← Chapters

အခန်း (၅၈၇-၅၈၈)

Vol. 32 Ch. 587-588

အခန်း (၅၈၇-၅၈၈)

Vol. 32 Ch. 587-588

အပိုင်း (၅၈၇) တပ်လေ့ကျင့်ရေး နည်းစနစ်။

လီယွမ်ကျောက်က ဂုဏ်ယူစွာ ပြုံးလိုက်သည်။ "ဖန်ကြီး... ဒီလူတွေကို ကျုပ် ခေါ်သွားပြီ။ တစ်လအတွင်းမှာ သူတို့ကို စည်းကမ်းသေဝပ်ပြီး အမိန့်နာခံတဲ့သူတွေ ဖြစ်လာစေရမယ်၊ စောင့်သာ ကြည့်နေလိုက်တော့။"

ဖန်ကျန်းရီက ခေါင်းညိတ်သဘောတူလိုက်သည်။ နောက်တစ်စက္ကန့်တွင် ခေါင်းမော့ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ "ဒီနေ့ အိမ်ရှေ့စံ ကိုယ်တိုင် မင်းတို့ကို လာရောက် လေ့ကျင့်ပေးလိမ့်မယ်။ မြို့တော်စောင့်တပ် ကနေ ရွေးချယ်လာတဲ့ သူတွေ အကုန်လုံး အိမ်ရှေ့စံနောက်ကို လိုက်သွားကြ။"

ဘာ... အိမ်ရှေ့စံ ဟုတ်လား။

ကွင်းထဲရှိ လူတိုင်းမှာ အံ့အားသင့်သွားကြပြီး အလောတကြီး ဒူးထောက်ကာ ကျန်းမာပါစေကြောင်း အကြိမ်ကြိမ် အော်ဟစ် ဆုတောင်းကြသည်။ ပြီးနောက် လေ့ကျင့်ရေးဆင်းရန် လီယွမ်ကျောက်၏ အနောက်မှ လိုက်ပါသွားကြတော့သည်။

သာမန် ပြည်သူများမှာမူ ခေါ်ဆောင်သွားခံရသော လူအုပ်ကြီးကို အလွန် အားကျစွာ ကြည့်နေကြ၏။အိမ်ရှေ့စံ ကိုယ်တိုင် လေ့ကျင့်ပေးမည်ဆိုတော့ ဘိုးဘွားတွေရဲ့ ကုသိုလ်ကြောင့် ကံကောင်းတာပဲ။ အနည်းဆုံးတော့ ခံစားခွင့်တွေအတွက် စိတ်ပူစရာ မလိုတော့ဘူး မဟုတ်လား။

မူလက သပ်ရပ်နေသော ပြည်သူများလည်း တီးတိုး စကားပြောလာကြသည်ကို မြင်သောအခါ ဖန်ကျန်းရီက လူအုပ်ကြီး၏ အရှေ့တည့်တည့်သို့ လျှောက်သွားလိုက်၏။ မျက်နှာကို ခပ်တင်းတင်းဖြစ်အောင် လုပ်၍ အော်ဟစ်လိုက်သည်။ "ကျုပ်က ကျင်းယီဝေ တပ်မှူးချုပ် ဖန်ကျန်းရီပဲ။ မင်းတို့က စာမေးပွဲနဲ့ လူတွေ့စစ်ဆေးတာကို အောင်မြင်ခဲ့တယ် ဆိုပေမဲ့ နောက်ထပ် လာမယ့် နှစ်လအတွင်းမှာ အပြင်းထန်ဆုံး လေ့ကျင့်မှုတွေကို ဖြတ်သန်းရအုံးမယ်။ လေ့ကျင့်ရေး ကာလအတွင်းမှာ တချို့လူတွေကို ဖယ်ထုတ်ပစ်မယ်။ လုံးဝ ပေါ့ဆလို့ မရဘူး။ ကျင်းယီဝေ တာဝန်ဆိုတာ ကလေးကစားစရာ မဟုတ်ဘူး။ တိုင်းသူပြည်သားတွေရဲ့ လုံခြုံရေးနဲ့ ပျော်ရွှင်မှုတွေနဲ့ သက်ဆိုင်နေတယ်။ အားလုံးပဲ ပါးစပ်ကို ပိတ်ထားကြစမ်း။ အသံထွက်တဲ့သူ ချက်ချင်း ထုတ်ပစ်မယ်။"

အားလုံးက ငြိမ်သက်စွာ ရပ်နေကြပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားကြသည်ကို မြင်သောအခါ ဖန်ကျန်းရီက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ "ကျုပ် ပြောမယ့် အချက်သုံးချက်ကို သေချာ မှတ်ထားကြ။ဒါက နောက်ဆိုရင် ကျုပ်တို့ ကျင်းယီဝေတွေ တာဝန်ထမ်းဆောင်ရမယ့် မူဝါဒတွေပဲ။ နေ့တိုင်း လေ့ကျင့်ရေး ပြီးတာနဲ့ ပြန်လည် လေ့လာရမယ်။ ပထမအချက် .. လုံးဝ စိတ်လိုက်မာန်ပါ မလုပ်ရဘူး။ ဒုတိယအချက် … ဘယ်လို မကောင်းမှုမျိုးကိုမှ လွတ်ကင်းခွင့် မပေးရဘူး။ တတိယအချက် … အဆုံးအဖြတ်တိုင်းက မျှတပြီး သေသပ်လှပရမယ်။ ကဲ... လေ့ကျင့်ရေး စတင်။"

...

ခေတ်သစ် စစ်ဘက်ဆိုင်ရာ လေ့ကျင့်မှုများက ယခုခေတ် လူများအတွက် အလွန်တရာ ကြမ်းတမ်း ခက်ခဲလှသည်မှာ သိသာသည်။ သို့သော်ငြား တစ်ခုတည်းသော အားသာချက်မှာ သူတို့၏ အခြေခံ ကောင်းမွန်နေခြင်း ဖြစ်၏။ တစ်နေ့ နှစ်နပ်သာ စားခဲ့ရသော ပြည်သူများမှာ ယခုအခါ အာဟာရ ပြည့်ဝစွာ ရရှိလာသောကြောင့် အချိန်တိုအတွင်းမှာပင် ခန္ဓာကိုယ် ကြံ့ခိုင်မှုက ပေါက်ကွဲထွက်မတတ် တိုးတက်လာခဲ့သည်။

ဖန်ကျန်းရီက အားလပ်ချိန်တွင် အရှေ့ဘက် ဆင်ခြေဖုံး လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာခဲ့သည်။ ယခုအချိန်တွင် ကွင်းထဲ၌ ကျိုးထျဲ့က ကိုယ်ကာယ လေ့ကျင့်ခန်းများကို ရူးသွပ်မတတ် ပြုလုပ်နေပြီး တောက်ယွမ်ခရိုင်မှ လူနှစ်ရာကလွဲ၍ ကျန်လူတိုင်းမှာ ချွေးသံတရွဲရွဲဖြင့် မျက်နှာပေါ်တွင် နာကျင်နေသော အရိပ်အယောင်များ ပေါ်လွင်နေ၏။

နေ့စဉ် ထိုင်ထ တစ်ရာ။ ဝမ်းဗိုက်လေ့ကျင့်ခန်း တစ်ရာ။ လက်ထောက်ဒိုက်ထိုး တစ်ရာနှင့်အတူ ခရီးရှည် ဆယ်ကီလိုမီတာ ပြေးရသည်။ ဤသည်မှာ ပုံမှန် လေ့ကျင့်ခန်းများဖြစ်ပြီး တစ်ခါတစ်ရံတွင် အတားအဆီး ကျော်ဖြတ်ရေး လေ့ကျင့်ခန်းများ သို့မဟုတ် စိတ်ဝင်စားဖွယ်ကောင်းသော အဖွဲ့လိုက် လေ့ကျင့်ခန်းများကိုလည်း ပြုလုပ်ကြသည်။

လေ့ကျင့်ရေးအားလုံးကို တစ်နေ့ သုံးကြိမ်အဖြစ် ပြောင်းလဲလိုက်ပြီး မနက်စောစော ထကာ အိပ်ဆောင်များကို စစ်ဆေးခြင်း၊ စောင်များကို တိုဟူးတုံးလေးများကဲ့သို့ ခေါက်ခိုင်းခြင်း စသည်တို့လည်း မဖြစ်မနေ ပါဝင်၏။

ထို့နောက် အရှေ့ဘက် ဆင်ခြေဖုံး လေ့ကျင့်ရေးကွင်း အပြင်ဘက် တစ်လျှောက် မနက်ခင်း ပြေးခြင်းကို စတင်ပြီး ကြားထဲတွင် အနားယူချိန် အနည်းငယ် ပေးထားသည်။ မွန်းလွဲပိုင်း ရောက်သောအခါ လက်နက်ကိုင် ယှဉ်ပြိုင် တိုက်ခိုက်မှုများကို ပြုလုပ်ကြသည်။ ဤအပိုင်းက ဖန်ကျန်းရီ အဓိက အလေးထားသော အပိုင်းများထဲမှ တစ်ခုဖြစ်ပြီး ကျင်းယီဝေများအတွက် တိုက်ခိုက်နိုင်စွမ်း ရှိရမည်က အရေးအကြီးဆုံးပင် ဖြစ်သည်။

ညဘက်တွင်လည်း နောက်ထပ် လေ့ကျင့်ရေး တစ်ခု ရှိသေးသည်။ ယခုအချိန် ရောက်လျှင် အများစု၏ ဦးနှောက်ထဲတွင် ဗလာနတ္ထိ ဖြစ်နေကြပြီ ဖြစ်၏။ သို့ပေမည့် ကံကောင်းသည်မှာ တစ်နေ့ သုံးနပ် အဝစားရပြီး ဟင်းသီးဟင်းရွက် ၊ အသား၊ ခေါက်ဆွဲများ ပါဝင်သည့်အပြင် နေ့စဉ် ညဘက်တိုင်း ရေရောထားသော ဆိတ်နို့ တစ်ပိဿာကို အတင်းအကျပ် သောက်ခိုင်း၏။

ဤမျှနှင့် မလုံလောက်သေးဘဲ သူတို့၏ ဦးနှောက်များ ဗလာဖြစ်နေချိန်ကို အခွင့်ကောင်းယူ၍ တောက်ယွမ်ခရိုင်မှ ရွှေတံဆိပ်ဆုရှင် ဆရာများက စတင် ဝင်ရောက်လာကြတော့သည်။ ယဉ်ကျေးမှု သင်ခန်းစာများကို အဓိကထား၍ ဂန္ထဝင်စာပေ ရှင်းလင်းချက်များ ၊ အတွေးအခေါ် ကိုယ်ကျင့်တရား အခြေခံနှင့် ဥပဒေ ဗဟုသုတများအပြင် စစ်တပ်နှင့် ပြည်သူ ရေနှင့်ငါးပမာ ချစ်ကြည်ရင်းနှီးမှု အကြောင်း ရင်ခုန်ဖွယ် ပုံပြင်လေးများကိုပါ သင်ကြားပေးကြသည်။

ဖန်ကျန်းရီ၏ ကိုယ်ကျင့်တရား သွေးများက လူတိုင်း၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း စီးဆင်းဝင်ရောက်လာပြီ ဖြစ်ရာ ဤသည်မှာလည်း ကျင်းယီဝေ လေ့ကျင့်ရေး ကာလအတွင်း အနှစ်သက်ဆုံး အပိုင်းတစ်ခု ဖြစ်လာခဲ့၏။

တောက်ယွမ်ခရိုင်သားများအတွက်မူ... ဖန်ကျန်းရီက သီးသန့် အစားအသောက်များ စီစဉ်ပေးထားပြီး အစားအသောက် စံနှုန်းကို လုံးဝ မလျှော့ဘဲ ပို၍ပင် တိုးပေးထားသေး၏။ ဤကုန်ကျစရိတ် ငွေများကိုတော့ သူကိုယ်တိုင် စိုက်ထုတ်စရာ မလိုဘဲ ဘဏ္ဍာရေးရုံးတော်မှ တောင်းယူရမည်မှာ သေချာလှသည်။

သို့သော်ငြား ဘဏ္ဍာရေးရုံးက ကုန်ကျစရိတ် ကြီးမားလွန်းသဖြင့် အံ့အားသင့်နေကြပြီး ငွေထုတ်ပေးရန် အနည်းငယ် ခက်ခဲနေကြသည်။ ဘဏ္ဍာရေးအမတ် အသစ်က စကားပြောရ လွယ်ကူသူဖြစ်ရာ ယခုအခါ သူက ဘာမှလုပ်စရာမရှိလျှင် ဘဏ္ဍာရေးရုံးနှင့် အချေအတင် စကားပြောကာ ရန်ပုံငွေများများ ရအောင် ကြိုးစားနေသည်။ ကုန်ကျစရိတ်က အမှန်တကယ် များပြားသော်လည်း ဤသည်မှာ မရှိမဖြစ် လိုအပ်သောအရာ ဖြစ်၏။

သာမန် စစ်သည်များအားလုံးကို သူ၏ လေ့ကျင့်ရေး နည်းစနစ်အတိုင်းသာ လေ့ကျင့်ပေးမည်ဆိုပါက တာ့ကျင်းတိုင်းပြည်၏ စစ်သည်အင်အား သန်းချီအတွက် နိုင်ငံတော်၏ ဘဏ္ဍာရေးမှာ မကြာမီ ပြောင်တလင်းခါသွားမည်မှာ သေချာသည်။ သို့ပေမည့် သူ အလိုရှိသည်မှာ အထက်တန်းစားထဲမှ အထက်တန်းစား စစ်သည်များ ဖြစ်ပြီး မည်သူ့ကိုမဆို အနိုင်ယူနိုင်စွမ်း ရှိသူများ ဖြစ်သည်။ မဟုတ်လျှင် ပြည်သူများကြားရှိ ပြဿနာများကို ဝင်ရောက် စွက်ဖက်ရန် မည်သို့ စွမ်းဆောင်နိုင်မည်နည်း။ ထို့အပြင် ကျင်းဘုရင်မင်းမြတ် ကလည်း အခွင့်အရေးရလျှင် ကိုယ်တိုင် လာရောက် စစ်ဆေးဦးမည်ဖြစ်ရာ အနာဂတ် ယောကွ္ခထီးရှေ့တွင် အရည်အချင်းမရှိသလို ဖြစ်နေပါက နောက်ပိုင်း ခေါင်းမော့နိုင်တော့မည် မဟုတ်ပေ။

ခေါင်းဆောင်ကြီး ဖန်ကျန်းရီ လာရောက် စစ်ဆေးသည်ကို မြင်သောအခါ ကျိုးထျဲ့က အလျင်အမြန် ပြေးလာပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။ "သခင်လေး လာပြီပဲ။ သူတို့ကို လေ့ကျင့်ပေးထားတာ ဘယ်လိုနေလဲ ကြည့်ပါအုံး။"

ဖန်ကျန်းရီက မေးစေ့ကို ပင့်ပြလိုက်ပြီး အမိန့်ပေးလိုက်သည်။ "သူတို့ကို ပြခိုင်းလိုက်စမ်း။"

ကျိုးထျဲ့က လက်ထောက်ဒိုက်ထိုးနေသော ကျင်းယီဝေများကို ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ "အကုန် ထကြ … အင်္ကျီချွတ်။"

ကျင်းယီဝေများက အလျင်အမြန် မတ်တတ်ရပ်ကာ အင်္ကျီများကို သွက်လက်စွာ ချွတ်ချလိုက်ပြီး နေရာတွင်ပင် သပ်ရပ်စွာ ရပ်နေကြသည်။ ပြင်းထန်သော လေ့ကျင့်ခန်းများ ပြုလုပ်ထားခါစဖြစ်သဖြင့် ကြွက်သားများထဲသို့ သွေးများ စီးဆင်းနေကာ လူတိုင်းမှာ ခန္ဓာကိုယ် ပိုမို ကြီးမားလာသကဲ့သို့ ထင်ရသည်။

အားလုံးက ပိန်ပါးကြသော်လည်း ကိုယ်ပေါ်ရှိ ကြွက်သားများက အလိပ်လိုက် ဖြစ်ပေါ်နေပြီး နဂါးနှင့် ကျားပမာ ခွန်အားအပြည့် ရှိနေပုံရသည်။ နေရောင်အောက်တွင် အချိန်ကြာမြင့်စွာ လေ့ကျင့်ထားသဖြင့် တစ်ကိုယ်လုံး အသားအရေများ မည်းနက်နေကာ ယောက်ျားပီသသော အသွင်အပြင်များ ပိုမို ပေါ်လွင်နေ၏။

ဖန်ကျန်းရီက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

အခုမှ ကြည့်ပျော်ရှုပျော် ရှိသွားတော့တယ်။ အသစ်ခေါ်ကာစကဆိုရင် ဒီလူတွေက အိမ်ထဲအောင်းပြီး ဖက်လုံးကိုပဲ နေ့တိုင်း ဖက်အိပ်နေတဲ့ ငပျင်းတွေနဲ့ တူနေတာ။ အခုတော့ အများကြီး လန်းဆန်းသွားပြီ။ ခန္ဓာကိုယ်ပိုင်းကတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်က ဝါရင့် အလုပ်သမားတွေလို ဖြစ်နေပြီး စိတ်ပိုင်းဆိုင်ရာ ကတော့ အလုပ်ခွင်ကို အခုမှ ရောက်လာတဲ့ လူသစ်တွေနဲ့ တူနေတယ်။

"ကောင်းတယ်။ အရမ်း ကောင်းတယ်။ စစ်သည်တော် သီချင်းတွေ သင်ပေးပြီးပြီလား။"

"စစ်သည်တော် သီချင်း ဆိုကြ။"

"တစ် နှစ် သုံး လေး... တစ် နှစ် သုံး လေး သီချင်းလေး တစ်ပုဒ်လိုပါပဲ... တစ် ရေ... တစ် ရေ... တစ် ရေ... တစ်... သံမဏိ သေနတ်တစ်လက် ငါ့ကို ပေးပါ..."

ဖန်ကျန်းရီ၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လွင်လာ၏။

"မဆိုးဘူး။ မဆိုးဘူး။ ပုံစံပေါက်လာပြီ။ အခု မုန့်ဖူ..."

"မဆိုကြနဲ့တော့။ တောက်... မဆိုကြနဲ့တော့။ ဖန်ကြီး... မြန်မြန် သူတို့ကို ပါးစပ်ပိတ်ခိုင်းလိုက်စမ်း။" မလှမ်းမကမ်းတွင် လီယွမ်ကျောက်က မြင်းကို အရှိန်ပြင်းပြင်း စီးကာ အလောတကြီး ပြေးလာနေသည်။

အနီးသို့ ရောက်သောအခါ မြင်းဇက်ကြိုးကို ရုတ်တရက် ဆွဲကာ လျင်မြန်သွက်လက်စွာ မြင်းပေါ်မှ ဆင်းလိုက်၏။ ဤကာလအတွင်း သူလည်း နေလောင်ကာ အတော်လေး အသားမည်းသွားခဲ့ပြီး မြင်းပေါ်မှ ဆင်းသည်နှင့် ဖန်ကျန်းရီကို ဒေါသတကြီး စိုက်ကြည့်ကာ အော်ဟစ်လိုက်၏။ "ဘာလို့ ထပ်ဆိုနေကြပြန်တာလဲ။"

ဖန်ကျန်းရီမှာ နားမလည်နိုင်အောင် ဖြစ်သွားသည်။ "ဘာဖြစ်လို့လဲ … သူတို့ ဆိုတာ နားထောင်လို့ မကောင်းဘူးလား။"

"ကောင်းတယ်လေ။"

လီယွမ်ကျောက်က အံကြိတ်ကာ ပြောလိုက်၏။ "တောက်... အဲဒါကြောင့်လည်း နေ့ရော ညပါ ဆိုနေရမှာလား။ မနေ့က ကျုပ်လူတွေ ပြောတယ်။ ခင်ဗျားတို့ မနေ့က သန်းခေါင်ယံအထိ လေ့ကျင့်နေကြပြီး လေ့ကျင့်လို့ ပြီးတာတောင် သီချင်းဆိုနေသေးတယ်တဲ့။ မပြီးနိုင်တော့ဘူးလား။ ဒီလို တပ်လေ့ကျင့်တာမျိုး ရှိလို့လား။ ခွဲပြီး လေ့ကျင့်မယ်လို့ ပြောထားတာကို။ ဖန်ကြီး... ခင်ဗျား သိက္ခာကျမှာစိုးလို့ ကျုပ်ကို တမင် လာနှောင့်ယှက်နေတာ မဟုတ်လား။"

"ကျွတ် ... အိမ်ရှေ့စံ... ဒါကတော့ ခင်ဗျား မှားသွားပြီ။ သီချင်းဆိုတာက ဘယ်သူ့ကို သွားနှောင့်ယှက်မိလို့လဲ။ ညသန်းခေါင်မှာ လေ့ကျင့်တာက နောင်တစ်ချိန် အရေးပေါ် အခြေအနေတွေကို ကာကွယ်နိုင်အောင်လို့လေ။" ဖန်ကျန်းရီက ရှင်းပြလိုက်သည်။

"တောက်... ခင်ဗျားတို့ သီချင်းတော့ ပြောင်းဆိုကြပါအုံး။ ဒီတစ်ပုဒ်တည်းကို ဆိုနေတာ နှစ်လရှိနေပြီ။ အခု ကျုပ် ခေါင်းထဲမှာ သီချင်းစာသားတွေချည်းပဲ ပြည့်နေတယ်။" လီယွမ်ကျောက်က မျက်နှာပေါ်တွင် နာကြည်းမှုများ ပြည့်နှက်နေလျက် အော်ဟစ်လိုက်၏။

ဖန်ကျန်းရီမှာ အနည်းငယ် အနေခက်သွားသည်။ "အဟမ်း... အိမ်ရှေ့စံ။ နောက်တစ်ခါကျရင် သီချင်းအသစ်တွေ သင်ပေးလိုက်ပါ့မယ်။ ကျုပ် အခုလေးတင် 'စစ်တပ်ထဲက ပန်းစိမ်းလေး' ဆိုတဲ့ သီချင်းအသစ်တစ်ပုဒ် ရေးထားတယ်။ ခင်ဗျား နားထောင်ကြည့်ချင်လား။"

"တော်ပြီ... တော်ပြီ..." လီယွမ်ကျောက်က လက်ကို အဆက်မပြတ် ဝှေ့ယမ်းပြလိုက်ပြီး အာရုံလွှဲလိုက်ရာ ကွင်းထဲရှိ အင်္ကျီချွတ်ထားသော ကျင်းယီဝေများကို သတိထားမိသွားသည်။

သူ၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး မေးလိုက်၏။ "ဒါ ဘယ်လိုဖြစ်တာလဲ။ သူတို့က ဘာလို့ ဒီလောက်တောင် တောင့်တင်းနေကြတာလဲ။"

"လေ့ကျင့်ထားတာပေါ့။ တခြား ဘာဖြစ်ရမှာလဲ။" ဖန်ကျန်းရီက ရယ်မောကာ ပြန်ဖြေလိုက်သည်။

အပိုင်း (၅၈၈) ကျင်းဘုရင်မင်းမြတ် ၏ စမ်းသပ်မှုလား။

"လေ့ကျင့်ထားတာ ဟုတ်လား။"

လီယွမ်ကျောက်က မျက်မှောင်ကြုတ်လိုက်သည်။ "နှစ်လဆိုတဲ့ အချိန်တိုလေးအတွင်းမှာ ဒီလိုပုံစံမျိုး ဖြစ်လာဖို့ မဖြစ်နိုင်ဘူး။ ကျုပ်တို့ဘက်က နှစ်ရက်တစ်ခါ လေ့ကျင့်တာတောင် ဒီလို အဆင့်မျိုး မရောက်သေးဘူး။"

"အဲဒါက ကျုပ်တို့က အစားအသောက်တွေ တိုးပေးထားလို့လေ။"

ထိုသို့ပြောရင်း ဖန်ကျန်းရီက ကျိုးထျဲ့ကို လက်ယပ်ခေါ်ကာ မေးလိုက်သည်။ "မနေ့က သူတို့ကို ဘာကျွေးလိုက်လဲ။"

ကျိုးထျဲ့က လီယွမ်ကျောက်ကို သတိကြီးစွာဖြင့် တစ်ချက် ခိုးကြည့်လိုက်ပြီး ပြန်ဖြေလိုက်၏။ "ငါးသိုင်းကြော်၊ ငါးကြင်းကြော်၊ ငါးကြင်းပေါင်း..."

"ချီးတဲ့မှပဲ။ဘာလို့ ငါးတွေချည်းပဲ ဖြစ်နေရတာလဲ။" လီယွမ်ကျောက်က အံ့ဩတကြီး မေးလိုက်သည်။

"အဲဒါက... အရှေ့ဘက် ဆင်ခြေဖုံးမှာ ကန်တစ်ခု ရှိတယ် မဟုတ်လား။ မနေ့က ရာသီဥတုက ပူတော့ လူတွေကို အနားပေးရင်း ကန်ထဲမှာ ငါးသွားဖမ်းခိုင်းလိုက်တာ။ အဲဒီနောက် အိပ်ဆောင်တွေထဲမှာလည်း ခိုးသိမ်းထားတဲ့ ငါးတွေ အများကြီး ရှာတွေ့ခဲ့သေးတယ်။ အဲဒီကောင်တွေက သေချာ မလေ့ကျင့်ဘဲ ငါးမွေးချင်နေသေးတယ်။"

ကျိုးထျဲ့က ပါးစပ်ကို သပ်ရင်း ငါးအရသာကို ပြန်လည် ခံစားနေပုံရသည်။ "ရေမကောင်းလို့ ထင်တယ်။ ဒီကန်ထဲက ငါးတွေက တော်တော် ညှီတယ်။ ကျန်းပြောင်ဆိုတဲ့ကောင်က ပုံမှန်ဆို ထမင်းကို လုစားနေကျ၊ မနေ့ကတော့ တစ်လုပ်မှ မစားဘူး။"

ဖန်ကျန်းရီက ကျိုးထျဲ့ နှုတ်ခမ်းသပ်နေသည်ကို မြင်သောအခါ ရင်ထဲတွင် အနည်းငယ် ရွံရှာသွားမိပြီး မေးလိုက်၏။ "ဒါဆို တနေ့ကရော ဘာကျွေးလဲ။"

"တနေ့ကတော့ ဝက်သားသုံးထပ်သားကြော် ၊ မြွေဟင်းချို ၊ ဆိတ်အဆီပြုတ်..."

"နေအုံး..."

လီယွမ်ကျောက်က ဖန်ကျန်းရီကို မျက်စောင်းထိုးကြည့်ကာ မေးခွန်းထုတ်လိုက်သည်။ "အဲဒီလောက် အသားတွေ အများကြီး ဘယ်က ရတာလဲ။ ခင်ဗျားတို့က ဟင်းရည်ကျဲကျဲနဲ့ မန်ထိုပဲ စားရတာ မဟုတ်ဘူးလား။"

"ဘယ်ဟုတ်ပါ့မလဲ။အိမ်ရှေ့စံ ကိုယ်တိုင်က ခွဲပြီး လေ့ကျင့်မယ်လို့ ပြောခဲ့တာလေ။ ဒီအစားအသောက် စရိတ်တွေက ကျွန်တော်မျိုး ကိုယ်တိုင် ဘဏ္ဍာရေးရုံးကနေ တောင်းထားတာပါ။"

ဖန်ကျန်းရီက ပြုံး၍ ဖြေလိုက်၏။ "စစ်ပညာကိုတော့ ကျွန်တော်မျိုး နားမလည်ပါဘူး။ ဒါပေမဲ့ နောက်တန်း ထောက်ပံ့ရေးကိုတော့ သေချာ လုပ်တတ်ပါတယ်။"

"တောက်... အဲဒါဆိုလည်း ဘာယှဉ်စရာ ရှိတော့မှာလဲ။" လီယွမ်ကျောက်က လက်ထဲမှ မြင်းကြာပွတ်ကို မြေကြီးပေါ်သို့ ရုတ်တရက် ပစ်ချလိုက်၏။ မူလက လေ့ကျင့်ရေး နှစ်လအပြီးတွင် ဖန်ကြီးကို သင်ခန်းစာ ပေးမည်ဟု တွေးထားခဲ့သော်လည်း ဤလူက စစ်သားများကို ခိုးပြီး အာဟာရ ဖြည့်ပေးနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။

သူ လေ့ကျင့်ပေးထားသော ကျင်းယီဝေများမှာ အကြီးအကျယ် တိုက်ပွဲဝင်ရန် မလိုအပ်သဖြင့် အခြေခံ လေ့ကျင့်မှုများကိုသာ ပြုလုပ်ထားခဲ့သည်။ ရိုးရှင်းသော အဝိုင်းပုံစံ၊ လေးထောင့်ပုံစံ တပ်ဖြန့်မှုများသာ ပါဝင်သည်။ အမိန့်နာခံမှု ရှိအောင် လုပ်နိုင်သော်လည်း ယခု တစ်ဖက်မှ ကြွက်သားအပြည့်နှင့် ပြည်သူ့စစ်သည်များကို မြင်သောအခါ သူ၏ ရင်ထဲတွင် ချက်ချင်း ယုံကြည်မှုများ ပျောက်ဆုံးသွားသည်။

အမိန့်နာခံမှုလား။ ဟိုဘက်က တန်းစီတာက ကိုယ့်ထက်တောင် ပိုကောင်းနေသေးတယ်။ တကယ်တမ်း တိုက်ရရင် တစ်ယောက်ကို နှစ်ယောက် သုံးယောက်လောက် ယှဉ်နိုင်မှာ သေချာတယ်။ စိတ်ဓာတ်ခွန်အား မှာလည်း သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။

ဖန်ကျန်းရီက အခြေအနေကို ရိပ်မိသွားပြီး မျက်နှာပြောင်တိုက်ကာ အနားသို့ ကပ်သွားလိုက်သည်။ "အိမ်ရှေ့စံက ကျွန်တော်မျိုးကို အရှက်ခွဲမယ်ဆို … ဘယ်တော့လောက်များ ယှဉ်ပြိုင်ကြမလဲ။"

"မပြိုင်တော့ဘူး။ သိပ် အောက်တန်းကျတာပဲ။ ခင်ဗျားလို ကစားတာမျိုး ရှိလို့လား။"

လီယွမ်ကျောက်က အသံကျယ်ကျယ်ဖြင့် မကျေမနပ် ပြောလိုက်၏။ "ဒါပေမဲ့ ဖန်ကြီး... ခင်ဗျားလည်း အရမ်း သဘောကျမနေနဲ့အုံး။ ကျုပ် လေ့ကျင့်ထားတဲ့ လူတွေက အခု အာဟာရ မပြည့်ဝလို့ သိပ်အသုံးမဝင်သေးတာ၊ တကယ်တမ်း ဓားအစစ် ၊ လှံအစစ်နဲ့ ယှဉ်တိုက်ရတဲ့အခါကျရင် ခင်ဗျား လေ့ကျင့်ထားတဲ့ လူတွေက အသုံးဝင်ချင်မှ ဝင်မှာပါ။"

ဖန်ကျန်းရီက ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်သည်။ "ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... သူတို့က အများကြီး လိုပါသေးတယ်။ အိမ်ရှေ့စံ လေ့ကျင့်ချင်သေးရင် ကိုယ်တိုင် လာပြီး စစ်ဆေးကြည့်လို့ ရပါတယ်။"

လီယွမ်ကျောက်၏ ရင်ထဲမှ ဒေါသက လာတာလည်းမြန်သလို ပျောက်သွားတာလည်း မြန်လှသည်။ မျက်လုံးလေး ကစားကာ လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်ပြန်၏။

ဖန်ကျန်းရီကို ဘေးသို့ ဆွဲခေါ်သွားကာ မေးလိုက်သည်။ "ဖန်ကြီး... ကျုပ်ဆီမှာ သတင်းတစ်ခု ရှိတယ်။ ခင်ဗျား နားထောင်ချင်လား။"

"နားထောင်ချင်တာပေါ့။"

"ဒါဆို ခင်ဗျားရဲ့ ဒီစစ်သည်တွေကို ကျုပ်ကို ခဏ ငှားကစားပါအုံး။ ခင်ဗျားတို့ ဘယ်လို လေ့ကျင့်ထားလဲဆိုတာ ကျုပ် ကြည့်ချင်လို့။ ကျုပ် ရိပ်မိတယ်။ ခင်ဗျားတို့မှာ သေချာပေါက် လျှို့ဝှက်ချက်တွေ ရှိရမယ်။ ကျုပ်က ခင်ဗျားတို့ရဲ့ စက်ပစ္စည်းတွေကို အထင်သေးမိသွားတာ။ အာဟာရတွေ ပြည့်ဝနေပေမဲ့ လေ့ကျင့်ရေး နည်းစနစ်ကလည်း ကိုက်ညီမှ ရမှာလေ။ သာမန် လေ့ကျင့်ရေး နည်းစနစ်အတိုင်း အားစိုက်လုပ်ရင် လူတွေ အများကြီး ဒဏ်ရာရကုန်မှာ သေချာတယ်။ ကျုပ်လည်း သင်ယူချင်လို့ပါ။"

ဖန်ကျန်းရီက သူ့ကို ချီးကျူးစွာ ကြည့်လိုက်သည်။ လီယွမ်ကျောက်၏ တစ်ခါတစ်ရံ စရိုက်လက္ခဏာကို သူ အလွန် အားကျမိသည်။ ခုနလေးတင် ရှုံးနိမ့်ခဲ့သော်လည်း စိတ်ဝင်စားသည့် ကိစ္စနှင့် ကြုံလာလျှင် ချက်ချင်းပင် စိတ်အားထက်သန်စွာဖြင့် ပြန်လည် သင်ယူလိုစိတ် ရှိနေခြင်း ဖြစ်၏။ သူသာဆိုလျှင် အစောတည်းက လက်လျှော့လိုက်မည်မှာ သေချာလှသည်။

ဖန်ကျန်းရီက ခေါင်းယမ်းကာ ပြောလိုက်၏။ "ကောင်းတာကို ရွေးချယ်ပြီး လိုက်နာတယ်ဆိုတော့ အိမ်ရှေ့စံက သူတော်စင်ရဲ့ အရည်အချင်းတွေ ရှိနေတာပဲ။ အိမ်ရှေ့စံ ဘာမေးချင်လဲဆိုတာ သူတို့ကို တိုက်ရိုက်သာ မေးလိုက်ပါ။"

လီယွမ်ကျောက်မှာ ချက်ချင်းပင် မျက်နှာဝင်းပသွားပြီး ပြုံးရွှင်သွားသည်။ "သိတတ်ပါပေတယ်။ ဒါဆို ကျုပ် ပြောပြမယ်။ ခင်ဗျား ဒီမှာ တပ်လေ့ကျင့်နေတာကို ခမည်းတော်က အမြဲတမ်း စောင့်ကြည့်နေတာ။ မနေ့ညက ကျုပ် ဂါရဝပြုဖို့ သွားတော့ ခမည်းတော်က ရုတ်တရက် တိုက်ခိုက်မှု တစ်ခု စီစဉ်ပြီး ခင်ဗျားရဲ့ တပ်သားသစ်တွေရဲ့ အရည်အချင်းကို စမ်းသပ်မယ်လို့ ပြောတာ ကြားခဲ့တယ်။ ကော်ထျန်းယန်က ကိုယ်တိုင် တာဝန်ယူပြီး တုန်းချန်အဖွဲ့နဲ့ ကျင်းယီဝေတို့ကို ယှဉ်ပြိုင်ခိုင်းမယ်လို့ ကြားတယ်။ ဘယ်အချိန် ၊ ဘယ်နေရာမှာ ဆိုတာကိုတော့ ကျုပ် မသိဘူး။ ခင်ဗျား ကြိုတင် ပြင်ဆင်ထားလိုက်။"

"အာ... ဒါ တကယ့် သတင်းကြီးပဲ။ အရှင်မင်းကြီးက ရုတ်တရက် တိုက်ခိုက်တာကိုတောင် သဘောကျ သေးတာလား။" ဖန်ကျန်းရီမှာ အနည်းငယ် အံ့ဩသွားသည်။

"ဟားဟား ... ခင်ဗျား ဒါကို နားမလည်ပါဘူး။ ခမည်းတော်က အရင်က တပ်လေ့ကျင့်တဲ့အခါ စစ်တပ်စခန်းတွေ ကို ရုတ်တရက် ဝင်တိုက်တဲ့ လေ့ကျင့်ခန်းတွေ ခဏခဏ လုပ်လေ့ရှိတယ်။"

ဖန်ကျန်းရီက ခေါင်းညိတ်လိုက်၏။ ရုတ်တရက် တိုက်ခိုက်မည်ဆိုပါက အချိန်တိုအတွင်းတော့ ဖြစ်လာမည် မဟုတ်ချေ။ အနည်းဆုံးတော့ ကျင်းယီဝေများ တရားဝင် လေ့ကျင့်ရေး ပြီးဆုံး၍ တပ်ခွဲရုံးတော် အသီးသီးသို့ ပြန်ရောက်ချိန်အထိ စောင့်ရမည်။

ဒါဆို ပြင်ဆင်ဖို့ အချိန်ရသေးတာပေါ့။ အစ်ကိုကြီးကော် … ဒီလူအိုကြီးက အသက်သာ အိုမင်းပေမဲ့ စိတ်က မအိုသေးဘူး။ မျက်နှာပန်းလှဖို့ ကြိုးစားချင်သေးတာပဲ။ မထင်ထားခဲ့ဘူး။

"ဒါဆို ကျုပ်က အိမ်ရှေ့စံကို ကျေးဇူးတင်ရမှာပေါ့။ ြန်ရောက်ရင် သူတို့ကို သေချာ ပြင်ဆင်ထား ခိုင်းလိုက်မယ်။ခင်ဗျား အရင် သွားလုပ်လိုက်အုံး။ ကျုပ် အလုပ်လေး နည်းနည်း ရှိသေးလို့။"

လီယွမ်ကျောက်က ခေါင်းညိတ်ပြပြီးနောက် စိတ်အားထက်သန်စွာဖြင့် တပ်ရှေ့သို့ ပြေးသွားကာ ကျင်းယီဝေများ၏ လေ့ကျင့်ရေးကို အကဲခတ်နေသည်။

သူ ထွက်သွားသည်ကို မြင်သောအခါ ဖန်ကျန်းရီက ကျိုးထျဲ့ကို မေးလိုက်သည်။ "မုန့်ဖူယွီ ဆိုတဲ့ကောင် မကြာသေးခင်က လေ့ကျင့်တာ ဘယ်လိုနေလဲ။"

ကျိုးထျဲ့က ခေါင်းယမ်းလိုက်၏။ "သာမန်ပါပဲ။ အပင်ပန်း သိပ်မခံနိုင်ဘူး။ ဒါပေမဲ့ အဲဒီကောင်က အသားဖြူဖြူ နုနုလေးဆိုတော့ တော်တော်လေး လူကြိုက်များတယ်။ လျန်ကွေ့ကလည်း ဒီရက်ပိုင်း သူ့ကို မနည်း လေ့ကျင့်ပေးနေရတာ။ သူက နည်းနည်း ဉာဏ်များတယ်။ ခိုကပ်ပြီး လိမ်စားချင်တယ်။ ကျုပ်တို့သာ သူ့ကို သီးသန့် အလုပ်ပိုမခိုင်းရင် တခြား စစ်သည်တွေကိုတောင် မီမှာ မဟုတ်ဘူး။ ဟက်... ဒီကောင် ကွယ်ရာမှာ ကျုပ်တို့ကို မနည်း ဆဲနေလောက်ပြီ။"

"အင်း... ခန္ဓာကိုယ် ပုံစံထွက်လာရင် ရပါပြီ။ ခင်ဗျား သွားပြီး သူ့ကို ခေါ်ခဲ့စမ်းပါ။ ကျုပ် သူ့ကို သီးသန့် စကားနည်းနည်း ပြောချင်လို့။ ပြီးတော့ ကျုပ်အတွက် ဒါလေးတွေ နည်းနည်း ပြင်ဆင်ပေးအုံး..."

...

စခန်းတွင်းရှိ အခန်းတစ်ခုထဲတွင် မုန့်ဖူယွီမှာ ကုလားထိုင်ပေါ်၌ စိုးရိမ်တကြီး ထိုင်နေသည်။ ဤအခန်းမှာ နည်းပြများက သီးသန့် ဆုံးမသွန်သင်ရန် အသုံးပြုသော အခန်းဖြစ်ပြီး ပြစ်မှုကြီးမားသူများသာ ဝင်ရောက်ခွင့် ရှိသည်။ အရှေ့ဘက် ဆင်ခြေဖုံး လေ့ကျင့်ရေးကွင်းသို့ ရောက်တည်းက ယနေ့အထိ သူ ဤအခန်းထဲသို့ တစ်ခါမှ မရောက်ဖူးသေးချေ။

အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် တံခါးပွင့်လာ၏။

ဖန်ကျန်းရီက ပြုံးရွှင်စွာ ဝင်လာပြီး ဂျိုင်းအောက်တွင် စာရွက်အချို့ ညှပ်ထားကာ မုန့်ဖူယွီ၏ မျက်နှာချင်းဆိုင်ရှိ ကုလားထိုင်ကို ဆွဲယူ၍ ထိုင်လိုက်သည်။

မုန့်ဖူယွီက ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး မြေကြီးပေါ်တွင် ဒူးထောက်ကာ အသံကျယ်ကျယ်ဖြင့် နှုတ်ဆက်လိုက်၏။ "တပ်မှူးချုပ်ကို ဂါရဝပြုပါတယ်။"

ဖန်ကျန်းရီက လက်ကို မြှောက်ပြလိုက်သည်။ "ထပါ ရှောင်မုန့်ရယ်။ သာမန် စကားပြောရုံလေးပါ။ အရမ်း စိုးရိမ်မနေနဲ့။ ထိုင်။"

သူ၏ ကြင်နာဖော်ရွေသော မျက်နှာထားကို မြင်သောအခါ မုန့်ဖူယွီကလည်း မျက်နှာလိုမျက်နှာရ အပြုံးဖြင့် ကုလားထိုင်ပေါ်တွင် သတိကြီးစွာဖြင့် ဝင်ထိုင်လိုက်၏။

ဖန်ကျန်းရီက ဖော်ရွေသော အပြုံးကို ထိန်းသိမ်းထားရင်း အသံတိုးတိုးဖြင့် မေးလိုက်သည်။ "ရှောင်မုန့်... မကြာသေးခင်က ဒီမှာ နေရတာ ဘယ်လို ခံစားရလဲ။"

"ကောင်းပါတယ်။ အရမ်း ကောင်းပါတယ်။ အထူးသဖြင့် တပ်မှူးချုပ်ကို ခဏခဏ တွေ့ရလို့ ကျုပ် ရင်ထဲမှာ နွေးထွေးနေတာပဲ။" မုန့်ဖူယွီက အခွင့်အရေးကို လက်လွတ်မခံဘဲ ဖားတော့၏။

နည်းနည်း ဉာဏ်များတယ်။ သိပ်မရိုးသားဘူး။ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုလေး နည်းနည်း လုပ်ဖို့ လိုတယ်။

ဖန်ကျန်းရီက စိတ်ထဲတွင် သူ့အတွက် တံဆိပ်တစ်ခု ချက်ချင်း တပ်လိုက်သည်။

"ဒါဆို လေ့ကျင့်ရတာ ပင်ပန်းလား။"

"မပင်ပန်းပါဘူး။ ညီအစ်ကိုတွေနဲ့ အတူတူ ဆင်းရဲဒုက္ခ အတူတူ ခံစားရလို့ ကျုပ်က ကြည်ကြည်ဖြူဖြူပါပဲ။"

ဖန်ကျန်းရီက ခေါင်းငုံ့ကာ လှောင်ပြုံးပြုံးလိုက်ပြီး ဖြည်းညင်းစွာ မတ်တတ်ရပ်၍ မုန့်ဖူယွီ အနားသို့ လျှောက်သွားကာ လက်တစ်ဖက်ကို သူ၏ ပခုံးပေါ် တင်လိုက်သည်။

မုန့်ဖူယွီမှာ ချက်ချင်းပင် စိုးရိမ်သွားပြီး တစ်ကိုယ်လုံးရှိ ကြွက်သားများ တောင့်တင်းသွား၏။

လျန်ကွေ့ ဆိုတဲ့ နည်းပြက ပုံမှန်ဆိုရင် ငါ့ကို အမြဲတမ်း 'ဟိုကိုင်ဒီကိုင်' လုပ်တတ်တယ်။ အခု ဒီတပ်မှူးချုပ် ကလည်း အဲဒီလို လူမျိုးများ ဖြစ်နေမလား။ တကယ်လို့ သူက အဲဒီလိုလူမျိုး ဖြစ်နေရင်... ငါ အလိုလိုက်ရမလား ၊ ငြင်းရမလား...။

တွေးရင်း တွေးရင်း မုန့်ဖူယွီ၏ နဖူးတွင် ချွေးများ စို့လာသည်။

"ရှောင်မုန့်... မင်း ကျင်းယီဝေကို ဘယ်လိုမြင်လဲ။ အရင်တုန်းက ဘာလို့ ကျင်းယီဝေထဲ ဝင်ချင်ခဲ့တာလဲ။" ဖန်ကျန်းရီက မေးလိုက်၏။

မုန့်ဖူယွီက ရင်ကော့ကာ အသံကျယ်ကျယ်ဖြင့် ဖြေလိုက်၏။ "ကျင်းယီဝေထဲ ဝင်ခွင့်ရလို့ ကျုပ် အတိုင်းမသိ ဂုဏ်ယူမိပါတယ်။ ကျုပ် အဖေက ငယ်ငယ်လေးတည်းက တိုင်းပြည်နဲ့ ဘုရင်အပေါ် သစ္စာရှိတဲ့သူ ဖြစ်ရမယ်လို့ သွန်သင်ဆုံးမခဲ့တာပါ။ ကျုပ်က ငယ်ငယ်ကတည်းက စာသင်ယူတာ သိပ်မတော်ပေမဲ့ နည်းနည်းပါးပါးတော့ သင်ခဲ့ရပါတယ်။ အခု နိုင်ငံတော်အတွက် အလုပ်လုပ်ပေးခွင့် ရပြီဆိုတော့ အသက်ပေးရရင်တောင် နောက်ဆုတ်မှာ မဟုတ်ပါဘူး။"

ဖန်ကျန်းရီက သူ၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ "ကောင်းတယ်... ပြောတာ ကောင်းတယ်။ မင်း အဖေက တကယ်ကို ကိုယ်ကျင့်တရား မြင့်မားတဲ့သူပဲ။ မင်းအဖေအကြောင်း ကြားရတော့ ကျုပ် အဖေကိုတောင် သတိရသွားတယ်။

ကျုပ် အဖေက ကျုပ် မွေးနေ့မှာ ပုဆိန်တစ်လက် လက်ဆောင်ပေးခဲ့တယ်။ အဲဒီအချိန်က အိမ်မှာ ချယ်ရီခြံလေး တစ်ခု ရှိတယ်။ ကျုပ်က ငယ်ရွယ်ပြီး ဘာမှနားမလည်သေးတော့ ပုဆိန်ကို ယူပြီး အဖေ အကြိုက်ဆုံး ချယ်ရီပင် တစ်ပင်ကို ခုတ်ပစ်လိုက်တာပေါ့။

အဖေ သိသွားတော့ အရမ်း ဒေါသထွက်သွားတယ်။ ဒါပေမဲ့ ကျုပ်က ကိုယ့်ဖာသာ ရှေ့ထွက်ပြီး အမှားကို ဝန်ခံလိုက်တဲ့အခါ သူ့ရဲ့ တုံ့ပြန်ပုံက ကျုပ် မျှော်လင့်ထားတာနဲ့ လုံးဝ ကွာခြားနေတယ်။ ဘာဖြစ်သွားလဲဆိုတာ မင်း သိလား။"

မုန့်ဖူယွီမှာ နားမလည်နိုင်အောင် ဖြစ်သွားသည်။ "အာ... တပ်မှူးချုပ်... ကျုပ်က ဉာဏ်နည်းတော့ နားမလည်ပါဘူး။"

All Chapters