အခန်း ၁၁၁၈
Vol. 106 Ch. 1118
အခန်း ၁၁၁၈ တာရာ၏ အစ်ကို
လုံချန်းသည် အကျဉ်းချခံထားရသော သတ္တဝါတစ်ကောင်၏ ပုံပန်းသဏ္ဌာန်မှာ တာရာနှင့် ထပ်တူထပ်မျှ တူညီနေကြောင်း ကြားသိခဲ့ရသဖြင့် ထိုအကောင်မှာ တကယ်ပင် တာရာ ဖြစ်နေမည်လော သို့မဟုတ် တခြားတစ်ယောက် ဖြစ်နေမည်လော ဆိုသည်ကို အသေအချာ အတည်ပြုချင်နေခဲ့သည်။
အကယ်၍ ထိုသူမှာ တကယ်ပင် တာရာ ဖြစ်နေခဲ့ပါက ထိုကမ္ဘာကြီးသည် အမှန်တကယ် တည်ရှိနေပြီး ထိုနေရာသို့ သွားရောက်ရန် မခက်ခဲကြောင်း သက်သေပြနိုင်မည် ဖြစ်၏။ သို့မဟုတ်ဘဲ တခြားတစ်ယောက် ဖြစ်နေခဲ့လျှင်ပင် ဤကမ္ဘာမြေပေါ်၌ ထိုကမ္ဘာရှိ လူသားများနှင့် အရာရာတူညီသော လူသားမျိုးနွယ်စုများ ရှိနေသေးသည်ဟူသော အချက်ကို အံ့သြချီးကျူးမိရုံသာ ရှိပေမည်။
လုံချန်း အကျဉ်းထောင်သို့ ရောက်ရှိလာသောအခါ အကြီးအကဲများ၏ ခွင့်ပြုချက် ရရှိထားသူများသာ အထဲသို့ ဝင်ရောက်နိုင်ကြောင်း ပြောဆိုကာ အစောင့်များက သူ့ကို တားဆီးခဲ့ကြသည်။
"မင်းတို့ရဲ့ ဂိုဏ်းချုပ်ကိုယ်တိုင်က ငါ့ကို ငါသွားချင်တဲ့ နေရာတိုင်း သွားဖို့ ခွင့်ပြုထားတာ။ သူကိုယ်တိုင်တောင် ငါ့ကို မတားရဲဘူး။ ဖယ်ကြစမ်း... ငါ့အချိန်တွေကို မဖြုန်းနဲ့။ ငါ အခု လူသတ်ချင်တဲ့ စိတ်ခံစားချက်မျိုး မရှိဘူး" လုံချန်းက သူ့ကို တားဆီးနေသော အစောင့်များအား သတိပေးလိုက်၏။
"လူသတ်ချင်တဲ့စိတ် မရှိဘူး ဟုတ်လား။ ကောင်လေး... ငါတို့ မင်းကို မဖမ်းဆီးခင် ဒီနေရာကနေ အမြန်ထွက်သွားလိုက်စမ်း" အစောင့်များက လုံချန်းကို ပြန်လည် သတိပေးလိုက်ကြသည်။
လုံချန်းက ချူမြောင်ကို လှမ်းကြည့်ပြီးနောက် မေးလိုက်သည်။ "ဒီနှစ်ယောက်က ဒီနေရာကို ရောက်ခါစ လူသစ်တွေလား"
"ဟုတ်တယ်" ချူမြောင်က ပြန်ဖြေသည်။
"ကောင်းပြီလေ... ဒါဆိုရင်တော့ ဘာမှမဖြစ်ပါဘူး။ ငါက ဒီကို ဧည့်သည်အဖြစ် လာတာဆိုတော့ သူတို့ရဲ့ ဒီတစ်ကြိမ် အမှားကိုတော့ ငါ ခွင့်လွှတ်ပေးလိုက်ပါ့မယ်" လုံချန်းက ချူမြောင်ကို ပြောဆိုလိုက်ပြီးနောက် ဝိညာဉ်ဓားအား ထုတ်လိုက်တော့သည်။
"ဒါက သူတော်စင် အဆင့်ဓားပဲ။ မင်းတို့တွေ ဒါကို ရင်ဆိုင်နိုင်တယ်လို့ ထင်ရင် ငါ့ကို ဆက်တားကြည့်လိုက်ကြ။ တကယ်လို့ ရင်မဆိုင်ချင်ဘူးလို့ ထင်ရင်တော့ တစ်လက်မမှ မလှုပ်ကြနဲ့" လုံချန်းက အစောင့်များကို ပြောလိုက်၏။
"ငါ မင်းတို့ကို အကုန်လုံး ပြောပြပြီးပြီ။ ဒီအချိန်ကစပြီး ဘာဖြစ်ဖြစ် ငါ့မှာ တာဝန်မရှိတော့ဘူး။ မင်းတို့ရဲ့ အသက်က မင်းတို့ လက်ထဲမှာပဲ ရှိတယ်" လုံချန်းက ဤသို့ဆိုကာ အကျဉ်းထောင်အတွင်းသို့ စတင်လျှောက်လှမ်းသွားခဲ့သည်။
"မင်းက ငါတို့ကို လိမ်ညာရဲတယ်ပေါ့ ဟုတ်လား။ မင်းလို ကောင်လေးတစ်ယောက်မှာ သူတော်စင် အဆင့်ဓား ရှိနေရအောင်လို့လား။ ကောင်းကင်ဘုံ အဆင့်ဓားတွေတောင်မှ အလွန် ရှားပါးတာ။ မင်းပြောတာကို ငါတို့ ယုံမယ်လို့ ထင်နေလား။ အဲဒီမှာတင် ရပ်လိုက်စမ်း"
အစောင့်များသည် လုံချန်း၏ စကားကို မယုံကြည်ကြသဖြင့် အရှေ့သို့ တိုးလာကာ သူ့လမ်းကို ပိတ်ဆို့လိုက်ကြ၏။ သူတို့က သူ့ကို ကလေးတစ်ယောက်ဟုသာ ထင်မှတ်နေဆဲ ဖြစ်သည်။ အကယ်၍ သူ့ကို ပေးဖြတ်လိုက်ပါက ဂိုဏ်းချုပ်က သူတို့အား ဒေါသထွက်လိမ့်မည် မဟုတ်လော။
"ငါ မင်းတို့ကို ပြောပြီးသားပဲ။ မင်းတို့ရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်းက မင်းတို့ လက်ထဲမှာပဲ ရှိတာ။ မင်းတို့ အဲဒီနေရာမှာတင် ငြိမ်ငြိမ်လေး ရပ်နေခဲ့ရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့ လှုပ်ရှားလိုက်ပြီဆိုတော့ ငါ့ကို အပြစ်တင်လို့ မရတော့ဘူး။ ငါ ဒီနေရာမှာ အချိန်တွေ တော်တော် ဖြုန်းမိသွားပြီ" လုံချန်းက ဆက်လက်လျှောက်လှမ်းရင်း တည်ငြိမ်စွာ ဆိုလိုက်သည်။
သူ ရပ်တန့်မသွားသည်ကို မြင်သောအခါ အစောင့်များသည် သူတို့ ဓားများကို ထုတ်ယူလိုက်ကြသော်လည်း လုံချန်းထံသို့ ဦးတည်ရန်ပင် အချိန်မရလိုက်ဘဲ ဝိညာဉ်ဓားက လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ လှုပ်ရှားသွားခဲ့တော့၏။
ချလွင်... ချလွင်...
ဓားနှစ်လက်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သတ္တုသံများ ထွက်ပေါ်လာခဲ့သည်။ အစောင့်များ၏ ဦးခေါင်းများသည်လည်း ဓားများနှင့်အတူ မြေပြင်ပေါ်သို့ လိမ့်ဆင်းသွားခဲ့ပြီးနောက် သူတို့ ခန္ဓာကိုယ်ကြီးများမှာလည်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရတော့၏။
ချူမြောင်က လုံချန်းကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ သူသည် မြေကမ္ဘာနယ်ပယ် အစောင့်များကို ယခုကဲ့သို့ အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်၏။ သူမသည် လုံချန်း၏ ပတ်ပတ်လည်တွင် ဝဲပျံနေသော ဝိညာဉ်ဓားကို ကြည့်လိုက်သည်။
"ဒါက တကယ်ပဲ သူတော်စင် အဆင့်ဓားလား" သူမက မေးလိုက်၏။
"အင်း... ဟုတ်တယ်" လုံချန်းက ပြန်ဖြေသည်။
"အံ့သြစရာပဲ။ သူတော်စင် အဆင့် လက်နက်တစ်လက်ပေါ့။ တကယ်ကို အံ့မခန်းပါပဲ" ချူမြောင်က မှင်တက်စွာ ဆိုလိုက်မိသည်။
"ငါတို့လို လူတွေအတွက်တော့ ကောင်းကင်ဘုံအဆင့် ရတနာတွေကတောင် ဒဏ္ဍာရီလာ ပစ္စည်းတွေ ဖြစ်နေရတာ။ အခု သူတော်စင် အဆင့် ရတနာတစ်ခုကို မြင်လိုက်ရပြီပဲ။ နင် တကယ့်ကို ကြီးမားတဲ့ စွန့်စားခန်းတွေ ကြုံတွေ့ခဲ့ရပုံပဲ" သူမက လုံချန်းကို ပြောလိုက်၏။
"အဲလိုပဲ ပြောရမှာပေါ့။ ဒါနဲ့... ငါ့ကို အဲဒီသတ္တဝါတွေ ရှိတဲ့ နေရာဆီ ခေါ်သွားပေးလို့ ရမလား" လုံချန်းက အဓိက အကြောင်းအရာဘက်သို့ စကားလမ်းကြောင်း ပြန်လှည့်လိုက်သည်။
"ဟုတ်သားပဲ။ ငါနဲ့ လိုက်ခဲ့ပါ" ချူမြောင်က လုံချန်းကို ပြောဆိုကာ အကျဉ်းထောင် အတွင်းသို့ လှမ်းဝင်ခဲ့ပြီး လုံချန်းကလည်း သူမ အနောက်မှ လိုက်ပါသွားခဲ့သည်။
သူမသည် လုံချန်းကို ရှည်လျားသော စင်္ကြံလမ်းများအတိုင်း ခေါ်ဆောင်သွားခဲ့ပြီး လှေကားများရှိရာ အဆုံးသတ်သို့ ရောက်သောအခါ ထိုလှေကားများမှတစ်ဆင့် အထက်ထပ်သို့ ခေါ်ဆောင်လာခဲ့၏။
သူမသည် လုံးဝ ပိတ်ဆို့ထားသော ထောင်ခန်းတစ်ခန်း၏ အရှေ့တည့်တည့်၌ ရပ်တန့်လိုက်သည်။
"ဒါက လွန်ခဲ့တဲ့ အချိန်အတော်ကြာတုန်းက ဂိုဏ်းက ပထမဆုံး ဖမ်းဆီးရမိခဲ့တဲ့ သတ္တဝါကို ထားတဲ့ ထောင်ခန်းပဲ" သူမက လုံချန်းကို ပြောပြလိုက်၏။
"ဒီနေရာလား... ငါ အရင်က ဒီနေရာကို ရောက်ဖူးတာ မှတ်မိတယ်။ ဒီထောင်ခန်းထဲမှာတင် ငါ မီယောင်ကို သတ်ခဲ့တာ။ တကယ်လို့ ဒီထောင်ခန်းက တာရာနဲ့ တူတဲ့လူရဲ့ ထောင်ခန်းမှန်း ငါသိခဲ့ရင် အဲဒီတုန်းကတည်းက ငါ တစ်ခါတည်း ဖွင့်ပေးခဲ့မှာ" လုံချန်းက မိမိဘာသာ ရေရွတ်လိုက်မိသည်။
"မင်းမှာ သော့တွေ ရှိလား" သူက ချူမြောင်ကို မေးလိုက်၏။
"ရှိတာပေါ့" ချူမြောင်က ပြုံးရင်း သော့တွဲတစ်တွဲကို ထုတ်ပြလိုက်သည်။ "ဒါတွေက အောက်ထပ်က နံရံမှာ ချိတ်ထားတာ။ ဒီထဲက တစ်ခုကတော့ သူ့အခန်းရဲ့ သော့ ဖြစ်ရမယ်"
သူမသည် သော့များကို တစ်ချောင်းပြီးတစ်ချောင်း စမ်းဖွင့်ကြည့်ရာ နောက်ဆုံး ခုနစ်ကြိမ်မြောက် စမ်းသပ်မှုတွင် သော့ခလောက် ပွင့်သွားသည့် အသံတစ်သံ ကြားလိုက်ရတော့သည်။
"ကျွီ..." အသံနှင့်အတူ တံခါးပွင့်သွားခဲ့ပြီး အတွင်း၌ ရှိနေသော သတ္တဝါကို မြင်တွေ့လိုက်ရ၏။
၎င်းက ချူမြောင် ဖော်ပြခဲ့သည့်အတိုင်းပင် အရပ်ရှည်ပြီး မျက်လုံးသုံးလုံး ရှိသော သတ္တဝါ ဖြစ်ပေသည်။ သူသည် တာရာနှင့် အလွန်တရာ တူညီလှ၏။
"စိတ်ဝင်စားစရာပဲ။ မင်းက တာရာနဲ့ တူလှချည်လား။ ငါ့လက်စွပ်ထဲက ကမ္ဘာကြီးက မင်းတို့ရဲ့ မျိုးနွယ်စုကို အခြေခံပြီး ဖန်တီးထားတာ ထင်တယ်" လုံချန်းက ထောင်ခန်းအတွင်းသို့ လှမ်းဝင်ရင်း ရေရွတ်လိုက်မိသည်။ သူသည် ရက်သတ္တပတ်ပေါင်းများစွာ အစာငတ်ပြတ်နေပုံရပြီး လက်မောင်းများနှင့် ခြေထောက်များကိုပင် မလှုပ်ရှားနိုင်တော့ဘဲ မောပန်းနွမ်းနယ်နေသော ထိုသတ္တဝါကို စိုက်ကြည့်နေခဲ့၏။
"တာရာ ဟုတ်လား... မင်း ငါ့ရဲ့ ညီ တာရာအကြောင်းကို ပြောလိုက်တာလား" ထိုသတ္တဝါက မျက်လုံးများကို အားနည်းစွာ ဖွင့်လိုက်ရင်း လှမ်းမေးလိုက်သည်။
"ဟုတ်တယ်။ မင်းနဲ့ ပုံစံတူတဲ့ တာရာဆိုတဲ့ လူတစ်ယောက် ရှိတယ်။ သူ့မှာ တယ်ရာလို့ အမည်ရတဲ့ ဖခင်တစ်ယောက်လည်း ရှိပြီး... ပြီးတော့ ပျောက်ဆုံးနေတဲ့ အစ်ကိုတစ်ယောက်..." လုံချန်းက တာရာအကြောင်းကို စတင်ရှင်းပြနေစဉ် တစ်ခုခုကို သတိရသွားဟန်ဖြင့် စကားအား ချက်ချင်း ရပ်တန့်လိုက်၏။
"နေဦး... မင်းက တာရာရဲ့ အစ်ကိုလို့ ပြောလိုက်တာလား။ မင်းတို့ရဲ့ မျိုးနွယ်စုနာမည်နဲ့ မင်းတို့အဖေရဲ့ နာမည်ကို ငါ့ကို ပြောပြစမ်းပါဦး" လုံချန်းက ထိုသတ္တဝါကို လှမ်းပြောလိုက်သည်။
"ငါ့အဖေရဲ့ နာမည်က တယ်ရာ ပါ။ ငါ့ရဲ့ မျိုးနွယ်စု တည်ရှိရာနေရာကတော့..."
ထိုသတ္တဝါသည် မိမိကိုယ်တိုင်နှင့် မိမိတို့၏ ရွာအကြောင်းကို စတင်ပြောပြတော့သည်။ ထိုနေရာက မည်မျှလှပကြောင်း၊ သူတို့၏ ဘုရားကျောင်းအကြောင်းနှင့် အခြားအကြောင်းအရာ အများအပြားကိုပါ ပြောပြခဲ့၏။
"မဖြစ်နိုင်တာ၊ ဒါဆို အဲဒီကမ္ဘာကြီးက အတုမဟုတ်ဘဲ အစစ်အမှန်ကြီး ဖြစ်နေတာပေါ့။ ပြီးတော့ မင်း အဲဒီမှာ ပျောက်ဆုံးသွားခဲ့တုန်းက ဒီနေရာရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာပေါ့" လုံချန်းက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်မိသည်။
"လာပါ... ငါ မင်းကို လွှတ်ပေးမယ်။ ငါ မင်းကို အပြင်ကို ခေါ်ထုတ်သွားပေးမယ်" သူက ဆို၏။ "မင်းတို့ရဲ့ မျိုးနွယ်စုနဲ့ မင်းရဲ့ ညီက ငါ့ရဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာ"
"မင်း လိမ်နေတာ။ ငါ့ရဲ့ မျိုးနွယ်စုနဲ့ ငါ့ရဲ့ညီက မင်းရဲ့ သူငယ်ချင်း ဖြစ်စရာ အကြောင်းမရှိဘူး။ တကယ်လို့ သူသာ မင်းရဲ့သူငယ်ချင်း ဖြစ်နေမယ်ဆိုရင် မင်းလည်း သူ့ကို ဖမ်းဆီးထားမှာ မဟုတ်ဘူး။ ငါ့ကို အခုလို အကျဉ်းချထားသလိုမျိုး သူ့ကိုလည်း မင်း အကျဉ်းချထားမှာ မဟုတ်ဘူး" ထိုသတ္တဝါက ဆိုလိုက်သည်။
"မင်း လိမ်နေတာ... မင်း တကယ်ပဲ လိမ်နေတာ။ အရင်တုန်းကတော့ ငါတို့က လူသားတွေကို ငါတို့ရဲ့ သူရဲကောင်းတွေလို့ ထင်ခဲ့ကြတာ။ ငါတို့ရဲ့ ဒဏ္ဍာရီတွေအရဆိုရင် လူသားတွေက ငါတို့ကမ္ဘာကို ရောက်လာပြီး ငါတို့ကို ကူညီပေးခဲ့တဲ့ ဒဏ္ဍာရီလာ သတ္တဝါတွေပေါ့။ ဒါပေမဲ့ အခုတော့ ငါ အမှန်တရားကို မြင်လိုက်ရပါပြီ။ မင်းတို့က ဒဏ္ဍာရီ မဟုတ်ဘူး။ မင်းတို့က အတ္တအကြီးဆုံး သတ္တဝါတွေထဲက တစ်ခုပဲ" သူက ထပ်လောင်းပြောဆိုလိုက်၏။
"မင်း အထင်လွဲနေပါပြီ။ ငါက မင်းကို ဖမ်းဆီးထားတဲ့ လူတွေရဲ့ အပေါင်းအပါ မဟုတ်ပါဘူး။ ငါက ဒီအတိုင်း လမ်းကြုံလို့ ဖြတ်လာရင်းနဲ့ မင်းအကြောင်း ကြားရလို့... မင်းရဲ့ ပုံစံက ရင်းနှီးနေတာနဲ့ လာပြီး အတည်ပြုကြည့်တာ။ မင်းကို အခုလို အကျဉ်းချထားတဲ့ ကိစ္စမှာ ငါ့နဲ့ ဘာပတ်သက်မှုမှ မရှိဘူး" လုံချန်းက ပြန်လည် ချေပလိုက်လေတော့သည်။