← Chapters

အခန်း (၅၇၇-၅၇၈)

Vol. 32 Ch. 577-578

အခန်း (၅၇၇-၅၇၈)

Vol. 32 Ch. 577-578

အပိုင်း (၅၇၇) သာမန်ထက်လွန်ကဲသော သိုင်းပညာယှဉ်ပြိုင်မှု

"တိမ်လွှာခွဲလက်ဝါး..."

ဟူသော အော်ဟစ်သံက ပတ်ဝန်းကျင်ရှိ လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစားသွားသည်။

ကျောက်လျဲ့၏ ထိုလက်ဝါးရိုက်ချက်မှာ အလွန်တရာ ပြင်းထန်လှသော်လည်း ပြိုင်ဘက်ဖြစ်သူကလည်း အနည်းငယ် ရှောင်တိမ်းသွားနိုင်ခဲ့၏။

မူလက ရင်ဘတ်တည့်တည့်ကို ထိမှန်ရမည့် လက်ဝါးမှာ ရင်အုံဘေးသို့သာ ထိမှန်သွားသည်။

ပြိုင်ဘက်ဖြစ်သူက ထိုလက်ဝါး၏ အရှိန်ကို အသုံးချကာ နောက်သို့ လိမ့်ထွက်သွားပြီးနောက် ခြေနှစ်ဖက်ဖြင့် အားယူကာ ကျောက်လျဲ့ဆီသို့ ပြန်လည် ခုန်အုပ်လာခဲ့သည်။ လက်သီးနှစ်ဖက်စလုံးကို ပစ်သွင်းရင်း အသံကုန် အော်ဟစ်လိုက်ပြန်၏။

"နဂါးမာန်ကျိုးလက်ဝါး..."

သူတို့နှစ်ဦးမှာ အပြန်အလှန် ဆက်လက် တိုက်ခိုက်နေကြပြီး ယခုအခါတွင်မူ ပါးစပ်မှလည်း သိုင်းကွက် နာမည်များကို တစ်ဆတ်တည်း အော်ဟစ်နေကြပြီ ဖြစ်၏။

ရိုးရှင်းလှသော သာမန် တိုက်ကွက်များကိုပင် အလွန် ခမ်းနားကြီးကျယ်သော နာမည်များ တပ်ထားကြရာ ကြည့်ရသည်မှာ အတော်လေး အရှိန်အဝါ ကြီးမားနေပုံရသည်။

အခြားသူများကလည်း ထိုနည်းတူပင် ဖြစ်ရာ သိုင်းလေ့ကျင့်ကွင်း၏ လေထုထဲတွင် ရှုပ်ယှက်ခတ်နေသော သိုင်းကွက်နာမည်များနှင့် ကြားရသူကို ရှက်သွေးဖြာစေမည့် အသံများ ပြည့်နှက်နေတော့၏။

"နဂါးနိုင်လက်ဝါး တစ်ဆယ့်ရှစ်ကွက်..."

"အာ... အား..."

"အလင်းစက်ဝန်း..."

"ဓားသိုင်းနှစ်ဆယ့်နှစ်..."

"ဝုတ်..."

"နတ်ဆိုးချေမှုန်းရေးအလင်းတန်း... ရွှီး..."

ကျင်းဘုရင်မင်းမြတ်မှာ အံ့အားသင့်နေရာမှ သတိပြန်ဝင်လာပြီး နဖူးပေါ်တွင် မျဉ်းမည်းကြီးများ ပေါလာသည်။ ထို့ကြောင့် မျက်နှာသေဖြင့် မေးလိုက်သည်။ "ဒါက ဘာလုပ်နေကြတာလဲ။"

ဖန်ကျန်းရီက ချက်ချင်း ရှင်းပြလိုက်၏။ "တိုက်ခိုက်နေကြတာလေ အရှင်မင်းကြီး။ ဒါက သူတို့ဘာသာ ရှာဖွေတွေ့ရှိထားတဲ့ နည်းလမ်းတွေပါ။ စစ်မြေပြင်ကို ရောက်တဲ့အခါ ကိုယ့်ရဲ့ သိုင်းကွက်နာမည်ကို အသံကျယ်ကျယ် အော်ဟစ်လိုက်တာက ရန်သူတွေကို တုန်လှုပ်သွားစေနိုင်ပါတယ်။ အခုလို တိုက်ခိုက်တာက ပိုပြီး အရှိန်အဝါ ကြီးမားသွားတယ်လို့ အရှင်မင်းကြီး မထင်ဘူးလား။"

ဤသိုင်းကွက်နာမည်များကို သူကိုယ်တိုင် ပေးထားခြင်းဖြစ်ပြီး နေ့စဉ် အခြေခံလေ့ကျင့်ရေးများတွင် အော်ဟစ်ကာ တိုက်ခိုက်ရန် သင်ကြားပေးထားခြင်း ဖြစ်သည်။

ကျင်းဘုရင်မင်းမြတ် ဘာမှမပြောနိုင်မီမှာပင် အတွင်းဝန်ရုံးမှ အမတ်ဟောင်းများမှာ မျက်နှာကို လက်ဖြင့်အုပ်ကာ နောက်သို့ လှည့်သွားကြ၏။

အလွန်တရာ အနေခက်လှသော ခံစားမှုကြီးတစ်ခုက နေရာအနှံ့ ပျံ့နှံ့လာခဲ့သည်။

ဒါက ကလေးတွေ ရန်ဖြစ်နေတာလား။ ပါးစပ်ကနေ အသံစုံထွက်အောင် အော်ဟစ်ပြီး ရန်ဖြစ်နေကြတာ။ ဒီလောက် လူကောင်ကြီးတွေ ဖြစ်ပြီး အရွယ်ရောက်ပြီးသူ တစ်ယောက်မှာ ရှိသင့်တဲ့ ရှက်စိတ်လေးတောင် မရှိကြဘူးလား။

မျက်လုံးဖြင့် မကြည့်တော့သော်လည်း နားထဲတွင်တော့ ရှက်စရာကောင်းလှသော အော်ဟစ်သံများကို ကြားနေရဆဲ ဖြစ်၏။

ကျန်းတုန်ရှန်းမှာ ပါးစပ်ကို အတင်းပိတ်ထားရာမှ နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ မျက်နှာရဲရဲဖြင့် ပြောလိုက်သည်။ "ဖန်အမတ်... ခင်ဗျားရဲ့ တပ်လေ့ကျင့်ပုံက တကယ်ပဲ ထူးခြားလှပါတယ်။ အရှင်မင်းကြီး... ကျွန်တော်မျိုး အမြင်မှာတော့ ဒါက တကယ့်ကို ကြင်နာသနားတတ်တဲ့ တပ်ဖွဲ့ပါပဲ။ စစ်မြေပြင်ရောက်ရင် ဓားတစ်ချက် မခုတ်ရဘဲ၊ စစ်သားတစ်ယောက်မှ မဆုံးရှုံးရဘဲ ရန်သူကို ရယ်သေအောင် လုပ်နိုင်ပါလိမ့်မယ်... ခွီး ..."

ကျိန့်ချောင်ကလည်း ဟားဟားရယ်မောလျက် ဝင်ပြောလိုက်သည်။ "အဟမ်း... အဓိပ္ပာယ်ရှိတယ် အရှင်မင်းကြီး။ ကြည့်ရတာ ဖန်အမတ်က တကယ်ပဲ သနားကြင်နာတတ်တဲ့သူ ဖြစ်နေတာကိုး။"

လီယန်စုန့်၏ မျက်လုံးများထဲတွင်တော့ နားမလည်နိုင်မှုများ ရှိနေသော်လည်း အခြေအနေက အလွန် အနေရခက်နေသဖြင့် ဘာပြောရမည်ကို မသိတော့ချေ။

ဒီလို ရှက်စရာကောင်းအောင် လုပ်နေတာလား။ ဒီလို ပုံစံနဲ့ စစ်မြေပြင်ကို ရောက်ရင် ရွံစရာကောင်းအောင် သတ်သတ် လုပ်နေသလို ဖြစ်မနေဘူးလား။

ကျင်းဘုရင်မင်းမြတ် ၏ မျက်နှာမှာလည်း နီရဲနေသည်။ သို့နှင့် ပြောလိုက်သည်။ "ဖန်အမတ်... မင်းက စစ်မြေပြင်ကို မရောက်ဖူးတော့ အချိန်ရရင် တခြားအမတ်တွေကို မေးကြည့်လိုက်ပါ။ တချို့ကိစ္စတွေက မင်း ထင်သလို မဟုတ်ဘူး။ စစ်မြေပြင်မှာ မင်းအော်တာကို ဘယ်သူမှ နားထောင်မှာ မဟုတ်သလို ကြားလည်း ကြားရမှာ မဟုတ်ဘူး။ အချက်ပြစည်တီးသံနဲ့ အလံပြသင်္ကေတတွေကိုပဲ အားကိုးရတာ။"

ဖန်ကျန်းရီက နားလည်သွားဟန်ဖြင့် လျှောက်တင်လိုက်၏။ "ကျွန်တော်မျိုး မှတ်သားထားပါ့မယ်။ အရှင်မင်းကြီး က တကယ်ပဲ ဗဟုသုတ ကြွယ်ဝလှပါတယ်။"

ရန်ဟွာတို့အဖွဲ့မှာမူ ရင်ထဲတွင် အူတက်မတတ် ရယ်မောနေကြပြီ ဖြစ်သည်။

သူတို့၏ ရာထူးအဆင့်အတန်းအရ ဖန်ကျန်းရီကို မလှောင်ပြောင်ဝံ့သလို အရှင်မင်းကြီး ရှေ့တွင်လည်း အသံထွက်၍ မရယ်ဝံ့ကြချေ။

သူတို့ရှေ့ရှိ လူနှစ်ယောက် တိုက်ခိုက်နေပုံမှာ တစ်ယောက်က သစ်ခွလိပ်ပြာ ခြေလှမ်းဟု အော်ဟစ်ကာ မြေကြီးပေါ်တွင် လိမ့်နေပြီး အခြားတစ်ယောက်က လှိုင်းဖြတ်ခြေလှမ်းဟု အော်ဟစ်ကာ လိမ့်နေသူပေါ်သို့ အတင်းတက်နင်းရန် ကြိုးစားနေသည်။

ဤမျှ ရယ်စရာကောင်းသော မြင်ကွင်းကို ကြည့်ရင်း စစ်ဘက်ဆိုင်ရာ အရာရှိများမှာ သေးထွက်မကျအောင် အောင့်အည်းနေရ၏။

ကြည့်ရသည်မှာ ဤဖန်အမတ်က ဈေးကွက်ထဲတွင် ခေတ်စားနေသော သိုင်းဝတ္ထုများကို ဖတ်ရသည်ကို နှစ်သက်ပုံရသည်။

တကယ့်ကို အပျော်တမ်း အဆင့်ပါပဲလား။

လီယွမ်ကျောက် တစ်ယောက်သာ လက်ပိုက်၍ အေးစက်စက် ပြုံးနေခဲ့သည်။ ဖန်ကျန်းရီနှင့် အချိန်ကြာကြာ နေလာခဲ့သဖြင့် သူသည် ဤကဲ့သို့ အနေရခက်သော အခြေအနေများကို ခုခံနိုင်စွမ်း ရှိနေပြီ ဖြစ်၏။ ခဏနေလျှင် မည်သို့သော ပွဲကောင်းမျိုး ကြည့်ရမည်နည်း ဟုသာ သူ မျှော်လင့်နေမိ၏။

နောက်ထပ် ငါးမိနစ်ခန့် ကြာပြီးနောက် သူတို့၏ သိုင်းကွက်နာမည်များ အော်ဟစ်ခြင်း ပြီးဆုံးသွားသောအခါ လူနှစ်ရာလုံးမှာ ညီညာသော တန်းစီမှုအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားကြသည်။

ကျောက်လျဲ့က အစီရင်ခံလိုက်၏။ "အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ လေ့ကျင့်ပြသလို့ ပြီးပါပြီ။"

ဖန်ကျန်းရီကလည်း ခွင့်တောင်းလိုက်သည်။ "အရှင်မင်းကြီး... အခု တကယ့် လက်တွေ့ ယှဉ်ပြိုင်မှုကို စလို့ ရပြီလား။"

ကျင်းဘုရင်မင်းမြတ် မှာ ဖန်ကျန်းရီ မျက်နှာပျက်ရမည်ကို စိုးရိမ်သဖြင့် စမ်းသပ်သည့်အနေဖြင့် မေးလိုက်၏။ "ဖန်အမတ်... တကယ်တော့ အတင်းအကျပ် လုပ်စရာ မလိုပါဘူး။ မင်း ဒီလောက်အထိ လေ့ကျင့်ပေးထားနိုင်တာကိုပဲ ကိုယ်တော် ကျေနပ်နေပါပြီ။ ရန်ဟွာရဲ့ သိုင်းပညာကို ကိုယ်တော် ကြားဖူးတယ်။ ရန်မိသားစုရဲ့ လက်သိုင်းက အရမ်း မြန်ဆန်ပြီး ထိခိုက်ဒဏ်ရာရဖို့ အရမ်းလွယ်တယ်။"

ဖန်ကျန်းရီက လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... သူတို့ ယှဉ်ပြိုင်ချင်လား၊ မပြိုင်ချင်ဘူးလား ဆိုတာကို ကျွန်တော်မျိုး အရင် မေးကြည့်ပါရစေ။"

ထို့နောက် ဖန်ကျန်းရီက လူအုပ်ကြီးကို လှည့်ကာ အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။ "အရှင်မင်းကြီးက မင်းတို့ကို သနားလို့ လက်တွေ့ယှဉ်ပြိုင်ရင် ဒဏ်ရာရမှာ စိုးရိမ်နေတယ်။ မင်းတို့ ယှဉ်ပြိုင်ချင်သေးလား။"

လူနှစ်ရာလုံးက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ "အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုးတို့ ဒဏ်ရာရမှာကို မကြောက်ပါဘူး။"

ကျင်းဘုရင်မင်းမြတ် မှာ ခေါင်းတဆတ်ဆတ် ညိတ်ရင်း ရင်ထဲတွင် လှုပ်ရှားသွား၏။

တာ့ကျင်းတိုင်းပြည်၏ သစ္စာရှိသော သူရဲကောင်း နှစ်ရာခန့် ရုတ်တရက် တိုးပွားလာခြင်းက လူတိုင်းကို စိတ်လှုပ်ရှားစေသည်မှာ အမှန်ပင်။

ကျင်းဘုရင်မင်းမြတ် က အမိန့်ပေးလိုက်သည်။ "ကောင်းပြီ... ကောင်းတယ်။ ဒါဆိုလည်း ယှဉ်ပြိုင်ကြတာပေါ့။ ရန်ဟွာ... မင်း ကိုယ်တိုင် ပြိုင်ဘက် တစ်ယောက်ကို ရွေးလိုက်ပါ။"

ရန်ဟွာက တောင့်တင်းနေသော သူ၏ ပါးပြင်ကို အရင်ဆုံး ပွတ်သပ်လိုက်ပြီးနောက် ကျောက်လျဲ့ကို လက်ညှိုးထိုးကာ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... ကျွန်တော်မျိုး သူ့ကိုပဲ ရွေးပါတယ်။"

ကျောက်လျဲ့မှာ ဤအဖွဲ့၏ ခေါင်းဆောင်ဖြစ်ရာ အစွမ်းအစ အကောင်းဆုံးသူ ဖြစ်မည်မှာ သေချာလှသည်။

ယနေ့ အရှင်မင်းကြီး ကိုယ်တိုင် ရောက်ရှိနေခြင်းဖြစ်ရာ ဤသည်မှာ စွမ်းရည်ပြသရန် အကောင်းဆုံး အခွင့်အရေး ဖြစ်ပြီး မည်သို့ပင်ဖြစ်စေ အရှက်ကွဲ၍ မဖြစ်ပေ။

ဖန်ကျန်းရီက ခေါင်းညိတ်လိုက်၏။ "ကျန်တဲ့သူတွေ အကုန်လုံး ဘေးကို ဖယ်ပေးလိုက်ကြ။ ကျောက်လျဲ့ ထွက်လာခဲ့။"

ရန်ဟွာက ကွင်းလယ်သို့ ယုံကြည်မှုအပြည့်ဖြင့် လျှောက်လာခဲ့ပြီး ကျောက်လျဲ့၏ နဖူးတွင် ချွေးများ စို့နေသည်ကို မြင်သောအခါ မေးလိုက်သည်။ "ကျုပ် အနိုင်ရသွားရင် အခွင့်အရေးယူတယ်လို့ အပြောမခံရအောင် ခင်ဗျား အရင် ခဏ နားချင်သေးလား။"

ကျောက်လျဲ့က ဖြေလိုက်၏။ "စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်ရဲ့ ခွန်အားတွေ အပြည့်ရှိနေပါသေးတယ်။ နားစရာ မလိုပါဘူး။ တစ်ခါတည်း စလိုက်ကြရအောင်။"

ရန်ဟွာက အနည်းငယ် ပြုံးကာ သိုင်းကွက် ပြင်ဆင်လိုက်သည်။ "ကောင်းပြီလေ။ ကျုပ် သုံးမယ့်သိုင်းက မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ လက်သိုင်းပဲ။ အဝိုင်းထဲက အဖြောင့်ကို ရှာပြီး အဖြောင့်ထဲက အဝိုင်းကို ရှာတဲ့ သိုင်းမျိုးပေါ့။ လက်သီး၊ နပမ်း၊ ခြေကန်ချက်တွေကို ပေါင်းစပ်ထားပြီး မြန်ဆန်ပြင်းထန်မှုနဲ့ နာမည်ကြီးတယ်။ ခုနက ခင်ဗျားတို့ လေ့ကျင့်နေတာကို ကျုပ် မြင်ပြီးပြီဆိုတော့ အလစ်အငိုက်တော့ ယူမှာ မဟုတ်ဘူး။"

ကျောက်လျဲ့က သူ့ကို အတော်လေး ပွင့်လင်းဖြောင့်မတ်သူဟု မြင်ကာ အနည်းငယ် သဘောကျသွားပြီး သူလည်း သိုင်းကွက် ပြင်ဆင်ကာ ပြန်ပြောလိုက်သည်။ "ကျုပ် သုံးမှာက သုံးပွင့်ဆိုင်မူလစွမ်းအင်ပဲ။ ကောင်းကင် နှင်းခဲလက်သီး၊ လေနတ်ဘုရားခြေထောက်နဲ့ တိမ်လွှာခွဲလက်ဝါး သုံးမျိုးကို ပေါင်းစပ်ထားတာ။ အတွင်းအားကို ထုတ်သုံးလို့ ရသလို အင်မတန်လည်း ပြင်းထန်တယ်။ ခင်ဗျားလည်း သတိထားအုံး။"

ရန်ဟွာမှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရည်။ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ရုံရှိသေး ပြိုင်ဘက်က စိတ်နှောင့်ယှက်အောင် လာလုပ်နေပြန်၏။

ဘာ အတွင်းအား ထုတ်ရမှာလဲ။ ခုနက တိုက်ခိုက်နေတာတွေ အကုန်လုံးက ဘာသိုင်းကွက်မှ မပါတဲ့ သာမန် လက်သီးတွေချည်းပဲ မဟုတ်ဘူးလား။

"သေချာ အာရုံစိုက်ပြီး တိုက်ပါ။ ကျုပ် နောက်ပြောင်နေတာ မဟုတ်ဘူးနော်။" ရန်ဟွာက သတိပေးလိုက်သည်။

"ကျုပ်လည်း နောက်ပြောင်နေတာ မဟုတ်ပါဘူး။ သေချာ သတိထားပါ။" ကျောက်လျဲ့က ပြန်ပြောလိုက်၏။

ရန်ဟွာက ခေါင်းညိတ်လိုက်ပြီး မျက်နှာထား တဖြည်းဖြည်း တည်ကြည်သွားသည်။

သူ့ရှေ့ရှိ လူ ပြောဆိုနေသည်များမှာ အဓိပ္ပာယ်မရှိသော်လည်း ခွန်အားကတော့ ကြောက်မက်ဖွယ် ကောင်းလှသဖြင့် လုံးဝ အထင်သေး၍ မရချေ။

သူတို့နှစ်ဦး အဆင်သင့် ဖြစ်သွားသောအခါ အစပြုရန်ပင် မစောင့်တော့ဘဲ ရန်ဟွာက အရင်ဆုံး စတင် တိုက်ခိုက်လိုက်သည်။

ခန္ဓာကိုယ် အထက်၊ အလယ်၊ အောက် သုံးနေရာစလုံးကို တပြိုင်တည်း လှုပ်ရှားကာ ထူးဆန်းသော ကိုယ်ဟန်အနေအထားဖြင့် ကျောက်လျဲ့ဆီသို့ အလျင်အမြန် ကပ်သွားသည်။ ကျောက်လျဲ့မှာမူ မူလနေရာတွင်ပင် ရပ်နေဆဲ ဖြစ်၏။

သူတို့နှစ်ဦး ထိတွေ့မည့် အခိုက်အတန့်လေးတွင် ကျောက်လျဲ့က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ "ကောင်းကင်နှင်းခဲလက်သီး..."

အော်ဟစ်နေစဉ်မှာပင် ပြိုင်ဘက်၏ မျက်နှာဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ရန်ဟွာ၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာ၏။ ဤလူ၏ သိုင်းကွက်နာမည်များက အဓိပ္ပာယ်မရှိသော်လည်း လက်သီးက လက်သီး၊ လက်ဝါးက လက်ဝါး ဖြစ်ရာ နာမည်အော်လိုက်ခြင်းက ကြိုတင် သတိပေးလိုက်သကဲ့သို့ ဖြစ်နေသည်။

ယခုအခါ သူတို့နှစ်ဦးကြား အကွာအဝေးမှာ ရှောင်တိမ်း၍ မရနိုင်တော့သဖြင့် ရန်ဟွာက လက်သီးကို ခုခံရန် လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး ခြေထောက်ကလည်း အချိန်မရွေး ချောင်းတိုက်ရန် အသင့်ပြင်ထားလိုက်သည်။ ကာကွယ်မှုရော တိုက်ခိုက်မှုပါ ပြီးပြည့်စုံနေပြီ ဖြစ်၏။

ဘွတ်...

အ... သေပါပြီ...

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် တိုက်ပွဲက ပြီးဆုံးသွားပြီး ရန်ဟွာမှာ မြေကြီးပေါ်သို့ တဖြည်းဖြည်း ဒူးထောက်ကျသွားသည်။

ဂွကြားကို လက်ဖြင့်အုပ်ကာ လည်ပင်းတစ်ခုလုံး နီရဲနေပြီး မျက်ဖြူလန်နေသည်။ မျက်လုံးထဲတွင် ဒေါသများ ပြည့်နှက်နေပြီး အက်ကွဲနေသော အသံဖြင့် ပြောလိုက်၏။ "သောက်ခွေးကောင်... ခင်ဗျား ပြောတော့ ကောင်းကင်နှင်းခဲလက်သီးဆို... သစ္စာမရှိဘူး... ခိုးတိုက်တယ်..."

ကျောက်လျဲ့က ခေါင်းကုတ်ကာ အပြစ်ကင်းဟန်ဖြင့် ရှင်းပြလိုက်သည်။ "အာ... ကျုပ် မှားသွားလို့။ တောင်းပန်ပါတယ်ဗျာ။ သုံးပွင့်ဆိုင်မူလစွမ်းအင်မှာ သိုင်းသုံးကွက် ပါတော့ ကျုပ် မှတ်တာ ရောသွားလို့ပါ။ ခင်ဗျား အရင် နားလိုက်အုံး။ ပြီးမှ ကျုပ်တို့ အစက ပြန်ချကြတာပေါ့။"

ဘာတွေ ဖြစ်သွားတာလဲ။

ကျင်းဘုရင်မင်းမြတ် နှင့် ကြည့်ရှုနေသူများမှာ လုံးဝ မှင်တက်သွားကြ၏။

ခုနလေးတင် ကျောက်လျဲ့က ကောင်းကင်နှင်းခဲလက်သီးဟု အော်လိုက်သည်ကို ကြားလိုက်ရပြီးနောက် ရန်ဟွာ၏ ဂွကြားကို ခြေထောက်ဖြင့် ကန်လိုက်သည်ကို မြင်လိုက်ရသည်။

တစ်စက္ကန့်ပင် မကြာလိုက်ဘဲ အရှုံးအနိုင် ပေါ်သွားခဲ့၏။

လူတိုင်း သတိပြန်ဝင်လာသောအခါ ဖန်ကျန်းရီကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။

ဒီကောင်လေး... တကယ်ပဲ လမ်းမှန် မလျှောက်ဘူး။ သူ့လက်အောက်က လူတွေကလည်း တစ်ယောက်မှ မဖြောင့်မတ်ဘူး။

ရန်ဟွာ၏ အပေါင်းအသင်းများမှာလည်း မိဘသေသွားသကဲ့သို့ မျက်နှာများ ဖြူရော်နေကြ၏။

အထူးသဖြင့် ကျင်းဘုရင်မင်းမြတ် မှာ ပို၍ပင် မျက်နှာပူနေသည်။

စစ်မြေပြင်မှာ လှည့်စားတာတွေ ရှိတတ်တယ် ဆိုပေမဲ့ အခုတော့ အတွေ့အကြုံမရှိတဲ့ ကောင်လေးတစ်ယောက်ရဲ့ လှည့်စားတာကို ခံလိုက်ရပြီ။ ကိုယ်တော် ကိုယ်တိုင် ဝင်ပါခဲ့ရင်တောင် ရှုံးသွားနိုင်တယ်။

ခုနက လေ့ကျင့်ရေးတွေ ပြနေတာက အခုလို ခိုးတိုက်ဖို့ အကွက်ဆင်နေတာပဲ။ မဟုတ်ရင် ရန်ဟွာလို သိုင်းသမားတစ်ယောက်က ဒီလောက် အလွယ်တကူ အထိနာစရာ အကြောင်းမရှိဘူး။

ဖန်ကျန်းရီက ပြုံးစိစိဖြင့် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... ဘယ်လိုမြင်ပါသလဲ။"

ကျင်းဘုရင်မင်းမြတ် က ရွံရှာဟန်ဖြင့် မိန့်ကြားလိုက်၏။ "ကိုယ်တော့်ကို စကားမပြောနဲ့။ ဆက်ကြည့်မယ်။"

ဖန်ကျန်းရီမှာ အနေခက်သွားပြီး လီယွမ်ကျောက်ကို လှမ်းကြည့်လိုက်ရာ သွားဖြီးပြကာ လက်မထောင်ပြနေသည် ကို မြင်လိုက်ရသည်။ "တော်တယ် ဖန်ကြီး။"

"ဟီးဟီး... မဆိုးပါဘူး။"

သူတို့နှစ်ယောက်၏ အကွက်ဆင်နေပုံကို ကြည့်ရင်း ကျင်းဘုရင်မင်းမြတ် ၏ မျက်တောင်များမှာ တုန်ခါသွား၏။

သိုင်းကျင့်ကွင်းထဲတွင် ရန်ဟွာက ဂွကြားကို အုပ်လျက် ဖြည်းဖြည်းချင်း မတ်တတ်ရပ်လာပြီး ဒေါသတကြီး အသက်ရှူရင်း ကျောက်လျဲ့ကို စိုက်ကြည့်နေသည်။

ကျောက်လျဲ့ကမူ ယုန်သူငယ်လေးပမာ အပြစ်ကင်းဟန်ဖြင့် တောင်းပန်နေဆဲ ဖြစ်၏။

အမှန်တိုင်းပြောရလျှင် ဤသည်မှာ အားလျှော့ထားခြင်းသာ ဖြစ်သည်။ မဟုတ်လျှင် သစ်လုံးကဲ့သို့ ကြီးမားသော ခြေထောက်ဖြင့် ရန်ဟွာ၏ ငယ်ပါအား စိစိညက်ညက် ကြေသွားအောင် ကန်ခွဲပစ်နိုင်သည်။

ရန်ဟွာ၏ ဂွကြားမှ နာကျင်မှုက ရှိနေဆဲဖြစ်သော်လည်း ယခုအခါ အနည်းငယ် လှုပ်ရှားနိုင်နေပြီဖြစ်ရာလေ့ကျင့်ခန်း အနည်းငယ် လုပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။ "နောက်တစ်ခေါက် ပြန်စမယ်။"

"ကျုပ် ဒီတစ်ခါ လေနတ်ဘုရားခြေထောက်ကို သုံးမယ်။" ကျောက်လျဲ့က ရိုးသားစွာ ပြောလိုက်၏။

"ခင်ဗျား ပါးစပ်ပိတ်ထားစမ်း။"

လေနတ်ဘုရားခြေထောက်ဆိုသည့် စကားကို ကြားလိုက်ရသဖြင့် ရန်ဟွာမှာ အောက်ပိုင်းမှ နာကျင်မှု ပိုဆိုးလာသကဲ့သို့ ခံစားလိုက်ရကာ အသံစူးစူးဖြင့် အော်ဟစ်လိုက်သည်။

"ကောင်းပြီလေ။ ခင်ဗျား မကြိုက်ရင်လည်း ကျုပ် တိမ်လွှာခွဲလက်ဝါးကိုပဲ သုံးမယ်။"

လက်သီး၊ ခြေထောက်၊ လက်ဝါး သုံးမျိုး၏ တုံ့ပြန်ပုံများက ရန်ဟွာ၏ ခေါင်းထဲတွင် အဆက်မပြတ် လည်ပတ်နေသည်။ ဤလူက သိုင်းကွက် မမှန်ဘူးဆိုတာ သိထားသော်လည်း မနေနိုင်ဘဲ တွေးမိနေဆဲ ဖြစ်၏။

တွေးလေ ဒေါသထွက်လေ ဖြစ်လာပြီး နောက်ဆုံးတွင် ဒေါသကို မထိန်းနိုင်တော့ဘဲ ရန်ဟွာက အသံကျယ်ကျယ် အော်ဟစ်လိုက်သည်။ "အလကား စကားတွေ ပြောမနေနဲ့။ သေစမ်း..."

စကားဆုံးသည်နှင့် ခြေတစ်ဖက်ဖြင့် မြေကြီးကို ဆောင့်နင်း၍ ပြေးဝင်သွားရာ ကျောက်လျဲ့က အေးအေးဆေးဆေးပင် လက်ကို ဆန့်ထုတ်ပြီး အော်ဟစ်လိုက်၏။ "တိမ်လွှာခွဲလက်ဝါး..."

ယခုတစ်ကြိမ်တွင် ရန်ဟွာမှာ အလွန်တရာ သတိထားနေပြီဖြစ်သည်။ ကျောက်လျဲ့၏ လက်လှုပ်ရှားမှုကို မြင်လိုက်သည်နှင့် လုံးဝ သေချာသွားပြီဟု ယုံကြည်လိုက်သည်။

ဂွကြားကို လက်တစ်ဖက်ဖြင့် ကာကွယ်ထားပြီး အခြားတစ်ဖက်ဖြင့် တိုက်ခိုက်ရန် ပြင်ဆင်ထားသည်။ တစ်ဖက်လူ၏ လက်ဝါးရိုက်ချက်ကို ရှောင်တိမ်းပြီးနောက် တစ်ချက်တည်းဖြင့် အနိုင်ယူရန် ကြံရွယ်ထား၏။

ရန်ဟွာ အနားရောက်လာသည့် အခိုက်အတန့်တွင် ကျောက်လျဲ့က ထပ်မံ၍ အော်ဟစ်လိုက်ပြန်သည်။ "လက်ပိတ်သိုင်း..."

ဘာ...

မိမိ၏ မျိုးရိုးစဉ်ဆက် သိုင်းကွက်နာမည်ကို ကြားလိုက်ရသဖြင့် ရန်ဟွာ၏ ရင်ထဲတွင် အလွန်အမင်း အံ့အားသင့်သွား၏။

ထိုခဏလေးအတွင်းမှာပင် ကျောက်လျဲ့က ဘယ်ခြေကို ဗဟိုပြုကာ ခါးကို ရုတ်တရက် လှည့်လိုက်သည်။ လက်ဝါးကို ရုပ်သိမ်းကာ ပခုံးဖြင့် လူတစ်ကိုယ်လုံးကို အရှိန်ပြင်းပြင်း ဝင်တိုက်လိုက်သည်။

ဘုန်း...

အင့်... အား...

ရန်ဟွာမှာ လှပသော မျဉ်းကွေးလေးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လူတိုင်း၏ ကြောင်တောင်တောင် အကြည့်များအောက်တွင် အဝေးသို့ လွင့်စင်သွားတော့၏။

လူအများစုမှာ ရင်ထဲတွင် တုန်လှုပ်သွားကြသည်။

အလွန် နီးကပ်လွန်းသဖြင့် ရှောင်တိမ်းရန် မဖြစ်နိုင်တော့ပေ။ ထိုကျောက်လျဲ့က ဝက်ဝံကြီးတစ်ကောင်ပမာ ခန္္ဓာကိုယ်ဖြင့် ဝင်တိုက်သွားခြင်း ဖြစ်ပြီး ပါးစပ်မှလည်း အခြားသူ၏ မျိုးရိုးစဉ်ဆက် သိုင်းကွက်နာမည်ကို အော်ဟစ် နေသေး၏။

တကယ့်ကို မျက်နှာပြောင်တိုက်လွန်းတယ်၊ အောက်တန်းကျလွန်းတယ်၊ ယုတ်မာလွန်းတယ်...။

ဖန်ကျန်းရီက သတိပေးလိုက်သည်။ "အရှင်မင်းကြီး... အရှုံးအနိုင် ပေါ်သွားပါပြီ။"

ကျင်းဘုရင်မင်းမြတ် မှာ မြေကြီးပေါ်တွင် တဆတ်ဆတ် တုန်နေသော ရန်ဟွာကို ကြည့်ရင်း သူ၏ မျက်နှာပေါ်ရှိ ကြွက်သားများပါ လိုက်လံ တုန်နေသကဲ့သို့ ခံစားလိုက်ရသည်။ စိတ်ထဲတွင်လည်း ရှုပ်ထွေးသွား၏။

လည်စလုတ်မှာ အပေါ်အောက် တစ်ချက် လှုပ်ရှားသွားပြီး ပါးစပ်မှလည်း မပီမသဖြင့် ဖြေလိုက်သည်။ "အင်း... အင်း..."

အပိုင်း (၅၇၈) ဒါက ဓားတစ်လက်ပါ။

ကျင်းဘုရင်မင်းမြတ် ၏ စိတ်ထဲတွင် ရှုပ်ထွေးနေသည်။

မျက်နှာအရောင်ကလည်း တစ်ခါစိမ်းလိုက် တစ်ခါဖြူလိုက် ဖြစ်နေ၏။

တကယ်တော့ စစ်မြေပြင်တွင် အောက်တန်းကျသော နည်းလမ်းများကို အသုံးပြုခြင်းက ဆိုးရွားသောအရာ မဟုတ်ဘဲ ကောင်းမွန်သောအရာပင် ဖြစ်သည်။

စစ်သည်များ၏ အသက်ရှင်သန်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သမျှ မည်သို့ လုပ်ဆောင်စေကာမူ လွန်ကဲသည်ဟု မဆိုနိုင်ပေ။

သို့ပေမည့် ယခုအခြေအနေက စစ်မြေပြင် မဟုတ်ဘဲ ယှဉ်ပြိုင်ပွဲသာ ဖြစ်သည်။ ထိုကျောက်လျဲ့ဆိုသူက အောက်ပိုင်းကိုချည်း သီးသန့် တိုက်ခိုက်နေသည် မဟုတ်ပါလား။

ဤလူနှစ်ရာထဲ၌ အကောင်းမြင်စရာ လူတစ်ယောက်မှ မရှိတာ သိသာလှသည်။

မူလက သူတို့အားလုံး ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်သည်ကို ကြည့်ပြီး နန်းတော်စောင့်တပ်ထဲသို့ အချို့ကို ရွေးချယ်ခေါ်ယူရန် စဉ်းစားထားခဲ့၏။

ယခုလို လူပုံလယ် ရွံရှာဖွယ်ကောင်းအောင် လုပ်ဆောင်နေသည်ကို မြင်သောအခါ ကျင်းဘုရင်မင်းမြတ်လည်း မျက်နှာပူလာသည်။

အထူးသဖြင့် မြေကြီးပေါ်တွင် တဆတ်ဆတ် တုန်နေဆဲဖြစ်သော ရန်ဟွာကို ကြည့်ရင်း ပို၍ပင် ခံစား၏။

ဖန်ကျန်းရီက မေးလိုက်သည်။ "အရှင်မင်းကြီး... သူတို့မှာ ဘာလိုအပ်ချက်တွေ ရှိသေးတယ်လို့ ထင်ပါသလဲ။ ကျွန်တော်မျိုး သူတို့ကို သေချာ ပြုပြင်ခိုင်းလိုက်ပါ့မယ်။"

"အဲဒါက..." ကျင်းဘုရင်မင်းမြတ် မှာ အခက်တွေ့သွားသည်။ တကယ်တမ်းတွင် ထောက်ပြစရာ ဘာအမှားမှ မရှိပေ။

အားလုံးက တိုင်းပြည်ချစ်စိတ် ရှိကြပြီး ခန္ဓာကိုယ် ကြံ့ခိုင်ကာ အမိန့်နာခံမှုလည်း ကောင်းမွန်ကြသည်။ သိုင်းပညာ ကလည်း အဆင့်အတန်း တစ်ခုတွင် ရှိနေသည်... သို့ပေမည့် မပြောဘဲနေလျှင်လည်း မဖြစ်ပြန်ချေ။

နောက်ဆုံးတွင် အကြီးအကဲ တစ်ယောက်အနေဖြင့် မျက်နှာပန်းလှစေရန် အနှစ်သာရမရှိသော စကားတစ်ခွန်းကို အတင်းညှစ်ထုတ် ပြောလိုက်ရတော့သည်။ "အဟမ်း... ဖန်အမတ်၊ ဒီနေ့က ယှဉ်ပြိုင်ပွဲပါ။ ဒီလူတွေရဲ့ ခန္ဓာကိုယ်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့... သိုင်းပညာကိုတော့ နည်းနည်း သေချာလေး လေ့ကျင့်သင့်တယ်။ တချို့အရာတွေက လမ်းလွဲနေတယ်။ အခြေခံကို ခိုင်မာအောင် လုပ်ရမယ်။"

ထိုစကားထွက်လာသည်နှင့် စာပေအမတ်များကလည်း ချက်ချင်းပင် ဝင်ရောက် ဝေဖန်ကြတော့သည်။ ကျောက်လျဲ့၏ ကစားကွက်များက အလွန် ညစ်ပတ်လွန်းပြီး ကြည့်ရသည်မှာ လုံးဝ မလှပသောကြောင့် ဖြစ်၏။

ယခင်က ကျန်းပြောင် ချီလျဲ့ကို ခိုးတိုက်ခဲ့စဉ်က လူတိုင်းကို ရွံရှာသွားစေခဲ့သည်။ တောက်ယွမ်ခရိုင်မှ လာသူတိုင်းက ဤကဲ့သို့ တစ်ပုံစံတည်း ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြချေ။

တစ်ယောက်က ချက်ချင်း ဝေဖန်လိုက်သည်။ "ဖန်အမတ်... ဒီနေ့က ယှဉ်ပြိုင်ပွဲပါ။ ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ရမှာကို ဘယ်လိုလုပ်ပြီး ဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးရတာလဲ။"

ကျန်းတုန်ရှန်းကလည်း အထင်သေးစွာဖြင့် ပြောလိုက်၏။ "ဒါက လူလတ်တန်းစားတွေရဲ့ လုပ်ရပ်မျိုးပါ။ ကျင်းယီဝေက အရှင်မင်းကြီးကို ကာကွယ်ပေးရမယ့်သူတွေ၊ ဖြောင့်မတ်တည်ကြည်တဲ့ အလုပ်တွေကို လုပ်ရမယ့်သူတွေပါ။ ဒီနေ့ လုပ်ရပ်ကတော့ တကယ်ကို အနိုင်ရဖို့ မထိုက်တန်ပါဘူး။"

အမတ်ကြီးများကလည်း ခေါင်းတဆတ်ဆတ် ညိတ်ကာ ထောက်ခံကြသည်။

ညစ်ပတ်တဲ့ နည်းလမ်းတွေကို သုံးတာလား။ အဲဒါဆိုလည်း နေရာဒေသကို ကြည့်ရအုံးမှာပေါ့။

ဖန်ကျန်းရီက အထင်သေးဟန်ဖြင့် အားလုံးကို ဝေ့ကြည့်လိုက်ပြီး ပြောလိုက်၏။ "အားလုံးပဲ... သူတို့က မူလကတည်းက စစ်မြေပြင်ကို ကယ်တင်ဖို့ လေ့ကျင့်ထားတာပါ။ စစ်မြေပြင်မှာ ဖြောင့်မတ်တည်ကြည်ဖို့ ဘယ်လိုလုပ် လိုအပ်မှာလဲ။ အသက်ရှင်ဖို့နဲ့ အောင်နိုင်ဖို့ပဲ ရှိတယ်။

ပြီးတော့ ဒါတွေက နည်းဗျူဟာတွေပဲလေ။ ဘယ်လိုလုပ်ပြီး အောက်တန်းကျတယ်လို့ ပြောနိုင်မှာလဲ။ စစ်တပ်နှစ်ခု ရင်ဆိုင်လို့ ရန်သူက ထောင်ချောက်ဆင်ထားရင် ကျုပ်တို့က ရိုးရိုးသားသား ဝင်တိုးရမှာလား။ ဒီနေ့ ရန်ဟွာ ရှုံးသွားတာက သူကိုယ်တိုင် အရည်အချင်း မရှိလို့ပါ။ နှစ်တွေ အကြာကြီး သိုင်းလေ့ကျင့်လာခဲ့ပြီး ဒီလောက် သတိထားရကောင်းမှန်းတောင် မသိဘူးဆိုတော့ သူ ရှုံးတာ မဆန်းပါဘူး။"

လီယန်စုန့်က မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ "အဲလို မဟုတ်ဘူးလေ။ ဒါက ယှဉ်ပြိုင်ပွဲ၊ စစ်မြေပြင်မှ မဟုတ်တာ။"

ကျင်းဘုရင်မင်းမြတ် က ဝင်မပါဘဲ သူတို့ ငြင်းခုံနေသည်ကို စိတ်ဝင်တစား ကြည့်နေသည်။

ဖန်ကျန်းရီက ပြုံးစိစိဖြင့် ပြောလိုက်၏။ "ဆရာလီ... ဒီယှဉ်ပြိုင်ပွဲက မူလတည်းက ဘာစည်းကမ်းမှ မသတ်မှတ်ထားပါဘူး။ ဒါ့အပြင် ကျင်းယီဝေက အရှင်မင်းကြီးကို ကာကွယ်ပေးဖို့နဲ့ မြို့တံခါးကို စောင့်ကြပ်ဖို့ တာဝန်ယူထားရတာပါ။

အရေးပေါ် အခြေအနေတစ်ခုခု ဖြစ်လာရင် ရင်ဆိုင်ရမယ့်သူတွေက ရက်စက်ကြမ်းကြုတ်ပြီး နည်းလမ်းပေါင်းစုံ သုံးမယ့်သူတွေချည်းပါပဲ။ အဲဒီအခါကျရင် အခြေအနေအရ ပြောင်းလဲနိုင်စွမ်း ရှိဖို့က အရေးအကြီးဆုံးပဲ။"

လီယန်စုန့်က လက်လျှော့ကာ ပြောလိုက်သည်။ "ဒါပေမဲ့ နောက်ပိုင်းမှာ ဒီလိုပဲ ဆက်လုပ်နေမယ်ဆိုရင် လူအများရှေ့မှာ အရှင်မင်းကြီးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာ စိုးရိမ်ရတယ်။ ဒီလိုလူတွေက ကျင်းယီဝေရဲ့ ကြီးလေးတဲ့ တာဝန်ကို ဘယ်လိုလုပ် ထမ်းဆောင်နိုင်မှာလဲ။"

အခြားသူများကလည်း ခေါင်းတဆတ်ဆတ် ညိတ်ကာ ထောက်ခံကြသော်လည်း ကျင်းဘုရင်မင်းမြတ် မှာမူ ဘာမှမပြောဘဲ နေ,နေ၏။

ကျင်းဘုရင်မင်းမြတ် ဘာမှမတုံ့ပြန်သည်ကို မြင်သောအခါ ဖန်ကျန်းရီက လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုးက ဖြောင့်မတ်တဲ့သူဆိုတာ အားလုံးသိကြပါတယ်။ ဒါကြောင့် ကျွန်တော်မျိုး လေ့ကျင့်ပေးထားတဲ့ သူတွေကလည်း နည်းနည်းတော့ ပွင့်လင်းရိုးသားလွန်းသွားပါတယ်။

သူတို့က သိုင်းသမားတွေဆိုတော့ ပညာရေး အဆင့်အတန်း မမြင့်ပါဘူး။ ခေါင်းထဲမှာ နိုင်ငံတော်အတွက် အသက်ပေးဖို့လောက်ပဲ တွေးနေကြတာ။ ကျန်တဲ့ အရေးမကြီးတဲ့ ကိစ္စတွေကို သိပ်ဂရုမစိုက်ကြဘူး။ ဒါကြောင့် တိုက်ခိုက်တဲ့နေရာမှာ ကြည့်မကောင်းတာက သဘာဝကျပါတယ်။

အမတ်ကြီးတွေ ပြောတာ အဓိပ္ပာယ်ရှိပေမဲ့ ကျွန်တော်မျိုး အမြင်မှာတော့ သူတို့က စာပေသမားတွေရဲ့ အကျင့်စရိုက်တွေ လွှမ်းမိုးနေလို့ သိုင်းသမားတွေကို အုပ်ချုပ်ဖို့ မသင့်တော်ဘူးလို့ ထင်ပါတယ်။"

ကျင်းဘုရင်မင်းမြတ် က မျက်ခုံးပင့်လိုက်၏။ "အို... အမတ်ကြီးတွေ ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ကျုပ် ထင်တယ်။ ဘယ်လိုများ စာပေသမား အကျင့်စရိုက် လွှမ်းမိုးနေလို့လဲ။"

ဖန်ကျန်းရီက နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်သည်။ "ကျွန်တော်မျိုး ထင်တာတော့ ရုံးတော်က အမတ်ကြီးတွေက ကိစ္စတွေကို ရှုပ်ထွေးအောင် တွေးလွန်းနေကြတယ်။ အများကြီး စဉ်းစားလွန်းရင် လမ်းမှားရောက် သွားတတ်ပါတယ်။"

အမတ်ဟောင်းများက ချက်ချင်းပင် လှောင်ပြောင်လိုက်ကြ၏။ "ဖန်အမတ်... ဒါဆိုရင် ကျုပ်တို့တွေ ဘယ်လို လမ်းမှားရောက်နေလဲဆိုတာ ရှင်းပြပါအုံး။"

ဖန်ကျန်းရီက အပိုစကားတွေ မပြောတော့ဘဲ တပ်မှူးတစ်ယောက်ဆီကနေ ဓားတစ်လက်ကို ဆွဲထုတ်လိုက်ပြီး လီယန်စုန့်ဆီသို့ ခပ်မြန်မြန် လျှောက်သွားလိုက်သည်။

လီယန်စုန့်မှာ ချက်ချင်း မျက်နှာဖြူရော်သွားပြီး အော်ဟစ်လိုက်၏။ "ဖန်အမတ်... စကားကို အေးအေးဆေးဆေး ပြောလို့ရတယ်။ မလုပ်နဲ့နော်။"

အခြားသူများကလည်း အလျင်အမြန် ဝိုင်းပြောကြသည်။ "ဖန်အမတ်... စကားနိုင်လုလို့ မနိုင်တာနဲ့ ဓားတွေ၊ လှံတွေ ထုတ်စရာ မလိုပါဘူး။ ခင်ဗျားကလည်း စာပေအမတ်ပဲလေ။ လုံးဝ အကျိုးအကြောင်း မသင့်ဘူး။"

ကျင်းဘုရင်မင်းမြတ် က မျက်မှောင်ကုတ်ကာ မေးလိုက်၏။ "ဖန်ကျန်းရီ... ဘာလုပ်မလို့လဲ။"

ဖန်ကျန်းရီက ဓားကို ကန့်လန့်ဖြတ်ကိုင်ကာ လီယန်စုန့်ရှေ့သို့ ကမ်းပေးလိုက်သည်။ "ဆရာလီ... ဒါက ဘာလဲ။"

သူ့တွင် တခြားရည်ရွယ်ချက် မရှိသည်ကို မြင်သောအခါ လီယန်စုန့်မှာ အနည်းငယ် စိတ်အေးသွားပြီး နားမလည်စွာဖြင့် ဖြေလိုက်၏။ "ဒါက ဓားလေ။ ဘာဖြစ်လို့လဲ။"

"ဓားဆိုတာ ဘာလဲ။"

"ဓားဆိုတာ လူကြီးလူကောင်းတွေရဲ့ လက်နက်ပဲ။ ဖြောင့်မတ်တည်ကြည်တဲ့ လက်နက်၊ ကျိုးချင်ကျိုးသွားမယ် လုံးဝ အကွေးမခံတဲ့ လက်နက်မျိုးပေါ့။" လီယန်စုန့်က တုံ့ဆိုင်းမနေဘဲ ဖြေလိုက်သည်။

"ဒါဆို အားလုံးကရော ဒီလိုပဲ ထင်ကြသလား။" ဖန်ကျန်းရီက ဓားကိုကိုင်ရင်း အခြားသူများကို မေးလိုက်သည်။

ကျန်လူများကလည်း ခေါင်းတဆတ်ဆတ် ညိတ်ကာ ထောက်ခံကြ၏။

ဖန်ကျန်းရီက ပြုံးပြီး ဓားကိုကိုင်ကာ ကျန်းပြောင်အနားသို့ သွား၍ မေးလိုက်သည်။ "ဒါက ဘာလဲ။"

"ဒါက ဓားလေ။" ကျန်းပြောင်က ရိုးသားစွာ ပြန်ဖြေလိုက်သည်။

"ဓားလို့ မခေါ်ရင် ဘယ်လို ခေါ်မလဲ။"

"သံပြားပေါ့။"

လူတိုင်း ငြိမ်သက်သွားကြ၏။ ဒီကောင်ကို သွားမေးနေတော့ ဘာထူးမှာလဲ။ ဒီကောင်က ကြည့်ရတာကိုက ဦးနှောက်မရှိတဲ့ပုံပဲ။

ဓားကို သံပြားလို့ ခေါ်တာက လုံးဝ အရိုင်းအစိုင်းဆန်လွန်းတယ်။ ဒါက တူညီတဲ့ အရာမှ မဟုတ်တာ။ မင်းက သံပြားနဲ့ သွားပြီး တိုက်ခိုက်မှာလား။

ဖန်ကျန်းရီက ဓားကို ပြန်သိမ်းလိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ "အားလုံးပဲ ကြားကြတယ် မဟုတ်လား။ ဒါက သက်သေပါပဲ။ သိုင်းသမားတွေ စဉ်းစားတဲ့ပုံစံက ဖြောင့်ဖြောင့်တန်းတန်းနဲ့ အနှစ်သာရကို တိုက်ရိုက်သွားတာပါ။

ဓားဆိုတာ သာမန် လက်နက်ကိရိယာ တစ်ခုပါပဲ။ ဒါပေမဲ့ ခေတ်အဆက်ဆက်က စာပေပညာရှင်တွေက သူ့အပေါ်မှာ အဓိပ္ပာယ်တွေ အမျိုးမျိုး တပ်ပေးခဲ့ကြတယ်။

သိုင်းသမားတွေကလည်း စာပေသမားတွေရဲ့ လွှမ်းမိုးမှုကိုခံရပြီး လူသတ်တဲ့ သိုင်းကွက်တွေကိုတောင် အဓိပ္ပာယ်မရှိတဲ့ ဘဝဒဿနတွေ ထည့်ပေါင်းလိုက်ကြတယ်။ ဒါက အနှစ်သာရကနေ သွေဖယ်သွားတာပဲ။ အဲဒီလို လုပ်လိုက်လို့ လူအများစုက အလုပ်လုပ်တဲ့အခါ ရှုပ်ထွေးသွားကြတာပေါ့။

ကံကောင်းလို့ ကျွန်တော်မျိုးက သူတို့ကို ဦးဆောင်ပြီး ဒီလို မကောင်းတဲ့ အတွေးအခေါ်တွေ မဝင်လာအောင် ကာကွယ်ပေးထားနိုင်ခဲ့တာပါ။ ကျင်းယီဝေက စစ်ပွဲမှာ အနိုင်တိုက်နိုင်ဖို့နဲ့ တာဝန်တွေကို အချိန်မီ ပြီးမြောက်ဖို့ အရေးအကြီးဆုံးပဲ။ ကျန်တာတွေက အသေးအဖွဲ ကိစ္စတွေမို့ ဂရုစိုက်စရာ မလိုပါဘူး။

အရှင်မင်းကြီး စိတ်ချပါ။ ကျွန်တော်မျိုး သူတို့ကို သေချာ ထပ်ပြီး လေ့ကျင့်ပေးလိုက်ရင် ကျင်းယီဝေဆိုတဲ့ နာမည်နဲ့ ထိုက်တန်တဲ့သူတွေ သေချာပေါက် ဖြစ်လာမှာပါ။"

စာပေအမတ်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေမိကြသည်။

ငါတို့ကပဲ မကောင်းတဲ့ အတွေးအခေါ်တွေ ဖြန့်ဖြူးသူတွေ ဖြစ်သွားပြီလား။ ဒီစာပေအမတ်ကတော့ စာသင်ခဲ့တာတွေ အကုန်လုံး ခွေးဗိုက်ထဲ ရောက်သွားပြီပဲ။

ကျင်းဘုရင်မင်းမြတ် က လက်တွေ့ကျသူ တစ်ဦးဖြစ်ရာ ပြဿနာများကို လက်တွေ့ဘက်မှသာ စဉ်းစားလေ့ရှိပြီး စိတ်ကူးယဉ်ဆန်မှု အနည်းငယ် လျော့နည်း၏။

ခေါင်းဆောင်၏ စိတ်ပိုင်းဆိုင်ရာ အကြိုက်ကို ဖန်ကျန်းရီက ကြိုတင် သိရှိထားပြီးသား ဖြစ်သည်။

ကျင်းဘုရင်မင်းမြတ် က ကျန်းပြောင်ကို တစ်ချက်ကြည့်ကာ ရယ်မောလိုက်၏။ "မင်း ပြောတာ အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့က စမ်းသပ်ရုံ သတ်သတ်ပါ။ ကိုယ်တော် မင်းကို အချိန်တစ်ခု ပေးမယ်။ နောက်ပိုင်းကျရင် သေချာ ပြန်ပြီး စစ်ဆေးအုံးမှာနော်။"

ဖန်ကျန်းရီက ပြုံး၍ လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး အချိန်မရွေး လာရောက် စစ်ဆေးတာကို ကျွန်တော်မျိုး ကြိုဆိုပါတယ်။"

ဒီကောင်လေးက ပြောရမယ့် နေရာကို ကွက်တိ သိနေတာပဲ။

စာပေအမတ်များကလည်း ထပ်ပြီး မငြင်းခုံတော့ဘဲ ဖန်ကျန်းရီကို စိတ်ထဲမှ တိတ်တဆိတ် အထင်သေး လိုက်ကြ၏။

နောက်ဆုံးတွင် တစ်ယောက်က သတိပေးလိုက်မှသာ လူတိုင်း သတိထားမိသွားကြသည်။ "အရှင်မင်းကြီး... ရန်ဟွာ အခြေအနေ မကောင်းတော့ဘူး။ သမားတော်ဆီ အမြန်ပို့မှ ဖြစ်မယ်။"

သူ့စကားကြောင့် လူအနည်းငယ် ထွက်လာပြီး ရန်ဟွာကို သယ်ဆောင်သွားကြသည်။

သာမန်အချိန်များတွင် ရန်ဟွာနှင့် ရင်းနှီးသူများမှာလည်း ရင်ထဲတွင် လှုပ်ရှားသွားကြ၏။

ဒီဖန်အမတ်က သာမန်မဟုတ်ဘူး။ သူတို့ တွေးထားတဲ့ ပုံရိပ်နဲ့ တဖြည်းဖြည်း ကွာခြားလာပြီပဲ...။

ကျင်းဘုရင်မင်းမြတ် က သယ်ဆောင်သွားခံရသော ရန်ဟွာကို ကြည့်ရင်း မျက်လုံးထဲတွင် စိတ်ပျက်မှု အရိပ်အယောင်များ ပေါ်လွင်လာသည်။

စစ်တပ်မိသားစုက ဆင်းသက်လာသူဆိုပေမဲ့ သိပ်အသုံးမကျပါလား...။ ပြိုင်ပွဲ နှစ်ကြိမ်စလုံးမှာ ပြိုင်ဘက်ကို အထင်သေးပြီး ဒီလောက်တောင် အရှက်တကွဲ ရှုံးသွားခဲ့တယ်။

"ကောင်းပြီ... ဖန်အမတ် ….. မင်း သူတို့ကို ဆက်ပြီး လေ့ကျင့်ခိုင်းလိုက်အုံး။ ကိုယ်တော် ကျန်းရှီကို သွားကြည့်လိုက်အုံးမယ်။"

ဖန်ကျန်းရီက အလျင်အမြန် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး ခဏစောင့်ပါအုံး။ အမိန့်စာနဲ့ အဆိပ်ရည် ကို ကျန်းရှီဆီ ကျွန်တော်မျိုး ပေးခဲ့ပြီးပါပြီ။ အကျဉ်းထောင်ထဲကနေ ဘယ်သူမှ လာမသတင်းပို့သေးတော့ သူ သေတမ်းစာ ရေးနေလောက်ပါပြီ။

"ကျွန်တော်မျိုး အရှင်မင်းကြီးနဲ့ ပုဂ္ဂိုလ်ရေးအရ တိုင်ပင်စရာလေး ရှိလို့... ခဏလောက် နေရာလေး ဖယ်ပေးနိုင်မလား။"

ပုဂ္ဂိုလ်ရေးအရ တိုင်ပင်စရာ ဟုတ်လား။

ကျင်းဘုရင်မင်းမြတ် က ခေါင်းညိတ်လိုက်ပြီး လူမရှိသော နေရာသို့ လျှောက်သွားသည်။

All Chapters