့သည်။
"အင်း... တကယ်တော့ သူက အများကြီး ချောပါတယ်။ ဒါပေမဲ့ ငါ သူ့အပေါ်ကို မကောင်းတဲ့ စိတ်ရည်ရွယ်ချက်မျိုး တစ်ခါမှ မထားခဲ့ပါဘူး။ ငါ သူ့ကို သူငယ်ချင်း တစ်ယောက်လိုပဲ အမြဲမြင်ခဲ့တာ။ သူ့ဘက်ကလည်း အဲလိုပဲ ထင်မှာပါ။ ဒါကြောင့်မို့လို့လည်း ငါ ဂိုဏ်းကနေ ထွက်သွားတဲ့ အချိန်တုန်းက သူက ငါနဲ့အတူ လိုက်မလာဘဲ ငြင်းခဲ့တာပေါ့။ သူ လိမ်ညာထားတာကို ဂိုဏ်းက သိသွားရင် အသက်အန္တရာယ် စိုးရိမ်ရမယ်ဆိုတာ သိသိကြီးနဲ့ ဂိုဏ်းထဲမှာပဲ ဆက်နေခဲ့တာ" လုံချန်းက ပြောလိုက်လေသည်။