← Chapters

အခန်း (၅၈၁-၅၈၂)

Vol. 32 Ch. 581-582

အခန်း (၅၈၁-၅၈၂)

Vol. 32 Ch. 581-582

အပိုင်း (၅၈၁) အံ့ဖွယ်အိတ်ဆောင်နာရီ။

"ဟုတ်ပါတယ်။ အဲဒါကို အိတ်ဆောင်နာရီလို့ ခေါ်တာပါ။" ဖန်ကျန်းရီက အိတ်ဆောင်နာရီကို ကြည့်ရင်း ရင်ထဲတွင် ခံစားချက်များစွာ ဖြစ်ပေါ်နေသည်။

ဤပစ္စည်းကို ခရိုင်မှ မထွက်ခွာမီတည်းက သူ အပ်နှံခဲ့ခြင်းဖြစ်ပြီး မနေ့ကမှ အတုယူထုတ်လုပ်မှု အောင်မြင်သွားခဲ့ခြင်း ဖြစ်၏။

သာမန်အားဖြင့် သူ တာဝန်တစ်ခု ပေးလိုက်လျှင် ခရိုင်ထဲရှိ လူတိုင်းက အစွမ်းကုန် ကြိုးစားလေ့ရှိကြသည်။ အိတ်ဆောင်နာရီ သေးသေးလေးတစ်ခုအတွက် ဤမျှ အချိန်များစွာ ယူရလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

ခရိုင်မှ ပေးပို့လာသော စာများအရ ဤပစ္စည်း၏ ရှုပ်ထွေးသော တည်ဆောက်ပုံများက ခရိုင်ထဲရှိ အတော်ဆုံး လက်မှုပညာရှင်များကိုပင် ခေါင်းကိုက်စေခဲ့ကြောင်း သိရသည်။ ပထမဆုံး ပန်းချီဆရာများကို ခေါ်ယူကာ အဆင့်တိုင်း၊ အစိတ်အပိုင်းတိုင်းကို ပုံကြမ်းရေးဆွဲမှတ်တမ်းတင်ပြီးမှသာ ဆက်လက် သုတေသန ပြုလုပ်နိုင်ခဲ့ကြသည်။

သို့သော်ငြား ကောင်းကျိုးများလည်း သိသာထင်ရှားလှပြီး တောက်ယွမ်ခရိုင်အနေဖြင့် ဖွဲ့စည်းပုံအသစ်များစွာကို လေ့လာသင်ယူနိုင်ခဲ့၏။

အပြည့်အဝ နားမလည်သေးသော်လည်း တစ်ထပ်တည်းတူအောင် အတုယူထုတ်လုပ်ရန်မှာမူ ပြဿနာ မရှိလှပေ။ ယင်းမှာ နောင်ခေတ်များမှ မိုက်ခရိုချစ်ပ်များကဲ့သို့ အဆင့်မြင့် ထုတ်ကုန်မျိုး မဟုတ်ရာ လက်ဖြင့် ကိုယ်တိုင် ဖန်တီး၍ ရနိုင်သေးသည်။

အိတ်ဆောင်နာရီသည် ညီလာခံအား ပင်လယ်ရေကြောင်း ဖွင့်လှစ်ရန် ဆွဲဆောင်ရာတွင် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်လာပေမည်။

တာ့ကျင်းတိုင်းပြည်၏ အချိန်တိုင်းကိရိယာများမှာ တော်တော်လေး အကြမ်းထည်ဆန်သေးပြီး သာမန်ပြည်သူများ က ကောင်းကင်ကိုကြည့်၍ အချိန်မှတ်ကြသည်။ ခန့်မှန်းခြေအားဖြင့် မှန်ကန်သော်လည်း ရုံးတော်ရှိ အထက်တန်းအရာရှိများအတွက်မူ လုံလောက်မှု မရှိသည်မှာ သေချာသည်။

ဖန်ကျန်းရီသည် အိတ်ဆောင်နာရီကို ခေတ္တမျှ အသုံးပြုပြီးနောက် အတော်လေး အားကိုးလာမိကြောင်း ခံစားရသည်။ ဤကဲ့သို့ အာရုံခံစားမှုကို ချဲ့ထွင်ပေးနိုင်သော အရာမျိုးကို ကျင့်သားရသွားပါက ပြန်လည် စွန့်လွှတ်ရန် ခက်ခဲပြီး နာရီမရှိလျှင် နေထိုင်မှုဘဝအပေါ် ထိန်းချုပ်နိုင်စွမ်းများ ဆုံးရှုံးသွားသကဲ့သို့ ခံစားရမည်။

ခေတ်သစ်လူသားများအနေဖြင့် နေရာတိုင်းတွင် နာရီများရှိနေသဖြင့် သိပ်မခံစားရသော်လည်း အိတ်ဆောင်နာရီ ၏ သမိုင်းဝင် တန်ဖိုးမှာ အလွန် အရေးပါလှသည်။ တိကျသော အချိန်သဘောတရားက ခေတ်သစ် လူ့အဖွဲ့အစည်း၏ စနစ်များကို ပေါ်ပေါက်လာစေပြီး တိကျသော လုပ်ငန်းခွင် ပူးပေါင်းဆောင်ရွက်မှုများကို ဖြစ်ပေါ်လာစေ၏။

ယင်းမှာ အလုပ်ကြိုးစားသူများအတွက် မရှိမဖြစ်လိုအပ်သော အဖော်ရတနာဟု ဆိုနိုင်သည်။

လူသားများသည် အိတ်ဆောင်နာရီကဲ့သို့ အသုံးဝင်ပြီး ဇိမ်ခံပစ္စည်းဆန်သော ကိရိယာမျိုးကို အလွန်အမင်း နှစ်သက်ကြသောကြောင့် ထုတ်ကုန်အသစ်များ အဆက်မပြတ် တီထွင်ထုတ်လုပ်ရင်း စက်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံများမှာလည်း အံ့မခန်း တိုးတက်လာခဲ့သည်။ စက်သွားဘီးများနှင့် ပုံသွင်းစက်များကဲ့သို့သော နည်းပညာများကို ကြီးမားစွာ တိုးတက်စေခဲ့သောကြောင့် စက်မှုလုပ်ငန်းများ၏ မိခင်ဟုပင် တင်စားနိုင်၏။

ဖျက်ဆီးခြင်းနှင့် ဖန်တီးခြင်းကို ကိုယ်စားပြုသော လူ့ယဉ်ကျေးမှု၏ မျိုးစေ့နှစ်စေ့လုံးသည် ယခုအခါ ဖန်ကျန်းရီ၏ လက်ထဲသို့ တစ်ပြိုင်နက်တည်း ရောက်ရှိနေပြီ ဖြစ်သည်။

ယခု လုပ်ဆောင်ရမည့်အရာမှာ ၎င်းတို့ကို မြေကြီးထဲတွင် စိုက်ပျိုးပြီး ပွင့်လန်းသီးပွင့်လာမည့် အချိန်ကို စောင့်ဆိုင်းရန်သာ ဖြစ်၏။

သို့သော်ငြား ကမ္ဘာကြီးကို တုန်လှုပ်သွားစေမည့် ဤအံ့ဖွယ်ပစ္စည်းလေးမှာ ဖန်ကျန်းရီ၏ ကြွားလုံးထုတ်မှု လွန်ကဲသွားခြင်းကြောင့် ပွဲဦးထွက်တွင်ပင် လူအများကို စိတ်ပျက်သွားစေခဲ့သည်။

ကျင်းဘုရင်မင်းမြတ် နှင့် မှူးမတ်များမှာ စိတ်ဝင်စားမှု လျော့ကျသွားပြီး ဖန်ကျန်းရီ လေလုံးထွားနေသည်ဟုသာ ထင်မြင်သွားကြ၏။

ကျင်းဘုရင်မင်းမြတ် က စိတ်မပါတပါဖြင့် မေးလိုက်သည်။ "အဲဒီ အိတ်ဆောင်နာရီဆိုတာ တကယ်တော့ ဘာလုပ်ဖို့ သုံးတာလဲ။"

ဖန်ကျန်းရီကမူ စိတ်အားထက်သန်စွာဖြင့် အသံကျယ်ကျယ် လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး... ဒီပစ္စည်းက အချိန်ကြည့်လို့ ရပါတယ်။"

"ဒီလောက်ပဲလား။" ကျင်းဘုရင်မင်းမြတ် က မျက်မှောင်ကုတ်သွား၏။

ယခုအခါ အများစုမှာလည်း အာရုံလွှဲသွားကြပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြပြီ ဖြစ်၏။ အချိန်တိုင်း ကိရိယာများမှာ အများအပြား ရှိနေပြီး နေနာရီ၊ ရေနာရီ၊ အမွှေးတိုင်နာရီ စသည်ဖြင့် အချိန်ကို မှတ်သားနိုင်ရာ ဤအရာက အပိုအလုပ်တစ်ခုသာ ဖြစ်နေသည် မဟုတ်ပါလား။

ဖန်ကျန်းရီက ဖြေလိုက်သည်။ "မဟုတ်ပါဘူး။ ဒီလောက်တင် မကပါဘူး။ အရင်က အချိန်တိုင်းကိရိယာတွေက ခန့်မှန်းခြေ အချိန်ကိုပဲ မှတ်သားနိုင်ပေမဲ့ ဒါကတော့ စက္ကန့်ပိုင်းအထိ တိကျစွာ မှတ်သားနိုင်ပါတယ်။ အရင်ဆုံး ဒီလက်ဆောင်တွေကို အရှင်မင်းကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီ ကျွန်တော်မျိုး ကိုယ်တိုင် ဝေငှခွင့်ပြုပါ။"

ကျင်းဘုရင်မင်းမြတ် က လက်ယမ်းပြကာ ဝေငှခွင့် ပြုလိုက်၏။

ဖန်ကျန်းရီက သေတ္တာကို ပွေ့ချီကာ ကျင်းဘုရင်မင်းမြတ်ရှေ့သို့ အရင်ဆုံး သွားရောက်ပြီး ပထမဆုံး အိတ်ဆောင်နာရီ ကို ထုတ်ယူလိုက်သည်။

သေတ္တာထဲရှိ အိတ်ဆောင်နာရီများမှာ တစ်ပုံစံတည်း မဟုတ်ဘဲ ဖန်ကျန်းရီ၏ အစီအစဉ်အရ ရာထူး အဆင့်အတန်းအလိုက် ဒီဇိုင်းများကို အသေးစိတ် ဖန်တီးထားခြင်း ဖြစ်သည်။

ကျင်းဘုရင်မင်းမြတ် အသုံးပြုမည့် နာရီတွင် သပ်ရပ်လှပသော ရွှေနဂါးပုံကို ရေးဆွဲထားပြီး ဘေးပတ်လည်တွင် ရွှေနှင့် ကျောက်စိမ်းများ ကွပ်ထားကာ အလွန် လှပသေသပ်သည်။ အထဲရှိ နာရီဒိုင်ခွက်ကိုလည်း ပြန်လည် ဒီဇိုင်းဆွဲထားပြီး တရုတ်စာလုံးများကို အသုံးပြုကာ ယခင်ဒီဇိုင်းတွင် မပါဝင်သော ဖန်သားအဖုံးကိုပါ ထည့်သွင်းထားသည်။

ကျင်းဘုရင်မင်းမြတ်သည် အိတ်ဆောင်နာရီ လက်ထဲရောက်သည်နှင့် စိတ်ဝင်တစား ကိုင်တွယ်ကြည့်ရှုနေသည်။ ဤပစ္စည်းလေးမှာ အလေးချိန် သင့်တင့်ပြီး လက်ထဲတွင် ဆုပ်ကိုင်ထားရန် အလွန် အဆင်ပြေလှ၏။

အထူးသဖြင့် အပေါ်ဘက်ရှိ ခလုတ်ငယ်လေးကို ကျင်းဘုရင်မင်းမြတ် က အလိုအလျောက် နှိပ်လိုက်ရာ ကလစ်ဆိုသော အသံနှင့်အတူ နာရီအဖုံးလေးက ဖြည်းညင်းစွာ ပွင့်လာပြီး အတော်လေး ဆွဲဆောင်မှု ရှိလှသည်။ အဖုံးကို ပြန်ပိတ်လိုက်သောအခါတွင်လည်း ကလစ်ဆိုသော ကြည်လင်သည့် အသံထွက်ပေါ်လာကာ စိတ်ဖိစီးမှုများကို ပြေပျောက်စေသည်။

ဖန်ကျန်းရီက ဆက်လက်၍ ဝေငှနေရာ ဒုတိယမြောက်မှာ လီယွမ်ကျောက် ဖြစ်ပြီး သူက အလောတကြီး လှမ်းယူကာ ဟိုဘက်ဒီဘက် လှန်လှောကြည့်ရှုနေသည်။

တတိယမြောက်မှာ ကော်ထျန်းယန် ဖြစ်ပြီး အစ်ကိုကြီးကော်မှာ အစောတည်းက လိုချင်ဇောဖြင့် သွားရည်ကျနေပြီဖြစ်ရာ ဖန်ကျန်းရီကို မျက်စိတစ်ချက် ပစ်ပြပြီးနောက် တိတ်တဆိတ် လေ့လာနေတော့၏။

ထို့နောက် ဆက်တိုက် ဝေငှနေရာ လူတိုင်းက နာရီကို ကိုင်တွယ်ရင်း ခလုတ်ကို အဆက်မပြတ် နှိပ်ကြည့်နေကြသည်။

ယန်ရင်းချိုက် ရှေ့သို့ ရောက်သွားသောအခါ ဖန်ကျန်းရီက လက်ကမ်းပေးရင်း ပြုံးစိစိဖြင့် ပြောလိုက်သည်။ "အမတ်ယန်... ဒါက ခင်ဗျားအတွက် လက်ဆောင်ပါ။"

အပြုံးဖြင့် လာသူကို ပါးမရိုက်သင့်ဆိုသော စကားအတိုင်း ယန်ရင်းချိုက်က လက်သီးဆုပ်ကာ ပြန်ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ် ဖန်အမတ်။ ဒါပေမဲ့ ကျုပ်က ခင်ဗျားကို လက်ဆောင်ပေးမထားတော့ အလကားနေရင်း အကျိုးအမြတ်ကို မယူဝံ့ပါဘူး။"

ဖန်ကျန်းရီက အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "အမတ်ယန်... ကျုပ်တို့နှစ်ယောက်က အရင်ကတည်းက သဘောထား မတိုက်ဆိုင်ခဲ့ကြပေမဲ့ ဒါက ကျုပ်ရဲ့ စေတနာအစစ်အမှန်ပါ။ ခင်ဗျား အရင် ယူထားလိုက်ပါ။ မကြိုက်ဘူးဆိုရင် ညီလာခံပြီးမှ ကျုပ်ဆီ ပြန်ပေးလို့ ရပါတယ်။ ဒါပေမဲ့... ခင်ဗျား ဒါကို သိမ်းထားတာ အကောင်းဆုံးပဲလို့ ကျုပ် အကြံပြုချင်တယ်။ ဒါက လာဘ်ပေးလာဘ်ယူ လုပ်တာ မဟုတ်ဘူး၊ တကယ်ကို အသုံးဝင်လို့ပါ။

ခဏနေရင် ခင်ဗျား သိလာပါလိမ့်မယ်။ ရုံးတော်မှာ အမှုထမ်းတဲ့အခါ နာမည်ကောင်းရဖို့က အရေးကြီးသလား၊ ပြည်သူတွေရဲ့ အကျိုးက အရေးကြီးသလားဆိုတာ အမတ်ယန် သေချာ ချိန်ဆကြည့်သင့်တယ်။"

သူ၏ ရှားရှားပါးပါး ယဉ်ကျေးပျော့ပျောင်းသော စကားများကြောင့် ယန်ရင်းချိုက်က သက်ပြင်းချကာ ပြောလိုက်၏။ "ကောင်းပါပြီ။ ဖန်အမတ်ရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်။"

တစ်ဖက်လူက ဤမျှအထိ ပြောနေပြီဖြစ်ရာ ထပ်ပြီး ငြင်းဆန်နေပါက ရိုင်းစိုင်းလွန်းသလို ဖြစ်သွားမည် မဟုတ်ပါလား။ သူက ဖန်ကျန်းရီကို မနှစ်သက်သော်လည်း တိုင်းပြည်နှင့် ပြည်သူအတွက် အကျိုးရှိမည်ဆိုပါက သည်းခံသင့်သည်ဟု တွေးမိသည်။

သူ လက်ခံလိုက်သည်ကို မြင်သောအခါ ဖန်ကျန်းရီက ပြုံး၍ ဆက်လက် ဝေငှနေတော့၏။

အားလုံးကို ဝေငှပြီးသွားသောအခါ ဖန်ကျန်းရီက သူ၏ လက်ထဲမှ အိတ်ဆောင်နာရီကို မြှောက်ပြကာ ပြောလိုက်သည်။ "အားလုံးပဲ... ဒီအိတ်ဆောင်နာရီကို ဘယ်လို သုံးရမလဲဆိုတာ ကျုပ် ရှင်းပြပါ့မယ်။ ဒိုင်ခွက်ပေါ်မှာ လက်တံ နှစ်ချောင်း ပါပါတယ်။ ….. ဒီလောက်ပါပဲ။ ပြီးတော့ အိတ်ဆောင်နာရီကို အချိန်အကြာကြီး သုံးလာရင် အချိန်မတိကျတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အချိန်မှန်ဖို့အတွက် ခဏခဏ အချိန် ပြန်တိုက်ပေးဖို့ လိုအပ်ပါတယ်။"

ကျင်းဘုရင်မင်းမြတ် နှင့် မှူးမတ်များမှာ နားထောင်ပြီးနောက် သဘောပေါက်သွားကြ၏။

လက်ထဲရှိ နာရီကို သေချာစွာ ကြည့်ရှုနေကြပြီး ခန်းမဆောင်တစ်ခုလုံး တိတ်ဆိတ်သွားကာ လူတိုင်းက မိနစ် လက်တံလေး ရွေ့လျားသွားမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။

နှစ်မိနစ် သုံးမိနစ်ခန့် ကြာပြီးနောက်မှသာ တစ်ယောက်ပြီး တစ်ယောက် ခေါင်းမော့လာကြသည်။ မျက်လုံးများထဲတွင် အံ့ဩဝမ်းသာမှုများ ပြည့်နှက်နေကြ၏။

အချိန်တိုင်းကိရိယာ... ဒီအိတ်ဆောင်နာရီ သေးသေးလေးက ဒီလောက်အထိ တိကျတယ်ဆိုတော့ နောင်ဆိုရင် အလုပ်ကိစ္စတွေ စီစဉ်ရတာ ပိုပြီး အဆင်ပြေမသွားဘူးလား။

ကျင်းဘုရင်မင်းမြတ်က ချီးကျူးလိုက်၏။ "ဒီလောက် အဆင်ပြေတယ်ဆိုတော့ တကယ့်ကို ပစ္စည်းကောင်းပဲ။ ဖန်အမတ်... မင်း အခု ကြီးမားတဲ့ အကျိုးဆောင်မှု တစ်ခု လုပ်လိုက်တာပဲ။"

ဖန်ကျန်းရီက ပြုံး၍ လျှောက်တင်လိုက်သည်။ "ကျွန်တော်မျိုး မခံယူဝံ့ပါဘူး။ အရှင်မင်းကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေ သဘောကျရင်ပဲ ကျေနပ်ပါပြီ။ ဒီပစ္စည်းလေး ရှိရင် အားလုံး ပိုပြီး ပူးပေါင်း ဆောင်ရွက်နိုင်ကြပြီး ပြည်သူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာပါ။

တောက်ယွမ်ခရိုင်ကနေ အိမ်မှာ အလှပြထားလို့ရသလို အချိန်လည်း ကြည့်လို့ရတဲ့ အကြီးစား အိတ်ဆောင်နာရီတွေ ထပ်ထုတ်ဖို့ ရှိပါသေးတယ်။ လောလောဆယ်တော့ မပြီးသေးပါဘူး။ ပြီးတာနဲ့ မြို့တော်မှာ အားလုံး ဝယ်လို့ ရပါပြီ။ ဒီနေ့ ကျွန်တော်မျိုး အချိန် တော်တော်များများ ယူလိုက်မိတဲ့အတွက် အရှင်မင်းကြီး ခွင့်လွှတ်ပေးပါ။"

ကျင်းဘုရင်မင်းမြတ်က တဟားဟားဖြင့် ရယ်မောလိုက်သည်။ "ကောင်းပြီ... ကောင်းတယ်။ အားလုံးပဲ ညီလာခံပြီးမှ ဒီအိတ်ဆောင်နာရီရဲ့ အသုံးဝင်ပုံကို ဆက်ပြီး လေ့လာကြတာပေါ့။ အခု အဓိကကိစ္စတွေကို အရင် ပြောကြမယ်။"

အပိုင်း (၅၈၂) ကြီးကျယ်သော ကိစ္စများ လုပ်ဆောင်ရန် ကြိုတင်ပြင်ဆင်ရမယ်။

ညီလာခံ ပြီးဆုံးသွားလေပြီ။ သို့သော်ငြား ဤတစ်ကြိမ် ညီလာခံတွင် အိတ်ဆောင်နာရီများ ရောက်ရှိလာမှုကြောင့် လူအများစုမှာ စိတ်မဝင်စားနိုင် ဖြစ်နေခဲ့ကြ၏။

အားလပ်ချိန်ရတိုင်း နာရီကို ထုတ်ကြည့်နေကြသည်။

ညီလာခံ ပြီးဆုံး၍ လွတ်လပ်စွာ စကားပြောခွင့်ရသည်နှင့် အများစုမှာ သုံးလေးယောက် တစ်စုစီ စုဝေးသွားကြ၏။

အမတ်ကြီးများလည်း ထိုနည်းတူပင် ဖြစ်ရာ ကျန်းတုန်ရှန်းက အိတ်ဆောင်နာရီကို ကိုင်ကာ အလောတကြီး မေးလိုက်သည်။ "ကြည့်ကြစမ်း... ခင်ဗျားတို့ နာရီတွေ ဘယ်နှနာရီ ရှိနေပြီလဲ။"

လီယန်စုန့်က ဖြေလိုက်၏။ "ကျုပ်ဆီမှာ ရှစ်နာရီ ငါးဆယ် ရှိနေပြီ။ ခင်ဗျားရော။"

"ကျုပ်လည်း ရှစ်နာရီ ငါးဆယ်ပဲ။ တကယ် တိကျတာပဲဗျာ၊ အံ့သြစရာပဲ။ ဒီနေ့တော့ သံကြက်ဖကြီးက သူ့အမွေးကို နှုတ်ပေးလိုက်တာပဲ။" ကျိန့်ချောင်က ဝမ်းသာအားရ ပြောလိုက်သည်။

"ဟားဟား... အမတ်ကျိန့် ပြောတာ တကယ် မှန်နေတာပဲ။ ဒီပစ္စည်းကို ရောင်းမယ်ဆိုရင် သူ အနည်းဆုံး ငွေတုံး တစ်ထောင်လောက် တောင်းမှာ သေချာတယ်။ သံကြက်ဖကြီးက ဒီနေ့ အမွေးနှုတ်ပေးတယ်ဆိုတော့ မြန်မြန် အပြင်ထွက်ပြီး နေ အနောက်ဘက်ကများ ထွက်နေလား သွားကြည့်ရမယ်။"

"နေအုံး... ကျုပ်ဆီမှာ ရှစ်နာရီ လေးဆယ့်ကိုးမိနစ်ပဲ ရှိသေးတယ်။"

"ဒါဆို ခင်ဗျားဟာ မတိကျတော့ဘူး။ မြန်မြန် ပြန်ချိန်လိုက်အုံး။"

ထိုကဲ့သို့ တက်ကြွနေသော မြင်ကွင်းကို ကြည့်ရင်း ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေသည်။ လီယွမ်ကျောက် လာခေါ်မည့်အချိန်ကို စောင့်ဆိုင်းကာ အတူတကွ ထွက်ခွာရန် ပြင်ဆင်နေ၏။

ထိုစဉ် ယန်ရင်းချိုက်က ဖန်ကျန်းရီရှေ့သို့ ရုတ်တရက် ရောက်လာပြီး အနည်းငယ် တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။ "ဖန်အမတ်... ဒီအိတ်ဆောင်နာရီ ဘယ်လောက်လဲ။ ကျုပ် ဝယ်မယ်။"

ယန်ရင်းချိုက်၏ နောက်တွင် လူအချို့ကလည်း ကျေးဇူးကြွေး မတင်ချင်သဖြင့် ဈေးနှုန်းလာမေးရန် စောင့်ကြည့်နေကြ၏။

ဖန်ကျန်းရီက တည်ငြိမ်စွာ ဖြေလိုက်သည်။ "အမတ်ယန်... ဒါက ဘာမှ မဟုတ်ပါဘူး။ တကယ်လို့ ဈေးဖြတ်ရမယ်ဆိုရင် ဒါက တန်ဖိုးဖြတ်လို့မရတဲ့ ရတနာပါ။ ဒါပေမဲ့ လက်ဆောင်အနေနဲ့ဆိုရင်တော့ တန်ဖိုးဆိုတာ ခင်ဗျားရဲ့ ရင်ထဲမှာပဲ ရှိပါတယ်။"

ဖန်ကျန်းရီက ဤမျှ သဘောထားကြီးမည်ဟု မထင်ထားခဲ့သဖြင့် ယန်ရင်းချိုက်မှာ ပို၍ပင် အနေခက်သွား၏။

ဤအိတ်ဆောင်နာရီကို စွန့်လွှတ်ရန်မှာလည်း မဖြစ်နိုင်ပေ။ အခြားသူများတွင် ရှိနေပြီး သူ့တွင် မရှိပါက နောင်တစ်ချိန် အလုပ်အတူလုပ်ရာတွင် အခက်အခဲ ရှိနိုင်သည် မဟုတ်ပါလော။

အနည်းဆုံးတော့ အချိန်တိကျမှုက ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။ ဤပစ္စည်းက အချိန်တိကျပြီး အသုံးပြုရလွယ်ကူလွန်းသဖြင့် အခြား မည်သည့်ကိရိယာနှင့်မှ နှိုင်းယှဉ်၍ မရနိုင်ချေ။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် သက်ပြင်းရှည်ကြီး ချကာ ပြောလိုက်တော့သည်။ "ဒါဆို... ကျေးဇူးတင်ပါတယ် ဖန်အမတ်။ ယန်က ခင်ဗျားအပေါ် ကျေးဇူးကြွေး တင်သွားပါပြီ။"

"ကျေးဇူးတင်ပါတယ် ဖန်အမတ်။"

အနောက်မှ အခြားသူများကလည်း ယန်ရင်းချိုက်၏ သဘောထား ပျော့ပျောင်းသွားသည်ကို မြင်သောအခါ လိုက်လံ ကျေးဇူးတင်လိုက်ကြပြီး ရင်ထဲမှ အဖုအထစ်တစ်ခု ပြေပျောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။

ဖန်ကျန်းရီက လုံးဝ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ "ဒီလို အသေးအဖွဲ ကိစ္စလေးကို ကျေးဇူးကြွေးလို့ ပြောစရာ မလိုပါဘူး။ အမတ်ယန် အားနာနေပါပြီ။ သွားလိုက်ပါအုံးမယ်။"

ထိုသို့ပြောပြီးနောက် လီယွမ်ကျောက်နှင့်အတူ အပြင်သို့ ထွက်လာခဲ့၏။

လီယွမ်ကျောက်က နားမလည်စွာဖြင့် မေးလိုက်သည်။ "ဖန်ကြီး... ခင်ဗျား ဒီတစ်ခေါက် ဘယ်လိုလုပ်ပြီး ဒီလောက် သဘောထား ကြီးသွားရတာလဲ။ ဒီလောက် ကောင်းတဲ့ ပစ္စည်းကို ကျုပ်အမြင်ဆိုရင် အနည်းဆုံး ငွေတုံး တစ်ထောင်လောက် ရောင်းလို့ရတယ်။

ကျွတ် ကျွတ် .. ဒါသာရှိရင် သတင်းစာတိုက်က သတင်းထောက်တွေ အကုန်လုံး နေ့တိုင်း အချိန်မှန် အလုပ်ဆင်း အလုပ်ပြန် လုပ်လို့ရပြီ။ ဘယ်သူမှ နောက်ကျတာ၊ စောပြန်တာ လုပ်လို့ မရတော့ဘူး။"

ဖန်ကျန်းရီက ပြုံး၍ ဖြေလိုက်၏။ "အိမ်ရှေ့စံက တကယ် ဉာဏ်ကောင်းတာပဲ။ ဒါပေမဲ့ ပင်လယ်ရေကြောင်း ဖွင့်ဖို့ ကိစ္စနဲ့ ယှဉ်ရင် ဒါတွေက အသေးအဖွဲလေးတွေပါ။ ဒီအိတ်ဆောင်နာရီက ကျုပ် ဝူမင်းသားဆီကနေ ရလာတဲ့ အနောက်တိုင်း ပစ္စည်းပါ။ ပြီးတော့... ဒီလူတွေ အကုန်လုံးက အလကား ကြော်ငြာပေးမယ့်သူတွေလေ။ နောက်ဆိုရင် ငွေတွေ အများကြီး ဝင်လာတော့မှာ။"

လီယွမ်ကျောက်က တီးတိုးရေရွတ်လိုက်သည်။ "အနောက်တိုင်းက ပစ္စည်း... အနောက်တိုင်းက ပစ္စည်းတွေက ဒီလောက်တောင် စွမ်းတာလား။ ဒါဆို သူတို့ရဲ့ တိုင်းပြည်က ဘယ်လိုပုံစံများ ဖြစ်နေမလဲ။ ခင်ဗျား ဘာလို့ ဒီအခွင့်အရေးကို ယူပြီး ခမည်းတော်ကို ပင်လယ်ရေကြောင်း ဖွင့်ဖို့ မပြောတာလဲ။"

ဖန်ကျန်းရီက ပြုံး၍ သူ၏ ကျောကို ပုတ်လိုက်ရင်း ပြောလိုက်၏။ "စိတ်အေးအေးထားပါ အိမ်ရှေ့စံရာ။ သိပ်တော့ မစွမ်းလောက်ပါဘူး။ သူတို့က တစ်ဖက်ခြမ်းပဲ ကျွမ်းကျင်တာ ဖြစ်မယ်။ ယမ်းမှုန့်တောင် သူတို့ဆီမှာ မရှိသေးဘူးလေ။ အစားကို အပူတပြင်း စားလို့ မရဘူး။ အရှင်မင်းကြီးနဲ့ အမတ်တွေ ဒီပစ္စည်းအကြောင်း သေချာ နားလည်သွားတဲ့အချိန်ကျမှ ပြောလည်း နောက်မကျပါဘူး။

လောလောဆယ် ဒါကို ခဏထားလိုက်။ ခရိုင်ထဲက ယမ်းမှုန့်လက်နက်တွေ ပြီးသွားပြီ။ ကျုပ်တို့ ကြီးကျယ်တဲ့ ကိစ္စတစ်ခု လုပ်ရမယ်။ ခင်ဗျား သေချာပေါက် စိတ်ဝင်စားမှာပါ။"

"ကြီးကျယ်တဲ့ ကိစ္စ ဟုတ်လား။ ဘာကိစ္စလဲ။" လီယွမ်ကျောက်၏ မျက်လုံးများ အရောင်လက်သွားသည်။

ပြဿနာရှာရမည်ဆိုလျှင် သူက အလွန် စိတ်ဝင်စားပြီး ဖန်ကြီးနှင့်အတူ လုပ်ရမည်ဆိုပါက ပို၍ပင် သဘောကျသည်။ ထို့အပြင် ယမ်းမှုန့်လက်နက်များနှင့်ပါ သက်ဆိုင်နေသေးသဖြင့် သူ ပို၍ စိတ်အား ထက်သန်နေမိ၏။

ဖန်ကျန်းရီက ချက်ချင်း မဖြေဘဲ ခန်းမဆောင် အပြင်ဘက် လူရှင်းသော နေရာသို့ သူ့ကို ဆွဲခေါ်သွားပြီး တီးတိုး ပြောလိုက်သည်။ "အမဲလိုက်မလို့။"

"အမဲလိုက်မယ်။"

လီယွမ်ကျောက်က ရယ်မောလိုက်၏။ "အမဲလိုက်တာကတော့ စိတ်ဝင်စားစရာပဲ။ ယမ်းမှုန့်လက်နက်နဲ့ အမဲလိုက်မှာလား။"

"မှန်တာပေါ့။ အားလုံး အံ့ဩသွားအောင် လုပ်ပြရမယ်။ အရှင်မင်းကြီးကရော အမဲလိုက်တာကို စိတ်ဝင်စားလား။"

လီယွမ်ကျောက်က ခေတ္တစဉ်းစားပြီး ဖြေလိုက်သည်။ "စိတ်ဝင်စားတယ်။ ခမည်းတော်က အမဲလိုက်ရတာ အရမ်း ဝါသနာပါတယ်။ ကျုပ် ငယ်ငယ်တုန်းကတောင် နှစ်ခေါက်လောက် ခေါ်သွားဖူးတယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သိပ်မထွက်ဖြစ်တော့ဘူး။ ဒီနှစ်နှစ်အတွင်းမှာ လုံးဝကို မထွက်ဖြစ်တော့တာ။

ဖန်ကြီး... ခင်ဗျားက ဘယ်နေရာမှာ အမဲလိုက်ဖို့ စီစဉ်ထားတာလဲ။ မြို့တော်က အမဲလိုက်ကွင်းတွေက လူသူကင်းမဲ့နေတာ ကြာပြီ။ ပြီးတော့ ဆောင်းဦးရာသီမှ သွားတာ ပိုကောင်းမယ်။ အခုက ရာသီဥတုက ပူလာပြီဆိုတော့ အချိန်အခါ မသင့်ဘူး။"

ဖန်ကျန်းရီက ပြောလိုက်၏။ "အခု အချိန်အခါ မသင့်တာ မှန်တယ်။ ကျုပ်တို့လည်း ပြင်ဆင်ဖို့ အချိန် လိုသေးတယ်လေ။ ကွင်းက လူသူကင်းမဲ့နေလည်း ပြဿနာ မရှိပါဘူး။ ဆောင်းဦးမတိုင်ခင် အမဲလိုက်ကွင်းထဲကို တောရိုင်းတိရစ္ဆာန်တွေ အများကြီး ထည့်ထားလိုက်ရုံပေါ့။

ကျား၊ ကျားသစ်၊ ဝံပုလွေ စတဲ့ အကောင်ကြီးတွေ ထည့်ထားမှ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းမှာ။ အဲဒီအချိန်ကျရင် မှူးမတ်တွေ အကုန်လုံးကို ခေါ်သွားကြမယ်။"

လီယွမ်ကျောက်က အံ့ဩတကြီး ပြောလိုက်သည်။ "ဖန်ကြီး... ခင်ဗျားက ဒီလို ကိစ္စတွေကို စိတ်မဝင်စားဘူးလို့ ကျုပ် မှတ်မိပါတယ်။ ယမ်းမှုန့်မှာ တောင်တွေကို ဖြိုခွဲနိုင်တဲ့ အစွမ်းရှိမှန်း သိနေပြီပဲ၊ ဒီအတိုင်း ပြသလိုက်ရုံနဲ့ လုံလောက်နေပြီ မဟုတ်ဘူးလား။

အိမ်ရှေ့စံ... ဘာလုပ်လုပ် လုပ်ငန်းစဉ်ဆိုတာ ရှိရတယ်လေ။ ကျုပ်က အကုန်လုံး အကွက်ချ စီစဉ်ထားပြီးသားပါ။ ခင်ဗျား လုပ်ချင်လား မလုပ်ချင်ဘူးလား ဆိုတာသာ ပြော။ လျိုကျင်းက အဲဒီ တောရိုင်းတိရစ္ဆာန်တွေကို ရှာပေးနိုင်တယ် မဟုတ်လား။ သူ့ကို သွားရှာခိုင်းလိုက်။"

"ကျုပ်ကတော့ စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ ခင်ဗျား ဘယ်နှစ်ကောင် လိုချင်တာလဲ။ တကယ်လို့ အကောင်တွေ အရမ်းများသွားပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားရင် မှူးမတ်တွေ အကုန်လုံးလည်း ရှိနေတော့ အန္တရာယ် ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။" လီယွမ်ကျောက်က တွန့်ဆုတ်စွာ မေးလိုက်သည်။

ဖန်ကျန်းရီ၏ ရင်ထဲတွင် တိတ်တဆိတ် ကျေနပ်သွားသည်။ အိမ်ရှေ့စံက ယခင်ကထက် အများကြီး ပိုပြီး ရင့်ကျက်တည်ငြိမ်လာခဲ့သည်။ မှူးမတ်တွေ၏ လုံခြုံရေးကိုတောင် ထည့်စဉ်းစားနေလေ၏။

လွန်ခဲ့သောနှစ်အနည်းငယ်လောက်ကဆိုလျှင် လူတွေကို ကျားလှောင်အိမ်ထဲထည့်ပြီး ပွဲကြည့်ချင်သူပင်။

ဖန်ကျန်းရီက ပခုံးတွန့်ကာ ပြောလိုက်သည်။ "စိတ်လှုပ်ရှားမှု လိုချင်မှတော့ အဆုံးထိ သွားရမှာပေါ့။ စိတ်ချပါ အိမ်ရှေ့စံရာ၊ အဲဒီအချိန်ကျရင် လုံခြုံရေးတွေ အများကြီး ချထားမှာပါ။ ပြီးတော့ ယမ်းမှုန့်လက်နက်တွေလည်း ရှိနေတော့ ဘာပြဿနာမှ မဖြစ်နိုင်ပါဘူး။ အဲဒီလက်နက်တွေကို မြင်ရင် ခင်ဗျား လုံးဝ လက်က မချချင်တော့ဘူးဆိုတာ ကျုပ် အာမခံတယ်။"

လီယွမ်ကျောက်က စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်၏။ "ဒါဆိုလည်း လုပ်ကြတာပေါ့။ ကျုပ်က ဘာကြောက်စရာ ရှိလို့လဲ။ ယောက်ျားပဲ၊ ခပ်ကြမ်းကြမ်း ကိစ္စလေးတွေတော့ လုပ်ရမှာပေါ့။ ကျုပ် ပြန်သွားရင် လျိုကျင်းကို ကျား အကောင်ငါးဆယ်လောက် ရှာခိုင်းလိုက်မယ်။

ကျုပ်က အမဲလိုက်တာ သိပ်မများပေမဲ့ မြားပစ်၊ မြင်းစီးကတော့ အတော်လေး ကျွမ်းပါတယ်။ အဲဒီအချိန်ကျရင် ကျုပ်ရဲ့ စွမ်းရည်ကို ခင်ဗျားတို့ကို ပြရအုံးမယ်။"

ဖန်ကျန်းရီက အလျင်အမြန် တားလိုက်သည်။ "ဟေး... နှစ်ကောင်လောက်ဆို ရပါပြီ အိမ်ရှေ့စံရာ။ အဓိကက သမင်တို့၊ ဒရယ်တို့လို အကောင်တွေ ပိုများများ ရှာခိုင်းလိုက်ပါ။"

တောက်... အကောင်ငါးဆယ်တောင် ပြောထွက်သေးတယ်။ ခရိုင်ထဲမှာ စက်သေနတ်တွေ ထုတ်နိုင်မှ ဖြစ်လိမ့်မယ်။ အခု သေနတ်တွေက တော်ရုံလောက်ကိုပဲ အနိုင်ယူလို့ ရသေးတာ။ ကျားတစ်ကောင် သေဖို့ ဘယ်နှစ်ချက် ပစ်ရမလဲ မသိသေးဘူး။

အရင်တစ်ခေါက်က တောဝက် တစ်ကောင် ပစ်တာတောင် သူ အသက်ထွက်မလို ဖြစ်သွားသေးတယ်။

လီယွမ်ကျောက်က တဟားဟားရယ်မောကာ ပြောလိုက်သည်။ "အင်း... ကျုပ် နောက်နေတာပါ။ အဲဒီလောက် ကျားတွေ အများကြီး ဘယ်က သွားရှာလို့ ရမလဲ။ ဝံပုလွေတွေကတော့ ရှိတယ်။ အများကြီးပဲ။

ဒါဆို ကျုပ် စိတ်အေးသွားပြီ။ ဒီကိစ္စကို အိမ်ရှေ့စံကိုပဲ အပ်လိုက်တော့မယ်။ လျိုကျင်းကို သေချာလေး လုပ်ခိုင်းလိုက်ပါ။"

လီယွမ်ကျောက်က ဖန်ကျန်းရီကို ပြုံးစိစိဖြင့် ကြည့်ရင်း မေးလိုက်၏။ "ဖန်ကြီး... ခင်ဗျား ဒီလောက် အပင်ပန်းခံနေတာ ပင်လယ်ရေကြောင်း ဖွင့်ဖို့အတွက် လုပ်နေတာများလား။"

ဖန်ကျန်းရီက ခေါင်းညိတ်လိုက်၏။ "အိမ်ရှေ့စံ... စောင့်သာ ကြည့်နေလိုက်ပါ။"

အိတ်ဆောင်နာရီက ပထမအဆင့်သာ ဖြစ်သည်။ အပြင်က နည်းပညာတွေကို ရုံးတော်က အလေးထားလာအောင် လှုံ့ဆော်ပေးခြင်း ဖြစ်သည်။ ဒုတိယအဆင့်အနေဖြင့် ယမ်းမှုန့်၏ အစွမ်းကို အကျယ်တဝင့် ပြသမည် ဖြစ်ပြီး တတိယအဆင့် ရောက်လာသောအခါ...

ဖန်ကျန်းရီက မလောပေ။ တိုင်းပြည်၏ အနာဂတ် ဦးတည်ချက်နှင့် သက်ဆိုင်နေသဖြင့် ခြေလှမ်းတိုင်းကို သေချာ စီစဉ်ရမည်။

ဖြစ်နိုင်ပါက တစ်ဆင့်ချင်းစီဖြင့် လူတိုင်း၏ အမြင်ကို ပြောင်းလဲသွားစေရန် ကြိုးစားရမည်။

ပြဿနာက အမတ်တွေဆီမှာ ရှိနေတာ။ ကျင်းဘုရင်မင်းမြတ် က အရှင်မင်းကြီး ဆိုပေမယ့် ထင်ရာစိုင်း၍ ရသည် မဟုတ်ပေ။

ခေါင်းဆောင်ကြီးကို သိမ်းသွင်းလို့ရပေမဲ့ အောက်ခြေက လူတိုင်းကိုတော့ လိုက်ပြီး သိမ်းသွင်းလို့ မရနိုင်ဘူး။ အရှင်မင်းကြီးကို ဖျောင်းဖျနိုင်ရင်တောင် အောက်ကလူတွေက နေ့တိုင်း ပြဿနာရှာနေရင် ခံနိုင်မှာ မဟုတ်ဘူး။

ပါးစပ်တစ်ပေါက်တည်းနဲ့ ဒီဉာဏ်ကောင်းတဲ့ အမတ်တွေကို ဖြားယောင်းသွေးဆောင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ အခုချိန်မှာ ခိုင်မာတဲ့ အတွေးအခေါ်ဟောင်းတွေကို ဖြိုခွဲနိုင်ဖို့ဆိုတာ တကယ့်ကို ကြီးမားတဲ့ အကျိုးအမြတ် ဒါမှမဟုတ် အန္တရာယ်ကြီး တစ်ခုခု ရှိမှ ရမယ်။

ကံကောင်းတာက ကိုယ်တိုင် ပြဿနာရှာဖူးတဲ့ အတွေ့အကြုံ အတော်လေး ရှိနေပြီး လက်ထဲက ဖဲချပ်တွေကလည်း အတော်လေး ခိုင်မာနေတယ်။

ဒီအခွင့်အရေးကို ယူပြီး ယောက္ခထီးကြီးကိုပါ တစ်ခါတည်း သေချာ နေရာချပေးလိုက်ရင် မဆိုးဘူးပဲ။

လီယွမ်ကျောက်က ပြောလိုက်သည်။ "ကောင်းပြီ... ခင်ဗျားက ဒီကိစ္စကို ဒီလောက် အလေးထားနေမှတော့ ကျုပ် ထပ်မမေးတော့ပါဘူး။ အကူအညီ လိုရင်သာ ကျုပ်ကို ပြောလိုက်ပါ။

ဒါပေမဲ့... ကျုပ်မှာ ကိစ္စတစ်ခု ရှိတယ်။ ကျင်းယီဝေ လူသစ်စုတာ ကျုပ်ကို လေ့ကျင့်ပေးဖို့ ပေးမယ်လို့ ပြောထားတယ် မဟုတ်လား။ ဖန်ကြီး... ကျုပ်က တပ်လေ့ကျင့်တဲ့ နေရာမှာ အတော်လေး ကျွမ်းကျင်တယ်။"

"ပြဿနာမရှိပါဘူး အိမ်ရှေ့စံ။ သတင်းစာတိုက်က ကျင်းယီဝေအတွက် လူသစ်စုပေးဖို့ ပြင်နေပါတယ်။ ကျုပ်တို့ အတူတူ သွားကြည့်ကြတာပေါ့။"

All Chapters