အခန်း (၅၈၃-၅၈၄)
Vol. 32 Ch. 583-584
အပိုင်း (၅၈၃) ကျင်းယီဝေ တည်ဆောက်ရေး လုပ်ဆောင်ဆဲ
သတင်းစာတိုက်အတွင်းတွင် အလုပ်များနေသော လေထုက ပြည့်နှက်နေပြီး အာဟာရချို့တဲ့နေပုံရသော သတင်းထောက်တစ်စုက သူတို့၏ အသက်ကို စတေး၍၊ လူငယ်ဘဝကို ရင်း၍ တက်ကြွစွာ အလုပ်လုပ်နေကြသည်။
လီယွမ်ကျောက်က တံခါးဝရောက်သည်နှင့် သက်ပြင်းချလိုက်၏။ "ဖန်ကြီး... အဲဒီညက ခင်ဗျား သူတို့ကို ဘာဆေးတွေများ တိုက်လိုက်တာလဲ။ အချိန်ပို အလုပ်ဆင်းတာ ကောင်းတယ်လို့ ကျုပ် ထင်ပေမဲ့ အခု သူတို့ပုံစံက နည်းနည်းတော့ လွန်ကဲနေသလိုပဲနော်။ အခု ထမင်းစားချိန် ရောက်နေပြီကို ဘာလို့ မသွားကြသေးတာလဲ။"
ဖန်ကျန်းရီကမူ အလွန် ကျေနပ်နေပုံရသည်။ "အိမ်ရှေ့စံ စိတ်အေးအေးထားပါ။ ကျုပ် ရှဲ့ရှန်းကို သူတို့အတွက် ဆုကြေးငွေတွေ တိုးပေးခိုင်းထားတယ်။ သတင်းစာတိုက်မှာလည်း အချိန်ပြည့် သမားတော် ရှိနေတော့ အရမ်း ပင်ပန်းသွားရင် နားဖို့ သတိပေးမယ့်သူ ရှိပါတယ်။ သူတို့ ဒီလောက် ကြိုးစားနေမှတော့ နေ့လယ်စာတွေ ဘာတွေ ထပ်တိုးပေးသင့်တယ်။ နေ့တိုင်း သစ်သီးနဲ့ မုန့်လေးတွေ ဝေပေးဖို့ လူရှာခိုင်းရမယ်။"
"သစ်သီးနဲ့ မုန့် ဟုတ်လား။ အဲဒါတွေက အိပ်ရေးဝတာမှ မဟုတ်တာ။ တကယ်လို့ ပင်ပန်းပြီး သေသွားရင် ဘယ်လိုလုပ်မလဲ။" လီယွမ်ကျောက်က နှုတ်ခမ်းမဲ့ကာ မေးလိုက်၏။
ဖန်ကျန်းရီက တည်ငြိမ်စွာ ဖြေလိုက်သည်။ "အလုပ်ပျက်တယ်လို့ သတ်မှတ်ပြီး သူ့မိသားစုကို လျော်ကြေး ပေးခိုင်းရမှာပေါ့။"
"ဪ .. အင်းအင်း .. ပညာရသွားပြီ..."
သူတို့နှစ်ဦးက နောက်ပြောင်ရင်း အထဲသို့ ဝင်သွားကြသည်။ ရှဲ့ရှန်း၊ ရှန်ရီတို့အားလုံး ရှိနေကြပြီး မျက်နှာစိမ်း တစ်ယောက်လည်း ရှိနေ၏။
တောက်ယွမ်ခရိုင်မှ လက်သမားဆရာချီ ဖြစ်သည်။
သူတို့သုံးဦးက အခန်းထဲရှိ သစ်သားသေတ္တာကြီးတစ်ခုကို ဝိုင်းကြည့်ရင်း တီးတိုး စကားပြောနေကြ၏။
ဖန်ကျန်းရီက ချောင်းနှစ်ချက် ဟန့်လိုက်မှသာ သုံးယောက်စလုံး မတ်တတ်ရပ်ကာ အလျင်အမြန် နှုတ်ဆက်ကြသည်။
လောင်ချီက အနည်းငယ် ဦးညွတ်ကာ လျှောက်တင်လိုက်၏။ "သခင်လေး... သခင်လေး လိုချင်တဲ့ နာရီစင်ကြီးကို ပို့ပေးလိုက်ပါပြီ။ အိမ်ကိုလည်း ခုနလေးတင် ပို့ပြီးသွားပါပြီ။ ရှောင်ထောင် လက်ခံထားပါတယ်။"
လီယွမ်ကျောက်က အမြန်သွားရောက် ကြည့်ရှုနေစဉ် ဖန်ကျန်းရီက အံ့ဩတကြီး ပြောလိုက်သည်။ "ဒီလောက် မြန်မြန် ပြီးသွားတာလား။"
လောင်ချီက ခေါင်းညိတ်လိုက်၏။ "ဟုတ်ပါတယ် သခင်လေး။ သုတေသနအဖွဲ့က လူငယ်တွေက ဒါကို တော်တော် စိတ်ဝင်စားကြတယ်။ နေ့မနား ညမနား လေ့လာလိုက်တာ သဘောတရားကို အတော်လေး နားလည်သွားကြပြီ။ နည်းနည်းလေး ပြုပြင်လိုက်တာနဲ့ လုပ်လို့ရသွားပြီလေ။ ဒါပေမဲ့ အိတ်ဆောင်နာရီ ထက်တော့ နည်းနည်း ပိုရှုပ်တယ်။ ဒါက သော့လှည့်ပေးရတယ်။
မြို့တော်မှာ နာရီဆိုင် ဖွင့်မယ်လို့ ခရိုင်ထဲက ကြားတယ်။ အဲဒါ ဘယ်လို ရောင်းမလဲဆိုတာ သခင်လေးကို မေးကြည့် ခိုင်းလိုက်လို့ပါ။"
ဖန်ကျန်းရီက အိတ်ဆောင်နာရီ သို့မဟုတ် နာရီစင်များ အောင်မြင်ပါက မြို့တော်သို့ အမြန်ဆုံး ပို့ပေးရန် ခရိုင်သို့ အထူးမှာကြားထားခဲ့သည်။ ဤမျှမြန်မြန် ပြီးစီးသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ဘယ်လောက်နဲ့ ရောင်းရင် ကောင်းမလဲ။
ဖန်ကျန်းရီက မေးစေ့ကို ပွတ်သပ်ရင်း အသေအချာ စဉ်းစားနေသည်။ နာရီစင်ကို ကုန်းကွွ ကြည့်နေကြသော အိမ်ရှေ့စံနှင့် ရှန်ရီတို့ကို တစ်ချက်ကြည့်ပြီးနောက် ရှဲ့ရှန်းနှင့် လောင်ချီကို လက်ယပ်ခေါ်လိုက်၏။
သူတို့သုံးဦး ထောင့်တစ်နေရာသို့ ရောက်သွားသောအခါ ဖန်ကျန်းရီက အသံတိုးတိုးဖြင့် မေးလိုက်သည်။ "ဒီနာရီစင်ရဲ့ ကုန်ကျစရိတ်က ဘယ်လောက်လဲ။"
လောင်ချီက ဖြေလိုက်၏။ "သိပ်မများပါဘူး။ ကြည့်ရကောင်းအောင်လို့ အကြီးကြီး လုပ်ထားတာပါ။ တကယ်တော့ အောက်ဘက် တစ်ဝက်ကျော်က သစ်သားသေတ္တာ အလွတ်ကြီးပါပဲ။ လုပ်အားခ မပါဘဲ ခရိုင်ထဲက ပစ္စည်းဖိုးလောက်ဆိုရင်... ငွေတုံး ငါးတုံးတောင် မပြည့်လောက်ပါဘူး။"
"ငွေတုံး ငါးထောင်နဲ့ ရောင်းမယ်။"
ရှဲ့ရှန်း၏ မျက်နှာမှာ ပုံမှန်အတိုင်းပင် ဖြစ်နေပြီး ဖန်သခင်လေး၏ လောဘကို သူ ကောင်းကောင်း သိထားပြီး ဖြစ်သည်။
လောင်ချီကတော့ ထိုသို့မဟုတ်ပေ။ ရိုးသားသော လက်မှုပညာရှင် တစ်ဦးအနေဖြင့် ဖန်ကျန်းရီနှင့် အချို့သော ကိစ္စများတွင် အလုပ်တွဲမလုပ်ဖူးချေ။ ထို့ကြောင့် တစ်ကိုယ်လုံး တုန်ယင်စွာဖြင့် ပြောလိုက်၏။ "သခင်လေး... ဒါက ဈေးကြီးလွန်းမနေဘူးလား။"
ဖန်ကျန်းရီက လောင်ချီ၏ ပခုံးကို ပုတ်ကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။ "မဟုတ်ဘူး။ ပစ္စည်းဖိုးက ငွေတုံး ငါးတုံးဆိုရင် ခင်ဗျားတို့ရဲ့ လက်မှုပညာက လေးထောင့်ကိုးရာကိုးဆယ့်ငါးတုံး တန်တယ်။
ပြီးတော့ ဒီပစ္စည်းက သာမန် ပြည်သူတွေကို ရောင်းဖို့ မဟုတ်ဘူး။ ချမ်းသာတဲ့ သူဌေးတွေမှ ဝယ်နိုင်မှာ။ သူတို့က မျိုးဆက် အမွေအနှစ်အနေနဲ့တောင် ထားကြအုံးမှာ။
အိတ်ဆောင်နာရီကို လောလောဆယ် ခဏထားအုံး။ ဒီနာရီစင်ကို အဆင့် သုံးဆင့် ခွဲပြီး ဈေးကွက်ထဲ ရောင်းမယ်။ အနိမ့်ဆုံး အဆင့်ကို ငါးထောင်၊ အလယ်အလတ်ကို ခုနစ်ထောင့်ငါးရာ၊ အမြင့်ဆုံးအဆင့်ကို ကိုးထောင့်ကိုးရာ ကိုးဆယ့်ကိုးတုံးနဲ့ ရောင်းမယ်။"
"အာ..."
လောင်ချီက တံတွေးမျိုချလိုက်ပြီး မေးလိုက်သည်။ "ဒါဆို... အလယ်အလတ်အဆင့်ကို ငွေနဲ့လုပ်ပြီး၊ အမြင့်ဆုံးအဆင့်ကို ရွှေနဲ့လုပ်ရမှာလား။"
ဖန်ကျန်းရီက မျက်နှာကို တည်ကာ ဆူလိုက်၏။ "ငတုံးကြီး။ ခင်ဗျားကို ဘယ်သူက အဲဒီလို အရောင်းအဝယ် လုပ်ခိုင်းနေလို့လဲ။ အဲဒီလို လုပ်ရင် အရင်းတောင် ပြုတ်သွားလိမ့်မယ်။ ကုန်ကျစရိတ်ကို လျှော့ရမယ်။ ကုန်ကျစရိတ်ကို လျှော့ရမယ်ဆိုတာ နားလည်လား။"
လောင်ချီမှာ နားမလည်နိုင်အောင် ဖြစ်သွားသည်။
ရှဲ့ရှန်းက ဝင်ရှင်းပြလိုက်၏။ "လောင်ချီ... ခင်ဗျားက စီးပွားရေး မလုပ်ဖူးတော့ နားမလည်ဘူး။ ရွှေသီးသန့် ငွေသီးသန့်တွေ သုံးလိုက်ရင် ကျုပ်တို့က ဘာအမြတ် ကျန်တော့မလဲ။ အပြင်ကနေ ရွှေရည်စိမ်တာ၊ ငွေရည်စိမ်တာမျိုး လုပ်လိုက်ရင် ရပြီလေ။ အမြင့်ဆုံးအဆင့်ကိုတော့ ကျောက်မျက်ရတနာလေးတွေ နည်းနည်း ထည့်ကွပ်ပေးလိုက်။"
ဖန်ကျန်းရီက အထင်သေးစွာဖြင့် ပြောလိုက်သည်။ "လောင်ရှဲ့... ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ။ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာတွေက ပိုက်ဆံ မဟုတ်ဘူးလား။ ခင်ဗျား စီးပွားရေး လုပ်လာတာ ဒီလောက်ကြာပြီကို ဒါတောင် မသိဘူးလား။
အဆင့်မတူရင် သစ်သား အမျိုးအစား မတူတာ သုံးလိုက်။ ဒိုင်ခွက်ကို နည်းနည်း ပြောင်းလိုက်။ အနိမ့်ဆုံးအဆင့် ဒိုင်ခွက်ကို အဖြူရောင် ထား၊ အလယ်အလတ်အဆင့်ကို ပန်းချီဆွဲ၊ အမြင့်ဆုံးအဆင့်ကို ငှက်တွေ တိရစ္ဆာန်တွေ ပုံဆွဲလိုက်။ ဒါဆို ကွဲပြားသွားပြီ မဟုတ်ဘူးလား။"
ရှဲ့ရှန်းက မျက်မှောင်ကုတ်လိုက်၏။ "သခင်လေး... ဝယ်တဲ့သူတွေကလည်း အ တာမှ မဟုတ်တာ။ အဓိက အလုပ်လုပ်ပုံချင်း တူနေမှတော့ ပန်းချီကားလေး နည်းနည်း ပါရုံနဲ့ ငွေတုံး ထောင်ချီပြီး ပိုပေးကြပါ့မလား။"
လောင်ချီမှာ သူတို့နှစ်ယောက်ကြား ရပ်ရင်း ဟိုကြည့်ဒီကြည့်ဖြင့် ဘာလုပ်ရမှန်း မသိဖြစ်နေသည်။
ဖန်ကျန်းရီက အေးစက်စက် ရယ်မောလိုက်၏။ "ဒီလောက်တော့ ဘယ်ရိုးရှင်းမလဲ။ နာရီစင် အထဲမှာ အလွတ်ကြီး မဟုတ်ဘူးလား။ အလေးတုံးတွေ ထည့်ပေးလိုက်။ ဈေးပေါတဲ့ဟာကို မထည့်နဲ့။ ကျန်တဲ့ဟာတွေကို အဆင့်တစ်ခု မြင့်တိုင်း ဘိလပ်မြေ ငါးပိဿာစီ ထည့်ပေးလိုက်။ ကျုပ်တို့ ရောင်းတာက အရည်အသွေးနဲ့ ဇိမ်ခံပစ္စည်းလေ။ အရည်အသွေးဆိုတာ ဘာလဲ။ လေးလံတာက အရည်အသွေးပဲ။ ဈေးကြီးတာက ဇိမ်ခံပစ္စည်းပဲ။"
ရှဲ့ရှန်းမှာ သဘောပေါက်သွားပြီး အံ့ဩလေးစားစွာဖြင့် ပြောလိုက်သည်။ "ဒါမျိုးကိုး။ သခင်လေးက တကယ် ဉာဏ်ကြီးတာပဲ။"
"ခင်ဗျား အများကြီး လိုပါသေးတယ်။ သေချာ သင်ယူထားအုံး။" ဖန်ကျန်းရီက လက်ပိုက်၍ ဂုဏ်ယူစွာ ပြောလိုက်၏။
ရိုးသားသော လောင်ချီမှာ ဤအခိုက်အတန့်တွင် ခံယူချက်များ အကုန် လှုပ်ခတ်သွားပြီး မျက်နှာကြီး ရဲတက် လာသည်။
ဖန်ကျန်းရီက သူ၏အနေခက်နေသော ပုံစံကို ကြည့်ကာ မေးလိုက်၏။ "လောင်ချီ... ခင်ဗျားမှာ အကြံဉာဏ်ရှိရင် ပြောလို့ရပါတယ်။"
လောင်ချီက အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖြေလိုက်သည်။ "အာ... ကျုပ်... ကျုပ် ထင်တာတော့ နည်းနည်း ပြန်ပြီး ပုံစံဆွဲသင့်တယ်။ ဖြုတ်လိုက်တာနဲ့ ချက်ချင်း ပျက်သွားအောင် လုပ်ရမယ်။ ပြီးတော့ သူတို့ကို အလွယ်တကူ မဖြုတ်ဖို့ သတိပေးထားရမယ်။ မဟုတ်ရင် လွယ်လွယ်လေးနဲ့ လျှို့ဝှက်ချက် ပေါက်ကြားသွားလိမ့်မယ်။"
"မိုက်တယ်... ပြုပြင်ထိန်းသိမ်းခတွေပါ ထပ်ယူလို့ရတာပေါ့။ ခင်ဗျား အပြန်ကျရင် အောက်ချန်ဆီကနေ ဆုကြေးငွေ သွားထုတ်လိုက်။ ခင်ဗျား ပြောတဲ့အတိုင်းပဲ ပြင်လိုက်တော့။ ပြန်ရောက်ရင် နာရီစင်ကိုပဲ အရင်ထုတ်ပြီး ရောင်းဖို့ ပြောလိုက်။ အိတ်ဆောင်နာရီကို လောလောဆယ် မရောင်းနဲ့အုံး။
ပြီးတော့ ထုတ်လုပ်ရေးအပိုင်းက လူတွေကိုလည်း နောက်ထပ် လုပ်ဆောင်ချက် အသစ်တွေ စဉ်းစားခိုင်းလိုက်။ ဥပမာ ဆယ့်နှစ်နာရီထိုးရင် အလိုအလျောက် ခေါင်းလောင်းမြည်တာမျိုး ဒါမှမဟုတ် ငှက်ကလေး တစ်ကောင် ထွက်လာတာမျိုးပေါ့။ တခြားသုတေသနအဖွဲ့တွေနဲ့လည်း တိုင်ပင်ပြီး အချိန်တိကျမှုအပြင် တခြား ဆွဲဆောင်မှုရှိတဲ့ အရာတွေ ထည့်လို့ရရင် အကုန်ထည့်ခိုင်းလိုက်။"
"အာ... သခင်လေး၊ ဒါဆို ကျုပ် အရင် ပြန်သွားတော့မယ်။"
ဖန်ကျန်းရီ၏ အတည်ပြုချက်ကို ရပြီးနောက် လောင်ချီက တုန်ယင်စွာဖြင့် နောက်လှည့်ထွက်သွားသည်။ ထွက်သွားစဉ်တွင်လည်း ပါးစပ်မှ တီးတိုး ရေရွတ်သွားသေး၏။ "တကယ် ယုတ်မာတာပဲ... တကယ် ယုတ်မာတာပဲ..."
နာရီစင်ကို အဆက်မပြတ် လေ့လာနေသော အိမ်ရှေ့စံတို့ကို ကြည့်ကာ ဖန်ကျန်းရီက ပြုံး၍ မေးလိုက်သည်။ "ရှန်ရီ... ဒီပစ္စည်းကို ဘယ်လိုမြင်လဲ။"
ရှန်ရီက မတ်တတ်ရပ်၍ တည်ကြည်စွာ ပြန်ဖြေလိုက်၏ "ဖန်အမတ်... ဒီပစ္စည်းက တကယ်ကို အဆင်ပြေပါတယ်။ ကိုယ့်ရဲ့ အချိန်တွေကို သေချာ စီစဉ်လို့ ရတယ်။ ဒါပေမဲ့ ယူသွားယူလာ လုပ်လို့ မရတာလေးပဲ နှမြောစရာ ကောင်းတယ်။"
ဖန်ကျန်းရီက ကိုယ်ပေါ်ရှိ အိတ်ဆောင်နာရီကို ထုတ်ကာ ရှန်ရီထံ ပစ်ပေးလိုက်၏။ "ယူထားလိုက်။ ဒါက ခင်ဗျားအတွက် လက်ဆောင်ပဲ။"
ရှန်ရီက ပစ်ပေးလာသော အိတ်ဆောင်နာရီကို ကြည့်ရင်း အဖုံးဖွင့်သည့် ခလုတ်ကို အလိုအလျောက် နှိပ်မိသွားပြီး အလွန်အမင်း အံ့ဩသွားသည်။
"ဒါ... ဒါက..."
ယခုမြင်နေရသော ပစ္စည်းက နာရီစင်ထက် အများကြီး ပိုမို သေချာသပ်ရပ်နေသဖြင့် တန်ဖိုးကြီးမားမည်မှာ သေချာလှ၏။
"ဖန်အမတ်... ဒါက... ကျုပ်က အလကားနေရင်း အကျိုးအမြတ်ကို မယူဝံ့ပါဘူး။"
ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်သည်။ "အပြင်မှာ အလုပ်လုပ်ရတဲ့အခါ ပိုအဆင်ပြေသွားတာပေါ့။ ဒီလို အသေးအဖွဲ ကိစ္စတွေကို ဘေးဖယ်ထားလိုက်စမ်းပါ။ ခင်ဗျား ဘယ်တော့ ခရီးထွက်မလဲ။"
ရှန်ရီ၏ ရင်ထဲတွင် အလွန် ဝမ်းသာကြည်နူးသွားပြီး လက်ထဲမှ အိတ်ဆောင်နာရီကို ရင်ခွင်ထဲသို့ ဂရုတစိုက် သိမ်းဆည်းလိုက်ရင်း ဖြေလိုက်၏။ "ကျေးဇူးတင်ပါတယ် ဖန်အမတ်။ ဘဏ္ဍာရေးရုံးကနေ လာအကြောင်းကြားထားပါတယ်။ သန်ဘက်ခါ ထွက်ရမှာပါ။"
"ကောင်းပြီ။ ကျုပ်နဲ့ အိမ်ရှေ့စံက ခင်ဗျားကို လိုက်ပို့ဖို့ အချိန်ရမှာ မဟုတ်ဘူး။ လမ်းခရီးမှာ ဂရုစိုက်သွားပါ။ စာခဏခဏ ပြန်ရေးပါ။ အခက်အခဲ ရှိရင်လည်း ကျုပ်ကို ပြောလို့ ရတယ်။ ကျင်းယီဝေ စာမေးပွဲ မေးခွန်းတွေ ပုံနှိပ်ပြီးပြီလား။" ဖန်ကျန်းရီက ဆက်မေးလိုက်သည်။
"ပြီးပါပြီ။ ကျုပ် သွားယူပေးပါ့မယ်။" ရှန်ရီက နောက်လှည့်ကာ အပြင်သို့ ထွက်သွား၏။
လီယွမ်ကျောက်က မတ်တတ်ရပ်ကာ မေးလိုက်သည်။ "ဖန်ကြီး... ဒီပစ္စည်းက..."
"အိမ်ရှေ့စံ... ဒါက အကြီးစား အိတ်ဆောင်နာရီပဲလေ။ သိပ်ထူးခြားတာ မဟုတ်ပါဘူး။ နောက်နေ့ကျရင် နန်းတော်ထဲကို ကျုပ် နည်းနည်း ပို့ပေးလိုက်ပါ့မယ်။ အခု အလုပ်ကိစ္စ အရင် ပြောကြရအောင်။"
လီယွမ်ကျောက်က ခေါင်းညိတ်လိုက်သည်။ ရှန်ရီ စာမေးပွဲမေးခွန်း စာရွက်ကို ယူလာသောအခါ သူက အသေအချာ ဖတ်ကြည့်နေ၏။
ခဏအကြာ ဖတ်ပြီးနောက် မျက်နှာထား တဖြည်းဖြည်း တည်ကြည်လာကာ သတင်းစာကို ဖြန့်ချလိုက်ပြီး မေးလိုက်သည်။ "ဖန်ကြီး... ခင်ဗျားက ဒီလို လူစုမှာလား။"
ဖန်ကျန်းရီက အလျင်အမြန် ခေါင်းပြူကာ တစ်ချက် ဝေ့ကြည့်ပြီး ပြောလိုက်၏။ "ဒါက ဘာပြဿနာ ရှိလို့လဲ။ ကျုပ် တောက်ယွမ်ခရိုင်မှာ ရုံးအစေခံတွေ ခေါ်တုန်းကလည်း ဒီလိုပဲ ခေါ်တာလေ။"
ရှဲ့ရှန်းကလည်း ဝင်ကြည့်လိုက်သည်။ "အိမ်ရှေ့စံ... ဒါက အမှား မဟုတ်ပါဘူး။ မေးခွန်းထုတ်တဲ့ သူတွေကို ကျုပ်တို့ တောက်ယွမ်ခရိုင်ကနေ ခေါ်လာပြီး သီးသန့် ထုတ်ခိုင်းထားတာပါ။
ပြည်သူတွေက သတင်းစာထဲက ကြော်ငြာကို သိသွားရင် တောင်ပိုင်းကျင်းယီဝေရုံးတော်မှာ စာမေးပွဲ လာဖြေကြလိမ့်မယ်။ အဲဒီနေ့မှာပဲ လူတွေ့စစ်ဆေးတာကိုပါ တစ်ခါတည်း လုပ်လိုက်ရင် ရပါပြီ။"
"ခင်ဗျားတို့ တကယ် ပုံနှိပ်တာ မမှားဘူး သေချာလား။"
လီယွမ်ကျောက်က သတင်းစာကို နောက်တစ်ကြိမ် ကောက်ကိုင်လိုက်ပြီး မျက်နှာတစ်ခုလုံး ရှုံ့မဲ့ကာ ခက်ခက်ခဲခဲ ဖတ်ပြသည်။
"ရွေးချယ်စရာ မေးခွန်း။ ကျင်းယီဝေမှာ အရေးပေါ်ကိစ္စတစ်ခု ဖြစ်လာရင် ဘယ်လို ဖြေရှင်းမလဲ။
(ဃ) သတင်းကို ချက်ချင်း ထုတ်ပြန်ပြီး တခြားသူတွေကို ကြိုတင်ပြင်ဆင်ခိုင်းမယ်။
(ခ) ကျင်းယီဝေရဲ့ လျှို့ဝှက်ချက်မို့ ပေါက်ကြားအောင် လုပ်တဲ့သူကို သေဒဏ်ပေးမယ်။
(ဂ) သတင်းကို အရင် ဖုံးကွယ်ထားပြီး လုံးဝ ပေါက်ကြားသွားမှပဲ ဖြေရှင်းမယ့် နည်းလမ်းကို စဉ်းစားမယ်။
ကျင်းယီဝေက ဝန်ထမ်းတွေ လျှော့ချတော့မယ်။ အလုပ်ထုတ်ခံရတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ခင်ဗျား ဘယ်လို ပြောမလဲ။
(က) လူက အလုပ်ပြုတ်သွားပေမဲ့ အတွေးအခေါ်တွေကတော့ ဆက်ပြီး အလုပ်လုပ်နေရမယ်။
(ခ) ဒီမှာ မရရင် တခြား နေရာမှာ ရမှာပေါ့။
(ဂ) ကျင်းယီဝေက တမ်းတစရာ ကောင်းတဲ့ နေရာ မဟုတ်ပါဘူး။
ဘာတွေလဲ... ဘာတွေလဲ... ဒါတွေက ဘာတွေ ရေးထားတာလဲ။"
ဖြန်းဆိုသောအသံနှင့်အတူ လီယွမ်ကျောက်က သတင်းစာကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။ "ဒါ လုံးဝ အဓိပ္ပာယ် မရှိတာပဲ။ အောက်ခြေအဆင့် တပ်သားတွေ ခေါ်တာကို နောက်ကြောင်းရှင်းပြီး စာတတ်ရင် ရပြီ မဟုတ်ဘူးလား။ ဘာလို့ ဒီလို အဓိပ္ပာယ်မရှိတာတွေကို စာမေးပွဲ စစ်နေရတာလဲ။ ဒီလို ပုံစံနဲ့ ခေါ်မယ်ဆိုရင် တစ်နှစ်လောက် အချိန်ယူတာတောင် လူပြည့်မှာ မဟုတ်ဘူး။"
ဖန်ကျန်းရီက စာမေးပွဲ စာရွက်ကို ကောက်ယူကာ သေချာ ပြန်ခေါက်ထားလိုက်ပြီး စိတ်ရှည်လက်ရှည် ရှင်းပြ၏။ "အိမ်ရှေ့စံ... တကယ်တော့ ဒါတွေ အကုန်လုံးက အသေအချာ စီစဉ်ထားတာပါ။ လူမလုံလောက်လည်း ကိစ္စမရှိပါဘူး၊ အရည်အချင်း မပြည့်မီတဲ့ သူတွေကိုတော့ အဝင်မခံနိုင်ဘူးလေ။
ကျင်းယီဝေမှာ လူရွေးချယ်ရင် အတွေးအခေါ် မှန်ကန်ဖို့က ပထမပဲ။ အတွေးအခေါ် မမှန်ရင် ကျင်းယီဝေမှာ ဘာလုပ်ဖို့လဲ။ ခန္ဓာကိုယ် မကြံ့ခိုင်ရင် လေ့ကျင့်ပေးလို့ ရတယ်၊ ဒါပေမဲ့ ဦးနှောက် မကောင်းရင်တော့ ပြင်ပေးလို့ မလွယ်ဘူး။
ပြီးတော့ ရဲရင့်ပြီး သတိရှိဖို့လည်း လိုတယ်။ ခင်ဗျား ကြည့်လေ... ဒီရွေးချယ်စရာ မေးခွန်းမှာ ပုံမှန်ဆိုရင် က၊ ခ၊ ဂ ဖြစ်ရမှာကို ဒီမှာက ဃ၊ ခ၊ ဂ လို့ ရေးထားတယ်။ ဆိုလိုတာက ဃ ဟာ အဖြေမှားတွေထဲက တစ်ခုဆိုတာ ဉာဏ်ကောင်းတဲ့သူက ချက်ချင်း သိပြီး ပယ်လိုက်မှာပဲ။ ငတုံးတွေကတော့ ကျုပ် ပုံနှိပ်တာ မှားတယ်လို့ ထင်လိမ့်မယ်။ တကယ်တော့ အဲဒါ တမင်သတ်သတ် လုပ်ထားတာ။
ဒါက ပထမအဆင့် ရွေးချယ်မှု သက်သက်ပါ။ လူတွေ့စစ်ဆေးပြီးရင် သူတို့ကို စာသင်ပေးရအုံးမယ်။ အတွေးအခေါ်ရော ခန္ဓာကိုယ်ပိုင်းပါ နှစ်ခုစလုံးကို အသေအချာ လေ့ကျင့်ပေးရမှာ။ ကျုပ် လူရွေးပြီးသွားရင်တော့ အိမ်ရှေ့စံ အဝ လေ့ကျင့်ပေးဖို့သာ ပြင်ထားလိုက်တော့။"
အပိုင်း (၅၈၄) ကျင်းယီဝေ လူတွေ့စစ်ဆေးခြင်း။
နှစ်ရက်အကြာ၊ နန်းတော်တံခါးပေါက်ရှေ့၌...
တစ်ရက် နှစ်ရက်မျှ အချိန်အတွင်းမှာပင် မှူးမတ်များမှာ အချိန်တိုက်သည့် အလေ့အကျင့်ကို အလျင်အမြန် ရရှိသွားကြပြီ ဖြစ်၏။
သို့သော်ငြား ဤအချိန်တိုက်ရာတွင်လည်း နည်းစနစ်လေးများ ရှိသည်။ အများစု၏ မှန်ကန်သော အချိန်ကို လိုက်တိုက်ခြင်း မဟုတ်ဘဲ ရာထူးအဆင့်အတန်းအလိုက် တိုက်ကြခြင်း ဖြစ်သည်။
အထက်တန်း အမတ်ကြီးများ၏ နာရီက အတိကျဆုံးဖြစ်ရာ ကျန်အရာရှိငယ်များက ထိုအချိန်ကို လိုက်လံ ချိန်ညှိကြရ၏။
ယခုအခါ အိတ်ဆောင်နာရီများ၏ အချိန်ပြသမှုမှာ နောင်ခေတ်များကဲ့သို့ လုံးဝ တိကျမှု မရှိသေးသော်လည်း ကြီးမားသော ကွာဟချက်များတော့ မရှိချေ။
အချိန်တိုက်ပြီးသည်နှင့် နန်းတော်ထဲသို့ ဝင်ရောက်ကာ ညီလာခံ တက်ကြတော့သည်။
အိတ်ဆောင်နာရီများ ပေါ်ပေါက်လာခြင်းကြောင့် ညီလာခံ ပြီးဆုံးချိန်မှာလည်း သိသိသာသာ တိကျလာခဲ့၏။ လူများကလည်း မပြောမဖြစ် အကြောင်းအရာများကိုသာ အတိုချုပ် ပြောဆိုလာကြပြီး ယခင်ကကဲ့သို့ အားရပါးရ ပြောဆိုလေ့ ရှိခြင်းမှ ရှောင်ကြဉ်လာကြ၏။
အဘယ်ကြောင့်ဆိုသော် ကျင်းဘုရင်မင်းမြတ် ကလည်း စားပွဲပေါ်ရှိ အိတ်ဆောင်နာရီကို မကြာခဏ ကြည့်ရှုကာ လူတစ်ဦးချင်းစီ၏ စကားပြောချိန်ကို ချိန်ညှိပေးနေသောကြောင့် ဖြစ်သည်။
တိကျသော အချိန်တိုင်းကိရိယာအပေါ် အခြေခံ၍ ပိုမို ထိရောက်မှုရှိသော အစီအစဉ်များကို ချမှတ်လာခြင်းက ရုံးတော်ရှိ အရည်အချင်းမြင့်မားသော ယောက်ျားများ၏ ပင်ကိုစွမ်းရည်ပင် ဖြစ်၏။
အိတ်ဆောင်နာရီ၏ အကျိုးသက်ရောက်မှုများက လူတိုင်းအပေါ် မသိမသာဖြင့် အလျင်အမြန် ပျံ့နှံ့လာခဲ့ချေပြီ။
ညီလာခံ ပြီးဆုံးသွားသောအခါ နန်းတွင်းမီးဖိုချောင်မှ အမတ်များ ဗိုက်ဆာပြေစေရန် အစားအစာ အနည်းငယ် ထုတ်ပေးလေ့ရှိသည်။
သာမန်အရာရှိများကတော့ ဤအခွင့်အရေးမျိုး မရရှိကြပေ။ ရာထူးကြီးမားသူများသာ စားသုံးခွင့် ရကြ၏။
သို့သော်ငြား မစားရသူများလည်း ဗိုက်မဆာကြချေ။ အဘယ်ကြောင့်ဆိုသော် အိမ်တွင်သော်လည်းကောင်း၊ နန်းတော်ထဲ မဝင်မီ အပြင်ဘက်ရှိ ဈေးဆိုင်တန်းများတွင်သော်လည်းကောင်း စားသောက်ခဲ့ကြပြီး ဖြစ်သောကြောင့်ပင်။
ထို့နောက်တွင်တော့ တရားဝင် အလုပ်စတင်ရမည် ဖြစ်ပြီး ထိုမတိုင်မီ သတ်မှတ်ချက်များအရ အိမ်ပြန်၍ တစ်ရေးအိပ်ခွင့် ရှိသည်။
မနက်ခင်း ညီလာခံက အလွန် စောလွန်းသဖြင့် အရှင်မင်းကြီးကိုယ်တိုင်ကလည်း ဤအချက်ကို နားလည်ပေးထားခြင်း ဖြစ်သည်။
သို့ပေမည့် သတ်မှတ်ချက်က စာရွက်ပေါ်တွင်သာ ရှိပြီး လက်တွေ့တွင်မူ အရေးပေါ်ကိစ္စမရှိဘဲ မည်သည့် ငတုံးကမှ အိမ်ပြန်၍ သွားအိပ်မည် မဟုတ်ချေ။
အရှင်မင်းကြီးကိုယ်တိုင်က နေ့စဉ် ညီလာခံ တက်ရန် တောင်းဆိုထားပြီး ကြိုးစားပမ်းစား အလုပ်လုပ်နေသည် မဟုတ်ပါလား။
အထက်အရာရှိများကလည်း အသက်အရွယ် ကြီးရင့်သူများဖြစ်ရာ အိပ်ချိန် သိပ်မလိုအပ်ကြပေ။
ခေါင်းဆောင်ကြီးတွေတောင် မအိပ်သေးတာကို ကိုယ့်လို လက်အောက်ငယ်သားက အိမ်ပြန်အိပ်ရဲရင် စည်းကမ်းမသိရာ ကျသွားမှာပေါ့။
နောင်ဆိုရင် ရုံးတော်မှာ ဘယ်လို ဆက်နေမလဲ၊ ဘယ်လို ရာထူးတက်မလဲ။
နေ့တိုင်း အချောင်ခိုဖို့ပဲ စဉ်းစားနေတဲ့ ဝန်ထမ်းကို ခေါင်းဆောင်က ဘယ်လိုလုပ်ပြီး တာဝန်ကြီးတွေ ပေးဝံ့မှာလဲ။
ညီလာခံတက်ရခြင်းက အလွန် ပင်ပန်းသော အလုပ်တစ်ခု ဖြစ်သော်လည်း ယခုအခါ အိတ်ဆောင်နာရီများ ရှိလာသောကြောင့် အခြေအနေက ပြောင်းလဲသွားခဲ့သည်။
ယခင်ကဆိုလျှင် အလုပ်သွားရန် ဖြည်းဖြည်းချင်း လျှောက်သွားလေ့ရှိသော အမတ်များမှာ ယခုအခါ အိတ်ဆောင်နာရီကို ကြည့်ကာ အလုပ်ရုံးခန်းဆီသို့ ခပ်သုတ်သုတ် သွားနေကြ၏။
အခြားသူများထက် နောက်ကျသွားမည်ကို သို့မဟုတ် အထက်အရာရှိ၏ အနောက်မှ ရောက်သွားမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။
ဤကဲ့သို့ အကျင့်ဆိုး စတင်ဖြစ်ပေါ်လာရခြင်းမှာ စစ်ရေးအမတ် ဖုန်းကျဲ့က အိတ်ဆောင်နာရီကို ရရှိပြီးနောက် မိမိလက်အောက်ရှိ လူများကို မသိမသာ အချိန်မှတ်ကာ မည်သူတွေ နောက်ကျသည်ကို စာရင်းပြုစုနေသည်ဟု သတင်းထွက်လာသောကြောင့်ပင်။
ကိရိယာ သေးသေးလေး တစ်ခုတည်းဖြင့် လူတိုင်းကို အပြိုင်အဆိုင် ဖြစ်သွားစေခဲ့၏။
ဤအခြေအနေများကို ဖန်ကျန်းရီက မြင်တွေ့နေရပြီး ရင်ထဲတွင် တိတ်တဆိတ် ရယ်မောနေမိသည်။
သူ၏ ဤဘဝမှ အကြီးမားဆုံး ဝါသနာများထဲမှ တစ်ခုမှာ အလုပ်သမားများ အလောတကြီး ပြာယာခတ်နေသည်ကို ကြည့်ရခြင်းပင် ဖြစ်သည်။
ယခုအခါ အိတ်ဆောင်နာရီ၏ အကျိုးသက်ရောက်မှုများ စတင် ထွက်ပေါ်လာပြီ ဖြစ်သော်လည်း ၎င်းအပေါ် အားထားမှု အလေ့အကျင့် ဖြစ်လာစေရန် အချိန်အနည်းငယ် ယူရဦးမည်။
လီယွမ်ကျောက်က ခန်းမဆောင် တံခါးဘောင်ကို မှီကာ အမတ်များ ခပ်သုတ်သုတ် ထွက်ခွာသွားကြသည်ကို ကြည့်ရင်း ခေါင်းယမ်းလိုက်၏။ "ဒီရက်ပိုင်း နည်းနည်း ထူးဆန်းနေတယ်။ ဒီလူတွေက အိတ်ဆောင်နာရီ ရပြီးတည်းက တစ်ချိန်လုံး နာရီကိုချည်း လိုက်ကြည့်နေကြတာ၊ သူတို့ မပင်ပန်းကြဘူးလား။ ဖန်ကြီး... ဒီနေ့ ကျင်းယီဝေက လူရွေးချယ်တာ စနေလောက်ပြီနော်။"
ဖန်ကျန်းရီက နာရီကို ငုံ့ကြည့်လိုက်ပြီး ဖြေလိုက်သည်။ "အင်း... မနက်ရှစ်နာရီမှာ စာမေးပွဲ စတာ။ အခု ကိုးနာရီဆိုတော့ တစ်သုတ်တော့ ပြီးလောက်ပြီ။ သွား... ကျုပ်တို့ သွားကြည့်ကြတာပေါ့။"
ကျင်းယီဝေ၏ စာမေးပွဲ အချိန်ဇယားမှာ အလွန် ကြပ်မတ်လှ၏။
စုစုပေါင်း အချိန် တစ်နာရီသာ ပေးထားပြီး မိနစ်ငါးဆယ်က စာမေးပွဲဖြေရန် ဖြစ်ကာ ဆယ်မိနစ်က လူတွေ့စစ်ဆေးရန် ဖြစ်သည်။
အရင် ဖြေပြီးသူက အရင် ထွက်သွားရုံသာဖြစ်ပြီး အဖြေကို ချက်ချင်း ထုတ်ပြန်ပေးသည်။
ဤမျှ မြန်ဆန်ရခြင်းမှာ လာရောက် ဖြေဆိုသူများ၏ ပညာအရည်အချင်း အဆင့်အတန်း မမြင့်မားလှသဖြင့် ရွေးချယ်စရာ မေးခွန်းများကိုသာ အများဆုံး ထုတ်ထားသောကြောင့် ဖြစ်၏။
လူတွေ့စစ်ဆေးရာတွင်လည်း စကားအနည်းငယ်သာ ပြောဆိုပြီး ရုပ်ရည်ကို အကဲဖြတ်ခြင်းသာ ဖြစ်သည်။
ဤသည်မှာ ဖန်ကျန်းရီ ချမှတ်ထားသော အရေးကြီးဆုံး စံနှုန်းများထဲမှ တစ်ခုပင် ဖြစ်သည်။
ရုပ်ရည်ကောင်းမှ အလုပ်လုပ်ရ အဆင်ပြေမည် ဖြစ်ပြီး သတင်းထောက်များ၏ စံနှုန်းနှင့် တစ်ထပ်တည်းပင် ဖြစ်၏။
တောင်ပိုင်းကျင်းယီဝေရုံးတော် အပြင်ဘက်သို့ ရောက်သောအခါ လူအုပ်ကြီးက ကြိတ်ကြိတ်တိုး စည်ကားနေသည်။
မြို့တော်တွင် စာတတ်ပေတတ်များ ပိုမို များပြားလာခြင်းမှာ သတင်းစာများ ထုတ်ဝေလာခြင်းကြောင့် ဖြစ်၏။
သတင်းစာထဲတွင် နေ့စဉ်သတင်းများအပြင် မြို့တော်အနှံ့မှ ကုန်ဈေးနှုန်းများ၊ ကြော်ငြာများနှင့် အထူး အစီအစဉ်များလည်း ပါဝင်သည်။
ဈေးသက်သာသည့် နေရာများသို့ ပြည်သူများက အလိုအလျောက် သွားရောက်ကြမည်မှာ သေချာ၏။ သတင်းဖတ်ပြသူများ သတင်းကြေညာမည့် အချိန်ကို စောင့်နေပါက ဈေးဝယ်ရန် နောက်ကျသွားနိုင်၏။
ရည်မှန်းချက်ကြီးမားသော လူငယ်များက စာပေကို စတင် လေ့လာလာကြပြီး သာမန် ပြည်သူများကြား တွင်လည်း စာသင်ကြားပေးမည့် နေရာများ ရှိနေသည်။ အနည်းဆုံးတော့ ထီလက်မှတ်များ စတင်ပေါ်ပေါက်ရာ ပန်းရှန်းရပ်ကွက်ကဲ့သို့သော နေရာမျိုးတွင် စာသင်ကြားပေးပြီး ထီလက်မှတ် ရောင်းချသည့် နေရာများလည်း မနည်းလှချေ။
တောင်ပိုင်းကျင်းယီဝေရုံးတော် အပြင်ဘက်ရှိ စာမေးပွဲ ဖြေဆိုသူများမှာ ယခုအခါ အုပ်စု နှစ်စု ကွဲနေပြီ ဖြစ်သည်။
တစ်စုက ဝမ်းသာပျော်ရွှင်နေကြပြီး အခြားတစ်စုကတော့ စိတ်ပျက်လက်ပျက် ဖြစ်နေကာ စာမေးပွဲက မမျှတဘူးဟုပင် အသံကျယ်ကျယ်ဖြင့် ဆဲဆိုနေကြ၏။
လူတစ်ယောက်က ဘေးမှလူကို အလွန် ဒေါသတကြီးဖြင့် မေးနေသည်ကို တွေ့လိုက်ရ၏။ "မိကျောင်းက အစာကို မြင်ရင် ဘာလို့ မျက်ရည်ကျရတာလဲ။ ဘာလို့လဲဗျာ။"
"ညီအစ်ကို... ဒီမေးခွန်းက အဖြေ (ဂ) ကို ရွေးရမှာ။ ကြက်သားအစိမ်းကို စားရင် ရောဂါရမှာစိုးလို့ ကျက်တဲ့ဟာကို စားချင်လို့လေ။"
"လျှောက်ပြောမနေနဲ့။ ခင်ဗျား စာမေးပွဲ မကျရုံနဲ့ ဒီမှာ လာပြီး လျှောက်မပြောနဲ့။ ဒီမေးခွန်းက အဖြေ (က) ကို ရွေးရမှာ။ မိကျောင်းက ရုံးတော်က ပေးတဲ့ အစာကို မြင်ပြီး ဝမ်းသာလွန်းလို့ မျက်ရည်ကျတာ။"
"လူတွေ့စစ်ဆေးတဲ့သူက ကျုပ် လက်မှာ အမာရွတ် ရှိလို့ အရည်အချင်း မပြည့်မီဘူးတဲ့... တောက်... ဒါ အဓိပ္ပာယ်ရှိလို့လား။ အဂတိလိုက်စားမှုတွေ ရှိနေတာ သေချာတယ်။"
လီယွမ်ကျောက်က ဖန်ကျန်းရီကို မျက်စောင်းထိုးကြည့်ကာ လှောင်ပြောင်လိုက်သည်။ "ကြည့်စမ်း... ခင်ဗျားတို့ တောက်ယွမ်ခရိုင်က ထုတ်တဲ့ မေးခွန်းတွေကြောင့် လူဘယ်နှစ်ယောက်လောက် ရူးသွားပြီလဲ။"
ဖန်ကျန်းရီက လုံးဝ ဂရုမစိုက်ဘဲ အထဲသို့ ဆက်လျှောက်သွားရင်း ရှင်းပြလိုက်၏။ "အိမ်ရှေ့စံ... ဒါတွေက အခြေအနေ အရပ်ရပ်ကို ခြုံငုံသုံးသပ်နိုင်စွမ်း ရှိမရှိ စစ်ဆေးတာပါ။ အမြင်ကျယ်ကျယ် မတွေးတတ်တဲ့သူက နိုင်ငံတော်အတွက် ဘယ်လိုလုပ် အလုပ်လုပ်ပေးနိုင်မှာလဲ။ ဒါပေမဲ့ ဒါက တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်။ လူတွေ့စစ်ဆေးတာမှာ ထူးချွန်ရင်လည်း ကျင်းယီဝေထဲ ဝင်ခွင့်ရနိုင်ပါတယ်။
ခင်ဗျား ဒီလူတွေကို ကြည့်လိုက်စမ်း။ ရုပ်တွေက ကြည့်မကောင်းတဲ့အပြင် အကျင့်စရိုက်ပါ ပျက်စီးနေပုံရတယ်။ သူတို့ အရွေးမခံရတာ ဖြစ်သင့်ပါတယ်။"
"တောက်... ဖန်ကြီး၊ ခင်ဗျားက ယောက်ျားလျာတွေ ရွေးနေတာလား၊ တပ်သားတွေ ရွေးနေတာလား။" လီယွမ်ကျောက်က လည်ပင်းကို ပုကာ အနည်းငယ် ဝေးဝေးသို့ ရှောင်သွားသည်။
ဖန်ကျန်းရီက နောက်လှည့်ကာ သက်ပြင်းချလိုက်၏။ "အပြင်ပိုင်းရော အတွင်းပိုင်းပါ ကောင်းဖို့ လိုတယ်လေ။ ကျုပ်တို့ အရင် ဝင်သွားကြရအောင်။"
ပထမဆုံး ကျင်းယီဝေ အဖွဲ့အနေဖြင့် နာမည်ကောင်းရရန် အလွန် အရေးကြီးလှသည်။
နန်းတော်တွင်းရှိ ကျင်းယီဝေများကို စစ်တပ်မှ ရွေးချယ်ပြီး သာမန် ပြည်သူများထဲမှ ရွေးချယ်သူများကမူ အပြင်ဘက်တွင် သွားလာလှုပ်ရှားရမည်။
စစ်ဘက်ဆိုင်ရာ ဌာနဖြစ်သော်လည်း မြို့တွင်း လုံခြုံရေးနှင့် စုံစမ်းထောက်လှမ်းရေး တာဝန်များကိုလည်း ယူရမည် ဖြစ်၏။
ပြည်သူများနှင့် မကြာခဏ ထိတွေ့ဆက်ဆံရမည် ဖြစ်ရာ ရုပ်ရည်ကောင်းမွန်သူများကို ရွေးချယ်ရမည်သာ။
ကျင်းယီဝေက သူ့လက်ထဲ ရောက်မှ သမိုင်းမှာလို ကြောက်မက်ဖွယ်ကောင်းတဲ့ နာမည်မျိုး ရလာနိုင်မလား။ လုံးဝ မဖြစ်နိုင်ဘူး။
ပထမဆုံးအနေနဲ့ ပြည်သူတွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်ရမယ်။ ပြည်သူတွေ ချစ်ခင်လေးစားတဲ့ တပ်ဖွဲ့မျိုး ဖြစ်လာအောင်၊ ပြည်သူတွေနဲ့ တပ်တော်ကြား ရေနဲ့ငါးလို ဆက်ဆံရေးမျိုး ဖြစ်လာအောင် လုပ်ရမယ်။ ဒါမှ နောက်ပိုင်း အလုပ်လုပ်ရတာ ပိုလွယ်ကူမှာ။
ဒါ့အပြင် အဓိကကတော့ ကျင်းယီဝေရဲ့ အတွင်းပိုင်း ယဉ်ကျေးမှုကို တည်ဆောက်ဖို့အတွက်လည်း အများကြီး အထောက်အကူ ပြုမှာပဲ... ဒါတွေကတော့ နောက်ပိုင်း ကိစ္စတွေပါ။
တောင်ပိုင်းကျင်းယီဝေရုံးတော် အတွင်း၌ လူတွေ့စစ်ဆေးရန် အခန်းအချို့ကို ခွဲခြားထားသည်။
ဖန်ကျန်းရီတို့ နှစ်ဦးက ကျပန်းအခန်းတစ်ခန်းကို ရွေး၍ ဝင်သွားကြ၏။
အခန်းတွင်း၌ တောက်ယွမ်ခရိုင်မှ ရောက်လာသော စစ်ဆေးရေးမှူးက သူ့ရှေ့ရှိ ဖြေဆိုသူကို မျက်နှာထား တင်းမာစွာဖြင့် အကဲခတ်နေသည်။
ထိုစစ်ဆေးရေးမှူးမှာ တောက်ယွမ်ခရိုင်မှ ဆရာတစ်ဦးဖြစ်ပြီး ရွှေရောင်ကိုင်း မျက်မှန်ကို တပ်ထားကာ တံတောင်ဆစ်နှစ်ဖက်ကို စားပွဲပေါ်ထောက်၍ လက်ချောင်းများကို ယှက်ကာ မေးစေ့ကို တင်ထားရင်း စဉ်းစားဟန် ပြုနေသည်။ ဖန်ကျန်းရီတို့ ဝင်လာသည်ကိုပင် သတိမထားမိချေ။
သူ့ရှေ့ရှိ ဖြေဆိုသူမှာ မျက်ခုံးကောင်းကောင်းနှင့် ရုပ်ရည်ချောမောသော်လည်း မျက်လုံးထဲတွင်တော့ စိုးရိမ်ပူပန်မှုများ ရှိနေ၏။
နှစ်မိနစ်ခန့် ကြာသွားသော်လည်း စစ်ဆေးရေးမှူးက မေးခွန်းမမေးသေးသဖြင့် သူ၏ ရင်ထဲတွင် ပို၍ပင် စိုးရိမ်လာသည်။
ဖန်ကျန်းရီတို့ နှစ်ဦးက စစ်ဆေးရေးမှူး၏ အနောက်မှ တိတ်တဆိတ် ကြည့်နေကြ၏။
အချိန်အတော်ကြာမှ စစ်ဆေးရေးမှူးက စကားစလိုက်သည်။ "ခင်ဗျားရဲ့ အိပ်မက်က ဘာလဲ။"
"ပွတ်... ဖန်ကြီး၊ သူ ဘာတွေ လျှောက်မေးနေတာလဲ။ ဒါက ဘာအဓိပ္ပာယ်မှ မရှိဘူးလေ။" လီယွမ်ကျောက်မှာ မအောင့်နိုင်ဘဲ တီးတိုး ရယ်မောလိုက်သည်။
"အိမ်ရှေ့စံ... အရင် စောင့်ကြည့်ပါအုံး။" ဖန်ကျန်းရီက ပြောလိုက်၏။
ဖြေဆိုသူမှာ တစ်ခဏမျှ ကြောင်သွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖြေလိုက်သည်။ "အိပ်မက်... ကျုပ်... ကျုပ် ကျင်းယီဝေထဲ ဝင်ချင်တယ်။"
စစ်ဆေးရေးမှူးက သူ့ကို အေးစက်စက် ကြည့်ကာ မေးလိုက်၏။ "ခင်ဗျားမှာသာ ငွေရှိရင် အပျော်အပါး လိုက်စားမှာလား၊ ပြည်သူတွေကို ကူညီမှာလား။ အမှန်အတိုင်း ဖြေပါ။"
"ပြည်သူတွေကို ကူညီမှာပါ။"
"ခင်ဗျား အရွေးမခံရပါဘူး။ နောက်တစ်ယောက် လာခဲ့။"
တတိယမေးခွန်းကိုပင် မမေးတော့ဘဲ စစ်ဆေးရေးမှူးက စားပွဲပေါ်ရှိ တံဆိပ်တုံးကို ယူကာ စာမေးပွဲ စာရွက်ပေါ်သို့ ထုချလိုက်သည်။
ဖြေဆိုသူမှာ ချက်ချင်းပင် မျက်နှာဖြူရော်သွားပြီး အလျင်အမြန် စကားပြောင်းလိုက်၏။ "ကျုပ်... ကျုပ် အပျော်အပါး လိုက်စားမှာပါ။"
"နောက်တစ်ယောက် လာခဲ့။"