← Chapters

အခန်း (၅၈၅-၅၈၆)

Vol. 32 Ch. 585-586

အခန်း (၅၈၅-၅၈၆)

Vol. 32 Ch. 585-586

အပိုင်း (၅၈၅) ကျင်းယီဝေ အသစ်။

လူတွေ့စစ်ဆေးခံရသူ လူငယ်လေးမှာ စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားသည်။

ဖန်ကျန်းရီက ရုတ်တရက် စကားစလိုက်၏။ "ခုနက လူငယ်လေးက မဆိုးဘူးလို့ ကျုပ် ထင်တယ်။ သူ့ရဲ့ ကိုယ်ရေးအချက်အလက်ကို သွားရှာခိုင်းလိုက်စမ်းပါ။"

စစ်ဆေးရေးမှူးက အလန့်တကြား နောက်လှည့်ကြည့်လိုက်ရာ သူ၏ အနောက်တွင် ဖန်ကျန်းရီ ရပ်နေသည်ကို မြင်လိုက်ရသဖြင့် အလျင်အမြန် ပြောလိုက်သည်။ "သခင်လေး... ထိုင်ပါအုံး။ ကျုပ် အခုပဲ သွားယူလိုက်ပါ့မယ်။"

လီယွမ်ကျောက်က နားမလည်စွာဖြင့် မေးလိုက်၏။ "ကျုပ် ဘာလို့ နားမလည်တာလဲ။ ဒီလူတွေ့စစ်ဆေးတာက တကယ်တော့ ဘာကို စစ်တာလဲ။"

ဖန်ကျန်းရီက အနည်းငယ် ပြုံးကာ ကုလားထိုင်ကို တွန်းပေးရင်း ရှင်းပြလိုက်သည်။ "တကယ်တော့ ဘာမှ မဟုတ်ပါဘူး။ ကျွန်တော်မျိုး ခရိုင်ထဲကနေ ခေါ်လာတဲ့သူတွေက ကျွမ်းကျင်တဲ့ ဆရာတွေပါ။ ခရိုင်ရုံးတော်က လူတွေကို အမြဲတမ်း အတွေးအခေါ် သင်တန်းတွေ ပေးနေကျဆိုတော့ လူပေါင်းများစွာကို ကြုံဖူးနေပါပြီ။

လူတွေ့စစ်ဆေးတယ် ဆိုပေမဲ့ တကယ်တော့ တစ်ချက်ကြည့်ပြီး ရိုးရှင်းတဲ့ မေးခွန်းလေးတွေ မေးတာပါ။ လိမ်ပြောတဲ့သူဆိုရင် တိုက်ရိုက် ပယ်ချလိုက်တာပဲ၊ ဒီလောက် ရိုးရှင်းတယ်။ ခင်ဗျား ဟိုကောင့်ကို ကြည့်လေ၊ ဝတ်ထားတာက သာမန်လေးပဲ။ ပိုက်ဆံရှိလာရင်တောင် သောက်စားပျော်ပါးတာမျိုး မလုပ်ချင်ဘဲ တိုင်းသူပြည်သားတွေကို ကူညီချင်တယ်တဲ့။

အမှန်အတိုင်း ဖြေဖို့ သတိပေးထားတာတောင် မျက်တောင်တစ်ချက် မခတ်ဘဲ လိမ်ပြောနိုင်သေးတယ်ဆိုတော့ ဒီလိုလူမျိုးက သေချာပေါက် အရွေးခံရမှာ မဟုတ်ဘူး။ ဒီမေးခွန်းက အစွန်းရောက်တယ် ဆိုပေမဲ့ သူသာ နည်းနည်းလေး တုံ့ဆိုင်းသွားခဲ့ရင် အောင်မြင်သွားမှာပဲ။"

"အင်း... တကယ်လို့ သူ မလိမ်ဘူး ဆိုရင်ရော။" လီယွမ်ကျောက်မှာ စကားမပြောနိုင်အောင် ဖြစ်သွားရ၏။

ဖန်ကျန်းရီက ပြုံး၍ ဆက်ပြောလိုက်သည်။ "အဲဒီလိုဆိုရင်လည်း သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာက ပုံမှန်မဟုတ်လို့ အဖွဲ့အစည်းကို ဒုက္ခပေးမယ့်သူ ဖြစ်လာနိုင်တယ်။ ဒီလိုလူမျိုးကို ကျုပ်တို့ လက်မခံနိုင်ဘူး။ ပိုက်ဆံမရှိတဲ့သူ တစ်ယောက်က ပိုက်ဆံရှိလာတဲ့အခါ ကိုယ်နဲ့ ကိုယ့်မိသားစု၊ သူငယ်ချင်းတွေအတွက် ကောင်းကောင်းမွန်မွန် မနေချင်ဘဲနဲ့ သူစိမ်းတွေကို အသေခံ ကူညီချင်တယ်ဆိုတာ ဦးနှောက် မကောင်းလို့ပဲ မဟုတ်ဘူးလား။ လုံးဝ လက်ခံလို့ မရဘူး။"

"ဖန်ကြီး... ခင်ဗျား အပြောအရဆိုရင်တော့ ဒီလောကကြီးမှာ သူတော်စင်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။" လီယွမ်ကျောက်က ခေါင်းယမ်းကာ သက်ပြင်းချလိုက်၏။

"ရှိပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေ အရမ်းနည်းတယ်။ ကျုပ်က ဖြစ်နိုင်ခြေနည်းတဲ့ ကိစ္စတွေကို မယုံဘူး။ သူသာ အဲဒီလို လူမျိုးဆိုရင် ကျင်းယီဝေက သူ့အတွက် ထိုက်တန်တဲ့ နေရာ မဟုတ်ဘူး။"

"ဒါဆို ခင်ဗျားက ဘာလို့ သူ့ကို မဆိုးဘူးလို့ ထင်ရတာလဲ။"

"ဘာလို့လဲဆိုတော့ သူက အရမ်း ချောလို့လေ။ သူ့ရဲ့ မျက်လုံးတွေထဲမှာ ရိုးသားဖြူစင်တဲ့ အရိပ်အယောင်တွေ ရှိနေတယ်လို့ ခင်ဗျား မထင်ဘူးလား။ဒါက ကျွန်တော်မျိုး ရှာနေတဲ့ ကျင်းယီဝေရဲ့ အထက်တန်းစားပဲ။"

"..."

လီယွမ်ကျောက်မှာ တံခါးပေါက်ဆီသို့ တိတ်တဆိတ် ခြေနှစ်လှမ်းခန့် ဆုတ်သွားသည်။

ဖန်ကျန်းရီက သူ့ကို အထင်သေးစွာ ကြည့်ပြီး ပြောလိုက်၏။ "အိမ်ရှေ့စံ... ဒီရက်ပိုင်း လူရွေးချယ်ပြီးသွားရင် ကျုပ် သူတို့ကို အရှေ့ဘက် ဆင်ခြေဖုံးမှာ စုပြီး လေ့ကျင့်ပေးဖို့ စီစဉ်ထားတယ်။ နန်းတော်ကို စောင့်ကြပ်မဲ့ ကျင်းယီဝေတွေကိုတော့ စစ်တပ်ကနေ ရွေးချယ်ပေးထားပြီးပြီ။ ဒါပေမဲ့ ကျွန်တော်မျိုး အမြင်မှာတော့ အဲဒါ မလုံလောက်သေးလို့ သေချာ ပြန်လေ့ကျင့်ပေးဖို့ လိုအပ်တယ်။ အဲဒီအပိုင်းကို အိမ်ရှေ့စံဆီ အပ်လိုက်ရင် ဘယ်လိုလဲ။"

"အသစ်ခေါ်ထားတဲ့ ပြည်သူတွေကိုလည်း အတူတူ လေ့ကျင့်ပေးလို့ ရတာပဲ။ စစ်တပ်ကနေ ရွေးလာတဲ့ သူတွေကို ဘာများ လေ့ကျင့်ပေးစရာ ရှိသေးလို့လဲ။ ဖန်ကြီး... ခင်ဗျား ကျုပ်ကို မယုံလို့လား။" လီယွမ်ကျောက်၏ မျက်နှာတွင် မကျေနပ်မှုများ ပြည့်နှက်နေသည်။

ဖန်ကျန်းရီက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ရာ လီယွမ်ကျောက်က ပြန်လည်ငြင်းခုံရန် ပြင်လိုက်စဉ် သူက ဆက်ပြောလိုက်ပြန်သည်။

"အိမ်ရှေ့စံ... ကျုပ် အသုံးပြုမဲ့သူတွေက တိုက်ခိုက်နိုင်စွမ်း ရှိဖို့က အခြေခံ လိုအပ်ချက် ဆိုပေမဲ့ အဲဒါက အရေးအကြီးဆုံး မဟုတ်ဘူး။ စစ်တပ်ကနေ ရွေးလာတဲ့ သူတွေက လူမိုက်ဆန်တဲ့ အကျင့်တွေ အရမ်းများလို့ နောက်ပိုင်း ဖြည်းဖြည်းချင်း သွန်သင်ဆုံးမရမယ်။ ဒါပေမဲ့ ဒီလူသစ်တွေက စာရွက်အလွတ်တွေလိုပဲ ဖြစ်နေသေးတော့ သူတို့ကို တခြားနေရာမှာ အသုံးပြုဖို့ ကျုပ် လိုအပ်တယ်။"

"ဘာတခြားနေရာမှာ သုံးမှာလဲ။"

ဖန်ကျန်းရီက မေးလိုက်၏။ "အိမ်ရှေ့စံ... ခင်ဗျားက ပန်းရှန်းရပ်ကွက်မှာ ခဏခဏ နေဖူးတော့ ပြည်သူတွေက အစိုးရအပေါ် အဓိက ဘာကို မကျေနပ်ကြဘူးဆိုတာ သိလား။"

"အာဏာအလွဲသုံးစားလုပ်တာ၊ လာဘ်စားတာ၊ ပြည်သူတွေကို ခေါင်းပုံဖြတ်တာတွေလေ။" လီယွမ်ကျောက်က မဆိုင်းမတွပင် ဖြေလိုက်သည်။

သူက ပြည်သူများကြားတွင် အချိန်ကြာမြင့်စွာ အလုပ်လုပ်ခဲ့ပြီး ပြည်သူများနှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်ရာ ဤအခြေအနေများကို ကောင်းစွာ သိရှိထားသည်။ ယခုအခါ ပန်းရှန်းရပ်ကွက်၏ အုပ်ချုပ်ရေးမှာ အလွန် သန့်ရှင်းနေပြီဖြစ်သဖြင့် ဤကဲ့သို့သော အခြေအနေများ အလွန် ရှားပါးသွားပြီ ဖြစ်၏။

ဖန်ကျန်းရီက ရှင်းပြလိုက်သည်။ "အိမ်ရှေ့စံ ပြောတာ မှန်ပါတယ်။ အောက်ခြေအရာရှိတွေက အာဏာကို အလွဲသုံးစားလုပ်ပြီး ပြည်သူတွေကို ခေါင်းပုံဖြတ်ကြတယ်။ ကျင်းယီဝေရဲ့ တာဝန်က ပြည်သူတွေကို တိုက်ရိုက် မအုပ်ချုပ်ရပေမဲ့ ပြည်သူတွေကို အုပ်ချုပ်နေတဲ့ သူတွေကိုတော့ ကြီးကြပ်လို့ ရပါတယ်။

လက်ရှိ အခွန်အခတွေက ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီဆိုတော့ အပို ခေါင်းပုံဖြတ်ခံရမှုတွေ ထပ်တိုးလာရင် ဘဝက ပိုပြီး ခက်ခဲသွားမှာပါ။ ကျုပ် ဖွဲ့စည်းမယ့် ကျင်းယီဝေက မျှတမှုကို ထိန်းသိမ်းဖို့ပါ။ အရှင်မင်းကြီးနဲ့ နန်းတော်ရဲ့ လုံခြုံရေးကို ကျင်းယီဝေနဲ့ တုန်းချန်အဖွဲ့ ပူးပေါင်းပြီး တာဝန်ယူရမှာဖြစ်သလို၊ အထူးအမှုကြီးတွေကလွဲရင် ကျုပ် သိပ်ပြီး အလုပ်လုပ်စရာ မလိုပါဘူး။ ဒါကြောင့် ကျင်းယီဝေရဲ့ အဓိက တာဝန်က ပြည်သူတွေကြားထဲက တရားမဝင် လုပ်ရပ်တွေကို နှိမ်နင်းဖို့နဲ့ အဲဒီကနေတစ်ဆင့် တစ်နိုင်ငံလုံးကို ဖြန့်ကြက်သွားဖို့လို့ ကျုပ် ထင်မြင်တယ်။"

လီယွမ်ကျောက်က စဉ်းစားဟန်ဖြင့် ပြောလိုက်၏။ "ဒါမျိုးကိုး... ဒါဆို ခင်ဗျားက ရုပ်ရည်ချောမောတဲ့ သူတွေကို ရွေးချယ်ချင်တာက ပြည်သူတွေနဲ့ အမြန်ဆုံး ရင်းနှီးကျွမ်းဝင်အောင်လုပ်ပြီး ယုံကြည်မှု ရဖို့အတွက်ပေါ့။"

"မှန်တယ်။ ဒါက အစပိုင်းမှာပဲ ရှိပါသေးတယ်။ ဒီအစောပိုင်း ကာလလွန်သွားရင်တော့ အရည်အချင်း မပြည့်မီတဲ့ သူတွေကို ဖယ်ထုတ်ပစ်ပြီး အရည်အချင်းရှိတဲ့ သူတွေကို ကျင်းယီဝေထဲ ပြန်ရွေးချယ်ပါ့မယ်။ လုပ်ရည်ကိုင်ရည် စစ်ဆေးမှုတွေလည်း အကုန် စီစဉ်ပေးရမှာပါ။

အဲဒီအပြင် နောက်ထပ် အရေးကြီးတဲ့ အသုံးဝင်မှု ရှိပါသေးတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ နောက်ဆုံးကာလကို ရောက်တိုင်း အရာရှိတွေ ပိုလျှံလာတဲ့ ပြဿနာက အမြဲ ရှိတတ်ပါတယ်။ ရုံးတော်ရဲ့ ဝန်ထုပ်ဝန်ပိုးက တစ်နေ့တခြား ကြီးမားလာပြီး အဖွဲ့အစည်းတွေကို လျှော့ချလို့ မရနိုင်တော့ဘူး။

အဲဒီအခါကျရင် ကျင်းယီဝေကို ထက်မြက်တဲ့ ဓားတစ်လက်လို သုံးပြီး အပိုအရာရှိတွေကို ခုတ်ထစ်ရှင်းလင်းပစ်လို့ ရပါတယ်။ ဒါပေမဲ့ ဒါတွေက ကျုပ်ရဲ့ သာမန် အတွေးလေးတွေပါ။ ဒီပြဿနာက နောက်ထပ် ဆယ်စုနှစ် အတော်ကြာမှ ဖြစ်လာနိုင်တာဆိုတော့ .. အဲဒီအချိန်ကျရင် ကျင်းယီဝေဆိုတဲ့ ဓားထက်ထက်ကြီးကို ဘယ်လို အသုံးပြုမလဲဆိုတာ အိမ်ရှေ့စံ စဉ်းစားရမယ့် ကိစ္စ ဖြစ်သွားပြီ။" ဖန်ကျန်းရီက ဆက်လက် ရှင်းပြလိုက်သည်။

လီယွမ်ကျောက်၏ မျက်နှာတွင် စဉ်းစားနေသည့် အရိပ်အယောင်များ ပေါ်လွင်လာပြီး အလိုအလျောက် ခေါင်းညိတ်လိုက်မိ၏။

ဖန်ကျန်းရီက ဤကိစ္စကို အချိန်အတော်ကြာ စဉ်းစားခဲ့ပြီး ဖြစ်၏။ ကျင်းယီဝေ၏ တာဝန်များကို နန်းတော်မှ သတ်မှတ်ပေးထားသော်လည်း လုပ်ပိုင်ခွင့် ဘောင်အတွင်းတွင် လှုပ်ရှားနိုင်စွမ်း ရှိနေသေးသည်။ အရေးအကြီးဆုံး မှာ အဖွဲ့အစည်း၏ ရည်မှန်းချက် ပန်းတိုင်ကို တိကျစွာ သတ်မှတ်ထားရန် ဖြစ်ပြီး မဟုတ်လျှင် ရှုပ်ထွေးမှုများ ဖြစ်လာနိုင်သည်။ သူ၏ရည်မှန်းချက်က အမြဲတမ်း ပြည်သူများအပေါ်တွင်သာ ရှိနေပြီး မှူးမတ်များကို စောင့်ကြည့်ရန် သိပ်မစိတ်ဝင်စားသလို၊ ကျင်းဘုရင်မင်းမြတ် ကိုယ်တိုင်ကလည်း ထိုကိစ္စကို သိပ်ဂရုစိုက်ပုံ မရချေ။

ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ အိမ်ရှေ့စံလည်း အရမ်း ယုံကြည်မှု လွန်ကဲမနေပါနဲ့။ ကျုပ်တို့ တောက်ယွမ်ခရိုင်ရဲ့ တပ်လေ့ကျင့်ရေး နည်းစနစ်က သီးသန့်ဖြစ်တည်နေတာပါ။ တိုက်ခိုက်ရေးပိုင်းမှာဆိုရင် ကျွမ်းကျင်တဲ့ စစ်တပ်ကတောင် သူတို့ရဲ့ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်မှာနော်။"

လီယွမ်ကျောက်မှာ သတိပြန်ဝင်လာပြီး လှောင်ပြုံးပြုံးလိုက်၏။ "ကောင်းပြီလေ။ ခွဲပြီး လေ့ကျင့်ကြတော့ ယှဉ်ကြည့်လို့ ရတာပေါ့။ ကျုပ်က စစ်တပ်က ရွေးလာတဲ့ တပ်သားတွေကို လေ့ကျင့်ပေးမယ်။ ခင်ဗျားဆီက အခွင့်အရေး ယူတယ်လို့ မပြောနဲ့နော်။"

ဖန်ကျန်းရီက ရယ်မောလိုက်သည်။ "ဟီးဟီး... အိမ်ရှေ့စံ ဘယ်လို ယှဉ်ချင်ယှဉ်ချင် ရပါတယ်။ အနောက်မှာ လူတွေ အများကြီး ကျန်သေးတယ်။ အိမ်ရှေ့စံ ကိုယ်တိုင် လူတွေ့စစ်ဆေးချင်ရင် ဒီမှာ နေပြီး စစ်ဆေးလို့ ရပါတယ်။"

"ကောင်းသားပဲ။" လီယွမ်ကျောက်က ပြန်ဖြေလိုက်၏။

...

လီယွမ်ကျောက်က လူအနည်းငယ်ကို ဆက်တိုက် လူတွေ့စစ်ဆေးပြီးနောက် အလွန် ပျင်းရိသွားသဖြင့် မကြာမီမှာပင် ထွက်သွားလေတော့သည်။

ဖန်ကျန်းရီကမူ စိတ်ရှည်လက်ရှည်ဖြင့် နေရာတွင် ဆက်လက် အကဲခတ်နေခဲ့၏။ ဤသည်မှာ သူ၏ တာဝန်ဖြစ်ပြီး ပြည်သူများနှင့် သက်ဆိုင်နေသဖြင့် အပြစ်အနာအဆာ မရှိအောင် လုပ်ဆောင်ရမည်။ အစပိုင်းတွင် အခြေအနေများကို ပိုမို လေ့လာထားနိုင်ပြီး နောင်တစ်ချိန် လူများလာပါက ဤကဲ့သို့ အားလပ်ချိန် ရတော့မည် မဟုတ်ချေ။

မွန်းလွဲပိုင်းသို့ ရောက်သောအခါ စစ်ဆေးရေးမှူးတစ်ဦးက စာရွက်စာတမ်း အထပ်လိုက်ကိုင်ကာ ဖန်ကျန်းရီထံ ရောက်လာသည်။

"သခင်လေး... မနက်က လူတွေ့စစ်ဆေးသွားတဲ့ လူငယ်လေးရဲ့ အကြောင်းကို စုံစမ်းပြီးပါပြီ။ သူ့နာမည်က မုန့်ဖူယွီ တဲ့။ အဖေက စာမေးပွဲအောင်ထားတဲ့ ပညာတတ်တစ်ယောက်ဖြစ်ပြီး သူ ငယ်ငယ်လေးတည်းက ဆုံးသွားတာပါ။ ဒါပေမဲ့ မုန့်ဖူယွီက အကျင့်စာရိတ္တ မကောင်းဘဲ ဆိုးသွမ်းလွန်းလို့ အမွေတွေကို စောစောစီးစီး ဖြုန်းတီးပစ်လိုက်တယ်။ အခု အမေအိုကြီး ရှိသေးပြီး မိန်းမတစ်ယောက်၊ ကလေးတစ်ယောက် ရှိပါတယ်။ ဒါက သူ့ရဲ့ အိမ်နီးချင်းတွေက ပြောပြတဲ့ အကြောင်းအရာတွေပါ။"

ဖန်ကျန်းရီက စာရွက်စာတမ်းများကို လှမ်းယူကာ သေချာ ကြည့်ရှုလိုက်ပြီးနောက် ချက်ချင်း မျက်မှောင်ကုတ်သွားသည်။ စာရွက်ပေါ်တွင် ထိုကောင်လေးက သားမယားကို အလွယ်တကူ ရိုက်နှက် ဆဲဆိုတတ်ရုံသာမက၊ အိမ်နီးချင်း မုဆိုးမနှင့်လည်း ဖောက်ပြန်နေကြောင်း ရေးသားထားသည်။ ရပ်ကွက်ထဲတွင်လည်း နာမည်ဆိုးထွက်နေပြီး အကျင့်စာရိတ္တ အလွန် အောက်တန်းကျသူ ဖြစ်နေ၏။

ဖန်ကျန်းရီက မေးလိုက်သည်။ "ဒီနေ့ လာဖြေတဲ့ သူတွေထဲမှာ သူ့ထက် ရုပ်ချောတဲ့သူ ရှိသေးလား။"

စစ်ဆေးရေးမှူးက ခေါင်းယမ်းလိုက်၏။ "သူ့ရဲ့ ရုပ်ရည်ကတော့ တကယ်ကို ထင်ရှားပါတယ်။ ဒီနေ့ ကျုပ် တွေ့ဖူးသမျှ လူတွေထဲမှာ သူ့ထက် ချောတဲ့သူ မရှိပါဘူး။ ဒါပေမဲ့ သခင်လေးနဲ့ ယှဉ်ရင်တော့ အများကြီး ကွာပါသေးတယ်။"

"အလကား လာမြှောက်ပင့် မနေနဲ့။ ဒါဆို သူ့ကို ခြွင်းချက်အနေနဲ့ လက်ခံလိုက်မယ်။နောက်မှ ဖြည်းဖြည်းချင်း သွန်သင်ပေးလည်း မနောက်ကျပါဘူး။သူ့အိမ်ကို သွားပြီး အကြောင်းကြားစာ သွားပို့လိုက်တော့။"

အပိုင်း (၅၈၆) အိမ်ရှေ့စံ လက်စွမ်းပြခြင်း။

ကျင်းယီဝေ လူသစ်စုဆောင်းမှုက အလွန် မြန်ဆန်လှသည်။ တစ်ချိန်တည်းမှာပင် အရှေ့ဘက် ဆင်ခြေဖုံးတွင်လည်း လေ့ကျင့်ရေးကွင်းကို စတင် တည်ဆောက်နေကြပြီ ဖြစ်၏။

ကွင်းတည်ဆောက်ရေးကို တောက်ယွမ်ခရိုင်မှ အထက်တန်းစား တပ်သား နှစ်ရာနှင့် အရှေ့ဘက် ဆင်ခြေဖုံးမှ အလုပ်သမားအချို့က တာဝန်ယူ ဆောင်ရွက်ကြသည်။

အခြေခံ ကွင်းပြင်နှင့် မြားပစ်ကွင်းအပြင် အတားအဆီး ကျော်ဖြတ်ရေး ကိရိယာများ၊ ခုန်ပျံကျော်လွှားရမည့် တိုင်များ၊ မြောင်းများ၊ နံရံအနိမ့်အမြင့်များ၊ သစ်လုံးတံတား၊ အနိမ့်ပိုင်း ပိုက်ကွန်များနှင့် တွယ်တက်ရမည့် စင်များ စသည်ဖြင့် အစုံအလင် ပါဝင်၏။

ယေဘုယျအားဖြင့် နောင်ခေတ်များရှိ စစ်တပ်များတွင် ရှိသင့်သော စက်ပစ္စည်းကိရိယာများကို အပြည့်အဝ အတုယူ တည်ဆောက်ထားခြင်း ဖြစ်သည်။ သေချာသည်မှာ ဤအရာများကို တောက်ယွမ်ခရိုင်တွင် အစောကတည်းက တည်ဆောက်ထားပြီး ဖြစ်သည်။ အိပ်ဆောင်များအနေဖြင့်မူ သစ်သားအိမ်ငယ်များကို အမြန် ဆောက်လုပ်ထားပြီး တစ်ခန်းလျှင် လူဆယ်ယောက်နှုန်းဖြင့် အထက်အောက် ကုတင်များ ထားရှိပေးထားသည်။

ယခုအခါ ကျင်းယီဝေမှ စုဆောင်းထားသော လူအင်အား အားလုံးကို အရှေ့ဘက် ဆင်ခြေဖုံး လေ့ကျင့်ရေးကွင်းထဲသို့ ခေါ်ဆောင်လာခဲ့ပြီး အုပ်စုနှစ်စု အဖြစ် ရှင်းလင်းစွာ ခွဲခြားထားသည်။ တစ်စုမှာ စစ်တပ်ဘက်မှ ရွေးချယ်လာသူများ ဖြစ်ပြီး နန်းတော် လုံခြုံရေးကို တာဝန်ယူရမည် ဖြစ်သည်။ အခြားတစ်စုမှာမူ သာမန် ပြည်သူများထဲမှ ရွေးချယ်လာသူများ ဖြစ်၏။

နေရောင်က အနည်းငယ် စူးရှနေသဖြင့် လီယွမ်ကျောက်က လက်ဖြင့် မျက်နှာကို ကာကာ လေ့ကျင့်ရေးကွင်းကို ဝေ့ကြည့်ရင်း နားမလည်စွာဖြင့် မေးလိုက်သည်။ "ဖန်ကြီး... ခင်ဗျား လုပ်ထားတဲ့ ရှုပ်ယှက်ခတ်နေတဲ့ အရာတွေက ဘာတွေလဲ။ ကြည့်ရတာ တော်တော် ထူးဆန်းနေသလိုပဲ။"

ဖန်ကျန်းရီက ပြန်ဖြေလိုက်၏။ "အိမ်ရှေ့စံ... ဒါတွေက လူတွေ လေ့ကျင့်ဖို့ ပြင်ဆင်ထားတဲ့ ကိရိယာတွေပါ။"

လီယွမ်ကျောက်က လှောင်ပြောင်လိုက်သည်။ "လေ့ကျင့်ဖို့ ဟုတ်လား။ ကျွတ် ... ကျန်းပြောင်က လူတွေကို ခန္ဓာကိုယ် ကြံ့ခိုင်အောင် လုပ်ပေးတဲ့ နေရာမှာတော့ တော်ပါတယ်။ ဒါပေမဲ့ တကယ့် စစ်သည်တော် အစစ်ဖြစ်အောင် လေ့ကျင့်ပေးဖို့ကတော့ အများကြီး လိုသေးတယ်။ ဒီလို အပေါ်ယံ ဟန်ပြတွေက ဘာမှ အသုံးမဝင်ဘူး။ ကျုပ်က စစ်မြေပြင်ကို ကိုယ်တိုင် မရောက်ဖူးပေမဲ့ တပ်လေ့ကျင့်ရေး ပညာကိုတော့ ငယ်ငယ်တည်းက လေ့လာခဲ့တာပါ။"

ဖန်ကျန်းရီက မျက်စောင်းထိုးကြည့်လိုက်ပြီး ပြောလိုက်၏။ "အိမ်ရှေ့စံ... ခင်ဗျားက စာအုပ်ထဲက အတိုင်း လျှောက်ပြောနေတာ မဟုတ်ဘူးလား။ ကျုပ် လေ့ကျင့်ပေးနေတာကို ခင်ဗျား လာမချောင်းကြည့်နဲ့နော်။ အိပ်ဆောင်တွေလည်း ခွဲပြီးသွားပြီ။"

"ဟက်... ခင်ဗျားတော့ ကျုပ် အရှက်ခွဲတာကို ခံဖို့သာ ပြင်ထားလိုက်တော့။"

လီယွမ်ကျောက်က အေးစက်စက် ရယ်မောလိုက်ပြီး ကွင်းထဲရှိ ကျင်းယီဝေများကို အကဲခတ်နေလိုက်သည်။ ရုတ်တရက် အကြည့်တစ်ချက် ရပ်တန့်သွားပြီး မေးလိုက်သည်။ "အို... ဒါ အရင်က လူတွေ့စစ်ဆေးတုန်းက ပယ်ချခံရတဲ့ မျက်နှာဖြူကောင်လေး မဟုတ်ဘူးလား။ခင်ဗျားက ဘာလို့ သူ့ကို ပြန်ခေါ်ထားတာလဲ။"

ဖန်ကျန်းရီက သူ့အကြည့်အတိုင်း လိုက်ကြည့်ရင်း ရှင်းပြလိုက်၏။ "အိမ်ရှေ့စံ... ဒီလူ့နာမည်က မုန့်ဖူယွီ တဲ့။ ကျင်းယီဝေကို အခုမှ စဖွဲ့တာဆိုတော့ ကျုပ်က ပုံရိပ်ကောင်းတစ်ခုကို အမြန်ဆုံး တည်ဆောက်ချင်လို့ပါ။ နောက်ပိုင်းကျရင် သူက ကျင်းယီဝေရဲ့ ကိုယ်စားလှယ် ဖြစ်လာမှာပါ။"

"ဘာဖြစ်လို့လဲ။သူက ရုပ်ချောတာကလွဲရင် ဘာထူးခြားချက် ရှိလို့လဲ။" လီယွမ်ကျောက်က မေးလိုက်သည်။

"ရုပ်ချောတာကလွဲရင် သူက လူမိုက်တစ်ယောက်ပါပဲ။" ဖန်ကျန်းရီက ရယ်မောကာ ပြန်ဖြေလိုက်၏။

လီယွမ်ကျောက်၏ မျက်နှာမှာ ရုတ်တရက် တည်ကြည်သွားပြီး ဖန်ကျန်းရီကို စိုက်ကြည့်ကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။ "ဖန်ကြီး … ခင်ဗျား ဘယ်လိုလုပ်ချင်လုပ်ချင် ကျုပ် ဝင်မပါဘူး။ဒါပေမဲ့ ဒါက ကလေး ကစားစရာ မဟုတ်ဘူးနော်။ ခင်ဗျားက အရွေးမခံရတဲ့ လူမိုက်တစ်ယောက်ကို ရွေးလိုက်တာက တခြားသူတွေအတွက် မျှတရဲ့လား။"

"မျှတတယ် ဟုတ်လား။"

ဖန်ကျန်းရီက လှောင်ပြုံးပြုံးလိုက်၏။ "အိမ်ရှေ့စံ... သူ့ဘေးက လူတွေကို ကြည့်လိုက်စမ်းပါ။ အကုန်လုံးက သူ့ထက် အရုပ်ဆိုးနေကြတာပဲ။ ဒီလောကကြီးက မျှတတယ်လို့ ခင်ဗျား ထင်လား။ တချို့လူတွေက မွေးလာကတည်းက ရွှေတုံးကြီး ပိုက်ပြီး မွေးလာကြတာလေ။ အခု ကျုပ်က ဒီရွှေတုံးကြီးကို တွေ့သွားပြီဆိုတော့ သေချာ အသုံးချရမှာပေါ့။

ဒီလူက အများကြီး အသုံးဝင်တယ်။ ကျင်းယီဝေထဲ ဝင်လာပြီဆိုရင် သူက လူမိုက် ဆက်လုပ်ခွင့် မရှိတော့ဘူး။ ပြည်သူတွေရှေ့မှာ ဟန်ဆောင်ပြရမယ်။ ရုံးတော်နဲ့ ကျင်းယီဝေအတွက် ပုံရိပ်ကောင်း တည်ဆောက်ပေးရမယ်။ ခင်ဗျား မြင်းတင်းကုပ်ဘက်ကို ကြည့်လိုက်အုံး။ သူ့အတွက် အရမ်းကောင်းတဲ့ မြင်းဖြူတစ်ကောင်တောင် ပြင်ဆင်ပေးထားသေးတယ်။ နောက်ဆိုရင် သူ့ကို လမ်းမပေါ်မှာ လျှောက်ပြီး ဟန်ရေးပြခိုင်းရမယ်။"

လီယွမ်ကျောက်က ပြန်လည်ငြင်းခုံရန် ပြင်လိုက်သော်လည်း မိမိကိုယ်တိုင်လည်း ရွှေတုံးကြီး ပိုက်ပြီး မွေးလာသူဖြစ်ကြောင်း သတိရသွားသဖြင့် စကားပြောင်းပြောလိုက်သည်။ "ကျုပ်ကတော့ တခြားသူတွေအတွက် မမျှတဘူးလို့ ထင်တုန်းပဲ။ ခင်ဗျားက ကိုယ်ကျင့်တရားရော အရည်အချင်းပါ ပြည့်စုံတဲ့သူကို ရွေးလို့ရသားနဲ့။ ရုပ်ချောတာက အဲဒီလောက် အရေးကြီးလို့လား။"

"အရေးကြီးပါတယ်။ အရမ်း အရေးကြီးတယ်။ ကျုပ်မှာ သိပ္ပံနည်းကျ သုတေသနတွေ ရှိထားပြီးသားပါ။ ရုပ်ချောတဲ့ အမျိုးသားတစ်ယောက်က ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင်နိုင်ရုံသာမက လိင်တူအချင်းချင်း ရန်လိုမှုကိုလည်း လျှော့ချပေးနိုင်တယ်။ အမျိုးသမီးတွေဆိုရင်တော့ လိင်တူအချင်းချင်း ရန်လိုမှုကို တိုးစေတယ်။ ကျုပ် ကိစ္စရပ်တွေကို စဉ်းစားတဲ့အခါ ထိရောက်မှုကို အဓိကထား စဉ်းစားတာပါ။ ဒါတွေ အကုန်လုံးက သိပ္ပံနည်းကျတွေချည်းပဲ။"

"သိပ္ပံနည်းကျ... ခင်ဗျားတို့ တောက်ယွမ်ခရိုင်က ဘာရှုပ်ယှက်ခတ်နေတဲ့ အရာတွေကို လေ့လာနေကြတာလဲ။" လီယွမ်ကျောက်မှာ စကားမပြောနိုင်အောင် ဆွံ့အသွား၏။

ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ "အိမ်ရှေ့စံ... တစ်ခါတလေ ခင်ဗျားရဲ့ တွေးခေါ်ပုံကို နည်းနည်း ပြောင်းလဲသင့်တယ်။ ပညာတတ် တစ်ယောက်က ငယ်ငယ်တည်းက စာမေးပွဲ အဆင့်ဆင့် အောင်ပြီး နောက်ဆုံး ရုံးတော်မှာ အမတ်ဖြစ်လာတာက တစ်ဆင့်ချင်း သွားရတာမို့ သဘာဝကျတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ ဒါက သာမန်လူတွေ စဉ်းစားတဲ့ပုံစံပါ။ သူတို့က အမြဲတမ်း အတုယူလို့ရတဲ့ အောင်မြင်မှု နည်းလမ်းတစ်ခု ရှိတယ်လို့ ယုံကြည်ပြီး အဆင့်ဆင့် သွားရင်း ဘဝရဲ့ ထိပ်ဆုံးကို ရောက်မယ်လို့ ထင်ကြတယ်။

တကယ်တော့ အဲဒါက တွေးခေါ်မှု ပျင်းရိတာပဲ။ တကယ့်လောကကြီးက အဲဒီလို လည်ပတ်နေတာ မဟုတ်ဘူး။ တစ်ခါတလေ အချိန်အခါကောင်းနဲ့ ကြုံသွားရင် … ဒါမှမဟုတ် မှန်ကန်တဲ့ ကိစ္စတစ်ခု လုပ်မိရင် တစ်ထစ်တည်းနဲ့ ကောင်းကင်ဘုံကို ရောက်သွားနိုင်သလို။ ပြောင်းပြန်ဆိုရင်လည်း တစ်လှမ်းတည်းနဲ့ ငရဲပြည်ကို ကျသွားနိုင်တယ်။

ဘဝဆိုတာ အမြဲတမ်း အတက်အကျ ရှိနေတာပဲ။ဒါက မုန့်ဖူယွီရဲ့ ကံကောင်းမှုပါ။ ဒါပေမဲ့... သူ အဲဒီကံကောင်းမှု ကို ခံနိုင်ရည် ရှိချင်မှ ရှိမှာပါ။

တကယ်တော့ အိမ်ရှေ့စံ ပြောတာလည်း အဓိပ္ပာယ် ရှိပါတယ်။ မျှတမှုက အရေးကြီးတယ်။ ဒီလောကကြီးမှာ မျှတမှု သိပ်မရှိဘူး ဆိုပေမဲ့ ကျုပ်တို့မှာ စွမ်းဆောင်နိုင်ရည် ရှိရင်တော့ မျှတမှုလေး နည်းနည်း ဖန်တီးပေးသင့်တာပေါ့။"

လီယွမ်ကျောက်က ဘာမှ ထပ်မပြောတော့ဘဲ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီးနောက် ကွင်းထဲရှိ ကျင်းယီဝေများကို ဆက်လက် အကဲခတ်နေသည်။

ဖန်ကျန်းရီ၏ အနောက်ဘက် မလှမ်းမကမ်းတွင် လူသုံးယောက် ရပ်နေသည်။ ကျိုးထျဲ့၊ ကျန်းပြောင် ၊ လျန်ကွေ့။ သူတို့သုံးဦးမှာ လူသစ်များကို လေ့ကျင့်ပေးရန် အထူးစေလွှတ်ထားသူများ ဖြစ်၏။

ကျိုးထျဲ့က လက်ပိုက်ကာ ကျန်းပြောင်၏ အနောက်သို့ မသိမသာ ဝင်ပုန်းနေသည်။ သူက တောက်ယွမ်ခရိုင်သား ဖြစ်နေပြီ ဆိုသော်လည်း လီယွမ်ကျောက်၏ အိမ်ရှေ့စံ အဆင့်အတန်းကို တွေးမိကာ ဖုံးကွယ်နေချင်စိတ်ကို မဖျောက်ဖျက်နိုင်သေးချေ။

လျန်ကွေ့က မုန့်ဖူယွီကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ရင်း မေးလိုက်သည်။ "ခင်ဗျားတို့ ဘယ်လိုထင်လဲ။ သခင်လေးက ကျုပ်ကို အဲဒီ မျက်နှာဖြူကောင်လေးကို သေချာ ဂရုစိုက်ပေးဖို့ ပြောထားတယ်။ အစ်ကိုထျဲ့... သခင်လေးက ဘာသဘောလဲ မသိဘူး။"

ကျိုးထျဲ့က ခေါင်းယမ်းကာ ပြန်ဖြေလိုက်၏။ "မသိဘူးလေ။ ငါ ထင်တာတော့ သခင်လေးက အရမ်း ဆန်းသစ်တဲ့ ကိစ္စတစ်ခုကို လုပ်နေတာ ဖြစ်မယ်..."

ကျန်းပြောင်ကလည်း လက်ပိုက်ကာ မုန့်ဖူယွီကို ကြည့်ရင်း ပြောလိုက်သည်။ "သခင်လေးက ပြောတယ်။ သူ့ကို နှစ်လအတွင်းမှာ ကျိုးထျဲ့ရဲ့ ခန္ဓာကိုယ်ပုံစံမျိုး ဖြစ်လာအောင် လေ့ကျင့်ပေးရမယ်တဲ့။"

"မဖြစ်နိုင်တာ။ ကျုပ်လိုမျိုး ဖြစ်လာဖို့ဆိုရင် အနည်းဆုံး နှစ်နှစ်ခွဲလောက် အချိန်ယူရမှာ။" ကျိုးထျဲ့က အင်္ကျီလက်ကို ပင့်တင်လိုက်ရာ တုတ်ခိုင်သော လက်မောင်းကြွက်သားများ အထင်းသား ပေါ်လာ၏။

လီယွမ်ကျောက်က ဖန်ကျန်းရီကို သူ၏ တပ်လေ့ကျင့်ရေး အစီအစဉ်များနှင့် အတွေ့အကြုံများကို တီးတိုး ရှင်းပြနေပြီး ဖန်ကျန်းရီက တိတ်ဆိတ်စွာ နားထောင်ရင်း တစ်ခါတစ်ရံ ခေါင်းညိတ်ပြနေသည်။

နေရောင်က တဖြည်းဖြည်း ပိုမို ပူပြင်းလာရာ လေ့ကျင့်ရေးကွင်းပေါ်ရှိ ကျင်းယီဝေများမှာ တဖြည်းဖြည်း ဂနာမငြိမ် ဖြစ်လာကြသည်။ စိတ်ပျက်ဖွယ် ကောင်းသော အခြေအနေများ စတင် ပေါ်ပေါက်လာပြီးအရည်အချင်း ပိုမို ကောင်းမွန်သင့်သော စစ်တပ်မှ ဆင်းသက်လာသည့် ကျင်းယီဝေများက အချင်းချင်း တီးတိုး စကားပြောလာကြ၏။

ထိုလူများမှာ အိမ်ရှေ့စံ ကိုယ်တိုင် ရောက်ရှိနေမှန်း မသိကြသလို အများစုက ဖန်ကျန်းရီ၏ အဆင့်အတန်းကိုလည်း သတိမထားမိကြသေးပေ။ အခြားတစ်ဖက်တွင်မူ သာမန် ပြည်သူများထဲမှ ရွေးချယ်လာသူများက ပတ်ဝန်းကျင် အသစ်ဖြစ်နေသဖြင့် သတိကြီးစွာထားကာ အခြေခံ စည်းကမ်းကို ထိန်းသိမ်းထားပြီး မလှုပ်မယှက်နေထိုင်ကာ စကားလည်း မပြောရဲကြချေ။

လီယွမ်ကျောက်၏ မျက်နှာထား တဖြည်းဖြည်း တင်းမာလာသော်လည်း ဖန်ကျန်းရီကမူ အံ့ဩခြင်း မရှိပေ။ မြို့တော်စောင့်တပ် အသီးသီးမှ အထက်တန်းစား တပ်သားများကို မည်သူကမှ အလွယ်တကူ လွှတ်ပေးမည် မဟုတ်ရာ သူတို့ထံ ရောက်လာသူများမှာ အသုံးမကျသူများသာ ဖြစ်ဖို့ များသည်။ လူမိုက်တစ်စုဟု ပြောလျှင်ပင် မမှားနိုင်ရာ ဤကဲ့သို့ အပြုအမူမျိုး ရှိနေခြင်းက မျှော်လင့်ထားပြီးသား ဖြစ်၏။

ထိန်းကျောင်းမည့်သူ မရှိသည်ကို မြင်သောအခါ ထိုလူမိုက်များက ပို၍ ရဲတင်းလာကြပြီး အချို့က မုန့်ဖူယွီကို ကြည့်ကာ ပြောင်လှောင် နောက်ပြောင်လာကြသည်။

လီယွမ်ကျောက်၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်လာပြီး ဘေးတွင် အတူပါလာသော လျိုကျင်းကို အမိန့်ပေးလိုက်၏။ "မြားနဲ့ လေး ယူခဲ့။"

မြားနှင့် လေး ရောက်လာသောအခါ လီယွမ်ကျောက်က စိတ်ကို တည်ငြိမ်အောင်ထားကာ လေးကြိုးကို တင်၍ ထိုလူများထဲမှ တစ်ယောက်ကို ချိန်ရွယ်လိုက်သည်။

ရွှီးခနဲ အသံနှင့်အတူ။

မြားတံက လျှပ်စီးပမာ အရှိန်ပြင်းစွာ ထွက်ခွာသွားပြီး စကားအကျယ်ဆုံး ပြောနေသော ခေါင်းဆောင် လူမိုက်၏ မျက်နှာပေါ်တွင် ရှည်လျားသော မြားရှရာတစ်ခုကို ချန်ရစ်ခဲ့သည်။ သွေးများက ပါးပြင်ပေါ်မှ အဆက်မပြတ် စီးကျလာပြီး ဒဏ်ရာ မပြင်းထန်သော်လည်း အတော်လေး ကြောက်မက်ဖွယ် ကောင်း၏။

စူးရှသော အော်ဟစ်သံကြီးက လေ့ကျင့်ရေးကွင်း ကောင်းကင်ယံသို့ ချက်ချင်း ပျံ့နှံ့သွားပြီး လူတိုင်းမှာ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

ကျိုးထျဲ့မှာ ရင်ထဲတွင် ချီးကျူးလိုက်၏။ "ကောင်းလိုက်တဲ့ မြားပစ်စွမ်းရည်ပဲ။ နှစ်အတော်ကြာ ပြင်းပြင်းထန်ထန် မလေ့ကျင့်ထားရင် ဒီလိုစွမ်းရည်မျိုး လုံးဝ မရနိုင်ဘူး။ ကျားအဖေက မွေးတဲ့ ကျားသား ပီသပါပေတယ်။"

ဖန်ကျန်းရီလည်း အနည်းငယ် အံ့အားသင့်သွားပြီး လီယွမ်ကျောက်ကို လှည့်ကြည့်လိုက်သည်။ ဤမျှ လက်စွမ်းပြနိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ခုနလေးတင် တည်ကြည်နေသော လီယွမ်ကျောက်က ယခုအခါ သွားဖြီးကာ ပြုံးရွှင်နေပြီး သူ့ကို ဂုဏ်ယူစွာ ကြည့်နေသည်ကို မြင်လိုက်ရသည်။

ဖန်ကျန်းရီက လက်မထောင်ပြလိုက်၏။ "အိမ်ရှေ့စံ... တကယ် တော်တယ်။"

All Chapters