← Chapters

အခန်း (၅၇၉-၅၈၀)

Vol. 32 Ch. 579-580

အခန်း (၅၇၉-၅၈၀)

Vol. 32 Ch. 579-580

အပိုင်း (၅၇၉) အရှင်မင်းကြီး... ကျွန်တော်မျိုး လူပျိုကြီး ဖြစ်နေတုန်းပါပဲ။

လူမရှိသော နေရာသို့ ရောက်သောအခါ ကျင်းဘုရင်မင်းမြတ် က မေးလိုက်၏။ "ပြောလေ .. ကိုယ်တော် နဲ့ သီးသန့် ဘာစကား ပြောချင်တာလဲ။"

ဖန်ကျန်းရီက ပါးစပ်ဟထားသော်လည်း ချက်ချင်း ဘာပြောရမည်ကို မသိသေးချေ။

စကားမစရသေးမီမှာပင် လူတစ်ယောက်က တံခါးပေါက်မှနေ၍ ဖန်ကျန်းရီရှေ့သို့ အလျင်အမြန် ရောက်လာသည်။

ကျင်းဘုရင်မင်းမြတ် နှင့် ဖန်ကျန်းရီတို့ နှစ်ဦးစလုံး မှင်တက်သွားကြ၏။

ထိုလူမှာ တပ်မှူးရုံးတော်မှ အရာရှိငယ်တစ်ဦး ဖြစ်နေသည်ကို မြင်သောအခါ ဖန်ကျန်းရီက နားမလည်စွာဖြင့် မေးလိုက်သည်။ "မင်း ဘာကိစ္စ ရှိလို့လဲ။"

အရာရှိငယ်က ကျင်းဘုရင်မင်းမြတ်ကို ကြည့်ကာ အနည်းငယ် တုံ့ဆိုင်းနေ၏။

ဖန်ကျန်းရီက ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး။ ဒီမှာ အပြင်လူမှ မရှိတာ။ ဘာပြောစရာရှိလဲ တိုက်ရိုက်သာ ပြော။"

အရာရှိငယ်က အရိုအသေပေးကာ လျှောက်တင်လိုက်၏။ "သခင်လေးဖန်... ခင်ဗျား စုံစမ်းခိုင်းထားတဲ့ သတင်းကို ရပါပြီ။"

"သတင်း ဟုတ်လား။ ပြောလေ။" ဖန်ကျန်းရီမှာ နားမလည်နိုင်အောင် ဖြစ်သွားပြီး ဘာသတင်း စုံစမ်းခိုင်းထားခဲ့သည် ကိုပင် မမှတ်မိတော့ချေ။

ကျင်းဘုရင်မင်းမြတ် က ငြိမ်သက်စွာ ကြည့်နေစဉ် အရာရှိငယ်က ချက်ချင်း ဖြေလိုက်သည်။ "ကျွန်တော်မျိုး မှတ်တမ်းတွေကို သွားရှာကြည့်တော့ တာ့ကျင်းတိုင်းပြည် စတင်တည်ထောင်တည်းက သေဒဏ်ကင်းလွတ်ခွင့် သံပြား သုံးဆယ့်လေးခု ပေးသနားခဲ့ဖူးပါတယ်။ အဲဒီအထဲက အယောက်နှစ်ဆယ်က ပြစ်မှုကျူးလွန်လို့ သေဒဏ် ပေးခံရပါတယ်။"

"အာ... ကျွန်တော်မျိုး ပြောတာ မှားသွားတယ်။ အယောက်နှစ်ဆယ် မဟုတ်ဘူး၊ မိသားစု နှစ်ဆယ်လုံး သုတ်သင်ခံခဲ့ရတာပါ။"

ချီးတဲ့မှပဲ။ မင်း ပါးစပ်က ဘာလို့ ဒီလောက် မြန်နေရတာလဲ။

ဖန်ကျန်းရီ၏ မျက်နှာပေါ်ရှိ အမူအရာများမှာ တဖြည်းဖြည်း ပျက်ရွင်းသွားပြီး သွေးရောင်များလည်း တဖြည်းဖြည်း ဆုတ်ယုတ်သွားသည်...။ ထို့နောက် လည်ပင်းကို အလွန် ခက်ခဲစွာ လှည့်ကာ ကျင်းဘုရင်မင်းမြတ် ကို ကြည့်လိုက်သည်။

မီးသွေးခဲလို မည်းနက်နေသော မျက်နှာကြီးကိုသာ မြင်လိုက်ရ၏...။

ဖန်ကျန်းရီက စိုးရိမ်တကြီးဖြင့် နောက်သို့ လှည့်ကာ အရာရှိငယ်ကို လူသတ်ချင်သည့် အကြည့်ဖြင့် ကြည့်ရင်း အံကြိတ်ကာ ပြောလိုက်သည်။ "သိပြီ... ခင်ဗျား အရင် ထွက်သွားတော့..."

လူသုံးဆယ့်လေးယောက်မှာ မိသားစု နှစ်ဆယ်လုံး သုတ်သင်ခံရတယ် ဟုတ်လား။ ဒီသေနှုန်းက ရာခိုင်နှုန်း ငါးဆယ်တောင် ကျော်နေပြီ။ ကြောက်စရာ ကောင်းလိုက်တာ။

အခု ဒီကိစ္စက သိပ်အရေးမကြီးပေမဲ့ အဓိကက အရှင်မင်းကြီးက ကြားသွားတာပဲ။

နောက်ပိုင်း ပြစ်မှုကျူးလွန်မယ့် အချိန်အထိတောင် စောင့်စရာ မလိုတော့ဘူး၊ အခု ချက်ချင်းပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တာ ပိုကောင်းမယ်ထင်တယ်။

"အရှင်မင်းကြီး... အာ... အာ... ကျွန်တော်မျိုးက... စပ်စုချင်စိတ် ဖြစ်လာလို့... လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်တာပါ။ တခြားရည်ရွယ်ချက် မရှိပါဘူး။"

ဖန်ကျန်းရီမှာ ချွေးသီးချွေးပေါက်များ ကျလာပြီး ယခုအခါ လိမ်လည်ပြောဆိုရန်ပင် မရဲတော့ချေ။ အဘယ်ကြောင့်ဆိုသော် လုံးဝ ဆက်လိမ်၍ မရနိုင်တော့သောကြောင့် ဖြစ်သည်။

"ဖန်ကျန်းရီ... မင်းရဲ့ စပ်စုချင်စိတ်က တော်တော် ကြီးမားတာပဲနော်။" ကျင်းဘုရင်မင်းမြတ် ၏ မျက်နှာက အမည်းရောင်မှ အစိမ်းရောင်သို့ ပြောင်းသွားပြီး ရင်ဘတ်မှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။

အခု ရုံးတော်အမတ်တွေ အကုန်လုံးက သေဒဏ်ကင်းလွတ်ခွင့် သံပြားကို ဒီလိုပဲ သဘောထားနေကြတာလား။

"ကိုယ်တော် ပေးထားတဲ့ သေဒဏ်ကင်းလွတ်ခွင့် သံပြားကို မင်းက ဘာမှတ်နေတာလဲ။ ဒီလောက်တောင် သတိကြီးကြီး ထားနေရအောင် မင်း ဘာလုပ်ချင်လို့လဲ။ ငါက မင်းကို သတ်ပစ်မယ်လို့ ထင်နေတာလား။" ကျင်းဘုရင်မင်းမြတ် မှာ ဒေါသထွက်လာသည်။

ပုံမှန်ဆို ဖန်အမတ်လို့ ခေါ်ပြီး ကိစ္စရှိမှ ဖန်ကျန်းရီလို့ ခေါ်တာပဲ။

ဖန်ကျန်းရီက နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်၏။

တစ်ယောက်မှ မသတ်ဖူးဘူး ဟုတ်လား။ အချုပ်ထောင်ထဲမှာ အခုလေးတင် တစ်ယောက် ရှိနေတယ်လေ။ ခဏနေရင် သေတော့မှာပဲ။

ကျုပ်သာ ဝင်မတောင်းပန်ပေးရင် မိသားစုတစ်ခုလုံး သုတ်သင်ခံရမှာ သေချာတယ်။

"အရှင်မင်းကြီး... ကျွန်တော်မျိုးက တခြား ရည်ရွယ်ချက် မရှိပါဘူး... တကယ်ကို သေဒဏ်ကင်းလွတ်ခွင့် သံပြားရဲ့ သမိုင်းကြောင်းကို နည်းနည်း သိချင်ရုံလေးပါ။"

ဖန်ကျန်းရီက နဖူးမှ ချွေးများကို သုတ်ရင်း ပြောလိုက်သည်။ "ကျွန်တော်မျိုးက အဲဒီသံပြားကို ဘုရားစင် ပေါ်တင်ပြီး မျိုးဆက်တစ်လျှောက်လုံး ဂုဏ်ယူသွားမလို့ စဉ်းစားထားတာပါ။"

အဝေးမှ ကြည့်နေကြသော လူအုပ်ကြီးက ကျင်းဘုရင်မင်းမြတ် နှင့် ဖန်ကျန်းရီတို့ ရန်ဖြစ်နေကြသည်ကို မြင်သောအခါ တိတ်တဆိတ် ရယ်မောနေကြ၏။

ဖားတတ်တဲ့ကောင် ဘုရားစူးပြီပေါ့ .. ကောင်းတယ်။

ကျင်းဘုရင်မင်းမြတ် က အကြိမ်ကြိမ် အသက်ပြင်းပြင်းရှူကာ ဒေါသကို အနည်းငယ် ငြိမ်သက်အောင် ထိန်းချုပ်လိုက်ပြီးနောက် ပြောလိုက်သည်။ "ကိုယ်တော် ပေးထားတဲ့ သံပြားကို ပြန်ပေး။ မပေးတော့ဘူး။"

"ကျွန်တော်မျိုး မနက်ဖြန် နန်းတော်ထဲ လာပို့ပေးပါ့မယ်..."

"မင်း သိတ္တိရှိရင် ပို့ကြည့်လေ။"

"..."

ကျင်းဘုရင်မင်းမြတ် က ဖန်ကျန်းရီ၏ ပခုံးကို နာကျင်သွားသည်အထိ အားပါးတရ ပုတ်ချလိုက်၏။ ပြီးနောက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "ကိုယ်တော်က မင်းကို ဘယ်နေရာမှာများ အပြစ်လုပ်မိလို့ ဒီလောက်တောင် နေ့တိုင်း သတိကြီးကြီး ထားနေရတာလဲ။ ကိုယ်တော်က အမြဲတမ်း ရိုးသားဖြောင့်မတ်စွာ ဆက်ဆံတာပါ။ အမတ်က ကိုယ်တော့်အပေါ် သစ္စာရှိရင် ကိုယ်တော်ကလည်း အမတ်အပေါ် သစ္စာရှိမှာပဲ။"

ဖန်ကျန်းရီက ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ "ကျွန်တော်မျိုးလည်း ဒီလိုပဲ တွေးထားတာပါ... ဒါပေမဲ့ ဒီတစ်ခေါက်က တကယ်ကို စပ်စုချင်စိတ် သတ်သတ်ပါ။ ကျွန်တော်မျိုးက အမြဲတမ်း ပွင့်လင်းဖြောင့်မတ်သူပါ။ အရှင်မင်းကြီးက ကျွန်တော်မျိုးကို မယုံဘူးလား။"

ကျင်းဘုရင်မင်းမြတ် က နှာခေါင်းရှုံ့လိုက်၏။ "ယုံတယ်။ တော်တော် ယုံတယ်။ ဒီကိစ္စကို ဘာမှ မဖြစ်ခဲ့ဘူးလို့ပဲ ကိုယ်တော် သတ်မှတ်လိုက်မယ်။ နောက်တစ်ခါ ဒီလိုမျိုး ထပ်ဖြစ်လာရင်တော့ ကိုယ်တော့်ကို ….."

သူ၏အကျင့်အတိုင်း ရက်စက်မည်ဟု ပြောရန် ပြင်လိုက်သော်လည်း သေဒဏ်ကင်းလွတ်ခွင့် သံပြား နာမည် ပျက်နေသည်ကို တွေးမိကာ စကားလမ်းကြောင်း လွှဲလိုက်သည်။ "ကိုယ်တော် မင်းရဲ့ လစာတွေကို ဖြတ်ပစ်မယ်။"

ဖန်ကျန်းရီက ငြိမ်သက်သွား၏။

စကားကို ပြတ်ပြတ်သားသား ပြောပြီး လက်တွေ့မှာ ပျော့ညံ့နေတာကို ဘယ်လိုခေါ်လဲ။ ကျုပ်က အဲဒီ လစာလေးကို လိုနေလို့လား။

ဖန်ကျန်းရီက သက်ပြင်းရှည်ကြီး ချလိုက်သည်။ "ကျွန်တော်မျိုး ရှက်မိပါတယ်။"

"ဘာ ပုဂ္ဂိုလ်ရေး ကိစ္စ ပြောစရာ ရှိတာလဲ။ မြန်မြန်ပြော .. ကိုယ်တော် ကျန်းရှီကို သွားကြည့်ရအုံးမယ်။"

ဤသို့သော အခြေအနေ ရောက်သွားမှတော့ ဖန်ကျန်းရီလည်း ဘာကိုမှ ဂရုမစိုက်တော့ပေ။

အင်္ကျီကို အနည်းငယ် ပြင်ဝတ်လိုက်ပြီး ကျင်းဘုရင်မင်းမြတ် ကို ရိုသေစွာဖြင့် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီးက ကျွန်တော်မျိုးကို ဆန္ဒတစ်ခု ဖြည့်ဆည်းပေးမယ်လို့ ကတိပေးထားပါတယ်။ ကျွန်တော်မျိုးတို့ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ချစ်ခင်နှစ်သက်နေကြတာပါ။ အရှင်မင်းကြီး မင်္ဂလာဆောင်ပေးဖို့ ကျွန်တော်မျိုး တောင်းဆိုချင်ပါတယ်။"

ကျင်းဘုရင်မင်းမြတ် ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်အောင် ဖြစ်သွား၏။

"မင်းက မျက်နှာပြောင်တိုက်လွန်းတယ်။ ကိုယ်တော် အခုလေးတင် ဆူထားတာကို ဒီစကား ပြောထွက် သေးတယ်နော်။”

“ကျွန်တော်မျိုးက ဘာကိစ္စမှ ဖုံးကွယ်မထားတတ်တဲ့သူပါ။ အရှင်မင်းကြီးက ပွင့်လင်းမြင်သာမှု ရှိတော့ ကျွန်တော်မျိုးလည်း ရှိတာကို ရှိတဲ့အတိုင်း ပြောတာပါ။"

ကျင်းဘုရင်မင်းမြတ်မှာ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။ "မင်းက အတော်လေး ဇွဲကောင်းတာပဲ။"

"ဒါဆို အရှင်မင်းကြီးက သဘောတူတာလား၊ မတူဘူးလား။" ဖန်ကျန်းရီက အနည်းငယ် စိုးရိမ်တကြီးဖြင့် မေးလိုက်၏။

"မင်း ဘယ်လိုထင်လဲ။" ကျင်းဘုရင်မင်းမြတ် က ပြန်မေးလိုက်သည်။

ကျုပ် ဘယ်လိုထင်လဲ ဟုတ်လား။ အရှင်မင်းကြီးရဲ့ စိတ်ကို ခန့်မှန်းရခက်တာ။ ကျုပ်သာ သေချာ သိရင် အတင်း လိုက်မေးနေပါ့မလား။ အမြဲတမ်း ဒီလိုပဲ လေထဲမှာ ဆိုင်းထားတယ်။

ဖန်ကျန်းရီက အံကြိတ်ကာ လျှောက်တင်လိုက်၏။ "ကျွန်တော်မျိုး အသက်ဘယ်လောက်ရှိနေပြီလဲဆိုတာ ကြည့်ပါအုံး။ အခုထိ လူပျိုကြီး ဖြစ်နေတုန်းပဲလေ။ အသက်နှစ်ဆယ့်ခြောက်နှစ် ပြည့်ပြီး နှစ်ဆယ့်ခုနစ်နှစ်ထဲ ရောက်နေပြီ။ နှစ်ဆယ့်ရှစ်ကို ကူးတော့မှာမို့ သုံးဆယ်နားတောင် နီးနေပြီ။

ကျွန်တော်မျိုး အသက်ကြီးလာပြီလို့တောင် ခံစားရတယ်။ ညဘက်ဆိုလည်း ကောင်းကောင်း အိပ်မပျော်ဘူး။ အလုပ်လုပ်ရင်လည်း မူးဝေဝေနဲ့။ ဒီလို အခြေအနေရောက်နေမှတော့ အရှင်မင်းကြီး ရှေ့မှာ အရှက်ကွဲ ရမှာကိုလည်း မကြောက်တော့ပါဘူး။ အရှင်မင်းကြီးက ကတိပေးထားမှတော့ စကားဖျက်လို့ မရဘူးလေ။"

အသက်ခြောက်ဆယ်ပြည့် မွေးနေ့အထိ မရေတွက်တာတောင် တော်သေးတယ်။ မျက်နှာပြောင်တိုက်လွန်းတဲ့ ကောင်။

ငါက မိန်းမယူချင်တိုင်း ငါက ငါ့သမီးနဲ့ ပေးစားရမှာလား။

ကျင်းဘုရင်မင်းမြတ် က လက်ညိုးထိုးကာ မျက်နှာရဲရဲဖြင့် ပြောလိုက်သည်။ "ကိုယ်တော်က မင်းအဖေမှ မဟုတ်တာ။ အလကား စကားတွေ ပြောမနေနဲ့။"

ဖန်ကျန်းရီက ခေါင်းငုံ့ကာ ဘာမှမပြောဘဲ နေလိုက်၏။

သူတို့နှစ်ဦး တိတ်ဆိတ်နေကြပြီး လေထုက အလွန် အနေရခက်နေသည်။

အချိန်အတော်ကြာပြီးနောက် ကျင်းဘုရင်မင်းမြတ် က သက်ပြင်းချလိုက်၏။ "သုံးကြိမ်တောင် ရှိသွားပြီပဲ။ မင်း ဒီလောက် မေတ္တာထား တောင်းဆိုနေမှတော့ ကိုယ်တော် သဘောတူလို့ ရပါတယ်။ ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ။" ဖန်ကျန်းရီက အလျင်အမြန် မေးလိုက်သည်။

"ဒါပေမဲ့ ဒီနေ့ ကိုယ်တော် တော်တော် ဒေါသထွက်နေတယ်။ မင်းရဲ့ နောက်ပိုင်း လုပ်ရပ်တွေကို ကြည့်ပြီးမှ ဆုံးဖြတ်မယ်။" ထိုသို့ပြောပြီးနောက် ကျင်းဘုရင်မင်းမြတ် က နောက်လှည့်ကာ ထွက်သွားလေတော့၏။

အတူပါလာသော အမတ်များကလည်း အရှင်မင်းကြီး ထွက်သွားသည်ကို မြင်သောအခါ အနောက်မှ လိုက်ပါသွားကြပြီး အများစုက ဖန်ကျန်းရီကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်သွားကြသည်။

ဖန်ကျန်းရီ တစ်ယောက်တည်း မျက်မှောင်ကုတ်ကာ မူလနေရာတွင် ကျန်ရစ်ခဲ့၏။

ဒီယောက္ခထီးက တကယ် ကိုင်တွယ်ရ ခက်တာပဲ။ အရင်ဘဝတုန်းကလည်း အတွေ့အကြုံ တစ်စက်မှ မရှိခဲ့ဘူး... ယောက္ခထီးတိုင်းက ဒီလိုပဲ ကိုင်တွယ်ရ ခက်တာလား။

သဘောတူပြီးသားကိုတောင် တွန့်ဆုတ်တွန့်ဆုတ် လုပ်နေသေးတယ်။

ဒါပေမဲ့ အနည်းဆုံးတော့ မျှော်လင့်ချက် ရှိသွားပြီပဲ။ ငါ့ရဲ့ စွမ်းဆောင်ရည်ကို ပြရုံပဲ မဟုတ်လား။ အရင်ဘဝတုန်းက တခြားပညာတွေ မသင်ခဲ့ရပေမဲ့ အထက်လူကြီးရှေ့မှာ မျက်နှာလိုမျက်နှာရ လုပ်တာကိုတော့ ကောင်းကောင်း တတ်ခဲ့တာပဲ။

သူ့ကို သေချာ အကွက်ဆင်ပြီး ဖားရမယ်။

လူအုပ်ကြီး ထွက်သွားပြီးနောက် လီယွမ်ကျောက်က လျှို့ဝှက်ဆန်းကြယ်ဟန်ဖြင့် အနားသို့ ကပ်လာကာ မေးလိုက်သည်။ "ဖန်ကြီး... ခုနက ဘာတွေ ဖြစ်သွားတာလဲ။ ခင်ဗျားကို ခမည်းတော် ဆူနေသလိုပဲ။"

"အရှင်မင်းကြီးက ခင်ဗျားကို သေချာ မသင်ပေးနိုင်ဘူးလို့ ကျုပ်ကို ပြောနေတာပါ။ ခင်ဗျား အပြင်မှာပဲ နေ့တိုင်း လျှောက်ကစားနေပြီး စာလည်း မလုပ်ဘူးလို့ ပြောတယ်။" ဖန်ကျန်းရီက စိတ်မကြည်သဖြင့် အလကား လျှောက်ပြောလိုက်၏။

"သူက ကျုပ်ကို ဘာလို့ လာပြီး အပြစ်တင်နေရတာလဲ။ ကျုပ် သွားပြီး ရှင်းလိုက်အုံးမယ်။" လီယွမ်ကျောက်က ကြားကြားချင်း ဘာမှမစဉ်းစားတော့ဘဲ ဒေါသတကြီးဖြင့် အနောက်မှ ပြေးလိုက်သွားသည်။

လီယွမ်ကျောက် ထွက်သွားပြီးနောက် ကျောက်လျဲ့က ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာကာ မေးလိုက်၏။ "သခင်လေး... နောက်ပိုင်း ဘယ်လို စီစဉ်ထားလဲ။"

"နောက်ပိုင်း ဟုတ်လား။ ခင်ဗျားတို့ အရင်ဆုံး အေးအေးဆေးဆေး လေ့ကျင့်နေကြပါ။ ဒီတပ်မှူးတွေက သိပ်ပြီး အုပ်ချုပ်ရ မလွယ်ဘူး။ ကျုပ် ခင်ဗျားတို့ကို ခွဲပြီး တပ်ဖွဲ့ခွဲတွေဆီကို ပို့ပေးမယ်။ သူတို့ကို သေချာ စောင့်ကြည့်ပေးပါ။ မရိုးသားတဲ့သူ ရှိရင် ချက်ချင်း လာသတင်းပို့။ ကျုပ် အရင်ဆုံး ခင်ဗျားတို့ကို ကျင်းယီဝေက လူတွေနဲ့ မိတ်ဆက်ပေးမယ်..."

...

နေဝင်ချိန်တွင် ဖန်ကျန်းရီသည် ပင်ပန်းနွမ်းနယ်စွာဖြင့် အိမ်သို့ ပြန်ရောက်လာခဲ့သည်။

ယနေ့ တစ်နေ့လုံး အလုပ်များနေသဖြင့် အတော်လေး ပင်ပန်းသွားခဲ့သည်။ ထိုတပ်မှူးများမှာ လူမိုက်ဆန်ဆန် အကျင့်စရိုက်များ ရှိကြပြီး မိမိရှေ့တွင်သာ ငြိမ်နေကြခြင်း ဖြစ်သည်။ သူတို့ တာဝန်ကျရာ တပ်ဖွဲ့ခွဲများသို့ ပြန်ရောက်သွားလျှင် မည်သို့ ထင်ရာဆိုင်းကြမည်ကို မသိနိုင်သေးချေ။

အရှေ့နန်းဆောင်အဖွဲ့၏ နာမည်က အတော်လေး ဆိုးရွားနေပြီ ဖြစ်သည်။ ပြည်သူများနှင့် ကုန်သည်များထံမှ လာဘ်စားခြင်း၊ အနိုင်ကျင့်ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိကြရာ မိမိလက်အောက်ရှိ ကျင်းယီဝေကို ထိုလမ်းဟောင်း အတိုင်း လုံးဝ အဖြစ်မခံနိုင်ပေ။

နောက်ပိုင်းတွင် ဖြည်းဖြည်းချင်း ပြုပြင်သင်ကြားပေးရပေမည်။

ခြံဝင်းအတွင်းရှိ အနားယူရာ ကုလားထိုင်ပေါ်တွင် လှဲလျောင်းလိုက်သည်နှင့် ရှောင်ထောင်က အပြေးအလွှား ရောက်လာသည်။ "သခင်လေး... ပြန်ရောက်လာပြီပဲ။ ဒီနေ့ အိမ်မှာ ထူးဆန်းတဲ့ ကိစ္စတွေ ဖြစ်နေတယ်။ သခင်လေးဆီကို လက်ဆောင်လာပေးတဲ့သူတွေ အများကြီးပဲ။ အမတ်ခန့်အပ်ရေးရုံးကရော၊ ဘဏ္ဍာရေးရုံးကရော၊ ပြီးတော့ နားမလည်တဲ့ နေရာတွေကနေလည်း လာကြတယ်။ လက်ဆောင်စာရင်းက ဒီမှာပါ။"

ထိုသို့ပြောရင်း ရှောင်ထောင်က လက်ဆောင်စာရင်းစာရွက်ကို ထုတ်ပေးလိုက်၏။

ဖန်ကျန်းရီက မျက်စိတစ်ချက် ဝေ့ကြည့်လိုက်ရာ ရင်းနှီးနေသော နာမည် ဆယ်ခုကျော်ကို တွေ့လိုက်ရသည်။ အားလုံးက နန်းတော်ထဲတွင် နေ့စဉ် မျက်နှာချင်းဆိုင် တွေ့နေရသူများ ဖြစ်ကြသည်။

ရှောင်ထောင်က ဆက်မေးလိုက်၏။ "သခင်လေး... ဒါက ကောင်းတဲ့ကိစ္စလား၊ ဆိုးတဲ့ကိစ္စလား။ ပြန်ပေးလိုက်ရမလား။"

ဖန်ကျန်းရီက လက်ဆောင်စာရင်းကို ကြည့်ကာ ပြုံးလိုက်သည်။ "ပြန်ပေးရမယ်။ မပေးပါဘူး။ ဒါက သခင်လေးကို လာပြီး မျက်နှာလိုမျက်နှာရ လုပ်ကြတာ။ နောက်ပိုင်း လက်ဆောင်လာပေးရင် အကုန်လုံး လက်ခံပြီး သီးသန့် သိမ်းထားလိုက်။ လက်ဆောင်စာရင်းကိုလည်း သေချာ မှတ်ထားပါ။ တစ်နေ့ကျရင် အဲဒါတွေက အသုံးဝင်လာနိုင်တယ်။"

ကျန်းရှီ မိသားစုကို ကယ်တင်လိုက်ခြင်းက အကျိုးသက်ရောက်မှု စတင်လာပြီဖြစ်ကြောင်း တွေ့ရ၏။

အပိုင်း (၅၈၀) နတ်ဘုရားတို့၏ ပစ္စည်း ထွက်ပေါ်လာခြင်း။

ရက်အတော်ကြာ ဆက်တိုက်ဆိုသလို ဖန်ကျန်းရီအိမ်သို့ လက်ဆောင်လာပေးသူများ နေ့စဉ် ရှိနေခဲ့သည်။

ဖန်ကျန်းရီမှာ လက်ဆောင်များကို ပျော်ရွှင်စွာ လက်ခံနေ၏။

သာမန်အချိန်များတွင်လည်း သူ့ထံသို့ လက်ဆောင်လာပေးသူများ ရှိသော်လည်း အများစုကို သူ လက်မခံခဲ့ချေ။ ထို့အပြင် လက်ဆောင်ပေးသူများမှာလည်း သူ အုပ်ချုပ်နေသော ပြည်သူများသာ ဖြစ်ကြသည်။

ယခုအခါတွင်မူ အခြေအနေက ပြောင်းလဲသွားပြီ ဖြစ်သည်။ အားလုံးက ရုံးတော်တွင် အတူတူ အလုပ်လုပ်နေကြသော လုပ်ဖော်ကိုင်ဖက်များ ဖြစ်ရာ လုပ်ဖော်ကိုင်ဖက်များက လက်ဆောင်လာပေးခြင်းက ပို၍ စိတ်ကျေနပ်မှု ရစေသည် မဟုတ်ပါလား။

ဦးလေးအချို့ကလည်း လက်ဆောင်များစွာ ပေးပို့ခဲ့ကြ၏။

အရင်ဘဝတုန်းက အထက်လူကြီးတွေကိုချည်း လက်ဆောင်ပေးခဲ့ရပြီး အကျိုးအမြတ် ဘာမှ ပြန်မရခဲ့ဘူး။ ဒီနေ့တော့ တကယ့်ကို အားရပါးရ ဖြစ်သွားတာပဲ။

လက်ဆောင်များစွာ ရရှိခဲ့သော်လည်း အများစုမှာ တန်ဖိုးကြီးပစ္စည်းများ မဟုတ်ဘဲ အသေးစိတ် ဂရုစိုက်ထားသော လက်မှုပစ္စည်းလေးများသာ ဖြစ်သည်။

ရှေးဟောင်းပစ္စည်းများနှင့် ပန်းချီကားများက အများဆုံး ဖြစ်ပြီး ဖန်ကျန်းရီက မည်သည့်အရာကိုမဆို ငြင်းပယ်ခြင်း မရှိခဲ့ပေ။

တောက်ယွမ်ခရိုင်မှ သူ အချိန်အတော်ကြာ မျှော်လင့်နေခဲ့သော သေတ္တာတစ်လုံး ရောက်လာချိန်အထိပင်...

ထိုနေ့တွင် ပုံမှန်အတိုင်း ညီလာခံသို့ တက်ရောက်ရန် နန်းတော်တံခါးပေါက်ရှေ့၌ စုဝေးနေကြသည်။

ဖန်ကျန်းရီထံသို့ လက်ဆောင်ပေးထားသူများ ရှိသဖြင့် သူတို့ကြား ဆက်ဆံရေးမှာ သိသိသာသာ ကောင်းမွန်လာခဲ့ပြီ ဖြစ်၏။

ဖန်ကျန်းရီ၏ ဘေးတွင် လူများ ဝိုင်းရံနေပြီး ပူညံပူညံ ဖြစ်နေသော်လည်း မလှမ်းမကမ်းတွင်တော့ အေးစက်စက် ကြည့်နေသူ အချို့ ရှိနေဆဲ ဖြစ်သည်။

ဌာနအသီးသီးမှ လူများ ပါဝင်သော်လည်း ဟန်လင်အကယ်ဒမီမှ လူများက အများဆုံး ဖြစ်၏။

ယန်ရင်းချိုက်လည်း ထိုအထဲတွင် ပါဝင်ပြီး လက်ပိုက်ကာ အထင်သေးစွာ ကြည့်နေသည်။

ဘေးမှလူတစ်ယောက်က ပြောလိုက်၏။ "အို... ဖန်အမတ်ကတော့ တကယ့်ကို နေရာကောင်း ရသွားတာပဲ။ လက်တွေ့အာဏာလည်း ရသွားတော့ အခု အားလုံးက သူ့ကို ဖားနေကြပြီ။"

ယန်ရင်းချိုက်က အေးစက်စက် ရယ်မောလိုက်သည်။ "အခြေအနေကောင်းတော့ ကပ်ဖားတဲ့ ကောင်တွေပါ။ ကျုပ်ကတော့ သူတို့လို လိုက်လုပ်မှာ မဟုတ်ဘူး။

ပြီးတော့ ဖန်ကျန်းရီကို လက်ဆောင်သွားပေးတဲ့သူတွေ ဘာတွေ တွေးနေလဲ မသိဘူး။ ကျုပ် သူ့အကြောင်း သိသလောက်ဆိုရင် တစ်နေ့နေ့ကျရင် အဲဒီလက်ဆောင်စာရင်းကို ကိုင်ပြီး သူတို့ကို လာဘ်စားမှုနဲ့ ပြန်တိုင်ချင် တိုင်မှာ။ အဲဒါကို သူက ကြိုတင်သိနေတဲ့ပုံစံမျိုး ဖမ်းပြီး သက်သေအဖြစ် သိမ်းထားတာပါလို့ ပြောအုံးမှာ။"

"အင်း အင်း... အမတ်ယန် ပြောတာ မှန်တယ်။ ဒါပေမဲ့... သူ ဒီတစ်ခေါက် အပြင်ကနေ ပြန်လာတော့ အရင်ကနဲ့မတူဘဲ တော်တော်လေး ပြောင်းလဲသွားသလိုပဲ။ အရင်လို စကားပြောရင် ထိကပါး ရိကပါး မပြောတော့ဘူး။" အခြားလူတစ်ယောက်က ဝင်ပြောလိုက်၏။

"ဟန်ဆောင်နေတာ။ အကုန်လုံး ဟန်ဆောင်နေတာ။ လမ်းမှားရောက်နေတဲ့သူ လမ်းမှန် ပြန်ရောက်လာတယ်ဆိုတာကို ခင်ဗျားတို့ တကယ် ယုံကြသလား။ သူ့စိတ်ထဲမှာ ဘာအကြံအစည် ယုတ်တွေ ရှိနေလဲဆိုတာ ဘယ်သူသိမှာလဲ။

ဟော ဟိုမှာ ကြည့်စမ်း။ ယန်ဖုန်းဖန် တစ်ယောက် သူ့ဆီ သွားကပ်နေပြန်ပြီ။ သူ ဖားနေတာ ဒီလောက်ကြာပြီ ဘယ်သူမှ ဂရုမစိုက်တာကို အခုထိ မလျှော့သေးဘူး။ ဟန်လင်အကယ်ဒမီရဲ့ သစ္စာဖောက်ပဲ။"

"တောက်... ခွေးကောင်။ နို့ပေးတဲ့သူကို အမေခေါ်မယ့် ကောင်ပဲ။"

ဖန်ကျန်းရီ၏ ဘေးတွင်တော့ လူအများအပြားက သူ ကိုင်ထားသော သေတ္တာကို စိတ်ဝင်တစား ကြည့်နေကြသည်။

"ဖန်အမတ်... ခင်ဗျား လက်ထဲက ဘာပစ္စည်းလဲ။ ညီလာခံတက်တာကို သေတ္တာကြီး ဆွဲလာရသလား။"

ဖန်ကျန်းရီက ပြုံးရွှင်စွာ ပြောလိုက်၏။ "ပစ္စည်းကောင်းဗျ။ တကယ့် ပစ္စည်းကောင်း။ အားလုံးပဲ မလောကြနဲ့အုံး။ ခဏနေရင် သိရပါလိမ့်မယ်။"

ကောက်ကျစ်စဉ်းလဲသည့် ရုပ်သွင်ရှိသော ယန်ဖုန်းဖန်က အခွင့်အရေးရသဖြင့် အနားသို့ ကပ်လာကာ မျက်နှာလို၊ မျက်နှာရ ပြောလိုက်သည်။ "ဖန်အမတ်... ဒီပစ္စည်းက ကြည့်ရတာ တော်တော်လေးမယ့်ပုံပဲ။ ကျုပ် ကူသယ်ပေးပါ့မယ်။"

ဖန်ကျန်းရီက ရယ်မောလိုက်သည်။ ဤလူက သူ့ကို အမြဲတမ်း မျက်နှာလိုမျက်နှာရ လုပ်နေသူ ဖြစ်ပြီး ဟန်လင်အကယ်ဒမီမှ တစ်ဦးတည်းသော သစ္စာဖောက်လည်း ဖြစ်၏။

လူတစ်ယောက်က သူ့ကို ဤသို့ မျက်နှာလိုမျက်နှာရ လုပ်နေခြင်းကို သဘောကျသော်လည်း အကျိုးအမြတ်တစ်ခုခု ပြန်မပေးလျှင် မကောင်းဟု တွေးမိသည်။

ဒါပေမဲ့ ဒီကိစ္စက အခွင့်အရေးကို ကြည့်ရအုံးမယ်။ ငါ့လက်အောက်မှာ အရည်အချင်းရှိတဲ့သူတွေ အများကြီးပဲ၊ ဒီလူ့အလှည့် ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး...။

ယန်ဖုန်းဖန်က လုယူရန် ပြင်လိုက်စဉ် ဖန်ကျန်းရီက လက်ကို ပြန်ရုပ်ပြီး ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ်။ ဒီပစ္စည်းက အရမ်း အဖိုးတန်လို့ ကျုပ်ကိုယ်တိုင်ပဲ သယ်သွားပါ့မယ်။"

ယန်ဖုန်းဖန်၏ ရင်ထဲတွင် စိတ်ပျက်မှုများ ပြည့်နှက်သွားသည်။

ကျုပ် ဖားနေတာ ဒီလောက်ကြာပြီ။ ဟန်လင်အကယ်ဒမီမှာလည်း အထီးကျန်နေပြီ။ ဖန်အမတ်က ဘာလို့ ကျုပ်ကို အသိအမှတ် မပြုသေးတာလဲ။

သို့သော် ထိုစိတ်ပျက်မှုက သိပ်မကြာလိုက်ချေ။ အဘယ်ကြောင့်ဆိုသော် နန်းတော်တွင်းသို့ ဝင်ရောက်ရန် အချိန်ကျလာသောကြောင့် ဖြစ်သည်။

မှူးမတ်များက ပုံမှန်အတိုင်း တန်းစီ၍ ဝင်ရောက်သွားကြ၏။

ခန်းမဆောင်အတွင်းသို့ ရောက်ရှိသွားသောအခါ ကျင်းဘုရင်မင်းမြတ် က အောက်သို့ ဝေ့ကြည့်လိုက်ပြီး ထူးဆန်းနေသော ဖန်ကျန်းရီကို အလိုအလျောက် သတိထားမိသွားသည်။

ထို့ကြောင့် ချက်ချင်းပင် မေးလိုက်၏။ "ဖန်အမတ်... ဒီနေ့ ညီလာခံကို ဘာလို့ သေတ္တာကြီး ဆွဲလာတာလဲ။"

ကျုပ်က ယောက္ခထီးကြီး မေးတာကို စောင့်နေတာပဲ။

ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်ပြီး ရှေ့တစ်လှမ်း တက်ကာ သေတ္တာကို မလျက် အသံကျယ်ကျယ်ဖြင့် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... ဒီရက်ပိုင်း ကျွန်တော်မျိုး တော်တော်လေး စိတ်ချမ်းသာနေပါတယ်။"

ကျင်းဘုရင်မင်းမြတ် မှာ ပြုံးပြီး မိန့်ကြားလိုက်၏။ "စိတ်ချမ်းသာတယ်... မင်း စိတ်ချမ်းသာတာ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒါက ဒီသေတ္တာနဲ့ ဘာဆိုင်လို့လဲ။"

"ကျွန်တော်မျိုး စိတ်ချမ်းသာရတဲ့ အကြောင်းရင်းက လုပ်ဖော်ကိုင်ဖက် တော်တော်များများက ကျွန်တော်မျိုး ကျင်းယီဝေ တပ်မှူးချုပ် ဖြစ်သွားတာကို ဂုဏ်ပြုတဲ့အနေနဲ့ လက်ဆောင်တွေ လာပေးကြလို့ပါ။ ကျွန်တော်မျိုး ကတော့ တော်တော်လေး ရှက်မိပါတယ်။ အခုမှ တာ့ကျင်းတိုင်းပြည်ရဲ့ ရုံးတော်က ချစ်ခင်ကြင်နာမှုတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုမှန်း သိတော့တယ်။" ဖန်ကျန်းရီက လျှောက်တင်လိုက်သည်။

တန်ဖိုးကြီး လက်ဆောင်များ ပေးထားသူများမှာ ချက်ချင်းပင် မျက်နှာပျက်သွားကြပြီး ရင်ထဲတွင်လည်း ဒေါသတကြီး ကျိန်ဆဲနေကြတော့၏။

ချီးတဲ့မှပဲ။ လက်ဆောင်ပေးတာကို လူပုံလယ်မှာ လာပြောနေတယ်။ အရှင်မင်းကြီးရှေ့မှာ ပြောရဲတယ်ဆိုတော့ စည်းကမ်း နားမလည်ဘူးလား။

စိတ်ထဲမှ ကျိန်ဆဲနေသော်လည်း ရင်ထဲတွင်တော့ တထိတ်ထိတ် ဖြစ်လာပြီး နည်းလမ်းများကို စဉ်းစားနေကြသည်။

ဒုက္ခပါပဲ။ ဒီကောင်က လမ်းဟောင်းအတိုင်း မသွားဘူး... အဲဒီသေတ္တာထဲမှာ ငါပေးထားတဲ့ ရတနာတွေများ ပါနေမလား မသိဘူး...။

ယန်ရင်းချိုက်က အေးစက်စက် ရယ်မောလိုက်ပြီး ဘေးမှလူများနှင့် မျက်လုံးချင်း ဆုံကာ သတင်း ဖလှယ်လိုက်ကြ၏။

ကျုပ် ဘာပြောခဲ့လဲ။ ဒီကောင်က ငြိမ်နေတာ ရက်ပိုင်းလေးပဲ ရှိသေးတယ်။ ချက်ချင်း ပြန်ဖောက်လာပြီ။

ကျင်းဘုရင်မင်းမြတ် မှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ ဖန်ကျန်းရီကို မည်သူတွေ လက်ဆောင်ပေးခဲ့သည်ဆိုတာ သူ အကုန်သိထားပြီး ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဖန်ကျန်းရီက နေ့စဉ် လက်ဆောင်စာရင်းကို လူလွှတ်၍ သူ့ထံ ပေးပို့နေသောကြောင့် ဖြစ်၏။

ဖန်ကျန်းရီက ဆက်လက် လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုးက ကျင်းယီဝေမှာ ဘာအရည်အချင်းမှ မပြရသေးဘဲနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ထောက်ခံမှုကို အများကြီး ရထားတော့ ရင်ထဲမှာ တော်တော်လေး ရှက်မိပါတယ်။ ဒါကြောင့် လူစုံနေတုန်းလေး အားလုံးကို လက်ဆောင် ပြန်ပေးချင်လို့ပါ။ အရှင်မင်းကြီး ခွင့်ပြုပေးပါခင်ဗျာ။"

လက်ဆောင်ပြန်ပေးမယ် ဟုတ်လား။

လူအများစုမှာ အံ့အားသင့်စွာဖြင့် ဖန်ကျန်းရီကို ကြည့်လိုက်ကြသည်။ ညီလာခံတက်နေစဉ် မှူးမတ်အားလုံးကို လက်ဆောင်ပေးမည်ဆိုသည်မှာ တကယ့်ကို ထူးဆန်းသော ကိစ္စ ဖြစ်၏။

ကျင်းဘုရင်မင်းမြတ်ကပင် စိတ်ဝင်စားသွားသော မျက်နှာထားဖြင့် မေးလိုက်သည်။ "အို... အသွားအပြန် ရှိတာကတော့ ကောင်းတဲ့ကိစ္စပါ။ ကိုယ်တော် ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမဲ့ ညီလာခံမှာ ပေးရလောက်အောင် ဘယ်လို လက်ဆောင်ကြီးများ ဖြစ်နေလို့လဲ။"

ဖန်ကျန်းရီက လျှောက်တင်လိုက်၏။ "ဒီလက်ဆောင်က လူတိုင်းအတွက် ပါ,ပါတယ်။ အရှင်မင်းကြီးအတွက်လည်း တစ်စုံ ပါပါတယ်။ ဒီပစ္စည်းသာ ရှိရင် ဘဝအသစ်တစ်ခု ရသွားသလို ဖြစ်သွားမယ်လို့ ကျွန်တော်မျိုး အာမခံပါတယ်။ တစ်ခါ သုံးကြည့်လိုက်တာနဲ့ လုံးဝ လက်က မချချင်တော့ဘဲ အရင်လို အခြေအနေကို ပြန်မသွားနိုင်တော့ဘူး ဆိုတာ သေချာပါတယ်။"

ထိုစကားများ ထွက်လာသည်နှင့် ကျင်းဘုရင်မင်းမြတ် အပါအဝင် လူတိုင်းက မျှော်လင့်တကြီး မျက်နှာထားများ ဖြစ်လာကြတော့သည်။

အထူးသဖြင့် လီယွမ်ကျောက်မှာ မျက်လုံးများ အရောင်လက်သွားပြီး ဖန်ကျန်းရီကို အဆက်မပြတ် မျက်ရိပ်ပြနေ၏

ဖန်ကြီး …. လွန်ခဲ့တဲ့ ရက်ပိုင်းက သူ့ကြောင့် ငါ အရိုက်ခံရတယ်။ အခု ဒီလို ပစ္စည်းကောင်းမျိုး ရှိနေတာကိုတောင် ဖုံးကွယ်ထားပြီး ငါ့ကို မပြောဘူး။ တကယ် ယုတ်မာတာပဲ။

"ဒါက ကောင်းကင်နဲ့ မြေကြီးရဲ့ ဖန်တီးမှုတွေ၊ နေနဲ့ လရဲ့ လျှို့ဝှက်ချက်တွေကို စုစည်းထားတာပါ။ အတော်ဆုံး လက်မှုပညာရှင်တွေရဲ့ သွေးချွေးတွေနဲ့ ပြုလုပ်ထားတဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံး ပစ္စည်းတစ်ခုပါပဲ။ ကြေးပြား တစ်ပြားထက် ပါးလွှာပေမဲ့ အဆုံးမရှိတဲ့ အသုံးဝင်မှုတွေ ရှိပါတယ်။"

ကောင်းကင်နဲ့ မြေကြီးရဲ့ ဖန်တီးမှုတွေ၊ နေနဲ့ လရဲ့ လျှို့ဝှက်ချက်တွေ၊ အဆုံးမရှိတဲ့ အသုံးဝင်မှုတွေ၊ အရေးအကြီးဆုံးက ကြေးပြားတစ်ပြားထက် ပါးလွှာတယ် ဟုတ်လား။

အဲဒါ ဘာမှော်ပစ္စည်းလဲ။

ဖန်ကျန်းရီက ကြွားလုံးထုတ်နေဆဲဖြစ်ရာ လူတိုင်းမှာ တွေ့ချင်ဇောဖြင့် ယားယံနေကြလေပြီဖြစ်၏။

နောက်ဆုံးတွင် ကျင်းဘုရင်မင်းမြတ် က မနေနိုင်တော့ဘဲ အရင်ဆုံး မေးလိုက်ရတော့သည်။ "ဖန်အမတ်... အဲဒီပစ္စည်းက တကယ်ပဲ မင်း ပြောသလို လျှို့ဝှက်ဆန်းကြယ်လွန်းနေတာလား။ နေ့တိုင်း ကိုယ်တော့်ဆီကို ဆက်သတဲ့ ပစ္စည်းဆန်းတွေ မရေမတွက်နိုင်အောင် ရှိပါတယ်။ ကမ္ဘာပေါ်က ရတနာတွေကို ကျုပ် မြင်ဖူးနေပါပြီ။

မင်း ယူလာတဲ့ ပစ္စည်းက ဘာလဲဆိုတာကို ကျုပ် သေချာ ကြည့်ချင်သေးတယ်။ အလကား လျှောက်ပြော မနေနဲ့တော့၊ ကျုပ်ကို ယူလာပြစမ်း။"

ကြည့်ရှုနေသူများ၏ မျက်လုံးများမှာ အရောင်တလက်လက် တောက်ပနေပြီဖြစ်ကြောင်း ဖန်ကျန်းရီ မြင်လိုက်ရသဖြင့် အချိန်ဆွဲမနေတော့ဘဲ သေတ္တာကို မြေကြီးပေါ်ချကာ ဖွင့်လိုက်သည်။

အထဲတွင် သပ်ရပ်စွာ စီရီထားသော သေတ္တာအဝိုင်းလေးများကို မြင်လိုက်ရ၏။

အထဲမှ တစ်ခုကို ယူကာ အပေါ်သို့ မြှောက်ပြလိုက်သည်။ "အားလုံးပဲ... ကြည့်ကြပါ။ ဒါပါပဲ။"

လူတိုင်းက သူ၏ လက်ပေါ်သို့ အာရုံစိုက် ကြည့်လိုက်ကြသော်လည်း မသဲမကွဲဖြင့် သေတ္တာငယ်လေးတစ်ခုကိုသာ မြင်လိုက်ရသဖြင့် ရင်ထဲတွင် အလွန် စိတ်ပျက်သွားကြသည်။

ကျင်းဘုရင်မင်းမြတ် မှာ မူလက ကိုယ်ကို ရှေ့သို့ ကိုင်းထားရာမှ ယခုအခါ ပြန်လည်မတ်မတ်ထိုင်လိုက်ပြီး အေးစက်စက် မေးလိုက်၏။ "ဖန်အမတ်... မင်းရဲ့ ပစ္စည်းက ကြေးပြားတစ်ပြားထက် ဘယ်နေရာမှာ ပါးလွှာနေလို့လဲ။"

ဖန်ကျန်းရီက အင်္ကျီလက်ထဲမှ ကြေးပြားတစ်ပြားကို ထုတ်ယူလိုက်ပြီး သေတ္တာငယ်လေးဘေးတွင် ဒေါင်လိုက် ထောင်ပြလိုက်သည်။ "အရှင်မင်းကြီး... ဒါက ကြေးပြားတစ်ပြားထက် ပိုပါးတယ် မဟုတ်လား။"

ကြေးပြားတစ်ပြားထက် ပိုပါးတယ် ဟုတ်လား။

"အဟမ်း အဟမ်း... အဲဒါ ဘာနာမည်ခေါ်လဲဆိုတာသာ ပြောစမ်းပါ။" ကျင်းဘုရင်မင်းမြတ် မှာ မျက်နှာ အနည်းငယ် နီရဲသွားပြီး ဖန်ကျန်းရီကိုယ်စား ရှက်သွားမိသည်။

ဖန်ကျန်းရီကမူ မျက်နှာတစ်ချက် မပျက်ဘဲ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... ဒီပစ္စည်းကို အိတ်ဆောင် နာရီလို့ ခေါ်ပါတယ်။"

"အိတ်ဆောင်နာရီ ဟုတ်လား။"

All Chapters